အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အပိုင်း (၉၇)
ချန်ကျားဟွာသည် အတန်ကြာ လေ့လာကြည့်ရှုပြီးနောက် ရှန်မော့အာ၏ နည်းလမ်းက သူတို့အတွက် အသုံးမဝင်ကြောင်း တွေ့ရှိသွား၏။
ရှန်မော့အာ ပြောခဲ့သည့်အတိုင်း စက်ရုံချုပ်ကလည်း လက်ကိုင်ပဝါများကို ထုတ်လုပ်သော်လည်း စက်ရုံချုပ်၏ လက်ကိုင်ပဝါဒီဇိုင်းများမှာ အရောင်အသွေး တောက်ပြောင်လွန်းလှသည်။ သာမန်လူများ သုံးစွဲရန် အဆင်ပြေသော်လည်း ခေါက်ပြီး အနောက်တိုင်းဝတ်စုံပေါ်တွင် အလှဆင်ရန်အတွက်တော့ သိသာလွန်းနေသဖြင့် သင့်လျော်မှု မရှိချေ။
သို့သော် ရှန်မော့အာက ချန်ကျားဟွာကို အတွေးသစ်တစ်ခု ရစေခဲ့သည်။ ယခင်က သူတို့သည် ပြည်တွင်းအကြိုက်များကို အခြေခံပြီး ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ကြပြီး အခြေခံအားဖြင့် ပုံသေကုန်ပစ္စည်းတချို့ကိုသာ ထုတ်လုပ်ကာ နိုင်ငံခြားကုန်သည်များ လာရောက်ရွေးချယ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ သို့သော် ရှန်မော့အာ၏ စဉ်းစားတွေးခေါ်ပုံက နိုင်ငံခြားကုန်သည်များ၏ လက်တွေ့လိုအပ်ချက်များကို အခြေခံပြီး သူတို့ အမှန်တကယ် လိုအပ်သော ပစ္စည်းများကို ထောက်ပံ့ပေးခြင်းပင် ဖြစ်၏။
အနောက်တိုင်းဝတ်စုံအပေါ်တွင် လက်ကိုင်ပဝါ အလှဆင်သည့်ကိစ္စကို မနေ့က အနောက်တိုင်းစားသောက်ဆိုင်ရှေ့၌ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရှန်မော့အာက သူ့ကို ပြောပြခဲ့သေးသည်။
ကွမ်ကျိုးမြို့သို့ လာရောက်ကြသော နိုင်ငံခြားကုန်သည် အများအပြား ရှိသည်။ တချို့က စွပ်ကျယ်အင်္ကျီနှင့် ညှပ်ဖိနပ်များကို စီးထားကြပြီး သပ်သပ်ရပ်ရပ် မရှိသောပုံစံ ပေါက်နေကြသော်လည်း တချို့ကတော့ အပြင်ပန်းသွင်ပြင်ကို အလွန်ဂရုစိုက်ကြ၏။ ကွမ်ကျိုးမြို့၏ အပူချိန်က မြင့်မားနေသော်လည်း သူတို့သည် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ကာ နက်တိုင်ကို သေသပ်စွာ တပ်ဆင်ထားကြသည်။ ဧည့်ရိပ်သာမှ ဝန်ထမ်းက ၎င်းမှာ သူတို့၏ ယဉ်ကျေးမှုဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်းဆန်မှုဟု ခေါ်ကြောင်း ပြောပြခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် နေ့လယ်ပိုင်းအချိန်တွင် ပန်းထိုးစက်ရုံချုပ်ဘက်တွင်လည်း အရောင်းအဝယ် စတင်ဖြစ်မြောက်ခဲ့သည်။ အသားမည်းမည်းနှင့် အရောင်အသွေးစုံလင်စွာ ဝတ်ဆင်ထားသော နိုင်ငံခြားကုန်သည်တစ်ဦးက အသင့်ဝတ်အထည်တစ်သုတ်ကို မှာယူသွားခဲ့၏။
ထိုနေ့ ပြပွဲပြီးဆုံးချိန်တွင် အမှတ်(၉)အလုပ်ရုံမှ လက်မှတ်ရေးထိုးနိုင်ခဲ့သော အမှာစာများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၈ သိန်းကျော်အထိ ရောက်ရှိသွားခဲ့သည်။ နောက်ပိုင်းတွင်လည်း ပန်းထိုးအစများနှင့် ခေါင်းအုံးစွပ် တချို့ကို အစဉ်လိုက် လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း အားလုံးမှာ အမှာစာအသေးများသာ ဖြစ်ကြသည်။
ညပိုင်းတွင် ရှန်မော့အာက လူအနည်းငယ်ကို ခေါ်ဆောင်ကာ အနီးနားရှိ ကွမ်ကျိုးစားသောက်ဆိုင်သို့ သွားရောက်ခဲ့သည်။
၎င်းမှာ ဧည့်ရိပ်သာဝန်ထမ်းက သူမကို လမ်းညွှန်ပေးခဲ့သော ဒေသတွင်း နာမည်ကြီး စားသောက်ဆိုင်တစ်ခု ဖြစ်သည်။ သူတို့အဖွဲ့ တံခါးဝသို့ ရောက်ရှိသွားချိန်တွင် ဧည့်သည်များဖြင့် ပြည့်နှက်နေပြီး အလွန်ပင် စည်ကားနေကြောင်း တွေ့လိုက်ရ၏။
စားသောက်ဆိုင်၏ အပြင်အဆင်မှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။ လက်ရှိ အခြားနေရာများရှိ ရိုးရှင်းသော အစိုးရပိုင် စားသောက်ဆိုင်များနှင့် လုံးဝမတူညီဘဲ တောက်ပခမ်းနားနေကာ ခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ပန်းဆိုင်းမီးဆိုင်းများပင်လျှင် ဈေးကြီးလှကြောင်းကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်လေသည်။ စားသောက်ဆိုင်ရှိ ဧည့်သည်များထဲတွင် အသားအရောင်၊ ဆံပင်အရောင် လုံးဝကွဲပြားနေသော နိုင်ငံခြားကုန်သည် အများအပြား ပါဝင်သလို ဟွာကော်နိုင်ငံသားများလည်း ရှိကြ၏။ သို့သော် လူတိုင်းက သေသပ်သင့်လျော်စွာ ဝတ်ဆင်ထားကြသည်။
လီရှင်းမေက ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။ "ဒီနေရာမှာ စားရတာ အရမ်းဈေးကြီးလောက်တယ်နော်၊ ဒုအလုပ်ရုံမှူးရှန်၊ ကျွန်မတို့ ရိုးရိုး အစိုးရပိုင် စားသောက်ဆိုင်တစ်ခုခုမှာပဲ သွားစားကြရအောင်"
ရှန်မော့အာက ပြုံးလိုက်ပြီး "ဒါကလည်း အစိုးရပိုင် စားသောက်ဆိုင်ပါပဲ၊ အဆင့်နည်းနည်း ပိုမြင့်တဲ့ အစိုးရပိုင် စားသောက်ဆိုင်လေး တစ်ခုပါပဲ။ ပထမတစ်ချက်က ဒီနေ့ အောင်ပွဲခံတဲ့အနေနဲ့ အစားကောင်းကောင်းလေး လာစားတာပါ။ ဒုတိယအချက်အနေနဲ့ကတော့ အလုပ်ကိစ္စအတွက် လာတာပါ"
လီရှင်းမေက တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။ ဒီနေ့ ရှန်မော့အာနှင့် ချန်ကျားဟွာတို့ စကားပြောနေကြချိန်တွင် သူမလည်း ဘေးမှနေ၍ နားထောင်နေခဲ့၏။ ရှန်မော့အာက ရုပ်ရှင်များနှင့် အနောက်တိုင်းစားသောက်ဆိုင်မှ နိုင်ငံခြားသားများမှတစ်ဆင့် နိုင်ငံခြားကုန်သည်များ၏ လိုအပ်ချက်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြားသိရပြီးနောက် သူမသည်လည်း ဒီနေ့ ပြခန်းအတွင်း သွားလာနေကြသော နိုင်ငံခြားကုန်သည်များကို အချိန်ပြည့် လေ့လာနေခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူမ၏ ဦးနှောက်က ရှန်မော့အာလောက် မထက်မြက်သဖြင့် အချိန်အကြာကြီး လေ့လာနေခဲ့သော်လည်း ထူးခြားသည့် အသိအမြင် တစ်စုံတစ်ရာ မရရှိခဲ့ချေ။
ရှန်မော့အာ၏ ဆိုလိုရင်းကို သူမ ခန့်မှန်းမိလိုက်သည်။ သူတို့ ဤကွမ်ကျိုးစားသောက်ဆိုင်သို့ လာရောက်စားသောက်ခြင်းမှာလည်း နိုင်ငံခြားကုန်သည်များကို လေ့လာပြီး သူတို့၏ လိုအပ်ချက်များကို နားလည်စေရန်အတွက်ပင်။
ထို့ကြောင့် သူမလည်း ဘာမှ ဆက်မပြောတော့ဘဲ ရှေ့မှ ဦးဆောင်သွားလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆိုရင်လည်း ကျွန်မတို့ မြန်မြန်သွားကြတာပေါ့"
လျိုယင်းရွှမ်းကလည်း အလျင်အမြန် နောက်မှ လိုက်သွားခဲ့သည်။ "သွားမယ် သွားမယ်၊ အစ်မရှင်းမေ၊ ကျွန်မ ရှင့်ကို ပြောပြမယ်။ သူတို့ဆိုင်က အစားအသောက်တွေက အရမ်းအရသာရှိတာ။ ကျွန်မတို့ သူတို့ဆိုင်က ဘဲကင်ကို သေချာပေါက် မြည်းစမ်းကြည့်ရမယ်။ တကယ်ကို မွှေးပျံ့နေတာပဲ"
"နေပါဦး၊ သူတို့ဆိုင်က ဘာဟင်းတွေ အရသာရှိတယ်ဆိုတာ ရှင်က ဘယ်လိုလုပ် သိနေတာလဲ"
"ကျွန်မက မသိရင်တောင် မမေးတတ်ဘူးလား။ ကျွန်မက စောစောကတည်းက တခြားလူတွေကို မေးထားပြီးသားပါ"
"ရှင်ကတော့ တကယ်ပဲ"
