← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း(165)

လျိုကျားက လင်းမိန်ဟွေ့၏ အဆောင်အောက်တွင် တစ်မနက်လုံး စောင့်ဆိုင်းနေပြီးမှ သူမကို တွေ့လိုက်ရသည်။

လင်းမိန်ဟွေ့က သူ့ကို မမြင်သကဲ့သို့ ကျော်ဖြတ်သွားသောကြောင့် လျိုကျား ပို၍ပင် စိတ်မသက်မသာ ဖြစ်သွားရလေ၏။ သူက လင်းမိန်ဟွေ့၏နောက်မှ အပြေးအလွှားလိုက်ကာ မေးမြန်းလိုက်လေသည်။

“ငါ့ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ထပ်ပေးလို့ မရဘူးလား”

“လျိုကျား ကျွန်မ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ၊ ရှင် ဘာတွေကို ထပ်ပြီး အတည်ပြုနေဖို့ လိုသေးလို့လဲ၊ ကျွန်မမှာ ချစ်ရမယ့်သူ ရှိနှင့်ပြီးသားဆိုတာ ရှင်သိနေတာပဲမလား”

လင်းမိန်ဟွေ့က မူလက လျိုကျားနှင့် မဆုံမိအောင် ရှောင်လွှဲလိုသော်လည်း သူက ဤမျှအထိ ဇွဲကောင်းကောင်းဖြင့် အဆောင်အောက်၌ စောင့်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

လင်းမိန်ဟွေ့အနေဖြင့် အလုပ်နှင့် စာသင်ကြားခြင်းကိုသာ အမြဲလုပ်ဆောင်နေရသူဖြစ်၍ လျိုကျားနှင့် လုံးဝမဆုံမိအောင် ရှောင်လွှဲရန်မှာ မဖြစ်နိုင်ပါပေ။

“မိန်ဟွေ့ နောက်ပိုင်းကျရင် ငါ့ဘက်က မသင့်လျော်တဲ့ အတွေးမျိုးတွေကို ဘယ်တော့မှ မတွေးတော့ပါဘူး၊ ငါတို့က သာမန်သူငယ်ချင်းတွေပဲ”

လျိုကျား၏ အမူအရာတွင် ပေါ်လွင်နေသော စိတ်ရင်းမှန်မှုက သူမကို စိတ်ပျော့သွားစေနိုင်ပေသည်။

သူ့ဘက်က မမှားခဲ့ကြောင်းကို လင်းမိန်ဟွေ့ သိရှိပေ၏။ သို့သော်လည်း သူတို့နှစ်ဦးတွင် ထိုကဲ့သို့သော ရေစက်မျိုးက မပါရှိပေ။

ထမင်းစားဆောင်သို့ သွားသည့်လမ်းတွင် လူ အသွားအလာ ရှုပ်ထွေးနေခဲ့၏။ လျိုကျားက သူ၏အိတ်ထဲမှ စုဆောင်းထားသည့် ငွေကြေးတချို့ကို ထုတ်ယူကာ လင်းမိန်ဟွေ့၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်ပေသည်။

“မိန်ဟွေ့၊ ဒီပိုက်ဆံကို ပန်းချီပြပွဲအတွက် ထောက်ပံ့တဲ့နေရာမှာ သုံးလိုက်ပါ၊ တကယ်လို့ မလောက်ဘူးဆိုရင်လည်း ငါက နည်းလမ်းရှာပေးပါ့မယ်၊

ကလပ်အဖွဲ့ဝင်တွေရှေ့မှာ နင့်ကို မျက်နှာမပျက်စေရပါဘူး”

လင်းမိန်ဟွေ့က သူတို့နှစ်ဦး၏ အတွေးအခေါ်များက လုံးဝကွဲပြားနေသည်ဟု ခံစားလိုက်ရပေသည်။

သူမက မျက်နှာပျက်ရမည့် အရေးကိစ္စများကို အလေးထားသူ မဟုတ်ပါချေ။

သူမက ထိုမသန်စွမ်းကလေးငယ်များကိုသာ ကူညီလိုစိတ်ရှိပေသည်။

“လျိုကျား၊ ရှင်က ကျွန်မ ဒီအလုပ်ကို လုပ်ရတဲ့ရည်ရွယ်ချက်ကို လုံးဝ နားလည်မှုလွဲနေပုံရတယ်၊ ရှင့်ရဲ့ ပိုက်ဆံကို ပြန်ယူသွားပါ၊ ကျွန်မက တခြားနည်းလမ်း ရှာပါ့မယ်”

“မိန်ဟွေ့.. ကျေးဇူးပြုပြီး ငါ့ရဲ့အကူအညီကို မငြင်းပါနဲ့ဦး၊ ငါ နောက်ပိုင်းဘယ်တော့မှ အလွန်အကျွံ တောင်းဆိုတာမျိုးကို မလုပ်တော့ပါဘူး”

လျိုကျား၏ တစ်ကောက်ကောက် လိုက်လံ၍ နှောင့်ယှက်နေမှုက လင်းမိန်ဟွေ့ကို စိတ်ကုန်နွမ်းနယ်စေ၍ များစွာ အားကိုးရာမဲ့စေခဲ့ပေသည်။

