အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
Chapter 119+120
~
အခန်း ၁၁၉+၁၂၀ : ကျုပ်ကိုကျုပ် ခုခံကာကွယ်တာနော်.. ဆရာ့အတွက် အိမ်သန့်ရှင်းရေး လုပ်ပေးလိုက်ပြီ..
~
"အင့်..."
လင်းပေ့၏ ပါးစပ်ထောင့်များမှ ပျစ်ခဲသော သွေးများ စီးကျလာသည်။ သူ၏ မျက်စိထဲတွင် ကြယ်များ လွင့်ပျံနေပြီး ဦးခေါင်းမှာ ပေါက်ကွဲတော့မည့်အလား တဆတ်ဆတ် တုန်ခါနေ၏။
သူ၏ ခန္ဓာကိုယ်ပေါ်မှ လျှပ်စီးဝတ်စုံမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်မှာ ကြာပြီဖြစ်ကာ သေးငယ်သော လျှပ်စီးကြိုးအချို့သာ ဟိုတစ်စ ဒီတစ်စ လက်ကျန်ရှိတော့သည်။ သို့သော် ထိုလျှပ်စီးများမှာ ဂူချန်၏ အရေပြားကိုပင် ဖောက်ထွက်နိုင်စွမ်း မရှိချေ။
ရွှေကျီးကန်း ခန္ဓာကိုယ်ကျင့်စဥ်ကို တတ်မြောက်ထားသည့် ဂူချန်၏ ခန္ဓာကိုယ်မှာ နေမင်းကြီးကဲ့သို့ ပူပြင်းလှရာ လျှပ်စီးစွမ်းအားများသည် သူ၏ အရေပြားနှင့် ထိတွေ့သည်နှင့် တစ်ပြိုင်နက် အရည်ပျော်သွားကြသည်။
ထို့အပြင် မျက်ဝန်းနှစ်ထပ် ၏ အကြည့်အောက်တွင် တစ်ဖက်လူ၏ တိုက်ကွက်များမှာ ကလေးကစားစရာ သိုင်းကွက်များကဲ့သို့ ရယ်စရာကောင်းလှသည်။ လျှပ်စီးဝတ်စုံနှင့် လျှပ်စီးတိုက်ကွက်များ၏ အားနည်းချက်များမှာ အတိုင်းသား ပေါ်လွင်နေ၏။ SSS-အဆင့် သေမင်းလက်ဝါး နှင့် ပေါင်းစပ်လိုက်သောအခါ သူသည် လျှပ်စီးများကို အလွယ်တကူပင် ဆုတ်ဖြဲပစ်နိုင်ခဲ့သည်။
[အိမ်ရှင်သည် အခြားသူတစ်ဦးအား အဆင့်မြင့် SPA ဝန်ဆောင်မှုကို အခမဲ့ ပေးဆောင်ခဲ့ပြီး လက်ခံရရှိသူမှာ တစ်ကိုယ်လုံး ထုံကျင်သွားကာ စကားပင် မပြောနိုင်တော့လောက်အောင် အလွန်အမင်း ကျေနပ်အားရသွားကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၅၀၀]
[တစ်ဖက်လူသည် သင်၏ စီနီယာအစ်ကို၊ သင်၏ သွေးသားရင်းချာနှင့် အချစ်ဆုံးသူငယ်ချင်း ဖြစ်နေသဖြင့် ထပ်ဆောင်းပေးရန် လိုအပ်သည်။ စေတနာတန်ဖိုး +၂၀၀]
"စီနီယာအစ်ကို ဟုတ်လား.."
ဂူချန် မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။ ထိုအမည်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များမှာ သူ၏ စိတ်ထဲတွင် စတင် ပေါ်ပေါက်လာ၏။
သူ့ကို တပည့်အဖြစ် မလက်ခံမီက SSS-အဆင့် သိုင်းပါရမီရှိသည့် အခြားပါရမီရှင်တစ်ဦးကို လက်ခံထားဖူးကြောင်း လင်းယဲ့က သူ့ကို ပြောပြခဲ့ဖူးပုံ ရသည်။ ထိုသူမှာ SSS-အဆင့် ကမ္ဘာပျက်လျှပ်စီးကို ပိုင်ဆိုင်သည့် လင်းပေ့ ပင် ဖြစ်သည်။
' ဒါဆို ဒါက ငါ နှိမ့်ချပြီး ဆက်ဆံရမယ့် လင်းပေ့ပေါ့..ဒီလောက်ပဲလား..'
