အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
Chapter 115+116
~
အခန်း ၁၁၅+၁၁၆ : ငါးဖမ်းကွင်းနှင့် ဝင်လာသော ငါးများ...
~
သိုင်းစာမေးပွဲ လျှို့ဝှက်နယ်မြေ၊ နှင်းဖုံးတောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာ..
ဂူချန် သည် နှင်းများပေါ်တွင် ညင်သာစွာ လျှောက်လှမ်းနေပြီး ခြေလှမ်းတိုင်းသည် မီတာရာနှင့်ချီ၍ ခရီးပေါက်နေ၏။ သိုင်းစာမေးပွဲ လျှို့ဝှက်နယ်မြေအတွင်းရှိ ပစ္စည်းများကို စောင့်ကြည့်ရေးကောင်စီ၏ စူးစမ်းရှာဖွေသူများက ယူဆောင်သွားခြင်း မရှိသော်လည်း ၎င်းတို့၏ အသေးစိတ် အခြေအနေများကိုမူ လွန်ခဲ့သော အချိန်ကတည်းက အသေအချာ နားလည်သဘောပေါက်ထားပြီး ဖြစ်သည်။
လျှို့ဝှက်နယ်မြေ၏ မြေပုံကို သိုင်းစာမေးပွဲ စတင်ချိန်တွင် ဖြန့်ဝေပေးထားပြီး ဖြေဆိုသူတိုင်းသည် ၎င်းတို့၏ တယ်လီပို့လက်ပတ်ရှိ လုပ်ဆောင်ချက်ခွဲတစ်ခုတွင် ကြည့်ရှုနိုင်သည်။
တောင်ပိုင်းမဟာမိတ်အဖွဲ့၏ သိုင်းစာမေးပွဲ လျှို့ဝှက်နယ်မြေကို နယ်မြေလေးခုအဖြစ် ပိုင်းခြားထားသည် - နှင်းတောင်နယ်မြေ၊ ရွှံ့နွံနယ်မြေ၊ ဂူနယ်မြေနှင့် လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုတည့်တည့်တွင်ရှိပြီး အခြားမဟာမိတ်အဖွဲ့သုံးခု၏ လျှို့ဝှက်နယ်မြေများနှင့် ဆက်သွယ်ထားသော ကြာပန်းစိမ်းကျွန်း တို့ဖြစ်သည်။
၎င်းတို့အနက် ကြာပန်းစိမ်းကျွန်းတွင် အရင်းအမြစ်များ အပေါများဆုံးရှိသော်လည်း မဟာမိတ်အဖွဲ့ လေးခုလုံးမှ ပါရမီရှင်များ ထိုနေရာသို့ သွားနိုင်သောကြောင့် ပြိုင်ဆိုင်မှုမှာ ပိုမိုပြင်းထန်သည်။ နေ့စဉ်နေ့တိုင်း မြေပုံပေါ်တွင် ဖြေဆိုသူများ ယှဉ်ပြိုင်နိုင်ရန် အရင်းအမြစ် အမှတ်အသားအချို့ကို ဖော်ပြပေးမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပေါ်ထွက်လာသော အရင်းအမြစ်များမှာ ပိုမိုပေါများလာမည်ဖြစ်သည်။
စာမေးပွဲမတိုင်မီက ဆရာများက ပြောကြားခဲ့သည်မှာ အကယ်၍ ဖြေဆိုသူများသည် လျှို့ဝှက်နယ်မြေအတွင်းရှိ အလွန်တန်ဖိုးရှိသော ရတနာများကို လုယူနိုင်ပါက အပိုမှတ်များ ရရှိမည်ဖြစ်သည်။ သို့သော် အကယ်၍ အလုခံရပါက အမှတ်များ လျော့နည်းသွားမည်ဖြစ်သည်။ အခြားသူများအတွက် အရင်းအမြစ်များ၏ တည်နေရာကို ဖော်ပြပေးခြင်းမှာ အမှတ်များတိုးလာစေရန် ယှဉ်ပြိုင်ခွင့်ပေးခြင်း ဖြစ်သော်လည်း ဂူချန်အတွက်မူ -
'ဒါက တကယ့်ကို ပြီးပြည့်စုံတဲ့ ငါးမျှားကွင်းကြီး ဟီဟီဟီးးး..'
