← Chapters

အခန်း (၂၅၃၁-၂၅၃၂)

Vol. 194 Ch. 2531-2532

အခန်း (၂၅၃၁-၂၅၃၂)

Vol. 194 Ch. 2531-2532

အခန်း(၂၅၃၁)

“မိတ်ဆွေလေးကျန်းချန်.. မင်းရဲ့ တောင်းဆိုချက် အတွက် ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး.. ခေါင်းဆောင်နဲ့ ကိုယ်တိုင်တွေ့ပြီး လူချင်းဆွေးနွေးမှ ဖြစ်မယ် ထင်တယ်”

ကျန်းချန်၏ ကမ်းလှမ်းချက်ကို ကြားလျှင် ရှဖေးသည် တစ်ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ထို့နောက်တွင် သူက မချိပြုံး ပြုံးကာ ပြောလိုက်၏။

အင်မော်တယ်အမွေအနှစ်များ ထဲတွင် ကြီးမားသော အခွင့်အလမ်းများ ရှိပြီး အင်မော်တယ် ဖြစ်နိုင်သည့် လျှို့ဝှက်ချက်ပင် ရှိကောင်း ရှိနေနိုင်သည်။

အကယ်၍ ကျန်းချန်သာ ပစ္စည်းတစ်ခုကို ဦးစားပေးရွေးချယ်ခွင့်ရခဲ့လျှင် အင်‌မော်တယ်အမွေအနှစ်များ ထဲတွင် အကြီးမားဆုံးသော အခွင့်အလမ်းကို ရရှိသွားနိုင်ခြေ အရှိဆုံးဟု ဆိုလိုခြင်းပင် ဖြစ်၏။

ထိုကဲ့သို့သော အခြေအနေမျိုးကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ အနေဖြင့် အလွယ်တကူ သဘောတူလိမ့်မည်မဟုတ်ပေ။

ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ.. ဒါဆို အကြီးအကဲရှတို့ရဲ့ ခေါင်းဆောင်ဆီ ကျွန်တော့်ကို ခေါ်သွားပေးပါ”

ရှဖေးသည် စကားများစွာ ပြောမနေတော့ဘဲ ကျန်းချန်ကို ခြံဝန်း အပြင်ဘက်သို့ တိုက်ရိုက်ပင် ခေါ်သွားခဲ့သည်။

မကြာမီမှာပင် ရှဖေးသည် ကျန်းချန်ကို စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့၏ ခန်းမတစ်ခု ဆီသို့ ခေါ်လာခဲ့သည်။

ခန်းမထဲတွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ လျှိုချင်းယွီသည် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးနှင့် အတူ တစ်စုံတစ်ရာကို ဆွေးနွေးနေခဲ့သည်။

ရှဖေးနှင့် ကျန်းချန်တို့ ရောက်ရှိလာသည်ကို မြင်လျှင် သူတို့နှစ်ဦးသည် စကားစကို ဖြတ်တောက်လိုက်ကြသည်။

“ခေါင်းဆောင်.. ကျွန်တော် ကျန်းချန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးပြီးပါပြီ.. ဒါပေမဲ့ ကျန်းချန်က ခေါင်းဆောင်နဲ့ ကိုယ်တိုင် ဆွေးနွေးချင်တဲ့ အခြေအနေတစ်ခု ရှိနေတဲ့အတွက် ခေါင်းဆောင်ဆီ ခေါ်လာခဲ့တာပါ”

ရှဖေးက ရှေ့သို့ တိုးကာ လျှိုချင်းယွီကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်၏။

လျှိချုင်းယွီက ခေါင်းညိတ်လိုက်ပြီး ကျန်းချန်ကို ပြုံး၍ ကြည့်လိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. အကြီးအကဲရှ ဆီကနေ မင်းရဲ့နာမည်ကို ငါကြားဖူးနေတာ ကြာပြီ.. ဒီနေ့ မင်းကို တွေ့လိုက်ရတာ ငါတကယ်ကို ကံကောင်းတာပဲ.. အကြီးအကဲရှကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ ဌာနချုပ်အထိ ဘေးကင်းအောင် လိုက်ပို့ပေးခဲ့တဲ့ အတွက် စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့ရဲ့ ကိုယ်စား ငါကျေးဇူးအများကြီးတင်ပါတယ်”

