← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အပိုင်း (၉၃)

ရှန်မော့အာသည် အပေါ်ဆုံးထပ်ရှိ အိပ်စင်တွင် အိပ်ပြီး သက်တောင့်သက်သာဖြင့် အပေါ်တက်သွားလိုက်သည်။ ထိုအချိန်၌ အခြားသူများသည်လည်း ရှန်မော့အာ၏ သူခိုးဖမ်းခဲ့သည့် အဖြစ်အပျက် အသေးစိတ်ကို အပြင်ဘက်မှ တစ်ဆင့် ကြားသိနေကြရ၏။ သူခိုးသည် ဓားကိုပင် ထုတ်ယူ၍ လူသတ်ရန် ကြံစည်ခဲ့သည်ဟု ကြားလိုက်ရသဖြင့် အားလုံးမှာ ထိတ်လန့်သွားကြပြီး ရှန်မော့အာသည် အမှန်တကယ်ပင် သတ္တိရှိလှသည်ဟု မှတ်ချက်ပြုနေကြသည်။

သူတို့သည်လည်း စိတ်ရင်းအတိုင်း ချီးကျူးအားကျနေကြလေသည်။ အပြင်ဘက်တွင် ကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် ခရီးသည်များကလည်း ဒီအမျိုးသမီး ရဲဘော်က လက်မြန်ခြေမြန် ရှိလှတာပဲ ၊ သူက နှစ်ချက် သုံးချက်လောက်နဲ့တင် သူခိုးကို နှိမ်နင်းလိုက်တာ ဟု ပြောဆိုနေကြသည်။ တချို့သူများကတော့ ရှန်မော့အာသည် အမှန်တကယ်တော့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် (ရဲ) တစ်ဦး ဖြစ်ပြီး အလုပ်ကိစ္စဖြင့် ခရီးသွားရင်း လမ်းခရီးတွင် မတရားမှုကို တွေ့ရှိသဖြင့် ဝင်ရောက်ဖမ်းဆီးလိုက်ခြင်း ဖြစ်နိုင်သည်ဟုပင် သံသယဝင်နေကြ၏။

ရှန်မော့အာသည် ခုတင်ခေါင်းရင်းကို မှီလျက် သူတို့၏ စကားများကို နားထောင်နေရင်း ချဲ့ကားပြောဆိုနေသည့် နေရာများသို့ ရောက်သည့်အခါ မနေနိုင်ဘဲ လိုက်ပြီး ပြုံးရယ်မိလေသည်။

သတင်းတွေက တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဘယ်လောက်တောင် လွဲမှားကုန်ကြတာလဲ။

ရထားပေါ်တွင် လုပ်စရာကိစ္စ မရှိသဖြင့် စာဖတ်ခြင်း၊ စကားပြောခြင်း သို့မဟုတ် စားသောက် အိပ်စက်ခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်စေရသည်။ ရထားပေါ်တွင် အစားအသောက် ဝယ်ယူရာ၌ ရိက္ခာကူပွန်များ ပေးရန် မလိုအပ်ပေ။ ရှန်မော့အာသည် အသားဟင်းနှင့် ထမင်းတစ်ပွဲကို ဝယ်ယူခဲ့သည်။ ဟင်းထဲတွင် အသားများ အလုံအလောက် ပါဝင်သော်လည်း အရသာကတော့ ပုံမှန်သာ ရှိသည်ဟု ဆိုရမည်။ သို့သော်လည်း ယခုခေတ်ကာလတွင် လူအများမှာ အဆီအသား ရှားပါးနေကြသဖြင့် ကူပွန်မလိုဘဲ အသားဟင်း စားခွင့်ရခြင်းမှာပင် အလွန်ကောင်းမွန်လှသည်ဟု မှတ်ယူရပေမည်။

ညဘက်တွင် ရှန်မော့အာသည် လှုပ်ခါနေသည့် ရထားအတွင်း၌ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ တစ်စုံတစ်ခုကြောင့် သာ့လျန်မင်းဆက် ခေတ်ကာလ မြင်ကွင်းများကို အိပ်မက်မက်နေခဲ့၏။ သူမသည် မြင်းလှည်းထဲတွင် ထိုင်နေပြီး ဧကရာဇ်မင်းမြတ်၏ ယာဉ်တန်းနောက်မှ ဝေးကွာစွာ လိုက်ပါလျက် ချင်းလျန်တောင်သို့ အပူရှောင်ရန် သွားနေခဲ့သည်။

မင်းသားများ၊ မင်းသမီးများနှင့် သူ၏ဖခင်ဖြစ်သူတို့၏ မြင်းလှည်းများမှာ အရှေ့တွင် ရှိနေကြသည်။ သူမသည် အပူလျှပ်သလို ခံစားနေရသဖြင့် မြင်းလှည်းအတွင်း၌ မိန်းမောနေစဉ် အပါးတော်မြဲ အစေခံမလေးက ရေခဲရိုက်ထားသည့် ကွေ့ဟွား သကြားမုန့်တစ်ပန်းကန်ကို ယူဆောင်လာခဲ့သည်။ "ကုန်းကျူး... ဒါက ဝမ်ရယ်က..."

သကြားမုန့်မှာ လက်ထဲသို့ မရောက်မီမှာပင် ရှန်မော့အာသည် လန့်နိုးလာခဲ့၏။ မျက်လုံးကို ဖွင့်လိုက်သောအခါ အနီးကပ် မြင်တွေ့နေရသည့် ရထားတွဲ၏ မျက်နှာကြက်နှင့်အတူ နားထဲတွင် ရထားခုတ်မောင်းနေသည့် တဂျုံးဂျုံး အသံကြီးကိုသာ ကြားလိုက်ရလေသည်။

ခရီးစဉ်မှာ အလွန်ပင် ရှည်လျားလှသည်။ အစပိုင်းတွင် နေရာတိုင်းမှာ ဆန်းသစ်နေသလို ခံစားရသဖြင့် ပြတင်းပေါက် အပြင်ဘက်ရှိ မြင်ကွင်းများကို အကြာကြီး ငေးကြည့်နေခဲ့မိသည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုဆန်းသစ်မှုများမှာ ပျောက်ကွယ်သွားခဲ့၏။ လမ်းခရီးတစ်လျှောက်ရှိ ရှုခင်းများကို သေချာကြည့်ရှုပြီး အိမ်ပြန်ရောက်လျှင် မောင်းမောင်ကို ပြန်ပြောပြမည်ဟု ဆိုခဲ့သော လီရှင်းမေပင်လျှင် နောက်ဆုံး၌ ခုတင်ပေါ်တွင် ပစ်လှဲနေတော့ပြီး အပြင်ကို ငေးကြည့်ရန် ပျင်းရိသွားခဲ့လေသည်။

ကွမ်ကျိုးမြို့သို့ ရောက်ရှိသောအခါ အုပ်စုလိုက် ရထားပေါ်မှ ဆင်းလာကြပြီး ဖုန်တောတောနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသည်။

နန်ပြည်နယ် စီးပွားရေးဌာနမှ လူများက ကုန်သွယ်မှု ပြပွဲအဖွဲ့တစ်ခုလုံး၏ တည်းခိုရေးနှင့် သွားလာရေးကို ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ရထားပေါ်မှ ဆင်းလိုက်သည်နှင့် ဘတ်စ်ကားကြီးများပေါ်သို့ တစ်ဖန် ပြန်လည် တက်ရောက်ကြရပြန်သည်။

ကားသည် ကွမ်ကျိုးမြို့၏ ကျယ်ပြန့်သော လမ်းမကြီးများပေါ်တွင် ဖြည်းညှင်းစွာ မောင်းနှင်နေသည်။ ရှန်မော့အာသည် သိချင်စိတ်များဖြင့် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေမိ၏။ ကွမ်ကျိုးမြို့သည် ဟွာကော်နိုင်ငံ၏ သွင်းကုန်ထုတ်ကုန် ကုန်စည်ပြပွဲကို လက်ခံကျင်းပနိုင်သည့် နေရာဖြစ်သည့်အားလျော်စွာ နန်ပြည်နယ် မြို့တော်ထက်ပင် ပိုမို စည်ကားသာယာလှသည်။ လမ်းဘေး တစ်လျှောက်တွင် မြင့်မား လှပသော အဆောက်အဦးများကို ခဏခဏ မြင်တွေ့နေရသည်။

"ဒီလမ်းက တကယ့်ကို အကျယ်ကြီးပဲ။ အဆောက်အဦးတွေကလည်း အမြင့်ကြီးတွေနော်"

လီရှင်းမေသည် ရှန်မော့အာ၏ ဘေးတွင် ထိုင်လျက် တိုးတိုးလေး ရေရွတ်ကာ အံ့သြနေခဲ့သည်။ ရထားဘူတာမှ ထွက်လာစဉ်က သူမသည် လျိုယင်းရွှမ်းနှင့် အတူ လျှောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမ ဘာပြောပြော လျိုယင်းရွှမ်းက တောသား မြို့တက် ဖြစ်နေလိုက်တာ၊ ဒါလေးများ ဘာဆန်းလို့လဲ ဆိုသည့် မျက်နှာထားမျိုး ပြသနေခဲ့သည်။ လီရှင်းမေသည် လျိုယင်းရွှမ်းနှင့် စကားပြောရန် အဆင်မပြေဟု ခံစားရသဖြင့် ကျင်းချိုင်ဖေးနှင့် နေရာလဲလိုက်ပြီး ရှန်မော့အာ၏ ဘေးသို့တိုးကာ ထိုင်လိုက်တော့သည်။

ရှန်မော့အာက ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်တကယ်တွင် သာ့လျန်မင်းဆက် မြို့တော်၏ မြို့တံခါးနှင့် နန်းတော်ထဲရှိ အဆောင်ကြီးများမှာလည်း အလွန်ပင် မြင့်မားလှသည်။ သို့သော် ထိုအရာများမှာ ကျွမ်းကျင်ပညာရှင် မြောက်မြားစွာက အချိန်အကြာကြီး အကုန်အကျခံ တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ထိုကဲ့သို့သော နေရာမျိုး အနည်းငယ်သာ ရှိသည်။ ယခု မြို့ပြရှိ အဆောက်အဦးများကတော့ ပြပွဲခန်းမများ၊ အားကစားရုံများ စသည်ဖြင့် နေရာတိုင်းတွင် မြင်တွေ့နေရလေသည်။

