အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း(151)
ဝမ်ဟန်တစ်ယောက် ချန်အန်းသယ်၏စကားကြောင့် ထိတ်လန့်သွားရလေ၏။
သူ သိထားရသလောက် ဆိုင်၏ စာရင်းထဲတွင် လက်ရှိ၌ ငွေ( ၄၀၀၀) ခန့်သာ ရှိပေသည်။ လွန်ခဲ့သော တစ်နှစ်အတွင်း ချန်အန်းသယ်က ပိုက်ဆံများကို သိပ်ပြီးမစုမိဘဲ ရသမျှကို လင်းမိန်ဟွေ့အား ထောက်ပံ့ခဲ့သည် မဟုတ်ပါလား။
ထိုငွေ (၃၀၀၀-၄၀၀၀) ခန့်က ခရိုင်မြို့ထဲတွင် စူပါမားကတ်တစ်ခုဖွင့်ရန် မလုံလေတာက်ပါချေ။ ဝမ်ဟန်က ချန်အန်းသယ်အား သတိပေးလိုက်သည်။
“ခရိုင်မြို့က ကျွန်တော်တို့ရဲ့မြို့နယ်လေးလို မဟုတ်ဘူးနော်၊ အဲဒီမှာက စီးပွားရေးလုပ်ငန်းတွေ အများကြီးပဲ၊ အခု ကျွန်တော်တို့က စူပါမားကတ် သွားဖွင့်မယ်ဆိုတာက တခြားသူတွေနဲ့ ဝယ်သူကို လုနေသလို ဖြစ်မှာ၊ အဲဒါက ခင်ဗျားထင်သလောက် လွယ်ပါ့မလား”
ဝမ်ဟန်၏ စကားများက အဓိပ္ပါယ်မရှိသည်တော့ မဟုတ်ပါချေ။
သို့သော်လည်း ချန်အန်းသယ်က စီးပွားရေးလုပ်ရာတွင် သတ္တိရှိရမည်၊ စေ့စပ်ရမည်၊ ဆန်းသစ်တီထွင်မှုလည်း ရှိရမည်ဟူသော လင်းမိန်ဟွေ့၏ စကားများကို သတိရနေဆဲပင် ဖြစ်၏။
ချန်အန်းသယ်က စိတ်ပိုင်းဖြတ်လိုက်ပြီး ငွေကြေးပြဿနာကို အရင်ဆုံးဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
သူက အိမ်သို့ပြန်လာပြီး အဖေဖြစ်သူနှင့်အတူ ဝိုင်တစ်ပုလင်း သောက်ဖြစ်ခဲ့ကြ၏။
အရက်ရှိန်တက်လာသည့်အချိန်တွင် ချန်အန်းသယ်က အဖေဖြစ်သူထံမှ ငွေအမြောက်အမြားကိုချေးယူရန် စကားစခဲ့လေသည်။
အဘိုးကြီးချန်က ချန်အန်းသယ် ပြောလိုက်သော ငွေပမာဏကို ကြားလိုက်ရသည့်အချိန်တွင်သူသောက်ထားသော အရက်ရှိန်ပင် ပြယ်သွားရလေ၏။
သူက ချန်အန်းသယ်ကို စိုက်ကြည့်ကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“မင်းကတစ်ခုခုကို လျှောက်လုပ်ပြန်လို့ အကြွေးတင်လာတာတော့ မဟုတ်ပါဘူးနော်၊ ငါ ပြောထားမယ်.. မင်းသာ မဟုတ်တာတွေလုပ်လို့ အကြွေးတင်လာရင်တော့ မင်းရဲ့ခြေထောက်ကို ငါကိုယ်တိုင် ရိုက်ချိုးပြီး ကြွေးရှင်တွေဆီကို ပစ်ပေးလိုက်မှာ
ငါ့မှာ မင်းလိုသားမျိုး မရှိတော့ဘူးလို့ပဲ သဘောထားလိုက်တော့မယ်”
ချန်အန်းသယ် အနည်းငယ် အံ့အားသင့်သွားရ၏။ သူ့အဖေက မည်သည့်ခေတ်ကြီးထဲတွင် ကျန်နေခဲ့ပါသနည်း။
သို့သော်လည်း အတိတ်တုန်းက မိသားစုအပေါ်တွင် သူ ပေးခဲ့သော ဒဏ်ရာများက အမှန်တကယ်ပင် ကြီးမားခဲ့ကြောင်းကို သူ နားလည်ပေ၏။
သို့မဟုတ်ပါက အဖေဖြစ်သူက သူပိုက်ဆံအကြောင်းပြောသည်ကို ဤမျှအထိ စိတ်လှုပ်ရှားမည် မဟုတ်ပါချေ။
“အဖေ.. အခု ကျွန်တော့်ရဲ့ဆိုင်က အရောင်းအဝယ် ကောင်းနေပြီ၊ ဒါကြောင့် ကျွန်တော် ခရိုင်မြို့ထဲမှာ ပိုကြီးတဲ့ဆိုင်တစ်ဆိုင်ကိုဖွင့်ပြီး ပိုက်ဆံကို ပိုမြန်မြန်ရှာချင်လို့ပါ၊