သူတို့နှစ်ဦးသည် စကားပြောရင်း ရှေ့ကသွားပြီး နေရာသွားရှာကြလေသည်။ ကျင်းချိုင်ဖေးက ရှန်မော့အာကို ရှုပ်ထွေးသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်သော်လည်း ရှန်မော့အာက သတိမထားမိဟန်ဖြင့် ပြောလိုက်၏။ "ကျွန်မတို့လည်း နောက်က လိုက်သွားကြရအောင်"
ကွမ်ကျိုးစားသောက်ဆိုင်ကို ၁၉၃၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်ဟု ဆိုကြသည်။ နှစ် ၄၀ နီးပါးတိုင်အောင် မယိမ်းမယိုင် ရပ်တည်နိုင်ခဲ့ခြင်းမှာ ၎င်း၏ ကိုယ်ပိုင်အကြောင်းပြချက်များ ရှိနေ၍ပင်။
ဘဲကင်မှာ ငန်ဆိမ့်ဆိမ့်ဖြင့် အရသာဝင်နေပြီး ခေါက်ဆွဲလိပ်များမှာလည်း နူးညံ့ချောမွေ့ကာ စားလို့ကောင်းလှသည်။ မှိုနှင့် ပင်လယ်စာဟင်းရည်ကတော့ ပိုပြီး လတ်ဆတ်ချိုမြိန်ကာ ခံတွင်းတွေ့စေပြီး မုန့်ပဲသရေစာများနှင့် အချိုရည်များအကြောင်းဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။ ၎င်းမှာ ကွမ်ကျိုးစားသောက်ဆိုင်များ၏ အကောင်းဆုံး လက်ရာများ ဖြစ်လေသည်။
ထိုင်ခုံတွင် ဝင်ထိုင်ချိန်က ပတ်ဝန်းကျင်ရှိ နိုင်ငံခြားကုန်သည်များကို သေချာစွာ လေ့လာမည်ဟု ကျိန်တွယ်ပြောဆိုထားခဲ့ကြသော လီရှင်းမေနှင့် လျိုယင်းရွှမ်းတို့မှာ အချိန်တိုအတွင်းမှာပင် အရသာရှိသော အစားအသောက်များ၏ ဖမ်းစားမှုကို ခံလိုက်ရလေတော့သည်။
စားသောက်နေစဉ် ရှန်မော့အာက သန့်စင်ခန်းသို့ တစ်ခေါက် သွားခဲ့သည်။ ပြန်လာချိန်တွင် ဒေးဗစ်နှင့် ဆုံတွေ့ခဲ့ရ၏။ သူသည် ရွှေရောင်ဆံပင်နှင့် မျက်လုံးပြာပြာ ရှိသော အခြားနိုင်ငံခြားသားတစ်ဦးနှင့်အတူ စားသောက်နေခဲ့သည်။ ရှန်မော့အာကို မြင်သောအခါ ဒေးဗစ်က အရင်ဆုံး နှုတ်ဆက်လိုက်ပြီး အလွန်ဝဲသော ဟွာကော်ဘာသာစကားဖြင့် ပြောလိုက်သည်။ "ဟယ်လို၊ ရှန်ရှောင်ကျဲ"
ရှန်မော့အာက တဒင်္ဂ ကြောင်အမ်းသွားပြီးမှ သူက မစ္စရှန် ဟု ခေါ်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ သူမက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ "ဟိုင်း၊ မစ္စတာဒေးဗစ်"
ဒေးဗစ်က မတ်တတ်ရပ်ကာ နားမလည်နိုင်သော စကားများကို အများကြီး ပြောလိုက်သည်။ ရှန်မော့အာက သူ့ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိပြီး တစ်ခွန်းမှ နားမလည်ခဲ့ချေ။ ထို့နောက် ဒေးဗစ်၏ မျက်နှာချင်းဆိုင်မှ နိုင်ငံခြားသားကလည်း မတ်တတ်ရပ်လိုက်ပြီး အလွန်တောင့်တင်းသော်လည်း ရှန်မော့အာ နားလည်နိုင်သော ဟွာကော်ဘာသာစကားဖြင့် ပြောလိုက်၏။ "လှပတဲ့ အမျိုးသမီး၊ ကျွန်တော်က ဒေးဗစ်ရဲ့ သူငယ်ချင်းပါ။ ကျွန်တော့်နာမည်က ပေါလ် လို့ ခေါ်ပါတယ်။ ဒေးဗစ်က မင်းရဲ့ထုတ်ကုန်တွေက အရမ်းကောင်းတယ်တဲ့။ သူက အရမ်းသဘောကျပြီး ပူးပေါင်းလုပ်ဆောင်ရတာ အရမ်းဝမ်းသာတယ်လို့ ပြောပါတယ်"
ရှန်မော့အာက အပြုံးတစ်ပွင့် ဖော်ပြလိုက်သည်။ "မင်္ဂလာပါ မစ္စတာပေါလ်၊ နောက်ပြီးတော့ မစ္စတာဒေးဗစ်ရဲ့ ချီးကျူးစကားအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်လို့ တစ်ဆင့် ပြန်ပြောပေးပါဦး"
ပေါလ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ ဤမစ္စတာပေါလ်ကို အရင်က မြင်ဖူးသလိုမျိုး ရှန်မော့အာ ခံစားနေရသော်လည်း ဘယ်နေရာတွင် မြင်ဖူးခဲ့ကြောင်းကိုတော့ ချက်ချင်း စဉ်းစားမရပေ။ ထို့ကြောင့် ဤနိုင်ငံခြားသားများမှာ ရုပ်ရည်ဆင်တူကြသဖြင့် ခွဲခြားရ အလွန်ခက်ခဲကြောင်းသာ သူမ မှတ်ယူလိုက်တော့သည်။
ရှန်မော့အာက ဤကြားဖြတ်ကိစ္စလေးကို စိတ်ထဲမထားတော့ဘဲ ငွေရှင်းပြီးနောက် ရုပ်ရှင်သွားကြည့်ရန် ထပ်မံအဆိုပြုလိုက်သည်။
ဤကာလအတွင်း ရုပ်ရှင်ရုံတွင် ပြသနေသည်များမှာ နိုင်ငံခြားရုပ်ရှင်များချည်းသာ ဖြစ်သည်။ ညတိုင်း ကားတစ်ကား ပြသပြီး ရက် ၂၀ နီးပါး အချိန်အတွင်း နေ့တိုင်း ထပ်နေခြင်း မရှိချေ။
လီရှင်းမေနှင့် လျိုယင်းရွှမ်းတို့မှာ တကယ်တမ်းတော့ မသွားချင်ကြချေ။ ဘာပဲဖြစ်ဖြစ် သူတို့လည်း နားလည်နိုင်မည် မဟုတ်ပေ။ ပထမအကြိမ် သွားကြည့်စဉ်က အသစ်အဆန်းတစ်ခုအနေဖြင့် သတ်မှတ်နိုင်သော်လည်း ဒုတိယအကြိမ် သွားကြည့်ချိန်တွင်တော့ အသစ်အဆန်းဆိုသည့် ခံစားချက်ပင် မရှိတော့ချေ။ သို့သော် ရုပ်ရှင်များမှတစ်ဆင့် နိုင်ငံခြားသားများ၏ အဝတ်အစား၊ အသုံးအဆောင်များနှင့် နေထိုင်မှုဓလေ့စရိုက်များကို လေ့လာနိုင်ကြောင်း ရှန်မော့အာ ပြောခဲ့သည်ကို ထည့်သွင်းစဉ်းစားပြီးနောက် သူတို့က အံကြိတ်ကာ ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ကျင်းချိုင်ဖေးကလည်း နိုင်ငံခြားရုပ်ရှင် ကြည့်ရခြင်းက စိတ်ဝင်စားစရာ မကောင်းဟု ခံစားရ၏။ စကားကို နားမလည်လျှင် သဘာဝကျစွာပင် ဇာတ်လမ်းကိုလည်း နားလည်မည် မဟုတ်ပေ။ သို့သော် သူသည် အတန်ကြာ စဉ်းစားပြီးနောက် ရှန်မော့အာ၏ အဆိုပြုချက်ကို ပွင့်ပွင့်လင်းလင်းပင် ထောက်ခံလိုက်သည်။
ရုပ်ရှင်ကား ပြီးခါနီးအချိန်တွင် လီရှင်းမေနှင့် လျိုယင်းရွှမ်းတို့ နှစ်ဦးစလုံး မည်သည့်အချိန်က အိပ်ပျော်သွားခဲ့ကြောင်းကိုပင် မသိလိုက်ကြချေ။ ကျင်းချိုင်ဖေးကတော့ မျက်လုံးကြီးများကို ပြူးထားသော်လည်း မတ်တတ်ရပ်လိုက်ချိန်တွင် သူ သမ်းဝေလိုက်သည်ကို ရှန်မော့အာ မြင်လိုက်ရသည်။
ရှန်မော့အာက စိတ်ထဲတွင် သဘောပေါက်သွားခဲ့၏။ နောက်တစ်နေ့ ညစာစားပြီးချိန်တွင် သူတို့ကို အရင်ပြန်လွှတ်လိုက်ပြီး သူမကိုယ်တိုင်ကတော့ ရုပ်ရှင်သွားကြည့်မြဲ ကြည့်လေသည်။
နောက်ရက်များတွင်လည်း ရှန်မော့အာက ဤအစီအစဉ်အတိုင်းပင် ဆက်တိုက် လုပ်ဆောင်ခဲ့သည်။ နေ့ခင်းဘက်တွင် ပြခန်း၌ နေထိုင်ပြီး ညဘက်တွင် အပြင်သို့ လမ်းထွက်လျှောက်ကာ ရုပ်ရှင်သွားကြည့်လေသည်။
သူတို့သည် ဒေးဗစ်ကဲ့သို့ တစ်ခါဝယ်လျှင် သန်းနှင့်ချီ၍ ဝယ်ယူသော ဖောက်သည်ကြီးမျိုးနှင့် ထပ်မံမဆုံတွေ့ခဲ့ရတော့ဘဲ ၆ သိန်း၊ ၇ သိန်းတန်ဖိုးရှိ အမှာစာများကိုသာ တသီတတန်းကြီး လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့သော် ပန်းထိုးစက်ရုံချုပ်ဘက်တွင်တော့ ၇ သိန်း၊ ၈ သိန်းတန်ဖိုးရှိ အမှာစာများကို ဆက်တိုက် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အမှာစာ စုစုပေါင်းတန်ဖိုးမှာ ၄ သန်းကျော်အထိ ရောက်ရှိသွားခဲ့သည်။
စက်ရုံချုပ်မှ ထိုလူစုမှာ ချက်ချင်းပင် တစ်ဖန် ပြန်လည် မာနထောင်လွှားလာကြပြန်သည်။ အမှတ်(၉)အလုပ်ရုံက ပထမဆုံးနေ့တွင် ၅ သန်းကျော်တန်ဖိုးရှိ အမှာစာကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ ဒေးဗစ်ကဲ့သို့သော ခပ်အအလူနှင့် ဆုံတွေ့ခဲ့ရ၍ ကံကောင်းသွားခြင်းသာ ဖြစ်ကြောင်း သူတို့က နောက်ကွယ်တွင် တီးတိုးပြောဆိုနေကြသည်ကို ရှန်မော့အာ ကြားခဲ့ရ၏။
ဒီလို မျက်ကန်းကြောင်က ကြွက်သေကို သွားတွေ့သလို ကံကောင်းတာမျိုးက အမြဲတမ်း ရှိနေတတ်တာမှ မဟုတ်တာ။ ဒေးဗစ်လိုမျိုး ဈေးပိုကြီးတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ရတာ သဘောကျတဲ့ ခပ်အအလူမျိုးဆိုတာ ပိုတောင် ရှားသေးတယ်။ အခု ရက်ပိုင်းလေးအတွင်းမှာတင် သူတို့ရဲ့ အခြေအနေမှန်က ပေါ်လွင်နေပြီ မဟုတ်လား။
