← Chapters

ကူးမုချင်း

Vol. 11 Ch. 158

ကူးမုချင်း

Vol. 11 Ch. 158

မျက်တောင်တစ်ချက်ခတ်အတွင်း တစ်နေ့တာ ကုန်လွန်သွားသည်။

ကောင်းကင်ယံ၌ လမင်းကြီး ထိန်ထိန်လင်းလာပြီး ငြိမ်သက်နေသော ပင်လယ်ပြင်က တဖြည်းဖြည်း အိပ်မောကျလာသည်။ မြေပြင်ပေါ် ကြယ်အလင်းများ ဖြန်းပက်လာပြီး ချီရွှဲ့ထုံဂိုဏ်းပင်လယ်အော်ကို လျှို့ဝှက်ဆန်းကြယ်သော ဇာပဝါဖြင့် လွှမ်းခြုံလိုက်သည်။

အဝေးမှကြည့်ပါက တောင်ထိပ်ခုနစ်လုံးနှင့် တောင်ထိပ်အသီးသီးရှိ ဧရာမသွေးမျက်လုံးကြီးခုနစ်လုံးက စောင့်ကြပ်နေကြသလို ခြိမ်းခြောက်နေသကဲ့သို့လည်း ဖြစ်နေသည်။

သူတို့ စောင့်ကြပ်နေသည်မှာ ချီရွှဲ့ထုံဂိုဏ်းကြီး စည်ပင်တိုးတက်ရေးသာဖြစ်ပြီး ထိုမှသာ သာမန်လူများက အခကြေးငွေပေး၍ လာရောက်ချင်စိတ်ဖြစ်မည်ဖြစ်သည်။ သာမန်လူများက ချီရွှဲ့ထုံဂိုဏ်းတွင် သူတို့တန်ဖိုးကို ဖော်ထုတ်ကြမည်ဖြစ်ပြီး နေထိုင်ခွင့်အခွန်အခများ ပေးဆောင်ကြမည်ဖြစ်ရာ ချီရွှဲ့ထုံဂိုဏ်း၏စက်ရုံများကို အကျိုးအမြတ်များ ဆက်လက်ရရှိစေမည်ဖြစ်သည်။

ခြိမ်းခြောက်နေသည်မှာ အပြင်လောက၊ လူသားမဟုတ်သောမျိုးနွယ်များနှင့် ယုတ်မာကောက်ကျစ်သူများကို စည်းမကျော်လာရန် ပြောနေခြင်းသာ ဖြစ်သည်။

ဂိုဏ်းသားအချင်းချင်းကြားရှိ ရက်စက်ကြမ်းကြုတ်ခြင်းနှင့်ပတ်သက်၍ ယင်းက အဆိပ်ကောင် မွေးမြူသည်နှင့် သဘောတရား ဆင်တူသည်။ ခက်ခဲကြမ်းတမ်းသော အခြေအနေများတွင် ရှင်သန်နိုင်သည့် ဝံပုလွေများအား သူတို့ မွေးမြူချင်ကြသည်။

ထိုကဲ့သို့ ဝံပုလွေဖြစ်မှသာ ချီရွှဲ့ထုံဂိုဏ်းသို့ ဝင်ခွင့်ရပြီး ဂိုဏ်းအကျိုးအမြတ်များကို ခံစားခွင့်ရှိမည်ဖြစ်သည်။

ယခုအခါတွင် ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ စည်းမျဉ်းများကို အပြည့်အဝ နားလည်နေပြီဖြစ်သည်။ သူ့ရှေ့ရှိ ဆိပ်ကမ်းကို သူ ကြည့်လိုက်ပြီး လှေကို အရှိန်လျော့၍ ဆိပ်ကမ်းသို့ တဖြည်းဖြည်း ဝင်လိုက်သည်။

ပင်လယ်ပြင်၌ ချီရွှဲ့ထုံဂိုဏ်းသားများ၏ မှော်လှေများ ဥဒဟိုသွားလာနေကြသည်။ မီးပြတိုက်မှ စူးရှတောက်ပသော အလင်းတန်းများက အရပ်မျက်နှာအနှံ့ ဖြတ်သန်းသွားလာနေပြီး လရောင်ကြောင့် ငွေရောင်လက်နေသော ပင်လယ်ပြင်ကို တခဏတာ ပြိုးပြိုးပြက်ပြက်ဝင်းလက်သွားစေသည်။

