အခန်း (၄၂၇-၄၂၈)
Vol. 43 Ch. 427-428
အခန်း(427)
အမေကျိုးမှာ သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထိုအချိန်က ဟောင်ကောင်ရှိ အမျိုးသမီးငယ်များ ဝတ်ဆင်ကြသော ဘောင်းဘီတိုများ၊ သားရေဖိနပ်ရှည်များနှင့် သားမွေးအင်္ကျီများကဲ့သို့သော ဆန်းသစ်သည့် ဝတ်စားဆင်ယင်မှုပုံစံများအကြောင်းကို ယခုအချိန်ထိ ပြောဆိုနေကြဆဲ ဖြစ်ပေသည်။
တခြားအရာများကို ထည့်မပြောလျှင်ပင် သူတို့မှာ ထူးဆန်းသကဲ့သို့ရှိနေသော်လည်း ကြည့်ကောင်းလွန်းသည်။
နှမြောစရာကောင်းစွာဖြင့် ဤဝတ်စားဆင်ယင်မှုပုံစံမှာ အလွန်ပင် လူအာရုံစိုက်မှုကို ခံရလွန်းသောပုံမျိုးရှိနေသောကြောင့် သူတို့အနေဖြင့် ဝတ်ဆင်ရန်အတွက် ပြန်လည်ယူဆောင်လာရဲခြင်းမရှိခဲ့ပေ။
ထို့ကြောင့် လူတစ်စုမှာ ဟောင်ကောင်တွင် အလုပ်ကိစ္စများ ပြီးစီးသည်နှင့် လျင်မြန်စွာ ပြန်လာခဲ့ကြလေသည်။
သူတို့က ရုံးလုပ်ငန်းကိစ္စဖြင့် ဟောင်ကောင်သို့ သွားရောက်နိုင်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဝင်ခွင့်၊ ထွက်ခွင့် လက်မှတ်များလည်း ရှိကြသည်။
သို့သော် စုန့်စစ်ယွီအတွက်တော့ မတူပါချေ။
သေသေချာချာစဉ်းစားကြည့်လျှင် သူမက သာမန်လူတစ်ဦးသာ ဖြစ်သင့်သည်။ အဘယ်ကြောင့် ဟောင်ကောင်သို့ ပွင့်လင်းစွာ သွားနိုင်ပါမည်နည်း။
သူမသာ တိတ်တဆိတ် ခိုးဝင်သွားခဲ့ခြင်း မဟုတ်လျှင်ပေါ့။
မကြာသေးမီနှစ်များအတွင်းက မြစ်ကိုဖြတ်၍ ထွက်ပြေးကြသည့် လှိုင်းလုံးကြီးမှာ ရပ်တန့်သွားခြင်း မရှိသေးပါချေ။
လူတိုင်း ထိုသတင်းကို မည်သို့ ကြားသိခဲ့ကြသည်ကို မသိသော်လည်း၊ သူတို့ကိုယ်တိုင် ဟောင်ကောင်သို့ သွားရောက်ခဲ့ဖူးခြင်း မရှိကြသော်လည်း ထိုနေရာ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ သူတို့ထက် များစွာ သာလွန်ကောင်းမွန်ကြောင်း အားလုံးက သိရှိထားကြသည်။
ထို့ကြောင့် လူတိုင်းမှာ ထိုဘက်သို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားခဲ့ကြလေ၏။
သို့သော် လက်ရှိ မူဝါဒများကြောင့် အခြေခံအားဖြင့် မည်သူကမျှ မဖြတ်ကျော်နိုင်ကြပါချေ။ ထို့ကြောင့် လူတစ်စုမှာ တိတ်တဆိတ် ခိုးဝင်ရန်သာ အစွမ်းကုန် ကြိုးစားခဲ့ကြလေသည်။
အောင်မြင်မှုနှုန်း အမြင့်မားဆုံးနည်းလမ်းမှာ နှစ်ဖက်စလုံးကို ဆက်သွယ်ထားသော ပင်လယ်ပြင်ကို တစ်ဦးတည်း ဖြတ်ကူးခြင်းပင် ဖြစ်ပေ၏။
ထိုသို့ဆိုပါက ရေကူးကျွမ်းကျင်ရုံသာမက ကြံ့ခိုင်သော ခန္ဓာကိုယ် ခွန်အားလည်း လိုအပ်ပေသည်။
သို့မဟုတ်ပါက ရေထဲတွင်ပင် ပင်ပန်းနွမ်းနယ်ကာ အသက်ဆုံးရှုံးပြီး ရေအောက်သို့ နစ်မြုပ်သွားနိုင်သည်။
စုန့်စစ်ယွီကဲ့သို့ နုနယ်လွန်းသော မိန်းကလေးတစ်ဦးက တစ်ကြိမ်တည်းနှင့် ဤမျှဝေးကွာသော ခရီးကို ရေကူးနိုင်ပါမည်လား။
“ဒါကို ဟောင်ကောင်မှာပဲ ရနိုင်တာဆိုရင် သူမ ဘာလို့ ဝတ်ထားတာလဲ၊ သူမက ဟောင်ကောင်က ရောက်လာတာတော့ မဟုတ်ပါဘူးနော်”
ချင်းယွင်ကျစ်သည်က လင်းရန်နှင့် လင်းကျန်းဖူတို့ သိချင်နေသော မေးခွန်းကို ရုတ်တရက် မေးမြန်းလိုက်လေသည်။ ကျိုးမိခင်သည်လည်း ထိုအကြောင်းကို မသိတော့သည့်အတွက် ခေါင်းကုသာ ယမ်းပြလာလေ၏။
“မင်းတို့တွေ အဲဒီဝတ်စုံကို တကယ်ကြိုက်တယ်ဆိုရင် ငါတို့သွားပြီး မေးကြည့်ကြမလား”
“မလိုပါဘူး အန်တီကျိုး၊ ကျွန်မတို့က စပ်စုချင်စိတ်သက်သက်နဲ့ ခဏလောက် ကြည့်လိုက်တာပါ၊ ဝယ်ရင်တောင်မှ ကျွန်မတို့မှာ ဒါကိုဝတ်ဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”