ဒေးဗစ် လက်မှတ်ရေးထိုးခဲ့သော ၅ သန်းကျော်တန်ဖိုးရှိ အမှာစာကို ဖယ်ထုတ်လိုက်ပါက အမှတ်(၉)အလုပ်ရုံသည် အမှန်တကယ်တွင် ၁ သန်းကျော်ဖိုးသာ ရောင်းချနိုင်ခဲ့ပြီး စက်ရုံချုပ်၏ ၄ သန်းကျော်တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် အလွန် နည်းပါးနေဆဲ ဖြစ်သည်။
လျိုယင်းရွှမ်းကလည်း ထိုလူများ တီးတိုးပြောဆိုနေကြသည်ကို ကြုံဆုံခဲ့ရပြီး ချက်ချင်းပင် ပြန်ပက်ခဲ့လိုက်သည်။ "မစ္စတာဒေးဗစ်ရဲ့ ၅ သန်းကျော်တန် အမှာစာကို ထည့်မတွက်ဘူးဆိုရင်တောင်မှ ကျွန်မတို့ အလုပ်ရုံတစ်ခုတည်းက ၁ သန်းကျော်ဖိုး ရောင်းနိုင်တယ်။ ရှင်တို့ အလုပ်ရုံ ၈ ခုပေါင်းမှ ၄ သန်းကျော်ဖိုးပဲ ရောင်းနိုင်တာကိုများ ရှင်တို့က ဂုဏ်ယူနေကြသေးတာလား။ ကျွန်မသာ ရှင်တို့ဆိုရင် အပြင်ထွက်ဖို့တောင် မျက်နှာပူနေမှာပဲ။ ပြောရရင် လူလုံးပြဖို့တောင် အရှက်မရှိကြဘူးလေ။ သောက်ကျိုးနည်း၊ ရှင်တို့တွေ ထပ်ပြီး ပွစိပွစိ ပြောနေတာကို ကျွန်မ ထပ်ကြားလို့ကတော့ ရှင်တို့ပါးစပ်တွေ ရွဲ့သွားအောင် ပါးချပစ်လိုက်မယ်ဆိုတာ ယုံလား"
ရှန်မော့အာက မလှမ်းမကမ်းတွင် ရပ်နေကာ ရယ်ချင်စိတ်ကို အောင့်ထားရင်း နားထောင်နေခဲ့၏။
သူမသည် အလုပ်များကို ဦးစီးနေရသော ဒုအလုပ်ရုံမှူးတစ်ဦး ဖြစ်သဖြင့် စက်ရုံချုပ်မှ လူများနှင့် တိုက်ရိုက် ပြဿနာတက်ရန် မသင့်လျော်သော်လည်း လျိုယင်းရွှမ်း ဆဲဆိုနေခြင်းကိုတော့ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။
သူတို့ အမှတ်(၉)အလုပ်ရုံသည် နိုင်ငံတစ်ဝန်းရှိ လုပ်ငန်းကြီးများအကြားတွင် နာမည်ကြီးနေပြီဟု ဆိုနိုင်ပေသည်။ ပထမဆုံး အမှာစာကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းက တစ်ကြောင်းဖြစ်ပြီး အခြားတစ်ကြောင်းမှာတော့ ကြမ်းတမ်းသော အမူအကျင့်နှင့် ဆဲဆိုတတ်သော နာမည်ဆိုးကလည်း အလွန်ပင် ကျော်ကြားနေခဲ့ပြီ။
မည်သို့ဆိုစေ နိုင်ငံခြားကုန်သည်များကို ရည်ရွယ်ပြီး ဆဲဆိုနေခြင်း မဟုတ်သဖြင့် ပြခန်းမှ ဝန်ထမ်းများက အကြောင်းစုံကို နားလည်သွားပြီးနောက်တွင် မျက်စိတစ်ဖက်ပိတ်ကာ လျစ်လျူရှုထားပေးကြသည်။
ထိုသို့မှမဟုတ်လျှင်လည်း သူတို့ ဘာတတ်နိုင်မည်နည်း။ ဝန်ထမ်းများက ဝေဖန်ပညာပေးချိန်တွင် သူတို့၏ သဘောထားက အလွန်ကောင်းမွန်လှသည်။ သူတို့က အမှားကို နိမ့်ချစွာ ဝန်ခံကြသော်လည်း လုံးဝ ပြင်ဆင်ခြင်း မရှိကြချေ။ အခွင့်အရေး ရသည်နှင့် ရဲဘော်လီနှင့် အထူးသဖြင့် ဤရဲဘော်လျိုက လူများကို သွေးအန်မတတ် ဆဲဆိုကြလေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဝန်ထမ်းများကလည်း သူတို့ကြားရှိ အငြိုးအတေးများကို အနည်းနှင့်အများ နားလည်လာကြသည်။ ပြောရမည်ဆိုလျှင် တစ်ဖက်က စက်ရုံချုပ်ဖြစ်ပြီး အရင်းအချာမွေးထားသည့် ကလေးနှင့်တူကာ နောက်တစ်ဖက်က ဝေးလံခေါင်သီသော ခရိုင်မြို့လေးတွင် ဖွင့်လှစ်ထားသည့် ကောက်ရလာသော ကလေးနှင့် တူနေသည်။ သို့သော် ကောက်ရလာသော ကလေးက ကလေးအရင်းထက် အမှာစာ ပိုမိုရရှိနေသဖြင့် ကလေးအရင်းက မကျေမနပ်ဖြစ်ကာ မကြာခဏ ပြဿနာရှာပြီး စကားနာထိုးနေခြင်းပင်။
ဒီလို အဆဲခံရတာကလည်း မတန်မရာတော့ မဟုတ်ပါဘူးလေ။
ပန်းထိုးစက်ရုံချုပ်မှ လူစုထဲတွင် ဘယ်သူကမှ လျိုယင်းရွှမ်းကို ယှဉ်ပြီး မဆဲနိုင်ကြချေ။ လျိုယင်းရွှမ်းက တစ်ယောက်ကို ဆဲလိုက်တိုင်း ထိုဘက်မှ လူတစ်ယောက်က ဒေါသထွက်ကာ ပေါက်ကွဲသွားရစမြဲပင်။ ရက်အနည်းငယ် ကြာပြီးနောက်တွင်တော့ သူတို့လည်း တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် လဝက်ကျော်ကြာ အတူတကွ နေထိုင်ရဦးမည် ဖြစ်ရာ မြို့ရိုးထက်ပင် မျက်နှာအရေပိုထူသော မိန်းမကြမ်းတစ်ဦး၏ နေ့စဉ် ဆဲဆိုခြင်းကို မည်သူက ခံချင်ပါမည်နည်း။
ဤသို့ဖြင့် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။ တစ်နေ့သော နံနက်ခင်းတွင် ရှန်မော့အာတို့ ရောက်ရှိလာချိန်၌ ပြခန်းကို အနည်းငယ် ပြင်ဆင်ပြောင်းလဲမှု ပြုလုပ်လိုက်ကြ၏။
သူမက တောက်ပချောမွေ့နေသော အဖြူရောင် ပိုးထည်တစ်လိပ်ကို ဘယ်နေရာမှ ရလာခဲ့သည် မသိရပေ။ ထိုပိုးထည်ကို သူမက ထပ်နေသော စကတ်အနားသတ်ပုံစံဖြစ်အောင် ခေါက်ချိုးလိုက်ပြီး သူတို့ ယူဆောင်လာသော ပန်းထိုးအစများကိုတော့ မည်သည့်အချိန်က ထို "စကတ်အနားသတ်" အပေါ်တွင် သေသပ်စွာ ချုပ်လုပ်လိုက်သည်ကို မသိရချေ။
အထည်ကို အသုံးပြု၍ စကတ်အနားသတ်ပုံစံဖြစ်အောင် ရိုးရှင်းစွာ ခေါက်ချိုးထားခြင်းသာ ဖြစ်ပြီး ပန်းထိုးအစ အနည်းငယ်ကိုသာ ချုပ်လုပ်ထားခြင်း ဖြစ်သော်လည်း ထိုတစ်ပိုင်းတစ်စ ပြီးစီးနေသော "စကတ်အနားသတ်" လေးမှာ အလွန်ပင် လှပလွန်းလှသည်။ ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အတိတ်က ဇာတ်ခုံများပေါ်ရှိ မိတ်ကပ်အဖွေးသားနှင့် အမျိုးသမီးငယ်လေးများ သို့မဟုတ် နိုင်ငံခြားရုပ်ရှင်များထဲမှ ကျက်သရေရှိလှသော အမျိုးသမီးများကို ချက်ချင်း အမှတ်ရသွားစေသည်။
ထို့ပြင် သူတို့ ယူဆောင်လာသော ပန်းထိုးထားသည့် စားပွဲခင်းကိုလည်း ရှန်မော့အာက ပြခန်းစားပွဲပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ထို့နောက် အရောင်အသွေး စုံလင်သော သစ်သီးများ ထည့်ထားသည့် ကြွေပန်းကန်တစ်ခုကိုလည်း ဘယ်နေရာမှ ဖန်တီးယူလာခဲ့သည် မသိရပေ။ ထို့နောက် သစ်သီးပန်းကန်ဘေးတွင် ပါးလွှာသော ကြွေလက်ဖက်ရည်အိုးနှင့် ခွက်များကို ချထားလိုက်သည်။
တစ်ဖက်တွင် လှပသော "စကတ်အနားသတ်" ရှိနေပြီး အခြားတစ်ဖက်တွင် သစ်သီးပန်းကန်နှင့် လက်ဖက်ရည်ခွက်များ တင်ထားသော စားပွဲခင်း ရှိနေသည်။ သာမန် မျက်နှာပြင်ညီ ပြခန်းစားပွဲလေးတစ်ခုသာ ဖြစ်သော်လည်း သူမ၏ ဤကဲ့သို့သော ပြင်ဆင်မှုကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် လှပသော အမျိုးသမီးငယ်လေးတစ်ဦး ဤနေရာတွင် ထိုင်ကာ လက်ဖက်ရည် သောက်နေသကဲ့သို့သော ထင်ယောင်ထင်မှားဖြစ်မှုကို ခံစားလိုက်ရစေသည်။
"ရှင့်ရဲ့ ပြင်ဆင်မှုက အရမ်းလှပလွန်းတယ်"
စက်ရုံချုပ်နှင့် အမှတ်(၉)အလုပ်ရုံတို့ကြား မကြာခဏ ပြဿနာများ ဖြစ်ပွားတတ်သဖြင့် ချန်ကျားဟွာသည် ပြခန်းသို့ မကြာခဏ ပြန်လာကြည့်ရှုနေရသည်။ ထိုသို့ လာကြည့်ချိန်တွင် သူမသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး အလွန်အံ့အားသင့်သွားခဲ့၏။
ချန်ကျားဟွာက ပြခန်း၏ အခြားတစ်ဖက်ကို မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
အမှန်တကယ်တွင် ပန်းထိုးစက်ရုံချုပ်၏ ပြသထားသော ပစ္စည်းများက အမှတ်(၉)အလုပ်ရုံထက် များစွာ ပိုမိုများပြားသည်။ သူတို့သည် အလွန်လှပသော ပန်းထိုးအသင့်ဝတ်အထည် ဒီဇိုင်းတချို့ကိုပင် ယူဆောင်လာခဲ့ကြပြီး ၎င်းတို့ကို ပြသရန်အတွက် ထောက်တိုင်ပါရှိသော ခန္ဓာကိုယ်တစ်ပိုင်း ရေမြှုပ်အရုပ်တချို့ကိုပါ အထူးတလည် ပြင်ဆင်လာခဲ့ကြသည်။