ထို့နောက် မီးပြတိုက်အလင်းတန်းတစ်တန်းက ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးဂိတ်၏ အပြင်ဘက်သို့ ကျရောက်သွားပြီး လှေမြန်လေးပေါ်တွင် ရပ်သွားသည်။

အလင်းတန်းများက လှေပေါ်တွင် ရပ်နေသော ရွှီချင်း၏ ရှေ့တည့်တည့်၌ စုဆုံလာ၏။ ရွှီချင်းက မျက်လုံးများကို လက်ဖြင့်ကာ၍ ဂိုဏ်းတံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

မမြင်နိုင်သော မန္တန်အစီအရင်က ဂိုဏ်းတံဆိပ်ပြားကို ဖြတ်သွားသည့်အလား ဂိုဏ်းတံဆိပ်ပြားမှ အလင်းဖျော့ဖျော့လက်လာပြီး ရွှီချင်းကို အတည်ပြုနေသည်။ မကြာခင် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးရှိ ဂိတ်ပေါက်လေးက တဖြည်းဖြည်း ပွင့်လာသည်။

ရွှီချင်းအပေါ် စုဆုံနေခဲ့သော အလင်းများသည်လည်း အဝေးသို့ ရွေ့လျားသွားပြီဖြစ်ပြီး ရွှီချင်း၏ရှေ့ရှိ လောကကြီးက တခဏတာ မှောင်အတိကျသွားသည်။ သို့သော်လည်း ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွား၏။

လှေမြန်လေးက ဂိတ်တံခါးလေးမှတစ်ဆင့် ဆိပ်ကမ်းသို့ ဝင်လာသည်နှင့် ဆိပ်ကမ်းမှ ရင်းနှီးသော လေနုအေးတစ်ချက်က ရွှီချင်း၏ ဆံပင်များကို ပွတ်သပ်ကျီစယ်သွားသည်။ သူက ရှေ့တူရှုရှိ ဆိပ်ကမ်းကို ကြည့်ပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

ချီရွှဲ့ထုံဂိုဏ်း ပင်မမြို့ကြီးက မည်မျှပင် ရက်စက်ကြမ်းတမ်းသောနေရာတစ်ခု ဖြစ်နေသည့်တိုင်အောင် ပင်လယ်ပြင်နှင့်ယှဉ်ပါက ပို၍ ကောင်းမွန်နေသေးသည်။

ထို့ပြင် ဤနေရာတွင် သူ ကြုံရသည့် သာမန်ဂိုဏ်းသားများအနက် ရန်သူများက သူ့ကျင့်ကြံခြင်းအဆင့်ထက် သာလွန်ကြမည် မဟုတ်ပေ။

“ ငါ ပြန်ရောက်ပြီ ”

ရွှီချင်းက ခပ်တိုးတိုးရေရွတ်လိုက်ပြီး လှေမြန်ကို ထိန်းချုပ်၍ သူ့ဆိပ်ကမ်းသို့ ဦးတည်လိုက်သည်။

ညဉ့်နက်မှ ပြန်ရောက်လာခြင်းကြောင့် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးမှ ဂိုဏ်းသားတချို့၏ အာရုံစိုက်ခြင်း ခံလိုက်ရသည်။

တခြားတစ်ယောက်သာ ဆိုပါက တစ်ချက်ကြည့်ပြီးသည်နှင့် ထွက်သွားမည်ဖြစ်သည်။ သို့သော်လည်း ရွှီချင်းမှန်း သတိထားမိပြီးနောက် ဂိုဏ်းသားအများစုက မှော်လှေများပေါ်မှ ထွက်လာကာ လက်နှစ်ဆက်ကို ဆုပ်၍ နှုတ်ဆက်ကြသည်။

ယခင်က ရွှီချင်း၏ အဆင့်တက်ခြင်းနှင့် တားမြစ်ပင်လယ်ဝေလနဂါး ပေါ်ထွက်လာခြင်းတို့ကြောင့် ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးတွင် သူက အတော်လေး နာမည်ကြီးနေပြီဖြစ်သည်။

မှော်လှေများပေါ်မှ ထွက်လာသော ထိုဂိုဏ်းသားများသည် ရွှီချင်းကို သေချာကြည့်လိုက်ပြီးနောက် စုတ်ပြတ်နေသော လှေမြန်လေးကိုလည်း သတိထားမိသွားသည်။ ရွှီချင်းက ပင်လယ်ပြင်၌ အန္တရာယ်ကြီးကြီးမားမား ကြုံခဲ့ရကြောင်း သူတို့ သိလိုက်သည်။