သူမက လျိုကျား၏ ပိုက်ဆံကို ငြင်းဆန်၍ အပြန်အလှန် ဖြစ်နေချိန်မှာပင် ချန်အန်းသယ်က လင်းမိန်ဟွေ့၏ ရှေ့သို့ ရောက်ရှိလာပြီး ပြောလိုက်လေ၏။

“မိန်ဟွေ့ တစ်ခုခု အခက်အခဲ ဖြစ်နေလို့လား”

လျိုကျားအနေဖြင့် လင်းမိန်ဟွေ့တွင် ချစ်သူရှိကြောင်းကို သိထားသော်လည်း တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

ချန်အန်းသယ်ကို မြင်လိုက်ရသောအချိန်တွင် လျိုကျား၏ ပထမဆုံး အတွေးက “စစ်မှန်တဲ့လူကတော့ နောက်ဆုံးမှာ ပေါ်လာပြီပဲ” ဟူ၍ ဖြစ်ပြီး၊ ဒုတိယအတွေးက “ဒီလူက ကြည့်ရတာ အတော်လေး နုနယ်လွန်းသည်” ဟူ၍ပင်။

ထို့အပြင် လျိုကျားက သူကိုယ်သူ တစ်ဖက်လူနှင့် မသိစိတ်ဖြင့် နှိုင်းယှဉ်ကြည့်လိုက်ကာ ရုပ်ရည်မှလွဲလျှင် ကျန်သည့် ကဏ္ဍတိုင်း၌ သူက ပို၍ သာလွန်နေသည်ဟု ခံစားလိုက်ရချေသည်။

လင်းမိန်ဟွေ့က ချန်အန်းသယ်ဖြစ်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူ၏အနားသို့ လျှောက်သွားလိုက်ပြီး ပြောလိုက်လေ၏။

“အန်းသယ် ရောက်လာပြီလား၊ ဘယ်လိုအခက်အခဲမှ မရှိပါဘူး၊ လျိုကျားက သူ့ရဲ့ပိုက်ဆံနဲ့ ကျွန်မတို့ ပန်းချီပြပွဲကို အတင်းထောက်ပံ့ချင်နေလို့ ကျွန်မက ငြင်းနေတာပါ”

“ဒါဆို ဘာလို့အဲဒီလောက် ဒုက္ခခံနေမှာလဲ”

ချန်အန်းသယ်က လျိုကျားကို မြင်မြင်ချင်းပင် သဘောမကျပေ။

လျိုကျား၏ထံတွင် ဖြောင့်မတ်တည်ကြည်မှု အနည်းငယ်က လိုအပ်နေပြီး သူဌေးသားတစ်ဦး၏ မောက်မာမှုက ပို၍ ကိန်းအောင်းနေသည်ဟု သူ မြင်နေမိသည်။

ကံကောင်းစွာဖြင့် သူက ဤအချိန်တွင် လင်းမိန်ဟွေ့ကို ရှာတွေ့ခဲ့ခြင်းဖြစ်၏။ မဟုတ်ပါက ထိုသူက သူမကို မည်မျှအထိ ပတ်သက်နှောင့်ယှက်နေဦးမည်ကို မသိနိုင်ပေ။

“မိန်ဟွေ့၊ ပန်းချီပြပွဲအတွက် ထောက်ပံ့မှုရဖို့ ငါ နည်းလမ်းကိုရှာပေးနိုင်တယ်၊ ငါက အခုတလော ပစ္စည်းဝယ်ဖို့ ပေကျင်းကိုလာရင်းနဲ့ လူတော်တော်များများက ကြော်ငြာအကြောင်းကို ပြောနေကြတာနဲ့ တွေ့ခဲ့တယ်၊

မင်းရဲ့ ဘဏ္ဍာရေးတက္ကသိုလ် ပန်းချီပြပွဲကို အခွင့်ကောင်းယူပြီး ကြော်ငြာလေးတွေ လုပ်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်”

လျိုကျားသည်ကား တစ်ယောက်တည်း ချန်လှပ်ခံထားရသောကြောင့် အလွန်ပင် စိတ်မသက်မသာ ဖြစ်နေရပြီး မနာလိုစိတ်နှင့် အထင်သေးစိတ်တို့က ရောနှောနေပေသည်။

“မိန်ဟွေ့၊ ငါ့ရဲ့ပိုက်ဆံကိုပဲ သုံးလိုက်စမ်းပါ၊ တခြားသူတွေဆီက နေကျေးဇူးတရားတွေကို အများကြီး ထပ်ပြီးအတင်မခံနဲ့၊

ငါတို့ရဲ့ တက္ကသိုလ်ရဲ့ ပန်းချီပြပွဲက နာမည်ကြီးတာလည်း မဟုတ်ဘူး၊ ဘယ်ကနေ ကြော်ငြာနေရာတွေက ရလာမှာလဲ”

“လျိုကျား ကျွန်မက စေတနာကို အခြေခံတဲ့ နည်းလမ်းကိုပဲ သုံးဖို့ ဆုံးဖြတ်ထားတယ်၊

ဒါမှလည်း အများပြည်သူတွေက မသန်စွမ်းတဲ့ကလေးငယ်တွေကို အာရုံစိုက်လာကြမှာ၊ ကျေးဇူးပြုပြီး ရှင့်ရဲ့ပိုက်ဆံကို ပြန်ယူသွားပါ!”

