အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အပိုင်း (၉၅)
ဒေးဗစ်သည် လက်ကိုင်ပဝါကို သေသပ်စွာ ခေါက်ပြီးနောက် ကျေနပ်အားရသည့် အမူအရာကို ထပ်မံဖော်ပြလိုက်၏။ ထို့နောက် သူသည် ဘာသာပြန်ကို တတွတ်တွတ်နှင့် စကားများ စတင်ပြောဆိုလေသည်။ ဘာသာပြန်၏ မျက်နှာအမူအရာသည် အစပိုင်းတွင် အနည်းငယ် အံ့သြသွားဟန်ရှိပြီး မကြာမီမှာပင် ထိုအံ့သြမှုသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင်တော့ သူ၏ မျက်နှာအမူအရာသည် အနည်းငယ် တောင့်တင်းသွားခဲ့သည်။ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ကိစ္စတစ်စုံတစ်ခုကို ကြားလိုက်ရသည့်အလားပင်။
ဒေးဗစ် ပြောသည့်စကားကို တခြားဘယ်သူမှ နားမလည်ခဲ့ကြချေ။ လျိုယင်းရွှမ်းသည် ယခင်ဘဝက ရှန်ဟိုင်မြို့တွင် အလုပ်လုပ်ခဲ့ဖူးသောကြောင့် စကား ၁ ခွန်း ၂ ခွန်းခန့်ကိုတော့ နားလည်နိုင်စွမ်းရှိသည်။ သို့သော် ဒေးဗစ် စကားပြောဆိုပုံက အလွန်မြန်ဆန်လွန်းလှ၏။ ထို့အပြင် တစ်ခါတစ်ရံ ကြားလိုက်ရသော စကားလုံး ၁ လုံး ၂ လုံးမှာလည်း အလွန်ယုံကြည်နိုင်ဖွယ် မရှိလောက်အောင်ပင် ဖြစ်နေသည်။ ထို့ကြောင့် လျိုယင်းရွှမ်း၏ မျက်နှာအမူအရာတွင်လည်း စက္ကန့်အနည်းငယ်ခန့် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရသည်။
လီရှင်းမေက မနေနိုင်ဘဲ လွှတ်ခနဲ ထွက်သွားတော့သည်။ “သူ ဘာတွေပြောနေတာလဲ၊ ဝယ်မှာလား မဝယ်ဘူးလား”
ထိုအချိန်တွင် ဒေးဗစ် စကားပြောဆိုပြီးဆုံးသွားခဲ့သည်။ ဘာသာပြန်သည် တံတွေးတစ်ချက်မြိုချလိုက်ပြီးနောက် ရှန်မော့အာဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။ "ဒီ... ဒီမစ္စတာဒေးဗစ်က မင်းတို့ရဲ့ လက်ကိုင်ပဝါတွေကို ဝယ်ချင်တယ်တဲ့"
သူသည် ခဏလောက် ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "တိတိကျကျပြောရရင် သူက တကယ်တော့ ပစ္စည်း ၂ မျိုး ဝယ်ချင်တာပါ။ လက်ကိုင်ပဝါနဲ့ ခေါက်ပဝါပါ။ လက်ကိုင်ပဝါရဲ့ အသုံးဝင်ပုံကတော့ ကျွန်တော်တို့နဲ့ အတူတူလောက်ပါပဲ။ ခေါက်ပဝါဆိုတာကတော့ အခုလို ခေါက်ပြီး အနောက်တိုင်းဝတ်စုံ ရင်ဘတ်အိတ်ကပ်ထဲကို ထည့်ရတာပါ။ အနောက်တိုင်းဝတ်စုံ အိတ်ကပ်ထဲမှာ ခေါက်ပဝါ ထည့်ထားတာက သေသပ်လှပတဲ့ လူကြီးလူကောင်းတစ်ယောက်ရဲ့ သင်္ကေတတစ်ခုပါပဲ။ သူတို့နိုင်ငံက အမျိုးသားတွေက ခေါက်ပဝါ ၁ ထည်နဲ့ လက်ကိုင်ပဝါ ၁ ထည်ကို ကိုယ်နဲ့မကွာ ဆောင်ထားလေ့ရှိကြတယ်။ ဒီမစ္စတာဒေးဗစ်က လက်ကိုင်ပဝါ အထည် သန်း နဲ့ ခေါက်ပဝါ အထည် ၁သိန်း ကို မှာယူဖို့ ပြင်ဆင်နေတယ်။ ဒါပေမဲ့ ကန့်သတ်ချက်တစ်ခုကတော့ မင်းတို့က ခေါက်ပဝါရဲ့ အစအရည်အသွေးကို မြှင့်တင်ပေးရမယ်တဲ့"
"ဘယ်လောက်" ဟု အလန့်တကြား အော်မေးလိုက်သော လီရှင်းမေကို မဆိုထားနှင့်၊ အမြဲတမ်း အေးဆေးတည်ငြိမ်စွာ နေတတ်သော ရှန်မော့အာပင်လျှင် မနေနိုင်ဘဲ ထပ်မံအတည်ပြုမေးမြန်းလိုက်မိသည်။ "လက်ကိုင်ပဝါ ၁သန်း နဲ့ ခေါက်ပဝါ ၁သိန်း လား"
ဘာသာပြန်က ခေါင်းညိတ်ပြလိုက်ပြီး နောက်မှ ထပ်မေးလိုက်သည်။ "ဒါနဲ့ မင်းတို့ရဲ့ လက်ကိုင်ပဝါက ဘယ်လိုရောင်းတာလဲ"
ထိုအချိန်မှသာ သူသည် မစ္စတာဒေးဗစ်က စျေးနှုန်းကို လုံးဝ မမေးရသေးကြောင်းကို သတိရသွားခဲ့ခြင်းပင်။
ဘယ်လောက်တောင် သဘောကျနေလို့လဲ။ စျေးနှုန်းကိုပင် မမေးဘဲ အထည်ပေါင်း ၁ သန်းကျော် ဝယ်ယူမည်ဟု ပြောဆိုနေသည် မဟုတ်ပါလား။
ရှန်မော့အာက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ "လက်ကိုင်ပဝါ ၁ ထည်ကို ၄ ဒေါ်လာပါ။ ခေါက်ပဝါကို အရည်အသွေးကောင်းတဲ့ ပိုးသားအစနဲ့ လုပ်ရမယ်ဆိုရင်တော့ ၁ ထည်ကို ၁၂ ဒေါ်လာပါ"
အစစျေးနှုန်းများကို ရှန်မော့အာသည် အကြမ်းဖျင်းအားဖြင့် သိရှိထားသည်။ ထို့အပြင် ဟွာကော်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကိုလည်း သူမ သိထား၏။ ယခုလက်ရှိတွင် ၂.၂၄ယွမ်ခန့်လျှင် ၁ ဒေါ်လာနှင့် ညီမျှသည်။
လက်ကိုင်ပဝါအတွက် သတ်မှတ်စျေးနှုန်းကို သူမသည် အစကတည်းက စဉ်းစားထားပြီးဖြစ်သည်။ ခေါက်ပဝါအတွက် သတ်မှတ်စျေးနှုန်းကိုတော့ ယခုလေးတင်မှ ဆုံးဖြတ်လိုက်ခြင်းပင်။
တဖက်လူက အစအရည်အသွေး ပိုကောင်းရန် တောင်းဆိုထားသဖြင့် ကုန်ကျစရိတ်သည်လည်း မြင့်တက်သွားမည်မှာ သေချာသည်။ ထို့အပြင် အနောက်တိုင်းဝတ်စုံနှင့် တွဲဖက်ဝတ်ဆင်ရသော ဤခေါက်ပဝါမျိုးသည် အဆင့်အတန်းကို ဖော်ပြနေကြောင်း သိသာထင်ရှားလှ၏။ ဒေးဗစ်သည် ၎င်းတို့ကို ဝယ်ယူပြီးနောက် သူတို့နိုင်ငံသို့ သယ်ဆောင်သွားကာ စျေးတင်၍ ရောင်းချမည်မှာ သေချာသည်။ ရှန်မော့အာ ကိုယ်တိုင်ကလည်း တစ်ချိန်က တော်ဝင်ဆွေမျိုး အထက်တန်းလွှာအသိုင်းအဝိုင်းမှ ဆင်းသက်လာသူဖြစ်သည်။ ထို့ကြောင့် မည်သည့်ခေတ်၊ မည်သည့်နိုင်ငံတွင်မဆို ငွေကြေးပေါများ၍ ပိုက်ဆံမရှားသောသူများ အမြဲတမ်းရှိနေတတ်ကြောင်းကို သူမ အလိုအလျောက် သိနားလည်ထားသည်။
သူမသည် စျေးနှုန်းကို အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။ တကယ်တမ်းဆိုရလျှင် ဤစျေးနှုန်းသည် အလွန်သက်သာနေပြီဟုပင် သူမ ခံစားနေရ၏။
သို့သော် ဘာသာပြန်သည် ချက်ချင်းဆိုသလို ကြက်သေသေသွားခဲ့သည်။ နိုင်ငံခြားသားများက ပြည်တွင်းရှိ ကုန်စျေးနှုန်းများကို သေချာမသိကြသော်လည်း သူက ပြည်တွင်းကုန်စျေးနှုန်းများကို မသိဘဲ နေပါမည်လား။ ပြည်တွင်း၌ သာမန်လက်ကိုင်ပဝါ ၁ ထည်လျှင် ၃ မောင်၊ ၅ မောင်ခန့်သာ ရှိသည်။ ဤအရာကို လက်ဖြင့် ပန်းထိုးထားသည်ဆိုလျှင်တောင် ၁ ယွမ်ဆိုသည်မှာ အများဆုံး ဖြစ်လောက်ပြီ။ သို့သော် နန်ပြည်နယ် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံက ၄ ဒေါ်လာဖြင့် ရောင်းချမည်တဲ့လား။ ၎င်းကို ဟွာကော်ငွေဖြင့် တွက်ကြည့်လျှင် ၈ ယွမ်၊ ၉ ယွမ်ခန့်ပင် ကျသင့်နေပြီ မဟုတ်ပါလား။
၈ ယွမ်၊ ၉ ယွမ်ဆိုသည်မှာ သာမန်အလုပ်သမားတစ်ယောက်၏ တစ်လစာဝင်ငွေ၏ ၃ ပုံ ၁ ပုံခန့်ပင် ရှိသည်။ ဤမျှသေးငယ်သော လက်ကိုင်ပဝါလေး ၁ ထည်အတွက် ထိုမျှလောက် ငွေကြေးကို အသုံးပြု၍ ဝယ်ယူကြမည်တဲ့လား။
၁၂ ဒေါ်လာတန် ခေါက်ပဝါကိုတော့ ပြောနေစရာတောင် မလိုတော့ဘူး။ အဲဒီပမာဏက သာမန်အလုပ်သမားတစ်ယောက်ရဲ့ တစ်လစာလစာနီးပါးနဲ့ ညီမျှနေပြီပဲ။ ဒီအရာလေးက ဒီလောက်တောင် တန်ကြေးရှိနေရတာ ဘယ်လိုအကြောင်းပြချက်ကြောင့်လဲ။
