← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း(157)

ချန်းမင်က စိတ်ပါဝင်စားလာသည်ကို မြင်လိုက်ရသည်နှင့် လင်းမိန်ဟွေ့က သူမ၏ အတွေ့အကြုံများကို ဝေမျှရန် လွန်ခဲ့သော ရက်အနည်းငယ်က ဆက်သွယ်ခဲ့သည့် ဝယ်ယူသူစာရင်းများကို ချက်ချင်းပင်ထုတ်ယူလိုက်ပေသည်။

လင်းမိန်ဟွေ့က အလယ်တန်းကျောင်းအုပ်တစ်ဦး၏ နာမည်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်ပေ၏။

“ဒီလူက နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ဆိုရိုးစကားတွေကို အကြိုက်ဆုံးပဲ၊ ကျွန်မ စာအုပ်တွေကိုရောင်းပြီးတဲ့နောက် သူ့ကို ယွမ် (၃၀) တန် ဆိုရိုးစကား နံရံကပ်ကားချပ်တစ်ခုကို လက်ဆောင်ပေးလိုက်တာနဲ့ သူက စာအုပ်ဝယ်ဖို့ ချက်ချင်းကိုသဘောတူလိုက်တာ”

“ဒီတစ်ယောက်ကတော့ ငါးမွေးရတာကို အမြဲဝါသနာပါတာ၊ ဒါပေမဲ့ ကံမကောင်းတော့ သူက မွေးသမျှ ငါးတွေက အမြဲသေကုန်တာလေ၊

ဒါကြောင့် ကျွန်မက သူ့ကို ငါးမွေးမြူရေးလမ်းညွှန်စာအုပ်တစ်အုပ်နဲ့ လှပတဲ့ငါးလေးနည်းနည်း လက်ဆောင်ပေးလိုက်တယ်”

လင်းမိန်ဟွေ့၏ စကားများကို ကြားရသောအချိန်တွင် ချန်းမင်က အလွန်ပင် ဆန်းသစ်သည်ဟု ခံစားလိုက်ရပေသည်။

တက္ကသိုလ်ကျောင်းသူလေးဖြစ်သည့် လင်းမိန်ဟွေ့ထံတွင် ဤမျှဆန်းသစ်သော အတွေးအခေါ်များက မည်သို့ရှိနေသည်ကို မတွေးနိုင်ပေ။

သူမက ဂုဏ်သရေရှိလူကြီးပိုင်းများကိုပင်ဖျောင်းဖျနိုင်သည်။

ထိုလူကြီးမင်းများက ငွေပေး၍ စာအုပ်ကိုဝယ်ရုံသာမကဘဲ လင်းမိန်ဟွေ့မှာ သူတို့အတွက် အမြဲတစေတွေးပေးတတ်သည့် နွေးထွေးပြီး စေ့စပ်သေချာသော အရောင်းဝန်ထမ်းလေးတစ်ဦးဟုပင် ထင်မှတ်သွားကြပေသည်။

“မိန်ဟွေ့၊ မင်းကတော့ တကယ်ကိုတော်တာပဲ၊ ငါသာဆိုရင် စကားတစ်ခွန်းတောင် ထွက်လာမှာမဟုတ်ဘူး၊

အထူးသဖြင့် အဲဒီလူတွေရဲ့ ဝါသနာတွေကို နင် ဘယ်လိုများ လေ့လာဆန်းစစ်လိုက်တာလဲ၊ လူတစ်ယောက်ကို ဒီအတိုင်း သွားမေးလို့လည်း မရဘူးလေ”

ချန်းမင်က သူမ၏ရှေ့တွင် အခက်အခဲနှင့် အန္တရာယ်များစွာရှိနေသည်ဟု ခံစားလိုက်ရသောကြောင့် နောက်ဆုတ်လိုစိတ်များဖြစ်ပေါ်လာရလေ၏။

သူမက လင်းမိန်ဟွေ့ကဲ့သို့လည်း ပါးနပ်မှုမရှိပေ။

ထိုကဲ့သို့သော ဂုဏ်သရေရှိသူများနှင့် တွေ့ဆုံရလျှင် သူမက နေရာတင် ကြောင်အမ်းနေမည်ကို စိုးရိမ်နေမိ၏။

ဤကဲ့သို့သော မြှောက်ပင့်စကားများကို မဆိုထားနှင့်၊ ပုံမှန်စာအုပ်အရောင်းနှင့် ပတ်သက်သည့် စကားအနည်းငယ်ကိုပင် ဆိုနိုင်ပါမည်လား။

လင်းမိန်ဟွေ့က သူမ၏ အရောင်းအတွေ့အကြုံများအပေါ် အခြေခံ၍ အဓိကအချက်တချို့ကို ချန်းမင်ကို ပြောပြလိုက်ပေသည်။