"ဟုတ်တယ်နော်။ ရှင်နဲ့အတူ အထည်ချုပ်စက်ရုံကို လိုက်လာခဲ့လို့သာပဲ။ မဟုတ်ရင် ကျွန်မ ဒီဘဝမှာ ဒီလောက် အများကြီး မြင်တွေ့ရဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး"

လီရှင်းမေသည် ရှန်မော့အာကို အမှန်တကယ် ကျေးဇူးတင်နေခဲ့သည်။ ယခုအခါ သူတို့ မိသားစု ၃ ဦးစလုံးမှာ ကိုယ်စီ အလုပ်အကိုင်များ ရရှိနေကြပြီ ဖြစ်သည်။ သူမက အထည်ချုပ်စက်ရုံတွင် အလုပ်သမား ဖြစ်နေပြီး ချန်ကျွမ်းကျွမ်းက ဖုမင်ဇယ်နှင့်အတူ စမ်းသပ်လယ်ကွင်းများတွင် လုပ်ကိုင်နေကာ မောင်းမောင်မှာလည်း ခရိုင်မြို့တွင် ကျောင်းတက်နေသည်။ သူတို့၏ ဘဝမှာ တစ်ရက်ပြီးတစ်ရက် ပိုမို တိုးတက်လာခဲ့ပြီး ယခင်ကကဲ့သို့ ဖြစ်သလို နေထိုင်ရသည့် ဘဝမျိုးနှင့် လုံးဝ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။

ယခုတော့ လီရှင်းမေသည့် ဘဝက အများကြီး အလားအလာရှိလာပြီဟု ခံစားနေရသည်။

ထို့ကြောင့်ပင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အမီလိုက်နိုင်ရန် အချိန်ပို ဆင်းနေရသော်လည်း သူမကတော့ ဝမ်းမြောက်ဝမ်းသာဖြင့်သာ လုပ်ကိုင်ခဲ့လေသည်။

ရှန်မော့အာက ပြုံးလိုက်ပြီး "ဒါက ရှင်ကိုယ်တိုင် စာမေးပွဲအောင်ပြီး စက်ရုံထဲ ဝင်နိုင်ခဲ့တာလေ။ ရှင့်ရဲ့ ကြိုးစားမှုအတွက် ရှင်ကိုယ်တိုင်ပဲ ကျေးဇူးတင်သင့်တာပါ"

ကျေးလက် အမျိုးသမီး အားလုံးနီးပါးသည် အပ်ချုပ်အတတ်ပညာ အနည်းငယ် ရှိကြသော်လည်း အမှန်တကယ် ဆောက်မည် မဆောက်မည် မသေချာသည့် အထည်ချုပ်စက်ရုံ အတွက် ခြောက်လလောက် အချိန်ပေးကာ ပန်းထိုးပညာ သင်ယူရခြင်းမှာ မထိုက်တန်ဟု လူအများက ယူဆခဲ့ကြသည်။ လီရှင်းမေတို့ အမှတ်(၉) အလုပ်ရုံသို့ ဝင်ခွင့်ရရှိခဲ့ခြင်းမှာ ကြီးမားသော ဖိအားများကို ကျော်ဖြတ်ကာ ကြိုးစားခဲ့ရခြင်းကြောင့်သာ။

နန်ပြည်နယ် စီးပွားရေးဌာနက ကွမ်ကျိုးကုန်စည်ပြပွဲ ခန်းမနှင့် မဝေးသော နေရာရှိ ဧည့်ရိပ်သာတစ်ခုတွင် အခန်းများ ကြိုတင် ငှားရမ်းထားသည်။ ဧည့်ရိပ်သာ၏ အခြေအနေမှာ အတော်အတန် ကောင်းမွန်လှပြီး အခန်းတစ်ခန်းလျှင် ၄ ဦး တည်းခိုရကာ သီးသန့် ရေချိုးခန်း သေးသေးလေး တစ်ခုလည်း ပါရှိသည်။

"ဒါက ကွမ်ကျိုးမြို့ မို့လို့ပဲနော်။ တခြားနေရာတွေမှာတော့ ဒီလောက် ကောင်းမွန်တဲ့ ဧည့်ရိပ်သာမျိုး မရှိနိုင်ဘူး" ကျင်းချိုင်ဖေးသည် ယခင်က ခရီးခဏခဏ သွားဖူးသူဖြစ်ပြီး ထိုကိစ္စတွင် အတွေ့အကြုံ အလွန် ရှိလေသည်။

လီရှင်းမေကလည်း ထောက်ခံလိုက်သည်။ "ဟုတ်ပါ့ရှင်။ ဒီမှာ နေရတာက အိမ်မှာထက်တောင် ပိုပြီး သက်တောင့်သက်သာ ရှိနေသေးတယ်"

ရှန်မော့အာကတော့ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည်မှာ တစ်နှစ်ကျော် ရှိပြီဖြစ်သောကြောင့် အခြေအနေနှင့် လိုက်လျောညီထွေ နေထိုင်တတ်နေလေပြီ။ သူမ၏ အမြင်တွင် ဤဧည့်ရိပ်သာမှာ အလွန်ကောင်းမွန်သည်ဟု မဆိုနိုင်သော်လည်း သီးသန့် ရေချိုးခန်း ပါရှိသည်ကိုတော့ အလွန် သဘောကျမိသည်။ အများသုံး ရေချိုးခန်းများမှာ အခန်းထဲတွင် ရှိသည့် အရာလောက် အဆင်မပြေလှချေ။

လျိုယင်းရွှမ်းကသာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။ "တော်တော်လေးတော့ သာမန်ပါပဲ"

ရှန်မော့အာသည် လျိုယင်းရွှမ်းအကြောင်းကို သိရှိပြီးသား ဖြစ်သည်။ သူမ၏ ခန့်မှန်းချက်အရ ဤကမ္ဘာကြီးသည် မကြာမီ အနာဂတ်တွင် ကြီးမားသော ပြောင်းလဲမှုနှင့် တိုးတက်မှုများ ဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ပြည်သူများ၏ လူနေမှု အဆင့်အတန်းမှာလည်း အလွန် မြင့်မားလာလိမ့်မည်။ လျိုယင်းရွှမ်းက လက်ရှိ အခြေအနေများကို စိတ်တိုင်းမကျ ဖြစ်နေခြင်းသာ။

လီရှင်းမေသည် လျိုယင်းရွှမ်း၏ အကျင့်ကို သိနေသဖြင့် ဘာမှ မပြောတော့ပေ။ လမ်းခရီးတွင်သာမက စက်ရုံထဲတွင်ပင် လျိုယင်းရွှမ်းသည် အရာရာကို အပြစ်တင်တတ်သူ ဖြစ်သည်။ သူမ ဘာကောင်လဲဆိုသည်ကို မသိသော သူများကတော့ သူမသည် ဒုက္ခရောက်နေသည့် မင်းသမီးတစ်ပါးဟုပင် ထင်မှတ်သွားကြလိမ့်မည်။

လီရှင်းမေကတော့ တခြားအတွေး မရှိပေ။ လျိုယင်းရွှမ်းသည် တောင်ပေါ်တွင် လဲကျပြီးကတည်းက ဦးနှောက်က သိပ်မမှန်တော့ဟု လျိုချောင်ပြည်သူ့အဖွဲ့သား အားလုံးက သိကြသည်။ ဦးနှောက် မကောင်းသောသူက ဘာပြောပြော၊ ဘာလုပ်လုပ် မဆန်းတော့ချေ။

ကျင်းချိုင်ဖေးကတော့ ရင်ထဲတွင် တစ်ဆို့သွားပြီး သွေးအန်ချင်သလိုပင် ခံစားလိုက်ရ၏။ ရှေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်ခဲ့ဖူးသည်။ ကျင်းချိုင်ဖေးက ကွမ်ကျိုးမြို့အကြောင်းကို လျိုယင်းရွှမ်းအား မိတ်ဆက်ပေးရန် ကြိုးစားခဲ့သော်လည်း လျိုယင်းရွှမ်းက အဲဒါလေးများ ဘာဖြစ်လို့လဲ ဆိုသည့် အမူအရာမျိုးဖြင့်သာ တုံ့ပြန်ခဲ့သဖြင့် ကျင်းချိုင်ဖေးမှာ အပြောအဆို ရပ်တန့်သွားခဲ့ရသည်။

ယခုလည်း ထိုအတိုင်းပင် ဖြစ်ပြန်ပြီ။ ကျင်းချိုင်ဖေးသည် ရှန်မော့အာနှင့် လီရှင်းမေတို့ဆီသို့ ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။ သူတို့ ၂ ဦးမှာ ဘာကြောင့် သည်လောက် တည်ငြိမ်နေနိုင်ကြသည်ကို သူ့မှာ နားမလည်နိုင် ဖြစ်နေရ၏။

ဧည့်ရိပ်သာတွင် တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့တွင် အားလုံးသည် ခန်းမသို့သွားပြီး ပြခန်းများကို ပြင်ဆင်ကြရသည်။ နန်ပြည်နယ် အထည်ချုပ်စက်ရုံကို အထည်အလိပ်နှင့် အဝတ်အထည် ပြခန်းဧရိယာတွင် နေရာချပေးထားသည်။ စက်ရုံ၏ နာမည်ဂုဏ်သတင်းမှာ ကြီးမားလှသဖြင့် ရရှိထားသည့် နေရာမှာလည်း အလွန် ကောင်းမွန်လှသည်။ နိုင်ငံခြားသား ကုန်သည်များ ဤဧရိယာသို့ ဝင်လာသည်နှင့် စက်ရုံ၏ ပြခန်းကို သေချာပေါက် မြင်တွေ့ရလိမ့်မည်။