ဘာသာပြန်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ရဲဘော်၊ စျေးနှုန်းသတ်မှတ်တာက အရမ်းမြင့်နေတယ်။ တကယ်လို့ တဖက်လူက မသင့်တော်ဘူးလို့ ထင်သွားရင် စီးပွားရေးအလုပ်အကိုင် ဖြစ်မြောက်တော့မှာ မဟုတ်ဘူးနော်"
သူသည် စေတနာဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ ယခုအချိန်သည် စောနေသေးပြီး မည်သည့်ပြခန်းတွင်မျှ အဖွင့်ရောင်းချရခြင်း မရှိသေးချေ။ မည်မျှပင်ဖြစ်စေ ပထမဆုံး အော်ဒါတစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့လျှင် ၎င်းသည် အလွန်ကြီးမားသော အောင်မြင်မှုတစ်ရပ် ဖြစ်လာမည်မှာ အသေအချာပင်။
ဟွာကော်နိုင်ငံက သွင်းကုန်ထုတ်ကုန် ကုန်စည်ပြပွဲကို ကျင်းပရသည့် အဓိကရည်ရွယ်ချက်မှာ နိုင်ငံခြားငွေ ရှာဖွေရန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် အမြတ်ရရန် မဆိုထားနှင့်၊ အနည်းငယ် အရှုံးပေါ်နေလျှင်တောင်မှ တဖက်လူက အမေရိကန်ဒေါ်လာဖြင့် ပေးချေမည်ဆိုပါက ပူးပေါင်းဆောင်ရွက်မှု ဖြစ်မြောက်လာစေရန် အစွမ်းကုန် ကြိုးပမ်းကြလိမ့်မည်။
အထည်ပေါင်း ၁၁သိန်း ရှိသော အော်ဒါသည် ၁ ထည်လျှင် ၁ ဒေါ်လာနှုန်းဖြင့် တွက်လျှင်ပင် ဒေါ်လာ ၁ သန်းကျော် ရှိနေလေပြီ။ ၎င်းသည် အမှန်တကယ်ပင် နည်းပါးလှသော ပမာဏမဟုတ်ပေ။
ရှန်မော့အာသည် ဘာသာပြန်က စေတနာဖြင့် ပြောနေကြောင်းကို သိရှိသဖြင့် ပြုံးကာ ပြန်ပြောလိုက်၏။ "ရဲဘော်၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ပစ္စည်းက အဆင့်မြင့်ပန်းထိုးသမားတွေက အပ်တစ်ချောင်း၊ ချည်တစ်မျှင်နဲ့ သီးသန့် လက်ရာစစ်စစ် ချုပ်လုပ်ထားတာပါ။ ကျွန်မတို့ ရောင်းချနေတာက အစကို မဟုတ်ဘူး၊ နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာတဲ့ ကျွန်မတို့ရဲ့ လက်မှုပညာကို ရောင်းချနေတာပါ။ ဒီစျေးနှုန်းက မမြင့်ပါဘူး။ ရှင် ဒီစကားတွေကို မစ္စတာဒေးဗစ် နားလည်အောင် ဘာသာပြန်ပြောပြလိုက်ပါ။ ကျွန်မတို့ရဲ့ ပန်းထိုးဒီဇိုင်းနဲ့ အပ်ချုပ်ပုံတွေက သာမန်ပန်းထိုးလက်ရာတွေ မဟုတ်ဘူး၊ နိုင်ငံမတည်ထောင်ခင်ကဆိုရင် တော်ဝင်ဆွေမျိုး အထက်တန်းလွှာတွေမှပဲ အသုံးပြုခွင့်ရှိတဲ့အရာတွေလို့ သူ့ကို ပြောလိုက်ပါ။ သူ နားလည်ပေးနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်"
ဘာသာပြန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ မင်းတို့ရဲ့ ပန်းထိုးလက်ရာတွေက တခြားသူတွေထက် ပိုပြီး သေသပ်လှပနေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ မင်း အခုလို ချဲ့ကားပြောဆိုနေတာကတော့ နည်းနည်းလွန်လွန်းနေပြီ။ ဟိုက နိုင်ငံခြားသားတွေဆိုပေမယ့်လည်း တုံးအနေတဲ့သူတွေမှ မဟုတ်တာ။
သို့သော် ရှန်မော့အာ၏ အေးဆေးတည်ငြိမ်နေသော မျက်ဝန်းများကို ကြည့်ကာ ဘာသာပြန်သည် ခေါင်းလှည့်၍ ဒေးဗစ်နှင့် စတင်စကားပြောဆိုလိုက်သည်။
လီရှင်းမေသည် အမေရိကန်ဒေါ်လာ၏ ငွေလဲနှုန်းကို သေချာမသိသော်လည်း ဟွာကော်ငွေဖြင့် တွက်မည်ဆိုလျှင်ပင် လက်ကိုင်ပဝါ ၁ ထည်ကို ၄ ယွမ်ဆိုသည်မှာ မိုးပျံနေသော စျေးနှုန်းတစ်ခု ဖြစ်နေလေပြီ။ သို့သော် ၎င်းသည် ရှန်မော့အာ ဆုံးဖြတ်ထားသော ကိစ္စဖြစ်သဖြင့် သူမ ဘာမှ ဝင်ရောက်ပြောဆိုမည် မဟုတ်ပေ။ လျိုယင်းရွှမ်းကို တိတ်တဆိတ် ဆွဲကာ တီးတိုးရေရွတ်လိုက်သည်။ "လက်ကိုင်ပဝါ ၁ ထည်ကို ၄ ယွမ်ဆိုတာ အရမ်းများမနေဘူးလား။ ပြီးတော့ ဟို ခေါက်ပဝါဆိုတာကရော၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အစအရည်အသွေး နည်းနည်းပိုကောင်းတဲ့ လက်ကိုင်ပဝါပဲ မဟုတ်ဘူးလား။ အဲဒါက ၁၂ ယွမ်တောင် ပေးရမှာလား"
လျိုယင်းရွှမ်းသည်လည်း ရှန်မော့အာ၏ သတ္တိကို ကြီးမားလှသည်ဟု တွေးမိသည်။ သူမက ပြန်ဖြေလိုက်သည်။ "ဒေါ်လာနဲ့ပါ။ ဟွာကော်ငွေနဲ့ ပြန်တွက်မယ်ဆိုရင် လက်ကိုင်ပဝါက ၈ ယွမ်၊ ၉ ယွမ်၊ ခေါက်ပဝါက ၂၆၊ ၂၇ ယွမ်လောက် ရှိတယ်"
လီရှင်းမေသည် အံ့သြတကြီးဖြင့် လေကို ပြင်းပြင်းရှူသွင်းလိုက်မိပြီး "နိုင်ငံခြားသားတွေက ဒီလောက်အလိမ်ခံပြီး ဝယ်ပါ့မလား"
လျိုယင်းရွှမ်း၏ စိတ်ထဲတွင်လည်း သေချာမှု မရှိလှချေ။ "သူတို့နိုင်ငံက လူတွေက ပိုက်ဆံရှိကြတယ်လေ။ ဝယ်ချင်လည်း ဝယ်မှာပေါ့"
ကျင်းချိုင်ဖေးက မနေနိုင်ဘဲ ရှန်မော့အာကို သတိပေးလိုက်သည်။ "အရင်နှစ်တွေတုန်းကလည်း ကျွန်တော်တို့ ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံက လက်ကိုင်ပဝါတွေ ရောင်းခဲ့ဖူးတယ်။ အများဆုံးမှ ၁ ထည်ကို ၃ ဒေါ်လာနဲ့ပဲ ရောင်းထွက်ခဲ့တာ။ မင်း သတ်မှတ်လိုက်တဲ့ စျေးနှုန်းက နည်းနည်းမြင့်နေတယ်။ ကျွန်တော်တို့ ဒီမလာခင်တုန်းက တိုင်ပင်ထားတဲ့ သတ်မှတ်စျေးနှုန်းက ၂ ဒေါ်လာခွဲကနေ ၂ ဒေါ်လာ ၈ဆင့် ဝန်းကျင်လောက်ပဲလေ။ မင်း အခုလို ရုတ်တရက်ကြီး အများကြီး စျေးတင်လိုက်တော့ တကယ်လို့များ အရောင်းအဝယ် မဖြစ်ခဲ့ရင် စက်ရုံက ကျွန်တော့တို့ကို သေချာပေါက် ဝေဖန်အပြစ်တင်လိမ့်မယ်"
မူလက သူတို့သည် အကြမ်းဖျင်း သတ်မှတ်စျေးနှုန်းများကို တိုင်ပင်ထားခဲ့ကြသည်။ သို့သော် ထိုအချိန်က ရှန်မော့အာသည် ကွမ်ကျိုးမြို့သို့ မရောက်ရှိသေးသလို၊ နိုင်ငံခြားသားများကိုလည်း မမြင်ဖူးခဲ့ချေ။ နိုင်ငံခြားအခြေအနေများကိုလည်း သေချာနားမလည်ခဲ့ပေ။
သို့သော် မနေ့က သူတို့ အပြင်ထွက်ပြီး ရုပ်ရှင်ကြည့်ခဲ့ကြသည်။ တခြားသူများက ဇာတ်လမ်းသွားကိုသာ အာရုံစိုက်ကြည့်ရှုနေကြသော်လည်း ရှန်မော့အာကတော့ ရုပ်ရှင်ထဲရှိ ဝတ်စားဆင်ယင်မှုများ၊ အစားအသောက်များ၊ သယ်ယူပို့ဆောင်ရေးနှင့် အဆောက်အအုံများကို အချိန်ပြည့် စူးစမ်းလေ့လာနေခဲ့သည်။ ရုပ်ရှင်စာတန်းထိုးများတွင် အာရေဗျဂဏန်းများ ပါဝင်လာသဖြင့် ထိုနိုင်ငံများ၏ သုံးစွဲနိုင်စွမ်းအဆင့်အတန်းကိုပင် သူမ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
နောက်ပိုင်းတွင် သူမသည် အနီးအနားရှိ သတင်းစာစင်မှ ရဲဘော်များနှင့် ဧည့်ရိပ်သာမှ ဝန်ထမ်းရဲဘော်များထံမှ အခြေအနေများကို စုံစမ်းမေးမြန်းခဲ့သေးသည်။ ထိုနိုင်ငံခြားကုန်သည်များသည် အလွန်လက်ဖွာကြကြောင်းကို သူမ သိရှိခဲ့ရသည်။ အနောက်တိုင်းစားသောက်ဆိုင်တွင် ထမင်းတစ်နပ်စားလျှင် ၃ ဒေါ်လာမှ ၅ ဒေါ်လာခန့် ကုန်ကျသော်လည်း သူတို့က အလွန်စျေးပေါသည်ဟု ထင်မြင်နေကြပုံရသည်။ တစ်ခါတစ်ရံတွင် ဝန်ထမ်းများကို "ဘောက်ဆူး" ဆိုသောအရာကိုပင် ပေးကမ်းတတ်ကြသေးသည်။