လင်းရန်က ကျိုးမိခင်၏ စကားကို လျင်မြန်စွာပင် ငြင်းပယ်လိုက်၏။ လင်းကျန်းဖူကလည်း ထိုစကားကို ထောက်ခံလိုက်လေသည်။
“ဟုတ်တယ်၊ ကျွန်မနဲ့ ရန်ရန်က အလုပ်သွားရင် အလုပ်ဝတ်စုံပဲ ဝတ်တာလေ၊ ဒါတွေကို ဝတ်ဖို့ အချိန်မရှိပါဘူး၊ တခြားပစ္စည်းတွေပဲ သွားကြည့်ရအောင်”
ဤသည်ကို မြင်လျှင် ကျိုးမိခင်သည်လည်း သံသယမဝင်တော့ပါချေ။
မည်သို့ပင်ဆိုစေ ထိုအဝတ်အစားများမှာ တကယ်ပင် ချဲ့ကားလွန်းလွန်းသည်။ အကယ်၍သာ အပြင်တွင် ဝတ်ဆင်ပါက လူတိုင်း၏ စိုက်ကြည့်ခြင်းကို ခံရမည်ဖြစ်ပြီး ပြည်သူ့လုံခြုံရေးဌာနမှ လူများ၏ စောင့်ကြည့်ခြင်းကိုပင် ခံရနိုင်ပေသည်။
ယခုမှာ နှစ်သစ်ကူးကာလဖြစ်၍ အပြင်ထွက်သူ များပြားနေသည့်အတွက်ကြောင့်သာ စုန့်စစ်ယွီ၏ ဝတ်ဆင်မှုက ထူးခြားလွန်းသည်ဟု မထင်ရခြင်းသာ ဖြစ်၏။
လင်းရန်နှင့် လင်းကျန်းဖူတို့က ချင်းယွင်ကျစ်နှင့် ကျိုးမိခင်တို့ကို တခြားနေရာသို့ သွားရန် အမြန်ခေါ်ဆောင်သွားခဲ့သော်လည်း စုန့်စစ်ယွီအပေါ် စပ်စုလိုစိတ်မှာ အပြည့်ရှိနေဆဲပင်။
သို့သော် သူတို့ မသိရှိခဲ့သည်မှာ သူတို့ ထွက်သွားချိန်မှာပင် စုန့်စစ်ယွီတစ်ယောက် မျက်နှာပျက်နေသော အမျိုးသားတစ်ဦး၏ ခေါ်ဆိုခြင်းကို ခံလိုက်ရလေ၏။
“မစ်စုန့်၊ ကျွန်တော်ထင်တာတော့ ဒီက ပတ်ဝန်းကျင်က ဟောင်ကောင်လောက မကောင်းပါဘူး၊ ဒီမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာတွေ အများကြီးရှိတယ်လို့ ဘာလို့ ထင်ရတာလဲ၊
ပြီးတော့ ကျွန်တော့်ကို ဘာလို့ ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံခိုင်းတာလဲ မသိဘူး”
စုန့်စစ်ယွီကသတိပြန်ဝင်လာပြီးနောက် သူမ၏ ပူးပေါင်းဆောင်ရွက်သူ လျူကျားယုံကို မြင်လိုက်ရ၏။
သူမက ပြုံးလိုက်ပြီး တည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်လိုက်လေသည်။
“မစ္စတာလျူ၊ ကျွန်မတို့ အတူ အလုပ်လုပ်လာတာ ဒီလောက်တောင် ကြာပြီပဲ၊ ရှင်က ကျွန်မရဲ့ အမြင်ကို မယုံကြည်နိုင်သေးတာလား”
လျူကျားယုံက ထိုစကားကို ကြားလျှင် ခေတ္တမျှ တုန့်ဆိုင်းသွားပြီး သူ၏ မျက်နှာပေါ်ရှိ သံသယများမှာလည်း အတော်လေး ပျောက်ကွယ်သွားခဲ့လေသည်။
မည်သို့ပင်ဖြစ်စေ လွန်ခဲ့သော နှစ်ဝက်ခန့်က စုန့်စစ်ယွီနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ပြီးနောက် သူမ၏ အကြံပြုချက်အရ ဟောင်ကောင်တွင် ဆိုင်ခန်းတချို့ ဝယ်ယူကာ လုပ်ငန်းသစ်များတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး အံ့ဩစရာကော််းလောက်အောင် အကျိုးသက်ရောက်မှုရှိခဲ့သည်။
နှစ်ဝက်အတွင်းမှာပင် သူ ရင်းနှီးမြှုပ်နှံထားသော ငွေများကို ပြန်လည်ရရှိခဲ့ရုံသာမက အဆပေါင်းများစွာပင် တိုးပွားခဲ့လေသည်။
ထို့ကြောင့် သူ၏ စိတ်ထဲတွင် စုန့်စစ်ယွီအား “ကျောက်ခဲကို ရွှေဖြစ်အောင် လုပ်နိုင်သူ” ဟု သတ်မှတ်ထားခဲ့သည်။
သို့သော် ဤသည်မှာ ဟောင်ကောင်တွင်သာ ဖြစ်ပေသည်။ သူ တမင်တကာ ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပါချေ။
ဟောင်ကောင်က ပြည်မကြီးထက် အဆပေါင်းများစွာ ပိုမို စည်ကားသာယာလွန်းသည်။ ယခု သူတို့ ရောက်ရှိနေသော ဤနေရာရှိ အကြီးဆုံး ကုန်တိုက်ကြီးပင်လျှင် သူ၏ အမြင်၌ အသေးအဖွဲ့လောက်သာ ရှိပေသည်။
“ဒါပေမဲ့...”