ဌာနချုပ်စက်ရုံရှိ အလုပ်ရုံ ၈ ခုမှ ယူဆောင်လာသည့် ကုန်ပစ္စည်းများမှာ မျက်စိပသာဒ ဖြစ်လောက်အောင် များပြားလှသည်။ ပိတ်စ အမျိုးမျိုး၊ ပန်းထိုး အဆင်များ၊ အဝတ်အထည်များနှင့် မှန်ဘောင်သွင်းထားသည့် ပန်းထိုး လက်ရာမွန်များ စသည်ဖြင့် စုံလင်လှသည်။

ထိုပန်းထိုး အနုပညာ ပစ္စည်း ၈ ခုမှာ ပြခန်း၏ အဆင့်အတန်းနှင့် အလှအပကို မြှင့်တင်ရန်အတွက်သာ သီးသန့် ယူဆောင်လာခြင်း ဖြစ်ပြီး ရောင်းချရန် မဟုတ်ဟု သိရသည်။

ဌာနချုပ်စက်ရုံ၏ ကုန်ပစ္စည်းများကို ချိတ်ဆွဲပြီးသွားသောအခါ လီရှင်းမေသည် ရှန်မော့အာ၏ အနားသို့ ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မကတော့ ကျွန်မတို့ အလုပ်ရုံက ပစ္စည်းတွေက ပိုလှတယ်လို့ ထင်တာပဲ"

ထိုသို့ ပြောလိုက်သော်လည်း လီရှင်းမေ၏ စိတ်ထဲတွင်မူ စိုးရိမ်ပူပန်မှုများ ရှိနေဆဲ။ ဌာနချုပ်စက်ရုံဘက်မှ ပစ္စည်းများမှာ အရောင်အသွေး စုံလင်ပြီး ပုံစံအမျိုးမျိုး ရှိသည့်အပြင် အရောင်များကိုလည်း ရဲရဲဝံ့ဝံ့ အသုံးပြုထားသည်။ အနီနှင့် အစိမ်း ရောယှက်ထားသည့် အဆင်များကို ကြည့်ပြီး လီရှင်းမေ၏ အမြင်အရ အလွန် ကောင်းမွန်သည်ဟု ထင်မိသည်။

သူတို့၏ အမှတ်(၉) အလုပ်ရုံမှ ယူဆောင်လာသည့် ပစ္စည်း ၃ မျိုးတွင်လည်း အရောင်များကို ရဲရဲဝံ့ဝံ့ သုံးစွဲထားသော်လည်း ကျန်ရှိသည့် အများစုကတော့ ရိုးရှင်းပြီး အေးချမ်းလှသည်။ လီရှင်းမေသည် သူတို့၏ ကုန်ပစ္စည်း ရောင်းရနှုန်းမှာ ဌာနချုပ်စက်ရုံကို မမီမှာကို အမှန်တကယ် စိုးရိမ်နေမိလေသည်။

ရှန်မော့အာကတော့ ဌာနချုပ်စက်ရုံနှင့် ကြိုတင် ညှိနှိုင်းထားခဲ့သည်။ အမှတ်(၉) အလုပ်ရုံ၏ ပစ္စည်းများကို ဌာနချုပ်စက်ရုံ ပစ္စည်းများနှင့် ရောနှော မပြသဘဲ ပြခန်း၏ ဘေးဘက်တွင် နေရာလေး တစ်ခုကို သီးသန့် ယူထားခဲ့သည်။ ရှန်မော့အာသည် ကုန်ပစ္စည်းများကို အပြင်သို့ ထုတ်မပြသေးဘဲ လီရှင်းမေတို့ကို ခေါ်ကာ ထိုနေရာလေးကို သေချာ သန့်ရှင်းရေး လုပ်ခိုင်းလိုက်ပြီးနောက် ပြခန်း စားပွဲပေါ်တွင် အမည်းရောင် ကေတ္တီပါစ တစ်စကို ခင်းကျင်းလိုက်လေသည်။

"ဒါနဲ့ပဲ ပြင်ဆင်တာ ပြီးသွားပြီလား" ချန်ကျားဟွာက လာရောက်ကြည့်ရှုရင်း မေးလိုက်သည်။

ရှန်မော့အာက ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည်။ "ကျွန်မတို့မှာ ပြသစရာ ပစ္စည်း ၁၀ ခုပဲ ရှိတာလေ။ အဲဒါတွေက သေးငယ်ပြီး လက်ရာမြောက်တဲ့ အရာတွေမို့လို့ အခုချက်ချင်း ထုတ်ပြဖို့ မလိုသေးပါဘူး"

ချန်ကျားဟွာကလည်း ထိုစကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆမိသည်။ သူသည် ဌာနချုပ်စက်ရုံဘက်မှ အဖွဲ့ခေါင်းဆောင် အနေဖြင့် မေးမြန်းပြီးသည်နှင့် မိမိအလုပ်များဆီသို့ အမြန် ပြန်သွားခဲ့လေသည်။

ပြခန်း၏ အခြားတစ်ဖက်တွင်မူ ဌာနချုပ်စက်ရုံမှ လူတချို့မှာ ပစ္စည်းများကို သိမ်းဆည်းရင်း စကားပြောနေကြသည်။ ဝမ်ဟွေ့ကျွင်း ဟု ခေါ်သည့် အမျိုးသမီး ရဲဘော်က ယင်းကျွင့်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "အမှတ်(၉) အလုပ်ရုံကတော့ အသံကြီးဟိန်းနေတာပဲ။ ကုန်ပစ္စည်းတွေက ဘယ်လိုလဲ မသိဘူး။ ဟိတ်ဟန်ပဲ ရှိပြီး တကယ်မပါတာမျိုး ဖြစ်နေဦးမယ်။ ကွမ်ကျိုးကုန်စည်ပြပွဲအထိ လာပြီး ဟန်ရေးပြနေတာ၊ နိုင်ငံခြားသားတွေ ရှေ့မှာတော့ အရှက်မကွဲပါစေနဲ့ပေါ့"

ယင်းကျွင့်သည် အမှတ်(၉) အလုပ်ရုံ ကိစ္စကြောင့် အရေးယူ ခံခဲ့ရသော်လည်း မကြာသေးမီကပင် လူကြီးတစ်ဦးဦးနှင့် အဆက်အသွယ် ရရှိခဲ့ပုံရပြီး အခြေအနေ ပြန်ကောင်းလာခဲ့သည်။ စက်ရုံထဲတွင် သူသည် ပြပွဲပြီးလျှင် ဌာနမှူးအဖြစ် ရာထူးတိုးမည်ဟုပင် သတင်းများ ထွက်ပေါ်နေသည်။ ထို့ကြောင့် ဝမ်ဟွေ့ကျွင်းက သူ့ကို မျက်နှာလုပ်ရန် စိတ်အားထက်သန်နေတော့သည်။

ယင်းကျွင့်က လှောင်ပြုံး ပြုံးလိုက်ပြီး "ရိုးရာအတိုင်း လုပ်နေတဲ့ အခြေခံ အဖွဲ့လေးပါပဲ"

သို့သော် သူသည် အများကြီး ထပ်မပြောတော့ပေ။ ချန်ကျားဟွာက ဘာကြောင့်မှန်း မသိဘဲ ရှန်မော့အာကို အလွန် အထင်ကြီး လေးစားနေခဲ့သည်။ ကျိန့်ဟွေရူ ဆိုလျှင်လည်း လျိုချောင်ပြည်သူ့အဖွဲ့သို့ သွားစဉ်က ဘာမှ မပြောခဲ့သော်လည်း မြို့တော်သို့ ပြန်ရောက်သည့်အခါ ရှန်မော့အာကို အတော်လေး သဘောကျနေသည်ကို ယင်းကျွင့် တွေ့ရှိခဲ့ရသည်။

ယင်းကျွင့်မှာ နားမလည်နိုင် ဖြစ်နေရ၏။ သူ စုံစမ်းကြည့်ရသလောက် ရှန်မော့အာမှာ ကျေးလက်က လာသည့် သာမန် အမျိုးသမီး တစ်ဦးသာ ဖြစ်ပြီး မျိုးရိုး ၃ ဆက်စလုံး မြို့တော်သို့ မရောက်ဖူးကြချေ။ နောက်ခံ အင်အား ရှိရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သို့သော် ချန်ကျားဟွာနှင့် ကျိန့်ဟွေရူတို့က ရှန်မော့အာကို ထောက်ခံနေကြသဖြင့် သူကလည်း အကြောင်းမဲ့ ပြဿနာ ရှာရန် မရည်ရွယ်တော့ပေ။

မောက်ကျန့်ရှင်းက စုံစမ်းထားပြီး ဖြစ်သည်။ အမှတ်(၉) အလုပ်ရုံတွင် ပြသစရာ ပစ္စည်း ၁၀ ခုသာ ရှိပြီး ထိုအရာများမှာလည်း ပန်းထိုး အဆင်နှင့် လက်ကိုင်ပဝါ အချို့သာ ဖြစ်ပြီး ကြီးမားသော ပြောင်းလဲမှုမျိုး ဖန်တီးနိုင်လိမ့်မည် မဟုတ်ဟု တွက်ချက်ထားသည်။

တခြား အလုပ်ရုံများအတွက်တော့ ရောင်းအားမှာ ယခင်နှစ်များအတိုင်း ရှိနေလျှင်ပင် လုံလောက်လှသည်။ သို့သော် အမှတ်(၉) အလုပ်ရုံကတော့ စက်ရုံ တည်ဆောက်စဉ်ကတည်းက လူကြီးများ၏ မျှော်လင့်ချက်များကို ထမ်းပိုးထားရသည်။ ရောင်းအားမှာ သာမန်သာ ရှိနေခဲ့လျှင် သို့မဟုတ် အခြား အလုပ်ရုံများထက် အနည်းငယ်သာ သာလွန်နေလျှင်ပင် လူကြီးများမှာ စိတ်ကျေနပ်ကြမည် မဟုတ်ချေ။

အမှတ်(၉) အလုပ်ရုံအတွက် သုံးစွဲခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ထိုက်တန်စေရန်မှာ တစ်ကမ္ဘာလုံးကို အံ့သြသွားစေလောက်သည့် ရလဒ်မျိုး ရရှိရန်သာ လိုအပ်သည်။