ရှန်မော့အာ၏ အမြင်တွင် ထိုသူများသည် ဟွာကော်နိုင်ငံသို့ စီးပွားရေးလုပ်ရန် လာရောက်ကြသူများ ဖြစ်သည်။ စီးပွားရေးသမားဟူသည်မှာ အစဉ်အဆက် အသေးအဖွဲကိစ္စလေးများမှအစ တွက်ကပ်တတ်ကြသည်။ သူတို့ လက်ဖွာကြသည်ဆိုခြင်းမှာ ပစ္စည်းများက အလွန်စျေးပေါလွန်းနေသည်ဟု သူတို့ တွေးထင်ထားသောကြောင့် ဖြစ်နိုင်ခြေများသည်။ အလွန်စျေးပေါနေသဖြင့် သူတို့က တွက်ကပ်ရန်ပင် ပျင်းရိနေကြခြင်း ဖြစ်လောက်သည်။
ဘောက်ဆူးဆိုသောအရာနှင့် ပတ်သက်လို့တော့ ရှန်မော့အာက ပိုလို့ပင် ရင်းနှီးကျွမ်းဝင်နေသေးသည်။ သူမ မင်းသမီးအဖြစ် ရှိနေစဉ်က လက်အောက်ငယ်သားများ အလုပ်ကြိုးစားကြလျှင် သူမကလည်း အခါအားလျော်စွာ ဆုကြေးငွေများ ပေးသနားလေ့ရှိသည်။ ဤဘောက်ဆူးဆိုသောအရာသည် ဆုကြေးငွေပေးသနားခြင်းနှင့် အတူတူလောက်ပင် ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။
လက်ရှိခေတ်ကာလတွင် ဟွာကော်လူမျိုး အများစုမှာ ရိုးသားဖြူစင်ကြသည်။ အရောင်းအဝယ်လုပ်ရာတွင် ရိုးသားမှုကို အလေးထားရမည်ဟု ခံယူထားကြသည်။ ကုန်ကျစရိတ်အပေါ်တွင် အမြတ်အနည်းငယ် ပေါင်းထည့်ရုံဖြင့် ရောင်းချနိုင်ပြီဟု တွေးထင်ထားကြသည်။ ထို့အပြင် အားလုံးမှာ "အလုပ်သမားလူတန်းစားများ" ဖြစ်ကြသဖြင့် အသေအချာ တွက်ချက်ကာ ချွေတာသော ဘဝနေထိုင်မှုပုံစံဖြင့် ကျင့်သားရနေကြသည်။ ထို့ကြောင့် တန်ဖိုးကြီးမားပြီး အသုံးမဝင်သောအရာများကို ငွေအများကြီးပေးကာ ဝယ်ယူမည့်သူ ရှိမည်မဟုတ်ဟု အမြဲတမ်း တွေးထင်နေတတ်ကြသည်။
သို့သော် ရှန်မော့အာကတော့ ထိုသို့မဟုတ်ချေ။ သူမသည် ဟွာကော်နိုင်ငံတွင် ၁ နှစ်ကျော်လောက် နေထိုင်ခဲ့ပြီးဖြစ်သော်လည်း တကယ်တမ်းတွင် သူမ၏ အရိုးထဲအထိ စိမ့်ဝင်နေသည်မှာ စည်းစိမ်ချမ်းသာများကို ခံစားစံစားလေ့ရှိသည့် မင်းသမီးတစ်ပါး၏ စရိုက်လက္ခဏာများသာ ဖြစ်သည်။
ငွေကြေးချမ်းသာသူများသည် ခေါက်ပဝါ ၁ ထည်ကို ၁၂ ဒေါ်လာ ပေးရမည်လား၊ သို့မဟုတ် ၁၂၀ ဒေါ်လာ ပေးရမည်လား ဆိုသည်ကို ဂရုစိုက်မည်မဟုတ်ကြောင်း ယခုအချိန်ရှိ မည်သည့်ဟွာကော်လူမျိုးထက်မဆို သူမက ပိုပြီး ကောင်းကောင်းသိနားလည်သည်။ သူတို့ သဘောကျသရွေ့၊ သူတို့ စိတ်ကျေနပ်မှုရရှိသရွေ့ ငွေပေးချေရန် ဝန်လေးကြမည် မဟုတ်ပေ။
မစ္စတာဒေးဗစ်သည်လည်း ဤအချက်ကို နားလည်သဘောပေါက်သူ ဖြစ်မှာ သေချာသည်။
ထို့ကြောင့် ဘာသာပြန်က စိုးရိမ်တကြီးဖြင့် သူ့ကို စျေးနှုန်းပြောပြလိုက်သောအခါ သူသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရုံသာရှိပြီး စျေးနှုန်းနှင့်ပတ်သက်၍ အငြင်းပွားခြင်း မရှိခဲ့ချေ။ ထိုအစား ပြန်လည်မေးမြန်းလိုက်သည်။ "အဆင့်မြင့်ပန်းထိုးသမားတွေ၊ သာမန်ပန်းထိုးလက်ရာတွေ မဟုတ်ဘူး။ တော်ဝင်ဆွေမျိုး အထက်တန်းလွှာတွေမှပဲ အသုံးပြုခွင့်ရှိတာ ဟုတ်လား"
ဘာသာပြန်: အို...။
သူသည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို အစောကတည်းက ပြုလုပ်ထားပြီးဖြစ်သည်။ တကယ်လို့ ဒေးဗစ်က ကုန်ပစ္စည်းစျေးနှုန်းများ အလွန်မြင့်မားလွန်းသည်ဟု ပြောဆိုလာပါက သူသည် ကြိုတင်စဉ်းစားထားသော စကားပြောဆိုမှု နည်းဗျူဟာများကို အသုံးပြုကာ နန်ပြည်နယ် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းရန် တဖက်လူကို ဖျောင်းဖျမည်ဖြစ်သည်။ ဒေးဗစ်ကို ဤအတိုင်း အလွယ်တကူ ထွက်သွားခွင့် ပြုမည်မဟုတ်ချေ။
သို့သော် ရလဒ်အနေဖြင့် တဖက်လူက ထွက်သွားမည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ချေ။ စျေးနှုန်းနှင့်ပတ်သက်ပြီး ကန့်ကွက်မှုပင် မပြုလုပ်ခဲ့ပေ။
ဘာသာပြန်သည် အနည်းငယ် မှင်သက်သွားပြီးနောက် သတိပြန်ဝင်လာကာ အလျင်အမြန် ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်။ အရမ်းကို ကျွမ်းကျင်တဲ့ ပန်းထိုးသမားတွေက လက်နဲ့ သီးသန့်ချုပ်လုပ်ထားတာပါ။ တခြားပန်းထိုးလက်ရာတွေထက် အများကြီး ပိုပြီး သေသပ်လှပပါတယ်။ ဒီဇိုင်းပုံစံတွေကလည်း အများကြီး ပိုပြီး ခမ်းနားတင့်တယ်ပါတယ်"
လှသည် မလှသည်ကိုတော့ မည်သို့ပင်ဖြစ်စေ သူလည်း သေချာမကြည့်တတ်ချေ။ သို့သော် ကတ္တီပါအမည်းစပေါ်တွင် တင်ထားသောအခါ အမှန်တကယ်ပင် ခမ်းနားတင့်တယ်နေကြောင်းကိုတော့ သူ သိမြင်နေရသည်။
ဒေးဗစ်က ခေါင်းညိတ်ပြလိုက်ပြီး ရှန်မော့အာကို ကြည့်ကာ မေးလိုက်သည်။ "စျေးနှုန်းကို နည်းနည်းလောက် ထပ်လျှော့ပေးလို့ ရမလား။ နည်းနည်းလောက် လျှော့ပေးပါလား" ဟု
ဘာသာပြန်သည် နောက်ဆုံးတွင် သူကြားချင်နေသောစကားကို ကြားလိုက်ရသဖြင့် ခေါင်းကို ချက်ချင်းလှည့်ကာ ဤစကားကို ရှန်မော့အာနားလည်အောင် ဘာသာပြန်ပေးလိုက်သည်။ သူ့ကို စိတ်ပျက်အားငယ်လုနီးပါး ဖြစ်သွားစေသည်မှာ ရှန်မော့အာသည် စဉ်းစားခြင်းပင်မရှိဘဲ ခေါင်းရမ်းပြလိုက်ခြင်းပင်။
ရှန်မော့အာသည် ပြခန်းစားပွဲအောက်ရှိ ခရီးဆောင်အိတ်ထဲမှ သေတ္တာ ၂ လုံးကို ထုတ်ယူလိုက်သည်။ တစ်လုံးမှာ ကတ်ထူပြားဖြင့် ပြုလုပ်ထားသော သေတ္တာဖြစ်ပြီး အညိုရောင်ကတ်ထူပြားပေါ်တွင် ရေဆေးမှင်ဖြင့် တောင်တန်းရေပြင်ပန်းချီကားကို ရေးဆွဲထားသည်။ နောက်တစ်လုံးမှာ အလွန်သေသပ်လှပသော ကြိမ်ဖြင့် ရက်လုပ်ထားသည့် သေတ္တာဖြစ်ပြီး ၎င်းအပေါ်တွင်လည်း မည်သည့်ဆေးရောင်များကို အသုံးပြုထားမှန်းမသိရဘဲ တူညီသော ရေဆေးမှင်တောင်တန်းရေပြင်ပန်းချီကားကို ရေးဆွဲထားလေသည်။
သူမသည် သေတ္တာ ၂ လုံးကို ကိုင်ထားရင်း ပြောလိုက်သည်။ "စျေးနှုန်းကတော့ လျှော့ပေးလို့ မရပါဘူး။ မစ္စတာဒေးဗစ်က ကျွန်မတို့ကို စျေးနှုန်းစပြီး မေးမြန်းတဲ့ ပထမဆုံးလူပါ။ ကျွန်မတို့က စျေးဆစ်တဲ့ အလေ့အထ မရှိပါဘူး။ ဒီစျေးက အနိမ့်ဆုံးစျေးပါပဲ။ ဒါပေမဲ့ ကျွန်မတို့က လက်ကိုင်ပဝါ ၁ ထည်တိုင်းအတွက် ဒီလိုကတ်ထူဘူး ၁ လုံးကို လက်ဆောင်အဖြစ် ထည့်ပေးသွားမှာပါ"
သူမသည် ကတ်ထူဘူးကို အရှေ့သို့ အနည်းငယ် လှမ်းပေးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ "ဒါမှမဟုတ်ရင်လည်း ကျွန်မတို့က မစ္စတာဒေးဗစ်ကို သက်ကြီးလက်မှုပညာရှင်တွေ သေချာဂရုတစိုက် ရက်လုပ်ထားတဲ့ ထုပ်ပိုးလို့ရတဲ့ ကြိမ်သေတ္တာတွေကို အထူးလျော့စျေး ၂ ဒေါ်လာနဲ့ ထပ်ပြီး ရောင်းချပေးပါမယ်။ ဒီလို တွဲဖက်သုံးလိုက်ရင် လက်ကိုင်ပဝါနဲ့ ခေါက်ပဝါတွေက ပိုပြီး အဆင့်အတန်းမြင့်သွားမှာပါ"
ဘာသာပြန်: "........."