သို့သော် ထူးဆန်းသည်မှာ သူတို့ မည်သို့ပင် ပြင်ဆင်ခင်းကျင်းထားပါစေ၊ ပန်းထိုးလက်ရာဖြစ်စေ၊ အသင့်ဝတ်အထည်ဖြစ်စေ ကြည့်လိုက်လျှင် သာမန်ကုန်ပစ္စည်းများအဖြစ်သာ မြင်တွေ့နေရသည်။ သို့သော် ရှန်မော့အာ၏ ဤပြင်ဆင်မှုလေးကတော့ ရုပ်ရှင်ပိုစတာတစ်ခုနှင့် သို့မဟုတ် ပန်းချီကားတစ်ချပ်နှင့် တူညီနေလေသည်။
ရှန်မော့အာကို ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က သူမသည် တပ်ဖွဲ့မူလတန်းကျောင်းမှ ကလေးနှစ်ယောက်ကို ပြည်နယ်မြို့တော်ရှိ ပန်းချီပြိုင်ပွဲသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်းကို သူမ သတိရသွားသည်။ နောက်ဆုံးတွင် ထိုကလေးနှစ်ယောက်စလုံး ပြည်နယ်အဆင့် ဒုတိယဆုများ ရရှိခဲ့ကြသည်ဟု ကြားသိရပြီးနောက် ရှန်မော့အာ ကိုယ်တိုင် ရေးဆွဲထားသော အသေးစိတ်ကျလှသည့် ပန်းထိုးဒီဇိုင်းများကို ပြန်လည်စဉ်းစားမိသောအခါ ချန်ကျားဟွာက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
တကယ်ပဲ သူက နှစ်ခုစလုံးမှာ ထူးချွန်တာပါလား။ သူက ဒီလို သာမန်လက်စွမ်းလေး ပြလိုက်တာကတင် တခြားလူတွေအတွက် အတန်ကြာ လေ့လာသင်ယူဖို့ လုံလောက်နေပြီပဲ။
မကြာမီမှာပင် နိုင်ငံခြားကုန်သည်များက လာရောက်ကာ ဈေးနှုန်းမေးမြန်းကြတော့သည်။ သို့သော် အစပိုင်းတွင် ဈေးလာမေးကြသူများမှာ စားပွဲခင်းကို ရည်ရွယ်၍ လာကြခြင်း ဖြစ်ပြီး သစ်သီးပန်းကန်နှင့် လက်ဖက်ရည်ခွက်များ၏ ဈေးနှုန်းကိုပင် မေးမြန်းကြသူများ ရှိသေး၏။ ထိုအခါ ရှန်မော့အာကလည်း ပြုံးရွှင်စွာဖြင့် သူတို့ကို ပြန်လည်ဖြေကြားပေးလိုက်သည်။
နိုင်ငံခြားကုန်သည်များက သစ်သီးပန်းကန်နှင့် လက်ဖက်ရည်ခွက်များကို အမှန်တကယ် ဝယ်ယူလိုကြောင်း တွေ့ရှိရသောအခါ ရှန်မော့အာက လျိုယင်းရွှမ်းကို အဆိုပါလူများအား ကြွေထည်ပြခန်းသို့ ခေါ်ဆောင်သွားခိုင်းလိုက်သည်။
ဤကြွေထည်ပစ္စည်းအနည်းငယ်မှာ သူမက အခြားပြခန်းရှိ လုပ်ငန်းများထံမှ ငှားရမ်းလာခဲ့ခြင်း ဖြစ်သည်။ ငှားရမ်းလာချိန်တွင် တစ်စုံတစ်ယောက်က လိုချင်ပါက သူမက ဈေးနှုန်း ကြိုတင်ညှိနှိုင်းပေးမည်ဖြစ်ပြီး အမှန်တကယ် ဝယ်ယူလိုပါက ကြွေထည်ပြခန်းသို့ ပို့ဆောင်ပေးမည်ဟု သဘောတူညီမှု ရယူထားခဲ့ခြင်း ဖြစ်၏။
တိုက်ဆိုင်စွာပင် ပိုးထည်ကို သဘောကျသူများလည်း ရှိလာခဲ့သည်။ ထိုအတွန့်ထပ်လေးများပါသော ပိုးထည်လေးမှာ အလွန်ပင် လှပလွန်းလှပေသည်။ အထူးသဖြင့် လတ်ဆတ်ပြီး သေသပ်လှပသော ပန်းထိုးအစလေးများကို ချုပ်လုပ်ထားခြင်းက ပိုလို့ပင် အသက်ဝင်သွားစေသည်။ ဤကဲ့သို့သော အထည်နှင့် ပန်းထိုးအစများကို ပွဲတက်ဝတ်စုံအဖြစ် ချုပ်လုပ်လိုက်ပါက မှင်သက်ဖွယ်ကောင်းအောင် လှပသွားလိမ့်မည်။
ထို့ကြောင့် ရှန်မော့အာက ထပ်တူညီသော နည်းလမ်းကိုပင် အသုံးပြုကာ တခြားသူများနှင့် အကြမ်းဖျင်း အရင်စကားပြောဆိုပြီး တစ်ဖက်လူက အမှန်တကယ် စိတ်ဝင်စားကြောင်း တွေ့ရှိရပါက လီရှင်းမေကို အဆိုပါလူများအား ပိုးထည်ပြခန်းသို့ ခေါ်ဆောင်သွားခိုင်းလိုက်သည်။
ပိုးထည်နှင့် ကြွေထည်ကို သဘောကျသူများ ရှိသကဲ့သို့ ပန်းထိုးအစနှင့် စားပွဲခင်းကို သဘောကျသူများမှာလည်း သဘာဝကျစွာပင် မနည်းလှချေ။ ထိုနေ့တွင် အမှတ်(၉)အလုပ်ရုံသည် သန်းနှင့်ချီသော အမှာစာများကို ထပ်မံ၍ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
နောက်ရက်များတွင် တချို့အချိန်များ၌ အနည်းငယ် ပိုများပြီး တချို့အချိန်များ၌ အနည်းငယ် လျော့နည်းသွားသော်လည်း နေ့စဉ် အနည်းဆုံး ၅ သိန်းကျော်တန်ဖိုးရှိ အမှာစာများကို ရရှိခဲ့သည်။
ပြပွဲ၏ နောက်ဆုံးနေ့သို့ ရောက်ရှိချိန်တွင် အမှတ်(၉)အလုပ်ရုံသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၉.၅၂သန်း တန်ဖိုးရှိ အမှာစာများကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ဤအောင်မြင်မှုကို ချန်ကျားဟွာနှင့် ကျိန့်ဟွေရူတို့ ထင်မှတ်မထားခဲ့သည်ကို မပြောနှင့်။ နန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ လူများပင်လျှင် ထင်မှတ်မထားခဲ့ကြချေ။ နောက်ရက်များတွင် နေ့စဉ် ပြပွဲပြီးဆုံးခါနီးအချိန်တိုင်း နန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ အရာရှိများက ပန်းထိုးစက်ရုံ၏ ပြခန်းသို့ အထူးတလည် ပြေးလာကာ ထိုနေ့၏ အမှာစာရရှိမှု အခြေအနေများကို မေးမြန်းကြလေသည်။
ကြားသိရသည်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ဦးဆောင်သူ ခေါင်းဆောင်က ယခုအချိန်တွင် အမှတ်(၉)အလုပ်ရုံအနေဖြင့် ၁၀ သန်းကို ကျော်လွန်နိုင်မည်လား ဆိုသည်ကို တွေ့မြင်လိုကာ အလွန် မျှော်လင့်စောင့်စားနေကြောင်း သိရသည်။
အမှန်တကယ်တွင် ပန်းထိုးစက်ရုံချုပ်၏ ၅ သန်းကျော်နှင့် ပေါင်းလိုက်ပါက ပန်းထိုးစက်ရုံ၏ စုစုပေါင်း အမှာစာရရှိမှုမှာ အစောကြီးကတည်းက ၁၀သန်းကျော်သွားပြီဖြစ်သည်။ ၎င်းမှာ ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော အံ့ဩဖွယ်ရာ အောင်မြင်မှုတစ်ခုဖြစ်ပြီး သတင်းများက ပန်းထိုးစက်ရုံသို့ ပြန်လည်ရောက်ရှိသွားချိန်တွင် စက်ရုံမှူးကပင် ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မှ လူများကို အထူးတလည် ဖုန်းဆက်ကာ ဂုဏ်ပြုနှုတ်ဆက်ခဲ့လေသည်။
ပြောရမည်ဆိုလျှင် ပန်းထိုးစက်ရုံချုပ်မှ လူများမှာလည်း အောင့်သက်သက် ဖြစ်နေကြရသည်။ သည်နှစ်တွင် အမှတ်(၉)အလုပ်ရုံက ဤနေရာ၌ ယှဉ်ပြိုင်နေသဖြင့် သူတို့မှာ သူတို့၏ ကုန်ပစ္စည်းများကို ရောင်းချနိုင်ရန် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြရပြီး ရှန်မော့အာထံမှလည်း တိတ်တဆိတ် အများအပြား သင်ယူခဲ့ကြရသည်။ ၅ သန်းကျော်တန်ဖိုးရှိ အမှာစာရရှိမှုမှာ ယမန်နှစ်ကထက် များစွာ ကျော်လွန်နေပြီဖြစ်ကာ အကယ်၍ အမှတ်(၉)အလုပ်ရုံသာ မရှိခဲ့ပါက သူတို့သည် ယခုနှစ်တွင် သေချာပေါက် ချီးကျူးခံရမည်မှာ အမှန်ပင်။
သို့သော် ဖြစ်ချင်တော့ အမှတ်(၉)အလုပ်ရုံ၏ အမှာစာရရှိမှုမှာ သူတို့၏ တစ်ဆနီးပါး ဖြစ်နေသဖြင့် သူတို့မှာ နှိုင်းယှဉ်ခံရကာ အမှန်တကယ်တွင် လုပ်ငန်းစွမ်းဆောင်ရည် သိသိသာသာ တိုးတက်လာခဲ့သော်လည်း အလုပ်မလုပ်နိုင်သကဲ့သို့ ဖြစ်နေရတော့သည်။
မနက်စောစောအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ဝန်ထမ်းရှောင်ချွီက ထပ်ရောက်လာပြန်သည်။
အနက်ရောင် မျက်မှန်ကိုင်းကို တပ်ဆင်ထားသော လူငယ်လေးက ရှန်မော့အာကို ကြည့်နေသော မျက်လုံးများမှာ တောက်ပနေတော့သည်။ "ရဲဘော်ရှန်၊ ဒီနေ့က နောက်ဆုံးနေ့ပဲနော်၊ ခင်ဗျားတို့ ၁၀ သန်းကျော်ဖို့ ယုံကြည်ချက် ရှိရဲ့လား"
ရှန်မော့အာ "..."