ယင်းကျွင့်ကတော့ ထိုအရာမှာ လုံးဝ မဖြစ်နိုင်ဟု ယူဆထားသည်။ တောင်ခြေက ကျေးရွာလေး တစ်ရွာတွင် ကျေးလက် အမျိုးသမီး အုပ်စုတစ်စုက ပြုလုပ်ထားသည့် အရာများက တစ်ကမ္ဘာလုံးကို အံ့သြစေမည်ဟု ဆိုသည်မှာ အိပ်မက် ယောင်နေခြင်းသာ ဖြစ်ရပေမည်။ သူသည် ဘာမှ လုပ်ရန် မလိုဘဲ ပြပွဲ စတင်သည့် အခါ အမှတ်(၉) အလုပ်ရုံ၏ အရောင်းအဝယ် မကောင်းသည့် မြင်ကွင်းကိုသာ ထိုင်ကြည့်နေရန် ဆုံးဖြတ်ထားလေသည်။

ဌာနချုပ်စက်ရုံမှ လူအများအပြားမှာလည်း ယင်းကျွင့်ကဲ့သို့ပင် တွေးတောနေကြသည်။ နန်ပြည်နယ် အထည်ချုပ်စက်ရုံမှာ နိုင်ငံတော်၏ အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်ပြီး ဟွာကော်နိုင်ငံ တည်ထောင်ကတည်းက ရှိခဲ့သော ဂုဏ်သတင်းကြီးမားသည့် လုပ်ငန်း ဖြစ်သည်။ သူတို့၏ အလုပ်ရုံ တစ်ခုချင်းစီတွင် ကိုယ်ပိုင် ထူးခြားသည့် ကုန်ပစ္စည်းများ ရှိကြပြီး ပြိုင်ပွဲများတွင်လည်း အမြဲတမ်း ပထမ သို့မဟုတ် ထိပ်တန်း အဆင့်များတွင်သာ ရှိနေခဲ့ကြသည်။

စက်ရုံ၏ အဖွဲ့ဝင် တစ်ဦးဖြစ်ရခြင်းကို သူတို့က အလွန် ဂုဏ်ယူကြသည်။ သို့သော် ကျန်းပေခရိုင်ရှိ ပြည်သူ့အဖွဲ့တစ်ခုတွင် အလုပ်ရုံတစ်ခု သွားရောက် တည်ဆောက်ခြင်းကိုတော့ သူတို့က မကျေမနပ် ဖြစ်နေကြသည်။ ထို အမှတ်(၉) အလုပ်ရုံက စက်ရုံ၏ ရောင်းအား ကျဆင်းနေသည့် ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဟု ယူဆခြင်းမှာလည်း ရယ်စရာ ကိစ္စတစ်ခုဟု သူတို့က ထင်မြင်နေကြသည်။

ထို့ကြောင့် ပြပွဲသို့ ရောက်ရှိနေသူ အားလုံးနီးပါးမှာ စောင့်ကြည့်အကဲခတ်သည့် သဘောထားမျိုးသာ ရှိနေကြလေသည်။

ရှန်မော့အာကတော့ ထိုသူများ၏ အတွေးများကို ဂရုမစိုက်ပေ။ ပြခန်း ပြင်ဆင်ပြီးနောက် အချိန် စောနေသေးသဖြင့် ပတ်ဝန်းကျင် အခြေအနေကို လေ့လာရန် အနီးအနားသို့ လမ်းလျှောက် ထွက်ခဲ့ကြသည်။

ကျင်းချိုင်ဖေးကတော့ ယခင်က ရောက်ဖူးသဖြင့် အပြင်မထွက်ချင်တော့ဘဲ ဌာနချုပ်စက်ရုံမှ လူများနှင့် စကားပြောကာ အဆက်အသွယ် လုပ်ရန်သာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ရှန်မော့အာသည် လီရှင်းမေ၊ လျိုယင်းရွှမ်းတို့နှင့်အတူ ထွက်လာခဲ့လေသည်။

ကျင်းချိုင်ဖေးသည် မြို့တော်သို့ ပြန်ချင်သူဖြစ်ပြီး ဌာနချုပ်စက်ရုံမှ သတင်းများကို အမြဲ စုံစမ်းနေတတ်သည်။ ယင်းကျွင့် အခြေအနေ ပြန်ကောင်းလာသည်ကို သိရသဖြင့် သူသည် ယင်းကျွင့်ထံသို့ သွားကာ နှုတ်ဆက် စကား ပြောဆိုခဲ့သည်။ မောက်ကျန့်ရှင်းနှင့် သူက ရင်းနှီးသဖြင့် ယင်းကျွင့်ကလည်း သူ့ကို မျက်နှာသာပေး၍ စကားပြောဆိုခဲ့သည်။

ဝမ်ဟွေ့ကျွင်းက ကျင်းချိုင်ဖေးကို မေးလိုက်၏။ "ရှင်တို့ အမှတ်(၉) အလုပ်ရုံက ဘာတွေ ယူလာတာလဲ။ ဘာလို့ အခုထိ အပြင်ကို ထုတ်မပြဘဲ လျှို့ဝှက်ထားရတာလဲ"

ကျင်းချိုင်ဖေးက ပြန်ဖြေလိုက်သည်။ "လျှို့ဝှက်နေတာ မဟုတ်ပါဘူး။ ပစ္စည်းက နည်းနည်းပဲ ရှိတာဆိုတော့ အပြင်မှာ ထားရင် ပျောက်သွားမှာ စိုးလို့ပါ"

ယင်းကျွင့်က ပြုံးစစဖြင့် ဆိုလိုက်သည်။ "ဒီတစ်ခါတော့ အမှတ်(၉) အလုပ်ရုံက လက်စွမ်းပြတော့မှာပေါ့။ ဌာနချုပ်စက်ရုံထက်တောင် ရောင်းအားတွေ ပိုကောင်းမနေပါစေနဲ့ဦး"

ကျင်းချိုင်ဖေးက အားနာပါးနာ ပြုံးလိုက်ပြီး "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဌာနချုပ်စက်ရုံရဲ့ ရောင်းအားကို မီရင်ကိုပဲ ကျေနပ်လှပါပြီ"

ကုန်ပစ္စည်းများကို ရှန်မော့အာကသာ သိမ်းဆည်းထားခြင်း ဖြစ်သဖြင့် ကျင်းချိုင်ဖေးလည်း အသေးစိတ် မမြင်တွေ့ရသေးပေ။ သို့သော် စက်ရုံတွင် ပန်းထိုးနေကြစဉ်က သူ မြင်တွေ့ခဲ့ရသလောက် လှပသည်မှာ မှန်သော်လည်း အရောင်မှာ အေးလွန်းနေသဖြင့် ယခုခေတ်၏ အလှအပ စံနှုန်းနှင့် ကိုက်ညီမည် မဟုတ်ဟု သူက ယူဆထားသည်။

ပြည်တွင်းတွင်သာ ရောင်းချရမည် ဆိုပါက ဤကုန်ပစ္စည်းများမှာ အဆင်ပြေမည် မဟုတ်ဟု ကျင်းချိုင်ဖေးက ထင်မြင်မိသည်။

လှပပြီး ခန့်ညားနေတာက ဘာအသုံးကျမှာလဲ။ အခုအချိန်မှာ အားလုံးက ရိုးရှင်းပြီး ခြိုးခြံမှုကို အလေးထားနေကြတာလေ။ ဘယ်သူက အဲဒါမျိုးကို သုံးရဲမှာလဲ။

နိုင်ငံခြားသားများကတော့ အမြင်ချင်း တူချင်မှ တူလိမ့်မည်။ သို့သော် တောက်ပသော အရောင်များကို မကြိုက်ဘဲ ထိုအရာများကို ကြိုက်နှစ်သက်ကြလိမ့်မည်လား ဆိုသည်ကိုတော့ သူ မဝေခွဲနိုင် ဖြစ်နေရသည်။

ကျင်းချိုင်ဖေးသည် ရှန်မော့အာ၏ ဆုံးဖြတ်ချက်မှာ မှားယွင်းနေသည်ဟု ထင်သော်လည်း သူသည် ဝယ်ယူရေးနှင့် အရောင်း တာဝန်ခံသာ ဖြစ်သဖြင့် ကုန်ထုတ်လုပ်မှုပိုင်းကို ဝင်ရောက် စွက်ဖက်ခြင်း မပြုတော့ပေ။

တစ်ချိန်တည်းမှာပင် ရှန်မော့အာတို့မှာ ခန်းမအနီးရှိ လမ်းမများပေါ်တွင် လျှောက်သွားနေကြသည်။

ပြပွဲ စတင်တော့မည် ဖြစ်သောကြောင့် ပတ်ဝန်းကျင်မှာ အလွန် စည်ကားလှပြီး ဆံပင်ရွှေရောင်၊ မျက်လုံးပြာရောင် သို့မဟုတ် အသားမည်းသော နိုင်ငံခြားသားများကို ခဏခဏ မြင်တွေ့နေရသည်။

"အလို... ဒီလူတွေက စာအုပ်ထဲက ဘီလူး သရဲတွေလိုပဲနော်" လီရှင်းမေက တိုးတိုးလေး ပြောလိုက်သည်။

လျိုယင်းရွှမ်းက ဒါလေးများ ဘာဆန်းလို့လဲ ဆိုသည့် မျက်နှာဖြင့် ရှင်းပြလိုက်သည်။ "ဒါက လူမျိုးစု မတူလို့လေ။ ကျွန်မတို့က အသားဝါမျိုးနွယ်စု၊ အသားက နည်းနည်း ဝါတယ်။ သူတို့ကတော့ လူဖြူ ဒါမှမဟုတ် လူမည်းတွေပေါ့။ ဒါကြောင့် ကျွန်မတို့နဲ့ မတူကြတာ"

သူမက ဆက်ပြီး ဥပမာ ပေးလိုက်၏။ "ဝက်တွေမှာလည်း အမျိုးအစား ကွဲပြားသလိုမျိုးပေါ့။ ဝက်ဖြူ ရှိတယ်၊ ဝက်မည်း ရှိတယ်၊ တောဝက် ရှိတယ်။ အားလုံးက ပုံစံချင်း မတူကြဘူး မဟုတ်လား"

လီရှင်းမေက "..."

