အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း(153)
နှစ်ကုန်ပိုင်းတွင် ပန်းချီကလပ်က စီးပွားရေးတက္ကသိုလ်တစ်ခုလုံးအား ကိုယ်စားပြုသော အကြီးစားပန်းချီပြပွဲတစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်ချေ၏။
အသင်းဝင်တိုင်းက ထူးခြားပြောင်မြောက်သော လက်ရာတချို့ကို ဖန်တီးရလိမ့်မည်။
ထို့အပြင် နေရာရှာဖွေခြင်း၊ ဈေးနှုန်းညှိနှိုင်းခြင်းနှင့် ပြပွဲတစ်ခုလုံး၏ လုပ်ငန်းစဉ်များတွင်လည်း ပါဝင်ကူညီကြရပေသည်။
တခြားအသင်းဝင်များက ပေကျင်းသားများ ဖြစ်ကြသောကြောင့် အဆက်အသွယ်ကောင်းများ ရှိကြသည့်အတွက် ပြပွဲနေရာကို ရှာဖွေခြင်း၊ ကြော်ငြာစာစောင်များကို ရိုက်နှိပ်ခြင်းနှင့် ကျွမ်းကျင်သော ပန်းချီဆရာဟောင်းတချို့ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားခြင်းတို့ကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည်။
ကျန်ရှိနေသော ကူညီထောက်ပံ့မှုရန်ပုံငွေကိစ္စကသာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာချေသည်။
လူတိုင်းသိရှိကြသည့်အတိုင်း အကူအညီပေးရန်က လွယ်ကူသော်လည်း တခြားသူများ၏ အိတ်ကပ်ထဲမှ ငွေထုတ်ယူရန်က ထိုမျှအထိမလွယ်ကူပေ။
သူတို့၏ ပန်းချီလက်ရာများက ကောင်းမွန်ကြသော်လည်း ကျောင်းတွင်းကလပ်အဆင့်တွင်သာ ရှိနေကြသေး၏။
ကျွမ်းကျင်သူများ၏ ထင်မြင်ယူဆချက်များနှင့် မှတ်ချက်များမပါရှိဘဲ ထိုပန်းချီကားများကို အသိအမှတ်ပြုခံရရန်မှာ ခဲယဉ်းပေသည်။
ပန်းချီကလပ်ဥက္ကဋ္ဌဖြစ်သူ ချီမင်က လူတိုင်းအတွက် အစည်းအဝေးအသေးစားလေးတစ်ခုကို ပြုလုပ်ခဲ့၏။
ယေဘုယျအားဖြင့်ပြောရလျှင် ဝိုင်းဝန်းကူညီခြင်း မပြုရသေးသော ကျောင်းသားများက နည်းလမ်းရှာဖွေသင့်ကြောင်း ပြောလာခြင်းသာဖြစ်ချေသည်။
ဤပန်းချီပြပွဲက ကလပ်အတွက် သက်သက်မဟုတ်ဘဲ ပေကျင်းမှ မသန်စွမ်းကျောင်းများအတွက် ရန်ပုံငွေထောက်ပံ့ရန် ထိုပန်းချီကားများကို လေလံတင်ရောင်းချခြင်း ဖြစ်သည်။
“ဒီပန်းချီပြပွဲက လူတိုင်းအတွက် လူမှုဆက်ဆံရေးမှာ လိုက်လျောညီထွေရှိအောင် လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုပဲ
လူတိုင်းက အစွမ်းကုန် ကြိုးစားသင့်တယ်၊ တခြားသူတွေ ဘာလုပ်မလဲဆိုတာကိုပဲ အမြဲတမ်း ထိုင်မတွေးနေကြပါနဲ့”
လင်းမိန်ဟွေက သူ့ကိုယ်သူ ပေါ့ဆနေမိသည်လားဟု မသိသော်လည်း ချီမင်၏ မျက်လုံးများက သူမကိုသာ ဝေ့ဝိုက်၍စိုက်ကြည့်နေသည်ဟု ခံစားနေရသောကြောင့် အနေရခက်နေခဲ့ရသည်။
လင်းမိန်ဟွေ့အနေဖြင့် ယခင်ကလည်း ချီမင်အား သူမက ကျေးလက်ဒေသမှလာသူဖြစ်ပြီး အဆက်အသွယ်နည်းပါးသောကြောင့် မည်သည့်ထောက်ပံ့မှုကိုမျှ ဆွဲဆောင်နိုင်မည်မဟုတ်ကြောင်းကို ကြိုတင်ပြောထားဖူး၏။
ထိုအချိန်တွင် ကလပ်အဖွဲ့ဝင်တစ်ဦးက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
“ဥက္ကဋ္ဌ၊ ဒါက အရမ်းမတရားဘူးလေ၊ ကျွန်တော်တို့ကျတော့ အလုပ်များလွန်းလို့ သေတော့မယ်၊
တချို့ကျတော့ အားလပ်နေလိုက်တာ ၊ သူတို့က ဘာမှမလုပ်ဘဲ ကျွန်တော်တို့ရဲ့ လုပ်အားအသီးအပွင့်တွေကို စံစားနေကြတာပဲ”
လင်းမိန်ဟွေ့က ဤစကားများက သူမကို ရည်ရွယ်ပြောဆိုနေခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။