သို့သော်လည်း သာမန်ဂိုဏ်းသားအများစုသည် သူတို့အကြောင်းကိုသူတို့ ကောင်းစွာ သိထားကြပြီး တချို့မေးခွန်းများက မမေးသင့်ကြောင်းကို နားလည်ထားကြသည်။ ထို့ကြောင့် ပျက်စီးနေသော ရွှီချင်း၏ လှေမြန်ကို မသိချင်ယောင်သာ ဆောင်လိုက်ကြသည်။

ရွှီချင်းက နှုတ်ဆက်လာသော ဂိုဏ်းသားများကို လက်နှစ်ဖက်ဆုပ်၍ ပြန်လည်နှုတ်ဆက်လိုက်သည်။ သူ့လှေမြန်က ဆိပ်မ်းသို့ ရောက်သွားပြီးနောက် ဘေးပတ်လည်ကို ရွှီချင်း ကြည့်လိုက်ပြီး အခန်းလေးထဲ ဝင်၍ ကျင့်ကြံလိုက်သည်။

ပင်လယ်ပြင်သို့ မသွားခင်ကအတိုင်းပင်။

မျက်လုံးမှိတ်ပြီးသွားသည်နှင့် မကြာသေးခင်က လူသတ်ပွဲအကြောင်းမှ ရုန်းထွက်ကာ သူ့စိတ်တည်ငြိမ်လာသည်။ သို့သော်လည်း သူ့ဝိညာဉ်ထဲတွင် သတိကြီးသည့်စိတ်က တံဆိပ်ကပ်နှိပ်ထားပြီးသား ဖြစ်နေပြီး အထူးသဖြင့် ယခုလို အကျိုးအမြတ်များစွာနှင့် ပြန်လာသောအခါတွင် ဖြစ်ပေသည်။ လက်ရှိ သူ၏ နာမည်ဂုဏ်သတင်းနှင့်ဆိုပါက တစ်ယောက်မှ သူ့ထံမှ လုယူဝံ့ကြမည်မဟုတ်ပါသော်လည်း သူ သတိထားနေဆဲပင်။

ရွှီချင်းသည် ပင်လယ်ထဲဖြစ်စေ၊ ဆိပ်ကမ်းပေါ်ဖြစ်စေ သူ့လှေရပ်နားရာနေရာနှင့် အနီးတဝိုက်ကို အဆိပ်မှုန့်များ ပို၍ ပက်လိုက်သည်။

တချိန်တည်းမှာပင် သူ ထွက်မသွားခင်က ရေသူထီးလူငယ်အား သတ်ဖြတ်ခဲ့သည်ကိုလည်း သူ မမေ့သေးပေ။ ထိုရေသူထီးလူငယ်၌ တာအိုအစောင့်အရှောက်များလည်း ရှိ၏။

“ အဲဒီငါး သေတဲ့ကိစ္စက အခု ဘယ်လိုဖြစ်နေပြီလဲ မသိဘူး ”

ရွှီချင်း ငြိမ်သက်သွားသည်။ ထိုအကြောင်းကို သူ ဆက်တွေးမနေတော့ဘဲ သတိထား၍သာ ဆက်လက်ကျင့်ကြံလိုက်သည်။

ညသည် တိတ်ဆိတ်စွာ ကုန်လွန်သွား၏။

နောက်တစ်နေ့မနက်ခင်း၌ လေနုအေးလေးများ တိုက်ခတ်နေပြီး နေမင်းကြီးက အရှိန်တညီးညီး တောက်ပနေသည်။

မနက်ခင်းရောင်ခြည်တန်းလေးများက လှပကြော့ရှင်းသော မိန်းမပျိုတစ်ဦး လျှောက်လှမ်းလာသည့်အလား အေးစက်သော ညအမှောင်ထုကို ဖယ်ရှား၍ သတ္တဝါများကို လှုပ်နှိုးကာ လောကတစ်ခွင် ဖြန်းပက်လာသည်။

အခန်းငယ်လေးပေါ် အလင်းတန်းစူးစူး ဝင်ရောက်လာသည်နှင့် ရွှီချင်းသည် မျက်လုံးများကို ဖွင့်၍ အပြင်ဘက်သို့ လျှောက်လာကာ ဆိပ်ကမ်းကို စူးစိုက်ကြည့်လိုက်သည်။