ရှန်မော့အာက သဘောထားမပြရသေးမီမှာပင် လျိုယင်းရွှမ်းက အရင်ဆုံး စကားစပြောလိုက်သည်။ "ရှင်က ယုံကြည်ချက်ကို မေးမယ်ဆိုရင်တော့ သေချာပေါက် ရှိတာပေါ့။ လူရှုံးရင်တောင် အရှိန်အဝါတော့ မရှုံးစေရဘူးလေ။ ကျွန်မတို့ ကိုယ်တိုင်ကတော့ ယုံကြည်ချက် အပြည့်ရှိပါတယ်။ ဒါပေမဲ့ လုပ်နိုင်မလား မလုပ်နိုင်ဘူးလား ဆိုတာကတော့ မသေချာဘူးနော်"
လီရှင်းမေကလည်း ပြုံးရွှင်စွာဖြင့် ထောက်ခံလိုက်၏။ "ဒါပေါ့၊ ကျွန်မတို့မှာ ယုံကြည်ချက်တော့ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံခြားကုန်သည်တွေကိုလည်း ကြည့်ရဦးမယ် မဟုတ်လား"
ရှန်မော့အာက ပြုံးလိုက်သည်။ "သူတို့ပြောတာက ကျွန်မ ပြောချင်တာပါပဲ"
သူ၏ ဤအမေးစကားက အနည်းငယ် အဆင့်အတန်းမရှိကြောင်း ရှောင်ချွီကလည်း သိနေသည်။ သို့သော် ဤစစ်ပွဲမှာ နောက်ဆုံးနေ့အထိ ရောက်ရှိလာပြီဖြစ်သည်တွင် သူကိုယ်တိုင်ပင်လျှင် စိတ်လှုပ်ရှားကာ စိုးရိမ်တကြီး ဖြစ်နေရ၏။ သူက ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းပါပြီ၊ ကျွန်တော် နောက်မှ ပြန်လာမေးပါဦးမယ်"
ထိုအချိန်မှာပင် လီရှင်းမေက ရှန်မော့အာကို တံတောင်ဖြင့် ရုတ်တရက် တွတ်လိုက်သည်။ "ဟိုမှာ ဟိုတစ်ယောက် မဟုတ်လား၊ ကျွန်မတို့ရဲ့ ပထမဆုံး ဖောက်သည်ကြီး ဒေးဗစ်လေ၊ သူက ကျွန်မတို့ဆီကို တည့်တည့်လာနေသလိုပဲ ခံစားနေရတယ်"
...
အပိုင်း (၉၈)
ပြခန်း၏ အခြားတစ်ဖက်ရှိ ပန်းထိုးအထည်စက်ရုံချုပ်မှ လူများကလည်း မြင်လိုက်ကြသည်။ ဒေးဗစ်သည် သူတို့ရှိရာဖက်သို့ ကြည့်နေသည်မှာ သိသာပြီး ခြေလှမ်းမှန်မှန်ဖြင့် လျှောက်လာနေလေသည်။
ယင်းကျွင့်ပင် မနေနိုင်ဘဲ တအံ့တဩ ရေရွတ်လိုက်မိ၏။ "တကတဲ။ သူက အမှာစာ ထပ်လာပေးတာတော့ မဟုတ်ပါဘူးနော်"
ယခုခေတ်တွင် အယူသီးမှုများကို ခွင့်မပြုထား၍သာ။ ထိုသို့သာမဟုတ်လျှင် ရှန်မော့အာက ယခင်ဘဝက ဒေးဗစ်တစ်မိသားစုလုံး၏ အသက်ကို ကယ်တင်ခဲ့ဖူးလို့များ ဒီဘဝမှာ သူ့ကို ဒီလိုပြန်ကျေးဇူးဆပ်နေတာလားဟု ယင်းကျွင့်က ပြောလိုက်မိမည်မှာ အမှန်ပင်။
၄ ဒေါ်လာတန် လက်ကိုင်ပဝါရယ်၊ ၁၂ ဒေါ်လာတန် လက်ကိုင်ပဝါနဲ့ ခပ်ဆင်ဆင်တူတဲ့ ပဝါလေးရယ်ကို ဒီလိုဝယ်နေတာက ငတုံး မဟုတ်ရင် ဘာလဲ။ ပြခန်းတစ်ခုလုံးမှာ ဒီရက်ပိုင်းအတွင်း ဘယ်သူကမှ ဒီလိုဈေးမျိုးနဲ့ ရောင်းရတယ်လို့ မကြားမိပါဘူး။
ဒီဒေးဗစ်ရဲ့ ပိုက်ဆံတွေက လေထဲကနေ လွင့်လာတာများလား။ သူက ၅ သန်းကျော်တောင် သုံးပြီးသွားပြီကို ထပ်ပြီး သုံးချင်နေသေးတာလား
နှစ်ဖက်စလုံး၏ စောင့်ကြည့်မှုအောက်တွင် ဒေးဗစ်က ပန်းထိုးစက်ရုံ၏ ပြခန်းရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။ ထို့နောက် ရှန်မော့အာကို ကြည့်ကာ ဖြူဖွေးသော သွားများပေါ်လာသည်အထိ ပြုံးပြလိုက်ပြီး "ဟယ်လို၊ ရှန်ရှောင်ကျဲ"
ရှန်မော့အာက ပြုံးကာ နှုတ်ဆက်လိုက်၏။ "မစ္စတာဒေးဗစ် ကျွန်မတို့ ထပ်တွေ့ပြန်ပြီနော်"
ဒေးဗစ်က ခေါင်းလှည့်ကာ သွားလာနေသော လူအုပ်ကြီးကို အမေရိကန်ဘာသာစကားဖြင့် လှမ်းအော်လိုက်သည်။ "ဟေး မိတ်ဆွေ၊ မြန်မြန်လာလေ"
ရှန်မော့အာက သူ၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်သည်။ ထိုအခါ လူအုပ်ထဲတွင် ချည်သားလက်ရှည်အင်္ကျီကို ဝတ်ဆင်ထားပြီး အလွန်ရိုးရှင်းသော ပုံစံရှိသည့် ပေါလ်ကို မြင်လိုက်ရ၏။ ပေါလ်သည် မူလက ဖြည်းဖြည်းချင်း လျှောက်လာခဲ့သော်လည်း ဒေးဗစ်၏ အော်ခေါ်သံကို ကြားပြီးနောက် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလာခဲ့သည်။ ပြခန်းရှေ့သို့ ရောက်သောအခါ ရှန်မော့အာကို နှုတ်ဆက်လိုက်သည်။ "ဟိုင်း၊ မိန်းမလှလေး။ ထပ်တွေ့ပြန်ပြီနော်"
ရှန်မော့အာက ခေါင်းညိတ်ပြလိုက်၏။ "မစ္စတာပေါလ်"
ဒေးဗစ်က ပေါလ်ကို ဆွဲကာ နားမလည်နိုင်သော စကားများကို တရစပ် ပြောဆိုနေတော့သည်။ ပေါလ်က သူ ညွှန်ပြသောနေရာကို ကြည့်လိုက်သောအခါ ပြခန်းပေါ်ရှိ ပိုးထည်နှင့် ပန်းထိုးအစများကို မြင်တွေ့သွားပြီး ချက်ချင်းပင် မျက်လုံးများ အရောင်လက်သွားခဲ့၏။ သူက ရှန်မော့အာကို ကြည့်ကာ ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။ "အမျိုးသမီး... ကျွန်တော် ဒီလှပတဲ့ အရာတွေကို... ကိုင်ကြည့်လို့... ရမလား"
ရှန်မော့အာက ပြုံးကာ ပြောလိုက်သည်။ "ရပါတယ်၊ ဒါပေမဲ့ ရှင် နည်းနည်းတော့ သတိထားပေးနော်။ ဒီအထည်သားက ရှားပါးပြီးတော့ ပျက်စီးလွယ်လို့ပါ"
ပေါလ် နားလည်သွားသလား မလည်ဘူးလားဆိုတာကိုတော့ မသိရပေ။ သို့သော် သူ၏ မျက်နှာအမူအရာက သိသိသာသာ တည်ကြည်သွားခဲ့၏။ သူက ဖြူဝင်းနေသော ပိုးထည်ကို ဂရုတစိုက် ကိုင်တွယ်ကြည့်လိုက်သည်။ ထို့နောက် ခါးကို ကိုင်းကာ ထိုအပေါ်တွင် ချုပ်လုပ်ထားသော ပန်းထိုးအစများကို သေချာစွာ ကြည့်ရှုလိုက်ပြီး အတန်ကြာမှ ခေါင်းမော့လာကာ ပြောလိုက်သည်။ "အရမ်းလှတာပဲ။ အထည်ကလည်း လှသလို ပန်းထိုးလက်ရာကလည်း အရမ်းလှတယ်"
ဒေးဗစ်မှာ စိတ်မြန်လက်မြန် ရှိလှသည်။ ဘာသာစကား မတူညီသော်လည်း သူက မကြာခဏ ဝင်ရောက်ပြောဆိုတတ်ပြီး ယခုအချိန်တွင်လည်း ရှန်မော့အာတို့ နားမလည်နိုင်သော စကားများကို ထပ်ပြီး တရစပ် ပြောဆိုနေပြန်၏။
ဘယ်အချိန်က ရောက်လာခဲ့မှန်း မသိသည့် စကားပြန်က ဘေးတွင် ရပ်ကာ နဖူးမှ ချွေးများကို သုတ်ရင်း ပြုံးကာ ပြောလိုက်သည်။ "မစ္စတာဒေးဗစ်က သူက အလွန်ဉာဏ်ပညာကြီးမားပြီး အမြင်ကျယ်တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်က ကျွန်တော်တို့ ပြခန်းရှေ့က ဖြတ်သွားတုန်းက ဒီလှပတဲ့ ပိုးထည်နဲ့ ပန်းထိုးအစတွေကို သူ တွေ့ခဲ့တာပါ။ အဲဒါတွေက မစ္စတာပေါလ်နဲ့ အရမ်းလိုက်ဖက်မယ်လို့ သူ ထင်ပါတယ်။ မစ္စတာပေါလ်က သူ့ကို ကျေးဇူးတင်သင့်တယ်ဆိုတာနဲ့ နောက်ကြုံရင် သူ့ကို အရက်တစ်ခွက် တိုက်သင့်တယ် မဟုတ်လားလို့ မေးနေတာပါ"
လျိုယင်းရွှမ်းနှင့် လီရှင်းမေတို့သည် နောက်ကွယ်တွင် မနေနိုင်ဘဲ တီးတိုးပြောဆိုနေကြ၏။