သူမအနေဖြင့် မူလက အကြောင်းရင်းကို ရှင်းပြလိုသော်လည်း ယခုအချိန်တွင် ရှင်းပြနေခြင်းက အပိုသာဖြစ်မည်ဟု ခံစားလိုက်ရပေ၏။
သူတို့က အမြဲတစေ သူတို့၏ ကိုယ်ပိုင်အတွေးများအတိုင်းသာ လုပ်ဆောင်ကြမည်ဖြစ်ပြီး အသင်းသား၏ အထူးအကြောင်းပြချက်များကို ထည့်သွင်းစဉ်းစားကြမည် မဟုတ်ပါချေ။
ပထမနှစ်အချိန်က လင်းမိန်ဟွေ့မှာ စွန့်ပစ်ထားသော ဆေးရောင်များကို ပြန်လည်အသုံးပြုနိုင်သောကြောင့် မြေပြင်ပေါ်မှ ဆေးပြွန်များစွာကို ကောက်ယူခဲ့သည်။
ပြီးနောက် သူမ၏ ပန်းချီကားတွင် အသုံးပြုရန် ထိုဆေးပြွန်များထဲမှ ဆေးများကို နည်းမျိုးစုံဖြင့် ညှစ်ထုတ်ယူခဲ့ရဖူး၏။
မမျှော်လင့်ဘဲ သူတို့က သူမကို ခိုးယူသည်ဟု စွပ်စွဲခဲ့ကြသည်။ ထိုအချိန်တုန်းက လင်းမိန်ဟွေ့တစ်ယောက် အလွန်ပင် မတရားစွာစွပ်စွဲခံရသည်ဟု ခံစားခဲ့ရပေသည်။
သို့သော် သူမဘက်မှ မည်မျှပင် ရှင်းပြပါစေ၊ သူတို့က သူမ၏စကားကို နားထောင်ရန် ငြင်းဆန်ခဲ့ကြသည်။
ယနေ့တိုင်အောင် လင်းမိန်ဟွေ့က သူမ၏ အကူအညီမဲ့မှုနှင့် ဝေခွဲမရဖြစ်မှုတို့ကို မှတ်မိနေဆဲပင်။
ထိုအချိန်တွင် ချီမင်က လင်းမိန်ဟွေ့ကို စိုက်ကြည့်ပြီးပြောလာခဲ့သည်။
“မိန်ဟွေ့၊ မင်းမှာ ဘယ်လို အထူးအကြောင်းပြချက်တွေရှိလဲဆိုတာ ကို ငါ ဂရုမစိုက်ဘူး၊ အတိုချုပ်ပြောရရင် ဒီပွဲက လူတိုင်းပူးပေါင်းလုပ်ဆောင်ရမယ့် ပွဲပဲ၊ မင်းလည်း ထောက်ပံ့သူတစ်ယောက်တော့ ရှာပေးဖို့ လိုအပ်တယ်”
လင်းမိန်ဟွေ့က လူတိုင်း၏အကြည့်များက သူမထံသို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသောကြောင့် စကားပြောရန် ပြင်လိုက်ပေသည်။
ထိုအခိုက်တွင် အမျိုးသမီးတစ်ဦးက မနာလိုသောလေသံဖြင့် ပြောလိုက်၏။
“နင်မှာ အရည်အချင်းရှိနေတာပဲလေ၊ နင့်ဘက်က ကူညီချင်စိတ်ရှိမရှိအပေါ်မှာပဲ မူတည်တာ၊
လျိုကျားရဲ့ မိသားစုက အရမ်းချမ်းသာတာပဲမဟုတ်ဘူးလား၊ နင် လက်တစ်ချက်လှုက်လိုက်ရုံနဲ့ သူတို့က ငါတို့ကို ထောက်ပံ့ပေးနိုင်မှာပဲလေ၊
ဒါပေမဲ့ သူတို့က နင့်ရဲ့မျက်နှာကို ထောက်ထားပါ့မလားဆိုတာတော့ ကြည့်ရမှာပေါ့”
လင်းမိန်ဟွေ့အနေဖြင့် ထိုကဲ့သို့သောကိစ္စမျိုးကို သဘောတူရန် အလွန်ပင် ဝန်လေးနေသော်လည်း ဤအတောအတွင်း ပန်းချီကလပ်တွင် ဗဟုသုတများစွာကို သင်ယူခဲ့ရသည်မဟုတ်ပါလား။
က အမှန်ပင် ဖြစ်ပေသည်။
ဥက္ကဋ္ဌချီမင်ကလည်း ပုံမှန်အားဖြင့် သူမကို ကောင်းစွာ ဂရုစိုက်ပေးတတ်သောကြောင့် လင်းမိန်ဟွေ့အနေဖြင့် ဤကိစ္စတွင် ဘေးထွက်နေပြီး ကလပ်၏အရေးကိစ္စများကို စိတ်မဝင်စားသကဲ့သို့ နေ၍ မရနိုင်တော့ပါချေ။
သို့သော်လည်း လင်းမိန်ဟွေ့က ယခင်က လျိုကျားထံမှ မည်သည့်အရာကိုမျှ တစ်ခါမျှ မတောင်းဆိုခဲ့ဖူးပေ။
ဤသည်မှာ လျိုကျားက အထင်မှားသွားပြီး မလိုအပ်သော ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်သာ ဖြစ်၏။
သို့သော် ယခုအချိန်တွင် အခြေအနေက ဤအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ သူမဘက်မှ ငြင်းဆန်နေပါက တခြားသူများ၏ လှောင်ပြောင်မှုကိုသာ ရရှိပေလိမ််မည်။ပြီးနောက် သူမက ကလပ်အတွက် ကူညီရန် စိတ်မရှိသူဟု ပြောဆိုကြပေလိမ့်မည်။
“ကောင်းပါပြီ ဥက္ကဋ္ဌချီ၊ ကျွန်မ ကြိုးစားကြည့်ပါ့မယ်!”