လီရှင်းမေက မနေနိုင်ဘဲ မေးလိုက်မိ၏။ "လျိုယင်းရွှမ်း... ရှင်က ဒါတွေကို ဘယ်လိုလုပ်ပြီး အများကြီး သိနေရတာလဲ"

လျိုယင်းရွှမ်းက အရာရာကို အပြစ်တင်တတ်သော်လည်း သူမနှင့်အတူ သွားလာသည့်အခါ သူမသည် အမှန်တကယ်ပင် ဗဟုသုတ များလှသည်ကို လီရှင်းမေ သတိပြုမိလာသည်။ သူမ ပြောသမျှမှာ အပိုများ မဟုတ်ဘဲ အမှန်တကယ် ဖြစ်နေတတ်သည်။

လူသားတွေမှာလည်း ဝက်တွေလိုပဲ အမျိုးအစား ကွဲပြားတာ ရှိတာကို လီရှင်းမေ တစ်ခါမှ မကြားဖူးခဲ့ချေ။

လျိုယင်းရွှမ်းက ခဏ တွန့်ဆုတ်သွားပြီးမှ ပြန်ပြောလိုက်၏။ "ကျွန်မက စာတော်တာကိုး။ ရှန်မော့အာကို မေးကြည့်လေ။ ကျွန်မ ကျောင်းတက်တုန်းက စာအရမ်း တော်တာ။ ပြီးတော့ စာဖတ်တာလည်း ဝါသနာပါတယ်။ စာအုပ်ပေါင်း သောင်းခြောက်ထောင်ကို ဖတ်ရှုပြီး ခရီးပေါင်း သောင်းခြောက်ထောင်ကို နှင်ပါ ဆိုတဲ့အတိုင်း စာများများ ဖတ်တော့ ဗဟုသုတတွေလည်း များလာတာပေါ့။ ဒါက ထူးဆန်းလို့လား"

ရှန်မော့အာက "..."

မူလ ရှန်မော့အာနှင့် လျိုယင်းရွှမ်းတို့မှာ ကျောင်းတွင် သိပ်မရင်းနှီးကြသဖြင့် သူမ စာတော် မတော်ကို ရှန်မော့အာက မသိနိုင်ပေ။ သို့သော် စာတော်သည် ဆိုဦးတော့၊ အလယ်တန်း ကျောင်းသူ တစ်ဦးက သည်လောက်အထိ သိရှိနိုင်ပါမည်တဲ့လား။

လျိုယင်းရွှမ်း၏ အကြည့်လွှဲနေသည့် မျက်လုံးများနှင့် လေသံမှာ အမှန်တရားနှင့် ကင်းကွာနေသလို ရှန်မော့အာ ခံစားနေရသည်။

ထို့နောက် လီရှင်းမေ၏ အံ့သြသံကို ကြားလိုက်ရ၏။ "စာဖတ်တာက တကယ်ပဲ အသုံးဝင်တာပဲနော်။ ရှင်က စာဖတ်လို့ ဒါတွေအများကြီး သိနေတာပဲ။ ပညာတတ်လူငယ်ဖု ကလည်း စာဖတ်လို့ လယ်ကို ပိုကောင်းအောင် စိုက်နိုင်တာ မဟုတ်လား။ ကျွန်မလည်း အိမ်ပြန်ရောက်ရင် မောင်းမောင်ကို စာများများ ဖတ်ခိုင်းရမယ်"

ရှန်မော့အာက "..."

သူမရဲ့ ပညာတတ်လူငယ်ဖုက တကယ် စာတတ်ပေတတ်လေးပါ။

ဒီအယောင်ဆောင် လျိုယင်းရွှမ်းနဲ့ မတူပါဘူးနော်။

...

အပိုင်း (၉၄)

ပြခန်းအဆောက်အအုံအနီးရှိ လမ်းမများပေါ်တွင် စည်ကားနေရုံသာမက ဟိုတယ်များနှင့် ဧည့်ရိပ်သာများတွင်လည်း ပို၍ပင် စည်ကားနေသည်ဟု ဆိုကြ၏။

ဒေသအသီးသီးမှ ကုန်စည်ပြသသူများနှင့် နိုင်ငံခြားကုန်သည်များ ရောက်ရှိလာကြသောကြောင့် ဟိုတယ်များနှင့် ဧည့်ရိပ်သာများက လူများဖြင့် ပြည့်နှက်နေသည်။ နောက်ကျမှ ရောက်လာသူများသည် အခန်းရရန်ပင် မဖြစ်နိုင်တော့ဘဲ စင်္ကြံလမ်းတွင်သာ တစ်ညနှစ်ညလောက် ဖြစ်သလို အိပ်စက်ကြရလိမ့်မည်။

ရှန်မော့အာတို့သည်လည်း နန်ပြည်နယ်စီးပွားရေးဌာနှင့်အတူ လာခဲ့သည့်အတွက် ကံကောင်းသွားသည်ဟု ခံစားလိုက်ရတော့သည်။ ထိုသူများက အတွေ့အကြုံရှိသဖြင့် နေထိုင်ရန်နေရာကို အစောကြီးကတည်း စီစဉ်ပေးထားခဲ့ကြသည်။ သို့မဟုတ်ပါက ဤနေရာသို့ရောက်လာပြီး နေစရာနေရာမရှိဘဲ စင်္ကြံလမ်းတွင် အိပ်ရမည်ဆိုလျှင် အမှန်တကယ် ဒုက္ခရောက်ရပေလိမ့်မည်။

နိုင်ငံခြားကုန်သည်များကို ဧည့်ခံရန်အတွက် ပြခန်းအဆောက်အအုံအနီးတွင် အနောက်တိုင်းစားသောက်ဆိုင် အတော်များများကို ဖွင့်လှစ်ထားသည်။ ရုပ်ရှင်ရုံထဲတွင် ပြသနေသည်ကလည်း နိုင်ငံခြားရုပ်ရှင်ကားများပင်။

ရှန်မော့အာသည် လီရှင်းမေနှင့် လျိုယင်းရွှမ်းတို့ကို ခေါ်ဆောင်ကာ ရုပ်ရှင်တစ်ကား သွားရောက်ကြည့်ရှုလိုက်သည်။

ဤရုပ်ရှင်ကားသည် ပြည်တွင်း၌ လုံးဝပြသခွင့်မရှိသော ဇာတ်ကားမျိုးဖြစ်သည်။ သို့သော် ကွမ်ကျိုးမြို့ကဲ့သို့သော နိုင်ငံခြားကုန်သည်များ စုဝေးရာ ပြခန်းအဆောက်အအုံအနီးတွင်တော့ "ကင်းလွတ်ခွင့်" ပြုထားပုံရသည်။

ရုပ်ရှင်သည် မူရင်းအသံဖြင့်ဖြစ်ပြီး ဇာတ်ကားတစ်လျှောက်လုံး နိုင်ငံခြားဘာသာစကားဖြင့်သာ တတွတ်တွတ်ပြောဆိုနေကြသည်။ သူတို့သုံးယောက်အနက် လျိုယင်းရွှမ်းတစ်ယောက်တည်းသာ အနည်းငယ် နားလည်သဖြင့် ရှန်မော့အာနှင့် လီရှင်းမေတို့ကို ဇာတ်လမ်းအကြောင်း တိုးတိုးလေး ရှင်းပြပေးနေသည်။

ထင်ထားသည့်အတိုင်းပင်။ လီရှင်းမေထံမှ "စာတတ်တာ တကယ်ကို အသုံးဝင်တာပဲ" ဟူသော မှတ်ချက်ကို ထပ်မံရရှိခဲ့ပြန်၏။

ရုပ်ရှင်သည် နိုင်ငံခြားဘာသာစကားဖြင့် ပြောဆိုနေသောကြောင့် ဖြစ်ဟန်တူသည်။ ရုပ်ရှင်ရုံထဲတွင် တရုတ်လူမျိုး အနည်းငယ်သာရှိပြီး အများစုမှာ နိုင်ငံခြားသားများ ဖြစ်ကြသည်။ သေချာသည်မှာ နိုင်ငံခြားသားများပင်လျှင် များများစားစား မရှိလှပေ။ ရုပ်ရှင်သည် ဇာတ်ကားဟောင်းဖြစ်နေသဖြင့် ကြီးကြီးမားမား ဆွဲဆောင်မှု မရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် နိုင်ငံခြားသားများသည် စီးပွားရေးလုပ်ရန် လာကြခြင်းဖြစ်သောကြောင့် ရုပ်ရှင်ကြည့်ရန် အချိန်ဖြုန်းလိုသူ အနည်းငယ်သာ ရှိကြပေလိမ့်မည်။

ရုပ်ရှင်ရုံက ဤသို့လုပ်ဆောင်ခြင်းမှာ မိမိနိုင်ငံသို့ လာရောက်ကြသော နိုင်ငံခြားကုန်သည်များကို ကြိုဆိုသည့် သဘောထားကို ပြသရန် အဓိကရည်ရွယ်သည်ဟု ရှန်မော့အာက ခန့်မှန်းမိသည်။

ရှန်မော့အာသည် ယခင်က နိုင်ငံခြားအခြေအနေများကို များများစားစား မသိရှိခဲ့ချေ။ တစ်ခုတည်းသော အခြေခံဗဟုသုတတချို့ကို ဖုမင်ဇယ်က သူမကို ပြောပြခဲ့ခြင်းပင်။

ဖုမင်ဇယ်က သူ့အိမ်နီးချင်းများထဲတွင် လွန်ခဲ့သောနှစ်များက နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သူများရှိသည်ဟု ပြောပြခဲ့သည်။ ရှန်မော့အာ ကွမ်ကျိုးမြို့သို့ ခရီးမထွက်မီက သူသည် တစ်ညလုံး အချိန်ယူကာ နိုင်ငံခြားသားများ၏ တွေးခေါ်ပုံနှင့် ဓလေ့ထုံးစံအချို့ကို သူမကို အသေးစိတ် ရှင်းပြပေးခဲ့သည်။