ဂူချန်သည် ခေါင်းခါရင်း ရယ်မောလိုက်မိသည်။ စီနီယာအစ်ကိုအား ရိုက်၍ အပိုဆုကြေးများစွာ ရမည်ဆိုလျှင် လင်းယဲ့အား တပည့်များ ထပ်မံလက်ခံခိုင်းမိ ပေလိမ့်မည်။ သို့သော် သူ အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်မိသည်။ တစ်ဖက်လူမှာ အထူးအခွင့်အရေးနှင့် တက္ကသိုလ်ဝင်ခွင့် ရထားပြီးလေပြီ ။ မည်သည့်အတွက်ကြောင့် သိုင်းစာမေးပွဲကို ဝင်ဖြေနေရပါသနည်း။
"အဟွတ်... အဟွတ်..."
ထိုစဉ်မှာပင် သွေးလူသား ဖြစ်နေသည့် လင်းပေ့မှာ သွေးတစ်လုပ်ကို ပြင်းပြင်းထန်ထန် ထွေးထုတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ အနည်းငယ် ပွင့်လာပြီး ပျက်စီးနေသော နှုတ်ခမ်းများမှာ တုန်ရင်နေ၏ ။
"မ... မသတ်ပါနဲ့ဦး... ကျွန်တော်..."
"ငါ့ကို အကြောင်းပြချက်တစ်ခု ပေးစမ်း.."
ဂူချန်သည် သူ့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ရင်း စေတနာတန်ဖိုးကို မည်သို့ ပိုမို ရယူရမလဲဟု တွေးတောနေသည်။
' ငါ့စီနီယာ အကိုဖြစ်နေရင်တောင် စေတနာတန်ဖိုးထွက်ရင် ခြောက်တဲ့အထိ အညှစ်ခံရမှာပဲ..'
လင်းပေ့၏ မျက်နှာပေါ်မှ အရေပြား အများစုမှာ ကွာကျနေပြီး နီရဲသော အသားစများ ပေါ်နေကာ သူသည် အလွန်အမင်း ထိတ်လန့်နေပုံရသည်။
"ကျွန်တော် မှားသွားပါပြီ... ကျွန်တော် မှား..."
"မှားတာ မင်းအမေကို သွားပြောလိုက်.."
ရုတ်တရက် လင်းပေ့၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သည့် အသွင်သို့ ပြောင်းလဲသွားသည်။ သူသည် လက်နှစ်ဖက်လုံးတွင် ကြီးမားသော လျှပ်စီးလုံးကြီး နှစ်ခုကို ချက်ချင်း စုစည်းကာ ဂူချန်ထံသို့ ရိုက်ချလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် လျှပ်စီးများမှာ ယခင်ကဲ့သို့ အပြာရောင် မဟုတ်တော့ဘဲ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့် လျှပ်စီးကြိုး ထောင်ပေါင်းများစွာ ဖြစ်နေသည်။
သောင်းချီသော မိုးကြိုးများ...
ဝုန်း ...
အသံနှင့်အတူ ရွှေရောင်လျှပ်စီးများမှာ ဂူချန်၏ ရှေ့တည့်တည့်တွင် ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများမှာ အရပ်မျက်နှာ အနှံ့သို့ လှိုင်းလုံးများအလား ပျံ့နှံ့သွားသည်။
ပုံရိပ်တစ်ခုမှာ နောက်သို့ လွင့်ထွက်သွားသည်။ လင်းပေ့သည် သူ့မျက်နှာကို ဖိထားသည့် အားမှာ လျော့ရဲသွားသည်ကို ခံစားမိလိုက်သဖြင့် သူ၏ ဦးခေါင်းကို အမြန်ဆွဲထုတ်ကာ ရှေ့ကို စိုးရိမ်တကြီး ကြည့်လိုက်၏။ ဤသည်မှာ သူ၏ အပြင်းထန်ဆုံးသော တိုက်ကွက်ဖြစ်သဖြင့် သေချာပေါက်...