အဖေ ကျွန်တော့်ကို ကူညီပေးပါဦး၊ ပိုက်ဆံရလာရင် အဖေ့ကို ကျွန်ေတာ်အကုန်ပြန်ဆပ်ပါ့မယ်”
ဤသည်က ချန်အန်းသယ်၏ စိတ်ကူးဖြစ်သော်လည်း အဘိုးကြီးချန်က သူ၏စကားက
ယုံကြည်ရန်ခက်ခဲသည်ဟု ခံစားနေရ၏။
“မင်းရဲ့ဆိုင်က ပိုက်ဆံရနေတယ်ဆိုရင် အဲဒီပိုက်ဆံတွေက ဘယ်ကိုရောက်သွားလို့လဲ၊ ရတဲ့အမြတ်နဲ့ပဲ စူပါမားကတ်သွားဖွင့်လေ၊ ဘာလို့ ငါ့ဆီက လာချေးနေရတာလဲ”
ထိုအချိန်တွင် ချန်အန်းသယ်က အမှန်အတိုင်းသာ ပြောပြလိုက်ရပေသည်။
“အဖေလည်း သိတဲ့အတိုင်းပဲ ကျွန်တော့်ကို လမ်းမှန်ပေါ်ရောက်အောင် ဆွဲတင်ပေးခဲ့တာ လင်းမိန်ဟွေ့လေ၊ အခု သူမက တက္ကသိုလ်တက်နေတာ၊
ကျွန်တော်ကသာ သူ့မကို မထောက်ပံ့ရင် သူမ အတော်လေးကို ဒုက္ခရောက်မှာ၊ ဒါကြောင့် ကျွန်တော်ရှာသမျှ ပိုက်ဆံရဲ့ တစ်ဝက်ကျော်ကို လင်းမိန်ဟွေ့ဆီ ပို့ပေးနေခဲ့တာ
ဒါကို မွေးစားအစ်မလည်း သိပါတယ်၊ အဖေ မယုံရင် သူ့ကို မေးကြည့်လို့ရတယ်”
ချန်အန်းသယ်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အချိန်တွင် အဘိုးကြီးချန်က အလွန်ပင် ဝမ်းမြောက်သွားရလေ၏။
ချန်အန်းသယ်က လင်းမိန်ဟွေ့ကြောင့် အကျင့်ဆိုးများကို ပြင်နိုင်ခဲ့ရုံတင်မကဘဲ ကျေးဇူးတရားကိုပါ သိတတ်လာခဲ့ခြင်းက သူကိုယ်တိုင် နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့သော်လည်း မအောင်မြင်ခဲ့သော လူ့ကျင့်ဝတ်တစ်ခုပင် ဖြစ်ပေသည်။
အဘိုးကြီးချန်က ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ဇနီးကို လှမ်းခေါ်လိုက်ပေသည်။
“အန်းသယ်အတွက် မိန်းမပေးစားဖို့ စုထားတဲ့ ပိုက်ဆံတွေကို သူ့ကို ပေးလိုက်တော့၊ သူ့ကို စီးပွားရေး သွားလုပ်ခိုင်းလိုက်၊ ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ ဒါက သူ့ကို ပေးရမယ့် ပိုက်ဆံတွေပဲ မဟုတ်ဘူးလား”
ချန်အန်းသယ်၏ အမေက ကြောင်အသွားရပြီး စိတ်မအေးနိုင်ဖြစ်နေရ၏။ အကယ်၍သာ ချန်အန်းသယ်က ထိုပိုက်ဆံများကို ထပ်မံ၍ဖြုန်းတီးပစ်လိုက်လျှင် သူ့ကို အိမ်ထောင်ချရန် ပိုက်ဆံ ရှိတော့မည် မဟုတ်ပါချေ။
“.. ကျွန်မတို့ တခြားနည်းလမ်းနဲ့ စဉ်းစားရင် မကောင်းဘူးလား၊ ဒီပိုက်ဆံကိုတော့ မထိဘဲထားလိုက်ပါဦး”
“မင်းဆိုတဲ့ အဘွားကြီးကတော့၊ ဘာမှ နားမလည်ဘူးပဲ၊ ငါ့သားက စီးပွားရေးလုပ်ချင်နေတာလေ၊
မိဘတွေအနေနဲ့ ငါတို့က ကူညီရမှာပေါ့၊ သူက လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသရွေ့တော့ ပိုက်ဆံဆိုတာ ဘာမှမဟုတ်ပါဘူး၊
ငါက သူ့အတွက် ပြန်ရှာပေးလို့ ရပါတယ်”
ချန်အန်းသယ်က ယခင်က ဤကဲ့သို့သောစကားများကို ကြားရလျှင် အလွန်ပင် ရွံရှာခဲ့မိချေသည်။