“ကြိုးစားကြည့်ရုံတင် မဟုတ်ဘူး မိန်ဟွေ့၊ တကယ်တော့ သူတို့ဘက်ကသာ ငါတို့ရဲ့ ပန်းချီပြပွဲကို ထောက်ပံ့ပေးနိုင်ရင် လုံးဝ အကျိုးမရှိတာတော့ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ သူတို့ရဲ့ စီးပွားရေးကို အရောင်းမြှင့်တင်ရာ ရောက်တာပေါ့”
ချီမင်က ထိုသို့ပြောလိုက်သည့်အချိန်တွင်တော့ လင်းမိန်ဟွေ့အနေဖြင့် ထပ်မံ၍ မငြင်းဆန်နိုင်တော့ပါချေ။
ညနေပိုင်းတွင် လင်းမိန်ဟွေ့က လျိုကျားကို ပထမဆုံးအကြိမ်အဖြစ် အပြင်သို့ ဖိတ်ခေါ်လိုက်ပေသည်။
လျိုကျားတစ်ယောက် လူသွားလမ်းတစ်လျှောက် ပြေးထွက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် လင်းမိန်ဟွေ့က အနည်းငယ်လောက် အားနာစိတ်များဖြစ်ပေါ်သွားရလေတော့သည်။
သူမက ပါးစပ်ကို ဖွင့်ဟလိုက်မိသော်လည်း အခြေအနေနှင့် လျော်ညီစွာ မည်သို့ ဖော်ပြရမည်ကို မသိပါချေ။
သူမက တခြားသူများ၏ ဖိအားပေးမှုကို မခံလိုသော်လည်း ယခုအချိန်တွင် လင်းမိန်ဟွေ့က အလွန်ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေလေ၏။
အကယ်၍ သူမအနေဖြင့် ထောက်ပံ့သူကိုသာ ရှာမတွေ့ပါက နောက်ပိုင်းတွင် ပန်းချီကလပ်၌ ဆက်လက်ရှိနေရန် ခဲယဉ်းသွားနိုင်ပေသည်။
လျိုကျားက ဤကိစ္စက ပန်းချီပြပွဲအတွက်ဖြစ်ကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် အနည်းငယ် စိတ်ပျက်သွားကြောင်းကို မဖုံးကွယ်နိုင်ပေ။
သို့သော်လည်း သူက စိတ်ထဲမှ ခံစားချက်ကို ချက်ချင်းပင် ထိန်းညှိလိုက်ပြီး အပြုံးတစ်ခုနှင် ပြောလိုက်ပေသည်။
“ဒါက အသေးအမွှားကိစ္စလေးပါပဲ၊ ဒါပေမဲ့ ငါ့ရဲ့အဖေက စီးပွားရေးသမားဆိုတော့ ငွေတွေကို အကြောင်းပြချက်မရှိဘဲ ရင်းနှီးမြှုပ်နှံဖို့တော့ ကျိန်းသေပေါက် ဝန်လေးလိမ့်မယ်”
“ဒါဆို မဖြစ်နိုင်လောက်ဘူးလို့ ထင်လား၊ ပန်းချီပြပွဲတစ်ခု ဖွင့်ဖို့ဆိုရင် ယွမ်တစ်သောင်းကျော် ကုန်ကျမယ်လို့ ကျွန်မက ခန့်မှန်းထားတယ်၊
ဒါ့အပြင် အဲဒါက ရှင့်အဖေရဲ့ စီးပွားရေးလုပ်ငန်းအတွက်လည်း ကြော်ငြာပေးသလို အကျိုးသက်ရောက်မှုတွေ ရရှိစေမှာပါ”
လင်းမိန်ဟွေ့က အကူအညီတောင်းခံလေ့ရှိသူ မဟုတ်သောကြောင့် ဤစကားကို မပြောမီ အချိန်အတော်ကြာအောင် စဉ်းစားခဲ့ရပေသည်။
ဤသည်ကို ကြားပြီးနောက် လျိုကျားက အရာအားလုံးမှာ သူ၏လက်ထဲတွင်ရှိနေသကဲ့သို့ အသာအယာ ပြုံးလိုက်၏။
အရေးအကြီးဆုံးအချက်က လင်းမိန်ဟွေ့က သူ့ထံတွင် အကူအညီတောင်းလာခြင်းပင် ဖြစ်ချေသည်။
ဤသည်မှာ လင်းမိန်ဟွေ့က သူ့ကို လုံးဝသူစိမ်းတစ်ယောက်ကဲ့သို့ သဘောမထားတော့ကြောင်းကို ပြသနေသည် မဟုတ်ပါလော။
“ကောင်းပြီလေ၊ ဒါကို ငါ့ရဲ့အဖေကို ပြောပြလိုက်မယ်၊ ပြီးတော့ ဒါက ငါ့ချစ်သူရဲ့ ပန်းချီပြပွဲလို့ ပြောလိုက်မယ်၊