ရွှီချင်း၏ အမြင်အာရုံကို ကြိုဆိုနေသည်က ရင်းနှီးသော ပတ်ဝန်းကျင်၊ ရင်းနှီးသော အလင်း၊ ရင်းနှီးသော ပုံရိပ်များနှင့် ရင်းနှီးသော အရာအားလုံးသာ ဖြစ်သည်။

ကင်းလှည့်နေသော ဂိုဏ်းသားများဖြစ်စေ၊ မနက်စောစော နိုးထလာကြသော ဂိုဏ်းသားများဖြစ်စေ၊ ပျားပန်းခပ်မျှ လှုပ်ရှားနေသော သာမန်လူများဖြစ်စေ၊ အစားအစာအနံ့များဖြစ်စေ၊ အရာအားလုံးက ရွှီချင်းကို အလွန် သက်သောင့်သက်သာ ဖြစ်စေသည်။

သူ့ကိုယ်ပေါ်မှ စုတ်ပြဲနေသော တာအိုဝတ်ရုံကို သူ ဂရုမစိုက်ဘဲ လှေမြန်ပေါ်မှ ခုန်ထွက်လိုက်ပြီး လှေမြန်ကို သိမ်းဆည်းလိုက်သည်။ ပထမဦးဆုံး သူ နေ့တိုင်း သွားစားနေ့ကျ မနက်စာဆိုင်လေးသို့ သွားလိုက်သည်။ ဆိုင်ရှင်၏ အားရဝမ်းသာ နှုတ်ဆက်စကားများကို နားထောင်ပြီးနောက် သူ ပန်းကန်အပြည့်ဟင်းတစ်ပွဲ မှာလိုက်သည်။

ဆိုင်ရှင်က သူ၏စုတ်ပြဲနေသော တာအိုဝတ်ရုံထံ အကြည့်ရောက်သွားပါသော်လည်း များများစားစား အာရုံစိုက်မနေချေ။ ထိုကဲ့သို့ မြင်ကွင်းမျိုးကို သူ ကြိမ်ဖန်များစွာ မြင်ထားပြီးသား မဟုတ်ပါလား။

ရင်းနှီးသော အရသာကြောင့် ရွှီချင်းက ပုံမှန်ထက် နှစ်ဆ စားလိုက်သည်။ သူ ကျသင့်ငွေ ရှင်းပြီးနောက် လူဆိုးထိန်းဌာနကို မသွားသေးဘဲ တာအိုဝတ်ရုံအသစ်ဝယ်ရန် ပင်မမြို့ကြီး၏ ဂိုဏ်းစီမံရေးရုံးသို့ သွားလိုက်သည်။

ဝတ်ရုံကို လဲလှယ်ပြီးသည်နှင့် သူက တွေးတောကာ ကျန်းစန်းရှိရာ သယ်ယူပို့ဆောင်ရေးဌာနသို့ လျှောက်သွားသည်။ မှော်လှေကို သူ ပြန်လည်ပြုပြင်ရမည်ဖြစ်သည်။ သို့သော်လည်း သူ ရခဲ့သည့် အကျိုးအမြတ်များကို တွေးမိသောအခါ ပြန်လည်ပြင်ဆင်ရသည်မှာ ပြဿနာတစ်ခုမဟုတ်ကြောင်း ခံစားလိုက်ရသည်။

“ ပြီးတော့ နောက်ဆုံးတစ်ခေါက်တုံးက အစ်ကိုကြီးကျန်းဆီကနေ အခွင့်အရေး ယူလိုက်သလို ဖြစ်သွားတယ်။ ဒီတစ်ခေါက်တော့ ပြင်ရမယ် ”

ရွှီချင်းက သားရေအိတ်ရှုံ့ကို စမ်းကြည့်၍ ခပ်သွက်သွက်လျှောက်သွားသည်။

မကြာခင် ကောင်းကင်ယံ၌ နေမင်းကြီး မြင့်တက်လာသောအခါတွင် သယ်ယူပို့ဆောင်ရေးဌာနကို အဝေးမှနေ၍ သူ လှမ်းမြင်လိုက်ရသည်။ သယ်ယူပို့ဆောင်ရေးဌာနမှ ဂိုဏ်းသားများအပြင် သူ မသိသော ဂိုဏ်းသားများလည်း ရှိနေသည်ကို မြင်လိုက်ရသည်။