“ပထမက နားထောင်ရမယ်၊ ဒုတိယက ကြည့်ရမယ်၊ တတိယကတော့ စဉ်းစားဆင်ခြင်ရမယ်၊

သူတို့ပြောတဲ့စကားတွေကို နားထောင်ပါ၊ သူတို့ရဲ့ ရုံးခန်းပတ်ဝန်းကျင်တွေကို ကြည့်ပါ၊ ပြီးတော့မှ အသေးစိတ်အချက်အလက်တွေအပေါ် မှာမူတည်ပြီးတော့ စဉ်းစားဆင်ခြင်ရမှာပေါ့”

“အသေးစိတ်လေး ရှင်းပြပေးပါဦး”

“ဥပမာဆိုရင် လူတစ်ယောက်ရဲ့ လက်ချောင်းတွေက ဆေးလိပ်ဂျိုးတွေ စွဲနေရင် သူက ဆေးလိပ်သောက်ရတာ ဝါသနာပါကြောင်းကို သိနိုင်တယ်၊

လူတစ်ယောက်ရဲ့ လက်ချောင်းက အသားမာတွေရှိနေရင် သူက ကလောင်တံနဲ့ စာရေးရတာကို ဝါသနာပါတာကို သိနိုင်တယ်၊

လူတစ်ယောက်က သူ့ရဲ့ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးသင်ထားရင် သူက သူ့ရဲ့ ပုံရိပ်ကို အလေးထားကြောင်း သိနိုင်တာပေါ့”

“နင်ပြောချင်တာက လူတစ်ယောက်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ်ဆိုတာက ဆေးလိပ်သောက်တဲ့သူကို ဆေးလိပ်ပေးတာ၊

စာရေးတဲ့သူကို ကလောင်တံပေးတာ၊ ဆံပင်ကို သေသေသပ်သပ် ားချင်တဲ့သူကို ဘီးပေးတာမျိုးလား”

ချန်းမင်က သူမ၏ အတွေးကို ပြောပြလိုက်လျှင် လင်းမိန်ဟွေ့ကလည်း (၁၀၀) ရာခိုင်နှုန်း ထောက်ခံလိုက်ပေသည်။

ချန်းမင်က နားထောင်လေပြီး ပို၍ စိတ်လှုပ်ရှားလာသောကြောင့် အရောင်းအလုပ်က သူမ ထင်သလောက် မခက်ခဲဟုပင် ထင်မြင်လာတော့၏။

သူမက လင်းမိန်ဟွေ့၏ လက်ကို ဆွဲကိုင်၍ တိုက်တွန်းလိုက်လေသည်။

“ဒီရုံးပိတ်ရက်မှာ ငါ့ကိုပါ တစ်ခါတည်း ခေါ်သွားပါလား၊ နင့်နောက်ကနေ လိုက်ကြည့်ပြီး နင် ဘယ်လိုအရောင်းအဝယ်လုပ်လဲဆိုတာကို လေ့လာချင်တယ်.. ရနိုင်မလား”

“ရတာပေါ့!”

လင်းမိန်ဟွေ့က အပြုံးတစ်ခုနှင့် ပြောလိုက်လေ၏။

“တကယ်တော့ အစ်မက နောက်ကလိုက်ရုံတင် မဟုတ်ပါဘူး၊ ဒီတစ်ခေါက် အစ်မကိုယ်တိုင် ရောင်းကြည့်ရမှာ၊

ကျွန်မက အစ်မရဲ့ လက်ထောက်အဖြစ် ဘေးကနေ ကူညီပေးမယ်လေ၊ အစ်မသာ အမှာစာတစ်ခု ရသွားမယ်ဆိုရင် အရောင်းအလုပ်ရဲ့ ဆွဲဆောင်မှုကို ခံစားမိသွားမှာပဲ”

ချန်းမင်လည်း တက်ကြွသွားပြီး ရုံးပိတ်ရက်တွင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ပေသည်။

ညနေပိုင်းတွင် ချန်းမင်က လင်းမိန်ဟွေ့ကို ထမင်းကျွေးရန် ဖိတ်ခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် လင်းမိန်ဟွေ့ကသာ ပိုက်ဆံရှင်းလိုက်ပေသည်။

လင်းမိန်ဟွေ့ ဟုန်ရိကုမ္ပဏီသို့ စရောက်သည့်အချိန်မှစ၍ ချန်းမင်က သူမကို ကောင်းစွာ ဂရုစိုက်ပေးခဲ့သည်ဟု သူမ ခံစားရသည်။

ချန်းမင်သည်ကား ကုမ္ပဏီမှ ပေးဝေသော ခံစားခွင့်များနှင့် ပစ္စည်းများအားလုံးကို လင်းမိန်ဟွေ့ကို ရရှိစေရန် အစွမ်းကုန် ကူညီပေးခဲ့သူ ဖြစ်၏။

တစ်ခါတစ်ရံတွင် မျက်နှာဖုံးအနည်းငယ် မှားယွင်းနေသော ကုမ္ပဏီမှစာအုပ်များကို သူမ၏ အတန်းဖော်များကို ပေးနိုင်ရန်ပင် စီစဉ်ပေးခဲ့ပေသည်။

