အခန်း (၁၅၉-၁၆၀)
Vol. 16 Ch. 159-160
အခန်း(159)
ကျိုးကျန်းထျန်းက လင်းမိန်ဟွေ့နှင့် ချန်းမင်တို့ကို ကြည့်ပြီး ပြောလိုက်ပေသည်။
“မင်းတို့လည်း ကျောင်းရဲ့ အခြေအနေကို မြင်တဲ့အတိုင်းပါပဲ၊ ဒီလို အခြေအနေမျိုးနဲ့ ကလေးတွေက မင်းတို့ရဲ့ စာအုပ်တွေကို ဝယ်ဖို့ ပိုလျှံတဲ့ငွေမရှိကြဘူးလေ၊ ဒါကြောင့် တခြားတစ်နေရာမှာပဲ သွားရောင်းဖို့ကို ငါ အကြံပေးပါရစေ”
ချန်းမင်၏ စိတ်ထဲတွင် တုန်လှုပ်သွားရလေသည်။ ဤသည်က သူမ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။ သူမက ကျိန်းသေပေါက် ငြင်းပယ်ခံရမည်ကို သိထားပေသည်။
ချန်းမင်က ပြန်ရန်လှည့်လိုက်သော်လည်း လင်းမိန်ဟွေ့က သူမကို လှမ်းဆွဲထားလိုက်ပေသည်။
လင်းမိန်ဟွေ့က ကျိုးကျန်းထျန်း၏ စားပွဲအနားသို့ လျှောက်သွားကာ ပြောလိုက်ပေ၏။
“စာအုပ်ဆိုတာက ဗဟုသုတတွေရဲ့ အရင်းအမြစ်ပဲလေ၊ အခုလို အခြေအနေတွေက ခက်ခဲနေလို့သာ ကလေးတွေကို စာအုပ်တွေကို ပိုပြီးဖတ်ခိုင်းဖို့က လိုအပ်တာပါ၊ ဒါမှလည်း သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလား”
“မင်းက စကားပြောကောင်းတဲ့ မိန်းကလေးပဲ၊ ဒါပေမဲ့ ပိုက်ဆံတစ်ဆင့်လောက်က သူရဲကောင်းတစ်ယောက်ကိုတောင် ဒုက္ခပေးနိုင်တယ်၊
ငါ့မှာ အခု ပိုက်ဆံမရှိဘူး၊ ငါ့ရဲ့ကလေးတွေအတိက် စာအုပ်တွေကို ဘယ်လိုဝယ်ခိုင်းရမလဲ”
ကျိုးကျန်းထျန်းက သူ့တွင် အပိုရန်ပုံငွေ တစ်ပြားတစ်ချပ်မျှ မရှိသောကြောင့် သူ့ကိုယ်သူ အသုံးမကျသူဟုသာ စိတ်ထဲတွင် သက်ပြင်းချနေမိတော့သည်။
လင်းမိန်ဟွေ့က သူမ၏ အိတ်ထဲမှ စာအုပ်တချို့ကို ထုတ်ယူ၍ ကျိုးကျန်းထျန်းကို ပြောလိုက်ပေသည်။
“ကျောင်းအုပ်ကြီးကျိုး၊ ဒါတွေကို ဝယ်စရာမလိုပါဘူး၊ ဒါပေမဲ့ ဒီစာအုပ်တွေကိုတော့ ဖတ်ကြည့်ဖို့ ကျွန်မက အကြံပေးချင်ပါတယ်၊
ဒါတွေက အရမ်းကောင်းမွန်တဲ့ လက်ရာတွေဖြစ်သလို ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်ကိုလည်း အများကြီး အထောက်အကူပြုမှာပါ”
ကျိုးကျန်းထျန်းက လင်းမိန်ဟွေ့ ကထုတ်ပြသော စာအုပ်များကို မြင်သည့်အချိန် မငြင်းဆန်ခဲ့ပေ။
သူက စာအုပ်တချို့ကို လှန်လှော၍ကြည့်လိုက်၏။
ထိုစာအုပ်များ၏ ရိုက်နှိပ်သည့် အရည်အသွေးက ကောင်းမွန်သကဲ့သို့ ပါဝင်သည့် အကြောင်းအရာများမှာလည်း အသေးစိတ်ကျပေသည်။
အနည်းငယ် ကြည့်လိုက်ရုံနှင့်ပင် လက်ထဲမှ မချချင်လောက်အောင်ပင် ဖြစ်သွားရလေသည်။
သို့သော် ယခုအချိန်တွင် ကျောင်းတွင် တစ်ပြားတစ်ချပ်မျှ မရှိသောကြောင့် ကျိုးကျန်းထျန်းက စာအုပ်များကို လင်းမိန်ဟွေ့ထံသို့သာ ပြန်ပေးလိုက်ရပေသည်။
လင်းမိန်ဟွေ့အနေဖြင့် မူလက ချန်းမင်ကို ရောင်းချရန်အတွက် စမ်းသပ်ခိုင်းလိုသော်လည်း ချန်းမင်က အနည်းငယ် တွန့်ဆုတ်နေသည်ကို မြင်ရသောကြောင့် သူမကိုယ်တိုင်ပင် စတင်ပြောဆိုလိုက်တော့သည်။