နောက်တစ်စက္ကန့်တွင် လင်းပေ့၏ အကြည့်များမှာ တောင့်တင်းသွားသည်။
မီတာ ဒါဇင်နှင့်ချီ လွင့်ထွက်သွားသော ပုံရိပ်မှာလည်း ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် လက်နေသည်ကို သူ မြင်လိုက်ရသည်။ ထိုသူမှာ ဟင်းလင်းပြင်ထဲတွင် တည်ငြိမ်စွာ မတ်တပ်ရပ်နေပြီး ပါးပေါ်တွင် သွေးစွန်းနေသော ခြစ်ရာလေး တစ်ခုသာ ရှိနေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
လင်းပေ့၏ အမူအရာမှာ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေလေ၏။ သွေးစွန်းနေသော သူ၏ ပျက်စီးနေသည့် မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးကာ ထိတ်လန့်ဖွယ် ကောင်းလှသည်။ သူသည် ဆက်လက် မခုခံရဲတော့ဘဲ လှည့်၍ ထွက်ပြေးရန် ပြင်တော့သည်။ သူ၏ အပြင်းထန်ဆုံး တိုက်ကွက်မှာ နိဗ္ဗာနအဆင့် သိုင်းပညာရှင်တစ်ဦးပင် ရှောင်ရှားရမည့် အရာမျိုး ဖြစ်သည်။ သို့သော် ဤလူကို ထိမှန်သည့်အခါတွင် အရေပြားကို ခြစ်မိရုံသာ ရှိခဲ့သည်လော။
လင်းပေ့၏ တာအိုနှလုံးသားမှာ အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။
"ကောင်းတယ်... အရမ်းကောင်းတယ်..."
ဂူချန်၏ စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပူပြင်းလှသော စစ်မှန်သောယန်ချီ များက ဟင်းလင်းပြင်ကိုပင် ပုံပျက်သွားစေသည်။ သူ၏ ပါးကို လက်နှင့် ထိလိုက်သည့်အခါ သွေးစွန်းနေသော ခြစ်ရာမှာ တစ်ခဏချင်း ပျောက်ကွယ်သွားသည်။
' သူက ငါ့ကို တကယ်ပဲ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာပဲ..ဒါက မပြောပလောက်တဲ့ ဒဏ်ရာလေး ဖြစ်ပေမဲ့ ကူးပြောင်းလာပြီးကတည်းက ပထမဆုံးအကြိမ် ရတဲ့ ဒဏ်ရာ..'
' ဟူး..ငါ ပေါ့ဆ မိသွားတယ်..သားကောင်နဲ့ ကစားနေရင်တောင် ရာနှုန်းပြည့် အားထုတ်ရမှာပဲ..'
ဂူချန်၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်များ လက်သွားသည်။ အလွန်အမင်း ပူပြင်းသော အငွေ့အသက်များမှာ နှင်းတောင်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး မီတာ တစ်ထောင် ပတ်ဝန်းကျင်အတွင်းရှိ အပူချိန်မှာ သိသိသာသာ မြင့်တက်လာသည်။
သူသည် မည်သည့်အရာကိုမျှ ထိန်းမထားတော့ဘဲ တယ်လီပို့သကဲ့သို့ပင် အရှိန်ပြင်းစွာ ရွေ့လျားလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာရာချီ ခရီးပေါက်သွားပြီး လင်းပေ့ကို ကြားဖြတ် တားဆီးလိုက်သည်။ လင်းပေ့မှာ အရှိန်ပြင်းစွာ ပြေးလွှားနေစဉ် သူ၏ ရှေ့ မီတာဝက်ခန့်အကွာတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည်။ ဤအချိန်တွင် တစ်ဖက်လူ၏ မျက်နှာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
"မင်း... ဂူချန်.."