သို့သော် တခြားသူများပြောသည်ကို နားထောင်ခြင်းက ကိုယ်တိုင်မျက်မြင်တွေ့ရသလောက် နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ ရှန်မော့အာသည် ပထမဆုံး နိုင်ငံခြားသားကို မြင်တွေ့ကတည်းက သူတို့ကို သေချာစွာ အကဲခတ်လေ့လာနေခဲ့သည်။ ယခု ရုပ်ရှင်ကြည့်နေစဉ်တွင်လည်း သူတို့၏ ဝတ်စားဆင်ယင်မှုနှင့် အခန်းတွင်း ပြင်ဆင်ထားရှိမှုများကို အလွန်သေးစိတ်စွာ လေ့လာအကဲခတ်နေသည်။

ထို့နောက် သူမ၏ ကိုယ်ပိုင်အမြင်ကို ထပ်မံ အတည်ပြုနိုင်ခဲ့သည်။

ဒီကမ္ဘာကြီးရဲ့ အလှအပခံစားတတ်တဲ့ စံနှုန်းက ပုံမှန်ပဲ ဖြစ်ရမယ်။

တရုတ်ပြည်တွင်း၌ အမည်း၊ အဖြူ၊ အမွဲရောင်တို့အပြင် အပြာရောင်သာ ရှိနေသည့် အခြေအနေမှာ အကြောင်းရင်းတစ်ချို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ရပေမည်။ လူအတော်များများ နှစ်သက်ကြသည့် အနီရဲရဲ၊ ခရမ်းရင့်ရင့်၊ အနီရောင်နှင့် အစိမ်းရောင်စသည့် အရောင်များနှင့်ပတ်သက်လို့တော့ နိုင်ငံခြားသားများသည်လည်း သူတို့ထင်ထားသလောက် အလွန်အမင်း နှစ်သက်ကြသည်တော့ မဟုတ်ပေ။

ရှန်မော့အာသည် ရင်ထဲတွင် ကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။

ရုပ်ရှင်ကြည့်ပြီးနောက် သူတို့သုံးယောက်သည် အနီးအနားရှိ စားသောက်ဆိုင်သို့ သွားရောက်ကာ ထမင်းစားခဲ့ကြသည်။

ကွမ်ကျိုးမြို့သူမြို့သားများသည် စွပ်ပြုတ်သောက်ရသည်ကို နှစ်သက်ကြသည်။ သူတို့သုံးယောက် ထမင်းစားခဲ့သည့် နိုင်ငံတော်ပိုင်စားသောက်ဆိုင်တွင် ကြက်ပေါင်းဖြူဟင်းလျာ၏ အရသာက အလွန်ချိုမြိန်လတ်ဆတ်နေရုံသာမက တွဲဖက်ကျွေးမွေးသော စွပ်ပြုတ်မှာလည်း အလွန်ထူးကဲကောင်းမွန်လှသည်။ လျှာကိုပါ မျိုချချင်စိတ်ပေါက်သွားလောက်အောင်ပင် အရသာရှိလှသည်။

အရေးအကြီးဆုံးမှာ ဤစားသောက်ဆိုင်သည် အချိုပွဲများကိုပါ ရောင်းချခြင်းပင်။ ရှန်မော့အာသည် ထမင်းစား၊ စွပ်ပြုတ်သောက်ပြီးနောက် မနေနိုင်ဘဲ လိမ္မော်ခွံ ပဲနီလေးယို တစ်ပန်းကန်လုံးကို ထပ်စားခဲ့သေးသည်။ နောက်ဆုံး စားသောက်ဆိုင်မှ ထွက်ခွာလာချိန်တွင် နံရံကိုမှီပြီးမှ လျှောက်နိုင်တော့မည့် အခြေအနေသို့ပင် ရောက်သွားတော့သည်။

"ဒီစားသောက်ဆိုင်က အစားအသောက်တွေက တကယ်ကို အရသာရှိတာပဲ"

ထမင်းတစ်နပ်အတွက် ငွေနှင့် ကူပွန်လက်မှတ် အတော်များများ ကုန်ကျသွားခဲ့သော်လည်း လီရှင်းမေကတော့ မနှမြောခဲ့ချေ။ အိမ်မှာဆင်းရဲပေမယ့် လမ်းခရီးမှာတော့ ချမ်းသာသလိုနေရမယ် ဟူသည့်စကားအတိုင်း သူမသည် ခရီးထွက်လာချိန်က ငွေနှင့် လက်မှတ်များကို အထူးတလည် အများအပြား ယူဆောင်လာခဲ့သည်။ ထို့အပြင် ဤစားသောက်ဆိုင်ရှိ အစားအသောက်များသည် အမှန်တကယ်ပင် အရသာရှိလှသည်။ ကြက်သားကိုလည်း စားခဲ့ရသလို ချိုမြိန်သော ပဲနီလေးယိုကိုပါ စားခဲ့ရသဖြင့် အနည်းငယ်မျှပင် မနစ်နာခဲ့ချေ။

တစ်ခုတည်းသော အားနည်းချက်မှာ အိမ်ရှိ ယောကျ်ားနှင့် ကလေးများ လိုက်မလာခဲ့ရသဖြင့် ဤမျှအရသာရှိသော အစားအစာများကို မစားခဲ့ရသည်ကို တွေးမိပြီး အနည်းငယ် နှမြောမိခြင်းပင်။

ရှန်မော့အာသည်လည်း နှမြောမိသည်။ ဤဆိုင်က အမှန်တကယ်ပင် ကောင်းမွန်စွာ ချက်ပြုတ်နိုင်ပေသည်။ နှမြောစရာကောင်းသည်က သူမ၏အဖေနှင့် ပညာတတ်လူငယ်ဖုတို့ မရှိနေခြင်းပင်။

ထမင်းစားပြီးနောက် အပြင်သို့ ထွက်လာချိန်တွင် သူတို့သည် နိုင်ငံခြားသားတစ်ဦး ထိုင်နေသော စားပွဲတစ်လုံးအနီးမှ ဖြတ်လျှောက်ခဲ့ကြသည်။ ထိုနိုင်ငံခြားသားသည် အစားအသောက်များကို အေးအေးလူလူ စားသုံးနေရင်း စားပွဲပေါ်တွင် ဖြန့်ထားသော စာအုပ်တစ်အုပ်ကို လှန်လှောကြည့်ရှုနေသည်။ ထိုစာအုပ်သည် သာမန်စာအုပ်များထက် အတော်လေး ကြီးမားသော်လည်း များစွာပါးလွှာနေသည်။ အတွင်း၌ ရောင်စုံပန်းချီကားများစွာကို ရေးဆွဲထားသည်။

ရှန်မော့အာက တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားတော့သည်။

ထိုစာအုပ်ပေါ်တွင် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် လှပတင့်တယ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးပုံများကို အများအပြား ရေးဆွဲထားသည်။ တစ်ဦးချင်းစီ၏ ကိုယ်ဟန်အမူအရာနှင့် ဝတ်စားဆင်ယင်မှုများမှာ တူညီမှုမရှိကြပေ။ ထိုပုံများဘေးတွင် သရဲတစ္ဆေလက်ရေးများကဲ့သို့ စာလုံးအချို့ကိုလည်း ရေးသားထားသည်။ ရှန်မော့အာသည် ထိုစာလုံးများကို သိပ်မသိသော်လည်း ၎င်းတို့မှာ နိုင်ငံခြားစာလုံးများဖြစ်ကြောင်းကိုတော့ သိရှိနေသည်။

ဤစာအုပ်သည် နိုင်ငံခြားသားက သူ့နိုင်ငံမှ ယူဆောင်လာခဲ့ခြင်း ဖြစ်ရပေမည်။

လျိုယင်းရွှမ်းက ရှန်မော့အာ၏ အကြည့်ကို သတိပြုမိသွားပြီး လိုက်ကြည့်လိုက်သည်။ ထို့နောက် ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်သည်။

"ဒါက အစောပိုင်းခေတ်က ဖက်ရှင်မဂ္ဂဇင်း ဖြစ်ရမယ်"

ရှန်မော့အာသည် သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။

ဒါက အစောပိုင်းခေတ်က ဖက်ရှင်မဂ္ဂဇင်းဆိုရင် အခုလက်ရှိခေတ်က ဖက်ရှင်မဂ္ဂဇင်းတွေကကော ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ။

ဒီလူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရကောင်းမှန်း နည်းနည်းလေးမှ မသိပါလား။

လျိုယင်းရွှမ်း၏ ဤအမူအကျင့်မျိုးဖြင့် အကြံအစည်မရှိသော လီရှင်းမေနှင့် အတူသွားလာနေရ၍သာ တော်သေးသည်။ သို့မဟုတ်ပါက အချိန်မရွေး လျှို့ဝှက်ချက်များ ပေါက်ကြားသွားနိုင်ပေသည်။

သို့သော် သူမက လျိုယင်းရွှမ်းကို ခေါ်ထုတ်လာခဲ့ခြင်းမှာ အမှန်တကယ်ပင် အမှားမရှိခဲ့ချေ။ လျိုယင်းရွှမ်းသည် သူတို့အားလုံးထက် ဗဟုသုတ ပိုမိုကြွယ်ဝသည်မှာ သေချာသည်။ ဤဖက်ရှင်မဂ္ဂဇင်းဆိုသောအရာကို ရှန်မော့အာ အမှန်တကယ်ပင် မကြားဖူးခဲ့ချေ။

အဓိကအကြောင်းရင်းမှာ ဤနှစ်များအတွင်း အပြင်ဘက်တွင် လှုပ်ရှားမှုများ ပြုလုပ်နေကြသဖြင့် ထိုသတင်းစာများနှင့် မဂ္ဂဇင်းများစွာကို ထုတ်ဝေမှု ရပ်ဆိုင်းထားသောကြောင့်ဖြစ်သည်။ ဈေးကွက်အတွင်း ဝယ်ယူနိုင်သော သတင်းစာဟူ၍ အမျိုးအစား အနည်းငယ်သာရှိပြီး မဂ္ဂဇင်းများ၊ အထူးသဖြင့် ဤကဲ့သို့ ဝတ်စားဆင်ယင်မှုများကို မိတ်ဆက်ပေးသော မဂ္ဂဇင်းမျိုးဆိုလျှင် ပိုလို့ပင် ရှိနိုင်စရာအကြောင်း မရှိတော့ပေ။