သူက ငါ့မှာ ရည်းစားရှိဖို့ကို တကယ်ကို မျှော်လင့်နေတာ၊ ငါကဒီလိုမျိုး အခြေတကျဖြစ်သွားတာကို သိရင် သူ ကျိန်းသေပေါက် အရမ်းဝမ်းသာသွားလိမ့်မယ်”
လျိုကျား၏ စကားများကြောင့် လင်းမိန်ဟွေ့တစ်ယောက် သူ့၏အပေါ်တွင် အနည်းငယ် စိတ်ပျက်သွားရချေသည်။
ဤကိစ္စမှာပင် သူမအတွက် အလွန်အားနာစရာ ကောင်းနေပြီဖြစ်၍ ရည်းစားဟူသော စကားကိုပါ ထပ်မံဖြည့်စွက်လိုက်ခြင်းက သူမကို ပို၍ပင် အနေရခက်စေပေသည်။
“ဒါဆိုရင်တော့ ထားလိုက်ပါတော့၊ ကျွန်မက တခြားနည်းလမ်းကိုပဲ ရှာကြည့်ပါ့မယ်”
“မိန်ဟွေ့၊ ငါ့ရဲ့အဖေထက် ပိုပြီး သင့်တော်တဲ့ ထောက်ပံ့သူ မရှိတော့ဘူး၊ အခု မင်းက ငါ့ရဲ့အဖေရှေ့မှာ ငါ့ရဲ့ရည်းစားပါလို့ ကတိပေးလိုက်ရုံနဲ့ မင်းရဲ့ ပန်းချီပြပွဲအတွက် ငါ့အဖေက ဘာမှမဆိုင်းမတွဘဲ ရင်းနှီးမြှုပ်နှံပေးလိမ့်မယ်လို့ ငါ အာမခံပါတယ်”
လင်းမိန်ဟွေ့က လျိုကျားကို မေ့လိုက်ပါတော့ဟု ပြောရန် ပြင်လိုက်သော်လည်း ဤထောက်ပံ့မှုကို စောင့်မျှော်နေကြသော ကလပ်အဖွဲ့ဝင်များကို ပြန်လည် မြင်ယောင်လာပေသည်။
သူမက ခေတ္တမျှ ရှုပ်ထွေးသွားပြီးမှပြောလိုက်သည်။
“ပန်းချီပြပွဲကနေ ရရှိလာမဲ့ ကြော်ငြာအခန်းကဏ္ဍကို ရှင့်အဖေကို ကျွန်မက ရှင်းပြနိုင်တယ်၊ ရှင့်အဖေက စိတ်ကျေနပ်သွားရင် ကျွန်မတို့ရဲ့ ပန်းချီပြပွဲကို ထောက်ပံ့ပေးလာနိုင်တာပဲ”
ထိုအချိန်တွင် လျိုကျားက မကျေမနပ်လေသံဖြင့် ပြောလိုက်ပေသည်။
“မင်းက ငါ့ရဲ့ချစ်သူတကယ်ဖြစ်ရမယ်လို့ ငါပြောချင်တာ မဟုတ်ဘူး၊ နာမည်လေး သက်သက်ပါပဲ၊
ဒါ့အပြင် အခုက မင်းတို့ကလပ်ကလည်း ထောက်ပံ့မှုကို အရေးပေါ် လိုအပ်နေတာလေ၊ တခြားနည်းလမ်းမှ မရှိတာ”
ဤသည်မှာ ယာယီဖြေရှင်းချက်တစ်ခုသာဖြစ်ကြောင်းကို သိသော်လည်း လင်းမိန်ဟွေ့က ဝန်လေးနေဆဲပင် ။
အကယ်၍ ဤအပေါက်ကိုသာ ဖွင့်ပေးလိုက်ပါက နောက်ပိုင်းတွင် သူမက ကလပ်အတွက် ငွေရှာပေးရသော စက်တစ်ခုကဲ့သို့ ဖြစ်သွားနိုင်သည်မဟုတ်ပါလား။
ထို့အပြင် လျိုကျား၏အပေါ်တွင်လည်း ကျေးဇူးတရားများစွာ တင်ရှိသွားပေလိမ့်မည်။
“လျိုကျား၊ တကယ်လို့ ရှင့်ဘက်က တကယ် အခက်တွေ့နေမယ်ဆိုရင် ရှင့်အဖေဆီကို မသွားပါနဲ့တော့၊ ကျွန်မ တခြားနည်းလမ်းပဲ ရှာလိုက်ပါ့မယ်”
လင်းမိန်ဟွေ့က လှည့်ဖြားခြင်းများပါဝင်သည့် ဤကဲ့သို့သောနည်းလမ်းဖြင့် ထောက်ပံ့မှုကို မရယူလိုပါချေ။
သူမ၏ အမူအရာကို မြင်လိုက်ရသောအချိန်တွင် လျိုကျားလည်း သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း ငါ့ရဲ့အဖေနဲ့အတူ ထမင်းစားကြတာပေါ့၊ မင်း ဘာမှ ပြောစရာမလိုပါဘူး၊ ငါ့ဘက်က အဆင်ပြေပါတယ်!”