လင်းမိန်ဟွေ့က လျိုကျားကို ပြတ်သားစွာပင် ငြင်းပယ်လိုက်လေသည်။ ထမင်းစားဆောင်သို့ သွားသည့်လမ်းတွင် ချန်အန်းသယ်က လင်းမိန်ဟွေ့ကို မေးလိုက်ပေ၏။

“မင်းကို လိုက်နေတဲ့သူလား”

“မဟုတ်ပါဘူး၊ သူက ကျွန်မနဲ့ သူငယ်ချင်းဖြစ်ချင်ရုံသက်သက်ပါပဲ၊ သူ့ကို ထားလိုက်ပါတော့၊ ဒါနဲ့ ဒီနေ့ ကျွန်မဆီကို ဘာကိစ္စနဲ့ လာတာလဲ”

ထိုအချိန်မှသာ ချန်အန်းသယ်က စုန့်ယီ၏ အမှာစကားအရ လင်းမိန်ဟွေ့အတွက် စားစရာတချို့ကို ယူဆောင်လာခဲ့သည်ကို သတိရလေတော့သည်။

“မိန်ဟွေ့.. စုန့်ယီက တပ်ထဲမှာ အရမ်းအလုပ်များနေလို့ မင်းကို လာကြည့်ပေးဖို့ ငါ့ကို အကူအညီတောင်းထားတာ၊ မင်းက အဆင်ပြေနေတာကို မြင်ရတော့ ငါလည်း စိတ်အေးရအောင်လို့”

“ ဒီနေ့ဖြစ်သွားတဲ့ ကိစ္စတွေကိုတော့ အစ်ကိုစုန့်ယီကို မပြောတာက ပိုကောင်းမယ်.. သူက တပ်ထဲမှာ စိတ်ပူနေမှာစိုးလို့”

လင်းမိန်ဟွေ့က ဤကာလအတွင်း စုန့်ယီတွင် တာဝန်များစွာရှိနေကြောင်းကို သိထားသောကြောင့် ဖုန်းပြောလျှင်ပင် စကားအနည်းငယ်သာပြောပြီးနောက် ဖုန်းချလိုက်လေ့ ရှိပေသည်။

ထို့အပြင် ယခုအချိန်တွင် သူမက တက္ကသိုလ် တတိယနှစ်သို့ ရောက်ရှိနေပြီဖြစ်၍ အိမ်စာများဖြင့်လည်း အလွန်အလုပ်များနေသောကြောင့် နောက်ထပ် ပြဿနာများကို မဖြစ်ပေါ်လိုပေ။

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို ကြည့်၍ စနောက်လိုက်လေ၏။

“တကယ်လို့ စုန့်ယီကို ဒီလိုမျိုး ဖုံးကွယ်ထားပြီး တစ်နေ့ကျမှ သူသိသွားခဲ့ရင် ပိုပြီး ဒေါသထွက်မနေလောက်ဘူးလား”

လင်းမိန်ဟွေ့လည်း ထိုအချက်ကို ထည့်သွင်းစဉ်းစားခဲ့သေးသည်။သို့သော်လည်း ဖုန်းလိုင်းမှတစ်ဆင့် စကားပြောရာတွင် တချို့စကားလုံးများက ရှင်းလင်းမှုမရှိဘဲ ရှင်းပြလေ ပို၍ ရှုပ်ထွေးလေ ဖြစ်သွားမည်ကို သူမ ပို၍စိုးရိမ်နေမိသည်။

“နောက်မှ အစ်ကိုစုန့်ယီ ခွင့်နဲ့ပြန်လာတဲ့အချိန်ကျမှ သူ့ကို အရာအားလုံး ကို ပြတ်ပြတ်သားသားရှင်းပြလိုက်ပါ့မယ်၊ အခုတော့ ထားလိုက်ပါဦး”

ချန်အန်းသယ်က လင်းမိန်ဟွေ့အတွက် စားစရာများစွာကို ယူဆောင်လာခဲ့ပေသည်။

ထိုပစ္စည်းများက သူ၏ ကိုယ်ပိုင်စူပါမားကတ်တွင် ရောင်းချသော၊ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းသော ပစ္စည်းများပင် ဖြစ်ကြ၏။

အဆောင်ရှိ အခန်းဖော်များကလည်း လင်းမိန်ဟွေ့ကြောင့် ထိုစားစရာများကို ဝေမျှစားသောက်ခွင့်ရကြသောကြောင့် သူမ၏အပေါ်တွင် ပို၍ပင် ရင်းနှီးဖော်ရွေလာကြပေသည်။