ဂူချန်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည် ။ အစစ်အမှန်ယန်ချီများသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်နေပြီး သူ၏ ပုံရိပ်မှာ ဝိညာဉ်တစ်ခုအလား နှင်းတောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာသို့ ရွေ့လျားသွားသည်။ သူနှင့် အနီးဆုံးနှင့် အကြီးမားဆုံးသော အရင်းအမြစ်နေရာမှာ ဤနှင်းတောင်တန်းများအတွင်းတွင် ရှိပေသည်။
သူ နှင်းတောင်တန်းများထဲသို့ ဝင်ခါနီးမှာပင် မောဟိုက်နေသော အသံတစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။
"ဟူးဟူး ..ချီးပဲ နောက်ဆုံးတော့ ငါရောက်ပြီ ဘယ်သူမှ ငါ့အရင် မရောက်သေးဖို့ မျှော်လင့်ရတာပဲ.."
ဝတ်စုံနီနှင့် လူတစ်ယောက်သည် သူ၏ ရင်ဘတ်ကို ဖိကာ အမောတကောနှင့် နှင်းတောင်တန်း၏ အဝင်ဝသို့ ပြေးဝင်လာသည်။
"ဒီကောင် မြန်မြန် ရောက်လာတာပဲ.."
ဂူချန်သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ အေးဆေးစွာ ပြုံးလိုက်သည်။ သူ မြေကမ္ဘာနှင့် ကောင်းကင်ဘုံ စစ်တုရင်ခုံကို ထုတ်ယူလိုက်ပြီး သူ၏ လက်ချောင်းများဖြင့် သိမ်မွေ့စွာ ဆုပ်ကိုင်လိုက်ရာ အနက်ရောင် နယ်ရုပ်တစ်ခု ချက်ချင်း ပေါ်လာ၏။
ဟင်းလင်းပြင် ထဲသို့ ညင်သာစွာ ချလိုက်သည့်အခါ ဝတ်စုံနီနှင့်လူ၏ ပတ်ဝန်းကျင် မီတာရာချီရှိသော ဟင်းလင်းပြင်မှာ သိမ်မွေ့စွာ တုန်ခါသွားပြီးနောက် တစ်ခဏချင်းမှာပင် ပိတ်ဆို့ခံလိုက်ရသည်။
ဗုန်း..
"ဟမ်.. ဘာဖြစ်တာလဲ.."
ဝတ်စုံနီနှင့်လူသည် သူ၏ ခါးဆီမှ အသံတစ်ခုကို ကြားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ နှစ်ပေါင်းများစွာ သူနှင့်အတူ ရှိနေခဲ့သော အဆောင်ကျောက်စိမ်းပြားမှာ ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ကို မြင်လိုက်ရသည်။
' သောက်ခွေး .. ငါ ဘာကိုမှ မထိမိပါဘူးဟ..ဘာလို့ ကွဲသွားတာလဲ..'
သူ ဘာဖြစ်နေလဲဆိုတာ မစဉ်းစားနိုင်ခင်မှာပင် ကမ္ဘာကြီးက ထပ်မံ တုန်ခါသွားပြန်သည်။ ပြင်းထန်သော တုန်ခါမှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရဘဲ တောင့်တင်းသွားသည်။ နောက်တစ်စက္ကန့်မှာပင် တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု ကောင်းကင်ယံမှာ ရုတ်တရက် လင်းလက်လာသည်။
ဤအလင်းတန်းမှာ လျှပ်စီးကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာပြီး စိတ်ကူးမယဉ်နိုင်သော အရှိန်နှင့်အတူ လေထု၏ ခုခံမှုများကို ခွဲထွက်လာသည်။ ၎င်းမှာ တားဆီး၍မရဘဲ အဆုံးမရှိသော စွမ်းအားများ ရှိနေသကဲ့သို့ပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းတန်းမှာ ဝတ်စုံနီနှင့်လူ၏ ရင်ဘတ်ကို လျင်မြန်စွာ ဖောက်ထွက်သွားတော့သည်။
ဗုန်း ....