“ဒီစာအုပ်ကို ကျွန်မ ကျောင်းအုပ်ကြီးကျိုးကို လက်ဆောင်ပေးပါ့မယ်၊ ကျောင်းအုပ်ကြီးက စာအုပ်တွေကို ချစ်မြတ်သူတစ်ယောက်ဖြစ်မယ်လိမ့်လို့ ကျွန်မက ယုံကြည်ပါတယ်၊ စားပွဲရဲ့ဘေးမှာ ထားရင်လည်း ကောင်းတာပေါ့ရှင်”
“မိန်းကလေး.. သူတစ်ပါးဆီက အခမဲ့ရယူစားသုံးမိရင် အားနာရတတ်တယ်ဆိုတဲ့ အခြေခံသဘောတရားကို ဦးလေး နားလည်ပါတယ်၊
ဦးလေးရဲ့အထင်တော့ မင်းတို့ ပြန်ကြတာ ပိုကောင်းလိမ့်မယ်၊ ဒီဘက်တွေမှာက ဘတ်စ်ကား သိပ်မရှိဘူး၊ အချိန်လွန်သွားရင် ဒီမှာပဲ အိပ်ရမှာကို ဦးလေးက စိုးရိမ်မိတယ်”
ကျိုးကျန်းထျန်းက စကားပြောပြီးသည်နှင့် မတ်တပ်ရပ်၍ စာသင်ခန်းသို့ သွားရန်ပြင်ဆင်လိုက်လေသည်။
ကျောင်း၏ ရန်ပုံငွေက အလွန်ပင် ကျပ်တည်းသောကြောင့် ဆရာ၊ ဆရာမများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန် သူကိုယ်တိုင်ပင် အစားထိုး ဝင်ရောက်သင်ကြားပေးနေရ၏။
လင်းမိန်ဟွေ့က လက်မလျှော့ခဲ့ပေ။ သူမက ကျိုးကျန်းထျန်းကို လှမ်းတား၍ ပြောလိုက်ပေသည်။
“ကျောင်းအုပ်ကြီးကျိုး၊ အခုက ကျောင်းရဲ့ရန်ပုံငွေက ကျပ်တည်းနေတယ်ဆိုတာ မှန်ပါတယ်၊ အမှန်တော့ ဒါကို ဖြေရှင်းဖို့က နည်းလမ်းတွေ အများကြီး ရှိပါတယ်၊
ကျောင်းအုပ်ကြီးရဲ့အနေနဲ့ အခု ကျွန်မရဲ့ စာအုပ်တွေအကြောင်းကိုသာ နားလည်သွားမယ်ဆိုရင် ရန်ပုံငွေပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ကျွန်မဘက်က ဆွေးနွေးပေးနိုင်ပါတယ်”
ကျိုးကျန်းထျန်းက လင်းမိန်ဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ဤမိန်းကလေးက အနည်းငယ် မောက်မာလွန်းသည်ဟု ခံစားလိုက်ရ၏။
ယခုအချိန်တွင် အထက်အဆင့် ဌာနဆိုင်ရာများကပင်လျှင် ဤကဲ့သို့သော ပြဿနာမျိုးကို မည်သို့မှ မတတ်နိုင်ဘဲ ရှိနေကြသည်မဟုတ်ပါလား။
သူမက ရန်ပုံငွေပြဿနာကို ဖြေရှင်းနိုင်သည်ဟု မည်သို့သောယုံကြည်ချက်မျိုးနှင့် ပြောနေပါသနည်း။
ကျောင်းတက်ခေါင်းလောင်းသံကမြည်လာသောကြောင့် ဆရာတစ်ဦးက ကျိုးကျန်းထျန်းထံသို့ ရောက်ရှိလာခဲ့၏။
ကျိုးကျန်းထျန်းကလည်း ထိုဆရာကို ကလေးများအား ကိုယ်တိုင်လေ့လာမှု အရင်လုပ်ခိုင်းထားရန်သာ မှာလိုက်ရပေသည်။
ထိုဆရာ ထွက်သွားပြီးနောက်တွင် လင်းမိန်ဟွေ့က စားပွဲတွင် ထိုင်၍ ကျိုးကျန်းထျန်းကို စာအုပ်များ၏ အကြောင်းအရာနှင့် ဈေးနှုန်းများကို ရှင်းပြလေတော့သည်။
စာအုပ်က အစောင်တစ်ရာထက် ပို၍ဝယ်ယူပါက ဆယ်ရာခိုင်နှုန်း လျှော့ဈေးရမည်ဖြစ်ကြောင်းကိုလည်း သူမက ပြောခဲ့၏။
ကျိုးကျန်းထျန်းက သူမ၏ စကားကို စိတ်ရှည်စွာ နားထောင်ပြီးနောက် လက်ကို ဖြန့်ပြ၍ ပြောလိုက်ပေသည်။
“ငါ့မှာက တကယ် ပိုက်ဆံမရှိပါဘူးကွာ၊ မင်းက ဒီမှာ အချိန်ဖြုန်းနေတာပဲ ရှိလိမ့်မယ်!”
