← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

Chapter 117+118

~

အခန်း ၁၁၇+၁၁၈ : ဖေဖေကြီးကို ပြောစမ်းပါအုံး.. အခုပျော်နေပြီလား..

~

လူတိုင်းသိကြသည့်အတိုင်း သိုင်းစာမေးပွဲတွင် ပါဝင်သည့် ဖြေဆိုသူတိုင်းသည် တယ်လီပို့လက်ပတ်တစ်ခုစီ ဆောင်ထားကြပြီး တယ်လီပို့အစီအရင်မှာလည်း ချက်ချင်းလက်ငင်းဖြစ်သဖြင့် တစ်ခဏအတွင်း အပြင်သို့ ထွက်ခွာနိုင်သည်။

ထို့ကြောင့် အသိစိတ်လွတ်နေစဉ် ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် မသေနိုင်ဟု ထင်နေချိန်တွင် တစ်ချက်တည်းနှင့် အသတ်ခံရခြင်းမျိုး မဟုတ်ပါက လျှို့ဝှက်နယ်မြေအတွင်း သေဆုံးရန်မှာ မဖြစ်နိုင်သလောက်ပင်။

အကယ်၍ တစ်ဖက်လူက သတိရှိနေပါက ဂူချန်၏ ဗာဂျရာ အဆင့် ၇ ခွန်အားနှင့်ပင်လျှင် ၎င်းတို့ တယ်လီပို့မလုပ်ခင် သတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ဤနှင်းတောင်ဂူအတွင်းတွင် အလောင်းတစ်ခု သို့မဟုတ် သွေးတစ်စက်ပင် မမြင်ရသော်လည်း အလွန်ပြင်းထန်လှသော မိစ္ဆာအရှိန်အဝါများ ရှိနေသည်။ ဤသည်မှာ အနည်းဆုံး လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးမှသာ ထွက်ပေါ်လာနိုင်သည့် အရှိန်အဝါမျိုးဖြစ်သည်။

ဤနေရာတွင် တစ်ခုခုတော့ မှားနေပြီဟု သူ သေချာပေါက် ယုံကြည်နေသည်။

'ငါ.. ဂူချန် ဒီမှာ ရှိမလားဆိုပြီး လာကြည့်တာ ဒါပေမဲ့ ဒီလို ထင်မှတ်မထားတဲ့ အံ့အားသင့်စရာမျိုးနဲ့ တိုးမယ်လို့ မထင်ထားခဲ့ဘူး..'

လင်းပေ့၏ မျက်လုံးများက တဖျတ်ဖျတ်လက်သွားပြီး တောင်နံရံအမြင့်ရှိ နေရာတစ်ခုကို စူးစမ်းစွာ ကြည့်လိုက်သည်။ သူ၏ ထက်မြက်သော အာရုံခံစားမှုအပေါ် အခြေခံ၍ ထိုအရပ်မျက်နှာတွင် တစ်စုံတစ်ယောက် ပုန်းကွယ်နေသည်ကို သူ ဝေဝါးစွာ ခံစားမိပေ၏။

ဤနေရာက မိစ္ဆာအရှိန်အဝါများသည် ထိုလူကြောင့် ဖြစ်နိုင်ပေသည်။

'စိတ်ဝင်စားစရာပဲ.. စိတ်ဝင်စားစရာပဲ..'

လင်းပေ့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။

ထိုလူက မည်သည့်နည်းလမ်းကို သုံးထားသည်ကို သူ မသိသော်လည်း တစ်ဖက်လူမှာ သာမန်ဖြေဆိုသူ မဟုတ်သည်မှာတော့ သေချာသည်။

' ဒီလို စိတ်ဝင်စားစရာကောင်းတဲ့သူမျိုးမှ ငါ့ရဲ့ ပြိုက်ဘက်ဖြစ်ဖို့ ထိုက်တန်တာ..'

သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှု အစအနလေးပင် မရှိဘဲ သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ သူသည် နှင်းတောင်ဂူ၏ အလယ်ဗဟိုတည့်တည့်တွင် မတ်တပ်ရပ်ကာ ဂူအမိုးဆီသို့ ရဲရဲတင်းတင်း အော်ဟစ်လိုက်သည်

"ဟေး ဆင်းလာပြီး တိုက်စမ်း.."