အဘိုးကြီးက ထိုကျေးဇူးတရားများကို အသုံးချကာ သူ့အား အမိန့်ပေးစေခိုင်းရန် အတင်းအကျပ် ပြုလုပ်နေသည်ဟု သူ အမြဲတမ်း ခံစားခဲ့ရသောကြောင့် ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် ထိုစကားများကို နားထောင်ရင်း သူက စိတ်ထဲ၌ များစွာ မသက်မသာ ဖြစ်သွားရချေ၏။
အဘိုးကြီးက အသက်(60) နီးပါး ရှိနေပြီဖြစ်သော်လည်း သူ့အားအိမ်ထောင်ချပေးရန်အတွက် ငွေများကိုပင် ရှာဖွေပေးချင်နေသေးပေသည်။
ယခင်က သူအတွက်သူသာ စဉ်းစားခဲ့မိခြင်းမှာ မည်မျှအထိ အတ္တကြီးခဲ့ပါသနည်း။
ချန်အန်းသယ်၏ အမေကလည်း တခြားနည်းလမ်းမရှိတော့သောကြောင့် ဗီရိုအောက်ခြေမှ ဖိနပ်အသစ်တစ်ဖက်ကို ထုတ်ယူကာ ထိုဖိနပ်ထဲမှ ငွေ(၁၀၀၀)ကို ထုတ်ယူ၍ ချန်အန်းသယ်ထံ လှမ်းပေးလိုက်လေတော့သည်။
“အန်းသယ်၊ ဒါက ငါတို့ မင်းအတွက် အကြာကြီး စုဆောင်းထားရတဲ့ ပိုက်ဆံတွေပဲ၊ မင်း နောက်တစ်ခေါက် ထပ်ပြီးမဆုံးရှုံးစေနဲ့တော့”
ချန်အန်းသယ်က ထိုငွေများကို ယူလိုက်သည့်အချိန်တွင် အလွန်ပင် လေးလံလွန်းသည်ဟု ခံစားလိုက်ရပေသည်။
သို့သော် ယခုတစ်ကြိမ်တွင် သူ့အနေဖြင့် စီးပွားရေးကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိနေခဲ့ပြီ။
အချိန်တန်လျှင် သူက ထိုငွေများကို မိဘများထံသို့ အတိုးနှင့်တကွ ပြန်လည်ပေးဆပ်ကာ သူတို့ကို စိတ်သက်သာရာရစေမည်ဟု ဆုံးဖြတ်လိုက်၏။
ချန်အန်းသယ်က ငွေများကို လက်ခံရရှိပြီးနောက် ခရိုင်မြို့တွင် စူပါမားကတ်တစ်ခု တည်ဆောက်ရန် အလျင်အမြန်ပင် စီစဉ်လေတော့သည်။
နောက်ထပ် တစ်လခွဲပင် မပြည့်မီမှာပင် စူပါမားကတ် တည်ဆောက်မှုက ပြီးစီးသွားခဲ့ချေပြီ။
ဤသည်က အချက်အချာကျသော နေရာတွင် တည်ရှိနေသည်။ ထိုအပြင် အမြဲတစေ လာရောက်၍အားပေးနေကြသော သူငယ်ချင်းများလည်း ရှိနေသောကြောင့် စူပါမားကတ်ထဲတွင် အရောင်းအဝယ်က အလွန်ပင် စည်ကားပေသည်။
လျှော့ဈေးပေးထားသော ကုန်ပစ္စည်းများကို အလုအယက် လာရောက်ဝယ်ယူကြသည့် ဝယ်သူများပင် ခဏခဏ ရှိနေတတ်ချေ၏။
ဝမ်ဟန်က ခရိုင်မြို့နှင့် မြို့နယ်ရှိ စူပါမားကတ်များသို့ ကုန်ပစ္စည်းများကို ပေးသွင်းရန် တာဝန်ယူရပေသည်။
သူက သူ၏အစ်ကိုနှင့် မရီးဖြစ်သူထံသို့ သွားရောက်၍လည်ပတ်ရန် အချိန်ပိုရလာရုံသာမက ငွေလည်း ပိုမိုရှာဖွေနိုင်ခဲ့ချေသည်။
ခရိုင်မြို့ရှိ စူပါမားကတ်၏ လုပ်ငန်းများက တည်ငြိမ်သွားပြီးနောက်ပိုင်းတွင် ချန်အန်းသယ်က စုန့်ယီထံသို့ အထူးတလည် ဖုန်းဆက်သွယ်လိုက်ပေသည်။
ယခင်က စစ်တပ်ထဲတွင် စိတ်ကြိုက်ဖုန်းဆက်၍ မရနိုင်ကြောင်းကိုသူက သိထားပေသည်။
သူငယ်ချင်းတစ်ဦးအနေဖြင့် သူက စုန့်ယီကို အကြောင်းမဲ့ သွားရောက်၍မနှောင့်ယှက်လိုပေ။
သို့သော်လည်း ယခုတစ်ကြိမ်တွင် သူက လင်းမိန်ဟွေ့အကြောင်းကို စုန့်ယီနှင့် ဆွေးနွေးချင်နေမိ၏။
ဖုန်းခေါ်ဆိုမှုက ဆက်သွယ်မိသွားပြီး စုန့်ယီက ဖုန်းကို ချက်ချင်းပင် လက်ခံဖြေဆိုခဲ့ပေသည်။