ဝတ်စုံနီနှင့်လူ၏ ရင်ဘတ်ပေါ်တွင် ပန်းကန်လုံးအရွယ် သွေးပေါက်ကြီးတစ်ခု သိသာစွာ ပေါ်လာသည်။ သွေးများမှာ ရေကာတာ ကျိုးသွားသကဲ့သို့ ပန်းထွက်လာပြီး လေထဲတွင် နီရဲသော ကန့်လန့်ကာတစ်ခုအလား ဖြစ်သွား၏။ ဝတ်စုံနီနှင့်လူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်နှာတွင် မယုံကြည်နိုင်မှုနှင့် နာကျင်မှုများ ပြည့်နှက်နေကာ သူ၏ ခန္ဓာကိုယ်မှာ အင်အားမဲ့စွာ နောက်သို့ လဲကျသွားတော့သည်။
[အိမ်ရှင်သည် အေးစက်သော ပတ်ဝန်းကျင်တွင် အောက်ဆီဂျင် ပြတ်လပ်မှုကို ခံစားနေရသော အတန်းဖော်တစ်ဦးကို သတိပြုမိသဖြင့် အခြားတစ်ဖက်၏ အသက်ရှူအင်္ဂါကို တက်ကြွစွာ ချဲ့ထွင်ပေးခဲ့ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်များကို အောက်ဆီဂျင်နှင့် ပိုမိုပြည့်စုံစွာ ပေါင်းစပ်နိုင်ရန် ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၅၀]
ဂူချန်သည် အနက်ရောင် မြင့်မြတ်သော မီးတောက် ကို ပစ်လွှတ်ကာ ဝတ်စုံနီနှင့်လူ၏ အလောင်းကို တစ်ခဏချင်း ဖျက်ဆီးပစ်လိုက်သည်။ သေခြင်းတရား ပုံရိပ်ယောင် ကို အသုံးပြုကာ သူ၏ ဝိညာဉ်ကို စုပ်ယူပြီး စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များကို ပြန်လည်ရယူပြီးနောက် နှင်းတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းဝင်ခဲ့သည်။
[အိမ်ရှင်သည် အများပြည်သူဆိုင်ရာ သန့်ရှင်းရေးကို ဂရုစိုက်ပြီး တောင်တန်းများပေါ်မှ အန္တရာယ်ရှိသော ပစ္စည်းများကို တက်ကြွစွာ ရှင်းလင်းပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၁၀]
'ဟီးဟီး..ယုတ္တိရှိသားပဲ..'