ရှန်မော့အာက အနည်းငယ် လှမ်းကြည့်လိုက်ပြီးနောက် လီရှင်းမေ၊ လျိုယင်းရွှမ်းတို့နှင့်အတူ အပြင်ဘက်သို့ ဆက်လက်လျှောက်သွားခဲ့သည်။

ဧည့်ရိပ်သာသို့ ပြန်ရောက်ပြီးနောက် သူတို့သည် စောစောစီးစီး မျက်နှာသစ်ကိုယ်လက်သန့်စင်ကာ အိပ်စက်ခဲ့ကြသည်။ နောက်တစ်နေ့ မနက် မိုးလင်းစအချိန်တွင် လီရှင်းမေသည် ကုတင်ပေါ်မှ ပထမဆုံး ထလာခဲ့သည်။

မကြာမီမှာပင် အခြားသူများလည်း တစ်ယောက်ပြီး တစ်ယောက် ထလာကာ မျက်နှာသစ်ကိုယ်လက်သန့်စင်ကြသည်။ ထို့နောက် အနီးအနားရှိ မနက်စာရောင်းသောဆိုင်သို့ ထွက်၍ မနက်စာစားခဲ့ကြသည်။

ဤနေရာသည် ပြည်တွင်းရှိ အခြားနေရာများနှင့် အမှန်တကယ်ပင် မတူညီလှချေ။ ပြခန်းအဆောက်အအုံအနီးတွင် စားသောက်စရာနေရာများ အတော်များများရှိပြီး သီးသန့်မနက်စာဆိုင်များပင် ရှိနေသည်။

စားသောက်ပြီးစီးသွားသောအခါ သူတို့သည် ဧည့်ရိပ်သာသို့ တစ်ခေါက် ပြန်သွားကြသည်။ ပြသရန် ပစ္စည်းများထည့်ထားသော ခရီးဆောင်အိတ်ကြီးတစ်လုံးကို ဆွဲထုတ်လာခဲ့ကြပြီး ပြခန်းအဆောက်အအုံဆီသို့ အလှည့်ကျ သယ်မသွားခဲ့ကြသည်။

ပြခန်းအဆောက်အအုံအတွင်းတွင် ကြီးကျယ်ခမ်းနားသော တေးဂီတသံများ လွှင့်ပျံနေ၏။ ရှန်မော့အာတို့သည် တေးဂီတသံနှင့်အတူ ခြေလှမ်းများကို ညီညာစွာလှမ်းကာ ပြခန်းထဲသို့ တက်ကြွစွာ ဝင်ရောက်သွားကြသည်။ မကြာမီမှာပင် နန်ပြည်နယ် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံ၏ ပြခန်းနေရာသို့ ရောက်ရှိသွားကြသည်။

နိုင်ငံခြားကုန်သည်များ ဝင်မလာကြသေးသဖြင့် ရှန်မော့အာသည် အချိန်ကို အမိအရရယူကာ ခရီးဆောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်။ ထို့နောက် ကြိုတင်ခင်းကျင်းထားသော ကတ္တီပါအမည်းစပေါ်တွင် တစ်ခုချင်းစီ သေသပ်စွာ စီရီတင်ထားလိုက်သည်။

ပြသရန်ပစ္စည်း (၁၀) မျိုးမှာ အခြားသူများ သိထားသည့်အတိုင်းပင် ချည်ထိုးပန်းကွက်များ၊ လက်ကိုင်ပဝါများ၊ ခေါင်းအုံးစွပ်များနှင့် စားပွဲခင်းများ ပါဝင်သည်။ အတိုချုပ်ဆိုရလျှင် အားလုံးမှာ ထင်ပေါ်မှုမရှိသော အသုံးအဆောင် အသေးစားလေးများသာ ဖြစ်ကြသည်။

ပစ္စည်းများကို ထုတ်ယူလိုက်ချိန်တွင် အမှန်တကယ်ပင် ထင်ပေါ်မှုမရှိလှချေ။ သို့သော် လီရှင်းမေတို့ကို အံ့သြသွားစေသည်မှာ ကတ္တီပါအမည်းစခင်းထားသော ပြခန်းစားပွဲပေါ်သို့ ပစ္စည်းများကို တင်လိုက်ပြီးနောက် ပစ္စည်းတစ်ခုချင်းစီသည် ရုတ်တရက် ပိုမိုလှပလာသကဲ့သို့ ဖြစ်သွားခြင်းပင်။

မူလကတည်းက အရောင်အသွေး ရိုးရှင်းလှပသော လက်ကိုင်ပဝါများနှင့် စားပွဲခင်းများသည် ကတ္တီပါအမည်းစပေါ်သို့ တင်လိုက်သောအခါ အကြောင်းပြချက်မရှိဘဲ ပိုပြီး တန်ဖိုးကြီးမားသွားသယောင် ထင်ရလေသည်။

လီရှင်းမေ၏ စကားဖြင့်ပြောရလျှင် "တစ်ချက်ကြည့်လိုက်တာနဲ့ အရမ်းတန်ဖိုးကြီးမယ်ဆိုတာ သိသာတယ်။ ကျွန်မ ဝယ်မနိုင်တဲ့ ပုံစံမျိုးပဲ"

ထို့အပြင် အရောင်အသွေးတောက်ပသော ချည်ထိုးပန်းကွက်များနှင့် ခေါင်းအုံးစွပ်များမှာ အမည်းရောင်နောက်ခံကြောင့် အနည်းငယ် ဖိနှိပ်ခံလိုက်ရသဖြင့် အရောင်လွင်လွန်းသည့်အသွင် ပျောက်ကွယ်သွားကာ ကြည့်ရသည်မှာ ပိုလှပလာလေသည်။

လီရှင်းမေက အထင်ကြီးသွားတော့၏။ "ဒီအမည်းစက တော်တော်လေး အသုံးဝင်တာပဲ"

ကျင်းချိုင်ဖေးသည်လည်း အနည်းငယ် မှင်သက်သွားသည်။ ကွမ်ကျိုးကုန်စည်ပြပွဲကို ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အစဉ်အဆက် အားလုံးသည် အရှင်းလင်းဆုံးနှင့် အရိုင်းဆန်ဆုံး ပြင်ဆင်မှုပုံစံကိုသာ အသုံးပြုခဲ့ကြသည်။ ပစ္စည်းများကို အပြည့်အမောက် တင်ထားလိုက်ရုံဖြင့် ပြီးပြည့်စုံသွားပြီဟု ယူဆခဲ့ကြသည်။

သူကိုယ်တိုင်ပင်လျှင် ကတ္တီပါအမည်းစ တစ်စတည်းကိုအသုံးပြုကာ ပြခန်းစားပွဲကို ဤမျှလှပအောင် ပြင်ဆင်နိုင်သူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

လျိုယင်းရွှမ်းကတော့ အမည်းစကိုအသုံးပြု၍ ပြင်ဆင်ခြင်းနှင့်ပတ်သက်ပြီး သိပ်ပြီး ထူးခြားသည်ဟု မခံစားရချေ။ ဤအရာများမှာ သာမန်လက်မှုပညာ အသေးအဖွဲလေးများသာဖြစ်သည်။ နောင်တစ်ချိန်တွင် လမ်းဘေး သို့မဟုတ် ညဈေးတန်းများ၌ ဗီဒီယိုရောင်းချသော ဈေးသည်လေးများသည်လည်း ဤကဲ့သို့ပင် အမည်းစကိုခင်းကာ ပစ္စည်းများကို ပြသရောင်းချကြမည် မဟုတ်ပါလား။ သူမသည် ဤကဲ့သို့သောအရာများကို မြင်တွေ့ဖူးသည်မှာ များပြားလှပြီဖြစ်သဖြင့် အနည်းငယ်မျှပင် မထူးဆန်းလှပေ။

သို့သော် တကယ်တမ်းစဉ်းစားကြည့်လျှင် အနည်းငယ်တော့ ထူးဆန်းနေသည်။

လျိုယင်းရွှမ်းသည် ရှန်မော့အာကို တစ်ချက် ခိုးကြည့်လိုက်၏။ သူမသည် ရှန်မော့အာတစ်ယောက်များ အချိန်ခရီးသွားပြီး ပြန်လည်မွေးဖွားလာသူ၊ သို့မဟုတ် တခြားကမ္ဘာမှ ကူးပြောင်းလာသူများ ဖြစ်နေမလားဟုပင် သံသယဝင်လုနီးပါး ဖြစ်သွားခဲ့သည်။

ဒီလောက်များပြားတဲ့ အကြံဉာဏ်တွေက ဘယ်ကနေ ရလာတာပါလိမ့်။

သို့သော် လျိုယင်းရွှမ်းသည် သူမ၏အတွေးများကို အလျင်အမြန်ပင် ပြန်လည်ပယ်ဖျက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အချိန်ခရီးသွားပြီး ပြန်လည်မွေးဖွားလာသူဖြစ်စေ၊ တခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်စေ ရှန်မော့အာကဲ့သို့ ရထားကို တစ်ခါမှမမြင်ဖူးသူ၊ ကွမ်ကျိုးမြို့အကြောင်းကို လုံးဝနားမလည်သူ ဖြစ်နိုင်စရာအကြောင်း မရှိသောကြောင့်ပင်။

မွေးရာပါ ပါရမီထူးချွန်သူ ဖြစ်လောက်သည်ဟုသာ ခန့်မှန်းရမည်။

လူအချို့မှာ မွေးကတည်းကပင် ထူးချွန်ထက်မြက်တတ်ကြသည် မဟုတ်ပါလား။

အချိန်ခရီးသွားပြီး ပြန်လည်မွေးဖွားလာခြင်းက လူတစ်ယောက်ကို ပိုဉာဏ်ကောင်းလာစေရန် သို့မဟုတ် ပိုထက်မြက်လာစေရန် မစွမ်းဆောင်နိုင်ကြောင်းကို လျိုယင်းရွှမ်း ကောင်းကောင်း သိထားသည်။ သို့မဟုတ်ပါက သူမသည် အဘိုးဖြစ်သူနှင့်အတူ ဝါးသေတ္တာများကို ဒုက္ခခံကာ ရက်လုပ်နေပါဦးမည်လား။