“ဒါက ဘာမှ ပင်ပန်းတဲ့ကိစ္စ မဟုတ်ပါဘူး ခေါင်းဆောင်လျှို.. အားမနာပါနဲ့”

ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး လိုရင်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။

“ခေါင်းဆောင်လျှို.. အလုပ်ကိစ္စကိုပဲ ကျွန်တော်တို့ အရင်ဆွေးနွေးကြရအောင်”

“ကောင်းပြီလေ မိတ်ဆွေလေးကျန်းချန်.. မင်းက ဒီလောက်တောင် ပွင့်ပွင့်လင်းလင်း ရှိနေမှတော့ ငါလည်း ကွေ့ဝိုက်မနေတော့ဘူး”

လျှိချုင်းယွီက အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် တောင်းဆိုချင်တဲ့ အခြေအနေကို သိပါရစေ”

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

“ကျွန်‌တော် တစ်ခုပဲ တောင်းဆိုချင်ပါတယ်.. အဲဒါက အင်မော်တယ် အမွေအနှစ်ထဲက ပစ္စည်းတစ်ခုကို ဦးစားပေးရွေးချယ်ခွင့် ရဖို့ပဲ”

ကျန်းချန်၏ စကားကို ကြားလျှင် လျှိချုင်းယွီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ခေါင်းဆောင်.. သဘောတူလို့မဖြစ်ဘူး”

လျှိချုင်းယွီ တိတ်ဆိတ်သွားစဥ် နံဘေးရှိ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

ဤတစ်ကြိမ် သူတို့ စူးစမ်းရှာဖွေမည့် နေရာသည် ထျန်းယွိ ချန်ထားရစ်ခဲ့သည့် အမွေအနှစ် နေရာ ဖြစ်သည်။

ထျန်းယွိ ဆိုသည်မှာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် မပျက်စီးမီက နောက်ဆုံး အင်မော်တယ် ဖြစ်၏။

ထို့ကြောင့် ထျန်းယွိ၏ အမွေအနှစ်ထဲတွင် အင်မော်တယ်ဖြစ်လာနိုင်သည့် လျှို့ဝှက်ချက် ရှိနိုင်ခြေ အလွန်များသည်။

အကယ်၍ အင်မော်တယ် ဖြစ်လာနိုင်သည့် လျှို့ဝှက်ချက်သာ ထျန်းယွိ၏ အမွေအနှစ်ထဲတွင် အမှန်တကယ် ရှိနေခဲ့လျှင် ကျန်းချန်ကိုသာ ဦးစားပေး ရွေးချယ်ခွင့်ပေးလိုက်ပါက အင်မော်တယ် ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်သည် ကျန်းချန်၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည် မဟုတ်ပါလား။

“မိတ်ဆွေလေးကျန်းချန်.. မင်းတောင်းဆိုတဲ့ အခြေအနေကို လက်ခံဖို့က ငါ့အတွက် နည်းနည်းတော့ ခက်ခဲနေတယ်”

လျှိချုင်းယွီက အတန်ကြာ တိတ်ဆိတ်နေပြီးမှ ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ထျန်းယွိက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ နောက်ဆုံးအင်မော်တယ်ပဲ.. သူ့ရဲ့ အမွေအနှစ်ထဲမှာ အင်မော်တယ်ဖြစ်လာနိုင်မဲ့ လျှို့ဝှက်ချက် ရှိနိုင်ခြေ အရမ်းများတယ်ဆိုတာ လူတိုင်း သိထားကြတယ်.. အဲဒါက အမွေအနှစ်တွေထဲမှာ တန်ဖိုးအရှိဆုံးအရာပဲ.. ငါက မင်းရဲ့တောင်းဆိုချက်ကို သဘောတူရင်တောင် ငါ့နောက်ကွယ်က စိမ်းလန်းသောမြစ်ဂိုဏ်းက သဘောတူမှာ မဟုတ်ဘူး”