“အတွေးမမှားပါနဲ့ မစ္စတာလျူ၊ ကျွန်မရဲ့ အချိန်နဲ့ ခွန်အားတွေကို ဖြုန်းတီးပြီး ရှင့်ကို နောက်ပြောင်မှာ မဟုတ်ပါဘူး၊ ဒီရင်းနှီးမြှုပ်နှံမှုအတွက် ကျွန်မကိုယ်တိုင်လည်း ရန်ပုံငွေ ထည့်ဝင်မယ်လို့ အရင်ကတည်းက ပြောခဲ့ပြီးသားပဲလေ၊
ဒါကြောင့် ရှင် စိတ်ချလက်ချသာ နေပါ၊ ဒီမှာရှိတဲ့ အစိုးရဆီမှာ သွားပြီး လျှောက်ထားစရာတွေကိုပဲ လုပ်ပေးပါ”
“နောက်ထပ် ခြောက်လလောက်ပဲ စောင့်ကြည့်လိုက်၊ အခုအချိန်မှာ ချမှတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်က ရှင့်အတွက် ဘယ်လောက်တောင် မှန်ကန်တယ်ဆိုတာ သိလာရပါလိမ့်မယ်”
မည်သို့ပင်ဖြစ်စေ ယခုနှစ် ကုန်ဆုံးသွား၍ မူဝါဒများကို အကောင်အထည်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ပြည်မကြီး၏ ဖွံ့ဖြိုးတိုးတက်မှုမှာ လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေမည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသများ၏ အရှိန်အဟုန်မှာတော့ အလျင်မြန်ဆုံး ဖြစ်ပေလိမ့်မည်။
ထို့အတူ ဤဒေသရှိ မြေကွက်များနှင့် အဆောက်အဦးမျက်နှာစာများ၏ တန်ဖိုးမှာလည်း နောင်အနာဂတ်တွင် အဆမတန် မြင့်တက်လာတော့မည် ဖြစ်၏။
လျူကျားယုံမှာတော့ ဤမြေကွက်လေးများမှတစ်ဆင့် မည်မျှအထိ ငွေကြေးအမြတ်အစွန်း ရရှိနိုင်မည်ကို မသိရှိသေးပါချေ။
ဆိုရလျှင် သူမ၏ လက်ထဲတွင် ငွေကြေးများစွာ ရှိမနေခြင်းကြောင့်သာ တစ်ဖက်လူကို ပြောနေရခြင်းဖြစ်ပေသည်။
မဟုတ်ပါက ဖျက်သိမ်းမည့်ရက်ကို စောင့်ဆိုင်းနေသော လယ်သမားအိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ဝယ်ယူထားလိုက်ရုံဖြင့် သူမအနေဖြင့် သန်းကြွယ်သူဌေးတစ်ဦး အလွယ်တကူ ဖြစ်လာနိုင်ပေသည်။
သို့သော်လည်း သူမက မြေယာပိုင်ရှင်တစ်ယောက် ဖြစ်လာရန်အတွက်သာ ပြန်လာခဲ့ခြင်း မဟုတ်ပါချေ။
သူမ၌ ပိုမိုမြင့်မားသော ရည်မှန်းချက်များနှင့် စံနှုန်းများ ရှိနေသည့်အတွက် အိမ်အမြောက်အမြား ဝယ်ယူကာ ဖျက်သိမ်းမည့်အချိန်ကို စောင့်နေရန် မလိုအပ်တော့ဟု တွေးတောမိလေသည်။
စုန့်စစ်ယွီက ထိုမျှအထိ အခိုင်အမာ ပြောဆိုနေသည်ကို မြင်လျှင် လျူကျားယုံက နောက်ဆုံးတွင် သူမကို ထပ်မံယုံကြည်လိုက်ရုံသာတတ်နိုင်ခဲ့သည်။
“ကောင်းပါပြီ၊ နေရပ်ကိုပြန်ဖို့ ထောက်ခံစာက နောက်ငါးရက်ဆိုရင် သက်တမ်းကုန်တော့မှာ၊ အဲဒီ ငါးရက်အတွင်းမှာပဲ အလုပ်တွေ ပြီးစီးအောင် ကျွန်တော် ကြိုးစားပါ့မယ်”
စုန့်စစ်ယွီက ထိုစကားကို ကြားလျှင် စိတ်ကျေနပ်စွာ ပြုံးလျက် ပြန်ပြောလိုက်၏။ ထို့နောက် သူမက ဖန်မျက်နှာပြင်ပေါ်မှ အရိပ်တွင် မြင်တွေ့နေရသော လင်းရန်၊ လင်းကျန်းဖူနှင့် တခြားသူများကို လှည့်ကြည့်ကာ လှောင်ပြောင်လိုက်လေသည်။
နောက်ထပ် နှစ်ဝက်မျှသာ လိုတော့ပေသည်။ ထိုအချိန်ကျလျှင် သူမက နေရပ်မှ စိတ်ပျက်အားငယ်စွာ ထွက်ပြေးခဲ့ရသော စုန့်စစ်ယွီ မဟုတ်တော့ဘဲ လုပ်ငန်းရှင်ကြီး စုန့်စစ်ယွီ ဖြစ်နေပြီဆိုသည်ကို သူတို့ သိရှိသွားကြပေလိမ့်မည်။