လင်းမိန်ဟွေ့သည်လည်း စုန့်ယီ၏ အဝေးမှ ဂရုစိုက်မှုများကို ခံစားနေမိခဲ့သည်။

ချန်အန်းသယ်က ခရိုင်မြို့သို့ ပြန်ရောက်သည့်အချိန်တွင် သူမြင်ခဲ့သမျှ အရာအားလုံးကို စုန့်ယီကို အကုန်အစင် မပြောပြခဲ့ပေ။

သို့သော် စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့၏ထံသို့ အမြန်ဆုံး ပြန်လာသင့်ကြောင်းကိုသာ အရိပ်အမြွက် သတိပေးခဲ့၏။

စုန့်ယီကလည်း ဖုန်းပြောဆိုမှုများမှတစ်ဆင့် လင်းမိန်ဟွေ့က အလွန်ထူးချွန်သူဖြစ်သောကြောင့် သူမကို လိုက်သူ များစွာရှိနေလိမ့်မည်ဟု ခံစားမိနေပေသည်။

ချန်အန်းသယ်ကတစ်စုံတစ်ခုကို ကြားသိထားသောကြောင့်သာ သူ့ကို ဤကဲ့သို့သော စကားလုံးများဖြင့် သတိပေးနေခြင်း ဖြစ်နိုင်ပေသည်။

သူက စစ်တပ်ထဲတွင် ရှိနေသည်က သုံးနှစ်နီးပါးပင် ရှိနေခဲ့ပေပြီ။ တပ်ကြပ်ကြီးက သူ့ကို သုံးနှစ်ပြည့်သည့်အချိန် စစ်တပ်တွင် ဆက်လက်နေထိုင်ရန် အခွင့်အရေးရှိကြောင်း အမြဲသတိပေးနေခဲ့၏။

စုန့်ယီသည်လည်း သူသာ ဆက်နေပါက နောက်ပိုင်းတွင် ပိုမိုမြင့်မားသော ရာထူးများသို့ တက်လှမ်းနိုင်ရန် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်းကို သိထားပေသည်။

ထိုသို့ဆိုလျှင် သူ့အနေဖြင့် စစ်တပ်ထဲတွင် အောင်မြင်မှုတစ်ခုကို ရရှိနိုင်မည်ဖြစ်၍ မိန်ဟွေ့နှင့်လည်း အဆင့်အတန်း တူညီသွားပေလိမ့်မည်။

သို့သော်လည်း ယနေ့တွင် ချန်အန်းသယ်ထံမှ ရရှိသော သတင်းစကားများက သူ့ကို မသေမချာသော စိုးရိမ်ပူပန်မှုများ ကိုဖြစ်ပေါ်စေခဲ့ပေ၏။

သူ လင်းမိန်ဟွေ့ထံသို့ အမြန်ဆုံး ပြန်သွား၍ သူမနှင့်အတူ ဘဝကို ထူထောင်လိုမိတော့သည်။

ရက်အနည်းငယ်အကြာတွင် တပ်ကြပ်ကြီးက စုန့်ယီနှင့် စကားပြောရန် ရောက်ရှိလာခဲ့၏။

စုန့်ယီ ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် တပ်ကြပ်ကြီး၏ မျက်နှာအမူအရာက အလွန်လေးနက်နေကြောင်းကို ခံစားလိုက်ရပေသည်။

“ ထိုင်ပြီး စကားပြောကြတာပေါ့”

“တပ်ကြပ်ကြီး ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ”

စုန့်ယီအနေဖြင့် တပ်ကြပ်ကြီးက သူ့ကို မည်သည့်အတွက်ကြောင့် ခေါ်ယူရသနည်းဟူသော အကြောင်းရင်းကို ခန့်မှန်းမိသည်။

သို့သော်လည်း သူက စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သောကြောင့် သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။

*

အခန်း(166)

စုန့်ယီ၏ အမူအရာကို မြင်လျှင် တပ်ကြပ်ကြီးက စားပွဲကို သူ၏လက်ဆစ်များဖြင့် ခေါက်လိုက်ပြီးနောက် တင်းမာသောလေသံဖြင့် ပြောလိုက်လေသည်။

“မင်းက ဘာကြောင့် စစ်တပ်ထဲကို စစ်သား လာလုပ်တာလဲ၊ ဘာအတွက်ကြောင့် စစ်တပ်ရာထူးတိုးတာကို လက်မခံတာလဲ၊

ပြီးတော့ အခုကျမှ ဘာလို့ ရုတ်တရက် စစ်တပ်ထဲက ထွက်ဖို့ တောင်းဆိုရတာလဲ၊ မင်းရဲ့ အတွေးတွေကို ငါ့ကို ပြောလိုက်”

စုန့်ယီက စိတ်မကောင်းဖြစ်သွားရ၏။ သူသည်လည်း စစ်တပ်စခန်းကို စွန့်ခွာရန် ဝန်လေးနေမိပေသည်။

သို့သော်လည်း လွန်ခဲ့သော သုံးနှစ်အတွင်း သူနှင့် လင်းမိန်ဟွေ့တို့က တစ်ဦးပေါ်တစ်ဦး မှီခိုအားထားလာခဲ့ကြပြီး ဘဝ၏ အဓိကရည်မှန်းချက်ကို ရှာဖွေတွေ့ရှိခဲ့ကြပေသည်။