ထိုစကားကို ကြားလျှင် ကျန်းချန်က ခဏမျှစဥ်းစားပြီးမှ ပြောလိုက်သည်။

“တကယ်လို့ ထျန်းယွိရဲ့ အမွေအနှစ်တွေထဲမှာ အင်မော်တယ်ဖြစ်လာနိုင်တဲ့ လျှို့ဝှက်ချက် အမှန်တကယ် ရှိနေခဲ့ရင် အားလုံးကို ဝေမျှပေးပါ့မယ်.. ဒါ့အပြင် ကျွန်တော်က ဒီပစ္စည်းအပြင် တခြားအရာ တစ်ခုကိုပဲ ဦးစားပေး ရွေးချယ်ပါ့မယ်”

အင်မော်တယ် ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်ကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ဖြစ်‌စေ၊ နောက်ကွယ်ရှိ စိမ်းလန်းသောမြစ်ဂိုဏ်း ဖြစ်စေ အလွယ်တကူ လိုက်လျောပေးရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

စင်စစ် ကျန်းချန်၏ မူလ ရည်ရွယ်ချက်မှာ အင်မော်တယ်ဖြစ်လာနိုင်သည့် လျှို့ဝှက်ချက် မဟုတ်ချေ။

သို့ရာတွင် သူက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ကျင့်ကြံသူ မဟုတ်သည့်တိုင် အကယ်၍ ထျန်းယွိ၏ အမွေအနှစ်ထဲတွင် အင်မော်တယ် ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက် အမှန်တကယ် ရှိနေခဲ့လျှင် သူ့အနေဖြင့်လည်း သဘာဝကျစွာပင် မြင်တွေ့လိုခဲ့သည်။

ကျန်းချန်၏ စကားကို ကြားလျှင် လျှိချုင်းယွီသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ကျန်းချန်ထံတွင် အင်မော်တယ် ဖြစ်လာနိုင်သည့် လျှို့ဝှက်ချက် တစ်ခုလုံးကို မောင်ပိုင်စီးချင်စိတ် မရှိသရွေ့ အရာအားလုံးကို ဆွေးနွေးနိုင်သည် မဟုတ်ပါလော။

“ဒါဆိုရင်တော့ မိတ်ဆွေလေးကျန်းချန်ရဲ့ တောင်းဆိုမှုကို ငါသဘောတူနိုင်ပါတယ်”

လျှိချုင်းယွီက ကျန်းချန်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“ဒါပေမဲ့ မင်းရဲ့ တောင်းဆိုချက်ကို ငါသဘောတူဖို့ မင်းမှာ အရည်အချင်း ရှိ မရှိတော့ ငါ့ကို သက်သေပြပေးရမယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော်နဲ့သာ ပူးပေါင်းမယ်ဆိုရင် တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့ဘက်က မဟာယာနအဆင့် ကျင့်ကြံသူ ကိုယ်တိုင် ဝင်မပါသရွေ့ အင်မော်တယ် အမွေအနှစ်နဲ့ ပတ်သက်သမျှ အရာအားလုံးက ခေါင်းဆောင်လျှိုရဲ့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ အပိုင် ဖြစ်စေရမယ်”

ကျန်းချန်၏ စကားကိုကြားလျှင် ခန်းမထဲရှိ လူသုံးဦးစလုံးသည် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့သည်။

ဤတစ်ကြိမ် ထျန်းယွိ၏ အမွေအနှစ်ကို စူးစမ်းရာတွင် မဟာယာနအဆင့် ကျင့်ကြံသူများ ပါဝင်မည် မဟုတ်သော်လည်း မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ သေချာပေါက် ပါဝင်လာလိမ့်မည် ဖြစ်၏။

ကျန်းချန်၏ ပြောပုံအရ ဆိုလျှင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများကို လုံးဝ ဂရုမစိုက်သလို ဖြစ်နေခဲ့သည်။

“ဒီကောင်လေးက တကယ်ကို သာမန် မဟုတ်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုး ရှိနေတာပဲ”

လျှိချုင်းယွီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“စကားအဖြစ် ပြောနေရုံနဲ့တော့ အလကားပဲ”

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဒါဆိုရင်လည်း ခေါင်းဆောင်လျှိုကို ကျွန်တော် ဘယ်လို သက်သေပြပေးရမလဲ”

လျှိချုင်းယွီက သူ၏ နံဘေးမှ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို လက်ညှိုးထိုးပြကာ ကျန်းချန်ကို ပြောလိုက်သည်။