လင်းမိန်ဟွေ့က အပေါ်ယံ ဂုဏ်ပကာသနကို မက်မောသူ မဟုတ်ပါချေ။ အကယ်၍ သူမအနေဖြင့် ကလပ်အတွက် ထောက်ပံ့မှု မရရှိနိုင်ပါကလည်း အတင်းအကျပ် ပြုလုပ်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤပန်းချီကားများ ၏ရောင်းရငွေကို မသန်စွမ်းကလေးငယ်များအတွက် လှူဒါန်းမည်ဖြစ်၍ ဤအလုပ်ကို လုပ်ဆောင်နိုင်ခြင်းက ထိုကလေးများကို ကူညီရာရောက်သည်ဟု သူမ ခံစားမိနေပေသည်။
*
အခန်း(154)
ကျောင်းပိတ်ရက် ညနေပိုင်းတွင် လျိုကျားက အဆင့်မြင့်သော စားသောက်ဆိုင်တစ်ခု၌ ထမင်းဝိုင်း စီစဉ်ထားခဲ့၏။
လျိုကျားက စိတ်အခြေအနေ အလွန်ကောင်းနေပြီး ဘေးတွင်ရပ်နေသော လျိုချန်သယ်ကို ပြောလိုက်လေသည်။
“အဖေ၊ လင်းမိန်ဟွေ့က ကျေးလက်ဒေသက လာတဲ့သူဖြစ်ပေမဲ့ သူမမှာက တန်ဖိုးရှိတဲ့ အရည်အချင်းတစ်ခု ရှိတယ်၊ သူမက တက်ကြွပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်၊
ပြဿနာတွေနဲ့ ကြုံလာရရင်လည်း ဖြေရှင်းဖို့ အစွမ်းကုန် ကြိုးစားတတ်တယ်၊ ခဏနေရင် အဖေလည်း သူ့ကို ကျိန်းသေပေါက် သဘောကျမှာပါ”
လျိုချန်သယ်ကတော့ လျိုကျား၏ အတင်းအကျပ် ခေါ်ဆောင်မှုကြောင့်သာ ရောက်လာရခြင်း ဖြစ်ပေသည်။
သူက စာသင်ချိန်တွင် စာကိုသာ အာရုံစိုက်သင့်ပြီး ဤအချိန်တွင် အဆင့်အတန်းရှိသော ရည်းစားတစ်ယောက်ကို မရှာတွေ့သင့်ဟု ယူဆထား၏။
ကျောင်းပြီးသွားလျှင် လျိုကျားက ကုမ္ပဏီတွင် အလုပ်ဝင်ရမည်ဖြစ်၍ ထိုအချိန်မှသာ ထူးချွန်သော မိန်းကလေးများကို ရွေးချယ်နိုင်မည် မဟုတ်ပါလား။
သို့သော် ယခုအချိန်တွင် လျိုကျားက မည်သည့်စကားကိုမျှ နားဝင်နေသူ မဟုတ်သောကြောင့် လျိုချန်သယ်အနေဖြင့် အရင်ဆုံး လာရောက်ကြည့်ရှုရန်သာ တတ်နိုင်ခဲ့သည်။
လင်းမိန်ဟွေ့က စားသောက်ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဤဆိုင်က တခြားဆိုင်များနှင့် များစွာ ကွဲပြားနေကြောင်းကို ချက်ချင်း ခံစားလိုက်ရပေ၏။
အတွင်းဘက်၏ အပြင်အဆင်က အလွန်ပင် ခမ်းနားသကဲ့သို့ခံစားမှုရစေပြီး စားပွဲပေါ်တွင်လည်း လှပသော ပန်းများ ရှိနေချေသည်။
သီးသန့်ခန်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် လင်းမိန်ဟွေ့က လျိုကျားနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရပေသည်။
လင်းမိန်ဟွေ့ ဝင်လာသည်ကို မြင်လျှင် လျိုကျားက ချက်ချင်း ထရပ်ကာ နှုတ်ဆက်လိုက်၏။
“မိန်ဟွေ့ ဒီကို မြန်မြန်လာခဲ့လေ၊ ငါ ငါ့ရဲ့အဖေကို မင်းတို့ရဲ့ ပန်းချီပြပွဲအကြောင်းကို ပြောပြနေတာ”
လင်းမိန်ဟွေ့က တစ်ဖက်လူ၏ မိဘများနှင့် ဆုံတွေ့ရသကဲ့သို့ ခံစားရသောကြောင့် အနည်းငယ် အနေရခက်နေပေသည်။
“မင်္ဂလာပါ ဦးလေး၊ ကျွန်မ လျိုကျားရဲ့ အတန်းဖော်ပါ၊ ဒီနေ့ လာရတာက ဦးလေးအနေနဲ့ ကျွန်မတို့ကလပ်ရဲ့ ပန်းချီပြပွဲကို ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင်လို့ပါ”