လင်းရန်နှင့် တခြားသူများမှာတော့ မြို့ထဲတွင် တစ်နေကုန် လှည့်လည်သွားလာခဲ့ကြသည့်အတွက် ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်များဖြင့် ဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာကြလေသည်။
ညနေပိုင်း စုန့်မိသားစု၏ ထမင်းဝိုင်းတွင် မိသားစုနှစ်စုက လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့၏ မင်္ဂလာရေးကိစ္စကို ဆွေးနွေးကြ၏။
သူတို့က မနက်ဖြန် မနက်တွင် လီပြည်နယ်သို့ ပြန်ကြတော့မည် ဖြစ်၍ ယခုအချိန်တွင် မင်္ဂလာဆောင်ရန်မှာ အချိန်မမီတော့ပါချေ။
ထို့ကြောင့် လူတိုင်းက ကောင်းမွန်သော နေ့ရက်ကို ဦးစွာရွေးချယ်ရန်နှင့် ထို့နောက်တွင်မှသာ အရာအားလုံး အချိန်ညှိကာ မင်္ဂလာပွဲကို စနစ်တကျ ကျင်းပရန် ဆုံးဖြတ်လိုက်ကြလေသည်။
လင်းရန်မှာတော့ လူငယ်တစ်ဦး ဖြစ်သည့်အတွက် ဤကိစ္စတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိပါချေ။
ထို့ကြောင့် လင်းကျန်းဖူအား သူမဘာသာ ဆုံးဖြတ်စေခဲ့၏။ နောက်ဆုံးတွင် သူတို့က လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့၏ မင်္ဂလာရက်မြတ်ကို မတ်လတွင် သတ်မှတ်လိုက်ကြသည်။
နွေဦးရာသီ စတင်ချိန်ဖြစ်၍ ပြန်လည်နိုးထရန် အကောင်းဆုံးအချိန်လည်း ဖြစ်ပေသည်မဟုတ်ပါလား။
ဤကိစ္စရပ်များ အခြေကျသွားပြီးနောက် လူတိုင်းက တုံ့ဆိုင်းစွာဖြင့် ခေတ္တမျှ စကားပြောဆိုကြပြီးမှ အနားယူရန် တက်သွားကြလေသည်။
နောက်တစ်နေ့တွင် သူတို့လေးဦး အိပ်ယာမှ စောစောထကာ လီပြည်နယ်သို့ ပြန်လည်ထွက်ခွာလာခဲ့ကြ၏။
လီပြည်နယ်သို့ ပြန်ရောက်ပြီးနောက် လင်းရန်၏ ဘဝမှာ ပြန်လည်အေးချမ်းသွားခဲ့လေသည်။ ကွမ်ကျိုးတွင် စုန့်စစ်ယွီအား မြင်တွေ့ခဲ့ရသည့်ကိစ္စမှာတော့ သူမပြန်ရောက်သည်နှင့် အလုပ်များနေခဲ့သည့်အတွက် ခေတ္တမျှ မေ့လျော့နေခဲ့၏။
နှစ်သစ်ကူးပြီးနောက် နေ့ရက်များမှာ ပိုမိုလျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မကြာမီမှာပင် ဒေါ်လေး လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့ လက်ထပ်မည့် မတ်လသို့ ရောက်ရှိလာခဲ့လေတော့သည်။
သူမ၏ဒေါ်လေးအတွက်တော့ ဤသည်မှာ ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်း ဖြစ်သော်လည်း၊ ကျိုးကျယ်ပင်းအတွက် ပထမဆုံးအကြိမ် လက်ထပ်ခြင်း ဖြစ်၍ ကျိုးမိသားစုက ဤမင်္ဂလာပွဲကို အလွန်ပင် အလေးထားကြသည်။
ကျိုးဖခင်နှင့် ကျိုးမိခင်တို့သည်လည်း ပျော်ရွှင်စရာပွဲတွင် ပါဝင်ဆင်နွှဲရန် လိုက်ပါလာသော မစ်စုန့်နှင့်အတူ ရက်ပေါင်းများစွာ ကြိုတင်၍ လီပြည်နယ်သို့ ရောက်ရှိလာခဲ့ကြလေသည်။
*
အခန်း(428)
မိသားစုနှစ်စုက မင်္ဂလာပွဲကို ဆွေးနွေးကြပြီး မင်္ဂလာပွဲ သုံးပွဲ ကျင်းပရန် စီစဉ်လိုက်ကြ၏။
တစ်ပွဲမှာ မြို့ပေါ်၌ဖြစ်ပြီး လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့၏ လုပ်ဖော်ကိုင်ဖက်များကို ဖိတ်ကြားမည် ဖြစ်သည်။
ကျန်နှစ်ပွဲမှာတော့ တုန့်ဖန်းတပ်မဟာ နှင့် စစ်တပ်အိမ်ရာဝင်းအတွင်း၌ ကျင်းပလိမ့်မည်။
ယခုအချိန်တွင် နေရာအခက်အခဲကြောင့် နှစ်ဖက်မိဘများမှာ ဧည့်ခံပွဲကို နိုင်ငံပိုင်စားသောက်ဆိုင်တွင် ကျင်းပရန် နောက်ဆုံး၌ ဆုံးဖြတ်လိုက်ကြလေ၏။