“ဒါက ငါတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ မဟာယာန တစ်ပိုင်းအဆင့် အကြီးအကဲ ဝူရှန့်ပဲ.. မင်းသူ့ကို ဆယ်ကွက်အတွင်း အနိုင်ယူနိုင်မယ် ဆိုရင် မင်းတောင်းဆိုတဲ့အခြေအနေကို ငါလက်ခံပေးမယ်”

ဝူရှန့်သည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦး ထဲမှ တစ်ဦး ဖြစ်သည်။

ဝူရှန့်သည် သူ့ထက် အနည်းငယ် အားနည်းသော်လည်း စစ်မှန်သော မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်၏။

သူ၏ ခွန်အားဖြင့်ပင် ဝူရှန့်ကို ဆယ်ကွက်အတွင်း အနိုင်ယူရန်မှာ လုံးဝ မလွယ်ကူသည့် ကိစ္စပင်။

အကယ်၍ ကျန်းချန်သာ ဝူရှန့်ကို ဆယ်ကွက် အတွင်း အမှန်တကယ် အနိုင်ယူနိုင်ခဲ့လျှင် ကျန်းချန်သည် မဟာယာနအဆင့်အောက်တွင် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည် ရှိကြောင်း သက်သေပြရန် လုံလောက်နေပြီ မဟုတ်ပါလား။

ထိုကဲ့သို့ မွန်းစတား တစ်ကောင်သာ သူတို့ဘက်ကနေ ပါဝင်လာခဲ့လျှင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် ဤတစ်ကြိမ် ခရီးစဥ်တွင် အနိုင်ရရန် အခွင့်အရေးမှာ သံသယဖြစ်ဖွယ်ရာမရှိ အကြီးအကျယ် မြင့်တက်လာပေလိမ့်မည်။

“ကောင်းပါပြီ”

ထိုစကားကို ပြောရင်း ကျန်းချန်က ဝူရှန့်ကို အေးစက်စက်လှမ်းကြည့်လိုက်သည်။

“ခေါင်းဆောင်လျှိုက ငါ့ကို မင်းနဲ့ တိုက်ခိုက်စေချင်မှတော့ မင်း ငါ့ကို စတိုက်လို့ရပြီ”

ဝူရှန့်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းချန်ကို မေးလိုက်သည်။

“ဒီနေရာမှာပဲ တိုက်ကြမှာလား”

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“တိုက်ပွဲက ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာမှာမှ မဟုတ်တာ.. ဒီနေရာမှာပဲ တိုက်ကြတာပေါ့”

ကျန်းချန်၏ စကားကိုကြားလျှင် ဝူရှန့်က လျှိချုင်းယွီကို လှမ်းကြည့်လိုက်သည်။

လျှိချင်းယွီက ပြုံး၍ ပြောလိုက်၏။

“ဒီတိုက်ပွဲက စမ်းသပ်ရုံသပ်သပ်ပဲ.. အသေအကြေ တိုက်ခိုက်ရမဲ့ တိုက်ပွဲမှ မဟုတ်တာ.. ဒီနေရာမှာပဲ တိုက်ခိုက်လိုက်ပါ အကြီးအကဲ ဝူရှန့်”

အကယ်၍ ကျန်းချန်၏ ခွန်အားသာ ထူးခြားနေခဲ့လျှင် ယင်းသည် သူတို့၏ ခရီးစဥ်တွင် အကြီးမားဆုံးသော ဝှက်ဖဲ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သဘာဝကျစွာပင် လျှိုချင်းယွီသည် တိမ်တိုက်နက်အဖွဲ့မှ လူများ သတိထားမိစေလောက်သည့် အထိ အကြီးအကျယ် လှုပ်ရှားမှုမျိုး မဖြစ်စေချင်ခဲ့ပေ။

“ကောင်လေး.. မင်းက လေလုံးတော့ အတော်ထွားတာပဲ.. ငါဝူရှန့် ရှေ့မှာ ဝင့်ကြွားနိုင်တဲ့ အရည်အချင်း မင်းမှာ တကယ် ရှိ မရှိ ကြည့်ရသေးတာပေါ့”

