အခန်း (၂၅၃၃-၂၅၃၄)
Vol. 194 Ch. 2533-2534
အခန်း(၂၅၃၃)
ကျန်းချန်က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လျှိုချင်းယွီနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြီးနောက်တွင် ရှဖေး၏ ခြံဝန်းအတွင်း၌ နောက်တစ်ကြိမ် ပြန်လည် အခြေချနေထိုင်ခဲ့သည်။
“ချန်ကျဲ.. ဒီရက်အနည်းငယ်အတွင်း စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နဲ့အတူ ငါလုပ်စရာတစ်ခုရှိတယ်.. မင်းက ဒီအတောအတွင်း စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှာ နေထိုင်ပြီး အာရုံစိုက် ကျင့်ကြံပါ.. မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်အောင် အမြန်ဆုံးကြိုးစားပါ”
ကျန်းချန်က ရှဖေး၏ ခြံဝန်းအတွင်းသို့ ပြန်ရောက်သည်နှင့် ရွှယ်ချန်ကျဲကို ခေါ်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ သခင်ကြီး”
ရွှယ်ချန်ကျဲက ရိုသေလေးစားသော အမူအရာဖြင့် အလျင်အမြန်ပင် ပြန်လည် ဖြေကြားလိုက်သည်။
ကျန်းချန်က သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အဆောင်လက်ဖွဲ့ တစ်ခုသည် သူ၏ လက်ဖဝါးထဲ ပေါ်လာခဲ့သည်။
“ဒီအဆောင်လက်ဖွဲ့က သွေးဓားအင်မော်တယ်ဂိုဏ်းနဲ့ ဆက်သွယ်နိုင်တယ်.. သွေးနတ်ဆိုးဂိုဏ်းရဲ့ အခြေအနေကို မင်းသိနိုင်ဖို့အတွက် ငါ ဒါကို မင်းဆီမှာ ထားခဲ့မယ်.. ဒါပေမဲ့ ငါ ပြန်မလာခင်အထိ မလိုအပ်ဘဲ ဘာမှ အဆင်အခြင်မဲ့ မလုပ်မိစေနဲ့”
ရွှယ်ချန်ကျဲက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သခင်ကြီးစိတ်ချပါ.. ကျွန်တော် နားလည်ပါတယ်”
ရွှယ်ချန်ကျဲကို အဆောင်လက်ဖွဲ့ ပေးအပ်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲကို စကားအနည်းငယ် ထပ်မံ မှာကြားခဲ့ပြီးနောက် သူ၏ အခန်းသို့ ပြန်သွားကာ ကျင့်ကြံရင်းဖြင့် လျှိုချင်းယွီ ထံမှ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။
ရက်အနည်းငယ် ကျင့်ကြံပြီးနောက်တွင် ကျန်းချန်၏ ခွန်အားသည် သိသိသာသာပင် တိုးတက်လာခဲ့သည်။
သို့သော်လည်း ယခုအခါတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ လက်သီးဆုပ် အရွယ်အစားခန့် အင်မော်တယ်ခရစ္စတယ် အပိုင်းအစသည် အဆပေါင်းများစွာ ကျုံ့သွားခဲ့ပြီး လက်မအရွယ်အစားခန့်သာ ရှိတော့၏။
“အင်မော်တယ် ခရစ္စတယ် အပိုင်းအစရဲ့ စွမ်းအားက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ.. ဒီတစ်ခေါက်ခရီးစဥ်မှာ အင်မော်တယ်ခရစ္စတယ် အပိုင်းအစ တချို့ ရနိုင်ဖို့ မျှော်လင့်ရတာပဲ”
သူ၏ ဒန်တျန်ထဲတွင် ကျန်ရှိနေသော အင်မော်တယ် ခရစ္စတယ် အပိုင်းအစ အနည်းငယ်ကို ခံစားမိပြီးနောက်တွင် ကျန်းချန်က ခပ်တိုးတိုး ရေရွတ်ကာ ခေါင်းခါရမ်းလိုက်သည်။