ချန်အန်းသယ်က အနည်းငယ် အံ့အားသင့်သွားရ၏။ ထိုဖုန်းမှာ တပ်ကြပ်ကြီး၏ ဖုန်းဖြစ်သည်ဟု ပြောခဲ့ပါသည်မဟုတ်ပါလား။
“စုန့်ယီ.. မင်းက ဒီနေ့ ဘာလို့ ဖုန်းကို ဒီလောက်မြန်မြန် ကိုင်ရတာလဲ၊ ငါကဖုန်းဆက်တော့မယ်ဆိုတာကို သိနေလို့ မင်းက အထူးတလည် စောင့်နေတာလား”
စုန့်ယီက တိုက်ရိုက်ပြန်လည်ဖြေကြားခြင်း မပြုဘဲ ခေတ္တမျှအကြာမှ ချန်အန်းသယ်အား ရှင်းပြလိုက်ပေသည်။
“နောင်ပိုင်းကျရင် မင်းမှာ တစ်ခုခု အရေးကြီးတာရှိရင် ဒီနံပါတ်ကိုပဲ တိုက်ရိုက်ခေါ်လို့ရတယ်၊ တခြားလူတစ်ယောက်ကနေတစ်ဆင့် စကားပါးစရာ မလိုတော့ဘူး”
“မင်းက ဘာကို ဆိုလိုတာလဲ၊ မင်းရဲ့ အဆောင်ထဲမှာ ဖုန်းတပ်လိုက်ပြီလား”
“မဟုတ်ဘူး၊ ငါက ဒီရုံးခန်းထဲကို ရောက်လာတာ”
ချန်အန်းသယ်က ချက်ချင်းပင် ရိပ်မိလိုက်ပြီး စုန့်ယီ ရာထူးတိုးသွားပြီကြောင်း သိလိုက်ပေ၏။
သူက တစ်ဖက်လူအတွက်ပျော်ရွှင်သွားရကာ ဂုဏ်ပြုစကား ပြောဆိုလိုက်ပေ၏။
“စုန့်ယီ ဂုဏ်ယူပါတယ်ကွာ၊ မင်း ဒီလောက်အထိ မြန်မြန်ဆန်ဆန်နဲ့ တပ်ကြပ်ကြီး ရာထူးအထိ ရလိမ့်မယ်လို့ ငါ မထင်ထားဘူး၊ ငါ့ရဲ့ စိုးရိမ်ပူပန်မှုတွေက အပိုတွေဖြစ်နေပုံရတယ်”
စုန့်ယီသည်က ချန်အန်းသယ်၏ စကားများထဲတွင် တစ်စုံတစ်ခုကို ရိပ်မိပုံရသောကြောင့် မေးခွန်းတချို့ကို မေးမြန်းလိုက်ပေသည်။
ထိုအခါမှ ချန်အန်းသယ်က ဖုန်းဆက်ရခြင်း၏ အကြောင်းရင်းကို ရှင်းပြလိုက်လေတော့သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ငါက ပေကျင်းကို သွားပြီး လင်းမိန်ဟွေ့ကို တွေ့ခဲ့တယ်.. အဆောင်ရဲ့အရှေ့မှာ ယောကျ်ားလေးတွေ အများကြီးက သူ့ကို စောင့်နေကြတာ၊
အဲဒီလူတွေကလည်း အတန်းခေါင်းဆောင်တွေချည်းပဲ၊ မိန်ဟွေ့ရဲ့ ပတ်ဝန်းကျင်မှာက ဆွဲဆောင်မှုတွေ အရမ်းများနေတယ်လို့ ငါ ခံစားရလို့ ငါက သူ့ကို သတိပေးခဲ့လိုက်တယ်”
စုန့်ယီက ထိုစကားကို ကြားပြီးနောက် သူ၏သဘောထားကို ချက်ချင်းထုတ်ဖော်ခြင်း မရှိပါချေ။
ခေတ္တမျှကြာမှသာ ချန်အန်းသယ်ကို ဤသို့ ပြန်လည်ပြောဆိုလိုက်ပေသည်။
“ငါက အရင်က ဒီပြဿနာကို စိုးရိမ်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ နောက်တော့ ငါက ပြန်စဉ်းစားကြည့်ခဲ့တယ်၊
တကယ်လို့ ငါတို့နှစ်ယောက်ကသာ တကယ်ချစ်ကြတာဆိုရင် ဘယ်သူကမှ လင်းမိန်ဟွေ့ကို ငါ့ဆီကနေ ခေါ်ထုတ်သွားနိုင်မှာမဟုတ်ဘူး၊
တကယ်လို့ သူက တခြားတစ်ယောက်ကို တကယ်ပဲ ချစ်သွားခဲ့မယ်ဆိုရင်လည်း ငါဘက်က ဘယ်လောက်ပဲ သတိထားနေပါစေ အလကားပဲလေ.. မင်းရော ဘယ်လိုထင်လဲ”
ချန်အန်းသယ်က စုန့်ယီကို ဤမျှအထိ သဘောထားကြီးလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပေ။
သူကသာ အပိုတွေ လျှောက်တွေးနေမိသည်ဟု ခံစားလိုက်ရချေသည်။