လင်းရန်မှာလည်း ထိုနိုင်ငံပိုင်စားသောက်ဆိုင်၏ စားဖိုမှူး ဖြစ်နေသည့်အတွက် ပို၍ပင် အဆင်ပြေသွားခဲ့သည်။
သို့သော်လည်း ယခုခေတ်ကာလတွင် လူတိုင်းမှာ ခြွေတာ၍သာ နေထိုင်တတ်ကြသည့်အတွက် ဧည့်ခံပွဲကျင်းပမည်ဟု ဆိုသော်လည်း လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့၏ ခင်မင်ရင်းနှီးသော လုပ်ဖော်ကိုင်ဖက် အနည်းငယ်ကိုသာ ဖိတ်ကြားရန် စီစဉ်ထားကြပြီး စုစုပေါင်း ဝိုင်းသုံးဝိုင်းစာမျှသာ ရှိပေသည်။
မည်သို့ပင်ဆိုစေ အခမ်းအနားကြီးလွန်းပါက တစ်စုံတစ်ဦးက စောင့်ကြည့်နေမည်ကို စိုးရိမ်ရသည့်အပြင် လင်းရန်၏ အလုပ်ကို ထိခိုက်မည်စိုးရသည်မဟုတ်ပါလား။
မင်္ဂလာဆောင်သည့်နေ့တွင် နှစ်ဖက်လုံးမှ လုပ်ဖော်ကိုင်ဖက်များမှာ နိုင်ငံပိုင်စားသောက်ဆိုင်သို့ စောစီးစွာ ရောက်ရှိလာကြလေသည်။
ဇနီးမောင်နှံအသစ်နှစ်ဦးမှာလည်း တံခါးဝတွင် ရပ်၍ စောင့်ဆိုင်းနေခဲ့ကြ၏။ လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများ ရောက်လာလျှင် သူတို့ကို အထဲသို့ အမြန်ဖိတ်ခေါ်ကာ နေရာချပေးခဲ့ကြသည်။
စားသောက်ဆိုင်သို့ လာရောက်စားသောက်ကြသူများမှာ လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့၏ အသိမိတ်ဆွေများချည်း ဖြစ်သည့်အတွက် လီမေ့နှင့် အားဟွားတို့က အထူးတလည် ဂရုစိုက်ပေးခဲ့ကြသည်။
ထို့အပြင် ဟင်းချက်ကျွမ်းကျင်သော စားဖိုမှူးလင်းရန်ကိုယ်တိုင် ရှိနေသည့်အတွက် ဤထမင်းဝိုင်းမှာ ဧည့်သည်နှင့် အိမ်ရှင်နှစ်ဖက်လုံး အလွန်ပင် ကျေနပ်ပျော်ရွှင်ခဲ့ကြရသည်ဟု ဆိုနိုင်ပေသည်။
မွန်းလွဲပိုင်း တစ်နာရီ၊ နှစ်နာရီခန့် ရောက်မှသာ ဧည့်ခံပွဲက လူစုခွဲသွားကြတော့သည်။
လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့မှာ လူတိုင်း၏ တိုက်တွန်းမှုကြောင့် အရက်အနည်းငယ် သောက်လိုက်ရသည့်အတွက် သူတို့၏ မျက်နှာများမှာ နီရဲနေခဲ့ကြလေပြီ။
ဤသည်ကို မြင်လျှင် အမေကျိုးက သူတို့ကို အမြန်ပြန်၍ အနားယူရန် ပြောလိုက်လေသည်။
မည်သည့်နေရာသို့ ပြန်ရမည်ဆိုသည်မှာတော့ သေချာပေါက် ကျိုးမိသားစုက စီစဉ်ပေးထားသော အိမ်အသစ်သို့ပင်။
ထို့အပြင် ထိုမင်္ဂလာဦးအိမ်မှာ လင်းရန်၏ အိမ်နှင့် ကပ်လျက်တွင် ရှိနေခဲ့၏။ ထိုအချက်ကြောင့်ပင် အမေကျိုးက ထိုအိမ်ကို ပြတ်ပြတ်သားသား ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဤသို့ဖြင့် လင်းရန်နှင့် လင်းကျန်းဖူတို့မှာ နောက်တွင် အိမ်နီးချင်းများဖြစ်လာကြပေလိမ့်မည်။
လင်းကျန်းဖူအနေဖြင့် ကျိုးမိသားစုထဲသို့ ဝင်လာသော်လည်း တစ်ယောက်တည်း အထီးကျန်နေမည် မဟုတ်ပါချေ။
သူမက အပြင်သို့ ခြေလှမ်းနှစ်လှမ်းမျှ ထွက်လိုက်ရုံဖြင့် တူမဖြစ်သူ လင်းရန်နှင့် စကားပြောနိုင်ပြီး သူမထံသို့လည်း လည်ပတ်နိုင်သောကြောင့် အလွန်ပင် အဆင်ပြေနေခဲ့သည်။
လင်းမိသားစုဘက်မှ မြို့ပေါ်ရှိ တခြားသူများကို ဧည့်ခံရာတွင် ကူညီပေးနေစဉ် လင်းရန်က သူမ၏ တတိယအဒေါ်ဖြစ်သော ယင်းဖန်အား သူမ၏ စွမ်းဆောင်ရည်များမှတစ်ဆင့် တက်လမ်းတစ်ခုကို လမ်းညွှန်ပြသပေးခဲ့လေသည်။