ဤသေးငယ်သော အချက်အလက်လေးများကပင် လင်းမိန်ဟွေ့ကို များစွာ နွေးထွေးစေခဲ့သောကြောင့် သူမက ချန်းမင်ကို ကောင်းမွန်စွာ ကျေးဇူးဆပ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်ပေသည်။

သူမ အဆောင်သို့ ပြန်ရောက်သောအချိန်တွင် ရှောင်ချင်းက ပြန်မရောက်သေးပေ။

လင်းမိန်ဟွေေ့ ရေချိုးပြီးနောက် ခုတင်ပေါ်တွင် လှဲလျက် စာဖတ်နေခဲ့သည်။

တက္ကသိုလ် တတိယနှစ်၏ ဒုတိယနှစ်ဝက်တွင် လင်းမိန်ဟွေ့က သူမ၏ ဘဝရည်မှန်းချက်ကို ရှာဖွေတွေ့ရှိခဲ့ပေပြီ။

ကျောင်းပြီးသွားလျှင် သူမအနေဖြင့် ရုံးခန်းထဲတွင် ထိုင်နေရန် သို့မဟုတ် သာမန်အရောင်းဝန်ထမ်းတစ်ဦး ဖြစ်နေရန် မလိုလားပေ။

သူမက သူမ၏ မူလလုပ်ငန်းဟောင်းကိုသာ ပြန်လည်လုပ်ကိုင်ရန် စီစဉ်ထားခဲ့သည်။

ဤအတွေးများက လင်းမိန်ဟွေ့၏ စိတ်ထဲတွင် ရောက်ရှိနေပြီး အလွန်လှပသော ပုံရိပ်တစ်ခုကို ဖန်တီးနေမိ၏။

ထိုအချိန်တွင် ရှောင်ချင်းတစ်ယောက် မျက်လုံးများ နီရဲလျက် ပြန်ရောက်လာခဲ့သည်။ သူမ၏ စိတ်အခြေအနေက မကောင်းနေကြာင်းကို လင်းမိန်ဟွေ့ သတိပြုမိသွားပြီး စာအုပ်ကို ချက်ချင်းချ၍ မေးလိုက်လေ၏။

“ရှောင်ချင်း၊ ဘယ်သူ နင့်ကို အနိုင်ကျင့်လိုက်တာလဲ”

ရှောင်ချင်း ခေါင်းကိုခါပြပြီး မည်သည့်စကားမျှမပြောခဲ့ပေ။ သူမက တိတ်တဆိတ်ပင် ခုတင်ပေါ်သို့ တက်ကာ လှဲနေခဲ့သည်။

ဤသည်ကလင်းမိန်ဟွေ့ကို အံ့အားသင့်စေပေသည်။

ရှောင်ချင်း၏ စရိုက်က မည်သည့်အချိန်ကမျှ တိတ်ဆိတ်ငြိမ်သက်နေလေ့ မရှိပါချေ။

ညဘက်တွင် အိပ်ပျော်သွားသည့်အချိန်မှလွဲလျှင် သူမက အမြဲတစေ စကားပြောနေတတ်သူ ဖြစ်ပေသည်။

လင်းမိန်ဟွေ့အနေဖြင့် စာကျက်လိုလျှင်ပင် သူမကို တိတ်တိတ်နေပေးရန်အတွက် အချက်ပြရလေ့ရှိသည်။

လင်းမိန်ဟွေ့က ရှောင်ချင်းအတွက် အတော်လေးကို စိုးရိမ်သွားမိရသည်။ သူမက ထရပ်လိုက်ပြီးနောက် အဆောင်ခုတင်လှေကားထစ်အတိုင်း တက်၍ ကြည့်လိုက်လေ၏။

ထို့နောက် ရှောင်ချင်း၏ မျက်လုံးများက မက်မွန်သီးကဲ့သို့ပင် နီမြန်းဖောင်းအစ်နေသည်ကို သူမကတွေ့လိုက်ရ၏။

လင်းမိန်ဟွေ့က သူမကို ညင်သာစွာတို့ပြီး ပြောလိုက်ပေသည်။

“ဘယ်သူ နင့်ကို အနိုင်ကျင့်လိုက်တာလဲ၊ ဒီလိုမျိုး ထိုင်ငိုနေရုံနဲ့ ပြဿနာက ပြေလည်သွားမှာမဟုတ်ဘူး၊

ပိုပြီးတော့တောင် စိတ်ပူစရာကောင်းနေဦးမယ်၊ နင် ငါ့ကိုမပြောရင် ငါတခြားသူတွေကိုလိုက်မေးရမှာလား”

လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ရှောင်ချင်းနှင့် လင်းမိန်ဟွေ့တို့က အရာအားလုံးကို ပွင့်လင်းစွာ တိုင်ပင်ကြသော သူငယ်ချင်းများပင် ဖြစ်လာခဲ့ကြပေသည်။