ကျန်းချန်က သူလို့ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကိုပင် လုံးဝ အရေးမစိုက်သည်အား မြင်လျှင် ဝူရှန့် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ ခန္ဓာကိုယ်ထဲမှ စစ်မှန်သော အဆီအနှစ် စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး အညိုရင့်ရောင် မီးလျှံဓားတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူက ထိုဓားဖြင့် ကျန်းချန်ကို စတင် တိုက်ခိုက်လိုက်၏။

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး လက်ညှိုးမှ စွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ မီးလျှံဓားအလင်းသည် လေထုအလယ်မှာတင် ချေမှုန်းခံလိုက်ရသည်။

“ပထမတစ်ကွက်”

ကျန်းချန်က ဝူရှန့်ကို လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဝူရှန့်၏ မျက်နှာက အနည်းငယ် အကျည်းတန်သွားခဲ့သည်။

သူက အပိုစကားများ ပြောမနေတော့ဘဲ လက်ထဲရှိ မီးလျှံဓားဖြင့် ဓားကွက် တစ်ကွက်ကို ထပ်မံ ထုတ်ဖော်ကာ ကျန်းချန်ကို ထပ်မံတိုက်ခိုက်လိုက်သည်။

“ကောင်လေး အရှုံးပေးဖို့သာ ပြင်ထားလိုက်တော့”

ဝူရှန့်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူက သူ၏ လျင်မြန်တိကျသော ဓားချက်အပေါ်တွင် ယုံကြည်မှု အပြည့် ရှိနေခဲ့၏။

အခန်း(၂၅၃၁)ပြီး၏။

အခန်း(၂၅၃၂)

လျှိုချင်းယွီက လှုပ်ရှားမှု အလွန်အမင်း မဖြစ်ပေါ်စေလိုသော်လည်း ဝူရှန့်သည် အရှုံးမပေးလို၍ အစွမ်းကုန် တိုက်ခိုက်ခဲ့သည်။

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် ဝူရှန့်သည် အလွန်တရာပင် အစွမ်းထက်နေခဲ့၏။

သူ၏ အရှိန်အဟုန်နှင့် စွမ်းအား ထိန်းချုပ်နိုင်စွမ်းသည် ခန့်မှန်း၍ မရနိုင်သော အဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူ၏ ဓားချက်က အလွန်တရာပင် မြန်ဆန်နေခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားဦးသည် ကျန်းချန်၏ ရင်ဘတ်ရှေ့တွင် ပေါ်လာခဲ့သည်။

ဝူရှန့်၏ အစွမ်းကုန် ထုတ်ဖော်ထားသော ဓားချက်ကို ကြည့်ပြီး ကျန်းချန်၏ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိခဲ့ပေ။

သူက လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်ပြီး ဝူရှန့်၏ ဓားရှည်ကို လက်ညှိုးနှင့် လက်ခလယ်ကို သုံးကာ တိကျစွာ ညှပ်ထားလိုက်သည်။

ယင်းမှာ အားစိုက်စရာမလိုဘဲ သစ်ရွက်တစ်ရွက်ကို ဆွဲယူလိုက်သကဲ့သို့ပင်။

“ဒုတိယမြောက်တိုက်ကွက်”

ကျန်းချန်က အေးအေးလူလူ ရေရွတ်လိုက်ရင်း သူ၏ လက်ချောင်းများကို အသာအယာ လှုပ်ရှား၍ ဝူရှန့်၏ ဓားရှည်ကို လွှတ်ပေးလိုက်ရာ ဝူရှန့်သည် နောက်သို့ ခြေလှမ်း အတော်များများ ဆက်တိုက်ဆိုသလို ဆုတ်သွားခဲ့ရသည်။

“ဒီကောင်လေးရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပါလား”

ဝူရှန့်၏ တိုက်ကွက် နှစ်ကွက်စလုံးက ကျန်းချန်၏ အင်္ကျီစကိုပင် မထိနိုင်သည်အား မြင်လျှင် လျှိချုင်းယွီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်ကဲ့သို့ ပါရမီရှင်သည်ပင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံရသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ထိုကောင်လေး၏ ခွန်အားသည် သူ့ထက်ပင် သာလွန်နိုင်ခြေရှိ၏။