တတိယအဒေါ်၏ နှုတ်ရေးက အတော်လေးကောင်းမွန်သည်။
ဆိုရလျှင် သူမက စကားပြောအလွန်ကောင်းလေ၏။ အဓိကအချက်မှာ မည်သည့်စကားကိုမဆို ကြောက်ရွံ့တုံ့ဆိုင်းခြင်းမရှိဘဲ ရဲတင်းစွာပြောဆိုနိုင်သည်။
ထို့ကြောင့်ပင်လျှင် တပ်မဟာထမင်းချက်ဆောင်အတွက် ရိက္ခာဝယ်ယူရာတွင် သူမ ကူညီပေးခဲ့ဖူးသည်မဟုတ်ပါလား။
ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ လင်းရန်က သူမအား ပညာဗဟုသုတများကို ပိုမိုလေ့လာရန်နှင့် နောင်တစ်ချိန်တွင် အခွင့်အရေးရပါက “အဝယ်တော်” လမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ကြောင်း အကြံပေးလိုက်လေသည်။
ယင်းဖန်အနေဖြင့် “အဝယ်တော်”ဟူသော စကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း လင်းရန်ကို အလွန်ပင် ယုံကြည်လေးစားနေသူဖြစ်၍ လင်းရန်ပြောသမျှကို သံသယမဝင်ပါချေ။
ထို့ကြောင့် မြို့မှ မပြန်မီ သူမက ရယ်မောလျက် လင်းရန်အား စာအုပ်ဆိုင်သို့ အတူလိုက်ခဲ့ရန်နှင့် သူမအတွက် စာအုပ်တချို့ ဝယ်ပေးရန် တောင်းဆိုခဲ့လေသည်။
သူမက တပ်မဟာ၏ စာတတ်မြောက်ရေးသင်တန်းကိုသာ တက်ရောက်ခဲ့ဖူးသည့်အတွက် စာလုံးအမြောက်အမြား မသိရှိပါချေ။
ထို့ကြောင့် လင်းရန်က သူမအတွက် အလွန်ခက်ခဲနက်နဲသော စာအုပ်များကို မဝယ်ပေးခဲ့ချေ။ သူမ ဝယ်ချင်လျှင်ပင် ဝယ်၍မရနိုင်ပါချေ။
နောက်ဆုံးတွင် သူမက အဘိဓာန်တစ်အုပ်နှင့် တခြားသော အသုံးများသည့် စာအုပ်တချို့ကိုသာ ဝယ်ပေးခဲ့ပြီး ယင်းဖန်အား သေသေချာချာ ဖတ်ရှုရန် ပြောလိုက်သည်။
ယခုအချိန် ယင်းဖန်မှာ အလွန်ပင် လိမ္မာယဉ်ကျေးနေပြီဖြစ်၍ စာအုပ်များ ဝယ်ပြီးနောက် အိမ်သိုသပြန်၍ ဖတ်ရှုတော့မည်ဖွစ်ကြောင်း ကတိပေးခဲ့သည်။
ယခုတစ်ကြိမ်တွင် သူမက ပညာရပ်တချို့ကို သင်ယူရလိမ့်မည်။
ထို့နောက်တွင်မှ လင်းရန်မှ သူမ၏ ယောက်မနှင့် စတုတ္ထမြောက်ယောက်မဖြစ်သူ လင်းကျန်းဖူတို့ကဲ့သို့ အခွင့်အရေးကို အရယူကာ အလုပ်ကောင်းတစ်ခု ရှာဖွေပြီး ငွေများစွာ ရှာရမည်ဟု ဆုံးဖြတ်ထားလေသည်။
လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့က မြို့ပေါ်တွင် ဧည့်ခံပွဲ ကျင်းပပြီးနောက် ရက်အနည်းငယ်အကြာတွင် ချွန်းဖန်းတပ်မဟာ သို့ ပြန်လာကြပြီး ထိုတပ်မဟာတွင် ဒုတိယအကြိမ် မင်္ဂလာပွဲ ကျင်းပခဲ့ကြသည်။
ကျေးလက်ဒေသမှာ နေရာကျယ်ဝန်းလှသကဲ့သို့ တပ်မဟာတစ်ခုလုံးမှာလည်း ဆွေမျိုးသားချင်းများနှင့် အသိမိတ်ဆွေများချည်းသာဖြစ်နေသည့်အတွက် စည်ကားစွာ ကျင်းပလျှင်ပင် မည်သူကမျှ တစ်စုံတစ်ရာ ပြောဆိုကြမည် မဟုတ်ပါချေ။
မည်သို့ပင်ဆိုစေ သူတို့က ဧည့်ခံပွဲ ကျင်းပပေးသည့်အတွက် ကျန်ရှိသော လူများမှာလည်း ကောင်းမွန်သော အရက်နှင့် ဟင်းလျာများကို သုံးဆောင်နိုင်ကြသည့်အတွက် ဤသည်မှာ ကောင်းမွန်သော ကိစ္စတစ်ခုသာ မဟုတ်ပါလား။
မည်သူကများ ကဲ့ရဲ့အပြစ်တင်မှုများလုပ်လောက်အောင် တုံးအပါမည်နည်း။