ချန်းမင်ကလည်း လင်းမိန်ဟွေ့၏ တစ်ကောက်ကောက် လိုက်လံပြောဆိုနေမှုကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာဟု ခံစားလိုက်ရ၏။ သူမသာဆိုလျှင် လှည့်ထွက်သွားသည်က ကြာပေသည်။
ထိုအချိန်မှ လင်းမိန်ဟွေ့က ကျောင်း၏ ရန်ပုံငွေပြဿနာကို ကျိုးကျန်းထျန်းနှင့် စတင်၍ဆွေးနွေးလေတော့သည်။
“ကျောင်းအုပ်ကြီးကျိုး၊ အခုက ကျောင်းကို ကောင်းကောင်း မလည်ပတ်နိုင်တာက ကျောင်းသားအရင်းအမြစ်နဲ့ သင်ကြားရေး ပတ်ဝန်းကျင်တွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်၊
တကယ်လို့ ဒီပြဿနာတွေကို တိုးတက်အောင် မလုပ်နိုင်ဘူးဆိုရင်တော့ ဒါကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မက ထင်မိတယ်”
“မင်းပြောတာမှန်တယ်၊ ဒါပေမဲ့ ငါတို့ရဲ့ကျောင်းလေး ဆက်ပြီး ရပ်တည်နိုင်ရင်ပဲ အတော်လေးကို အဆင်ပြေနေပါပြီ၊ ငါက ပိုပြီးတော့လည်း မတောင်းဆိုရဲပါဘူး”
ကျိုးကျန်းထျန်းက မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်းကို မသိသော်လည်း ဤမိန်းကလေးငယ်ကို မသိစိတ်ဖြင့် ယုံကြည်မိသွားသောကြောင့် သူမ၏ စကားများကို နားထောင်လိုစိတ်များက ဖြစ်ပေါ်လာပေ၏။
“ကျောင်းအုပ်ကြီးကျိုး၊ ကျွန်မရဲ့အထင်ကတော့ ကျောင်းအတွက် ထောက်ပံ့ပေးနိုင်မယ့် ကုမ္ပဏီတချို့ကို ရှာလို့ရနိုင်မယ်လို့ ထင်ပါတယ်၊
ကုမ္ပဏီတွေက ကျောင်းကို လည်ပတ်ဖို့ ကူညီပေးမယ်၊ ကျောင်းကလည်း ကုမ္ပဏီတွေအတွက် အရောင်းမြှင့်တင်ရေး တွေမှာ ကူညီပေးနိုင်တာပေါ့၊
ဒီကိစ္စအတွက် ကျောင်းအုပ်ကြီးကို ကျွန်မက နည်းလမ်းရှာပေးပါ့မယ်”
ဤသည်ကို ကြားလိုက်ရသောအချိန်တွင် ချန်းမင်က ထိတ်လန့်သွားရ၏။
သူတို့က စာအုပ်ရောင်းသည့် ထုတ်ဝေရေးဝန်ထမ်းများသာ ဖြစ်ကြပြီး ကျောင်းအတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာပေးရသူများ မဟုတ်ပေ။
လှပသော စကားလုံးနှင့် ပြောလျှင် ရင်းနှီးမြှုပ်နှံမှု ဖြစ်သော်လည်း အမှန်အတိုင်း ပြောရလျှင် အလှူခံခြင်း သာ မဟုတ်ပါလား။
အလှူခံရသည်က ပြဿနာမဟုတ်သော်လည်း အနည်းငယ်နှင့် မရနိုင်ပေ။ အနည်းဆုံး သောင်းဂဏန်း ရှိမှသာ ဖြစ်ပေလိမ့်မည်။
မည်သူကများ ဤကဲ့သို့သော ကိစ္စမျိုးအတွက် ငွေကိုထုတ်ပေးလိုပါမည်နည်း။
“မိန်ဟွေ့၊ ဒီကိစ္စကို ကျောင်းအုပ်ကြီးနဲ့ မပြောခင်မှာ ငါတို့ အရင် စဉ်းစားသင့်တယ် ထင်တယ်၊ ငါတို့က သူဌေးကြီးတွေမှ မဟုတ်တာ၊ ဒီကိစ္စကို ငါတို့က ဆုံးဖြတ်လို့ မရဘူးလေ”
ချန်းမင်က စိုးရိမ်တကြီးဖြင့် တားလိုက်ပေသည်။ လင်းမိန်ဟွေ့သာ ချက်ချင်း သဘောတူလိုက်လျှင် ပြန်ပြင်ရန် ခက်ခဲမည်ကို သူမ စိုးရိမ်နေခဲ့လေ၏။
မမျှော်လင့်ဘဲ လင်းမိန်ဟွေ့က ဆက်လက်၍ပြောဆိုလိုက်ပေသည်။
“တကယ်လို့ ကျောင်းအုပ်ကြီးအတွက် ရင်းနှီးမြှုပ်နှံမှု ပြဿနာကို ကျွန်မက ဖြေရှင်းပေးနိုင်မယ်ဆိုရင် ကျောင်းအုပ်ကြီးအနေနဲ့ ကျွန်မရဲ့ စာအုပ် အစောင်သုံးရာကို ဝယ်ယူဖို့ သဘောတူမလား”
ကျိုးကျန်းထျန်းက ရယ်မော၍ ပြောလိုက်လေ၏။
“မိန်းကလေး၊ မင်းက တကယ်ပဲ မောက်မာတာပဲ၊ ရင်းနှီးမြှုပ်နှံသူ ရှာတယ်ဆိုတာက စကားပြောရုံနဲ့ ရတဲ့အရာ မဟုတ်ဘူးလေ၊
ရင်းနှီးမြှုပ်နှံသူတွေကလည်း ကျောင်းလည်ပတ်မှုရဲ့ အလားအလာနဲ့ အမြတ်အစွန်းတွေကို မြင်ရဦးမှ ဖြစ်မှာပေါ့”
“ကျောင်းအုပ်ကြီးကျိုး၊ လောကမှာက ကြိုးစားချင်စိတ်ရှိရင် မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ ကျွန်မ ယုံကြည်ထားပါတယ်”