ဟိုက မင်းကို စျေးဆစ်နေတာလေ။ မင်းက စျေးမလျှော့ပေးတဲ့အပြင် သူ့ကို ထုပ်ပိုးပစ္စည်းတွေတောင် အသုတ်လိုက် ထပ်ရောင်းစားချင်နေသေးတယ်ပေါ့။
အဲဒီကတ်ထူဘူးတွေကို လက်ဆောင်ပေးတာကိုတော့ မပြောနဲ့တော့။ ဒီလောက်သေးငယ်တဲ့ ကတ်ထူဘူးလေးက ဘယ်လောက်တောင် တန်ကြေးရှိနေမှာလဲ။ လက်ကိုင်ပဝါနဲ့ ခေါက်ပဝါက ဒီလောက် စျေးကြီးနေတယ်ဆိုမှတော့ ကတ်ထူဘူးလေး လက်ဆောင်ပေးရမှာက သင့်လျော်တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ ဒီကြိမ်သေတ္တာကတော့ သေသပ်လှပတယ်လို့ ပြောရမယ်ဆိုရင် တကယ်ကို အရမ်းသေသပ်လှပပါတယ်။ ဒါပေမဲ့ ဒီအရာလေးက ၂ ဒေါ်လာ တန်ကြေးရှိလို့လား
ဘာသာပြန်သည် ချွေးများပင် ပြန်လာခဲ့သည်။ ဒေးဗစ်ကို မည်သို့ ရှင်းပြရမည်ကို စဉ်းစားနေစဉ်မှာပင် ဒေးဗစ်သည် မျက်လုံးများ အရောင်လက်သွားကာ ကတ်ထူဘူးနှင့် ကြိမ်သေတ္တာကို ချက်ချင်းပင် လှမ်းယူလိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ဘာသာပြန်သည် မတတ်သာသည့်အဆုံး ဒေးဗစ်ကို အလျင်အမြန် ရှင်းပြလိုက်ရသည်။ ထို့နောက် သူထင်ထားသလို ဒေးဗစ် ဒေါသတကြီး ပေါက်ကွဲသွားမည့် မြင်ကွင်းမျိုး လုံးဝ ပေါ်ထွက်မလာခဲ့ချေ။ ထိုအစား ဒေးဗစ်သည် ကြိမ်သေတ္တာကို ကိုင်ထားရင်း လက်မှပင် အချမခံနိုင်အောင် အလွန်သဘောကျနေခဲ့သည်။ အလွန်လှပလွန်းကြောင်း ဆက်တိုက်ချီးကျူးနေပြီး နောက်ဆုံးတွင်တော့ ကြီးမားသော လက်ကိုဝှေ့ယမ်းကာ အော်ဒါတင်ရန်ပင် ဆုံးဖြတ်လိုက်တော့သည်။
ဘာသာပြန်: "???"
သူ လုံးဝကို ဇဝေဇဝါ ဖြစ်သွားရသည်။
ဤနိုင်ငံခြားသားများသည် မာနလည်းကြီးသလို ပါးနပ်လည်ဝယ်ကြသည် မဟုတ်ပါလား။ ပြီးခဲ့သည့်နှစ်က သူ စက်ပစ္စည်းပြခန်းတွင် ဘာသာပြန်အဖြစ် တာဝန်ယူခဲ့စဉ်က နိုင်ငံခြားသား အတော်များများမှာ ဟွာကော်၏ စက်ပစ္စည်းထုတ်ကုန်များကို အလွန်အမင်း ရွံရှာစက်ဆုပ်နေခဲ့ကြသည်။ နောက်ဆုံးတွင် ဆွေးနွေးညှိနှိုင်းရရှိလာသော စျေးနှုန်းများမှာလည်း အမြတ်အစွန်း လုံးဝမကျန်သလောက်ပင် ဖြစ်သည်ဟု ဆိုကြသည်။
ဒီဒေးဗစ်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကွဲပြားခြားနားနေရတာလဲ။
ဘာသာပြန်သည် တဒင်္ဂ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် သူသည် ကွမ်ကျိုးကုန်စည်ပြပွဲ အကြိမ်ပေါင်းများစွာတွင် ဝန်ဆောင်မှုပေးခဲ့ဖူးသော ကျွမ်းကျင်လုပ်သားတစ်ဦး ဖြစ်သည် မဟုတ်ပါလား။ မကြာမီမှာပင် တည်ငြိမ်သွားကာ ရှန်မော့အာနှင့် ဒေးဗစ်တို့ကို ခေါ်ဆောင်၍ ပြခန်းအဆောက်အအုံတွင် အထူးပြင်ဆင်ထားသော ဆွေးနွေးညှိနှိုင်းရေးအခန်းသို့ သွားရောက်ခဲ့သည်။
ထိုနေရာတွင် ပိုမိုကျွမ်းကျင်သော စီးပွားရေးဝန်ထမ်းများ ရှိနေကြသည်။ သူတို့သည် ရှန်မော့အာတို့ကို စာချုပ်အသေးစိတ် အချက်အလက်များကို ဆွေးနွေးညှိနှိုင်းရန် ကူညီပေးကြလိမ့်မည်။ ထို့အပြင် စာချုပ်လက်မှတ်ရေးထိုးခြင်း၊ အရောင်းအဝယ်အတွက် စရန်ငွေပေးချေခြင်း စသည့် ဆက်စပ်ကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးလိမ့်မည်။
ထိုအချိန်အတွင်း နန်ပြည်နယ် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံ၏ ဦးဆောင်ခေါင်းဆောင်ဖြစ်သူ ကျိန့်ဟွေရူကိုပါ ဆွေးနွေးညှိနှိုင်းရေးအခန်းသို့ ခေါ်ယူကာ လက်မှတ်ရေးထိုးစေခဲ့သည်။ စာချုပ်ပေါ်ရှိ အရောင်းအဝယ် ငွေပမာဏကို မြင်လိုက်ရသောအခါ အမြဲတမ်းလိုလို ဝမ်းသာဝမ်းနည်း ခံစားချက်များကို မျက်နှာပေါ်တွင် မဖော်ပြတတ်သော ကျိန့်ဟွေရူပင်လျှင် မနေနိုင်ဘဲ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ရသည်။ သို့သော် သူသည် ဘာတစ်ခုမှ မဖော်ပြခဲ့ဘဲ အေးဆေးတည်ငြိမ်စွာဖြင့် လက်မှတ်ရေးထိုးကာ တံဆိပ်တုံးထုလိုက်သည်။ ထို့နောက် နိုင်ငံတကာမိတ်ဆွေဖြစ်သူ ဒေးဗစ်နှင့် ရင်းနှီးဖော်ရွေစွာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။
နန်ပြည်နယ် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံသည် အမှန်တကယ်ပင် နာမည်ကြီးလှသည်။ အရင်နှစ်များက ကွမ်ကျိုးကုန်စည်ပြပွဲတွင်လည်း မဆိုးလှသော အောင်မြင်မှုများကို ရရှိခဲ့ဖူးသည်။ သို့သော် ယခုအကြိမ်တွင်တော့ နန်ပြည်နယ် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံအတွက် ကွမ်ကျိုးကုန်စည်ပြပွဲ၏ ပထမဆုံးသော အဖွင့်အောင်ပွဲကို ရရှိခဲ့လေသည်။
အချိန်က စောနေသေးပြီး မည်သူမျှ အဖွင့်ရောင်းချရခြင်း မရှိသေးသော်လည်း သူတို့သည် ပထမဆုံး ဖြစ်ခဲ့သည်။
တကယ်တမ်းဆိုရလျှင် ဤအရာမှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။ ကွမ်ကျိုးကုန်စည်ပြပွဲသို့ လာရောက်ကြသော နိုင်ငံခြားကုန်သည်များမှာ အတွေ့အကြုံ အလွန်ကြွယ်ဝသူများ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ပထမနေ့ နံနက်ပိုင်းတွင် အော်ဒါလက်မှတ်ရေးထိုးသူ အလွန်နည်းပါးလေ့ရှိသည်။ ပုံမှန်ဆိုလျှင် ဆုံးဖြတ်ချက်မချမီ ဆိုင် ၃ ဆိုင်ခန့်ကို နှိုင်းယှဉ်ကြည့်ရမည် မဟုတ်ပါလား။
ကျိန့်ဟွေရူသည် မလာရောက်မီက ဤပထမဆုံးသော အောင်ပွဲခရာကို သူတို့ နန်ပြည်နယ် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံက မှုတ်ခွင့်ရလိမ့်မည်ဟု လုံးဝ တွေးမထားခဲ့ချေ။
အဓိကအချက်မှာ ၎င်းသည် ၁ သောင်း ၂ သောင်းသာရှိသော အော်ဒါအသေးစားလေး မဟုတ်ဘဲ စုစုပေါင်း ဒေါ်လာ ၅ သန်းကျော်ရှိသော အော်ဒါကြီးတစ်ခု ဖြစ်နေခြင်းပင်။
တကယ်တမ်းဆိုရလျှင် ဤအော်ဒါတစ်ခုတည်းဖြင့်ပင် သူတို့ နန်ပြည်နယ် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံ၏ ယခုအကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲအတွက် ကုန်သွယ်ရေးတာဝန်များမှာ ပြီးစီးသလောက်နီးပါး ဖြစ်နေလေပြီ။
ပြီးခဲ့သည့်နှစ်က သူတို့ လက်မှတ်ရေးထိုးခဲ့သော အော်ဒါများမှာ ဒေါ်လာ ၄.၂ သန်း ဖြစ်သည်။ ယခုနှစ်တွင် ပြည်နယ်မှ သူတို့ကို ချမှတ်ပေးထားသော အမြင့်ဆုံးရည်မှန်းချက်မှာ ဒေါ်လာ ၆ သန်း ဖြစ်သည်။ အမြင့်ဆုံးရည်မှန်းချက်ဆိုသည်မှာ ပြည်နယ်ကလည်း သူတို့ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ဟု တွေးထင်ထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အနိမ့်ဆုံး ဖြည့်ဆည်းရမည့် ရည်မှန်းချက်တစ်ခုလည်း ရှိနေသေးပြီး ၎င်းမှာ ဒေါ်လာ ၅ သန်း ဖြစ်သည်။
အကယ်၍ အနိမ့်ဆုံး ဖြည့်ဆည်းရမည့် ရည်မှန်းချက်အတိုင်း တွက်ချက်မည်ဆိုလျှင် သူတို့သည် ထိုရည်မှန်းချက်ကိုပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ကျိန့်ဟွေရူ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အလွန်ရှုပ်ထွေးနေခဲ့သည်။ ဘယ်သူက ထင်ထားမှာလဲ။ လက်ကိုင်ပဝါနဲ့ ပိုးပဝါလေးတွေ ရောင်းချရုံနဲ့ ဒီလောက် ငွေတွေအများကြီး ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ကျွတ်... အဓိကကတော့ အရင်နှစ်တွေတုန်းက ဘယ်သူမှ ဈေးနှုန်းကို အမြင့်ကြီး မသတ်မှတ်ရဲခဲ့တာပဲ။
"ဒါနဲ့ စာချုပ်ထဲက ကြိမ်သေတ္တာ ၅၀,၀၀၀ ဆိုတာက ဘယ်လိုဖြစ်တာလဲ" ကျိန့်ဟွေရူက မေးလိုက်သည်။
သူတို့၏ ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံက ကြိမ်သေတ္တာများကိုမှ မထုတ်လုပ်သည်ပဲလေ။
ရှန်မော့အာက ရှင်းပြလိုက်သည်။ "အဲဒါက လက်ကိုင်ပဝါ ဒါမှမဟုတ် ခေါက်ပဝါတွေ ထည့်ဖို့ သေတ္တာပါ။ ဒီလိုလုပ်လိုက်ရင် ကျွန်မတို့ရဲ့ လက်ကိုင်ပဝါနဲ့ ခေါက်ပဝါတွေက ပိုပြီး အဆင့်အတန်းမြင့်သွားသလို ထင်ရစေတယ်။ ဒီကြိမ်သေတ္တာကို အချိန်တန်ရင် ကျွန်မတို့က ကျန်းပေခရိုင်က တပ်ဖွဲ့အသီးသီးကို ထုတ်လုပ်ပေးဖို့ အပ်နှံလို့ရပါတယ်"
ကျိန့်ဟွေရူက သူမကို တစ်ချက်ကြည့်လိုက်ပြီး စကားမပြောနိုင်တော့ဘဲ ခေါင်းညိတ်ပြလိုက်ကာ နောက်ထပ်မေးခွန်းတစ်ခုကို မေးလိုက်ပြန်သည်။ "အမှတ်(၉) အလုပ်ရုံ မှာ အခု အလုပ်သမား ဆယ်ဂဏန်းလောက်ပဲ ရှိတာမလား။ ဒီလောက်ကြီးတဲ့ အော်ဒါကို နိုင်ပါ့မလား"
ရှန်မော့အာက အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ "စာချုပ်ထဲမှာ ကုန်ပစ္စည်းကို အသုတ်လိုက် ခွဲပြီးပို့ဖို့ သဘောတူထားပါတယ်။ ကုန်ပစ္စည်းပို့ရမယ့်အချိန်ကိုလည်း အတော်လေး အချိန်ဆွဲထားပါတယ်။ ပြီးတော့ ပြန်ရောက်သွားရင်လည်း ကျွန်မတို့က တပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ဆွေးနွေးညှိနှိုင်းပြီး စက်ရုံအဆောက်အအုံကို တိုးချဲ့ကာ အလုပ်သမားတွေ ပိုပြီး ခေါ်ယူသွားမှာပါ"
သူမသည် ကျိန့်ဟွေရူကို တစ်ချက်ကြည့်လိုက်ပြီး "ဒါပေါ့။ စက်ရုံကလည်း ကျွန်မတို့ကို သေချာပေါက် ထောက်ခံအားပေးမယ်လို့ ယုံကြည်ပါတယ်။ ပင်မရုံးချုပ်ရဲ့ ထုတ်လုပ်နိုင်စွမ်းက အရမ်းကို အားကောင်းတာပဲလေ။ တခြားအော်ဒါတွေကို ကိုင်တွယ်ဖြေရှင်းနေရင်းနဲ့ တစ်ချိန်တည်းမှာပဲ ထုတ်လုပ်ရေးတာဝန်တချို့ကို ကူညီခွဲဝေပေးနိုင်လောက်မှာပါနော်"
ကျိန့်ဟွေရူ: "......"
ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံ ပင်မရုံးချုပ်မှာ ထုတ်လုပ်နိုင်စွမ်း ပိုလျှံနေတဲ့ ပြဿနာ ရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ မင်းလို လက်အောက်ခံ အလုပ်ရုံလေးတစ်ခုက ပင်မရုံးချုပ်အပေါ်ကို ဒီလို ဗြောင်ကျကျ အကြံအစည်လာထုတ်နေတာ သတ္တိနည်းနည်း လွန်လွန်းမနေဘူးလား။
တကယ်လို့ ပင်မရုံးချုပ်က ဒီကိစ္စကို တာဝန်ယူဖို့ သဘောမတူဘူးဆိုရင် ဘယ်လိုလုပ်မလဲ။
ကျိန့်ဟွေရူက စဉ်းစားနေရင်း မနေနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို တစ်ချက်ပြုံးလိုက်မိသည်။ သူသည် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံသို့ ဝင်ရောက်လာခဲ့သည်မှာ အချိန်သိပ်မကြာသေးသော်လည်း သိမြင်လာခဲ့သည်။ ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံ၏ နေ့ရက်များမှာ ဖြတ်သန်းရလွယ်ကူလှသည်တော့ မဟုတ်ပေ။ နာမည်ကြီးသော်လည်း ထုတ်ကုန်ဒီဇိုင်းများမှာ ခေတ်နောက်ကျနေပြီး စက်ရုံတွင်း၌လည်း အချင်းချင်း ပွတ်တိုက်မှုများ ဆိုးရွားလှသည်။ လုပ်ငန်းပမာဏမှာလည်း တကယ်တမ်းတွင် တစ်နှစ်ထက်တစ်နှစ် လျော့ကျလာနေလေသည်။
သို့မဟုတ်ပါက တခြားနည်းလမ်းတစ်ခုကို ရှာဖွေကာ ရှန်မော့အာထံမှနေ၍ ထိုးဖောက်အောင်မြင်ရန် ကြိုးပမ်းလိမ့်မည် မဟုတ်ချေ။
ယခုအကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲတွင် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံ ပင်မရုံးချုပ်၏ အော်ဒါပမာဏသည် အမှတ်(၉) အလုပ်ရုံ ကို မှီနိုင်မည်မဟုတ်ကြောင်းကိုပင် ကျိန့်ဟွေရူက ကြိုတင်ခံစားသိရှိနေမိသည်။ ထို့ကြောင့် နောက်ဆုံးတွင် ပင်မရုံးချုပ်က အမှတ်(၉) အလုပ်ရုံ ၏ ထုတ်လုပ်ရေးတာဝန်များကို ကူညီခွဲဝေပေးရမည်ဆိုခြင်းမှာ မည်သည့်အတွက်များ ထူးဆန်းနေပါမည်နည်း။
သူတို့နှစ်ယောက် လမ်းတစ်ဝက်သို့ ရောက်ရှိချိန်တွင် နန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့မှ တာဝန်ခံတစ်ဦး ရောက်လာပြီး ကျိန့်ဟွေရူကို ခေါ်ဆောင်သွားခဲ့သည်။
နန်ပြည်နယ် ကုန်သွယ်ရေးအဖွဲ့မှ ခေါင်းဆောင်များသည်လည်း မထင်မရှားဖြစ်နေသော ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံက ဤသို့ ကြီးမားလှသော အောင်မြင်မှုကြီးတစ်ခုကို တိတ်တိတ်လေး ရယူနိုင်လိမ့်မည်ဟု ဘယ်လိုမှ တွေးမထားခဲ့ကြချေ။ ဤတစ်နိုင်ငံလုံး၏ ပထမဆုံးသော အော်ဒါကြီး ရောက်ရှိလာခြင်းက သူတို့ကို အလွန်အမင်း အံ့သြဝမ်းသာဖြစ်စေခဲ့သည်။ ထို့အပြင် အော်ဒါပမာဏမှာ ဒေါ်လာ ၅ သန်းကျော်ပင် ရှိသည်ဟု ကြားသိရသဖြင့် ခေါင်းဆောင်များသည် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံကို အလျင်အမြန် ရှာဖွေကာ အခြေအနေများကို နားလည်အောင် စုံစမ်းလိုကြလေသည်။
မည်သို့ဆိုစေ ကုန်သွယ်ရေးအဖွဲ့ဘက်တွင် ကျိန့်ဟွေရူက ဖြေရှင်းပေးမည်ဖြစ်သဖြင့် ရှန်မော့အာကလည်း ဂရုမစိုက်တော့ဘဲ သူမတို့၏ ပြခန်းစားပွဲဆီသို့ ခြေလှမ်းသွက်သွက်ဖြင့် ပြန်လာခဲ့သည်။ ရလဒ်အနေဖြင့် ဒေးဗစ်က ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံ၏ ပြခန်းစားပွဲရှေ့တွင် ရပ်နေသည်ကို သူမ အဝေးမှနေ၍ မြင်တွေ့လိုက်ရသည်။
ဒီနိုင်ငံခြားသားကများ နောင်တရသွားတာတော့ မဟုတ်ပါဘူးနော်။ ရှန်မော့အာက ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားကာ တွေးလိုက်မိသည်။
ငါတို့က စာချုပ်တောင် လက်မှတ်ရေးထိုးပြီးသွားပြီပဲ။ သူ နောင်တရရင်လည်း ငါက ပိုက်ဆံတွေကို ပြန်အန်ထုတ်ပေးမှာ မဟုတ်ဘူး။
အနီးသို့ လျှောက်သွားသောအခါမှသာ ဒေးဗစ်သည် ချည်ထိုးပန်းထိုးအထည်ချုပ်စက်ရုံ ပင်မရုံးချုပ်မှ လူများနှင့် စကားပြောဆိုနေကြောင်းကို ရှန်မော့အာ သတိပြုမိသွားခဲ့သည်။
ရှန်မော့အာက အနားသို့ ကပ်လာသော လီရှင်းမေကို မေးလိုက်သည်။ "ဘာဖြစ်တာလဲ"
လီရှင်းမေက တိုးတိုးလေး ပြန်ဖြေသည်။ "သူတို့က ကျွန်မတို့ အော်ဒါလက်မှတ်ထိုးလိုက်တာကို မြင်တော့ ဒီဒေးဗစ်ကို လှည့်စားပြီး သူတို့ဆီကလည်း နည်းနည်းလောက် ဝယ်အောင် လုပ်ချင်နေကြတာလေ။ ရှင်ပဲ စဉ်းစားကြည့်ပါဦး။ သိုးမွေးကို သိုးတစ်ကောင်တည်းဆီကနေပဲ အမြဲတမ်း ဆွဲနှုတ်ချင်နေကြတာ၊ ဘယ်လိုလုပ်ပြီး အရှက်မရှိနိုင်ရတာလဲ"
ရှန်မော့အာ: "......"
စကားကတော့ ကြမ်းပေမဲ့ ပြောတာတော့မှန်တယ် သိလား။
...