ထိုဂိုဏ်းသား ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ရှိပြီး အားလုံးက အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့တွင် တာအိုဝတ်ရုံများသည်ပင် ဖုံးကွယ်ခြင်းငှာ မစွမ်းသာသည့် လှပကြော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်များ ရှိကြသည်။

သူတို့က တစ်ယောက်တစ်မျိုးစီ လှကြသည်ဖြစ်ပြီး ဒုတိယမြောက်တောင်ထိပ်မှာသာ ရှိတတ်သည့် ထူးခြားသော သမားတော်စရိုက်ကို ပိုင်ဆိုင်ထားကြသည်။

သူတို့အားလုံး ဒုတိယမြောက်တောင်ထိပ်မှ ဖြစ်ကြပေသည်။

ထိုအချိန် သူတို့သည် အဓိကဂိုဏ်းသူတစ်ယောက်ကို ခြံရံထားသည်။ ထိုအဓိကဂိုဏ်းသူသည် လိမ္မော်ရောင်ဖျော့ဖျော့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဂိုဏ်းသူများကြားတွင် သိသိသာသာ ပေါ်လွင်နေသည်။ သူမသည် အလွန် လှပချောမောပြီး သူမကိုယ်မှ အရောင်အဝါများ လက်နေသည့်အလားပင်၊ တုဖက်ကင်းသော အလှပိုင်ရှင်တစ်ဦးဟူ၍ပင် ဆိုနိုင်သည်။

သူမသည် အသက်တစ်ဆယ့်ခြောက်နှစ် သို့မဟုတ် တစ်ဆယ့်ခုနစ်နှစ် ပတ်ခြာလည် ရှိဟန်တူပြီး ကြည်လင်ဝင်းပသော ရုပ်ရည်သွင်ပြင်ရှိကာ စွဲဆောင်မှုအပြည့်ရှိသည်။

သူမ၌ အလွန် သိမ်မွေ့သော စရိုက်ရှိဟန်တူပြီး ဂိုဏ်းသူများ ဝန်းရံထားခြင်း ခံထားရပါသော်လည်း အဓိကဂိုဏ်းသူတစ်ယောက်၏ မောက်မာဝင့်ကြွားခြင်းမျိုး ရှိမနေပေ။ သူမသည် ရည်ရည်မွန်မွန်ဖြင့်သာ ငြိမ်သက်စွာ ရပ်နေသည်။

ရွှီချင်းက ဝေ့ကြည့်လိုက်ပြီး ခပ်ဖြည်းဖြည်း လျှောက်လာသည်။ ထို့နောက် ထိုဒုတိယမြောက်တောင်ထိပ် ဂိုဏ်းသူများ ဝန်းရံထားသည့် ကျန်းစန်းကို ကြည့်လိုက်သည်။

ထိုထူးခြားသောရုပ်ရည်သွင်ပြင်ရှိသည့် ဒုတိယဂိုဏ်းသူများနှင့် ယှဉ်လျှင် သဲအိတ်ပေါ် ဆောင့်ကြောင့်ထိုင်ကာ လက်နှစ်ဖက်ကို ပွတ်နေသော ကျန်းစန်းမှာ တောသားတစ်ယောက်ပုံစံ ဖြစ်နေသည်။

ကျန်းစန်းက ရွှီချင်း ရောက်လာသည်ကို ချက်ချင်း မြင်သွားသည်။ ရွှီချင်းကို သူ နှုတ်ဆက်လိုက်ပြီး ဗိုက်ကို ပုတ်၍ ဘေးရှိ ဒုတိယမြောက်တောင်ထိပ်မှ ဂိုဏ်းသူများကို ပြောလိုက်သည်။

“ စိတ်မပူပါနဲ့၊ ဒီတစ်ခေါက် ဘာမှမဖြစ်စေရဘူး။ ကျန်းကြီးဆိုတဲ့ ကျုပ် ပင်လယ်ပြင်ထွက်လိုက်တာနဲ့ ကျုပ်ကို မျိုးနွယ်တွေအများကြီးက မျက်နှာလိုမျက်နှာရ လာလုပ်ကြမှာပါ ”

ရွှီချင်းသည် ကျန်းစန်းက စီးပွားရေးကိစ္စအကြောင်း ဆွေးနွေးနေသည်ကို သတိထားမိ၍ မနှောင့်ယှက်နေတော့ဘဲ မှောင်ရိပ်ထဲသို့ လျှောက်သွားကာ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။

မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ရွှီချင်းသည် ချောမောသောရုပ်ရည်ရှိပြီး နူးညံ့သောအမူအရာရှိသည်။ သို့သော်လည်း သူက မှောင်ရိပ်ထဲတွင် ရောက်နေသည်ဖြစ်၍ အပြင်ဘက်ရှိ နေရောင်ခြည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

နေရောင်အောက်၌ ရပ်နေသူများအနေဖြင့် ရွှီချင်း၏မျက်နှာပေါ်မှ နူးညံ့ကြင်နာသောအမူအရာကို မျက်နှာဖုံးတစ်ခုအနေဖြင့်သာ မြင်ကြရမည်ဖြစ်သည်။ ထိုမျက်နှာဖုံးအောက်၌ မှောင်ရိပ်နှင့် ပေါင်းစပ်နေပြီဖြစ်သော မထူးခြားသည့်အမူအရာတစ်ခု ရှိသည်။ ယင်း၌ လူများကို မိုင်ပေါင်းထောင်ချီ ဝေးသည်အထိ ရှောင်တိမ်းသွားစေနိုင်သည့် အေးစက်စက်အရိပ်အယောင်တစ်ခု ရှိနေသည်။

သူ၏ရှည်လျားသော ဆံပင်များနှင့် မြင့်မားသော အရပ်အမောင်းကိုပါ ထည့်တွက်လိုက်ပါက ထူးခြားသော အရှိန်အဝါတစ်ခု ဖြစ်လာသည်။

ယင်းသည် ဒုတိယမြောက်ဂိုဏ်းသူများ၏ စိတ်အာရုံကို စွဲဆောင်သွားပြီး သူတို့ထဲမှ အများစုက သူ့ကို လှမ်းကြည့်လိုက်သည်။

ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်စွာဖြင့် ထိုအကြည့်များကို လျစ်လျူရှု၍ တိတ်ဆိတ်စွာ စောင့်နေသည်။

ခဏအကြာ ကျန်းစန်းသည် ဒုတိယမြောက်တောင်ထိပ်မှ ဂိုဏ်းသူများနှင့် ဆွေးနွေးပြီးသွားပြီဖြစ်၍ ရွှီချင်းရှေ့သို့ ရောက်လာသည်။

“ ကလေး၊ မင်း ပြန်ရောက်လာပြီပဲကွ။ ဒီတစ်ခေါက် ဘယ်လောက်တောင် ပွခဲ့တာတုံး ”

“ မဆိုးပါဘူး ”

ကျန်းစန်းကိုကြည့်ကာ ရွှီချင်းက ပြုံး၍ ပြောလိုက်သည်။

“ တစ်ခုခု ရခဲ့တယ်ဆိုရင်ပဲ ကောင်းနေပါပြီ။ အဲဒီဒုတိယမြောက်တောင်ထိပ်က ဂိုဏ်းသူတွေကို မြင်လား ”

ကျန်းစန်းက သူ့ကိုယ်သူ ဘဝင်ခိုက်နေသည့်အမူအရာဖြင့် မေးကိုမော့ထားကာ ထွက်ခွာရန်ပြင်နေသည့် ဒုတိယမြောက်တောင်ထိပ်မှ ဂိုဏ်းသူများဘက်သို့ လှည့်၍ ပြောလိုက်သည်။

“ အဲဒီအုပ်စုထဲက အလှဆုံးတစ်ယောက်ကို မင်း တွေ့လား။ အဲဒါ ဒုတိယမြောက်တောင်ထိပ်က ကူးမုချင်းပဲ။ လူဘယ်နှစ်ယောက်လောက် သူ့ကို တာအိုလက်တွဲဖော်အနေနဲ့ စိတ်ကူးယဉ်နေကြလဲ မသိပါဘူးကွာ။ အဟမ်း … င့ါအိမ်မက်လေးလို့လည်း ပြောလို့ရတာပေါ့ ”

“ သူတို့က ပင်လယ်ပြင်ထွက်ပြီး လေ့ကျင့်ချင်နေကြတာကွ။ ဒါက အလုပ်ကြီးတစ်ခုပဲ။ သူတို့ ပင်လယ်ပြင်သွားမယ့်ခရီးမှာ ဦးဆောင်ခွင့်ရဖို့ ဆိပ်ကမ်းက တခြားဂိုဏ်းသားတွေနဲ့ ငါ ပြိုင်ခဲ့ရတယ်။ မင်းတို့ခေါင်းဆောင်တောင် ငါ့ကို မယှဉ်နိုင်ဘူး ”