"ဒီနိုင်ငံခြားသားက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးတာပဲနော်။ သူကများ ဉာဏ်ပညာကြီးမားပြီး အမြင်ကျယ်တယ်တဲ့။ ဟားဟား... ဒါပေမဲ့ ဒေးဗစ် ဒီလိုပြောတာကိုတော့ ကျွန်မတို့ ထောက်ခံရမယ်။ အမြင်မကျယ်ရင် ကျွန်မတို့ကို ရွေးပါ့မလား"
"ဒီပေါလ်ကလည်း ဒေးဗစ်လိုပဲ သဘောကောင်းမလား မသိဘူးနော်။ ကျွန်မတို့ ၁၀ သန်း ကျော်မကျော်ဆိုတာ ဒီပေါလ်အပေါ်မှာပဲ မူတည်နေပြီလို့ ကျွန်မတော့ ကြိုဟောချင်တယ်"
ပန်းထိုးအထည်စက်ရုံချုပ်မှ လူများကလည်း ခပ်လှမ်းလှမ်းနေရာတွင် တီးတိုးပြောဆိုနေကြသည်။
" ဒီဒေးလူက ရူးနေတာလား မသိဘူး။ သူကိုယ်တိုင် ငတုံးအဖြစ် ခံတာမဝသေးလို့ သူ့သူငယ်ချင်းကိုပါ ငတုံးဖြစ်အောင် ဆွဲခေါ်လာသေးတယ်"
"ဒီလူကလည်း ဒေးဗစ်လိုပဲ ခပ်အအတော့ မဟုတ်ပါဘူးနော်။ သူတို့ရဲ့ ဒီပန်းထိုးအစတွေက လက်ကိုင်ပဝါထက်တောင် ဈေးပိုကြီးသေးတယ်။ ဒီဟာတွေကို ဝယ်သွားပြီး စားလို့လည်းမရ၊ ဝတ်လို့လည်းမရနဲ့ ဘာလုပ်မှာလဲ"
သဘောမကျပါစေနဲ့၊ သဘောမကျပါစေနဲ့၊ စာချုပ်မချုပ်ပါနဲ့၊ လုံးဝ စာချုပ်မချုပ်ပါစေနဲ့။
ထိုအချိန်တွင် လူအားလုံး၏ အကြည့်များက ပေါလ်ဆီသို့ ကျရောက်သွားခဲ့၏။
ပေါလ်ကတော့ လုံးဝ သတိမထားမိဘဲ ခေါင်းငုံ့ကာ ပန်းထိုးအစများနှင့် ပိုးထည်ကို အတန်ကြာ ထပ်မံကြည့်ရှုနေခဲ့သည်။ ထို့နောက်မှ မတ်တတ်ရပ်ကာ ချီးကျူးလိုက်သည်။ "ကျွန်တော် ဒေးဗစ်ကို တကယ်ပဲ ကျေးဇူးတင်ရမယ်။ ဒေးဗစ်သာ မရှိရင် ဒီလောက်လှပတဲ့ အရာတွေကို ကျွန်တော် လက်လွတ်သွားရတော့မှာ။ ဒီလှပတဲ့ ပန်းထိုးအစက ဈေးဘယ်လောက်လဲ မသိဘူး"
ရှန်မော့အာက ပြုံးကာ ပြောလိုက်၏။ "ဒီနေ့က နောက်ဆုံးနေ့ဆိုတော့လေ၊ အရင်ကလည်း ကျွန်မတို့ အမှာစာတွေ အများကြီး ရထားပြီးသားဆိုတော့ ဈေးဆစ်နေစရာ မလိုတော့ပါဘူး။ ကျွန်မ ရှင့်ကို တခြားလူတွေကို ရောင်းတဲ့ဈေးအတိုင်းပဲ တစ်ခုကို ၁၅ ဒေါ်လာနဲ့ ပေးပါ့မယ်။ ရှင် ဘယ်လိုသဘောရလဲ"
ပန်းထိုးအထည်စက်ရုံချုပ်ဘက်တွင် ဝမ်ဟွေ့ကျွင်းက အံကြိတ်ကာ ပြောလိုက်သည်။ "ဒီလောက်ကြီးတဲ့ ဈေးကို ဒီပေါလ်က လက်ခံမှာ မဟုတ်ပါဘူးနော်။ ကျွန်မ စုံစမ်းထားသလောက်ဆိုရင် သူတို့ရဲ့ ပန်းထိုးအစတွေက ဈေးအရမ်းကြီးလို့ သိပ်တောင် မရောင်းရဘူးတဲ့။ အရင်က စုစုပေါင်းမှ ဒေါ်လာ သိန်းဂဏန်းလောက်ပဲ ရောင်းရသေးတာ"
ယင်းကျွင့်က မျက်မှောင်ကြုတ်လိုက်၏။ အမှတ်(၉)အလုပ်ရုံကို အမှာစာ ၁၀ သန်း မကျော်စေချင်ဆုံးသူမှာ သေချာပေါက် သူပင် ဖြစ်လိမ့်မည်။ သူက ဤတစ်ကြိမ် ကွမ်ကျိုးကုန်စည်ပြပွဲ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တွင် မနည်းလိုက်ပါလာခဲ့ရခြင်းမှာ လက်တွေ့လုပ်ဆောင်မှု မှတ်တမ်းအချို့ကို စုဆောင်းရန်အတွက် ဖြစ်သည်။ ယခုအခါ အခြေအနေတစ်ခုလုံးက စက်ရုံချုပ်အတွက် အလွန်ဆိုးရွားနေပြီ ဖြစ်ကာ အကယ်၍ အမှတ်(၉)အလုပ်ရုံသာ ၁၀ သန်း ကျော်သွားခဲ့ပါက စက်ရုံချုပ်ဘက်မှာ နှိုင်းယှဉ်စရာပင် မရှိတော့ဘဲ အသုံးမကျသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ရရှိထားသော အောင်မြင်မှုအားလုံးမှာလည်း သုညဖြစ်သွားလိမ့်မည်။
သို့သော် ပေါလ်က ရှန်မော့အာ၏ အမေးကို ပြန်မဖြေဘဲ မေးလိုက်သည်။ "ဒါတွေအပြင် တခြား... ပုံတွေ... ရှိသေးလား"
ရှန်မော့အာက အတန်ကြာ စဉ်းစားလိုက်မှ သူ၏ ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ သူမက ပြုံးလိုက်ပြီး လွယ်အိတ်ထဲမှ ပန်းချီကားချပ် ၂ ချပ်ကို အလွယ်တကူ ထုတ်ယူလိုက်၏။ "ဒါက ဒီရက်ပိုင်း အားနေတုန်း ကျွန်မ ဆွဲထားတာပါ။ ရှင် ကြည့်ကြည့်လို့ ရပါတယ်"
ပေါလ်က ယူကြည့်လိုက်ပြီးနောက် ရှန်မော့အာကို လက်မထောင်ပြလိုက်သည်။
ထို့နောက် မကြာမီမှာပင် သူက ပြခန်းပေါ်ရှိ ပန်းထိုးအစများကို လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ဒါတွေကို ကျွန်တော် အခု ၅ သောင်း ယူမယ်"
ထို့နောက် ပန်းချီကားချပ်ပေါ်မှ ပုံများကို ထပ်မံညွှန်ပြကာ "ဒီအသစ်တွေကိုကျတော့ ကျွန်တော်က အမေရိကန်နိုင်ငံအတွက် သီးသန့် ကိုယ်စားလှယ်အခွင့်အရေး ရချင်တယ်။ ဈေးပိုပေးလည်း ရပါတယ်။ တခြားလူတွေကို မရောင်းရဘူး၊ ရမလား"
ရှန်မော့အာက မျက်ခုံးပင့်လိုက်သည်။ "စီးပွားရေးအရ ပြောရရင် ဈေးနှုန်းသင့်တော်သရွေ့ အားလုံး ညှိနှိုင်းလို့ ရပါတယ်"
ပေါလ်က ပြုံးကာ ပခုံးတွန့်လိုက်၏။ "ဒါပေါ့၊ ကျွန်တော့်မှာ စေတနာအပြည့် ရှိပါတယ်။ သင့်တော်တဲ့ ဈေးနှုန်းတစ်ခု သေချာပေါက် ပေးမှာပါ"
ရှန်မော့အာက ခေါင်းညိတ်ပြလိုက်ပြီး သူတို့ကို ဆွေးနွေးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဒေးဗစ်နှင့် စကားပြန်တို့ကလည်း နောက်မှ လိုက်သွားကြပြီး လျိုယင်းရွှမ်းကလည်း အလျင်အမြန် လိုက်သွားခဲ့၏။ လီရှင်းမေကတော့ နေရာမှာပင် ရပ်နေကာ ကျင်းချိုင်ဖေးကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။ "ဒုအလုပ်ရုံမှူးကျင်း... ခုနက နိုင်ငံခြားသားက ဘယ်လောက်ယူမယ်လို့ ပြောလိုက်တာလဲ"
ကျင်းချိုင်ဖေးက ရှုပ်ထွေးသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ "၅ သောင်းတဲ့... အသစ်ပုံစံတွေပါ ပေါင်းလိုက်ရင် အဲဒီထက်တောင် ပိုနိုင်သေးတယ်"
လီရှင်းမေ: "ကျွန်မတို့က တစ်ခုကို ၁၅ ဒေါ်လာနဲ့ ရောင်းတာဆိုတော့ ၅ သောင်းဆိုရင် ပိုက်ဆံဘယ်လောက်လဲဟင်"
ကျင်းချိုင်ဖေးသည် သူ၏ နှလုံးသားက ဒိတ်ဒိတ်ခုန်နေပြီး နားထဲတွင်လည်း အူနေသကဲ့သို့ ခံစားလိုက်ရ၏။ ဝမ်းသာနေခြင်းလား၊ စိတ်လှုပ်ရှားနေခြင်းလားဆိုသည်ကိုပင် မခွဲခြားနိုင်တော့ချေ။ အတန်ကြာမှ သူက ပြန်ပြောလိုက်သည်။ "တစ်ခုကို ၁၅ ဒေါ်လာဆိုရင် ၅ သောင်းဆိုတော့ ၇ သိန်း ၅ သောင်းပေါ့"
"ဒါဆို ကျွန်မတို့ စုစုပေါင်း ဘယ်လောက်ရပြီလဲ"
"စာချုပ်ချုပ်တာ အောင်မြင်သွားရင် အနည်းဆုံး ၁၀.၂၇သန်း ရပြီ"