လင်းပေ့သည် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် ခဏမှာပင် သူ၏ မျက်သူငယ်အိမ်မှာ အပ်နဖားခေါင်းခန့်အထိ ကျဉ်းမြောင်းသွားပြီး နှုတ်ခမ်းများမှာ တုန်ရင်နေ၏။ သူ၏ ဆရာက လက်ခံလိုက်သည့် တပည့်အသစ်ကို ပညာပေးရန်နှင့် သူ့ကို အစ်ကိုကြီး ဟု ခေါ်ခိုင်းရန် ဆုံးဖြတ်ခဲ့စဉ်ကတည်းက သူသည် ဂူချန်၏ ဓာတ်ပုံကို တကူးတက တောင်းယူကြည့်ရှုခဲ့ဖူးသည်။ ထို့နောက် သူသည် ထိုဓာတ်ပုံကို ခဏခဏ ထုတ်ကြည့်ပြီး တစ်ဖက်လူ၏ ပုံပန်းသဏ္ဌာန်ကို သူ၏ မှတ်ဉာဏ်ထဲတွင် အသေအချာ မှတ်သားထားခဲ့သည်။
' ဒါပေမဲ့... ဒါပေမဲ့... ငါ့ကို ဒီလိုအခြေအနေအထိ တွန်းပို့ခဲ့တဲ့သူက တကယ်ပဲ ငါ့ဆရာရဲ့ တပည့်အသစ် ဖြစ်နေတာလား.. မဟုတ်ဘူး မဟုတ်ဘူး .. ငါ လက်မခံနိုင်ဘူး..'
တစ်ဖက်လူ၏ မျက်လုံးထဲမှ ထင်ရှားလှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို မြင်လိုက်ရသည့်အခါ လင်းပေ့မှာ ရုတ်တရက် သတိဝင်လာပြီး အော်ဟစ်လိုက်၏ ။
"ဂူချန်.. ငါက မင်းရဲ့ စီနီယာအစ်ကိုပဲ..မင်းက.."
ဗုန်း...
သူ့စကားမဆုံးခင်မှာပင် ဂူချန်၏ ကြီးမားသော လက်ဝါးမှာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ပူပြင်းသည့် အစစ်အမှန်ယန်ချီများက လက်ဝါးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တစ်လက်လုံး သွေးရောင် လွှမ်းသွားသည်။ လေထုမှာ ပြင်းပြင်းထန်ထန် တုန်ခါသွား၏။
သွယ်လျသော လက်ဝါးသည် လင်းပေ့၏ မျက်နှာတည့်တည့်ကို ထိမှန်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အားက ပေါက်ကွဲထွက်လာပြီး လင်းပေ့၏ ဦးခေါင်းမှာ လေပြင်းတိုက်ခံရသည့် သစ်ရွက်တစ်ရွက်ကဲ့သို့ အရှိန်ပြင်းစွာ လည်ထွက်သွားသည်။ သူ၏ ခန္ဓာကိုယ်က မတုံ့ပြန်နိုင်ခင်မှာပင် ဦးခေါင်းမှာ အပေါ်သို့ ဝေ့ဝဲလည်တက်သွားတော့သည်။ တစ်စက္ကန့်လျှင် အပတ်ပေါင်း သုံးရာ့ခြောက်ဆယ် အရှိန်နှင့် လည်နေခြင်းဖြစ်သည်။
အရိုးများဆီမှ ကျောချမ်းဖွယ်ကောင်းသော ကျိုးသံများ ထွက်ပေါ်လာပြီး လည်ပင်းတစ်ခုလုံးမှာ ကျစ်ဆံမြီးကျစ်ထားသကဲ့သို့ လိမ်တွန့်သွားကာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
ရှူး....