" ဒီ ဖေဖေကြီးကို ပျော်အောင် လုပ်ပေးနိုင်ရင် ငါ မင်းအသက်ကို ချမ်းသာပေးကောင်း ပေးနိုင်လိမ့်မယ်.."

သူသည် အရင်းအမြစ်များ မြှုပ်နှံထားသော မြေပြင်ပေါ်တွင် မောက်မာစွာ ရပ်နေသည်။ သူ၏ လေသံမှာ ဝင့်ကြွားနေပြီး သူ၏ မျက်လုံးထဲတွင် အမှတ်များအပေါ် လောဘတက်မှု လုံးဝမရှိဘဲ တိုက်ပွဲကိုသာ တောင့်တနေလေ၏။

ရှုံးနိမ့်သည် ဟူသည့် စကားလုံးမှာ သူ၏ အဘိဓာန်တွင် မရှိခဲ့ဖူးပေ။

ဝုန်း....

လင်းပေ့၏ မောက်မာသော စကားသံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နှင်းတောင်ဂူတစ်ခုလုံးရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် တုန်ခါသွားပြီး မမြင်နိုင်သော လှိုင်းများ လေထုထဲတွင် ပျံ့နှံ့သွားသည်။ တစ်စက္ကန့်၏ အပိုင်းအခြားအတွင်းမှာပင် အဖြူရောင် အလင်းတန်းတစ်ခုသည် အပေါ်ဘက်မှ ဆင်းသက်လာပြီး သာမန်မျက်စိနှင့် မမြင်နိုင်သော အရှိန်နှင့်အတူ လင်းပေ့ဆီသို့ ပြေးဝင်လာသည်။

လင်းပေ့၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားသည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး မရေမတွက်နိုင်သော သေးသွယ်ရှည်လျားသည့် လျှပ်စီးကြိုးများမှာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ချက်ချင်း ပျံ့နှံ့သွားသည်။

ပေါက်ကွဲထွက်လာသော လျှပ်စီးကြောင်းသံများနှင့်အတူ အပြာရောင်ရင့်ရင့် လျှပ်စီးကြိုးများသည် လင်းပေ့၏ အရေပြားပေါ်တွင် လျင်မြန်စွာ စီးဆင်းလာပြီး လျှပ်စီးဝတ်စုံတစ်ခုအဖြစ် ယှက်နွယ်သွားသည်။ ဝတ်စုံပေါ်ရှိ လျှပ်စီးကြိုးများသည် ရေကူးနေသော နဂါးများကဲ့သို့ ရှေ့နောက် ခုန်ပေါက်နေပြီး ၎င်းတို့ စုစည်းလိုက်သည့် ခဏမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုမှာ ထွက်ပေါလာလေသည်။

လျှပ်စီးဝတ်စုံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဖြူရောင် အလင်းတန်းမှာ ပြင်းထန်စွာရိုက်ခတ်လာပြီး လင်းပေ့၏ ရှေ့တည့်တည့်ကို တိုက်ခိုက်လိုက်သည်။

ဝုန်း....

နေရာအနှံ့ လျှပ်စီးအလင်းတန်းများ လွင့်စင်သွားကာ လင်းပေ့မှာ လွင့်ထွက်သွားသည်။ သူသည် ဂူအောက်ခြေရှိ မြေပြင်ပေါ်တွင် မီတာ ဒါဇင်နှင့်ချီ ရှည်လျားသော လမ်းကြောင်းတစ်ခု ထင်ကျန်အောင် လျှောတိုက်သွားပြီးနောက် ကျောက်နံရံကို ပြင်းထန်စွာ တိုက်မိကာ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွား၏။ ကျောက်စအမြောက်အမြားနှင့် နှင်းများ မြေကြီးများမှာ ဘေးသို့ လွင့်စင်ကုန်သည်။

ဗုန်း...

လျှပ်စီးအလင်းတန်းတစ်ခုက ရှေ့က အပျက်အစီးများကို ချေဖျက်ပစ်လိုက်ပြီး လင်းပေ့၏ ဒဏ်ရာရနေသော ပုံရိပ်မှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ သူသည် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ပြီး ရက်စက်သော အပြုံးနှင့်အတူ ရှေ့သို့ လှမ်းလာသည်။

"အလစ်တိုက်ခိုက်ဖို့ပဲ သိတဲ့ ကောင်လေး.. ငါ မင်းကို အခုပဲ ချီးထွက်အောင် ရိုက်ပေးမယ် ..'