ကျင်းချိုင်ဖေးကလည်း ရှန်မော့အာအကြောင်းကို အနည်းငယ် နားလည်နေပြီ ဖြစ်သည်။ ဆွေးနွေးခန်းသို့ သွားပြီး စာချုပ်ကိစ္စ ဆက်လက်ဆွေးနွေးမည်ဟု ဆိုသော်လည်း ရှန်မော့အာက ဈေးနှုန်းပိုင်းတွင် လုံးဝ အလျှော့ပေးမည် မဟုတ်ချေ။ သူမက ဈေးမတင်ဘဲ အခြားပစ္စည်းများကိုပါ အတင်းထိုးရောင်းခြင်း မပြုလုပ်သည်ကပင် တစ်ဖက်လူကို ညှာတာလိုက်ခြင်းပင်။
ထို့ကြောင့် ဈေးနှုန်းလျော့ကျသွားမည်မဟုတ်ဘဲ စာချုပ်ချုပ်ဆိုနိုင်ရန် သေချာသလောက် ရှိနေသည့် အခြေအနေမျိုးတွင် သူတို့၏ အမှာစာ စုစုပေါင်းပမာဏ ၁၀ သန်းကျော်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ကျင်းချိုင်ဖေးက အစပိုင်းတွင် သူနှင့် မောက်ကျန့်ရှင်းတို့ ရှန်မော့အာအကြောင်း တီးတိုးပြောဆိုခဲ့ကြသည်ကို ပြန်လည်တွေးတောမိလိုက်သည်။ ရှန်မော့အာ ရွေးချယ်ထားသော ပန်းထိုးဒီဇိုင်းများမှာ ရိုးရှင်းလွန်းပြီး ဈေးကွက်လိုအပ်ချက်နှင့် မကိုက်ညီသဖြင့် ကွမ်ကျိုးကုန်စည်ပြပွဲတွင် ပါဝင်ပြသလျှင်တောင်မှ အမှာစာ အနည်းငယ်မျှသာ ရရှိလိမ့်မည်ဟု ထင်မြင်ခဲ့ကြ၏။
ယခု ပြန်လည်တွေးကြည့်သောအခါ ထိုစကားများအားလုံးက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သော ပါးရိုက်ချက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့မျက်နှာမှာ တဖြန်းဖြန်း ရိုက်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။
ပထမဆုံးနေ့မှာပင် ၅ သန်းကျော်တန်ဖိုးရှိ အမှာစာကို ရရှိခဲ့ချိန်က ကျင်းချိုင်ဖေးသည်လည်း ရှန်မော့အာ ကံကောင်းသွားခြင်းသာ ဖြစ်သည်ဟု ထင်မှတ်ခဲ့မိကြောင်း ဘယ်သူက သိနိုင်မည်နည်း။ နောက်ပိုင်းတွင် အမှာစာပမာဏများ တဖြည်းဖြည်း ကျဆင်းလာချိန်၌ သူသည်လည်း ပန်းထိုးအထည်စက်ရုံချုပ်မှ လူများကဲ့သို့ပင် ကံကောင်းခြင်းများ ကုန်ဆုံးသွားပြီးနောက် အမှတ်(၉)အလုပ်ရုံအနေဖြင့် မည်သည့်လှိုင်းလုံးကိုမျှ ဖန်တီးနိုင်တော့မည် မဟုတ်ဟု ထင်မြင်ခဲ့မိသည်။
ယခု ပြန်လည်တွေးကြည့်သောအခါ သူသည် ရယ်စရာကောင်းလေခြင်းဟု ခံစားလိုက်ရတော့သည်။ သူများတွေက ကွမ်ကျိုးကုန်စည်ပြပွဲကို ပထမဆုံးအကြိမ် လာတာဖြစ်ပြီးတော့ ပထမဆုံးနေ့မှာပဲ ၅ သန်းကျော်တန်ဖိုးရှိ အမှာစာကို ရခဲ့တာကို သူက သူများတွေကို လှိုင်းလုံးတွေ မဖန်တီးနိုင်တော့ဘူးလို့ ပြောရဲသေးတယ်တဲ့။
တကယ်တမ်းတွင်မူ ထိုအချိန်ကတည်းက သူ့မသိစိတ်ထဲတွင် ရှန်မော့အာ အလွန်ထက်မြက်ကြောင်းကို သိရှိနေခဲ့ပြီး ရှန်မော့အာအနေဖြင့် ပိုမိုကြီးမားသော လှိုင်းလုံးကြီးများကို ဖန်တီးနိုင်လိမ့်မည်ဟု တကယ်တမ်း ခံစားမိနေခဲ့သည်။
သူက ထိုအမှန်တရားကို ရင်မဆိုင်ရဲခဲ့ခြင်းသာ။
လီရှင်းမေမှာမူ ဝေဝေဝါးဝါး ဖြစ်နေတော့သည်။ ကွမ်ကျိုးမြို့သို့ ရောက်လာကတည်းက ငွေများက ငွေမဟုတ်တော့သလို ခံစားနေရ၏။
သူမက တစ်လလျှင် လစာ ယွမ်၃၀ ကျော်သာ ရရှိသူတစ်ဦး ဖြစ်သော်လည်း ယခင်က သူမ၏ ဝင်ငွေမှာ မဆိုးဘူးဟု အမှန်တကယ် ထင်မှတ်ခဲ့ပြီး ရွာထဲတွင်လည်း အခြေခံအားဖြင့် နာမည်စာရင်းဝင်နိုင်သူတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ဤနေရာသို့ ရောက်လာသောအခါ ဘယ်သူကမှ ဆယ်ဂဏန်းလောက်ကို စကားမပြောကြချေ။ သူတို့ လက်မှတ်ရေးထိုးခဲ့သော အမှာစာများတွင် ထောင်ဂဏန်းဖြင့် စတင်သည်များပင် မရှိဘဲ အနည်းဆုံးက ဒေါ်လာ သောင်းဂဏန်းဖြစ်ပြီး များလျှင် သိန်းဂဏန်း၊ သန်းဂဏန်းအထိပင် ရှိနေလေသည်။
ဒီတစ်ဘဝလုံးမှာ ကြားတောင် မကြားဖူးခဲ့တဲ့ ငွေပမာဏကြီးပါလား။
ကောင်းရော။ အခုတော့ တွက်ချက်မှု ယူနစ်က ပြောင်းလဲသွားပြန်ပြီ။ ၁၀ သန်းအထိ ပြောင်းလဲသွားခဲ့ပြီ။ ၁၀ သန်း... အဲဒါက ပိုက်ဆံဘယ်လောက်တောင် များလိုက်မလဲ။
လီရှင်းမေက စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်သည်။ "ဒုအလုပ်ရုံမှူးကျင်း၊ ကျွန်မတို့ ၁၀ သန်းကျော်တောင် လက်မှတ်ထိုးနိုင်ခဲ့ပြီနော်။ ကျွန်မတို့ အမှတ်(၉)အလုပ်ရုံက ၁၀ သန်းကျော်ဖိုးတောင် ရောင်းလိုက်ရပြီ"
ကျင်းချိုင်ဖေးက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူလည်း ပြုံးလိုက်၏။ "ဟုတ်တယ်၊ ကျွန်တော်တို့ ၁၀ သန်း ကျော်သွားပြီ"
အခြားတစ်ဖက်တွင်တော့ ပေါလ်နှင့် စာချုပ်ချုပ်ဆိုခြင်းမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး နှစ်ဖက်စလုံးက ဆွေးနွေးခန်းတံခါးဝတွင် လက်ဆွဲနှုတ်ဆက်ကာ ခွဲခွာခဲ့ကြသည်။
ရှန်မော့အာက ပေါလ်၏ မျက်နှာကို ကြည့်ရင်း ရုတ်တရက် ခေါင်းထဲတွင် အလင်းတစ်ပွင့် လင်းလက်သွားခဲ့၏။ သူမ သတိရသွားပြီ။ ပြပွဲ ပထမဆုံးနေ့က အစိုးရပိုင်စားသောက်ဆိုင်တွင် သူမ အစာစားနေချိန်၌ အဝတ်အထည်မဂ္ဂဇင်းတစ်အုပ်ကို လှန်လှောကြည့်ရှုနေသော နိုင်ငံခြားသားတစ်ဦးကို မြင်တွေ့ခဲ့ရသည်။ ထိုသူက သူမရှေ့မှ ပေါလ်ပင် မဟုတ်ပါလား။
ရှန်မော့အာက အတန်ကြာ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "မစ္စတာပေါလ်၊ မစ္စတာဒေးဗစ်၊ ရှင်တို့ ဟွာကော်နိုင်ငံကို ရောက်လာတာ ရှားပါတယ်ဆိုတော့ကာ အိမ်ရှင်တစ်ယောက်အနေနဲ့ ကျွန်မ ရှင်တို့ကို ထမင်းတစ်နပ်လောက် ကျွေးမွေးဧည့်ခံချင်ပါတယ်။ ရှင်တို့ နှစ်ယောက် အားလောက်မလား မသိဘူး"
စကားပြန်က ရှန်မော့အာကို တစ်ချက်ကြည့်လိုက်ပြီး ဤစကားများကို ပေါလ်နှင့် ဒေးဗစ်တို့ နားလည်အောင် ဘာသာပြန်ပေးလိုက်သည်။ ပေါလ်နှင့် ဒေးဗစ်တို့က အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံးက ရှန်မော့အာ၏ ဖိတ်ကြားချက်ကို အလွန်ပွင့်လင်းစွာပင် လက်ခံလိုက်ကြ၏။ နှစ်ဖက်စလုံး အချိန်သတ်မှတ်ပြီးနောက်မှသာ ပေါလ်နှင့် ဒေးဗစ်တို့က ယှဉ်တွဲကာ ရယ်မောရင်း ထွက်ခွာသွားကြလေသည်။
ကျိန့်ဟွေရူက သူတို့နှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ ချလိုက်ကာ ပြောလိုက်သည်။ "ဒုအလုပ်ရုံမှူးရှန်၊ ဒီထမင်းဖိုးကို စက်ရုံချုပ်က ရှင်းပေးမယ်"