ပြီးခဲ့သည့်အချိန်က အင်မော်တယ် ခရစ္စတယ် အပိုင်းအစကို ရရှိခဲ့စဥ်တွင် အင်မော်တယ် ခရစ္စတယ် အပိုင်းအစ၏ စွမ်းရည်ကိုသာ အပြည့်အဝ စုပ်ယူနိုင်ခဲ့လျှင် အင်မော်တယ်အဆင့်ကို မရောက်ရှိလျှင်ပင် အုပ်စိုးသူအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်ဟု အင်မော်တယ်ကျောက်တိုင်က သူ့ကို ပြောခဲ့သည်။
ယခုအခါတွင် သူက အုပ်စိုးသူအဆင့်ကို ဖောက်ထွက်နိုင်ရုံသာ ရှိသေးသော်လည်း အင်မော်တယ်ခရစ္စတယ် အပိုင်းအစ၏ စွမ်းအားသည် ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ချေပြီ။
လက်ရှိအခြေအနေအရ ဤကဲ့သို့ အင်မော်တယ် ခရစ္စတယ် အပိုင်းအစ တစ်ခု ထပ်မံ ရရှိမည်ဆိုလျှင်ပင် သူ့အနေဖြင့် အုပ်စိုးသူအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရန်မှာ မသေချာပေ။
“တကယ်လို့သာ သာမန် ကျင့်ကြံသူ တစ်ဦးအတွက် ဆိုရင် ဒီအင်မော်တယ်ခရစ္စတယ် အပိုင်းအစရဲ့ စွမ်းအင်ကို အပြည့်အဝ စုပ်ယူပြီးတာနဲ့ အုပ်စိုးသူအဆင့် အထွတ်အထိပ် ဒါမှမဟုတ် မဟာယာန အထွတ်အထိပ်အဆင့်ကို ရောက်သွားမှာ အသေအချာပဲ.. ဒါပေမဲ့ မင်းကတော့ ဘယ်လို စည်းမျဥ်းတွေနဲ့မှ တိုင်းတာလို့မရတဲ့ ထူးခြားတဲ့ ခန္ဓာကိုယ် ရှိနေတဲ့ အတွက် ခြွင်းချက် ဖြစ်နေတာပဲ.. မင်းက တခြားသူတွေထက် အဆင့်ထိုးဖောက်ရာမှာ စွမ်းအင် ပိုမို လိုအပ်တာကြောင့် နယ်ပယ်အဆင့်တွေကို ကျော်လွန်ပြီး တိုက်ခိုက်နိုင်တာပဲ.. ဒီလိုမှမဟုတ်ရင် မင်းက အုပ်စိုးသူအဆင့် အစောပိုင်းလောက်နဲ့ လီထျန်းယွမ်လို မဟာယာန အစောပိုင်းအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ”
ကျန်းချန်၏ စိတ်ထဲတွင် စဥ်းစားနေသည်ကို သိနေသကဲ့သို့ပင် အင်မော်တယ်ကျောက်တိုင်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
ဤလောကကြီးတွင် တစ်ခုကို ရလိုလျှင် တစ်ခုကို ဆုံးရှုံးရမည်မှာ ဓမ္မတာပင် ဖြစ်၏။
သူ့အနေဖြင့် ပိုမို အစွမ်းထက်သော စွမ်းအားကို ရရှိလိုလျှင် ကြီးမားသော အဖိုးအခကို ပေးဆပ်ရမည်မှာ သံသယရှိစရာမလိုပေ။
“မိတ်ဆွေလေးကျန်းချန်.. ခေါင်းဆောင်က မိတ်ဆွေလေးကို ခေါ်ခိုင်းလိုက်တယ်”
ထိုအခိုက်အတန့်တွင် ရှဖေး၏ စကားသံသည် ခြံဝန်းအပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့သည်။
“နောက်ဆုံးတော့ ထျန်းယွိရဲ့ အမွေအနှစ်အတွက် ခရီးစဥ် စတင်တော့မှာပဲ”
ရှဖေး၏ အသံကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး နှုတ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူက တုံ့ဆိုင်းမနေဘဲ အခန်းထဲကနေ ထွက်လာခဲ့ပြီး ရှဖေး၏ ဦးဆောင်မှုအောက်တွင် လျှိုချင်းယွီ ရှိရာ ခန်းမ ဆီသို့ ရောက်ရှိလာခဲ့သည်။
ခန်းမဆောင်အတွင်း၌ လက်ရှိအချိန်တွင် လူလေးဦး စုဝေးနေကြသည်။