ကျန်းချန်က သူ၏ တိုက်ကွက်ကို အလွယ်တကူ ချေဖျက်သွားသည်အား မြင်လျှင် ဝူရှန့်သည် နောက်ထပ် ဓားကွက် တစ်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။

သို့သော်လည်း ဝူရှန့်၏ ဓားကွက်က မည်မျှပင် အစွမ်းထက်ပါစေ၊ ကျန်းချန်သည် အေးအေးလူလူပင် ချေဖျက်နိုင်ခဲ့သည်။

ဤသို့ဖြင့် ဝူရှန့်သည် ဆက်တိုက်ဆိုသလို တိုက်ခိုက်လာခဲ့ရာ ရှစ်ကွက်မြောက် အထိ ရောက်လာခဲ့သော်လည်း ကျန်းချန်၏ ဆံခြည်တစ်မျှင်ကိုပင် ထိမိအောင် မလုပ်နိုင်ခဲ့ပေ။

“ဝုန်း..”

ကျန်းချန်က သူ့ထံသို့ သက်ရောက်လာသော ဝူရှန့်၏ ဓားကွက်ကို လက်ဝါးရိုက်ချက်ဖြင့် ရိုက်ထုတ်လိုက်ရာ ဝူရှန့်၏ ဓားကွက်သည် ချေဖျက်ခံလိုက်ရပြီး ဝူရှန့် ကိုယ်တိုင်ပင် နောက်သို့ ခြေခုနစ်လှမ်း ရှစ်လှမ်းခန့် ဆုတ်လိုက်ရသည်။

ဝူရှန့်က သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် ခန္ဓာကိုယ် အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

ထိုခဏဝယ် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ကောင်လေး ဆယ်ကွက်ပြည့်တော့မယ်နော်.. အခု ကိုးကွက် ရှိသွားပြီ”

“ဘာတွေ အလောတကြီး ဖြစ်နေတာလဲ.. နောက်ဆုံးတစ်ကွက်ကျန်နေသေးတာပဲ မဟုတ်လား”

ကျန်းချန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး အေးစက်စက် ပြုံးလိုက်သည်။

“ခင်ဗျားကို အနိုင်ယူဖို့ တစ်ကွက်တည်းနဲ့ လုံလောက်တယ်”

ထိုစကားကိုကြားလျှင် ဝူရှန့်က ရယ်မောကာ ပြောလိုက်သည်။

“တကယ်လား.. ဒါဆိုလည်း မင်းငါ့ကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

ကျန်းချန်က အလွန်တရာ အစွမ်းထက်သည်ကို သူ ဝန်ခံရမည်ဖြစ်ပြီး ကျန်းချန်နှင့် တကယ်တမ်း တိုက်ခိုက်မည် ဆိုလျှင် သူက ကျန်းချန်၏ ပြိုင်ဘက် မဟုတ်နိုင်မှန်း ကောင်းစွာ သိထားခဲ့သည်။

သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ သူသည် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။

ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပြိုင်ဘက်ကင်း ဖြစ်နေလျှင်ပင်၊ တစ်ကွက်တည်းဖြင့် သူ့ကို အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

“ဒါဆိုရင်လည်း မျက်လုံးကို ပြူးနေအောင်ဖွင့်ပြီး သေချာ ကြည့်ထားပေတော့”

ကျန်းချန်ထံမှ အေးစက်စက် ကြုံးဝါးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နေရာမှာပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

သူ၏ ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ဝူရှန့်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

သူ့လို မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ အာရုံခံနိုင်စွမ်းဖြင့်ပင် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် လေထဲတွင် အငွေ့ပျံသွားသကဲ့သို့ ဖြစ်နေခဲ့ပြီး ခန်းမအတွင်း ကျန်းချန်၏ အရှိန်အဝါကို သူ မခံစားမိတော့ပေ။

ဝူရှန့်က အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး နောက်ကျောဘက်မှ အလစ်အငိုက် တိုက်ခိုက်ခံရမည်ကို စိုးရိမ်ကာ ကျောဘက်ရှိ ထောင့်တစ်နေရာ ဆီသို့ ဆုတ်ခွာရန် ပြင်လိုက်သည်။