ရှောင်ချင်းက လင်းမိန်ဟွေ့၏ ကျေးလက်ဘဝအကြောင်းကို အမြဲတစေ စူးစမ်းလိုစိတ်ရှိသကဲ့သို့၊ လင်းမိန်ဟွေ့ကလည်း ရှောင်ချင်း၏ ပြည့်စုံသောဘဝကို အမြဲအားကျခဲ့ရပေ၏။

သူတို့နှစ်ဦးက မတူညီသော ဘဝနောက်ခံများ ရှိနေကြသော်လည်း အတူရှိချိန်တွင် တစ်ဦးထံ၌ရှိသော အားသာချက်များကို တစ်ဦးက လိုချင်တောင့်တရင်း သဟဇာတဖြစ်နေကြခြင်း ဖြစ်ပေသည်။

ရှောင်ချင်း၏ ပွင့်လင်းရိုးသားမှုနှင့် စိတ်အားထက်သန်မှုက လင်းမိန်ဟွေ့ အမြဲတစေအတုယူသင်ယူလိုသော အချက်များပင် ဖြစ်သည်။

ယခုအချိန်တွင် သူမက သူ့ကိုယ်သူ ယုံကြည်မှုများစွာ ရှိနေပြီဖြစ်သော်လည်း စိတ်အားထက်သန်မှုအပိုင်းတွင် အနည်းငယ် လိုအပ်နေဆဲပင်။

“ငါ့ရဲ့ရည်းစားက ငါ့ကို လမ်းခွဲချင်တယ်လို့ ပြောတယ်”

“ဘာဖြစ်လို့လဲ”

ရှောင်ချင်းက ရုတ်တရက် အော်ဟစ်ငိုယိုတော့၍ ရှိုက်သံများကလည်း မပြတ်တမ်းထွက်လာခဲ့သည်။

ဆယ်မိနစ်ကျော်ခန့် ငိုပြီးနောက်တွင်မှ သူမက အသက်ရှူအောင့်၍ ရပ်လိုက်ပြီးပြောလိုက်လေသည်။

“ငါတို့ရဲ့မိသားစုရဲ့ အခြေအနေတွေက ကောင်းမွန်နေပေမဲ့ သူလိုချင်တဲ့အရာ မဟုတ်ဘူးတဲ့၊

သူက သူ့ရဲ့ နိုင်ငံရေးအနာဂတ်အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မယ့်သူမျိုးကိုပဲ လိုချင်တာတဲ့”

လင်းမိန်ဟွေ့က စိတ်ထဲမှ ကြိတ်၍ ဆဲရေးလိုက်မိ၏။

အဓိပ္ပာယ်မရှိလိုက်တာ!

အမျိုးသားတစ်ယောက်က သူ၏အောင်မြင်မှုအတွက် မိန်းကလေးဘက်မှ မိသားစု၏ အခြေအနေကိုသာ အမြဲတမ်း အားကိုးနေမည်ဆိုလျှင် ထိုသူ၏ အနာဂတ်ကလည်း ကောင်းမွန်လာမည် မဟုတ်။

လင်းမိန်ဟွေ့က ဤအချိန်တွင် သူမ၏ အနာဟောင်းကို ဆွမိသကဲ့သို့ မဖြစ်စေရန် ထိန်းသိမ်းရင်း ဖျောင်းဖျလိုက်၏။

“သူ နောက်နှစ်ရက်လောက်နေရင် စိတ်ပြောင်းသွားချင်ပြောင်းသွားမှာပါ၊ နင်က ဒီလောက်တော်တာပဲကို၊ ဘယ်လိုလုပ်ပြီး နင့်ကို ရုတ်တရက်ကြီး လက်လွှတ်နိုင်ပါ့မလဲ”

“သူ ရည်းစားအသစ်ရနေပြီ၊ ဒီနေ့ ထမင်းစားဆောင်မှာ လူတွေအများကြီးရဲ့ရှေ့မှာ ငါ့ကို လမ်းခွဲစကား ပြောခဲ့တာ၊ ငါက သူ့ကို တောင်းပန်ခဲ့ပါသေးတယ်၊

ဒါပေမဲ့ သူက ပြတ်ပြတ်သားသားပြောခဲ့တယ်၊ နောက်ပြီးတော့ အဲဒီမိန်းကလေးကလည်း ငါ့ကို အဝတ်စုတ်တစ်ထည်လိုပဲ အသုံးမကျတဲ့သူလို့တောင် ခေါ်ခဲ့သေးတယ်”

*

အခန်း(158)

လင်းမိန်ဟွေ့အနေဖြင်် ရှောင်ချင်းကို အချစ်နှင့် အမုန်းကို ရဲဝံ့စွာ ရင်ဆိုင်ရဲသူဟု ထင်မှတ်ထားခဲ့ပေသည်။

သို့သော်လည်း ဤရည်းစားနှင့် တွေ့သည့်အချိန်တွင် သူမက ကိုယ်ပိုင်ဆုံးဖြတ်ချက်များပင် ပျောက်ဆုံးနေခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပါချေ။