လျှိုချင်းယွီနှင့် ဝူရှန့် တို့အပြင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် မောက်မာသော အသွင်အပြင် ရှိသည့် အပြာရောင် ဝတ်စုံဝတ် အမျိုးသား တစ်ဦးလည်း ခန်းမအတွင်း ရှိနေခဲ့သည်။
“မိတ်ဆွေလေးကျန်းချန်.. မင်းရောက်လာပြီပဲ”
ကျန်းချန် ရောက်လာသည်ကိုမြင်လျှင် လျှိုချင်းယွီက ပြုံး၍ ပြောလိုက်သည်။
“ငါမိတ်ဆက်ပေးပါရစေ.. ဒီနှစ်ယောက်က စိမ်းလန်းသောမြစ်ဂိုဏ်းရဲ့ ကပ်ဘေးအဆင့် ပါရမီရှင် ဖြစ်တဲ့ ချင်းလီနဲ့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲ ကျန်းယွမ်တို့ပဲ.. သူတို့ကလည်း ဒီတစ်ခေါက် ခရီးစဥ်ကို လိုက်ပါကြလိမ့်မယ်”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လျှိုချင်းယွီကို မေးလိုက်သည်။
“ဒီတစ်ခေါက် ခရီးစဥ်မှာ ပါဝင်ကြမဲ့လူတွေက ဒီလူနည်းစုပဲလား”
“ဟုတ်တယ် မိတ်ဆွေလေးကျန်းချန်.. ငါတို့ ရထားတဲ့သော့က အမွေအနှစ်နယ်မြေထဲကို ဆယ်ယောက်ပဲ ဝင်ခွင့်ရှိတယ်.. အဲဒီထဲက ငါးယောက်စာ နေရာကို တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ဆီ ပေးလိုက်ရပြီ.. ဒါကြောင့် အခု မင်းအပါအဝင် ငါတို့အားလုံး စုစုပေါင်း ငါးယောက်ပဲ သွားရတော့မယ်”
လျှိုချင်းယွီက ရှင်းပြလိုက်သည်။
“ခေါင်းဆောင်လျှို ဘာတွေလေရှည်နေတာလဲ.. အချိန်မဖြုန်းဘဲ သွားကြစို့”
ထိုအခိုက်အတန့်တွင် စိတ်မရှည်သော အမူအရာဖြင့် စိမ်းလန်းသောမြစ်ဂိုဏ်းမှ ကပ်ဘေးအဆင့် ပါရမီရှင် ချင်းလီ၏ စကားသံသည် လူတိုင်း၏ နားထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့သည်။
“ကောင်းပါပြီ သခင်လေးချင်းလီ”
လျှိုချင်းယွီက ပြန်လည် ဖြေကြားလိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
“မိတ်ဆွေလေးကျန်းချန် ငါတို့သွားကြစို့”
“ကောင်းပါပြီ”
ကျန်းချန်က စကားများစွာ မပြောခဲ့သော်လည်း စိတ်ထဲတွင်မူ မစဥ်းစားဘဲ မနေနိုင်ခဲ့ပေ။
ချင်းလီသည် စိမ်းလန်းသောမြစ်ဂိုဏ်း၏ ကပ်ဘေးအဆင့်ပါရမီရှင် ဖြစ်၍ ၎င်း၏ အဆင့်အတန်းသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည့် လျှိုချင်းယွီထက် ပိုမို မြင့်မားသည်မှာ ထင်ရှားနေခဲ့၏။
အကယ်၍ ထိုလူကိုသာ ခေါင်းဆောင်အဖြစ် ထားရှိမည်ဆိုလျှင် ယင်းမှာ ကောင်းမွန်သောအရာ ဖြစ်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤတစ်ကြိမ် ထျန်းယွိ၏ အမွေအနှစ်ကို ရှာဖွေခြင်းသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ အပေါ်တွင် အဓိက အခြေခံထားခြင်း ဖြစ်သောကြောင့် သူ့အနေဖြင့် ပြောစရာစကား သိပ်မရှိပေ။
လျှိုချင်းယွီက ကတိအတိုင်း သူ့ကို ပစ္စည်းတစ်ခု အရင်ရွေးချယ်ခွင့်ပေးသရွေ့ သူ့အတွက် ကိစ္စမရှိပေ။