ထို့ကြောင့် သူက မကြာသေးမီက သူဖွင့်လှစ်ခဲ့သော စူပါမားကတ်အကြောင်းကိုသာ စုန့်ယီနှင့် ဆွေးနွေးဖြစ်ခဲ့ပြီး စုန့်ယီကလည်း ချန်အန်းသယ်ကို အကြိမ်ကြိမ် ချီးကျူးစကား ဆိုခဲ့ပေသည်။
*
အခန်း(152)
မသိလိုက်ပါဘဲ ဒုတိယနှစ်သို့ ရောက်ရှိလာခဲ့ပေပြီ။ ထိုအချိန်တွင် လင်းမိန်ဟွေ့က မထင်မရှားကျောင်းသူလေးဘဝမှ ကျောင်းသားသမဂ္ဂ၏ ပန်းချီကလပ်ဥက္ကဋ္ဌအဖြစ်သို့ ပြောင်းလဲရောက်ရှိလာခဲ့ချေပြီ။
ဟုန်ရိကုမ္ပဏီရှိ သူမ၏အလုပ်ကလည်း သန့်ရှင်းရေးဝန်ထမ်းဘဝမှ အရောင်းဝန်ထမ်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရုံးပိတ်ရက်များတွင် သူမက ကျောင်းအသီးသီးသို့ သွားရောက်၍ ကုမ္ပဏီမှထုတ်ဝေသော စာအုပ်များကို အရောင်းမြှင့်တင်ရ၏။
အမှာစာတစ်ခုရတိုင်း လင်းမိန်ဟွေ့ကို ကော်မရှင် (၁၀) ရာခိုင်နှုန်း ရခဲ့လေသည်။
ယခုအချိန်တွင် ဆောင်းဦးရာသီ ကျောင်းသားသစ်ကြိုဆိုပွဲ အခမ်းအနားက ကျင်းပရန် အချိန်ရောက်ရှိလာပြီဖြစ်ပေသည်။ ထို့ကြောင့် ကျောင်းသားသမဂ္ဂရှိ ကလပ်အသင်းတိုင်းက ဝိုင်းဝန်းကူညီကြရပေသည်။
လင်းမိန်ဟွေ့က သဘာဝကျစွာပင် ကျောင်းသားသစ်ကြိုဆိုပွဲ ပိုစတာဒီဇိုင်းကို ကူညီရေးဆွဲပေးခဲ့ပေ၏။
တခြားကလပ်အသင်းများကလည်း သူတို့၏ကျွမ်းကျင်ရာ ကဏ္ဍအသီးသီးမှနေ၍ ကူညီခဲ့ကြသည်။
အတန်းခေါင်းဆောင် လျိုကျားက လင်းမိန်ဟွေ့တစ်ယောက် သင်ပုန်းစာစောင်ကို အာရုံစိုက်၍ ရေးဆွဲနေသည်ကို စိုက်ကြည့်နေမိ၏။
သူမက ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း ရှည်လျားနက်မှောင်သော ဆံကေသာနှင့် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် အချိန်ကြာလာသည်နှင့်အမျှ လင်းမိန်ဟွေ့က ပို၍ပင် လှပလာသည်။
လျိုကျားက ပုံမှန်အတိုင်း စကားစကာ မေးလိုက်လေသည်။
“စုန့်ယီဆီက မင်းဆီကို ပိုက်ဆံပို့ပေးတာကို မမြင်ရတာ ကြာပြီပဲ၊ သူ မင်းကို အဆက်အသွယ် လုပ်နေတုန်းပဲလား”
အပြင်ဘက်တွင် ကျောင်းသားသစ်များကို ကြိုဆိုနေသော အသံများက ဆူညံနေခဲ့သည်။
လင်းမိန်ဟွေ့က သူမ၏အသံကို မြှင့်၍ ပြန်လည်ဖြေကြားလိုက်၏။
“သူ့ကို လတိုင်း ပိုက်ဆံမပို့ခိုင်းတော့ဘူးလေ၊ နောင်ကျရင် စီးပွားရေးလုပ်ဖို့အတွက် စုထားခိုင်းလိုက်တာ”
“သူက စစ်တပ်မှာပဲ ဆက်နေမှာ မဟုတ်ဘူးလား၊ ငါ ကြားတာတော့ စစ်တပ်က အရာခံစစ်သည်ဖြစ်ပြီးရင် အလုပ်နားစရာမလိုဘဲ တပ်ထဲမှာပဲ ဆက်နေပြီး ရာထူးတွေ ထပ်တိုးလို့ရတယ်ဆို”
လျိုကျားက သူ၏ ရည်ရွယ်ချက်ကို အသိသာကြီး မဖြစ်စေချင်သော်လည်း စုန့်ယီတစ်ယောက် စစ်တပ်ထဲတွင်သာ ထာဝရ ရှိနေစေရန်ကို အမှန်တကယ်ပင် ဆုတောင်းနေမိသည်။
သို့ဆိုလျှင် အချိန်များ ကြာလာသည်နှင့်အမျှ လင်းမိန်ဟွေ့က ထိိသူ၏ကျေးဇူးတရားများကို မေ့လျော့သွားလိမ့်မည် မဟုတ်ပါလား။
ဤသို့ဖြစ်ပါက လျိုကျားအနေဖြင့် လင်းမိန်ဟွေ့ကို တရားဝင် လိုက်ခွင့်ရမည့် အခွင့်အရေး ရှိလာပေလိမ့်မည်။