အပိုင်း (၉၆)
လျိုယင်းရွှမ်းကလည်း အနားသို့ တိုးကပ်လာခဲ့သည်။ "သူတို့က ဒီဒေးဗစ်ဆိုတဲ့သူကို သူတို့ရဲ့ လက်ကိုင်ပဝါတွေ လိုက်ရောင်းနေကြတာ၊ ဈေးနှုန်းက ကျွန်မတို့ထက် ၁ဒေါ်တောင် လျော့နေသေးတယ်"
နိုင်ငံခြားဘာသာစကားကို သူ အနည်းအကျဉ်းမျှသာ နားလည်သော်လည်း ယင်းကျွင့်တို့ပြောသောစကားကိုတော့ သူ ကောင်းစွာ နားလည်နေ၏။ သူမက မျက်နှာပူရမည်ကိုလည်း မကြောက်သလို သူတို့၏ မျက်စောင်းထိုးခြင်းများကိုလည်း ဂရုမစိုက်ဘဲ သူတို့အနားသို့ တန်းသွားပြီး သွားရပ်ကာ နားထောင်လိုက်သည်။ ထိုသို့ နားထောင်လိုက်မိချိန်တွင်တော့ အခြေအနေက မရိုးရှင်းတော့ပေ။ ဒီလူစုက အရှက်အကြောက် ကင်းမဲ့လွန်းလှတာပဲ။
စက်ရုံတစ်ခုတည်းကနေ လာကြတာကို ဒီလိုလုပ်ရပ်မျိုး လုပ်ရတာ အရှက်မရှိကြဘူးလား။
စကားပြန်ကလည်း မျက်နှာမသာမယာ ဖြစ်သွားရ၏။ သူ အတန်ကြာ တုံ့ဆိုင်းသွားပြီးနောက် ယင်းကျွင့်တို့ကို သေချာစွာ ပြန်လည်စဉ်းစားရန် တိုက်တွန်းလိုက်သည်။ စက်ရုံတစ်ခုတည်းမှ ဖြစ်ပြီး ပန်းထိုးဒီဇိုင်းများ မတူညီသည့်အတွက် ပြားအနည်းငယ်မျှ ဈေးလျှော့ပေးခြင်းက ပုံမှန်ကိစ္စသာ ဖြစ်သော်လည်း တစ်ပြိုင်နက်တည်း ၁ဒေါ်လာတိတိ လျှော့ချလိုက်ခြင်းက ရှေ့မှရောင်းချခဲ့သော အမှာစာကို ဈေးကြီးသည်ဟု ဗြောင်ကျကျ ထုတ်ဖော်ပြောဆိုနေခြင်း မဟုတ်ပါလား။
သို့ရာတွင် ယင်းကျွင့်တို့က ပန်းထိုးအထည်စက်ရုံချုပ်မှ လက်ကိုင်ပဝါများသည် ၃ ဒေါ်လာထက် ဘယ်သောအခါမျှ မကျော်လွန်ဖူးကြောင်း အခိုင်အမာ ပြောဆိုကြသည်။ ယခင်က ဤထက်ပင် ဈေးပိုပေါသော်လည်း အမှတ်(၉)အလုပ်ရုံ၏ ဈေးနှုန်းသတ်မှတ်ချက် မြင့်မားနေသည်ကို ထောက်ထား၍ သူတို့က ဈေးနှုန်းကို တမင်တကာ မြှင့်တင်ထားခြင်း ဖြစ်ကြောင်း ဆိုကြ၏။
စကားပြန်မှာ ဆွံ့အသွားရတော့သည်။ ယင်းကျွင့်ကလည်း စကားပြန်၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းတော့ဘဲ သူ၏ လက်ချောင်း ၃ ချောင်းကို ထောင်ပြကာ ဒေးဗစ်ကို ဈေးနှုန်းအကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြောပြလိုက်သည်။
စကားပြန်က ဒေးဗစ်ကို စိုးတကြီးအမူအရာဖြင့် လှမ်းကြည့်လိုက်၏။ ယခုလေးတင် ရရှိခဲ့သော ၅ သန်းကျော်တန်ဖိုးရှိ အမှာစာသည် ယခုနှစ် ဆောင်းဦးကုန်စည်ပြပွဲ၏ ပထမဆုံး အမှာစာဖြစ်ပြီး အလွန်ထူးခြားသည့် အောင်မြင်မှု အစပျိုးခြင်းပင် ဖြစ်သည်။ အကယ်၍ ယင်းကျွင့်တို့၏ အနှောင့်အယှက်ကြောင့် ရှေ့မှအမှာစာပါ ပြဿနာတက်သွားခဲ့လျှင် ဤကိစ္စတွင် ပါဝင်ပတ်သက်သူအားလုံး အပြင်းအထန် ဝေဖန်ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သို့သော် သူ့ကို အံ့အားသင့်စေခဲ့သည်မှာ ဒေးဗစ်က ယင်းကျွင့်၏ ဈေးနှုန်းပြသမှုကို မြင်တွေ့ပြီးနောက် မျက်နှာအမူအရာ တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်း မရှိချေ။ သူက ယင်းကျွင့် ကမ်းပေးလာသော လက်ကိုင်ပဝါကို ဖြစ်သလို ကြည့်လိုက်သည်။ ထို့နောက် ဘေးနားရှိ အခြားသော ပန်းထိုးလက်ရာများကို ထပ်မံကြည့်ရှုပြီးနောက် ပခုံးတွန့်ကာ စကားပြန်ကို ပြောလိုက်၏။
"ဟေး ညီအစ်ကို၊ သူတို့ရဲ့ ထုတ်ကုန်တွေက ဈေးပေါပေမယ့် ဒီပန်းအလှဆင်ဒီဇိုင်းက တကယ်ကို အရုပ်ဆိုးလွန်းတယ်လို့ ကျွန်တော်က ပြောတယ်လို့ သူတို့ကို ပြန်ပြောပြပေးပါ။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒီလိုပုံစံမျိုးကို ဘယ်သူမှ သဘောကျမှာ မဟုတ်ဘူး။ လှပတဲ့ အမျိုးသမီးတွေနဲ့ သေသပ်ခန့်ညားတဲ့ အမျိုးသားတွေကလည်း သဘောကျမှာ မဟုတ်ဘူးလေ။ ၃ ဒေါ်လာဆိုတာ ထားလိုက်ပါတော့၊ ၁ ဒေါ်လာနဲ့ရောင်းရင်တောင်မှ ကျွန်တော်ကတော့ ယူမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရုပ်ဆိုးတဲ့ ပစ္စည်းတွေအတွက် ဘယ်သူကမှ ပိုက်ဆံပေးပြီး ဝယ်မှာ မဟုတ်လို့ပဲ"
လာပြန်ပြီ လာပြန်ပြီ။ သိပ်ကို ရင်းနှီးနေတဲ့ မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်တဲ့ စကားလုံးတွေပါလား။
စကားပြန်က အလိုအလျောက်ပင် အခြေအနေမှန်ကို သဘောပေါက်သွားတော့သည်။
နောက်ဆုံး ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း သူ ဆက်ဆံခဲ့ရသော အမေရိကန်နိုင်ငံမှ နိုင်ငံခြားကုန်သည်များအားလုံးသည် ဤသို့သော အမူအကျင့်မျိုး ရှိကြသည်။ မိမိကိုယ်ကို အထင်ကြီးလွန်းကြပြီး အပြစ်ရှာရန် ဝါသနာပါကာ တရုတ်နိုင်ငံ၏ ထုတ်ကုန်များကို တန်ဖိုးမရှိသယောင် မကြာခဏ နှိမ့်ချပြောဆိုလေ့ရှိကြ၏။
ဤသို့သော ပြောဆိုဆက်ဆံပုံမျိုးက အလွန်ပင် ဒေါသထွက်စရာ ကောင်းသော်လည်း မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းအား ကျဆင်းနေသည်မှာ အမှန်တရားပင် ဖြစ်သည်။ နိုင်ငံခြားငွေ ပိုမိုရရှိရန်နှင့် တခြားနိုင်ငံများနှင့် အရေးတကြီး လိုအပ်နေသော နည်းပညာများ၊ စက်ပစ္စည်းကိရိယာများကို ဖလှယ်နိုင်ရန် ကြိုးပမ်းရမည်မှာလည်း ငြင်းမရသော အမှန်တရားပင်။ ထို့ကြောင့်ပင် နိုင်ငံခြားကုန်သည်များက အမြဲတစေ မာနထောင်လွှားနေကြသော်လည်း သူတို့အနေဖြင့် သတိကြီးစွာထား၍ ဝန်ဆောင်မှုပေးခဲ့ရလေသည်။
ဤဒေးဗစ်အမည်ရသော နိုင်ငံခြားကုန်သည်သည် အလွန်သဘောကောင်းသည်ဟု သူ ထင်မှတ်ထားခဲ့သည်။ သို့သော် လက်တွေ့တွင်တော့ သူသည် ရှန်မော့အာတို့နှင့် ရင်ဆိုင်ရချိန်မှသာ ထိုမျှလောက် ယဉ်ကျေးသိမ်မွေ့နေကြောင်း သိလိုက်ရ၏။
ဟုတ်ပါသည်။ စကားပြန်က ဒေးဗစ်၏ ဆိုလိုရင်းကို တိုက်ရိုက် ပြန်ဆိုလိမ့်မည် မဟုတ်ပေ။ သူက စကားလုံးများကို အနည်းငယ် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဒေးဗစ်က ပန်းထိုးအထည်စက်ရုံ၏ ထုတ်ကုန်များကို သဘောမကျကြောင်း၊ ဈေးနှုန်းပြဿနာ မဟုတ်ဘဲ သူ မနှစ်သက်၍သာ ဖြစ်ကြောင်း ယင်းကျွင့်ကို သွယ်ဝိုက်သောစကားလုံးများဖြင့် ရှင်းပြလိုက်သည်။
ယင်းကျွင့် ဦးဆောင်သော ပန်းထိုးအထည်စက်ရုံချုပ်မှ လူစုမှာ အချင်းချင်း ကြည့်လိုက်မိကြ၏။ အမှတ်(၉)အလုပ်ရုံ၏ ပန်းထိုးလက်ရာများကို ၄ ဒေါ်လာနှင့် ၁၂ ဒေါ်လာကဲ့သို့သော ဈေးနှုန်းကြီးကြီးပေးကာ ဝယ်ယူခဲ့သည့် ဤနိုင်ငံခြားသားခပ်အအသည် သူတို့က ၁ ဒေါ်လာတိတိ ဈေးလျှော့ပေးနေသည့်တိုင်အောင် သူတို့၏ လက်ကိုင်ပဝါများကို ဝယ်ယူလိုခြင်း မရှိသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြ၏။
သူတို့၏ ဈေးနှုန်းချိုသာမှုကြောင့် ရှန်မော့အာအပေါ် မကျေမနပ်ဖြစ်ခြင်းမျိုးပင် မရှိခဲ့ချေ။
ယင်းကျွင့်က ဆက်လက်ကြိုးပမ်းချင်သေးသော်လည်း သူ စကားမဟရသေးမီမှာပင် ဒေးဗစ်က ခေါင်းလှည့်ကာ ထွက်ခွာသွားလေပြီ။
ယင်းကျွင့်ကို သွေးအန်မတတ် ဖြစ်စေခဲ့သောအရာမှာ ဒေးဗစ်က သူ့ကို လုံးဝ လှည့်မကြည့်ခဲ့ခြင်းပင်။ ဒေးဗစ်သည် ထွက်မသွားမီ ရှန်မော့အာကိုသာ ပြုံးပြကာ ခေါင်းညိတ်နှုတ်ဆက်သွားခဲ့သည်။