သူက သူ၏ စိတ်ဆန္ဒကို ဆန့်ကျင်ရန် ဝန်လေးသကဲ့သို့၊ လင်းမိန်ဟွေ့ကို ထိခိုက်နာကျင်စေပြီး သူမ၏ မျှော်လင့်ချက်များကို ပျက်စီးစေရန်က ပို၍ပင် ဝန်လေးနေမိတော့သည်။

“တပ်ကြပ်ကြီး ကျွန်တော်က ဒီရာထူးတိုးမယ့် အခွင့်အရေးကို တခြားရဲဘော်တွေကိုပဲ ပေးချင်ပါတယ်”

“ဒါက အကြောင်းပြချက် မဟုတ်ဘူး၊ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ.. မင်းရဲ့ ဇနီးသည်က မင်းကို စစ်တပ်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ သဘောမတူတာလား၊

ဒါဆိုရင် ငါ သူနဲ့ စကားပြောပေးဖို့ အသင့်ပဲ၊ သူက နားလည်သွားလိမ့်မယ်လို့ ငါက ယုံကြည်တယ်”

တပ်ကြပ်ကြီး၏ မျက်လုံးများက တင်းမာနေသော်လည်း စုန့်ယီ၏အပေါ် တွင်အထူးတလည် ဂရုစိုက်မှုများကိုလည်း ပြသနေပေသည်။

လွန်ခဲ့သော သုံးနှစ်အတွင်း စုန့်ယီက စွမ်းဆောင်ရည်ကောင်းမွန်ခဲ့သောကြောင့် အထက်လူကြီးများက စုန့်ယီကို ဒုတိယဗိုလ်အဆင့်သို့ ကြိုတင်တိုးမြှင့်ရန် စဉ်းစားထားကြ၏။

သူက စစ်တပ်ထဲတွင် တောက်ပသော အနာဂတ် ရှိနေပေသည်။

အရေးအကြီးဆုံးအချက်မှာ စစ်တပ်အနေဖြင့် စုန့်ယီကဲ့သို့ ထူးချွန်သော လူတော်များကို လိုအပ်နေခြင်းပင် ဖြစ်ပေသည်။

သူက တည်ငြိမ်ပြီး ကြိုးစားအားထုတ်လိုစိတ်ရှိ၍ အပင်ပန်းခံရမည်ကိုလည်း မကြောက်ပေ။ ဤသည်က အခက်အခဲများကို ကြောက်ရွံ့နေသူများကို အနိုင်ယူရန် လုံလောက်ပေသည်။

သူ၏ ဇွဲကြီးမှုနှင့် ရဲစွမ်းသတ္တိများကို ပြောဖွယ်ရာ မရှိပေ။ အထက်လူကြီးများကပင်လျှင် သူ့ကို အသိအမှတ်ပြုထားကြပေသည်။

ထိုအချိန်မှ စုန့်ယီက အမှန်အတိုင်းပင် ဖွင့်ဟပြောဆိုလိုက်တော့သည်။

“တပ်ကြပ်ကြီး၊ ကျွန်တော့်ရဲ့ မိဘနှစ်ပါးလုံးက ကွယ်လွန်သွားကြပါပြီ.. လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ အဘွားကလည်း ဆုံးပါးသွားခဲ့တယ်

ကျွန်တော့်အတွက် အိမ်တစ်လုံးရဲ့ နွေးထွေးမှုကို ပေးစွမ်းနိုင်ခဲ့တာက မိန်ဟွေ့ပဲ

သူမကို နွေးထွေးတဲ့ အိမ်လေးတစ်လုံးကို ဖန်တီးပေးပါ့မယ်လို့ ကျွန်တော်က အစကတည်းက ကတိပေးခဲ့တယ်၊ ကျွန်တော် သူမကို စိတ်ပျက်အားငယ်အောင် မလုပ်ချင်ပါဘူး”

“သူလည်း စစ်တပ်ထဲကို လိုက်လာလို့ ရတာပဲလေ၊ စစ်တပ်က သူ့အတွက် အိမ်တစ်လုံး မပေးနိုင်တာမှ မဟုတ်တာ၊ ငါတို့က မိသားစုကြီးတစ်ခုလိုပဲ၊ ဒါဆိုရင် ပိုပြီးတောင် နွေးထွေးမနေဘူးလား”

တပ်ကြပ်ကြီးက သူ့ကို ဆက်လက်နေထိုင်ရန် နောက်ဆုံးအကြိမ်အဖြစ် ဖျောင်းဖျရန် ကြိုးစားနေဆဲပင် ဖြစ်ပေသည်။

သို့သော်လည်း သူ၏ လက်အောက်ငယ်သားဖြစ်သူက မည်သို့သော စိတ်နေသဘောထားရှိကြောင်းကို စိတ်ထဲက သိရှိနေပေသည်။

သူက တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးလျှင် နွားဆယ်ကောင်နှင့် ဆွဲလျှင်ပင် ပြန်လှည့်လာမည့်သူ မဟုတ်ပေ။