လင်းပေ့သည် တောင်နံရံပေါ်သို့ ခုန်တက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ညာဘက်လက်ကောက်ဝတ်မှာ ပေါ့ပါးသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူ လျင်မြန်စွာ ကြည့်လိုက်သည့်အခါ သူ ဝတ်ဆင်ထားသော တယ်လီပို့လက်ပတ်မှာ ပျောက်ကွယ်နေလေပြီ ။ သူ၏ မျက်နှာမှာ တောင့်တင်းသွားပြီး အခြေအနေ မဟန်တော့ဟု စိတ်ထဲက ရေရွတ်လိုက်မိသည်။

' ခုနက တိုက်ခိုက်မှုရဲ့ တကယ့် ရည်ရွယ်ချက်က ငါ့ရဲ့ တယ်လီပို့လက်ပတ်ကို ခိုးဖို့လား .. ချီးပဲ..ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲ.. ငါ ဘာမှတောင် သတိမထားမိလိုက်ဘူး..'

တယ်လီပို့လက်ပတ် မရှိတော့ပါက သူသည် သိုင်းစာမေးပွဲ၏ ခုနစ်ရက်တာ ကုန်ဆုံးချိန်အထိ စောင့်ရမည်ဖြစ်ပြီး လျှို့ဝှက်နယ်မြေ၏ စုပေါင်းတယ်လီပို့စနစ်ဖြင့်သာ အပြင်သို့ ထွက်နိုင်တော့မည်ဖြစ်သည်။ ထို့အပြင် ဖြေဆိုသူတိုင်း၏ လက်ပတ်မှာ အတည်ပြုချက် လိုအပ်သဖြင့် ပိုင်ရှင်ကိုယ်တိုင်သာ သုံးနိုင်သည်။ အခြားသူ၏ လက်ပတ်ကို ခိုးယူလျှင်ပင် အသုံးမဝင်ပေ။

"သူ လူအများကြီးကို သတ်ခဲ့တာ ဒီနည်းလမ်းကို သုံးပြီးတော့လား.."

လင်းပေ့၏ မျက်လုံးများမှာ တဖျတ်ဖျတ်လက်နေပြီး မရေမတွက်နိုင်သော လျှပ်စီးကြိုးများမှာ သူ၏ ပတ်ဝန်းကျင်တွင် ထပ်မံ စုစည်းလာကာ လျှပ်စီးဝတ်စုံကို လျင်မြန်စွာ ပြန်လည်ပြုပြင်လိုက်သည်။ သူ၏ အမူအရာမှာ ပို၍ တည်ကြည်လေးနက်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်လှမ်းလိုက်ရာ သူ၏ စက်ဝိုင်းပုံ ခါးပတ်ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ လက်ထဲတွင် နှင်းကဲ့သို့ ဖြူစင်သော လှံရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။

သူသည် လှံကို စောင်းကိုင်ထားသည်။ လှံဆီမှ လျှပ်စီးများ ပေါက်ကွဲထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း အငွေ့အသက်များမှာ အတိုင်းအဆမရှိ ထွက်ပေါ်လာသည်။

ဝုန်း...

ထိုအချိန်တွင် ဟင်းလင်းပြင်မှာ ထပ်မံ တုန်ခါသွားပြန်သည်။ အနက်ရောင် အရိပ်တစ်ခုသည် ကျောက်နံရံပေါ်မှ ဆင်းသက်လာပြီး အသက်ရှူကျပ်မတတ် ဖိအားတစ်ခုမှာ ချက်ချင်း တိုးဝင်လာသည်။

"လာစမ်း..."

လင်းပေ့သည် ဟိန်းဟောက်လိုက်သည်။ အပြာရောင် လျှပ်စီးများ ဝန်းရံနေသော လှံသည် နဂါးတစ်ကောင်အလား အနက်ရောင် အရိပ်ဆီသို့ ဝေ့ဝဲသွားသည်။

ဗုန်း.. ဗုန်း.. ဗုန်း..