လင်းမိန်ဟွေ့က အလွန်ပင် ယုံကြည်မှုရှိစွာ ပြောလိုက်ပေသည်။
ကျိုးကျန်းထျန်းက လင်းမိန်ဟွေ့ကို ထပ်မံ၍ မငြင်းဆိုတော့ဘဲ သဘောတူလိုက်လေတော့သည်။
“မင်းကသာ ကျောင်းရဲ့အတွက် အလှူငွေကို ယွမ် (၃၀,၀၀၀) ရှာပေးနိုင်မယ်ဆိုရင်၊ ငါက ဟောင်းနွမ်းနေတဲ့ စာသင်ခန်းတွေကို ပြုပြင်မယ်၊
ဆေးပြန်သုတ်ပေးမယ် အဲဒီအချိန်ကျရင် မင်းရဲ့ စာအုပ် အစောင်( ၃၀၀) ကိုလည်း ဝယ်ယူမယ်လို့ ငါက ကတိပေးပါတယ်”
“ကတိပဲ”
လင်းမိန်ဟွေ့က ကျိုးကျန်းထျန်းကို လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းလိုက်ပြီး ကျိုးကျန်းထျန်းကလည်း မငြင်းဆန်ခဲ့ပေ။
ကျောင်းမှ ထွက်လာသည့်အချိန်တွင် ချန်းမင်က စိတ်ဆင်းရဲနေခဲ့ပေသည်။ စာအုပ်တစ်အုပ်မျှ မရောင်းရသေးသည့်အပြင် ထောက်ပံ့သူရှာရမည့် အလုပ်တစ်ခုကပါ ပိုလာခဲ့ပေသည်။
ဤသည်က သူမကို ရုံးခန်းသို့ပြန်၍ ဘဏ္ဍာရေးအလုပ်ကိုသာ လုပ်ကိုင်လိုစိတ်ကို ဖြစ်ပေါ်စေတော့၏။
သူမက အရောင်းဝန်ထမ်းအလုပ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရပေသည်။
“မိန်ဟွေ့၊ နင်က ဘာလို့ ကျောင်းအုပ်ကြီးကို ဒီလောက်လွယ်လွယ်နဲ့ သဘောတူလိုက်ရတာလဲ၊
တကယ်လို့ နင်က ထောက်ပံ့သူကို ရှာမတွေ့ရင် နင့်ရဲ့အလုပ်တွေက ပျက်စီးသွားမှာ မဟုတ်ဘူးလား”
ချန်းမင်က ပြောပြီးနောက်တွင် သက်ပြင်းအရှည်ကြီးကို ချလိုက်လေတော့သည်။
အလှူငွေကိစ္စနှင့် ပတ်သက်၍ ပြောရလျှင် လင်းမိန်ဟွေ့က သူမ၏ ဒုတိယနှစ် ပန်းချီပြပွဲ ကျင်းပခဲ့ချိန်က အဖြစ်အပျက်ကို ချက်ချင်းပင် အမှတ်ရသွားမိပေသည်။
ထိုအချိန်က အလှူငွေရရှိရန်အတွက် သူမက လျိုကျားနှင့်အတူ သူ၏ဖခင်နှင့် ထမင်းလက်ဆုံစားခဲ့ရပြီး သူ၏ဖခင်၏ လှောင်ပြောင်မှုကိုလည်း ခံခဲ့ရဖူး၏။
ထိုအချိန်က လင်းမိန်ဟွေ့က မသန်စွမ်းကလေးငယ်များအတွက် တစ်စုံတစ်ခု လုပ်ပေးချင်ရုံဖြင့် လျိုကျား၏ တောင်းဆိုမှုကို အသေအချာ မစဉ်းစားဘဲ သဘောတူခဲ့မိ၍ သူကိုယ်ကိုယ် ဒုက္ခများစွာကို ရောက်စေခဲ့ပေသည်။
နောက်ပိုင်းတွင် ချန်အန်းသယ် ပေါ်လာသောကြောင့် ထိုပြဿနာကပြေလည်သွားခဲ့သော်လည်း ထိုစာသင်နှစ်ဝက်ထဲတွင် သူမအနေဖြင့် ခါးပတ်ကို ကျပ်ကျပ်စည်း၍ ချွေတာနေထိုင်ခဲ့ရ၏။
မည်သည့်ကြောင့်ဆိုလျှင် ချန်အန်းသယ်က လှူဒါန်းခဲ့သော ငွေများက သူ၏ဆိုင်မှ ရရှိသော အမြတ်ဝေစုများသာ ဖြစ်သောကြောင့်ပင်။
ယနေ့တွင် ကျိုးကျန်းထျန်းကို ပေးခဲ့သော လင်းမိန်ဟွေ့၏ ကတိက ကျိန်းသေပေါက် လေထဲတွင် ပြောသည့် စကားမဟုတ်ပေ။
ယခုအချိန် သူမတွင် ကျိုးကျန်းထျန်း၏ ဆန္ဒကို အကောင်အထည်ဖော်ပေးနိုင်ရန် လုံလောက်သော အစွမ်းအစများက ရှိနေပြီဖြစ်၍ သူမက လှည့်၍ ချန်းမင်ကို ပြောလိုက်ပေသည်။
“ဒါက အရောင်းဝန်ထမ်းတွေရဲ့ ကောင်းကွက်ပဲလေ၊ အလုပ်တစ်ခုခုလုပ်တဲ့အချိန် စိတ်အားထက်သန်မှုကို အမြဲပေးစွမ်းနိုင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ကို တိုးသွားစေတာပေါ့”
“နင်ကတော့ တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ကို တိုးနေတာပဲ၊ ငါ့အမြင်မှာတော့ နင်က တစ်ဆင့်ပြီးတစ်ဆင့် ကိုထောင်ချောက်ထဲကို ဆင်းနေသလိုထင်မိတယ်”
*
အခန်း(160)
လင်းမိန်ဟွေ့၏အနေဖြင့် ကျိုးကျန်းထျန်း၏ အိပ်မက်ကို မည်သို့ အကောင်အထည်ဖော်ပေးနိုင်မည်ကို ချန်းမင်က စဉ်းစား၍မရနိုင်ခဲ့ပါချေ။