ရှောင်းချင်းမှာ ယခင်က အလွန်မာနကြီးသူတစ်ဦး ဖြစ်ခဲ့သော်လည်း သူမကို မချစ်သော အမျိုးသားတစ်ဦးအတွက် ဤမျှအထိ နှိမ့်ချနေခဲ့သည်ကိုမြင်တွေ့နေရခြငရးက လင်းမိန်ဟွေ့အတွက် စိတ်မသက်မသာ ဖြစ်ရပေသည်။

“နေဦး၊ ငါက သူ့ကိုသွားရှာပြီး အပြတ်ရှင်းလိုက်မယ်၊ ပြီးတော့ နင့်ကို လာတောင်းပန်ခိုင်းရမယ်”

“မလုပ်ပါနဲ့ မိန်ဟွေ့၊ ငါ့ရဲ့ အရှက်ရစရာတွေကို လူတွေကို ထပ်ပြီး မမြင်စေချင်တော့ဘူး”

ရှောင်ချင်းက ကျောင်းတွင် ဆက်နေရန်ပင် ရှက်ရွံ့နေမိပေ၏။ အကယ်၍ လင်းမိန်ဟွေ့ကသာ သူမကို ဂရုမစိုက်ခဲ့လျှင် သူမက အဆောင်သို့ပင် ပြန်လာလိမ့်မည် မဟုတ်ပေ။

သူမက မည်မျှအထိ ကြေကွဲနေသည်ကို မြင်ရသောအချိန်တွင် လင်းမိန်ဟွေ့က သူမကိုယ်တိုင်နှင့် စုန့်ယီတို့ကို ပြန်လည်၍ မြင်ယောင်လာမိ၏။

သူတို့နှစ်ဦးက တက္ကသိုလ် တတိယနှစ်တွင် အဆက်အသွယ် အနည်းငယ် နည်းပါးသွားခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး စိတ်ချင်းနီးစပ်နေဆဲဖြစ်၍ တစ်ဖက်လူက သစ္စာဖောက်လိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။

“နင့်ရဲ့ အရှက်ရစရာတွေကို ဘယ်သူကမှ မမြင်စေရပါဘူး၊ သူ မှားသွားတယ်ဆိုတာကို သိသွားစေချင်ရုံပဲ”

“မိန်ဟွေ့၊ နင် နားမလည်ဘူး၊ ယောကျ်ားတွေက အရမ်းကို လက်တွေ့ကျလွန်းတယ်

သူက သူ့ရဲ့ နိုင်ငံရေးအနာဂတ်ကိုပဲ လိုချင်တာ၊ အဲဒါကို ပိတ်ဆို့နေတဲ့ ဘယ်အတားအဆီးကိုမဆို သူက ကန်ထုတ်ပစ်မှာပဲ၊

အခု ငါတို့ရဲ့မိသားစုက သူ့အတွက် ဘာမှ အကူအညီမပေးနိုင်တော့ဘူးလေ၊ သူ လာတောင်းပန်ရင်တောင် အဲဒါက စိတ်ရင်းမှန်နဲ့ ဖြစ်မှာမဟုတ်ဘူး”

လင်းမိန်ဟွေ့က ထိုစကားကြောင့် ခေတ္တမျှ မင်သက်သွားရလေတော့သည်။

ယောကျ်ားတိုင်းက သူတို့၏ အနာဂတ်ကိုသာ ပထမဦးစားပေး တတ်ကြသည်ဆိုလျှင် စုန့်ယီကရော မည်သို့ရှိမည်နည်း။

ရက်ကိုတွက်ကြည့်လျှင် စုန့်ယီက စစ်တပ်ထဲသို့ ဝင်သွားသည်က သုံးနှစ်နီးပါးပင် ရှိနေခဲ့ပေပြီ။

အကယ်၍ သူသာ စစ်တပ်ထဲတွင် ဆက်နေရန် ဆုံးဖြတ်ခဲ့ပါက သူမက ထိုတောင်ပေါ်မြို့လေးဆီသို့ သူ၏နောက်သို့ အမှန်တကယ်လိုက်သွားရန်တုံ့ဆိုင်းမိပေလိမ့်မည်။

ဤသည်က သူမဘက်မှ မလိုက်လို၍ မဟုတ်ဘဲ စုန့်ယီ၏အပေါ်၌သာ အလုံးစုံကို မှီခိုအားထားနေရမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေသည်။

လွန်ခဲ့သော တစ်နှစ်အတွင်း သူမက သူမ၏ တက္ကသိုလ်ကျောင်းသူဘဝကို အဓိပ္ပာယ်ရှိပြီး စိတ်ဝင်စားစရာကောင်းစေရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

အကယ်၍ ဤအချိန်တွင် သူမအား ခင်ပွန်းကိုပြုစုလုပ်ကျွေးကာ သားသမီးကို ပျိုးထောင်ရင်းဖြင့် စီးပွားရေးအသေးစားလေးတစ်ခုနှင့်သာ ကျေနပ်နေခိုင်းမည်ဆိုပါက လင်းမိန်ဟွေ့က ကျိန်းသေပေါက် လိုလားမည်မဟုတ်ပေ။