အကယ်၍ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သာ ကတိဖျက်မည် ဆိုလျှင် သူ့အနေဖြင့် ညှာတာနေလိမ့်မည် မဟုတ်ချေ။
ခန်းမထဲမှ ထွက်လာပြီးနောက်တွင် လျှိုချင်းယွီက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ပေတစ်ရာခန့် ရှည်လျားသော ကြီးမားသည့် အပြာရောင် သင်္ဘောပျံတစ်စင်းသည် လေထုထဲတွင် ပေါ်လာခဲ့သည်။
“သွားကြစို့”
ထိုစကားကိုပြောရင်း လျှိုချင်းယွီသည် ကျန်းချန် တို့ကို သင်္ဘောဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက်တွင်မူ ချက်ချင်းဆိုသလိုပင် သင်္ဘောသည် အပြာရောင် အလင်းတန်းတစ်ခု အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့ပြီး မြောက်အရပ်ရှိ ကောင်းကင်ယံသို့ ဥက္ကာခဲတစ်ခုနှယ် လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
ခဏအကြာတွင် ပျံသန်းနေသော သင်္ဘောသည် စိမ်းလန်းသောမြစ်မြို့၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
စိမ်းလန်းသောမြစ်မြို့၏ အပြင်ဘက်တွင် ပေတစ်ရာကျော် အရွယ်အစားရှိသော ကြီးမားသော လင်းယုန်နက်ကြီး တစ်ကောင်သည် ထိုနေရာ၌ စောင့်ဆိုင်းနေခဲ့သည်။
ထိုလင်းယုန်နက်ကြီးပေါ်တွင် မောက်မာသော အမူအရာဖြင့် ရပ်နေကြသည့် အနက်ရောင်ပုံရိပ်ငါးခု ရှိနေခဲ့သည်။
လင်းယုန်နက်ကြီး၏ ကိုယ်ပေါ်ရှိ ပုံရိပ်ငါးခုကို အကဲခတ်လိုက်ရာ ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ့ရှေ့ရှိ လူငါးဦးသည် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ ထျန်းယွိ၏ အမွေအနှစ်ကို စူးစမ်းရန် အတွက် စေလွှတ်လိုက်သူများ ဖြစ်မှန်း စဥ်းစားနေစရာပင် မလိုဘဲ သိရှိလိုက်သည်။
ဤအနက်ရောင်ပုံရိပ် ငါးဦးထဲတွင် သုံးဦးမှာ အသက်အရွယ်ကြီးသူများ ဖြစ်ကြပြီး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကျန်နှစ်ဦးကမူ လူငယ်နှစ်ဦး ဖြစ်၏။
ထိုနှစ်ဦးထဲတွင် တစ်ဦးမှာ စိမ်းလန်းသောမြစ်ဂိုဏ်းမှ ချင်းလီနှင့် အဆင့်အတန်း တူညီပုံရပြီး ပါရမီရှင်တစ်ဦး ဖြစ်ဟန်တူ၏။
ကျန်ရှိသော နောက်ဆုံးလူငယ်ကမူ ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ရတနာ တစ်ခုခု ရှိနေပုံရပြီး ကျန်းချန်၏ မြင်နိုင်စွမ်းဖြင့်ပင် ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ခဲ့ပေ။
သို့ရာတွင် ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်ကို မမြင်နိုင်လျှင်ပင် ထိုလူငယ်သည် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်ငါးဦး ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်လိမ့်မည်ဟု ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။