ထို့ကြောင့် စိတ်ဓာတ်ကျသည့် စကားတချို့ကိုသာ ပြောနိုင်ခဲ့သည်။
လင်းမိန်ဟွေ့က အလျင်မလိုဘဲ ချန်းမင်ကို ပြန်လည်၍
ပြောပြလိုက်ပေ၏။
“ပြီးခဲ့တဲ့တစ်ခေါက်က ကုမ္ပဏီတစ်ခုမှာ စာအုပ်သွားရောင်းတုန်းက ကုမ္ပဏီပိုင်ရှင်တစ်ယောက်က သူ မျှော်လင့်ချက်မူလတန်းကျောင်း တစ်ခုကို လှူချင်တယ်လို့ ပြောခဲ့ဖူးတယ်၊
သူကတော့ ဒီကျောင်းကို ကူညီဖို့ကို သေချာပေါက် သဘောတူလိမ့်မယ်လို့ ကျွန်မထင်တယ်”
“အဲဒါက သေချာမယ်လို့ မပြောနိုင်ဘူးနော်၊ မျှော်လင့်ချက်မူလတန်းကျောင်း တစ်ခုက အသစ်ဆောက်ပြီးစီးသွားရင် လူမှုပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုကို ရတာလေ၊
အခုလို တစ်ဝက်တစ်ပျက် ဖြစ်နေတဲ့ကျောင်းကို သူက ဘာလို့ ရင်းနှီးမြှုပ်နှံမှာလဲ၊ သူ့အတွက်ရော ဘာအကျိုးအမြတ်ရမှာလဲ”
ဘဏ္ဍာရေးစာရင်းကိုင် တစ်ဦးအနေဖြင့် ချန်းမင်၏ အမြင်က အတော်ပင် ထက်မြက်လွန်းပေသည်။
ဤကဲ့သို့သော ကိစ္စမျိုးကို အနည်းငယ် ခွဲခြမ်းစိတ်ဖြာကြည့်ရုံနှင့် ထိုလုပ်ငန်းရှင်များ၏ အတွေးကို သိနိုင်ပေ၏။
ပရဟိတလုပ်ငန်း လုပ်သည်ဆိုသည်က လူသိရှင်ကြား ဖြစ်ချင်၍သာ ဖြစ်ပေသည်။ ကျောင်းအသစ်တစ်ကျောင်းက ပြီးစီးသွားပါက လူအများ၏ ချီးကျူးမှုကို ခံရမည်ဖြစ်ပေသည်။
သို့သော်လည်း ကျောင်းအဟောင်းတစ်ခုကို ပြုပြင်ပေးခြင်းက ထူးခြားစွာ အကျိုးအမြတ် မရှိပေ။
လင်းမိန်ဟွေ့က ချန်းမင်ကို ဘတ်စ်ကားပေါ်သို့ ဆွဲတင်လိုက်ပြီး အိတ်ကို ကျောတွင် ပိုးလိုက်၍ပြောလိုက်ပေသည်။
“စိတ်မပူပါနဲ့၊ အရာရာက လူတွေအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်မယုံကြည်တယ်၊ ကျွန်မ အဲဒီလုပ်ငန်းရှင်ကို သေချာပေါက် နားဝင်အောင် ပြောနိုင်မှာပါ”
ကျုံးဟယ် လုပ်ငန်းစုကုမ္ပဏီက မူလက ဓာတုဗေဒလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်ပြီး စက်မှုလုပ်ငန်းသုံး အောက်ဇဲလစ် အက်စစ် တစ်မျိုးကို ထုတ်လုပ်ခြင်းဖြစ်၏။
ပုံမှန်အားဖြင့် ညစ်ညမ်းမှုက ပြင်းထန်သောကြောင့် အနီးနားရှိ ဒေသခံများက ပြဿနာရှာ၍ တိုင်ကြားတတ်ကြပေသည်။
ထို့ကြောင့် ထိုလုပ်ငန်းရှင်က လူထု၏ တိုင်ကြားမှုများကို ပြေငြိမ်းစေရန်အတွက် ပုံမှန်အားဖြင့် ကောင်းမှုကုသိုလ်များစွာကို ပြုလုပ်လေ့ရှိပေသည်။
အနီးအနားရှိ ဒေသခံများမှာ အအေးဓာတ်ကိုခံနိုင်စေရန် အပူပေးစနစ်အတွက် အခကြေးငွေကို ပေးစရာမလိုပါဘဲ ကျုံးဟယ်လုပ်ငန်းစုက တိုက်ရိုက် စီစဉ်ပေးထားခြင်း ဖြစ်ပေ၏။
ပြီးခဲ့သည့်တစ်ခေါက်က လင်းမိန်ဟွေ့က ဤနေရာသို့ အရောင်းမြှင့်တင်ရန် လာရောက်ချိန်က ဤသူဌေးမှာ အလွန်ပါးနပ်ပြီး လူထု၏ စိတ်နှလုံးကို မည်သို့ ရယူရမည်ကို သိရှိသူဖြစ်ကြောင်း သူမ ခံစားမိခဲ့ပေသည်။
လင်းမိန်ဟွေ့နှင့် ချန်းမင်တို့ကို အတွင်းရေးမှူးဖြစ်သူက သူဌေး၏ ရုံးခန်းထဲသို့ ခေါ်ဆောင်သွားခဲ့လေ၏။
ထိုသူဌေးမှာ မီဒီယာသတင်းထောက် တချို့နှင့် စကားပြောနေခဲ့သည်။ လင်းမိန်ဟွေ့ကို မြင်လိုက်ရသည့်အချိန်တွင် သူ အနည်းငယ် အံ့အားသင့်သွားပြီး ပြောလိုက်လေ၏။
“မိန်းကလေး၊ ငါက မင်းဆီကနေ မကြာခင်ကမှ စာအုပ်အစောင်ရေ ငါးရာကိုတောင် ဝယ်ထားတာ မဟုတ်ဘူးလား၊ ဘာလို့ ထပ်ရောက်လာပြန်တာလဲ”
လင်းမိန်ဟွေ့က အပြုံးတစ်ခုနှင့်ပြောလိုက်လေသည်။
“ဒီတစ်ခေါက်က စာအုပ်ကိစ္စအတွက် လာတာ မဟုတ်ပါဘူး..