လျိုယင်းရွှမ်းသည် သူမကိုယ်သူမ မတော်တဆ ကံကောင်းမှုလေးတစ်ခုကို ရရှိထားသော သာမန်လူတစ်ဦးသာဖြစ်ကြောင်း သိထားသည်။ ယခင်ဘဝကထက် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ရုံဖြင့် လုံလောက်ပြီဟု ကျေနပ်နေခဲ့သည်။ သို့သော် ရှန်မော့အာကဲ့သို့ လူမျိုးမှာမူ မွေးကတည်းကပင် ဉာဏ်ကောင်းပြီး စွမ်းဆောင်ရည်ရှိသူ ဖြစ်လောက်သည်ဟု သူမ တွက်ဆမိသည်။

ထို့နောက်တွင်တော့ ရှန်မော့အာသည် လက်ကိုင်ပဝါများကို နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံအမျိုးမျိုး ခေါက်ကာ ကတ္တီပါအမည်းစပေါ်သို့ သေချာစွာ ပြန်လည်စီရီတင်ထားသည်ကို လျိုယင်းရွှမ်း မြင်တွေ့လိုက်ရသည်။

လျိုယင်းရွှမ်း အပါအဝင် တခြားသူများအားလုံးသည် ဤသို့လုပ်ဆောင်ခြင်းက ဘာအဓိပ္ပာယ်ဖြစ်ကြောင်းကို နားမလည်ခဲ့ကြချေ။

ဝမ်ဟွေ့ကျွင်းက တိတ်တိတ်လေး ပြေးလာကြည့်ပြီးနောက် ပြန်သွားကာ ယင်းကျွင့်တို့အား အမှတ်(၉)အလုပ်ရုံ မှာ လုပ်စရာနည်းလမ်း ကုန်သွားပြီဖြစ်ကြောင်း ပြောပြနေလေသည်။

"အမှန်အတိုင်းပြောရရင် ချည်ထိုးထားတာ တော်တော်လေး ကောင်းပါတယ်။ ပုံစံလေးတွေကလည်း လှတယ်။ ဒါပေမယ့် ရိုးရှင်းလွန်းတော့ သိပ်ပြီး ထင်ပေါ်မနေဘူး။ ဘယ်လိုစဉ်းစားပြီး လက်ကိုင်ပဝါတွေကို ပုံစံအမျိုးမျိုးနဲ့ ခေါက်ထားလဲတော့ မသိဘူး။ ဒီလိုနည်းလမ်းနဲ့ လူတွေကို ဆွဲဆောင်ချင်တယ်ဆိုရင်တော့ လက်ကိုင်ပဝါနဲ့ အဝတ်ကြွက်ရုပ်လေး လုပ်ထားတာကမှ ပိုကောင်းဦးမယ်။ အနည်းဆုံးတော့ ကလေးတွေ မြင်ရင် သေချာပေါက် သဘောကျကြမှာပဲ"

ဘေးနားရှိ လူတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။

"အို... မင်းက တကယ်ကို နှိမ်လွန်းပါတယ်။ ငါတို့က သွင်းကုန်ထုတ်ကုန် ကုန်စည်ပြပွဲမှာလေ။ ဒီမှာ ကလေးတွေ ဘယ်ရှိမှာလဲ"

ဤအချိန်တွင် နိုင်ငံခြားကုန်သည်များလည်း စတင် ရောက်ရှိလာကြသည်။ နန်ပြည်နယ် ချည်ထိုးပန်းထိုး အထည်ချုပ်စက်ရုံ၏ နေရာမှာ အချက်အချာကျသဖြင့် လူအတော်များများက ဝင်လာသည်နှင့် ပန်းထိုးစက်ရုံ၏ ပြခန်းစားပွဲကို မြင်တွေ့လိုက်ကြသည်။ တစ်ခါတစ်ရံ ပြခန်းရှေ့တွင် ရပ်တန့်ကာ ကြည့်ရှုသူများ ရှိသော်လည်း အားလုံးမှာ တစ်ချက်နှစ်ချက်သာ ကြည့်ပြီးနောက် ထွက်ခွာသွားကြသည်။ တချို့ဆိုလျှင် နံရံတွင် ချိတ်ဆွဲထားသော အထည်များကို ကြည့်ကာ ခေါင်းယမ်းသွားကြသေးသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ"

အားလုံးက တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ ဘေးတွင်ရပ်နေသော ဘာသာပြန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဆိုလိုက်သည်။

"ပန်းကွက်ဒီဇိုင်းတွေကို သိပ်သဘောမကျဘူးလို့ ထင်ရတယ်"

"လူတစ်ယောက် အကြိုက်တစ်မျိုးစီ ရှိကြတာပဲလေ။ မကြိုက်ရင် ကိုယ်ကြိုက်တာကိုယ် သွားရှာပေါ့။ သူများပြခန်းရှေ့မှာ လာရပ်ပြီး ဘာလို့ ဝေဖန်နေကြတာလဲ"

ဤစကားကို တိုးတိုးလေးသာ ရေရွတ်ရဲကြသည်။ ရေရွတ်ပြီးသည်နှင့်တစ်ပြိုင်နက် သင့်တင့်လျောက်ပတ်သော အပြုံးကို ဖော်ဆောင်ကာ နိုင်ငံခြားကုန်သည်များ၏ မေးမြန်းမှုကို စောင့်ဆိုင်းနေရဆဲပင်။

သို့သော် ပြသထားသော ပစ္စည်းများ၏ အခြေအနေကို ရပ်တန့်ကာ အလေးအနက် မေးမြန်းသူဟူ၍ တစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။

အားလုံး၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။

နောက်ဆုံးတွင် နိုင်ငံခြားကုန်သည်တစ်ဦးက ပြခန်းရှေ့၌ ထပ်မံရပ်တန့်လာခဲ့သည်။ လူတစ်စုမှာ သူ့ကို ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် တိတ်တဆိတ် အာရုံစိုက်လိုက်ကြသည်။

ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာပြာရှိသော နိုင်ငံခြားသား အမျိုးသားသည် ရုတ်တရက် ခြေလှမ်းကိုပြောင်းကာ အမှတ်(၉)အလုပ်ရုံ ၏ ကျဉ်းမြောင်းသော ပြခန်းရှေ့သို့ လျှောက်သွားခဲ့သည်။ ကတ္တီပါအမည်းစပေါ်တွင် ခေါက်ထားသော လက်ကိုင်ပဝါများကို လက်ညှိုးထိုးပြကာ တစ်ခုခုကို ပြောလိုက်သည်။

ပြခန်းတိုင်းတွင် ဘာသာပြန်များ ရှိကြသော်လည်း နန်ပြည်နယ် ချည်ထိုးအထည်ချုပ်စက်ရုံ၏ ဘာသာပြန် ရပ်နေသောနေရာမှာ အမှတ်(၉)အလုပ်ရုံ နေရာနှင့် အနည်းငယ် ကွာဝေးနေသည်။ ဘာသာပြန်သည် ပင်မရုံးချုပ်ဘက်တွင် အဓိကထား၍ အလုပ်လုပ်ပေးရမည်ဟု အားလုံးက တိတ်တဆိတ် သတ်မှတ်ထားကြသည် မဟုတ်ပါလား။

နိုင်ငံခြားကုန်သည် စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဘာသာပြန်သည် အလျင်အမြန် လျှောက်လာကာ နိုင်ငံခြားကုန်သည်နှင့် စတင်ဆက်သွယ်စကားပြောဆိုလေတော့သည်။

"ဒီလူကြီးမင်းနာမည်က ဒေးဗစ်လို့ ခေါ်ပါတယ်။ သူက ဒီလက်ကိုင်ပဝါတွေကို ကြည့်ချင်တယ်တဲ့"

ဘာသာပြန်၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေဟန်ပေါ်သော်လည်း နိုင်ငံခြားကုန်သည်ပြောသည့်စကားကို ရှန်မော့အာတို့ကို တာဝန်ကျေပွန်စွာ ဘာသာပြန်ပေးလိုက်သည်။

"သူက ထပ်မေးသေးတယ်။ ဒီလက်ကိုင်ပဝါတွေရဲ့ အစကို ပိုကောင်းတဲ့ ပိုးထည်နဲ့ လုပ်ပေးလို့ရမလားတဲ့"

ရှန်မော့အာသည် အေးဆေးတည်ငြိမ်စွာဖြင့် ပြခန်းစားပွဲအောက်မှ အပိုပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး ပြုံးကာ နိုင်ငံခြားကုန်သည်ကို ကမ်းပေးလိုက်သည်။ နိုင်ငံခြားကုန်သည်က လှမ်းယူပြီးနောက် ဟိုဘက်ဒီဘက်လှန်ကာ အသေးစိတ်ကြည့်ရှုလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ကျေနပ်သွားသည့် အမူအရာတစ်ခု ပေါ်လွင်လာခဲ့သည်။

ထို့နောက် သူသည် ကိုယ်ကိုကိုင်းကာ လက်ကိုင်ပဝါကို ကတ္တီပါအမည်းစပေါ်ရှိ လွတ်နေသောနေရာတွင် ဖြန့်ခင်းလိုက်ပြီး အလွန်သွက်လက်သော လှုပ်ရှားမှုဖြင့် လက်ကိုင်ပဝါကို ခေါက်လိုက်လေသည်။

လီရှင်းမေမှာ ကြက်သေသေသွားတော့၏။

"သူခေါက်တာက ဒုအလုပ်ရုံမှူန်းရှန်ထက်တောင် ပိုသွက်နေပါလား"

အရေးအကြီးဆုံးက ရှင် တကယ်ဝယ်ချင်တာလား၊ မဝယ်ချင်ဘူးလား။

ရှင် ဝယ်ချင်တယ်ဆိုရင်လည်း မြန်မြန်အော်ဒါတင်လေ။ လက်ကိုင်ပဝါကို လာခေါက်နေတာက ဘာလုပ်ဖို့လဲ။

...

All Chapters