လေထုမှာ ပေါက်ကွဲသွားပြီး ပြင်းထန်သော စွမ်းအင်များမှာ ဟင်းလင်းပြင်ထဲတွင် ထိပ်တိုက် တွေ့ဆုံနေကြသည်။ ၎င်းတို့ ထိတွေ့မှု၏ အလယ်ဗဟိုမှ ဖြူဖျော့သော လှိုင်းလုံးများ ထပ်ခါတလဲလဲ ထွက်ပေါ်လာပြီး ပြင်းထန်သော ဟာရီကိန်း မုန်တိုင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

ဝုန်း...

၎င်းတို့နှစ်ဦးမှာ အပြန်အလှန် ထိန်းချုပ်ထားစဉ်မှာပင် အနက်ရောင် အရိပ်ဆီမှ လိမ္မော်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ လင်းပေ့ကို ဖိနှိပ်ထားသော ခွန်အားမှာ အဆင့်များစွာ မြင့်တက်လာသည်။

ဂျစ်..ဂျစ်..

လှံဆီမှ ညည်းတွားသံ ထွက်ပေါ်လာသည်။ လင်းပေ့သည် လှံကို လျင်မြန်စွာ နောက်သို့ ဆွဲယူလိုက်ပြီး သူ၏ ဘယ်ဘက်လက်က လျှပ်စီးလုံးတစ်ခုကို တစ်ပြိုင်နက်တည်း စုစည်းကာ တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့ ရိုက်ချလိုက်သည်။ မိုးကြိုးသံကဲ့သို့ ပေါက်ကွဲသံနှင့်အတူ လင်းပေ့မှာ လွတ်မြောက်သွားသည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာတွင် ကြီးမားသော မှိုတိမ်တိုက်ကြီးတစ်ခု ပေါ်လာပြီး နှင်းတောင်ကြီးမှာပင် ထိုစွမ်းအားကြောင့် တုန်ခါသွားခဲ့သည်။

သို့သော် တစ်ဖက်လူ သေသွားလိမ့်မည်ဟု လင်းပေ့ မထင်ပေ။ သူ လှံကို လျင်မြန်စွာ မြှောက်လိုက်ပြီး အခြားတစ်ဖက်မှ မီးခိုးများထဲက ထွက်လာသည်နှင့် သေစေနိုင်သော တိုက်ကွက်တစ်ခု ပေးရန် ပြင်လိုက်သည်။

'ငါ့ရဲ့ ခွန်အားက သူ့ထက် နိမ့်ပေမဲ့ ငါ့ရဲ့ SSS-အဆင့် သိုင်းပါရမီ ဖြစ်တဲ့ ကမ္ဘာပျက်လျှပ်စီး ရဲ့ ဖျက်ဆီးအားက အရမ်းကြီးမားတယ်.. ဒါက ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်မှာပါ..'

လင်းပေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း မီးခိုးများထဲမှ အချိန်အတော်ကြာသည့်တိုင် လှုပ်ရှားမှု မရှိသည်ကို သူ သတိထားမိလိုက်၏။ မကောင်းသော ခံစားချက်တစ်ခုမှာ သူ၏ နှလုံးသားထဲတွင် ရုတ်တရက် ပေါ်လာသည်။

ဝှစ်....

သေချာပါသည် သူ အန္တရာယ်ကို သတိပြုမိလိုက်သည့် ခဏမှာပင် သူ၏ နောက်ကျောဘက်မှ လေထုကို ခွဲထွက်လာသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာလေသည်။ လင်းပေ့က အမြန်လှည့်ကာ သူ၏ လျှပ်စီးများဖြင့် ပစ်လွှတ်လိုက်သော်လည်း ၎င်းမှာ တစ်ဖက်လူ၏ နီရဲသော လက်များဖြင့် ဆုတ်ဖြဲခြင်း ခံလိုက်ရပြီးနောက် ထိုလက်များမှာ သူ၏ မျက်နှာကို ချက်ချင်း လာရောက် ဆုပ်ကိုင်လိုက်သည်။

"မကောင်းတော့ဘူး.."