ဂူချန်သည် စိတ်ထဲမှ ရယ်မောလိုက်ပြီး သူ၏ ခရမ်းရောင် မျက်လုံးများဖြင့် စကင်ဖတ်လိုက်ရာ နှင်းတောင်တန်းအတွင်းရှိ အခြေအနေများကို တစ်ခဏချင်းမှာပင် အသေအချာ စုံစမ်းစစ်ဆေးပြီး ဖြစ်သွားသည်။
တောင်ဂူကြီးတစ်ခုဖြစ်ပြီး အလယ်တွင် ဟာလာဟင်းလင်းဖြစ်ကာ အနက်ရောင် ကျောက်ဆောင်များ ဝန်းရံထားသည်။ သူ၏ ယခင်ဘဝက ဂိမ်းတစ်ခုထဲမှ မြင်ကွင်းနှင့် အနည်းငယ် ဆင်တူသော်လည်း အပေါ်ဘက်တွင် ပိတ်ထား၏။ ဂူ၏ အောက်ခြေရှိ အဝင်ဝများသည် အရပ်မျက်နှာ အနှံ့သို့ ဖြာထွက်နေသဖြင့် ပစ္စည်းများကို လုယူပြီး ထွက်ပြေးရန် သင့်တော်ပေသည်။
သို့သော် ဂူချန်သည် ဤရတနာများအပေါ် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည်။ ယင်းအစား ၎င်းတို့ကို လုယူရန် လာရောက်ကြမည့် ပါရမီရှင်များကိုသာ ပိုမို စိတ်ဝင်စား၏။ သူ အပေါ်သို့ ခုန်တက်လိုက်ပြီး မီတာရာချီမြင့်သော တောင်နံရံ၏ အရိပ်ထဲတွင် ခန္ဓာကိုယ်ကို ဖျောက်ကွယ်ကာ ကံပါသူတစ်ဦး ရောက်လာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
အေးစက်သော လေများ တိုက်ခတ်နေပြီး လက်ပတ်မြေပုံပေါ်ရှိ အနီရောင် အစက်လေးများမှာ ဆက်တိုက် တဖျတ်ဖျတ် လက်နေသည်။ မကြာမီမှာပင် အခြားလူတစ်ယောက်သည် တောင်ဂူထဲသို့ လှမ်းဝင်လာသည်။ သူသည် ပိန်ပိန်ပါးပါးဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်နှင့် အလွယ်တကူ ပေါင်းစပ်နိုင်စေကာ သူ့ကိုယ်သူ ဖျောက်ကွယ်ထားနိုင်သော အထူးကိုယ်ဖော့သိုင်းပညာတစ်ခုကို အသုံးပြုထားသဖြင့် ရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲပေသည်။
သို့သော် ဂူချန်၏ မျက်လုံးများအောက်တွင် မည်သည့်အရာမှ မလွတ်မြောက်နိုင်ပေ။ ဂူချန်သည် ဘယ်လက်တွင် စစ်တုရင်ခုံနှင့် ညာလက်တွင် နယ်ရုပ်များကို ကိုင်ဆောင်ကာ အဖြူနှင့် အနက် နယ်ရုပ်များကို တစ်ပြိုင်နက်တည်း ချလိုက်သည်။ ထိုလူသည် ရတနာကို မကြာမီ ရတော့မည်ဟူသော ပျော်ရွှင်မှုနှင့်အတူ အရင်းအမြစ်နေရာသို့ ချဉ်းကပ်လိုက်စဉ်မှာပင် သတိမထားမိဘဲ အဖြူရောင် အလင်းတန်း၏ ချေမှုန်းခြင်းကို တိုက်ရိုက် ခံလိုက်ရသည်။
[အိမ်ရှင်သည်... စေတနာတန်ဖိုး +၅၀]
အချိန်ကြာလာသည်နှင့်အမျှ နှင်းတောင်တန်းအနီးရှိ ဖြေဆိုသူများ ပိုမိုများပြားလာပြီး နှင်းတောင်တန်းအတွင်းသို့ ဝင်ရောက်လာကြသည်။ သို့သော် ၎င်းတို့အနက် အများစုမှာ ဝင်လာရုံသာ ရှိသေးပြီး မည်သူ့ကိုမျှ မမြင်ရသေးခင်မှာပင် ၎င်းတို့၏ ခန္ဓာကိုယ်များမှာ ချုပ်နှောင်ခြင်း ခံလိုက်ရကာ အဖြူရောင် အလင်းတန်း၏ ထိုးဖောက်မှုကြောင့် သေဆုံးသွားကြသည်။