ခေါင်းသည် ခန္ဓာကိုယ်မှ ပြတ်ထွက်သွားသည့်အချိန်တွင် သွေးပန်းကဲ့သို့ သွေးများမှာ ကောင်းကင်ယံသို့ ပန်းထွက်သွားသည်။ ပြတ်ထွက်သွားသော ဦးခေါင်းမှာ လေထဲတွင် အကြိမ်အနည်းငယ် ထပ်မံ လည်ပတ်နေပြီးနောက် မီတာ ဒါဇင်နှင့်ချီဝေးသော နှင်းများပေါ်သို့ ကျရောက်သွားတော့သည်။
[သင်သည် သင်၏ စီနီယာအစ်ကိုနှင့် ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးနေစဉ် (ဂူချန်က လင်းပေ့၏ ဦးခေါင်းကို နံရံထဲသို့ ရိုက်သွင်းလိုက်ခြင်းကို ဆိုလိုသည်) စီနီယာအစ်ကိုမှာ ဂိုဏ်းကို သစ္စာဖောက်ပြီး သင့်ကို တိတ်တဆိတ် သတ်ရန် ကြိုးစားခဲ့သည်။]
[သင်သည် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သည့် အနေဖြင့် လုပ်ဆောင်ခဲ့သည်။ လင်းပေ့သည် မသေဆုံးမီတွင် သင်၏ အမည်ကို ခေါ်ကာ တပည့်ချင်း သံယောဇဉ်ကို အသိအမှတ်ပြုသွားခဲ့သည်။ သို့သော် သင်ကဲ့သို့ ဖြောင့်မတ်သော လမ်းစဉ်၏ အလင်းရောင် တစ်ဦးအနေဖြင့် မိစ္ဆာများ၏ တည်ရှိနေမှုကို မည်သို့ ခွင့်လွှတ်နိုင်ပါမည်နည်း။]
[အိမ်ရှင်သည် လင်းယဲ့အတွက် ဂိုဏ်းအတွင်းရှိ လူယုတ်မာတစ်ဦးကို ရှင်းလင်းပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၄၀၀]
[တစ်ဖက်လူသည် သင်၏ အချစ်ဆုံးသူငယ်ချင်းနှင့် သွေးသားရင်းချာ ဖြစ်နေသဖြင့် ထပ်ဆောင်းပေးရန် လိုအပ်သည်။ စေတနာတန်ဖိုး +၂၀၀]
[လက်ရှိ စေတနာတန်ဖိုး : ၄၆၅၀]
"ဟူး..."
ဂူချန်သည် သူ၏ ချီစွမ်းအင်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
' ကြည့်စမ်း.. စနစ်ကတောင် တစ်ဖက်လူက အရင်တိုက်ခိုက်တာလို့ ပြောနေတာပဲ.. ငါ့ကို အပြစ်တင်လို့ မရဘူး..'
' တောင်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အလင်းရောင်..ထိပ်တန်း ပါရမီရှင် တစ်ယောက်အနေနဲ့ လင်းပေ့မှာ အရင်းအမြစ်မျိုးစုံ ရနိုင်တာပဲ..သူ ဘာလို့ သိုင်းစာမေးပွဲကို ဝင်ဖြေနေရသေးတာလဲ..'
ဂူချန်သည် မြေပြင်ပေါ်တွင် လဲကျနေသော ခေါင်းပြတ်နေသည့် အလောင်းကို ကြည့်လိုက်သည်။ သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ လွင့်ထွက်သွားသော ဦးခေါင်းမှာ သူ၏ လက်ထဲသို့ ပြန်လည် ရောက်ရှိလာသည်။ သူသည် ပူပြင်းသောစွမ်းအင်များကို ထပ်မံ ထုတ်လွှတ်လိုက်ပြီး ထိုဦးခေါင်းကို ခန္ဓာကိုယ်နှင့် ပြန်လည် ဆက်ပေးလိုက်သည်။ ကြည့်ရတာ အနည်းငယ် ထူးဆန်းနေသော်လည်း အနည်းဆုံးတော့ လူပုံစံ ပြန်ပေါက်သွား၏။
"သေမင်းလက်ဝါးရဲ့ ဒီစွမ်းရည်ကို ငါ တစ်ခါမှ မစမ်းကြည့်ရသေးဘူး..."
ဂူချန်သည် သူ၏ လက်ကို အနည်းငယ် မြှောက်လိုက်သည်။ သူ၏ လက်မောင်းမှာ တစ်ခဏချင်းမှာပင် နီရဲကာ ထိတ်လန့်ဖွယ် ကောင်းသွားပြီးနောက် သူ ပြန်လည် ဆက်ပေးထားသည့် လူ ကို လှမ်းကိုင်လိုက်သည်။ ထူးဆန်းသော အလင်းတန်းများကြားတွင် ဇွန်ဘီတစ်ကောင်အလား ပျက်စီးနေသော လင်းပေ့ သည် ထူးဆန်းသော ပုံစံဖြင့် ပြန်လည် မတ်တပ်ရပ်လာခဲ့လေသည်။
( အားပေးမှုအပေါင်းကို ကျေးဇူးတုန့်ပြန်သော အားဖြင့် စာစဥ် ၁၂ ကို free ထားလိုက်ပါတယ်ဗျ 🥰)