“လျှိုချင်းယွီ.. မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့.. ငါတို့တွေ မင်းတို့ကို စောင့်နေတာ အချိန်အတော်ကြာပြီ”
ကျန်းချန်က တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်ငါးဦးကို အကဲခတ်နေစဥ်မှာပင် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ကို ခေါင်းဆောင်လာသည့် သန်မာထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လျှိုချင်းယွီကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မိုဟူ မင်းဘာတွေ အလောတကြီး ဖြစ်နေတာလဲ.. ငါတို့က မင်းရဲ့တောင်းဆိုချက်ကို သဘောတူပြီးပြီ ဆိုမှတော့ မလာဘဲ နေမှာ မဟုတ်ဘူး”
လျှိုချင်းယွီက တည်ငြိမ်စွာပင် ပြောလိုက်သည်။
“မင်းနဲ့အတူ ပါလာတဲ့ လူတွေကိုသာ သေချာခေါ်ခဲ့.. ခဏနေလို့ မျက်ခြေပြတ်သွားမှ ငါ့ကို အပြစ်မတင်နဲ့”
“လျှိုချင်းယွီ.. မင်း လမ်းပြဖို့ပဲ အာရုံစိုက်စမ်းပါ.. ငါတို့ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ အတွက် မင်းဘာမှ စိတ်ပူနေဖို့ မလိုဘူး”
မိုဝူက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
ထို့နောက်တွင် လျှိုချင်းယွီသည် စကားများစွာ ပြောမနေတော့ဘဲ သင်္ဘောကို တိုက်ရိုက်ပင် ထိန်းချုပ်ကာ မြောက်အရပ်ရှိ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
အခန်း(၂၅၃၃)ပြီး၏။
အခန်း(၂၅၃၄)
သင်္ဘောက မြောက်အရပ်သို့ ဦးတည်ကာ ပျံသန်းနေစဥ် လျှိုချင်းယွီသည် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်ငါးဦး၏ အခြေအနေနှင့် ပတ်သက်၍ ကျန်းချန်ကို မိတ်ဆက်ပေးခဲ့သည်။
“မိတ်ဆွေလေးကျန်းချန်.. တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်ငါးဦးထဲမှာ ခေါင်းဆောင်ဖြစ်တဲ့လူက သန်မာထွားကျိုင်းတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်တဲ့ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် မိုဟူပဲ.. သူ့ရဲ့ ခွန်အားကတော့ ငါနဲ့တန်းတူလောက်ပါပဲ.. ကျန်မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကတော့ တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့ရဲ့ အကြီးအကဲ နှစ်ယောက်ပဲ"
"လူငယ်နှစ်ဦးနဲ့ ပတ်သက်ပြီး ပြောရရင် သူတို့က တိမ်တိုက်နက်ဂိုဏ်းရဲ့ ပါရမီရှင်တွေ ဖြစ်ပုံရတယ်.. တိမ်တိုက်နက်ဂိုဏ်းက အမြဲတစေ လျှို့ဝှက်လွန်းတဲ့အတွက် ငါ သူတို့အကြောင်းကိုတော့ မသိဘူး.. ဒါပေမဲ့လည်း တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့က ဒီတစ်ခေါက် ခရီးစဥ်မှာ ဒီလူငယ်နှစ်ယောက်ကို ခေါ်လာတယ် ဆိုကတည်းက ဒီလူငယ်တွေက သာမန်ထက် ထူးခြားတယ် ဆိုတာ သက်သေပြဖို့ လုံလောက်နေပါပြီ”
“ကျွန်တော် နားလည်ပါတယ်”