လင်းမိန်ဟွေ့က ပိုစတာကို ရေးဆွဲ၍ပြီးစီးသွားသောကြောင့် သူမ၏လက်မှ ဖုန်များကို ခါထုတ်လိုက်ပြီး လျိုကျားအား ရှင်းပြလိုက်ပေသည်။
“အစ်ကိုစုန့်ယီက တပ်ထဲမှာ ဆက်နေမှာ၊ ကျွန်မကတော့ သူရှိတဲ့ စစ်စခန်းနားမှာ သွားပြီး စီးပွားရေးလုပ်မယ်လေ၊
တကယ်လို့ သူက စစ်တပ်က ထွက်လာမယ်ဆိုရင်လည်း ကျွန်မတို့က ပေကျင်းက အိမ်မှာပဲ အတူတူ စီးပွားရှာကြမှာ”
လျိုကျား၏ မျက်ဝန်းများက အနည်းငယ် မှေးမှိန်သွားရ၏။ မမျှော်လင့်ဘဲ လင်းမိန်ဟွေ့က ဤပြဿနာအတွက် ကြိုတင်စဉ်းစားထားပြီး အဖြေကိုပါ ရှာထားပြီးသား ဖြစ်နေပေသည်။
လျိုကျားက လင်းမိန်ဟွေ့၏ ပစ္စည်းများကို ကူညီ၍ သိမ်းဆည်းပေးရင်း စမ်းတဝါးဝါးဖြင့် မေးမြန်းလိုက်ပြန်သည်။
“ငါ ကြားတာတော့ စုန့်ယီ စစ်မှုထမ်းနေတဲ့နေရာက အရမ်းခက်ခဲတယ်ဆို၊ မင်း အဲဒီမှာ ဘယ်လိုမျိုး စီးပွားရေး သွားလုပ်မှာလဲ”
“စည်ကားတဲ့နေရာမှာဆိုရင်တော့ စီးပွားရေးအကြီးစားကို လုပ်မှာပေါ့၊ ဆင်းရဲတဲ့နေရာမှာဆိုရင်တော့ စီးပွားရေးအသေးစားကိုပဲ လုပ်မယ်၊
ဒီကိစ္စတွေအတွက် ကျွန်မက တစ်ခါမှ မစိုးရိမ်ဖူးဘူး”
လင်းမိန်ဟွေ့က နုံအသူမဟုတ်၍ လျိုကျား၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ပေ၏။
သို့သော်လည်း သူမက စုန့်ယီအပေါ်တွင် ထားရှိသော သူမ၏ ခံစားချက်များကို ဖုံးကွယ်မထားလိုပါချေ။
လျိုကျားအနေဖြင့် သူမ၏ စိတ်ရင်းကို နားလည်သွားစေရန်သာ သူမက မျှော်လင့်မိပေသည်။
သင်ပုန်းစာစောင် ရေးဆွဲပြီးနောက် လျိုကျားက လင်းမိန်ဟွေ့ကို ညနေပိုင်း ကျောင်းသားသစ်ကြိုဆိုပွဲ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပေသည်။
သို့သော်လည်း လင်းမိန်ဟွေ့က အိမ်စာ များပြားနေသောကြောင့်ဟူ၍ ငြင်းပယ်လိုက်လေ၏။
လျိုကျားက ဇွဲကောင်းသူတစ်ဦး ဖြစ်၍ လင်းမိန်ဟွေ့က သူ့ကို ဤမျှလောက်နှင့် အလွယ်တကူ လက်လျှော့သွားလိမ့်မည်မဟုတ်ကြောင်းကို သိနေခဲ့သည်။
လင်းမိန်ဟွေ့က ကျောင်းသားသစ်ကြိုဆိုပွဲသို့ မသွားလိုကြောင်းကိုမြင်လိုက်ရသောအချိန်တွင် လျိုကျားက အနည်းငယ် စိတ်ပျက်သွားခဲ့ပေသည်။
“ဒါဆိုရင် ငါလည်း မသွားတော့ဘူး၊ အဲဒါက သိပ်ပြီး အရေးမကြီးပါဘူး၊ တခြားအသင်းဝင်တွေကိုပဲ စုခိုင်းပြီး ကျောင်းသားသစ် ကိုယ်စားလှယ်တွေကို စကားနည်းနည်းလောက် ပြောခိုင်းလိုက်ရုံပေါ့”
လင်းမိန်ဟွေ့က လျိုကျား၏ ခံစားချက်ကို ရိပ်မိလိုက်သောကြောင့် ထိုသူက ဤခံစားချက်ကို အသုံးချကာ သူမ၏အပေါ်တွင် တစ်စုံတစ်ရာကို ဖိအားပေးလိုသည့် သဘောရှိနေကြောင်း မသေမချာ ခံစားလိုက်ရ၏။
လင်းမိန်ဟွေ့အနေဖြင့် စိတ်မသက်မသာဖြစ်သော်လည်း နောက်ဆုံးတွင် ပြောလိုက်ရပေသည်။