လင်းပေ့သည် စိတ်ထဲမှ ကျိန်ဆဲမိလိုက်၏။ ကြီးမားသော ခွန်အား၏ ချုပ်နှောင်မှုအောက်တွင် သူသည် ဟန်ချက်ပျက်သွားပြီး အရှိန်ပြင်းစွာဖြင့် နောက်သို့ လွင့်ပါသွားသည်။ သူ၏ နဖူးမှာ တစ်ဘက်လူ၏ လက်ထဲတွင်အသေအချာ ဆုပ်ကိုင်ခံထားရပေသည်။

သူ၏ မျက်နှာကို ဆုပ်ကိုင်ထားသော လက်မောင်းပေါ်သို့ လျှပ်စီးစွမ်းအားများကို ရူးသွပ်စွာ ထုတ်လွှတ်လိုက်သော်လည်း မည်သည့် အကျိုးသက်ရောက်မှုမှ မရှိ။ တစ်ဖက်လူကို တုန်လှုပ်အောင်ပင် သူ မလုပ်နိုင်ခဲ့ပေ။ လင်းပေ့မှာ လုံးဝ ထိတ်လန့်သွားတော့သည်။

'ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဒါ ဘယ်လိုကြီးလဲ.. ငါ့ရဲ့ SSS-အဆင့် ကမ္ဘာပျက်လျှပ်စီးက လက်ဗလာနဲ့ ဆုတ်ဖြဲခံလိုက်ရတာလား ပြီးတော့ ငါက သူ့ကို ဒဏ်ရာတောင် မပေးနိုင်ဘူးလား..'

ဤအချိန်တွင် သူ့ကို ဖိနှိပ်ထားသော ဂူချန်မှာ မည်သည့် အမူအရာမှ မရှိပေ။ သူသည် လင်းပေ့၏ မျက်နှာပေါ်တွင် သူ၏ လက်ဖဝါးကို တင်းကြပ်စွာ ဖိထားပြီး လင်းပေ့၏ တစ်ကိုယ်လုံးကို မြေပြင်ပေါ်တွင် အရှိန်ပြင်းစွာ တရွတ်တိုက် ဆွဲခေါ်သွားသည်။ ထို့နောက် သူ၏ လက်မောင်းကို မြေပြင်ဆီသို့ လွှဲချလိုက်သည်။

လင်းပေ့၏ ခေါင်းမှာ ဂူချန်၏ လက်မောင်းနှင့်အတူ နှင်းတောင်မြေပြင်၏ ကျောက်စ မြေကြီးများထဲသို့ တိုးဝင်သွားတော့သည်။ တစ်ခဏချင်းမှာပင် သူ၏ ဦးခေါင်းနှင့် မြေပြင်ကြားမှ နားကွဲမတတ် စူးရှသောအသံ ထွက်ပေါ်လာသည်။ ၎င်းမှာ ကြမ်းတမ်းသော မျက်နှာပြင်ပေါ်တွင် သတ္တုကို အရှိန်ပြင်းစွာ ခြစ်လိုက်သည့် အသံနှင့် တူလှသည်။

ဗုန်း ..ဗုန်း ..ဗုန်း ..ဗုန်း..

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဂူချန်သည် လင်းပေ့၏ ဦးခေါင်းကို အသုံးပြုကာ နှင်းတောင်ပေါ်တွင် ရှည်လျားပြီး နက်ရှိုင်းသော လမ်းကြောင်းတစ်ခုကို အတင်းအဓမ္မ ထွင်းထုလိုက်သည်။ မြေကြီးများ လွင့်စင်ကာ ကျောက်ခဲများမှာလည်း နေရာအနှံ့ ပျံ့လွင့်ကုန်ပြီး ပတ်ဝန်းကျင် လေထုကိုပင် ဝေဝါးသွားစေသည်။

ဤအရှိန်ပြင်းသော ခရီးစဉ်မှာ တောင်နံရံကို ပြင်းထန်စွာ ဝင်တိုက်မိသည့် အခါမှသာ ရပ်တန့်သွားသည်။

ဝုန်း..

ဂူချန်သည် လင်းပေ့၏ သွေးစွန်းနေသော ဦးခေါင်းကို ကျောက်နံရံထဲသို့ တိုက်ရိုက် ရိုက်သွင်းလိုက်သည်။ သူ၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်

" ဖေဖေကြီးကို ပြောစမ်းပါအုံး.. အခု ပျော်နေပြီလား.."

All Chapters