သို့သော်လည်း သူ လှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် ကြောက်မက်ဖွယ်စွမ်းအား တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ချုပ်နှောင်လိုက်ရာ သူ့အနေဖြင့် လုံးဝ မလှုပ်ရှားနိုင် ဖြစ်သွားခဲ့သည်။

ထိုအချိန်မှာပင် ကျန်းချန်၏ ပုံရိပ်သည် ဝူရှန့်၏ နံဘေးတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ယင်းနောက်တွင် ကျန်းချန်က ရွှေရောင်အလင်းများ တောက်ပနေသည့် ဓားရှည် တစ်လက်ကို အသုံးပြုကာ ဝူရှန့်၏ လည်ပင်းကို ထောက်ထားလိုက်သည်။

“ခင်ဗျားရှုံးပြီ”

ကျန်းချန်က မှင်တက်နေသော ဝူရှန့်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် လူသားဧကရာဇ်ဓား တစ်ဖြစ်လဲ သူ၏ ရှေးဟောင်းရွှေရောင်ဓားကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

“ဟားဟား မိတ်ဆွေလေးကျန်းချန်က တကယ်ကို အစွမ်းထက်တာပဲ.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မိတ်ဆွေလေးကျန်းချန်က မဟာယာန တစ်ပိုင်းအဆင့်ကို ရောက်နေပြီမဟုတ်လား”

ကျန်းချန်က ဝူရှန့်ကို အလွယ်တကူ အနိုင်ယူလိုက်သည်အား မြင်လျှင် လျှိချုင်းယွီသည် မှင်တက်ရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

သူ၏ မျက်ဝန်းထဲတွင် အံ့ဩသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန် ဝူရှန့်ကို အနိုင်ယူလိုက်သော နောက်ဆုံးတိုက်ကွက်ကို ကပ်ဘေးအဆင့် ပါရမီရှင်တစ်ဦး ဖြစ်နေလျှင်ပင် ထုတ်ဖော်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် မဟာယာန တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေခြင်းသာ ဖြစ်ရပေမည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကပ်ဘေးအဆင့်ပါရမီရှင်သည် ရှားပါးသော ပါရမီရှင်ဟု သတ်မှတ်နိုင်သော်လည်း ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင်မူ အဆန်းတကြယ် မဟုတ်ပေ။

သို့သော်လည်း မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်ကမူ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာပင် သုံးဦးသာ ရှိသည်။

လျှိချုင်းယွီသည် ကျန်းချန်က မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သည် မဟာယာနအဆင့်အောက်တွင် ပြိုင်ဘက်ကင်းသလောက် ဖြစ်ရာ သူကိုယ်တိုင်ပင်လျှင် ယှဥ်ပြိုင်ရန် ခက်ခဲပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ကျန်းချန် အဘယ်ကြောင့် ရဲရဲဝံ့ဝံ့ အာမခံရဲသည်ကို အဆုံးသတ်တွင် လျှိချုင်းယွီ နားလည်သွားခဲ့သည်။

ထိုလူငယ်တွင် မာနထောင်လွှားနိုင်သော အရည်အချင်း အမှန်တကယ်ပင် ရှိနေခဲ့၏။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ခေါင်းဆောင်လျှို.. ကျွန်တော်က စိမ်းလန်းသောမြစ် ကုန်သွယ်‌ရေးအဖွဲ့နဲ့ ပူးပေါင်းဖို့ အရည်အချင်း ပြည့်မီရဲ့လား”

“ပြည့်မီတာပေါ့ မိတ်ဆွေလေးကျန်းချန်”

လျှိချုင်းယွီက ကျန်းချန်ကို လက်တစ်ဖက်ကို ကမ်းပေးကာ ပြုံး၍ ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ဒီတစ်ခေါက် ခရီးစဥ်မှာ ငါတို့ ပျော်ပျော်ရွှင်ရွှင် ပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ဤတစ်ကြိမ် ခရီးစဥ်တွင် သူတို့နှင့်အတူ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ပါဝင်ရန်မှာ သေချာသလောက် ရှိသွားခဲ့ချေပြီ။

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကောင်းပါပြီ ခေါင်းဆောင်လျှို.. ပျော်ပျော်ရွှင်ရွှင် ပူးပေါင်း ဆောင်ရွက်ကြတာပေါ့”