သို့သော် ရှောင်ချင်း၏ အခြေအနေကို မြင်တွေ့ရသောအချိန်တွင် သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို ကြိုတင်ပြင်ဆင်ထားသင့်သကဲ့သို့ ခံစားလိုက်ရပေသည်။

အကယ်၍ စုန့်ယီက စစ်တပ်ထဲတွင်သာ အမှန်တကယ် ဆက်နေလိုလျှင် သူမအနေဖြင့် ဤနေရာတွင်သာ သူ့ကို စောင့်နေနိုင်တော့မည်။

အခြေအနေများက ယခင်နှင့် မတူတော့သကဲ့သို့ သူမကလည်း ယောကျ်ားတစ်ယောက်အပေါ်တွင်သာ မှီခိုတွယ်ကပ်နေရသည့် နွယ်ပင်တစ်ပင် မဖြစ်လိုတော့ပေ။

ထိုအချိန်တွင် ရှောင်ချင်းက ခုတင်ပေါ်၌ ထထိုင်လိုက်ပြီး ခြင်ထောင်ထဲမှ လင်းမိန်ဟွေ့ကို ကြည့်၍ ပြောလိုက်လေ၏။

“မိန်ဟွေ့၊ တကယ်လို့ စုန့်ယီက သူ့ရဲ့ အနာဂတ်အတွက် နင့်ကို လက်လွှတ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် နင်ကရော ငါ့လိုပဲ ဝမ်းနည်းနေမှာလား၊ ငါက ဥပမာပေးပြီး မေးကြည့်တာပါ၊ နင့်ရဲ့ စိတ်ကို သိချင်လို့”

လင်းမိန်ဟွေ့က လှေကားထစ်ပေါ်တွင် ရပ်နေရင်း သူမ၏ လက်ချောင်းများက နာကျင်လာသည်ကို ခံစားလိုက်ရပေသည်။

သူမက ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်ပေ၏။

“တကယ်လို့ စုန့်ယီက စစ်တပ်မှာပဲ ဆက်နေပြီး တိုးတက်အောင် လုပ်ချင်လို့ ငါတို့ လမ်းခွဲရမယ်ဆိုရင်တောင် ငါက သူ့ကို အပြစ်မတင်ပါဘူး၊

သူသာ ကောင်းကောင်းမွန်မွန် နေထိုင်သွားနိုင်မယ်ဆိုရင် အဲဒါက ငါတို့ရဲ့အချစ်အတွက် အကောင်းဆုံး ပြန်လည်ပေးဆပ်မှုပဲလို့ ငါ မှတ်ယူမှာပါ”

“နင် အဲဒီအချိန်ကျရင် ဒီလောက်အထိ သဘောထားကြီးနိုင်ပါ့မလား”

ထိုလူငယ်လေးက အစပိုင်းတွင် သူမကို အလွန်အမင်း နာကျင်စေခဲ့ခြင်း မရှိဘဲ လမ်းခွဲရသည့် အကြောင်းရင်းကို စိတ်ရင်းမှန်ဖြင့်သာ ပြောပြခဲ့ခြင်းသာဖြစ်သည်ဟု ရှောင်ချင်း ပြန်လည်စဉ်းစားမိပေသည်။

သူမဘက်မှ တမင်တကာ ပြဿနာရှာပြီး ထိုမိန်းကလေးအား အမှန်တရားကို ပြောပြခဲ့သောကြောင့်သာ ထိုလူငယ်လေးက သူမ၏အပေါ် တွင်အေးစက်သွားခဲ့ခြင်း ဖြစ်လေသည်။

ပြောရလျှင် သူမဘက်၌လည်း အမှားများရှိနေခဲ့သည်။

အကယ်၍ သူမကသာ လင်းမိန်ဟွေ့ကဲ့သို့ ကျိုးကြောင်းဆင်ခြင်နိုင်ခဲ့လျှင် ယနေ့ကဲ့သို့ တင်းမာသောအခြေအနေမျိုးသို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။

လင်းမိန်ဟွေ့က ခါးသက်စွာ ပြုံးလိုက်ပြီး ပြောလာခဲ့၏။

“ငါက သဘောထားကြီးနေတာ မဟုတ်ပါဘူး၊ တခြားရွေးချယ်စရာမှ မရှိတာပဲ၊ လူတစ်ယောက်က စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် သူ့ကို အတင်းပြန်ခေါ်လာလည်း သူက အရင်လူလိုမျိုး မဟုတ်တော့ဘူးလေ၊ ပြီးတော့ သူ့စိတ်ထဲမှာလည်း မကျေနပ်မှုတွေပဲ ကျန်နေမှာပေါ့”