“ပန်းချီပြပွဲတစ်ခုကို ကျင်းပဖို့ဆိုတာက မလွယ်ဘူး၊ မင်းတို့ အတန်းဖော်တွေထဲမှာက နာမည်ကြီး ပန်းချီဆရာတွေပါလို့လား”
“မပါ,ပါဘူး”
ဤဦးလေးလျိုက သူမအပေါ်တွင် ရန်လိုနေသကဲ့သို့ လင်းမိန်ဟွေ့ ခံစားလိုက်ရပေသည်။
သူမက ရိုသေသည့်အမူအရာဖြင့် ပြန်လည်ဖြေလိုက်၏။
“ကျိနာမတို့က မသန်စွမ်းကလေးတွေအတွက် ရန်ပုံငွေ ရှာဖွေပေးချင်ရုံသက်သက်ပါပဲ”
လျိုချန်သယ်က ပြုံးလိုက်ပြီး မျက်လုံးကိုပင့်မ,ကာ လင်းမိန်ဟွေ့ကို ကြည့်လိုက်ပြီး စိတ်ထဲမှ ချက်ချင်းပင် အကဲဖြတ်လိုက်ပတော့သည်။
ဤမိန်းကလေးက အလွန်ပင် နွမ်းပါးစွာ ဝတ်ဆင်ထားခဲ့သည်။ သူမ၏ ရုပ်ရည်က အတော်လေး ပြေပြစ်လှပသော်လည်း သူ၏မျက်လုံးထဲတွင် မြို့ပြမိန်းကလေးများကဲ့သို့ လျင်မြန်ဖြတ်လတ်တက်ကြွမှုမျိုး လုံးဝမရှိဟု မြင်နေမိ၏။
လျိုချန်သယ်က အကဲခတ်ပြီးနောက် လင်းမိန်ဟွေ့ကို အပြုံးတစ်ခုနှင့် ဆိုလိုက်ပေသည်။
“ကြည့်စမ်းပါဦး၊ ဦးလေးရဲ့ အမြင်အရာတော့ ဘာကိုပဲလုပ်လုပ် ကိုယ့်အရည်အချင်းနဲ့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ လုပ်ရမယ် .. ဟုတ်တယ်မလား”
လင်းမိန်ဟွေ့တစ်ယောက် ထိုသူက သူတို့၏ အရည်အချင်းကို အထင်သေးလွန်းနေကြကြောင်းကို သိလိုက်ရသည်။
သူတို့က ထမင်းပင် မစားရသေးသော်လည်း လင်းမိန်ဟွေ့က ဆက်လက်၍စကားပြောရန်ပင် မလိုအပ်တော့ဟု ခံစားလိုက်ရ၏။
သူမက ဘေးတွင်ရှိနေသော လျိုကျားကို ပြောလိုက်သည်။
“လျိုကျား၊ ကုမ္ပဏီမှာက မပြီးပြတ်သေးတဲ့ အလုပ်တချို့ရှိနေတာကို ကျွန်မက ရုတ်တရက် သတိရလိုက်လို့၊ အခု ချက်ချင်း ပြန်မှဖြစ်မယ်၊ ဦးလေးနဲ့ ရှင့်ရဲ့ ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးတင်ပါတယ်”
သူမ၏စကားကို ကြားလိုက်ရသောအချိန်တွင် လျိုကျားက စိုးရိမ်တကြီး ဖြစ်သွားရချေသည်။ သူက လင်းမိန်ဟွေ့ကိုဆွဲထားပြီး စိတ်လိုက်မာန်ပါ မလုပ်ရန် မျက်ရိပ်ပြ၍ အချက်ပေးလိုက်၏။
လင်းမိန်ဟွေ့ကတော့ ဤမျှဆိုလျှင် လုံလောက်ပြီဟု ခံစားနေရပေသည်။
သူမက လျိုကျား၏အဖေ၏ အမူအရာကို ဆက်ကြည့်နေရမည့်အစား သူစိမ်းများထံတွင်သာ ထပ်မံ၍ အကူအညီတောင်းခံလိုတော့၏။
လျိုကျားက လျိုချန်သယ်ကို အသနားခံသော မျက်နှာဖြင့် လှည့်ကြည့်လိုက်ပေသည်။
“အဖေ၊ ကျွန်တော့်ရဲ့မျက်နှာကို ထောက်ပြီး ဒီလောက်အထိ စိမ်းကားမနေပါနဲ့ဦး၊
အဖေက ပုံမှန်ဆိုရင်လည်း ကောင်းမှုကုသိုလ်တွေကို လုပ်နေတာပဲ မဟုတ်ဘူးလား၊
ဘာလို့ ကျွန်တော့်အတန်းဖော်ကို မကူညီနိုင်ရတာလဲ”
အကယ်၍သာ လင်းမိန်ဟွေ့ မဟုတ်ခဲ့လျှင် သူ့အနေဖြင့် ကူညီကောင်း ကူညီမိလိမ့်မည်ဟု လျိုချန်သယ်က စိတ်ထဲမှ တွေးနေမိပေသည်။
သူ၏သားဖြစ်သူက ဤကဲ့သို့သော မိန်းကလေးတစ်ဦးအတွက် သူ့ကိုယ်သူ နှိမ့်ချနေသည်ကို မြင်ရသည့်အချိန်တွင် လျိုချန်သယ်၏ မျက်နှာကပို၍ပင် ပျက်ယွင်းသွားရချေ၏။
“လျိုကျား၊ ဝန်ထမ်းကိုသွားခေါ်ပြီး တစ်ခုခုမှာလိုက်”