“မိတ်ဆွေလေးကျန်းချန်.. ငါတို့ ထျန်းယွိ ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်ကို သွားမရှာခင် ရက်အနည်းငယ် လိုပါသေးတယ်.. စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှာ အေး‌အေးဆေးဆေး တည်းနှင့်ပါ မိတ်ဆွေလေးကျန်းချန်.. အချိန်ကျတာနဲ့ ငါမင်းကို အကြောင်းကြားလိုက်ပါ့မယ်”

ထိုစကားကို ပြောပြီးနောက်တွင် လျှိချုင်းယွီသည် ရှဖေးကို လှမ်းကြည့်လိုက်သည်။

“အကြီးအကဲရှ.. မိတ်ဆွေလေးကျန်းချန်ကို သေချာဂရုစိုက်ပေးပါ”

ရှဖေးက အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

“စိတ်ချပါ.. ကျွန်တော် မိတ်ဆွေလေးကျန်းချန်ကို သေချာလေး ဂရုစိုက်ပေးပါ့မယ်”

ယခုအခါ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်၍ ကျန်းချန်သည် ဤနေရာတွင် အချိန်ဖြုန်းနေရန် မလိုတော့ပေ။

ထို့ကြောင့် သူက လျှိချုင်းယွီကို လက်သီးဆုပ်၍ နှုတ်ဆက်ကာ ရှဖေးနှင့် အတူ ခန်းမ၏ အပြင်ဘက်သို့ ထွက်ခွာလာခဲ့သည်။

“ခေါင်းဆောင်...ဒီလူရဲ့ခွန်အားက အရမ်းကို နက်နဲတယ်.. မဟာယာန အဆင့်အောက်မှာ သူ့ကို ဘယ်သူမှ ယှဥ်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်.. သူက ကျွန်တော်တို့နဲ့ ပူးပေါင်းတာ အပေါ်ယံများ ဖြစ်နေမလား”

ခန်းမထဲကနေ ထွက်ခွာသွားသော ကျန်းချန်၏ ကျောပြင်ကို ကြည့်ရင်း ဝူရှန့်သည် လေးနက်စွာ ပြောလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သော အထောက်အထားနှင့် ခန့်မှန်း၍ မရသော ခွန်အားကို ပိုင်ဆိုင်ထားသည့် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦးကို စိမ်းလန်းသောမြစ် ကုန်သွယ်‌ရေးအဖွဲ့သည် ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

အကယ်၍ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကသာ ထိုကဲ့သို့သော လူမျိုးနှင့် ပူးပေါင်းမည် ဆိုလျှင် အလွန်အမင်း စွန့်စားလွန်းရာ ကျပေလိမ့်မည်။

“မင်း ဘာကို စိုးရိမ်နေလဲဆိုတာ ငါသိပါတယ်.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ထျန်းယွိရဲ့အမွေအနှစ်ထဲက အင်မော်တယ်ကံကြမ္မာကို တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ဆီ ငါအရောက်မခံနိုင်ဘူး...ဒီကောင်လေးက ယုံကြည်ထိုက်တဲ့သူ တစ်ယောက် ဖြစ်နိုင်တယ်လို့ ငါထင်တယ်.. သူနဲ့ ပူးပေါင်းတာက ငါတို့အတွက် ဆိုးကျိုးထက် ကောင်းကျိုး ပိုများပါလိမ့်မယ်”

လျှိချုင်းယွီက လေးနက်စွာ ပြောလိုက်သည်။

“အခု ငါ အစိုးရိမ်ဆုံးက တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ပဲ.. သူတို့ ဒီတစ်ခေါက် ခရီးစဥ်အတွက် ဘယ်သူတွေကို စေလွှတ်မလဲဆိုတာ ငါမသိဘူး...ဒါကြောင့် မင်းအနေနဲ့ တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့ရဲ့ အသေးစိတ် အချက်အလက်ကို စုံစမ်းကြည့်ပါ”

“ဟုတ်ကဲ့ခေါင်းဆောင်”

ဝူရှန့်က ပြန်လည် ဖြေကြားလိုက်ပြီးနောက်တွင် လျှိုချင်းယွီ၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၃၅၂)ပြီး၏။

All Chapters