“အတန်းခေါင်းဆောင်၊ ကျောင်းသားသစ်တွေက အခုမှ ရောက်လာကြတာလေ၊ ကျွန်မတို့ စီနီယာတွေက သူတို့အတွက် စံနမူနာကောင်းပြရမယ်၊ ဘာပဲဖြစ်ဖြစ် သူတို့ကို ဂရုစိုက်ပေးသင့်တယ်”
လင်းမိန်ဟွေ့ စိတ်ပြောင်းသွားသည်ကို ကြားလိုက်ရသောအချိန်တွင် လျိုကျားက အလွန်ပျော်ရွှင်သွားပြီး ပြောလိုက်လေသည်။
“ဒါဆိုရင် တခြားအသင်းသားတွေကို ငါ အကြောင်းကြားလိုက်မယ်၊ ဒီနေ့ည ကျောင်းနားကစားသောက်ဆိုင်မှာပဲ ငါ ဝယ်ကျွေးမယ်”
ညနေပိုင်းတွင် အသင်းသားတချို့က သူတို့၏ရည်းစားများကို ခေါ်ဆောင်လာကြ၏။ လျိုကျားက ကျောင်းသားသစ် ကိုယ်စားလှယ်များကို နှုတ်ဆက်ဧည့်ခံရန် အလုပ်ရှုပ်နေပေသည်။
ကျောင်းသူသစ်တစ်ဦးက လျိုကျား၏ ထူးချွန်မှုကို မြင်သောအချိန်တွင် မျက်နှာလေးနီရဲလျက် မေးမြန်းလိုက်လေသည်။
“စီနီယာလျိုကျားရဲ့ ရည်းစားက ဘယ်စီနီယာဖြစ်မလဲဆိုတာ သိချင်မိတယ်”
လူတိုင်းက ခေတ္တမျှ ကြောင်အသွားကြပြီး သူတို့၏အကြည့်များက လင်းမိန်ဟွေ့၏ထံသို့ တညီတညွတ်တည်း ရောက်ရှိသွားကြ၏။
လင်းမိန်ဟွေ့က အနည်းငယ်ပင် ရှက်သွားရပြီး အလျင်အမြန်ပင် ထရပ်ကာ ငြင်းဆိုလိုက်ပေသည်။
“ညီမလေး၊ စီနီယာလျိုကျားမှာ ရည်းစားမရှိသေးဘူး၊ တကယ်လို့ ညီမလေးသာ သူ့ကိုသဘောကျတယ်ဆိုရင် တခြားသူတွေက လက်ဦးမသွားခင် အမြန်ဆုံး ကြိုးစားသင့်တယ်နော်”
“စီနီယာက စီနီယာလျိုကျားရဲ့ ရည်းစားမဟုတ်ဘူးလား၊ ကျွန်မကြည့်ရသလောက် စီနီယာလျိုကျားရဲ့ မျက်လုံးတွေက စီနီယာ့ကိုပဲ အမြဲကြည့်နေပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတာပဲ”
ထိုအချိန်တွင် တခြားအသင်းသားများကလည်း ဝိုင်း၍ စနောက်ကြလေသည်။
“မိန်ဟွေ့၊ လျိုကျားက နင့်ကို သဘောကျနေတာ ဒီလောက်ကြာနေပြီပဲ၊
ဒီလို ထူးချွန်တဲ့လူတစ်ယောက်ကို တစ်ဖက်သတ်အချစ်နဲ့ မပူလောင်စေဘဲ သူ့ကို အခွင့်အရေးလေးတော့ ပေးလိုက်ပါဦး၊
မဟုတ်ရင် ကျောင်းက မိန်းကလေးတွေအကုန်လုံးက သူ့ကို လုနေကြလိမ့်မယ်”
ထမင်းတစ်နပ် စားရာမှ အခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု လင်းမိန်ဟွေ့ မထင်မှတ်ထားခဲ့ပါချေ။
ယခုအချိန်တွင် ရှင်းပြလျှင်လည်း မှားယွင်းနိုင်သကဲ့သို့၊ မရှင်းပြဘဲနေလျှင်လည်း ပို၍ပင်ဆိုးရွားသွားနိုင်ပေသည်။
လျိုကျားကလည်း အခြေအနေက ထူးဆန်းလာသည်အထိ မျှော်လင့်တကြီးဖြင့် လင်းမိန်ဟွေ့ကို ကြည့်နေမိ၏။
ထိုအခြေအနေကို ပြေလည်စေရန်အတွက် လျိုကျားကသာ အပြုံးတစ်ခုနင်ှင့် ကြားဝင်ဖြေရှင်းပေးလိုက်ပေသည်။
“မင်းတို့ကလည်း အလေးအနက်တွေလုပာနေကြတာပဲ၊ ဒီလိုမျိုး အတင်းအကျပ် သဘောတူခိုင်းလို့ ဘယ်ရမလဲ၊
ငါနဲ့ မိန်ဟွေ့ရဲ့ကြားက ကိစ္စတွေကို ငါတို့ဘာသာ ဆုံးဖြတ်ပါ့မယ်၊ မင်းတို့ စိတ်ပူမနေကြပါနဲ့”
ကျောင်းသူသစ်လေးက မျက်နှာနီရဲစွာဖြင့် လင်းမိန်ဟွေ့ထံသို့ ရည်ရွယ်ချက်ရှိရှိ လျှောက်လာပြီးပြောလိုက်၏။