ကျန်းစန်းက ရွှီချင်းထံမှ မနာလိုနေသည့်အမူအရာကို မြင်ရရန် ရွှီချင်းကို မျှော်လင့်ချက်ကြီးစွာ လှမ်းကြည့်လိုက်သည်။

ရွှီချင်းက ခေါင်းသာ ညိတ်ပြလိုက်ရာ ကျန်းစန်းမှာ အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။

“ ဂိုဏ်းတူညီလေးရွှီချင်း၊ မင်း ငါ့ကို ဂုဏ်ယူစကားတောင် မပြောတော့ဘူးလားကွ။ ဒါပြီးရင် ငါလည်း တာအိုလက်တွဲဖော်တစ်ယောက်လောက် ရချင်ရမှာလေ ”

ရွှီချင်းသည် တွေးတောလိုက်ပြီး ကျန်းစန်းပြောသည့်စကားက ဆီလျော်သည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူ မနာလိုသည့်အမူအရာကို လုပ်၍ အလေးအနက် ပြောလိုက်သည်။

“ ဂုဏ်ယူပါတယ် ”

ကျန်းစန်းမှာ ဆွံ့အသွားရပြီး ရွှီချင်းထံမှ မနာလိုသည့်အမူအရာကို မြင်ချင်သည့်စိတ်ကူးအား မေ့ဖျောက်လိုက်ရတော့သည်။

“ ထားပါ၊ ဒီလိုလုပ်ရတာ မင်းအတွက် ခက်နေမှာပဲ။ ဒီကို မင်းလာတာ မှော်လှေကို ပြန်ပြင်ဖို့၊ ဟုတ်တယ်မလား ”

ရွှီချင်း၏အမူအရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူ့သားရေအိတ်ရှုံ့ထဲမှ အရည်အသွေးကောင်းသော ဖွတ်အရေခွံတစ်ချပ်ကို ထုတ်လိုက်သည်။

“ ဂိုဏ်းတူအစ်ကိုကျန်း၊ ကျနော် မှော်လှေပြင်ဖို့ ဒီကို လာခဲ့တာ။ ပြီးတော့ ဒီပင်လယ်ဖွတ်အရေခွံနဲ့ဆို မှော်လှေကို ပြုပြင်ရင် ပိုအစွမ်းထက်လာမယ်ထင်တယ် ”

ရွှီချင်းက ပြောပြီးသည်နှင့် ရုတ်တရက် စကားစရပ်သွားကာ မနီးမဝေးတွင် ရှိနေသော ဒုတိယမြောက်တောင်ထိပ်မှ ဂိုဏ်းသူများကို လှမ်းကြည့်လိုက်သည်။

ထိုဒုတိယမြောက်တောင်ထိပ်မှ ဂိုဏ်းသူများသည် မူလက ထွက်သွားတော့မည်ဖြစ်ပါသော်လည်း ထိုအချိန်၌ ကျန်းစန်း ပြောပြခဲ့သော ဒုတိယမြောက်တောင်ထိပ်၏ နတ်မိမယ် ကူးမုချင်းက ရွှီချင်း ထုတ်လိုက်သည့် ပင်လယ်ဖွတ်အရေခွံကို သတိထားမိသွားကာ ခြေလှမ်းများ ရပ်သွားပြီး မျက်လုံးများ ဝင်းလက်သွားသည်။

“ ဂိုဏ်းတူမောင်လေး၊ နင့်လက်ထဲက ချီစုစည်းခြင်းအဆင့်ရှစ် ပင်လယ်ဖွတ်အရေခွံမလား ”

ကူးမုချင်း၏ အသံက နုနယ်ပျိမြစ်သော မိန်းကလေးတစ်ယောက်၏ အသံဖြစ်ပြီး နူးညံ့ညင်သာကာ နေရောင်ခြည်အောက်တွင် လွင့်ပျံသွားပေရာ သူမ၏ကိုယ်မှ ဆေးနံ့နှင့် ပေါင်းစပ်သွားပြီး တစ်ဖက်သားကို နေရထိုင်ရသက်သာစေသည့် ချိုလွင်သော သီချင်းသံလေးအလား ဖြစ်သွားသည်။

သို့သော်လည်း ရွှီချင်း၏ နားထဲ ထိုအသံ ဝင်ရောက်လာသည်နှင့် သူ မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး ပင်လယ်ဖွတ်အရေခွံကို သိမ်းကာ ကူးမုချင်း၏လည်ပင်းကို အလိုလို ကြည့်လိုက်သည်။