ထို့နောက် အနက်ရောင် မီးတောက်များ ဖြတ်သန်းသွားပြီးနောက် နှင်းတောင်တန်းအတွင်းပိုင်းမှာ ပြန်လည် သန့်ရှင်းသွားပြန်သည်။ လူအများအပြား တစ်ပြိုင်နက်တည်း ရောက်လာလျှင်ပင် ထူးခြားမှု မရှိပေ။
အဆင့်၄ အတိုင်းအတာ လက်နက်ဖြစ်သည့် မြေကမ္ဘာနှင့် ကောင်းကင်ဘုံ စစ်တုရင်ခုံ၏ ဟင်းလင်းပြင် ဖိနှိပ်မှုအောက်တွင် အဆင့် ၃ သို့မဟုတ် အဆင့် ၂ မျှသာ ရှိသော ဤဖြေဆိုသူများသည် တယ်လီပို့နိုင်စွမ်း ဆုံးရှုံးသွားပြီးနောက် ပြန်လည် ခုခံနိုင်စွမ်း မရှိကြတော့ပေ။ တစ်ယောက်လာလျှင် တစ်ယောက်သေသည်၊ နှစ်ယောက်လာလျှင် နှစ်ယောက်လုံး သေသည်။
အကယ်၍ ဤနယ်ရုပ်ကို အသုံးပြုခြင်းက စိတ်ပိုင်းဆိုင်ရာ စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေခြင်း မရှိပါက သူသည် တစ်ဦးတည်းနှင့်ပင် ဤသိုင်းစာမေးပွဲ၏ အသက်ရှင်နှုန်းကို ၀ အထိ လျှော့ချပစ်နိုင်ပေလိမ့်မည်။ အမှန်စင်စစ် တယ်လီပို့လက်ပတ် ရှိနေခြင်းကြောင့် သိုင်းစာမေးပွဲတွင် သေဆုံးနှုန်းမှာ အမှန်တကယ် မမြင့်မားလှပေ။
တစ်ချိန်တည်းမှာပင် ဂူချန်၏ စေတနာတန်ဖိုး စုဆောင်းမှုများမှာ အရှိန်အဟုန်နှင့် တိုးတက်လာသည်။
[အိမ်ရှင်သည် ရဲ့လျန်ချန်း အား အလွန်အေးစက်သော ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ အိပ်ပျော်သွားအောင် ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၅၀]
[အိမ်ရှင်သည် ကျောက်ဟောင် အား ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်... စေတနာတန်ဖိုး...]
' ငါ အရင်ဘဝတုန်းက ဂိမ်းကစားရင် အဆင့်နိမ့်တဲ့နေရာမှာ လာနှိပ်စက်တဲ့သူတွေကို အရမ်းမုန်းခဲ့တာ.. အခု ငါကိုယ်တိုင် လုပ်ကြည့်တော့မှ ဒါက တကယ်ကို ပျော်စရာကောင်းနေတာပဲ..'
အသိပေးချက်ပေါ်ရှိ စေတနာတန်ဖိုးများ ရူးသွပ်စွာ တိုးလာသည်ကို ကြည့်ရင်း ဂူချန်၏ မျက်လုံးထဲတွင် လောဘအရိပ်အယောင်အချို့ ပေါ်လာသည်။
'ပိုပြီးတော့... ငါ့ကို ပိုပေးစမ်း...'
စီ... စီ...
ထိုစဉ်မှာပင် နှင်းတောင်ဂူ၏ အဝင်ဝတွင် ပြင်းထန်သော လျှပ်စစ်စီးဆင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဝင့်ကြွားသော မျက်နှာနှင့် လူငယ်တစ်ယောက် လမ်းလျှောက်ဝင်လာသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည် -
"အမ် ဒီနေရာက မိစ္ဆာချီက ဘာလို့ ဒီလောက်တောင် ပြင်းထန်နေရတာလဲ.."
ထို့နောက် သူသည် နှင်းတောင်အတွင်းနံရံရှိ အရပ်မျက်နှာတစ်ခုသို့ မော့ကြည့်ကာ အော်ပြောလိုက်သည် -
"ဟေး... ငါ့ကို ပြောစမ်း.. မင်း ဘယ်လိုလုပ်ပြီး လူအများကြီးကို သတ်လိုက်တာလဲ.."