“နင်ပြောတာက မှန်တယ်၊ တကယ်လို့ သူက ငါ့ဆီကို အခု ပြန်လာချင်တယ်လို့ ပြောရင်တောင် ငါလည်း သူ့ကို အရင်လို ပြန်ချစ်နိုင်တော့မှာ မဟုတ်ဘူး”

ရှောင်ချင်း၏ စိတ်အခြေအနေက မသိလိုက်ရပါဘဲ ပြန်လည်၍ကောင်းမွန်လာခဲ့ပေသည်။ သူမက မျက်ရည်စများကြားမှ လင်းမိန်ဟွေ့ကို ကြည့်လိုက်လေ၏။

လင်းမိန်ဟွေ့က အမှန်တကယ်ပင် အရာရာကို နားလည်တတ်သော မိန်းကလေးတစ်ဦးပင် ဖြစ်သည်ဟု သူမက ခံစားလိုက်ရပြီး သူမထံမှ ပို၍ သင်ယူသင့်သည်ဟု တွေးတောမိပေသည်။

“ရှောင်ချင်း၊ နင် သူ့ကို ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား သွားပြောသင့်တယ်၊ နင်တို့က အကြာကြီး ချစ်လာခဲ့ကြတာပဲလေ၊

တကယ်လို့ နင့်ရဲ့စိတ်ထဲမှာ အာဃာတတွေ ကျန်နေခဲ့ရင် နောက်ပိုင်းကျရင် ဖြေဖျောက်ဖို့ ခက်ခဲလိမ့်မယ်၊

ဒါဆိုရင် နင်တို့က နှစ်ယောက်လုံး တစ်သက်လုံး တစ်ယောက်ကိုတစ်ယောက် အငြိုးအတေးတွေနဲ့ ရှင်သန်သွားကြရမှာ”

လင်းမိန်ဟွေ့ ရှောင်ချင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ရှောင်ချင်း၏ လက်ချောင်းလေးများက အေးစက်နေသည်ကို ခံစားလိုက်ရသောကြောင့် သူမကို ပို၍ပင် သနားမိသွားရ၏။

ရှောင်ချင်းက ငယ်စဉ်ကတည်းက ဤကဲ့သို့သော မတရားမှုမျိုးကို တစ်ခါမျှ ကြုံတွေ့ခဲ့ရဖူးပုံ မရပေ။

ယခုတွင် ယောကျ်ားလေးတစ်ဦးကြောင့် ဤမျှအထိ ထိခိုက်နာကျင်နေရလေသည်။

အကယ်၍ သူမ၏ မိဘများသာ သိရှိခဲ့လျှင် မည်မျှအထိ စိတ်မကောင်းဖြစ်ကြမည်ကို မသိနိုင်ပေ။

ရှောင်ချင်းက ခေါင်းညိတ်ပြလိုက်ပြီးပြောလိုက်ပေ၏။

“ကောင်းပါပြီ၊ ငါက သူ့ကို စကားပြောဖို့ အချိန်တစ်ခုကို ရှာလိုက်ပါ့မယ်၊ ငါကလည်း နင့်လိုပဲ သဘောထားကြီးနိုင်ဖို့ မျှော်လင့်မိတယ်”

*

ရုံးပိတ်ရက်..

လင်းမိန်ဟွေ့နှင့် ချန်းမင်တို့က မြို့ပြင်ရှိ မူလတန်းကျောင်းတစ်ခုသို့ အတူရောက်ရှိလာကြပေသည်။

ထိုမူလတန်းကျောင်းက အတော်လေး ဟောင်းနွမ်းနေခဲ့လေသည်။

မှန်ပြတင်းပေါက်တချို့ကလည်း ကွဲအက်နေသောကြောင့် ပလတ်စတစ်စများဖြင့် ယာယီပိတ်ထားကြ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအချိန်တွင် ချန်းမင် အနည်းငယ် တွန့်ဆုတ်သွားရသည်။

သူမက ရုံးခန်းထဲတွင်သာ အကြာကြီး ထိုင်နေခဲ့သူဖြစ်သောကြောင့် လူမှုဆက်ဆံရေးအပိုင်းတွင် အားနည်းသွားပြီဟု ခံစားနေရပေသည်။

“မိန်ဟွေ့၊ ဒီကျောင်းက အရမ်းဆင်းရဲတာပဲ၊ ငါတို့ရဲ့စာအုပ်တွေကို ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲ၊ ငါတို့ ပြန်ရင် ပိုကောင်းမယ်ထင်တယ်!”