“အဖေ၊ ဝန်ထမ်းက ရောက်လာပါလိမ့်မယ်.. အဖေ မိန်ဟွေ့နဲ့ ထောက်ပံ့မှုကိစ္စကို အရင်ပြောလိုက်ပါဦး”
လျိုကျားက သူ၏ ကိုယ်ရေးကိုယ်တာကိစ္စများတွင်ပင် ဤမျှအထိ အောက်ကျနောက်ကျ မဖြစ်ခဲ့ဖူးပါချေ။
ယခု လင်းမိန်ဟွေ့အတွက်နှင့် လျိုချန်သယ်ကို အနူးအညွတ် တောင်းပန်နေရပေသည်။
လျိုချန်သယ်က လင်းမိန်ဟွေ့အပေါ်တွင် အကောင်းမမြင်သည်ကို သူ သိရှိထားခဲ့လေ၏။ သို့သော် ဤသည်မှာ လင်းမိန်ဟွေ့၏ တောက်ပသောဘက်ခြမ်းကို မမြင်ရသေးသောကြောင့်သာ ဖြစ်ပေလိမ့်မည်။
အကယ်၍သာ သူမ၏ ထူးချွန်သော အမှတ်စာရင်းများ၊ သူမ၏ ကြိုးစားအားထုတ်မှုနှင့် တိုးတက်လိုစိတ်များကိုသာ မြင်တွေ့ရလျှင် အဖေဖြစ်သူက ဤအမူအရာကို ကျိန်းသေပေါက် ပြောင်းလဲသွားပေလိမ့်မည်။
လျိုချန်သယ်က မျက်ခုံးကို ပင့်ကာ လျိုကျားအား အေးစက်စွာ ကြည့်လိုက်ပေသည်။
“မင်းက ဒီလောက်လေး လုပ်ပေးဖို့တောင် ခက်ခဲနေတာလား၊ ဒါဆိုရင် ငါ မင်းရဲ့အတန်းဖော်ကို ဘာကြောင့် ကူညီပေးရမှာလဲ”
လျိုကျားက စိုးရိမ်တကြီးဖြင့် လင်းမိန်ဟွေ့ကို ကြည့်လိုက်၏။ လင်းမိန်ဟွေ့က တည်ငြိမ်သောအမူအရာဖြင့် လျိုကျားကို အပြုံးတစ်ခုနှင့်ပြောလိုက်ပေသည်။
“သွားလေ”
လျိုကျားက ထွက်သွားသည်နှင့် လျိုချန်သယ်၏ မျက်နှာပေါ်ရှိ တင်းမာသောအမူအရာက အထင်သေးသော အမူအရာသို့ ပြောင်းလဲသွားတော့သည်။
“လင်းမိန်ဟွေ့ ဟုတ်တယ်မလား”
“ဦးလေး၊ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းသာ ပြောလို့ရပါတယ်၊ လျိုကျား မရှိတော့ဘူးဆိုတော့ သူ့ကို အနေရခက်အောင် လုပ်ဖို့ မလိုအပ်တော့ဘူး”
“မင်းကညကိုယ့်ကိုယ်ကိုယ် သိတတ်တဲ့စိတ်တော့ နည်းနည်းလောက် ရှိနေပုံရသားပဲ၊
ကျေးလက်ကလာတဲ့ မိန်းကလေးတစ်ယောက်က မြေပြင်မှာ ဘယ်လိုခြေချပြီး ကြိုးစားရမယ်ဆိုတာကို မသိတတ်ဘဲ ဘာလို့ ဒီလိုနည်းလမ်းကို သုံးပြီး ကိုယ်နဲ့မထိုက်တန်တဲ့အရာတွေကို ရယူချင်နေရတာလဲ”
လင်းမိန်ဟွေ့က လျိုချန်သယ်ကို ကြည့်ကာ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
“ဦးလေးလျို၊ ဦးလေး ဘာကို ဆိုလိုတယ်ဆိုတာကို ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ ဦးလေး အထင်မှားနေတယ်လို့ ထင်တယ်၊
ကျွန်မမှာ ချစ်သူရှိပြီးသားဖြစ်သလို သူနဲ့လည်း စေ့စပ်ထားပြီးပါပြီ၊ ကျွန်မနဲ့ လျိုကျားရဲ့ ပတ်သက်မှုက သာမန်အတန်းဖော်ထက် မပိုပါဘူး၊
ဦးလေး ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဒီလောက်ပါပဲ၊ ကျွန်မ သွားပါတော့မယ်”
လင်းမိန်ဟွေ့က ထရပ်လိုက်ပြီး လျိုချန်သယ်ကို ယဉ်ကျေးစွာ ပြုံးပြကာ ထမင်းဝိုင်းမှ ထွက်ခွာခဲ့လေတော့သည်။
ပေကျင်း၏ ညဘက်အလှက အမြဲတစေ စည်ကားသည်ဖြစ်၍ မည်သည့်နေရာသို့သွားသည်ဖြစ်စေ တစ်ယောက်တည်း မဟုတ်ဟု ခံစားရစေပေသည်။