"အမယ်လေး ရယ်ရလွန်းလို့ သေတော့မယ်၊ ဟိုနိုင်ငံခြားသားက သူတို့ဟာတွေကို အရုပ်ဆိုးတဲ့ ပစ္စည်းတွေတဲ့လေ" လျိုယင်းရွှမ်းက မနည်းကြိုးစားပြီး နားလည်လိုက်ရသော စကားတစ်ခွန်းကြောင့် အားရပါးရ ရယ်မောလိုက်သည်။ အထူးသဖြင့် ဒေးဗစ် ထွက်သွားချိန်တွင် ယင်းကျွင့်ကို လုံးဝ လှည့်မကြည့်ခဲ့သည်ကို မြင်လိုက်ရသောအခါ၊ ထို့ပြင် ယင်းကျွင့်၏ သွေးအန်မတတ် ဖြစ်နေသော မျက်နှာအမူအရာကို တွေ့လိုက်ရသောအခါ သူမက ပေါင်ကို ရိုက်ကာ အသံကျယ်ကျယ် ရယ်မောလိုက်လေသည်။
ပန်းထိုးအထည်စက်ရုံချုပ်မှ လူများမှာ သူမ၏ ရယ်မောသံကြောင့် ဒေါသတကြီးဖြင့် မျက်မှောင်ကြုတ်ကုန်ကြ၏။ ယင်းကျွင့်၏ မျက်နှာမှာလည်း နီတလှည့် ပြာတလှည့် ဖြစ်သွားတော့သည်။ ဝမ်ဟွေ့ကျွင်းက ဒေါသမထိန်းနိုင်တော့ဘဲ ခါးထောက်ကာ ဆဲဆိုလိုက်တော့သည်။ "တောသူမ နင် ဘာတွေ လျှောက်ပြောနေတာလဲ။ နင်က နားလည်လို့လား။ သူများက ငါတို့ကို အရုပ်ဆိုးတဲ့ ပစ္စည်းတွေလို့ ပြောတယ်ဆိုပြီး လျှောက်ပြောနေရအောင်။ သူတို့က ၁ သန်းကျော်ဖိုးတောင် ဝယ်ပြီးသွားပြီဆိုတော့ ထပ်မဝယ်ချင်တာလည်း ပုံမှန်ပဲ မဟုတ်ဘူးလား။ နင်က ဒီမှာ ဘာလို့ ကောလာဟလ လာဖြန့်နေတာလဲ။ တကယ့်ကို အမွှေးအတောင် တပ်ထားတဲ့ ချေးထိုးပိုးကောင်ကများ ဒေါင်းယောင်ဆောင်ချင်နေသေးတယ်"
ဝမ်ဟွေ့ကျွင်းမှာ အပြောအဆို ကြမ်းတမ်းသူတစ်ဦး ဖြစ်သည်မှာ ထင်ရှားလှသည်။ သို့သော် လျိုယင်းရွှမ်းမှာလည်း သာမန်လူ မဟုတ်ကြောင်းကိုတော့ သူမ မသိရှာပေ။ လျိုယင်းရွှမ်းမှာ လျိုချောင်တပ်ဖွဲ့တစ်ခုလုံး၌ နာမည်ကျော်ကြားလှသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမက လက်နှစ်ဖက်ကို ခါးထောက်လိုက်ပြီး အနီးအနားရှိ ပြခန်းများမှ အသံများကို ဖုံးလွှမ်းသွားနိုင်လောက်အောင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။ "သောက်ကျိုးနည်း၊ အရင်စတဲ့သူက အောက်တန်းကျတယ်ဆိုတာ မကြားဖူးဘူးလား။ ကျွန်မက ရှင်တို့ကို မဆဲရသေးဘူး၊ ရှင်တို့ကများ ကျွန်မကို လာဆဲရဲသေးတယ်ပေါ့။ ဘယ်လိုလဲ၊ ကျွန်မတို့ဆီက သန်းချီတန်တဲ့ အမှာစာတွေ ရသွားတာကို ကြည့်ပြီး မနာလိုဖြစ်နေကြတာ မဟုတ်လား။ ဈေးကွက်ကို ဖျက်ချင်နေတာ မဟုတ်လား။ ကျွန်မတို့က ၄ ဒေါ်လာနဲ့ရောင်းပြီး ရှင်တို့က ၃ ဒေါ်လာနဲ့ရောင်းလိုက်ရင် သူတို့က ရှင်တို့ဆီက ပြေးဝယ်ကြလိမ့်မယ်လို့ ထင်နေတာလား။ ရှင်တို့ရဲ့ ဈေးနှုန်းက ဒီလောက်ပေါနေတာကို သူတို့ကြားလိုက်ရင် ကျွန်မတို့ကို လာပြီး အပြစ်တင်လိမ့်မယ်လို့ ထင်နေတာလား။ တကယ့်ကို စိတ်သဘောထား သေးသိမ်တဲ့ လူယုတ်မာတွေပဲ။ နှမြောစရာကောင်းတာက နိုင်ငံခြားကုန်သည်တွေမှာလည်း မျက်စိ ပါတယ်လေ။ သူတို့က မျက်လုံးဖွင့်ကြည့်လိုက်တာနဲ့ အို... ဒီဟာတွေက ဒီလောက်တောင် အရုပ်ဆိုးနေတာ ဘယ်သူ့ကို သွားရောင်းရမှာလဲ တဲ့လေ။ ၃ ဒေါ်လာဆိုတာ ထားလိုက်၊ ၃ ဖန်နဲ့ရောင်းရင်တောင်မှ ဘယ်သူကမှ ဝယ်မှာ မဟုတ်ဘူး"
"သူတို့က ရှင်တို့ရဲ့ အလိမ် ခံရမှာစိုးလို့ အမြန်ပြေးသွားကြတာကို မမြင်ဘူးလား။ သူတို့က ရှင်တို့ပစ္စည်းတွေရဲ့ အရုပ်ဆိုးလွန်းလှတဲ့ ဒဏ်ကို မခံနိုင်လို့ မျက်စိဆေးဖို့ နေရာမြန်မြန် သွားရှာရတော့တာလေ။ ရှင်တို့မှာများ ကိုယ့်ကိုယ်ကိုယ် သိတဲ့ စိတ်လေးတောင် နည်းနည်းမှ မရှိဘူး။ ဘာလဲ၊ ပစ္စည်းတွေ ရောင်းမထွက်တာကို ကျွန်မတို့ကိုများ အပြစ်တင်ချင်နေသေးတာလား။ ကောလာဟလ ဖြန့်တယ် ဟုတ်လား၊ သူတို့က ရှင်းရှင်းလင်းလင်း ပြောသွားတာပါ။ ဘာလဲ။ ရှင်က အမေရိကန်စကား မတတ်တိုင်း ကျွန်မကလည်း မတတ်ဘူးလို့ ထင်နေတာလား။ How are you? Fine, thank you, and you? လို့တောင် နားမလည်တဲ့သူကများ ကျွန်မကို ဒေါင်းယောင်ဆောင်နေတယ်လို့ ပြောရဲသေးတယ်။ ရှင်ကများ ဗဟုသုတ ကြွယ်ဝလှချည်ရဲ့၊ မြို့ပေါ်က အိမ်သာကျင်းတောင် ရှင်မြင်ဖူးတဲ့ ချေးလောက် မများဘူး"
လျိုယင်းရွှမ်းက တစ်ထိုင်ထဲ မိနစ်အတော်ကြာအောင် ဆဲဆိုလိုက်သည်။ ထိုအချိန်အတွင်း ဝမ်ဟွေ့ကျွင်းက အကြိမ်ကြိမ် ဝင်ပြောရန် ကြိုးစားသော်လည်း လျိုယင်းရွှမ်း၏ အရှိန်အဝါနှင့် အသံကျယ်လောင်မှုအောက်တွင် ဖုံးလွှမ်းသွားခဲ့ရပြီး ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိတော့ချေ။
ပန်းထိုးအထည်စက်ရုံချုပ်မှ တခြားသူများခမျာ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေမိကြ၏။ ပန်းထိုးစက်ရုံတွင် အမျိုးသမီးလုပ်သား များပြားသဖြင့် လူရှိသောနေရာတိုင်းတွင် ပြဿနာများ ရှိစမြဲပင်။ ပုံမှန်အားဖြင့် စကားများကြိတ်ပွဲများနှင့် ရန်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း သူတို့ရှေ့မှ ဤအမျိုးသမီးရဲဘော်လောက် ဆဲဆိုနိုင်စွမ်း ရှိသူမျိုး တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။
သူ၏ ဤအရှိန်အဝါနှင့် ဤစကားပြောနှုန်းမျိုးဖြင့်ဆိုလျှင် ပန်းထိုးစက်ရုံတွင်သာမက နန်ပြည်နယ်တစ်ခုလုံးတွင်ပင် ပြိုင်ဘက်ကင်း ဖြစ်လောက်သည်။
ထို့အပြင် သူမသည် နိုင်ငံခြားစကားကို အမှန်တကယ်ပင် ပြောတတ်လေသည်။ သူတို့ နားမလည်ကြသော်လည်း ဤကဲ့သို့ လူအများရှေ့တွင် သူမက ရဲရဲဝံ့ဝံ့ ပြောရဲသည်ဆိုတော့ သေချာပေါက် အမှန်ပင် ဖြစ်ရမည်။ ထိုသို့မဟုတ်ဘဲ အမှားပေါ်သွားပါက ပိုလို့ပင် အရှက်ကွဲရမည် မဟုတ်ပါလား။
သူတို့၏ ပြခန်းအပြင်ဘက်တွင် လူတစ်အုပ်ကြီး ဝိုင်းရံနေကြပြီ ဖြစ်သည်။ လူတိုင်းက လျိုယင်းရွှမ်းကို ကြည့်ကာ အံ့သြချီးကျူးနေကြ၏။
ဒီအမျိုးသမီးရဲဘော်က တကယ်ကို ဆဲနိုင်ဆိုနိုင်လွန်းလှတာပဲ၊ အိမ်သာကျင်းတောင် ရှင်မြင်ဖူးတဲ့ ချေးလောက် မများဘူးဆိုတာကတော့၊ ဒါ... ဒါက တကယ့်ကို ရွံစရာကောင်းပေမယ့် ဆန်းသစ်တဲ့ ဆဲနည်းတစ်မျိုးပါပဲလား။
လူအများအပြား၏ ဝိုင်းအုံကြည့်ရှုခြင်းကို ခံနေရသော်လည်း လျိုယင်းရွှမ်းကတော့ တစ်စုံတစ်ရာ ထူးခြားသည်ဟု မခံစားရပေ။ ရှက်ရွံ့ခြင်းမရှိသည့်အပြင် ဂုဏ်ယူဝင့်ကြွားနေကာ သူမ၏ မေးစေ့ကို ချီထားလိုက်သေးသည်။
သူမ ပြောခဲ့တာ တစ်ခွန်းမှ မမှားဘူး။ ဒီလူတွေက အရင်စတဲ့သူတွေမို့ အောက်တန်းကျတာပဲ။ အဆဲခံရတာ တန်ပါတယ်။
သူမနှင့် အပြန်အလှန် စကားများနေသော ဝမ်ဟွေ့ကျွင်းကတော့ ဆက်သည်းမခံနိုင်တော့ပေ။ သူမ အသက် ၂၀ ကျော် ရှင်သန်လာခဲ့သည့်တစ်လျှောက်တွင် လူအများကြီးရှေ့၌ သည်လောက် အရှက်ကွဲရခြင်းမှာ ပထမဆုံးအကြိမ်ပင်။ ဝမ်ဟွေ့ကျွင်း၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး မျက်နှာကို အုပ်ကာ ငိုကြွေးရင်း ပြေးထွက်သွားတော့သည်။
လျိုယင်းရွှမ်းက အေးစက်စက် ပြုံးလိုက်ပြီး "အဟက်၊ အရှုံးသမားမ"
အချိန်အတန်ကြာပြီးနောက် ကျိန့်ဟွေရူနှင့် ချန်ကျားဟွာတို့ ပြန်ရောက်လာကြသည်။
ကျိန့်ဟွေရူသည် ပြည်နယ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် ဆက်သွယ်ကာ အခြေအနေများကို နားလည်အောင် လေ့လာနေခဲ့ခြင်း ဖြစ်သည်။ ချန်ကျားဟွာကတော့ ပြခန်းအတွင်း လှည့်လည်သွားလာကာ အလားတူ လုပ်ငန်းများ၏ ထုတ်ကုန်များနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို လေ့လာရင်း သင့်လျော်သော စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ ရှိမရှိကိုပါ တစ်ပါတည်း ရှာဖွေခဲ့လိုက်သည်။
နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံသည် ကွမ်ကျိုးကုန်စည်ပြပွဲ စတင်ကျင်းပကတည်းက နှစ်စဉ် ပါဝင်ပြသခဲ့သဖြင့် လူတိုင်းက ပြပွဲ၏ လုပ်ငန်းစဉ်များကို ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေကြသည်။ ထို့ကြောင့် ကျိန့်ဟွေရူနှင့် ချန်ကျားဟွာတို့သည်လည်း ပြခန်းတွင် အချိန်ပြည့် နေထိုင်ရန် မလိုအပ်ပေ။
သို့ရာတွင် သူတို့ကို ပြခန်းဝန်ထမ်းများက အလျင်စလို လိုက်လံရှာဖွေကာ ခေါ်ဆောင်လာခဲ့ကြလေသည်။
လူအများ၏ ရှေ့မှောက်တွင် ဖြစ်သဖြင့် ကျိန့်ဟွေရူသည်လည်း စကားများများ မပြောသာချေ။ သူက မျက်နှာထား တင်းမာစွာဖြင့် စကားတစ်ခွန်းသာ ပြောလိုက်သည်။ "မင်းတို့ကို စက်ရုံအတွက် ဂုဏ်သိက္ခာ ဆောင်ပေးဖို့ ခေါ်လာတာ၊ စက်ရုံကို အသရေဖျက်ဖို့ ခေါ်လာတာ မဟုတ်ဘူး"
သူ အတန်ကြာ စဉ်းစားပြီးနောက် ထပ်မံပြောလိုက်၏။ "စက်ရုံချုပ်က လက်ကိုင်ပဝါတွေရဲ့ ဈေးနှုန်းသတ်မှတ်ချက်ကို အမှတ်(၉)အလုပ်ရုံနဲ့ တူညီအောင် ထားရမယ်။ စက်ရုံတစ်ခုတည်းက ဖြစ်နေမှတော့ အတွင်းမှာပဲ ဈေးကွက်ပြိုင်ဆိုင်မှုတွေ အရင်မလုပ်သင့်ဘူး"
ယင်းကျွင့်က နှုတ်ခမ်းကို တွန့်လိုက်ပြီး ကျိန့်ဟွေရူ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ထင်ရှားစွာ ပြသလိုက်သော်လည်း နောက်ဆုံးတွင်တော့ နှုတ်ဆိတ်နေလိုက်သည်။
ယခင်တစ်ခေါက် အမှတ်(၉)အလုပ်ရုံ ကိစ္စကတည်းက ကျိန့်ဟွေရူသည် သူ့အပေါ် အမြင်မကြည်လင်ခဲ့ချေ။ ထို့ကြောင့် ဤကိစ္စလေးအတွက်နှင့် သူက ကျိန့်ဟွေရူကို ထပ်ပြီး အပြစ်မပြုဝံ့ပေ။
ပန်းထိုးအထည်စက်ရုံချုပ်မှ လူများအားလုံးမှာ အနည်းငယ် မကျေမနပ် ဖြစ်နေကြသည်။ အသက်ကြီးပြီး လုပ်သက်ရင့်သော သူတစ်ဦးက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်၏။ "ဒုတိယစက်ရုံမှူးကျိန့်၊ ဒီဈေးနှုန်းက တကယ်ကို မြင့်လွန်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ကျွန်တော်တို့ ၃ ဒေါ်လာနဲ့ စာချုပ်ချုပ်နိုင်တာနဲ့တင် ဝမ်းသာလွန်းလို့ မဆုံးနိုင်အောင် ဖြစ်ခဲ့ရတာပါ။ ၄ ဒေါ်လာကနေ ၁၂ ဒေါ်လာအထိ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါပဲ"
ကျိန့်ဟွေရူက တုံ့ပြန်လိုက်သည်။ "၅ သန်းကျော်တန်ဖိုးရှိတဲ့ အမှာစာတောင် ချုပ်ဆိုပြီးပြီပဲ မဟုတ်လား။ ဒါကိုကြည့်ရင် ဒီဈေးနှုန်းကို နိုင်ငံခြားကုန်သည်တွေက လက်ခံနိုင်တယ်ဆိုတာ ထင်ရှားပါတယ်"
ရှန်မော့အာမှာ အစကတည်းက နှုတ်ဆိတ်နေခဲ့၏။ နောက်ကွယ်မှနေ၍ ကျိန့်ဟွေရူကို သတိပေးရန် သူ ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ စကားများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် သူမသည် အတန်ကြာ စဉ်းစားလိုက်ပြီးနောက် ကြားဖြတ်ပြောလိုက်သည်။ "ဒုတိယစက်ရုံမှူးကျိန့်၊ တကယ်တော့ အားလုံးက လက်ကိုင်ပဝါတွေ ဖြစ်နေရင်တောင်မှ ဒီဇိုင်းကွဲပြားမှုတွေ၊ ဦးတည်ထားတဲ့ ဖောက်သည်အုပ်စု ကွဲပြားမှုတွေကြောင့် ဈေးနှုန်းသတ်မှတ်ချက်က သေချာပေါက် ကွာခြားသင့်ပါတယ်"
ကျိန့်ဟွေရူသည် သူမက သည်လို ပြောထွက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ "အို... ဒါဆိုရင် စက်ရုံချုပ်ရဲ့ လက်ကိုင်ပဝါတွေကို ဈေးနှုန်းဘယ်လောက် သတ်မှတ်သင့်တယ်လို့ မင်း ထင်လဲ"
ရှန်မော့အာက ရှင်းပြလိုက်၏။ "ကျွန်မတို့ အမှတ်(၉)အလုပ်ရုံရဲ့ ဦးတည်ဖောက်သည်တွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေက လူချမ်းသာတွေပါ။ ဒါကြောင့် ကျွန်မတို့ရဲ့ ပန်းထိုးဒီဇိုင်းစတိုင်လ်က ရိုးရှင်းပြီး သပ်ရပ်တဲ့ဘက်ကို ပိုသွားပါတယ်။ ကုန်ပစ္စည်းရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့အတွက်လည်း ထုပ်ပိုးမှုဘူး ၂ မျိုးကို ပြင်ဆင်ထားပါတယ်"
"စက်ရုံချုပ်ရဲ့ လက်ကိုင်ပဝါတွေကတော့ အတွေ့ရများတဲ့ ဒီဇိုင်းတွေဖြစ်လို့ ဦးတည်ဖောက်သည်တွေက နိုင်ငံအသီးသီးက သာမန်လူတွေပဲ ဖြစ်သင့်ပါတယ်။ အရမ်းဈေးကြီးနေရင်တော့ နိုင်ငံခြားကုန်သည်တွေ လက်ခံဖို့ သိပ်မလွယ်ကူတာ အမှန်ပါပဲ။ ပြီးတော့ ဒီလိုဆင်တူတဲ့ လက်ကိုင်ပဝါတွေကို တခြားလုပ်ငန်းတွေကလည်း ထုတ်လုပ်ကြမှာပါ။ ကျွန်မတို့က သူတို့နဲ့ အနီးစပ်ဆုံး ဈေးနှုန်းတစ်ခု သတ်မှတ်ပေးလိုက်ရင် ရပါပြီ။ ဒါမှသာ နိုင်ငံခြားကုန်သည်တွေက ဒီကုန်ပစ္စည်းတစ်မျိုးတည်းရဲ့ ဈေးနှုန်းမြင့်မားနေမှုကို အကြောင်းပြုပြီး ကျွန်မတို့ရဲ့ ကုန်ပစ္စည်းအားလုံးက တခြားလုပ်ငန်းတွေထက် ဈေးပိုကြီးနေတယ်လို့ မထင်မှတ်သွားမှာပါ။ အဲဒီလိုမှမဟုတ်ရင် တခြားကုန်ပစ္စည်းတွေရဲ့ အရောင်းအဝယ်ကိုပါ ထိခိုက်သွားနိုင်ပါတယ်"
ကျိန့်ဟွေရူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ဤအရာသည် အမှန်တကယ်ပင် ပြဿနာတစ်ခု ဖြစ်သည်။ လက်ကိုင်ပဝါကဲ့သို့သော ပစ္စည်းသေးသေးလေးကို ဈေးကြီးကြီးဖြင့် ရောင်းချခြင်းက သူတို့၏ ကုန်ပစ္စည်းများအားလုံး၏ ယေဘုယျဈေးနှုန်းသည် အခြားလုပ်ငန်းများထက် မြင့်မားနေသည်ဟု လူအများအား အထင်အမြင်လွဲမှားစေရန် လွယ်ကူစေသည်။
သူက ရှန်မော့အာကို မေးလိုက်၏။ "သူတို့ရဲ့ ဈေးနှုန်းတွေကို လျှော့ချလိုက်ရင် နိုင်ငံခြားကုန်သည်တွေက မင်းတို့ရဲ့ ဈေးနှုန်းကို အရမ်းမြင့်လွန်းတယ်လို့ မကျေမနပ်ဖြစ်မှာကို ရှင် မစိုးရိမ်ဘူးလား"
ရှန်မော့အာက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "မစ္စတာဒေးဗစ်က သက်သေပြသွားခဲ့ပြီပဲ မဟုတ်လား။ အားလုံးက လက်ကိုင်ပဝါတွေ ဖြစ်နေရင်တောင်မှ သူ့အမြင်မှာတော့ တန်ဖိုးက မတူညီပါဘူး"
ဒါက ဒေးဗစ်အမြင်မှာ စက်ရုံချုပ်ရဲ့ လက်ကိုင်ပဝါတွေက အမှတ်(၉)အလုပ်ရုံလောက် မကောင်းဘူးလို့ ဆိုလိုနေတာပဲ မဟုတ်လား။ ချန်ကျားဟွာက ဘေးမှာ ရပ်နေတာကို။ ဒီကောင်မလေးက တကယ်ကို ပြောရဲဆိုရဲ ရှိတာပဲ။
ကျိန့်ဟွေရူသည် ရှန်မော့အာကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆိုရင်လည်း ယင်းကျွင့်တို့က မူလအစီအစဉ်အတိုင်းပဲ လုပ်ကြပါ"
ယင်းကျွင့်က အင်တင်တင်ဖြင့် ခေါင်းညိတ်လိုက်၏။
အပေါ်ယံကြည့်လျှင် အမှတ်(၉)အလုပ်ရုံက နောက်ဆုတ်ပေးလိုက်သလို ထင်ရသော်လည်း တကယ်တမ်းတွင်တော့ သူတို့စက်ရုံချုပ်၏ ထုတ်ကုန်များသည် အမှတ်(၉)အလုပ်ရုံရှေ့၌ အကြောင်းပြချက်မရှိဘဲ တစ်ပန်းရှုံးသွားသကဲ့သို့ ဖြစ်နေသည်။
တကယ့်ကို ဒေါသထွက်စရာပဲ။
ချန်ကျားဟွာကတော့ စော်ကားခံရသည်ဟု နည်းနည်းမှ မခံစားရပေ။ ရှန်မော့အာက လက်ကိုင်ပဝါများကို မည်သို့ရောင်းချခဲ့ကြောင်း ကြားသိပြီးနောက်တွင် သူမက ရှန်မော့အာကို အသေးစိတ် လေ့လာဆန်းစစ်တတ်ပြီး ဉာဏ်ရည်ထက်မြက်သူဟုပင် ချီးကျူးလိုက်သေးသည်။ ထို့ပြင် အကြောင်းအရာတစ်ခုကို ကြည့်ပြီး အခြားအရာများကိုပါ ဆင်ခြင်တွေးတောနိုင်စွမ်း ရှိရမည်ဟု ဆိုကာ ရှန်မော့အာထံမှ ရောင်းချမှုနည်းဗျူဟာများကို သင်ယူလိုကြောင်း ပြောဆိုခဲ့လေသည်။
ထို့နောက် သူမ မျက်စိရှေ့မှာပင် ရှန်မော့အာက အမှာစာတစ်ခုကို ထပ်မံရောင်းချနိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရလေတော့သည်။
...