စုန့်ယီက ခေါင်းကိုငုံ့ထားမိပြီး စိတ်ထဲတွင်လည်း များစွာ နှမြောနေရပေသည်။

နောက်ဆုံးတွင် သူက ခေါင်းကိုမော့လိုက်ပြီး တပ်ကြပ်ကြီးကို သူ၏ ရည်ရွယ်ချက်ကို ပြတ်သားစွာပင် ပြောလိုက်ပေ၏။

“မိန်ဟွေ့က စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတစ်ယောက်ပဲ၊ တကယ်လို့ သူ့ကို စစ်တပ်ထဲမှာပဲ ဘာမှမလုပ်ဘဲ ထားလိုက်မယ်ဆိုရင် သူ အရမ်းကို နာကျင်ခံစားရပါလိမ့်မယ်၊

သူမကို ကိုယ်ပိုင်အလုပ်အကိုင်နဲ့ပဲ အောင်မြင်စေချင်ပါတယ်”

တပ်ကြပ်ကြီးက စုန့်ယီကို အနည်းငယ် စိတ်ပျက်သော အကြည့်ဖြင့် ကြည့်လိုက်ပေသည်။

နောက်ဆုံးတွင် သူက အံဆွဲထဲမှ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ပုံစံစာရွက်ကို ထုတ်ယူကာ စုန့်ယီထံသို့ ကမ်းပေးလိုက်လေ၏။

“ဘယ်လမ်းကို ရွေးမလဲဆိုတာက မင်းရဲ့ကိစ္စပဲ၊ မင်းအတွက် ငါက ဘာလုပ်ပေးနိုင်မလဲဆိုတာကလည်း ငါ့ရဲ့ကိစ္စပဲ၊ ဒီတော့ ဒီစာရွက်ကို ယူထားလိုက်!”

တက္ကသိုလ် သုံးနှစ်တာကာလအတွင်း လင်းမိန်ဟွေ့က ပို၍ ရင့်ကျက်လာခဲ့ပေ၏။

သူမက အတန်းဖော်များနှင့်လည်း သင့်တင့်အောင် ပေါင်းသင်းနိုင်သကဲ့သို့ ဟုန်ရိထုတ်ဝေရေးတွင်လည်း ဝန်ထမ်းဟောင်းတစ်ဦး ဖြစ်လာခဲ့သည်။

ပြီးနောက်တွင် သင်တန်းဆင်း ဝန်ထမ်းအသစ်များကိုပင် စတင်လမ်းပြပေးနေပြီ ဖြစ်၏။

လင်းမိန်ဟွေ့၏ ကြီးထွားလာမှုနှင့် သူမက တစ်စတစ်စနှင့် ထူးချွန်သောအမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့ရသောကြောင့် ချန်းမင်က များစွာ ဝမ်းမြောက်နေမိသည်။

သူတို့နှစ်ဦးက ကုမ္ပဏီထဲတွင် အရာရာကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးနိုင်သော သူငယ်ချင်းကောင်းများ ဖြစ်လာကြလေသည်။

ချန်းမင်က ဘဏ္ဍာရေးရာထူးတွင် လုပ်သက်ကြာမြင့်လာသည်နှင့်အမျှ စိတ်ပင်ပန်းမှုကို ခံစားနေရသကဲ့သို့ လုပ်ငန်းခွင်၌လည်း တိုးတက်မှုက အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ခံစားနေရပေသည်။

အရေးအကြီးဆုံးအချက်က သူမ၏ လစာက အရောင်းဝန်ထမ်းတစ်ဦး၏ လစာနှင့် ယှဉ်လျှင် ကွာခြားချက်က အလွန်ကြီးမားနေခြင်းပင် ဖြစ်၏။

သူမက လစာဖြတ်ပိုင်းကို ကြည့်ရင်းဖြင့် မျက်မှောင်ကြုတ်နေမိသည်။

တခြားသူများက လစာကို ယွမ်နှစ်ထောင်နီးပါးကို ရရှိနေကြသော်လည်း သူမက ယွမ်တစ်ထောင်ကျော်မျှကိုသာ ရရှိနေဆဲ ဖြစ်ပေ၏။

ပေကျင်းမြို့ကြီးတွင် ဤကွာခြားချက်က လူတို့၏ လူနေမှုဘဝကို ပြောင်းလဲစေနိုင်၏။

သူမအနေဖြင့် ချွေတာစွာသာ နေထိုင်နေရပေသည်။ သို့သော်လည်း တခြားညီမငယ်များက လိုချင်သည့်အရာကို တစ်ခါတစ်ရံတွင် ဝယ်ယူနိုင်ကြသကဲ့သို့ ကော်ဖီသောက်ရန် သို့မဟုတ် ကလပ်သွားရန်ပင် တတ်နိုင်နေကြသည်။