ထိုကျောင်းအုပ်ကြီးနှင့် စကားပြောရမည်ကို တွေးလိုက်သည်နှင့် ချန်းမင်က စိတ်ဆင်းရဲသွားရ၏။

ကားပေါ်တွင် ပြင်ဆင်လာခဲ့သော စကားပြောပုံစံများကိုပင် အကုန်လုံး မေ့လျော့လုနီးပါး ဖြစ်သွားရပြီး ခေါင်းထဲ၌ ဆူညံနေသည်ဟုသာ ခံစားနေရပေသည်။

လင်းမိန်ဟွေ့က အရှေ့သို့ ဆက်လှမ်းသွားသည်ကို မြင်သောအချိန်တွင် ချန်းမင်က သူမကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်လေ၏။

“နင်ပဲ အရင်ပြောပြပါလား၊ ငါ ဘေးကနေ လေ့လာလိုက်မယ်လေ”

လင်းမိန်ဟွေ့က ချန်းမင်ကို ဖျောင်းဖျပေးလိုက်ရသည်။

“တစ်ဖက်လူကလည်း လူတစ်ယောက်ပါပဲ၊ ကြောက်စရာ ဘာမှမရှိပါဘူး၊

အစ်မဘက်က စိတ်ရင်းမှန်ကိုပြဖို့ပဲ လိုတယ်၊ ကျန်တဲ့ကိစ္စတွေကိုတော့ ကျွန်မကိုပဲ လွှဲထားလိုက်ပါ၊ ကျွန်မက ကူညီဖြေရှင်းပေးပါ့မယ်”

ထို့နောက် သူတို့က ကျောင်းအုပ်ကြီး၏ ရုံးခန်းထဲသို့ ဝင်ရောက်ခဲ့ကြလေတော့သည်။

ကျောင်းအုပ်ကြီး ကျိုးကျန်းထျန်း၏ ရုံးခန်းကလည်း အလွန်ပင် ရိုးရှင်းပေသည်။

လွန်ခဲ့သော နှစ်များစွာအတွင်း သူက ရန်ပုံငွေကို အကြိမ်ကြိမ် လျှောက်ထားခဲ့သော်လည်း သူ၏ရုံးခန်းကို ပြုပြင်မွမ်းမံရန်အတွက် တစ်ခါမျှ အသုံးမပြုခဲ့ပေ။

သူက ရလာသမျှသော ငွေကြေးများကို မှန်ကန်သော လမ်းကြောင်းပေါ်တွင်သာ အသုံးချခဲ့ပေသည်။

အနည်းဆုံး ဤကျောင်းလေးကို မပြိုလဲသွားစေရန်သာ ကြိုးပမ်းနေသူ ဖြစ်ပေသည်။

ဤဒေသရှိ ကျောင်းသားအများစုက ပေကျင်းသို့ လာရောက်အလုပ်လုပ်ကိုင်ကြသော အလုပ်သမားများ၏ သားသမီးများသာ ဖြစ်ကြ၏။

အကယ်၍ ဤကျောင်းလေးသာ ပျက်စီးသွားပါက သူတို့၏ သားသမီးများကို ပို၍ဝေးလံသော နေရာများသို့ ပို့ဆောင်ရန်မှလွဲ၍ တခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပေ။

ကျိုးကျန်းထျန်းက သူ၏ လုပ်ရပ်က အနည်းငယ် မိုက်မဲလွန်းသည်ကိုလည်း သိရှိပေ၏။ သူတစ်ဦးတည်းနှင့် ကလေးများစွာကို မည်သို့ ကယ်တင်နိုင်ပါမည်နည်း။

သို့သော်လည်း သူက ဇွဲမလျှော့ဘဲ ဆက်လက် ကြိုးစားလိုနေဆဲပင်။

အနည်းဆုံး သူ တာဝန်ယူထားချိန်တွင် ဤကျောင်းလေး ပျက်စီးသွားရခြင်းမျိုးကို မဖြစ်စေချင်ပေ။

တံခါးခေါက်သံကို ကြားလိုက်ရသောကြောင့် ကျိုးကျန်းထျန်းက ခေါင်းမော့ကြည့်၍ မေးမြန်းလိုက်ပေ၏။

“ဘယ်သူ့ကိုလာရှာတာလဲ”

လင်းမိန်ဟွေ့နှင့် ချန်းမင်တို့နှစ်ဦးက အိတ်ကြီးများကို အသီးသီး သယ်ဆောင်ထားကြ၏။

ကျိုးကျန်းထျန်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့က ယဉ်ကျေးပျူငှာစွာပင် နှုတ်ဆက်လိုက်ကြပေသည်။

“ကျောင်းအုပ်ကြီးကျိုး၊ ကျွန်မတို့က ဟုန်ရိထုတ်ဝေရေးက ဝန်ထမ်းတွေပါရှင့်၊ ဒီနေ့ လာရတာက ကျောင်းအုပ်ကြီးအနေနဲ့ စာအုပ်တွေနဲ့ ပတ်သက်ပြီး လိုအပ်တာမျိုး ရှိမလားဆိုတာ သိချင်လို့ပါ”

ကျိုးကျန်းထျန်းက အနည်းငယ် အနေရခက်သွားရ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူ့ထံသို့ စာအုပ်လာရောင်းသူရှိနေသေးသည်လား။

ယခုအချိန်တွင် သူက စာအုပ်များကိုရောင်းချရန်သာ စဉ်းစားနေရသူဖြစ်၍ စာအုပ်ဝယ်ရန် ငွေကြေး မည်သို့ရှိပါမည်နည်း။

All Chapters