ကျိုးကျယ်ပင်းက လင်းကျန်းဖူအပေါ် အလွန်ပင်ကောင်းမွန်လွန်းသည်။ သူက ကောင်းမွန်သော အရက်၊ ဟင်းလျာများနှင့် အသားများကို အမြောက်အမြား ဝယ်ယူခဲ့သည့်အတွက် ဤဧည့်ခံပွဲမှာ တပ်မဟာအတွင်း နှစ်ပေါင်းများစွာအတွင်း အစည်ကားဆုံးနှင့် အခမ်းနားဆုံး ပွဲတစ်ခု ဖြစ်ခဲ့လေ၏။
မြို့နယ်အတွင်းရှိ လူတချို့ပင်လျှင် ဤသတင်းကို ကြားသိရလျှင် မနာလို ဖြစ်သွားကြရ၏။
အထူးသဖြင့် လင်းကျန်းဖူမှာ မြို့နယ်မှ သမဝါယမတွင် အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်ကြောင်းနှင့် ယခုက ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်း ဖြစ်ကြောင်းကို သိရှိသွားကြလျှင် လူတိုင်းမှာ အံ့ဩမနာလိုဖြစ်လွန်းသည့်အတွက် ပြောစရာစကားပင်ရှာမတွေ့ကြတော့ချေ။
ထိုသတင်းက လော်ပင်းနှင့် လော်မိဘများထံသို့လည်း ရောက်ရှိသွားခဲ့ပြီး သူတို့မှာ ဒေါသထွက်လွန်းသည့်အတွက် နှလုံးရပ်မတတ်ပင် ခံစားလိုက်ကြရလေသည်။
တကယ်တမ်းတွင် ယခုအချိန်၌ လော်ပင်းတစ်ဦးတည်းသာ နောင်တရသည်မဟုတ်ဘဲ လော်မိသားစု၏ မိဘများပင်လျှင် အလွန်အမင်း နောင်တရနေကြချေပြီ။
သူတို့အနေဖြင့် မူလက လင်းကျန်းဖူအပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့မိခြင်းအတွက် နောင်တရကြပြီး၊ လင်းကျန်းဖူအပေါ် ထိုကဲ့သို့သော ကိစ္စရပ်များကို မလုပ်ခဲ့သင့်ကြောင်းလည်း နောင်တရနေကြ၏။
သို့မဟုတ်ပါက နောက်ပိုင်းတွင် တုန် မိသားစုနှင့် ပတ်သက်သည့် ကိစ္စရပ်များ ဖြစ်လာနိုင်မည်မဟုတ်ပေ။
သူတို့၏ မိသားစုသည်လည်း ယခုကဲ့သို့ အခြေအနေမျိုးသို့ ကျဆင်းသွားလိမ့်မည်မဟုတ်ပါချေ။
နှမြောစရာကောင်းစွာဖြင့် သူတို့ မည်မျှပင် နောင်တရနေပါစေ၊ အရာအားလုံးက နောက်ကျသွားပေပြီ။
…
လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့ လက်ထပ်ပြီးနောက်တွင် အချိန်များမှာ အတောင်ပံများ တပ်ထားသည့်အတိုင်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာသီဥတုမှာ ပိုမိုပူနွေးလာပြီး နွေရာသီသို့ ရောက်ရှိလာခဲ့ချေပြီ။
ယခုက ဇွန်လဆန်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်၍ နောက်ထပ် သုံးလေးလမျှ စောင့်လိုက်လျှင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့မည်ပင်။
ထို့အတူ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီးကိုလည်း ပြန်လည်ကျင်းပတော့မည်ဟူသော သတင်းတို့ထွက်လာခဲ့သည်။
ဤကိစ္စသည်က လင်းရန်အတွက် လတ်တလောတွင် ပတ်သက်မှုမရှိပါချေ။
သူမကိုယ်တိုင်လည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ထပ်မံဖြေဆိုရန် မမျှော်လင့်ထားသကဲ့သို့ သူမ၏ ရည်မှန်းချက်မှာလည်း ပညာသင်ကြားရန် မဟုတ်ပေ။
သို့သော် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက သူမအပေါ် သက်ရောက်မှုမရှိသည့်တိုင်အောင် နောင်အနာဂတ်တွင် လူမှုရေးနှင့် စီးပွားရေးတို့မှာ ပိုမိုကောင်းမွန်လာတော့မည် ဖြစ်ကြောင်းကိုတော့ ဖော်ပြနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဤအချက်က လူတိုင်းကို ပျော်ရွှင်စေပြီး အနာဂတ်အတွက် မျှော်လင့်ချက်များ ပြည့်နှက်လာစေခဲ့သည်။