သူမက မကြာမီတွင် လက်ထပ်တော့မည်ဖြစ်၍ သူမ၏ လစာအဆင့်အတန်းက သူမ၏ ချစ်သူဘက်မှ သူမအပေါ် မည်သို့ဆက်ဆံမည်ဆိုသည့်အချက်ကိုလည်း ဆုံးဖြတ်ပေးနေသည်မဟုတ်ပါလား။

ဤသို့ ပြောရသည်က အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသော်လည်း ဤသည်က ငြင်းမရ၍သော အမှန်တရားပင် ဖြစ်နေသည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦး လက်ထပ်ပြီးလျှင် သူတို့၏ မိသားစုကို အတူတကွ ထောက်ပံ့ကြရမည် မဟုတ်ပါလား။

ထိုအချိန်တွင် လင်းမိန်ဟွေ့က တံခါးခေါက်၍ ဝင်လာခဲ့ပေ၏။

“အစ်မချန်း၊ ကျွန်မက လစာလာထုတ်တာပါ”

ချန်းမင်က မီးခံသေတ္တာထဲမှ ယွမ် (၁၀၀၀) ကို ထုတ်ယူ၍ လင်းမိန်ဟွေ့ထံသို့ လှမ်းပေးလိုက်ပြီး မချီးကျူးဘဲ မနေနိုင်တော့ပေ။

“ မင်းကတော့ တကယ်ကိုအစွမ်းထက်လွန်းတယ်၊ အစတုန်းက ယွမ် (၃၀၀) ကနေ အခု ယွမ် (၁၀၀၀) အထိကို ရလာအောင် ကြိုးစားနိုင်ခဲ့တာပဲ၊

ဒါက တကယ်ကို စိတ်ကြည်နူးစရာ မကောင်းဘူးလား၊ နောက်ပြီး မင်း အခု ငါ့ကို စကားတောင် မပြောချင်တော့ဘူး”

လင်းမိန်ဟွေ့က ချန်းမင်၏ မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် ဟန်ဆောင်နေရကြောင်းကို မြင်လိုက်ရသည့်အချိန်တွင် သူမ၏ စိတ်ထဲ၌ ရှိနေသော အကြောင်းပြချက်ကို သိရှိလိုက်ပေသည်။

လင်းမိန်ဟွေ့အနေဖျင့် ယခင်က ချန်းမင်၏ လစာဖြတ်ပိုင်းကို ကြည့်ခဲ့ဖူး၍ စုစုပေါင်း ယွမ် (၁၀၀၀) ကျော်မျှသာ ရှိသည်ကို တွေ့ရှိခဲ့၏။

သူမက အချိန်ပိုင်းဝန်ထမ်းတစ်ဦး သာဖြစ်သော်လည်း ယွမ် (၁၀၀၀) အထိကို ရရှိနေသည်ဖြစ်သည်။ထိုကြောင့် မည်သူမဆို စိတ်ထဲတွင် သက်သောင့်သက်သာ မရှိဖြစ်ကြမည်မှာ သဘာဝပင်။

“အစ်မချန်း တကယ်တော့ ကျွန်မက အရင်က စီးပွားရေးလုပ်ဖူးတော့ အရောင်းပိုင်းကို နည်းနည်းလေး နားလည်တာပါ၊ ဒီအလုပ်က ဘဏ္ဍာရေးအလုပ်ထက်စာရင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်လေ”

လင်းမိန်ဟွေ့က ချန်းမင်ကိုလည်း အရောင်းဝန်ထမ်းအဖြစ်သို့ ပြောင်းလဲလုပ်ကိုင်ရန် တိုက်တွန်းလိုနေမိသည်။

အရောင်းအလုပ်က ပို၍ပင်ပန်းသော်လည်း အပြင်ထွက်၍ လူသစ်များနှင့် တွေ့ဆုံရခြင်းက ငွေပိုရှာနိုင်သော အခွင့်အလမ်းများကို ပိုရနိုင်သည်။

ရုံးခန်းထဲတွင် ထိုင်နေရသည်က သက်သောင့်သက်သာ ရှိသော်လည်း နောက်ပိုင်း အသက်ကြီးလာသည့်အချိန်တွင်မှ ဘဏ္ဍာရေးအလုပ်ကို ပြန်လည်၍ လုပ်ကိုင်ရန် ရွေးချယ်နိုင်သည် မဟုတ်ပါလား။

လင်းမိန်ဟွေ့နှင့် ချန်းမင်တို့က အလွန်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်နေကြပြီဖြစ်၍ သူမ ပြောသမျှက ချန်းမင်ကို ငွေပိုရှာစေချင်သော စေတနာကြောင့်သာ ဖြစ်ပေသည်။

ချန်းမင်ကလည်း ဤသို့ မစဉ်းစားခဲ့သည်တော့ မဟုတ်ပေ။ သို့သော် သူမက အရောင်းပိုင်းနှင့် ပတ်သက်လျှင် မည်သည့်အရာမျှ မသိနားမလည်ဘဲ ရှိနေလေသည်။

ဆွေးနွေးမည့်သူကလည်း မရှိသောကြောင့် ဤဆုံးဖြတ်ချက်ကို အလွယ်တကူ မချမှတ်ရဲခဲ့ခြင်းပင်။