သူဌေးလော် လုပ်စရာရှိတာကိုလုပ်ပါဦး၊ အဲဒါပြီးမှပဲ ကျွန်မတို့ အသေးစိတ်ကို ပြောကြတာပေါ့!”
သူဌေးလော်ဟောင်အနေဖြင့် လင်းမိန်ဟွေ့နှင့် တွေ့ဆုံဖူးခဲ့သည်။ ပြီးခဲ့သည့်တစ်ခေါက်ကတည်းက သူမအပေါ်တွင် အထင်ကြီးလေးစားမှု များရှိခဲ့ပေသည်။
သူမက ငယ်ရွယ်သော်လည်း အလုပ်လုပ်ရာတွင် ရဲစွမ်းသတ္တိ ရှိ၏။ စကားအနည်းငယ်ဖြင့်ပင် သူ့ကို စာအုပ် အစောင် ငါးရာကို ဝယ်ယူစေခဲ့သည် မဟုတ်ပါလား။
ယနေ့တွင်လည်း အိတ်ကြီးအိတ်ငယ်များကို ဆွဲလျက် လက်ထောက်တစ်ဦးနှင့်အတူ ရောက်ရှိလာသည်ကို မြင်ရသည်က သူ့အတွက် စိတ်ဝင်စားစရာ ဖြစ်နေပေသည်။
သူက သတင်းထောက်များ၏ အင်တာဗျူးကို အဆုံးသတ်လိုက်ပြီး လင်းမိန်ဟွေ့နှင့် ချန်းမင်တို့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပေ၏။
လင်းမိန်ဟွေ့ ထိုင်လိုက်ပြီး မကြာမီမှာပင် လော်ဟောင်က သူမကိုစနောက်လိုက်ပေသည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ဆယ်မိနစ်အတွင်း မင်းရဲ့ စာအုပ်တွေကို ဝယ်မိအောင် ငါ့ကို ဖျားယောင်းနိုင်ခဲ့တယ်လေ၊
ဒီတစ်ခေါက်ကော ဘယ်လောက်ကြာအောင် ဖျားယောင်းဦးမှာလဲ၊ ဒါမှမဟုတ် ငါ့ဆီကနေ တခြား ဝယ်သူစာရင်းတွေကို ထပ်လိုချင်လို့လား”
ဤကဲ့သို့ စနောက်ခံရသော်လည်း လင်းမိန်ဟွေ့က စိတ်မဆိုးပေ။ သူမက အပြုံးတစ်ခုနှင့်ပင် ပြန်လည်ပြောလိုက်လေ၏။
“သူဌေးလော်.. စာအုပ်ဆိုတာ ကစိတ်အတွက် အာဟာရပါပဲ၊
စာအုပ်ရေ ငါးရာကို ဝယ်ယူလိုက်တာက ကုမ္ပဏီရဲ့ အနာဂတ် တည်ဆောက်ရေးအတွက် အတိုင်းအဆမရှိတဲ့ ဓနဥစ္စာတွေကို ရင်းနှီးမြှုပ်နှံလိုက်တာပဲလေ၊
ဒါကို ဘယ်လိုလုပ် လိမ်လည်တယ်လို့ ခေါ်လို့ရမှာလဲ”
လော်ဟောင်က ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ဤသည်ကလည်း အကျိုးအကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားလိုက်ရပေသည်။
သူက ဓာတုဗေဒလုပ်ငန်းကို လုပ်ကိုင်သူဖြစ်၍ အမှန်တကယ်ပင် စာအုပ်များစွာကို ဖတ်ရန် လိုအပ်ပေသည်။
တစ်ဖက်တွင် ကုမ္ပဏီကို အသွင်ကူးပြောင်းရန် ကြိုးစားနေသကဲ့သို့၊ တခြားတစ်ဖက်တွင်လည်း ဝန်ထမ်းများကို ဖွံ့ဖြိုးတိုးတက်စေချင်၏။
သူက ထိုစာအုပ်များဖြင့် စာဖတ်ထောင့်လေးတစ်ခုကို ပြုလုပ်ပေးထားသောကြောင့် ဝန်ထမ်းများကလည်း အလွန်ပင် နှစ်သက်ကြပေသည်။
“ဒါဆိုရင်လည်း ပြောပါဦး၊ ဒီနေ့ ကဘာကိစ္စနဲ့ လာတာလဲ”
“သူဌေးလော် ၊ သူဌေးက မျှော်လင့်ချက်မူလတန်းကျောင်း တစ်ခုမှာ ရင်းနှီးမြှုပ်နှံချင်တယ်လို့ အရင်က ပြောဖူးတာကို ကျွန်မက ကြားခဲ့တယ်၊
အခုက အဲဒီလို အခွင့်အရေးမျိုး ရှိနေပြီမလို့ သူဌေးများ စိတ်ဝင်စားမလားဆိုတာကို သိချင်လို့ပါ”
လင်းမိန်ဟွေ့က သူဌေးလော်ဟောင်ကို သေသေချာချာအကဲခတ်ကြည့်လိုက်ပေ၏။ သူက အသက် (၅၀) ကျော်အရွယ် လူကြီးတစ်ဦးဖြစ်ပြီး ဆံပင်များက အနည်းငယ်ဖြူနေပေသည်။