“အစ်မ၊ စီနီယာလျိုကျားက အရမ်းတော်တာပဲ၊ တကယ်လို့ အစ်မသာ သူ့ကို အလိုမရှိဘူးဆိုရင် ကျွန်မကတော့ ပေါ်တင်ပဲ လုယူတော့မှာနော်၊
အစ်မဘက်က ရှုံးသွားရင် ကျွန်မကို လာပြီး ပြဿနာမရှာပါနဲ့ဦး”
“ လျိုကျားနဲ့ ကျွန်မက သာမန်သူငယ်ချင်းတွေပါပဲ၊ ညီမဘက်က ဘယ်သူ့ကို သဘောကျမလဲဆိုတာကို ကျွန်မမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး”
လင်းမိန်ဟွေ့က ရှင်းပြလေ ပို၍ရှုပ်ထွေးလေ ဖြစ်မည်ကို သိသောကြောင့် မရှင်းပြလိုသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမအနေဖြင့် မရှင်းပြဘဲနေလျှင် လျိုကျားနှင့် ပတ်သက်မှုကို ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။
ညပိုင်းတွင် လူတိုင်းက လူစုခွဲသွားကြ၏။ လင်းမိန်ဟွေ့နှင့် လျိုကျားတို့ကလည်း အတန်းဖော်များကို လိုက်လံပို့ဆောင်ပြီးနောက် ပိုက်ဆံရှင်းရန်နှင့် နေရာကိုရှင်းလင်းရန် ပြန်လာခဲ့ကြသည်။
လင်းမိန်ဟွေ့က လျိုကျား၏ အလုပ်ကိစ္စများကို ပြီးဆုံးသည်အထိ စောင့်ဆိုင်းနေခဲ့ပေသည်။
အပြန်လမ်းတွင် လင်းမိန်ဟွေ့က လျိုကျားအား တည်ကြည်စွာဖြင့် ပြောလိုက်၏။
“အတန်းခေါင်းဆောင်၊ ကျွန်မတို့ရဲ့ ပတ်သက်မှုကို နောက်ပိုင်းမှာ တခြားသူတွေကို အထင်မမှားစေချင်ဘူး၊
ကျွန်မ အရင်ကလည်း ပြောဖူးပါတယ်၊ ကျွန်မ ချစ်တဲ့သူက အစ်ကိုစုန့်ယီပဲ!”
“မိန်ဟွေ့၊ ငါ့ကို စိတ်မဆိုးပါနဲ့၊ အဲဒါတွေက သူတို့ဘာသာ ခန့်မှန်းပြီးပြောကြတာလေ၊ ငါတို့ကြားမှာ ဘာမှမရှိသရွေ့ သူတို့ဘာပြောပြော အရေးမကြီးပါဘူး!”
လျိုကျား၏ စကားများက လင်းမိန်ဟွေ့ကိုသာ အပြစ်ရှိသကဲ့သို့ ခံစားရစေပေသည်။
ဒုတိယနှစ် ကုန်ဆုံးခါနီးအချိန်တွင် လင်းမိန်ဟွေ့ကို လိုက်သူများ ကပို၍များပြားလာခဲ့၏။
သို့သော် လင်းမိန်ဟွေ့တွင် စစ်တပ်၌ တာဝန်ထမ်းဆောင်နေသော ချစ်သူတစ်ဦးရှိကြောင်းနှင့် သူတို့နှစ်ဦးက တစ်သက်လုံး အတူလက်တွဲရန် ခိုင်မြဲသော ကတိသစ္စာများ ရှိထားကြကြောင်းကို လူတိုင်း သိရှိထားကြပေသည်။
လျိုကျားသည်ကား လင်းမိန်ဟွေ့၏ သစ္စာရှိသော နောက်လိုက်တစ်ဦးအဖြစ် ရှိနေဆဲပင်။
သူက နေ့စဉ်နှင့်အမျှ စာကြည့်တိုက်သို့သွားကာ သူမအတွက် နေရာဦးပေးခြင်း၊ သင်ပုန်းစာစောင်များကို မငြီးမငြူဘဲ ကူညီရေးဆွဲပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့၏။
နှစ်ကုန်ပိုင်းသို့ ရောက်သောအချိန်တွင် လင်းမိန်ဟွေ့တွင် သူမ၏အနား၌ အမြဲရှိနေပေးသော ဂရုစိုက်တတ်သည့် လက်ထောက်တစ်ဦး ရှိနေပြီဟု လူတိုင်းက သိရှိသွားကြတော့သည်။
အစပိုင်းတွင် လင်းမိန်ဟွေ့က လျိုကျားကို အကျိုးအကြောင်းပြ၍ ရှင်းပြရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင်တော့ လက်လျှော့လိုက်ရုံသာ တတ်နိုင်ခဲ့တော့သည်။