ဇွန်လသို့ ရောက်ရှိလာပြီးနောက် လင်းကျန်းအန်းသည်လည်း ပိုမိုအလုပ်များလာခဲ့လေသည်။
သူ့အနေဖြင့် မနှစ်က ဆေးရုံတချို့နှင့် တည်ငြိမ်သော ပူးပေါင်းဆောင်ရွက်မှုကို ထူထောင်နိုင်ခဲ့သော်လည်း တချို့သော ဆေးရုံများမှာတော့ အခြေအနေကို စောင့်ကြည့်နေကြဆဲပင်။
ထိုစောင့်ကြည့်နေသော ဆေးရုံများမှာ လင်းကျန်းအန်း၏ ဆေးဝါးကုန်ကြမ်းများကို အသုံးပြုသော ဆေးရုံများတွင် ဆေးဝါးနှင့်ပတ်သက်သော မတော်တဆမှု တစ်စုံတစ်ရာမှ မရှိသည်ကို မြင်တွေ့ရလျှင် လုံးဝ စိတ်အေးသွားကြလေ၏။
ထို့ကြောင့် လင်းကျန်းအန်းနှင့် ပူးပေါင်းဆောင်ရွက်ရန် တက်ကြွစွာ ရှာဖွေလာကြတော့၏။ ထို့အတွက် လွန်ခဲ့သော နှစ်ဝက်အတွင်း လင်းကျန်းအန်းအနေဖြင့် အိမ်တွင် ကြာကြာမနေနိုင်ခဲ့ဘဲ အချိန်အများစုကို အပြင်၌သာ ကုန်ဆုံးစေခဲ့ရသည်။
သူ့အနေဖြင့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း ရရှိလာသော ရလဒ်များမှာ ထိုပင်ပန်းမှုအားလုံးကို ပြေပျောက်စေရန် လုံလောက်ပေသည်။
အောက်တိုဘာလတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပမည်ဟု ကြေညာလိုက်ပြီးနောက် ဤသတင်းကြောင့် လူတိုင်းကိုအံ့ဩသွားစေခဲ့ကြသည်။
လူတိုင်းက ဝမ်းသာအားရဖြင့် လာမည့်စာမေးပွဲကို ဖြေဆိုရန်အတွက် အချိန်လု၍ ပြန်လည်လေ့လာ ပြင်ဆင်ကြတော့၏။
ပတ်ဝန်းကျင် အခြေအနေမှာ ပိုမိုအဆင်ပြေချောမွေ့သည့်အတွက် မြို့ပေါ်ရှိ လူငယ်များအနေဖြင့် လိုအပ်သော သင်ကြားရေး အထောက်အကူပြု ပစ္စည်းများနှင့် အချက်အလက်များကို ပထမဆုံး စုဆောင်းနိုင်ခဲ့ကြပေသည်။
သို့သော် ကျေးလက်ဒေသမှ စာမေးပွဲဖြေဆိုမည့်သူများမှာတော့ အခက်အခဲ အနည်းငယ်လောက်ရှိနေကြရလေ၏။
သူတို့က မြို့ထဲသို့ သွားကာ စာအုပ်များနှင့် လေ့ကျင့်ခန်းများကို ဝယ်ယူရန် ကြိုးစားကြသော်လည်း အရာအားလုံးက ရောင်းကုန်နေပြီဖြစ်ကြောင်းကို သိရှိလိုက်ရလေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အားဟွားပင်လျှင် သူ၏ အားလပ်ချိန်များတွင် စာအုပ်တစ်အုပ်ကို ထုတ်ဖတ်နေခဲ့သည်။
လင်းရန် မေးမြန်းကြည့်လျှင် သူ၏ မိဘများက ဤအခွင့်အရေးကို အလဟဿ မဖြစ်စေရန်နှင့် သေသေချာချာ ပြင်ဆင်ရန် ပြောကြားထားကြောင်း စိတ်ပျက်လက်ပျက်ဖြသ့် ရှင်းပြလာခဲ့သည်။
အကယ်၍ နောက်ဆုံးတွင် စာမေးပွဲ မအောင်မြင်သည့်တိုင်အောင် အနည်းဆုံးတော့ နောင်တရစရာ မရှိဟူ၍ပြောခဲ့ကြသည်။
အားဟွားအနေဖြင့် သူက အလုပ်ကိုသာ ကြိုးကြိုးစားစား လုပ်ချင်ပြီး စာမေးပွဲ လုံးဝမဖြေဆိုချင်ကြောင်း ညည်းတွားပြောဆိုခဲ့လေ၏။
သို့သော် လင်းရန်က သူ၏ လက်ထဲရှိ လေ့ကျင့်ခန်းများနှင့် စာမေးပွဲမေးခွန်းဟောင်းများမှာ အတော်လေး စုံလင်နေသည်ကို မြင်တွေ့ရသည့်အတွက် မည်သည့်နေရာတွင် ဝယ်ယူခဲ့သည်ကို မေးမြန်းခဲ့သည်။
အားဟွားတစ်ယောက် လင်းရန်က စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသည်ဟု ထင်မှတ်ကာ သူ နားမလည်နိုင်သော ထိုစာရွက်များကို ပူလောင်နေသော အာလူးပူကြီးကဲ့သို့ လင်းရန်၏ လက်ထဲသို့ လျှင်မြန်စွာ ထိုးထည့်ပေးလာတော့သည်။