၁၀ သန်းကျော်။ အမှတ်(၉)အလုပ်ရုံ၏ စုစုပေါင်း အမှာစာတန်ဖိုးက အမှန်တကယ်ပင် ၁၀ သန်းကို ကျော်လွန်သွားခဲ့လေပြီ။
ပေါလ်သည် အမေရိကန်ဒေါ်လာ ၇ သိန်းတန်ဖိုးရှိ ပန်းထိုးအစများကို လက်မှတ်ရေးထိုးခဲ့ရုံသာမက ဒီဇိုင်းသစ် ပန်းထိုးအစများကိုပါ ကြိုတင်မှာယူခဲ့ပြီး စရန်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၃ သောင်းကိုပါ ပေးချေခဲ့သည်။ ထို့ကြောင့် အမှတ်(၉)အလုပ်ရုံ၏ ယခုအချိန်အထိ အမှာစာ စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀.၃သန်း ဖြစ်သွားခဲ့လေပြီ။
ဤအရာမှာ အားလုံး၏ မျှော်လင့်ချက်ထက် အမှန်တကယ်ပင် သာလွန်နေခဲ့သည်။
ကွမ်ကျိုးမြို့သို့ မလာမီက ကျိန့်ဟွေရူသည် ပြည်နယ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သတ်မှတ်ထားသော ရည်မှန်းချက်ပမာဏမှာ မြင့်မားလွန်းပြီး ပြီးမြောက်ရန် ခက်ခဲမည်ကို စိုးရိမ်နေခဲ့သေးသည်။ သို့သော် နောက်ဆုံးတွင် သူတို့သည် ၎င်းကို ပြည့်မီရုံသာမက ပြည်နယ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ သတ်မှတ်ထားသော ပမာဏထက် များစွာ ကျော်လွန်သွားလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။
ထိုမျှမက ရှန်မော့အာသည် ကျင်းချန် ကြွေထည်စက်ရုံနှင့် ဟွမ်ချန် ပိုးထည်စက်ရုံတို့အတွက်လည်း အမှာစာ အများအပြားကို လက်မှတ်ရေးထိုးနိုင်အောင် ကူညီပေးခဲ့သေးသည်။ ထိုစက်ရုံနှစ်ခု၏ တာဝန်ခံများက ပြည်နယ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် နန်ပြည်နယ် ပန်းထိုးအထည်စက်ရုံကို အထူးတလည် ကျေးဇူးတင်စကား ဆိုခဲ့ကြလေသည်။
ကျိန့်ဟွေရူ၏ စိတ်အခြေအနေမှာ အလွန်ရှုပ်ထွေးနေခဲ့၏။ ယခုနှစ် ကွမ်ကျိုးကုန်စည်ပြပွဲ၏ တာဝန်မှာ ကြီးလေးလှသဖြင့် စက်ရုံကော်မတီမှ လူတချို့က ဤအပူကို မကိုင်တွယ်လိုကြသဖြင့် သူကသာ အံကြိတ်ပြီး ဤတာဝန်ကို လက်ခံခဲ့ရခြင်း ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် ဤတာဝန်ကို သည်လိုလှပစွာ ပြီးမြောက်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
ကျိန့်ဟွေရူနှင့် ရှန်မော့အာတို့ စကားပြောနေကြချိန်တွင် ဆွေးနွေးခန်းထဲမှ နောက်ဆုံးထွက်လာသော လျိုယင်းရွှမ်း၏ မျက်နှာပေါ်ရှိ ဝေဝါးနေသော အမူအရာကိုတော့ ဘယ်သူမှ သတိမထားမိခဲ့ကြချေ။
ယခင်ဘဝက ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးနောက် လျိုယင်းရွှမ်းသည် လုပ်ငန်းအများအပြားကို လုပ်ကိုင်ခဲ့ဖူးပြီး ကွမ်ကျိုးမြို့နှင့် ရှန်ချန်မြို့များသို့လည်း ရောက်ဖူးခဲ့သည်။ စက်ရုံတွင် အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ဖူးသလို လက်ကားဈေးကွက်တွင်လည်း လမ်းဘေးဈေးသည်အဖြစ် လုပ်ကိုင်ခဲ့ဖူး၏။ ထိုစဉ်က လက်ကားဈေးကွက်ထဲတွင် အဘိုးအိုတစ်ဦး ရှိခဲ့ပြီး သူက လူငယ်ဘဝတုန်းက ကွမ်ကျိုးကုန်စည်ပြပွဲနှင့် သက်ဆိုင်သော ဌာနများတွင် အလုပ်လုပ်ခဲ့ဖူးသည်ဟု ဆိုသည်။ ကွမ်ကျိုးကုန်စည်ပြပွဲ၏ သမိုင်းကြောင်း တိုးတက်မှုများနှင့် နှစ်စဉ် အရောင်းအဝယ် ပမာဏများကို သူက သူ့အိမ်ရှိ ရတနာများကဲ့သို့ပင် အလွတ်ရနေခဲ့လေသည်။
လျိုယင်းရွှမ်းလည်း မကြာခဏ ကြားဖူးခဲ့သဖြင့် တချို့ကို မှတ်မိနေခဲ့သည်။ ဥပမာအားဖြင့် ယခုနှစ်၏ အရောင်းအဝယ် ပမာဏကို သူမ မှတ်မိနေခဲ့၏။
သို့သော် သူမ ယခုလေးတင် ဆွေးနွေးခန်းဘက်ရှိ အရောင်းဝန်ထမ်းများကို မေးမြန်းကြည့်လိုက်သောအခါ ယခုအချိန်အထိ အရောင်းအဝယ် ပမာဏမှာ သူ ယခင်ဘဝက သိခဲ့ရသော ပမာဏထက် ၁၀ သန်းနီးပါး ကျော်လွန်နေလေပြီ။
သူမ မှတ်မိတာ မှားနေတာများလား၊ ဘာပဲဖြစ်ဖြစ် ဒါက အရင်ဘဝက ကိစ္စလေ။ ဘယ်လိုလုပ် အားလုံးကို မှတ်မိနိုင်မှာလဲ။ မှတ်မိတာ မှားတာလည်း ပုံမှန်ပါပဲလေ။ လျိုယင်းရွှမ်းက ဝေဝေဝါးဝါး တွေးလိုက်မိသည်။
သို့သော် သူ၏ ခေါင်းထဲတွင် ယခင်ဘဝက ထိုအဘိုးအို၏ အသံက အလျင်အမြန် ပေါ်ထွက်လာခဲ့ပြန်သည်။ "ရှောင်လျို ငါ မင်းကို ပြောပြမယ်။ ငါတို့နိုင်ငံက ၁၉၅၇ ခုနှစ်မှာ ကွမ်ကျိုးကုန်စည်ပြပွဲကို စတင်ကျင်းပခဲ့တာ။ ဒါက တကယ်ကို အမြော်အမြင်ကြီးမားတဲ့ ဆုံးဖြတ်ချက်ပဲ။ လှုပ်ရှားမှုတွေ လုပ်ခဲ့တဲ့ နှစ်တွေမှာတောင်မှ ကွမ်ကျိုးကုန်စည်ပြပွဲက မရပ်နားခဲ့ဘူးလေ။ နိုင်ငံတော်အတွက် နိုင်ငံခြားငွေတွေ ဘယ်လောက်တောင် ရှာပေးနိုင်ခဲ့လဲ။ ငါတို့က ဒီနိုင်ငံခြားငွေတွေကို အားကိုးပြီး တခြားလူတွေဆီက စက်ပစ္စည်းတွေ၊ နည်းပညာတွေ ဝယ်ယူပြီး တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပေါ့။ ငါ မှတ်မိသေးတယ်၊ ၅၈ ခုနှစ်တုန်းကဆိုရင်... နောက်တော့ ၇၁ ခုနှစ်တုန်းကဆိုရင်... ၇၂ ခုနှစ်တုန်းကဆိုရင်... ၇၈ ခုနှစ်ကို ရောက်တော့..."
ကောင်းပြီလေ။ ငါ တကယ်ပဲ မှတ်မိတာ မှားစရာ အကြောင်းမရှိဘူး။
လျိုယင်းရွှမ်းသည် ဦးရေပြားများပင် ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မတူတော့ဘူး။ သမိုင်းက ပြောင်းလဲသွားပြီ။ ဒီဘဝက အရင်ဘဝနဲ့ မတူညီတော့ဘူး။
သူမသည် ထိုနေရာတွင် ဖြူဖတ်ဖြူရော်မျက်နှာဖြင့် ရပ်နေခဲ့ပြီး ရှန်မော့အာက ခေါင်းလှည့်ကာ "ဘာလို့ မလာသေးတာလဲ" ဟု လှမ်းခေါ်လိုက်မှသာ သတိပြန်ဝင်လာခဲ့သည်။
လျိုယင်းရွှမ်းက ရှန်မော့အာကို ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ မတူတော့တာ သေချာတာပေါ့။ အရင်ဘဝတုန်းက ရှန်မော့အာက စောစောစီးစီးကတည်းက သေဆုံးသွားခဲ့ပြီလေ။ လျိုချောင်တပ်ဖွဲ့ကလည်း ဘယ်တုန်းကမှ ပန်းထိုးအထည်စက်ရုံဆိုတာ မဖွင့်ခဲ့ဖူးဘူး။ နောက်ပြီး သူမကလည်း စက်ရုံကလူတွေနဲ့အတူ ကွမ်ကျိုးကုန်စည်ပြပွဲကို လာရောက်ပါဝင်ဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်သေးတဲ့ကိစ္စပဲ။
လျိုယင်းရွှမ်းက သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်ပြီး ပြုံးကာ ပြန်ထူးလိုက်တော့သည်။ "လာပြီ"
...