သူ၏ မျက်ခုံးနှစ်ခုကြားရှိ နက်ရှိုင်းသော အတွန့်အခေါက်များကို ကြည့်ခြင်းအားဖြင့် သူက လုပ်ငန်းကိစ္စများကို ပုံမှန်အားဖြင့် အလွန်အမင်း အာရုံစိုက်ပူပန်တတ်သူဖြစ်ကြောင်းကို သိသာလွန်းပေသည်။
ဤသည်က သူမ သူနှင့် ဆက်ဆံရသည်ကို နှစ်သက်ရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပေ၏။
တာဝန်သိတတ်သူတစ်ဦးက လက်ရှိမျက်မှောက်ကာလကိုသာ ကြည့်တတ်သည်မဟုတ်ဘဲ ရေရှည်စီမံကိန်းများကို ပိုမိုကောင်းမွန်စွာ ချမှတ်နိုင်ပေသည်။
လော်ဟောင်က လင်းမိန်ဟွေ့က မျှော်လင့်ချက်မူလတန်းကျောင်း၏ အကြောင်းကို ပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် သူမဘက်မှ အနည်းငယ် စပ်စုလွန်းသည်ဟု ခံစားလိုက်ရပြီး ပြောလိုက်လေ၏။
“မိန်းကလေး၊ ရင်းနှီးမြှုပ်နှံမှုဆိုတာက မင်းရဲ့ စကားအနည်းငယ်နဲ့ ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့အရာ မဟုတ်ဘူးလေ၊ ကျောင်းတစ်ကျောင်းကို ပြီးစီးဖို့ဆိုတာက ယွမ်သောင်းနဲ့ချီပြီး ကုန်ကျမှာ၊ အဲဒါက နည်းတဲ့ ပမာဏ မဟုတ်ဘူးနော်”
“ဒါကို ကျွန်မက သိပါတယ် သူဌေးလော်ရှင်၊ ဒါကြောင့် ဒီနေ့ ကျွန်မလာခဲ့တာက ကျွန်မရဲ့ ကိုယ်ပိုင်အတွေးအမြင်လေးတွေကို ဆွေးနွေးချင်လို့ပါ”
လင်းမိန်ဟွေ့က ဤကိစ္စကို လူတိုင်းက အလေးအနက်ထားမည်မဟုတာကြောင်းကို သိရှိသောကြောင့် ခေတ္တမျှ စဉ်းစားပြီးမှ အေးဆေးစွာပင် ဆက်လက်ပြောဆိုလိုက်ပေသည်။
“ဒီနေ့ ကျွန်မတို့တွေ မြို့ပြင်က ကျောင်းတစ်ကျောင်းကို ရောက်ခဲ့ပါတယ်၊ ကျောင်းအုပ်ကြီးရဲ့နာမည်က ကျိုးကျန်းထျန်းတဲ့၊
သူက အလုပ်သမားတွေရဲ့ သားသမီးတွေအတွက် အထူးရည်ရွယ်ပြီးတော့ ကျောင်းကို တည်ထောင်ခဲ့တာပါ၊ ဒါပေမဲ့ အခုတော့ ရန်ပုံငွေတွေက အရမ်းကိုကျပ်တည်းနေလို့”
“တော်ပြီ မပြောနဲ့တော့၊ ငါက စီးပွားရေးသမားတစ်ယောက်ပဲ၊ ကယ်တင်ရှင် မဟုတ်ပါဘူး၊
တကယ်လို့ မင်းက ပိတ်တော့မဲ့ မူလတန်းကျောင်းတစ်ခုမှာ ငါ့ကို ရင်းနှီးမြှုပ်နှံခိုင်းချင်တာဆိုရင်တော့ ငါက စိတ်မဝင်စားသေးဘူး၊ မိန်းကလေး.. ပြန်လိုက်ပါတော့၊ ခဏနေရင် ငါက အစည်းအဝေး သွားရတော့မယ်”
လော်ဟောင်က မတ်တပ်ရပ်လိုက်ပြီး သူ၏ အင်္ကျီကို သေသပ်အောင် ပြုပြင်၍ ထွက်ခွာရန် ပြင်လိုက်ပေ၏။
လင်းမိန်ဟွေ့က လက်မလျှော့ဘဲ ဆက်လက်ပြောဆိုလိုက်ပေသည်။
“တကယ်လို့ သူဌေးလော်အနေနဲ့ သာပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် တစ်ဖက်မှာ လူထုရဲ့ စိတ်နှလုံးကို ရရှိနိုင်သလို နောက်တစ်ဖက်မှာကလည်း ကုမ္ပဏီရဲ့ အနာဂတ် လုပ်ငန်းပြောင်းလဲမှုအတွက် လမ်းစတစ်ခု ချန်ထားခဲ့နိုင်တာပေါ့”
“ဒါက ဘယ်လိုမျိုးလဲ”
“တကယ်လို့ အဲဒီမူလတန်းကျောင်းက လမ်းမှန်ပေါ်ကို ပြန်ရောက်သွားခဲ့ပြီး ပတ်ဝန်းကျင်က ကလေးတွေရဲ့ ပညာရေးပြဿနာကို ဖြေရှင်းပေးနိုင်ရင် လူထုရဲ့ ထောက်ခံမှုကို ရရှိမှာပါ၊