သို့သော်လည်း လင်းမိန်ဟွေ့က လမ်းပေါ်တွင် ရပ်နေရင်း ပထမဆုံးအကြိမ်အဖြစ် စုန့်ယီနှင့် အတူရှိခဲ့သော အချိန်များကို အလွန်ပင် လွမ်းဆွတ်နေမိတော့၏။
လင်းမိန်ဟွေ့ အဆောင်သို့ ပြန်ရောက်သည့်အချိန်တွင် ရှောင်ချင်းက မုန့်စားနေခဲ့သည်။
“မိန်ဟွေ့ ပြန်လာပြီလား၊ လျိုကျားရဲ့အဖေနဲ့ ထောက်ပံ့မှုကိစ္စ ဆွေးနွေးတာ ဘယ်လိုလဲ၊ အဆင်ပြေသွားပြီလား”
“ဟင့်အင်း၊ သူ့အဖေက သဘောမတူဘူး”
“သူ့အဖေက အရမ်းချမ်းသာတယ်လို့ ပြောထားတာ မဟုတ်ဘူးလား၊ ယွမ် တစ်သောင်းလောက်ကိစ္စလေးကို ဘာလို့ ဒီလောက်တောင် ကပ်စေးနှဲနေရတာလဲ”
ရှောင်ချင်းက အနည်းငယ် ရှုပ်ထွေးသွားရသည်။ လျိုကျား ကိုယ်တိုင်က သူ၏အဖေကို ရင်းနှီးမြှုပ်နှံခိုင်းမည်ဟု သေသေချာချာ ကတိပေးထားခဲ့ခြင်း မဟုတ်ပါလား။
သို့မဟုတ်ပါက လင်းမိန်ဟွေ့ကလည်း ဤထမင်းဝိုင်းကို သဘောတူမည် မဟုတ်ပါချေ။
လင်းမိန်ဟွေ့၏ အမူအရာကို ကြည့်ပြီးနောက် ရှောင်ချင်းတစ်ယောက် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်း၍မရနိုင်ဘဲ ရှိနေခဲ့သည်။
နောက်တစ်နေ့ မနက်စောစောတွင် လျိုကျားက လင်းမိန်ဟွေ့၏ အဆောင်အောက်၌ ရပ်ကာ စောင့်ဆိုင်းနေလေ၏။
သူက လင်းမိန်ဟွေ့ကို ရှင်းပြလိုသည်။ ယခုတစ်ကြိမ်တွင် သူမကို ကူညီရန်အတွက် သူ၏ စုဆောင်းငွေများကို အသုံးပြုရန်လည်း ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။
“မိန်ဟွေ့၊ ဒီတစ်ခေါက် ငါ့ဘက်က အစစအရာရာ မစေ့စပ်ခဲ့လို့ အဖေက မင်းအပေါ်ကို အထင်မှားသွားစေခဲ့တာပဲ၊
စိတ်မပူပါနဲ့၊ နောက်ပိုင်းမှာ ငါ့အဖေက မင်းကို အထင်မမှားအောင် ငါ သေသေချာချာ ပြန်ရှင်းပြပါ့မယ်”
ပြီးခဲ့သောညက လျိုကျားက ဝန်ထမ်းကိုသွားခေါ်ကာ သီးသန့်ခန်းသို့ သွားခိုင်းလိုက်သော်လည်း လင်းမိန်ဟွေ့က ပျောက်ကွယ်သွားခဲ့ချေပြီ။
လျိုချန်သယ်ကလည်း ဆက်လက်စားသောက်ရန် အစီအစဉ်မရှိတော့သောကြောင့် ထရပ်ကာ ထွက်ခွာသွားခဲ့လေသည်။
လျိုကျားငို့ အိမ်ပြန်ရောက်သောအချိန်တွင် လျိုချန်သယ်နှင့် အကြီးအကျယ် စကားများကြ၏။
ထိုအချိန်တွင် လျိုချန်သယ်က ‘စာကလေးတစ်ကောင်က သစ်ကိုင်းပေါ်သို့ ပျံတက်ကာ ဒေါင်းဖြစ်ချင်နေလျှင်ပင် လုံးဝမဖြစ်နိုင်’ ဟူ၍ ပြောဆိုခဲ့သည်။
ထိုအခိုက်တွင် လျိုကျားတစ်ယောက် သူ မည်မျှအထိ မိုက်မဲသော အလုပ်ကို လုပ်ခဲ့မိကြောင်း သတိပြုမိလိုက်ရချေသည်။
လျိုချန်သယ်အနေဖြင့် လင်းမိန်ဟွေ့နှင့် တွေ့ဆုံရန် သဘောတူခဲ့ခြင်းကလှည့်ကွက်တစ်ခုသာ ဖြစ်နေခဲ့သည်။
လျိုချန်သယ်၏ ရည်ရွယ်ချက်က လင်းမိန်ဟွေ့ကို ဤတစ်သက်တွင် လျိုကျား၏ ရည်းစားဖြစ်လာရန် မတွေးတောသင့်ကြောင်း မျက်နှာချင်းဆိုင် ပြောဆိုရန်ပင် ဖြစ်နေခဲ့၏။
လျိုကျား အလွန်အမင်း ဒေါသထွက်သွားရပြီး လျိုချန်သယ်၏ စကားများကို ယုံကြည်ခဲ့မိသော သူကိုယ်သူ တုံးအလွန်းသည်ဟု တွေးလိုက်မိသည်။
နေရောင်ခြည်က နွေးထွေးနေသော်လည်း လျိုကျား၏ နှလုံးသားထဲတွင် အေးစက်နေခဲ့ပေပြီ။