“မိန်ဟွေ့.. ငါက ရုံးတွင်းစာရင်းကိုင် တစ်ယောက်လေ၊ အရောင်းအလုပ်ကို လုပ်ဖို့ဆိုတာက ငါအတွက်နည်းနည်း မခက်ခဲနေဘူးလား”

လင်းမိန်ဟွေ့က သူမတွင်လည်း စိတ်ဆန္ဒရှိနေကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် ချက်ချင်းပင် ချန်းမင်၏ အနားတွင် ထိုင်၍ ခွဲခြမ်းစိတ်ဖြာပြခဲ့လေသည်။

“အခု ကျွန်မက ရုံးပိတ်ရက်တွေမှာပဲ အရောင်းလုပ်တာတောင် ယွမ် တစ်ထောင် ရနေတာလေ၊

တကယ်လို့ အစ်မသာ တနင်္လာနေ့ကနေ သောကြာနေ့အထိ အပြည့်အဝသာ လုပ်မယ်ဆိုရင် အဲဒီငွေပမာဏကို နှစ်ဆတိုးနိုင်မှာပါ၊ ယွမ်သုံးထောင်ထက်တောင် ပိုရှာနိုင်မှာပေါ့”

“မဖြစ်နိုင်တာ၊ ဘယ်လိုလုပ် ဖြစ်ပြီးနိုင်မှာလဲ၊ ကုမ္ပဏီရဲ့အတော်ဆုံး အရောင်းဝန်ထမ်းကတောင် ယွမ်နှစ်ထောင်ကျော်ပဲ ရတာလေ!”

ချန်းမင်က လင်းမိန်ဟွေ့၏ စကားကို ချက်ချင်းပင် ငြင်းဆိုလိုက်ပေ၏။

“အစ်မချန်း၊ အရင်ဆုံး မငြင်းလိုက်ပါနဲ့ဦး၊ ဒီရုံးပိတ်ရက်မှာ အစ်မကို အမှာစာတစ်ခုရအောင် ကျွန်မနဲ့အတူ ခေါ်သွားပေးမယ်၊

အဲဒီကျရင် ဒီကိစ္စက အစ်မထင်သလောက် မခက်ခဲဘူးဆိုတာကို သိလာပါလိမ့်မယ်၊ အဓိကက အစ်မ တကယ်လုပ်ချင်စိတ် ရှိဖို့ပါပဲ”

လင်းမိန်ဟွေ့က ပိုမိုအသေးစိတ်ကို ရှင်းပြလိုသော်လည်း တစ်စုံတစ်ဦး၏ လစာလာထုတ်သံကိိ ကြားလိုက်ရသောကြောင့် စကားကို ချက်ချင်း ရပ်လိုက်ရပေသည်။

လင်းမိန်ဟွေ့က ထရပ်လိုက်ပြီး ချန်းမင်နှင့် စကားအနည်းငယ် ထပ်မံပြောဆို၍ ဘဏ္ဍာရေးခန်းထဲမှ ထွက်ခွာခဲ့လေတော့၏။

အလုပ်ဆင်းချိန်တွင် ချန်းမင်က လင်းမိန်ဟွေ့၏ထံသို့ ကိုယ်တိုင်လာရောက်၍ အရောင်းဝန်ထမ်းအဖြစ်သို ပြောင်းလဲမည့်ကိစ္စကို ဆွေးနွေးခဲ့လေ၏။

သူမက သူမ၏ စိုးရိမ်ပူပန်မှုကိုလည်း ဖွင့်ပြောလာပေသည်။

“ဘဏ္ဍာရေးအလုပ်က အတော်လေးကို တည်ငြိမ်တယ်၊ ငါက အရောင်းဝန်ထမ်းလုပ်ပြီးမှ အဆင်မပြေလို့ ဒီကို ပြန်လာချင်ရင် ပြန်လာလို့ မရတော့မှာကို စိုးရိမ်မိတယ်၊ အဲဒါဆိုရင် ငါ့က အလုပ်လည်းမရှိ၊ ဘာမှလည်းမရှိ ဖြစ်သွားမှာ မဟုတ်ဘူးလား”

“အစ်မချန်း၊ ကျွန်မက ကျေးလက်ကနေလာခဲ့တာတောင် ဒီလိုမျိုး စွန့်စားရဲသေးတာပဲ၊ အစ်မက ဘာကို ကြောက်နေရတာလဲ၊

တကယ်လို့ အရောင်းပိုင်းက မအောင်မြင်ခဲ့ရင်တောင် တခြားတစ်နေရာမှာ ဘဏ္ဍာရေးအလုပ်ကို ပြန်ရှာလို့ ရတာပဲလေ၊ အလုပ်ရှာဖို့က အချိန်အနည်းငယ် ပေးရရုံပါပဲ”

“အင်း.. ငါက အရည်အချင်းစစ်လက်မှတ်တွေရှိတဲ့ စီနီယာစာရင်းကိုင်တစ်ယောက်ပဲ၊ အလုပ်ပြန်ရှာဖို့ကတော့ သိပ်မခက်ခဲလောက်ပါဘူး”

All Chapters