လုပ်ငန်းပြောင်းလဲမှုအပိုင်းမှာဆိုရင်လည်း သူဌေးလော်အနေနဲ့ ကုမ္ပဏီရဲ့ အနာဂတ်အတွက်ကို စဉ်းစားထားပြီးသား ဖြစ်သွားလိမ့်မယ်၊
တကယ်လို့ အကျိုးအမြတ်ရှိတဲ့ ကျောင်းတစ်ကျောင်းကို လည်ပတ်နိုင်မယ်ဆိုရင်၊ အဲဒါက ဓာတုဗေဒစက်ရုံထက် ပိုခက်ခဲမယ်လို့ သူဌေးက ထင်လား”
လင်းမိန်ဟွေ့၏ စကားများကြောင့် လော်ဟောင်တွင် နက်နဲစွာ စဉ်းစားသွားရလေသည်။
ယခုအချိန်တွင် ပေကျင်းမြို့ကြီးက အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဖြစ်၍ မကြာမီအချိန်တွင်ပင် မြို့ပြင်ဒေသများက မြို့ပြထဲသို့ ရောက်ရှိလာတော့မည် ဖြစ်ပေ၏။
ထိုအချိန်တွင် ကျောင်းကို ကောင်းမွန်စွာ လည်ပတ်နိုင်ပါက အကျိုးအမြတ်လည်း ရှိလာနိုင်ပေသည်။
ယနေ့ခေတ်တွင် လူများစွာက ပုဂ္ဂလိကကျောင်းများကို စတင်တည်ထောင်နေကြပြီဖြစ်၍ သူသာ ဤကဲ့သို့ လုပ်ဆောင်နိုင်လျှင် ဤသည်က အမှန်တကယ်ပင် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
လော်ဟောင်က သူ၏ ထိုင်ခုံတွင် ပြန်လည်ထိုင်လိုက်ပြီး လင်းမိန်ဟွေ့ကို ကြည့်၍ မေးမြန်းလိုက်လေ၏။
“ဒီသတင်းအချက်အလက်တွေကို မင်းက ဘယ်လိုသိတာလဲ၊ မင်းကို ကြည့်ရတာက အလုပ်သမား မိသားစုက ကလေးနဲ့ မတူဘဲ ဝါရင့်လုပ်ငန်းရှင်ကြီးတစ်ယောက်နဲ့ ပိုတူနေသလားလို့”
“သူဌေးလော်ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်.. ကျွန်မက အရင်က စီးပွားရေး နည်းနည်းလောက် လုပ်ကိုင်ဖူးတော့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုရဲ့ ဦးတည်ချက်တွေကို သိနေရုံသက်သက်ပါပဲ”
“မင်းပြောချင်တာက ပညာရေးလုပ်ငန်းက နောင်အနာဂတ်မှာ ခေတ်သစ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုလိုတာလား”
လော်ဟောင်က ပို၍ပင် စိတ်ဝင်စားလာရပေသည်။ မည်သူကမျှ သူ့ကို ဤကဲ့သို့သော စကားမျိုးကို မပြောဖူးပေ။
အလယ်တန်းအထိသာ ပညာသင်ကြားခဲ့ရသော သူ၏အတွက်တော့ ဤသတင်းအချက်အလက်ကို ရရှိလိုက်ခြင်းက အဖိုးဖြတ်မရနိုင်သော အရာပင် ဖြစ်ပေသည်။
လင်းမိန်ဟွေ့က ခေတ္တမျှ စဉ်းစားပြီးနောက်ပြောလိုက်ပေသည်။
“ကလေးတွေဆိုတာက တိုင်းပြည်ရဲ့ ပန်းလေးတွေပါပဲ၊ သူတို့က ပန်းလေးတွေဖြစ်တဲ့အတွက် နိုင်ငံတော်ဘက်က ကျိန်းသေပေါက် ဂရုတစိုက် ပျိုးထောင်မှာပါ၊
နောက်နှစ်အနည်းငယ်ထဲမှာပဲ ကျောင်းတွေက ဓာတုဗေဒစက်ရုံထက် ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
ဤခွဲခြမ်းစိတ်ဖြာချက်များကို နားထောင်ပြီးနောက် လော်ဟောင်က လင်းမိန်ဟွေ့ကို အလွန်ပင် လေးစားသဘောသော မျက်လုံးများဖြင့် ကြည့်လိုက်ပေ၏။
တက္ကသိုလ်ကျောင်းသူလေး တစ်ဦးဖြစ်နေချိန်တွင်ပင် ဤကဲ့သို့သော အတွေးအခေါ်မျိုးကို ရှိနေသည်ဖြစ်၍ သူမ၏ အနာဂတ်က အတိုင်းအဆမရှိ တောက်ပနေပေလိမ့်မည်။