တချိန်တည်းမှာပင် သူ့စိတ်ထဲတွင် သတိထားသွားသည်။ ပင်လယ်ဖွတ်အရေခွံအများကြီး ရခဲ့ပြီး ဂိုဏ်းရှိဆိုင်များမှာလည်း ဝယ်ယူရနိုင်သည့်အတွက်ကြောင့်ဖြင့် ပင်လယ်ဖွတ်အရေခွံများကို သူ သတိလက်လွတ်မထုတ်ခဲ့သင့်ကြောင်း သူ့ကိုယ်သူ သတိပေးနေသည်။

တစ်ဖက်သား ထွက်သွားသည်အထိ စောင့်ပြီးမှသာ ပင်လယ်ဖွတ်အရေခွံကို သူ ထုတ်လိုက်သင့်သည်။

ကူးမုချင်းသည်လည်း ရွှီချင်း၏ မျက်နှာအမူအရာ အပြောင်းအလဲကို သတိထားမိလိုက်ပြီး ခပ်သွက်သွက်လျှောက်လာကာ ရှင်းပြလိုက်သည်။

“ ငါ ဆေးတစ်လုံး ဖော်ချင်နေတာ။ အဲဒီဆေးလုံးဖော်ဖို့ ပင်လယ်ဖွတ်အရေခွံတွေ အများကြီးလိုတယ်။ ပင်လယ်ဖွတ်အရေခွံက အရည်အသွေးကောင်းရင် ပိုကောင်းမွန်တဲ့ဆေးထွက်လာမှာ။ မြို့ထဲက ပင်လယ်ဖွတ်အရေခွံတွေအကုန်လုံး ငါ ဝယ်ပြီးသွားပြီ။ ဒီတစ်ခေါက် ပင်လယ်ပြင်ကို ငါ ခရီးထွက်မှာလည်း အဲဒါကြောင့်ပဲ။ ဒီတော့ နင့်မှာ နည်းနည်းပါးပါးရှိရင် ငါ ဈေးကောင်းကောင်းပေးပြီး ဝယ်မှာပါ ”

ပြောပြီးသည်နှင့် ကူးမုချင်းက ရွှီချင်းကို ကြည့်လိုက်သည်။ ကြည်လင်တောက်ပသော မျက်ဝန်းတစ်စုံ၊ မိုးမခသစ်ရွက်အလား ကော့ညွတ်နေသော မျက်ခုံးမွေးများနှင့် မျက်တောင်ရှည်ရှည်တို့က မျှော်လင့်နေသည့်အရိပ်အယောင်များဖြင့် တဆတ်ဆတ် တုန်ခါနေသည်။

ရွှီချင်း တိတ်ဆိတ်သွားသည်။ ပင်လယ်ဖွတ်အရေခွံကို တစ်ဖက်လူအား ရောင်းပေးရန် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ သို့သော်ငြား သူ၏မှော်လှေကို အဆင့်မြှင့်တင်ရန် လုံလောက်လားဆိုသည်ကို ထည့်တွက်ရပေဦးမည်။

ဘေးတွင်ရှိနေသော ကျန်းစန်းမှာ အတန်ငယ် မှင်သက်နေသည်။ သူက နှစ်ယောက်ကြားတွင် ရပ်နေပြီး အလေးအနက်စဉ်းစားနေသော ရွှီချင်းကိုတစ်လှည့်၊ ရွှီချင်းအား မမှိတ်မသုန် ကြည့်နေသော ကူးမုချင်းကိုတစ်လှည့် ကြည့်လိုက်သည်။ ရုတ်တရက် ယခုတစ်ခေါက် ပင်လယ်ပြင်ခရီးစဉ် ပျက်တော့မည်ဟူ၍ သူ ခံစားမိလိုက်သည်။

အမှန်စင်စစ် ထို့ထက်ပင် ပိုသော အကြမ်းဖျင်းခံစားချက်မျိုးပင် သူ ရနေ၏။

သူ ချောင်းဟန့်လိုက်ပြီး စကားပြောမည်ပြုစဉ် ရွှီချင်း၏မျက်နှာကို စူးစိုက်ကြည့်နေသော ကူးမုချင်းက ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး မျက်လုံးများ ဝင်းလက်လာပြန်သည်။

“ ငါ မှတ်မိပြီ။ နင်က ရွှီချင်းပဲ ”

All Chapters