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူက လျှိုချင်းယွီနှင့် စကားပြောနေသော်လည်း စိတ်ထဲတွင်မူ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့နှင့် ပတ်သက်၍ တွေးတောနေခဲ့သည်။
ဤခရီးစဥ်တွင် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့က ခေါ်ဆောင်လာသော လူငယ်ပါရမီရှင်နှစ်ဦး ထဲတွင် တစ်ဦးသည် စိမ်းလန်းသောမြစ်ဂိုဏ်းမှ ချင်းလီထက် မနိမ့်ကျပေ။
ကျန်တစ်ဦးကမူ အတော်လေး လျှို့ဝှက်ဆန်းကြယ်နေပြီး အနည်းဆုံး မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်ဖြစ်နိုင်လောက်သည်ဟု သူ ခံစားမိခဲ့သည်။
မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင်ပင် သုံးယောက်မျှသာ ရှိသည်။
ယခု မဟာယာနတစ်ပိုင်းအဆင့်ပါရမီရှင်ဖြစ်နိုင်ဖွယ်ရှိသူသည် တိမ်တိုက်နက်ဂိုဏ်းမှ ဖြစ်၍ တိမ်တိုက်နက်ဂိုဏ်း၏ ခွန်အားသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည်ဟု ဆိုရပေမည်။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ အင်အားစုတချို့နှင့် ယှဥ်လျှင်ပင် တိမ်တိုက်နက်ဂိုဏ်းသည် မနိမ့်ကျနိုင်ပေ။
သို့ရာတွင် တိမ်တိုက်နက်ဂိုဏ်း၏ ခွန်အားက ကောင်းမွန်သော်လည်း ကျန်းချန်သည် ဤတစ်ကြိမ် ခရီးစဥ်အတွက် အလွန်အမင်း စိတ်မပူခဲ့ပေ။
ယခုအခါတွင် သူက အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ရာ သာမန် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ပင် သူ့အတွက် အနည်းငယ်မျှ ခြိမ်းခြောက်မှုဖြစ်စေလိမ့်မည် မဟုတ်ချေ။
“ခေါင်းဆောင်လျှို.. တခြားသူတွေကို အမွှမ်းတင်ပြီး ဘာလို့ ကိုယ့်သိက္ခာကို ပြန်ချနေရတာလဲ”
ထိုအခိုက်အတန့်တွင် နံဘေးရှိ ချင်းလီသည် နှုတ်ခမ်းကို တွန့်ကွေးကာ မထီမဲ့မြင် အမူအရာဖြင့် ဝင်ပြောလိုက်သည်။
“တိမ်တိုက်နက်ဂိုဏ်းက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာတောင် မပါဝင်တဲ့ဂိုဏ်းပဲ.. သူတို့လိုဂိုဏ်းက ဘယ်လိုလုပ်ပြီး ကျုပ်လို ပါရမီရှင်တပည့်ကို ပြုစုပျိုးထောင်နိုင်မှာလဲ”
“သခင်လေးချင်းလီ.. တိမ်တိုက်နက်ဂိုဏ်းက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှာ မပါဝင်ပေမဲ့ သူတို့ရဲ့ ခွန်အားကိုတော့ လျှော့တွက်လို့ မဖြစ်ဘူး”
ချင်းလီထံမှ တိမ်တိုက်နက်ဂိုဏ်းကို အထင်သေးနေသည့်အမူအရာအား မြင်လိုက်ရလျှင် လျှိုချင်းယွီ၏ မျက်နှာထက်တွင် အနည်းငယ် စိတ်ပျက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လျှိုချင်းယွီ၏ သတိပေးစကားကိုကြားလျှင် ချင်းလီက မထီမဲ့မြင်လေသံဖြင့် ပြောလိုက်သည်။
“တကယ်လား.. ဒါဆို တိမ်တိုက်နက်ဂိုဏ်းက တပည့်နှစ်ယောက်ကို ငါ့တာဝန်သာထားလိုက်”
ထိုခဏဝယ် ကျန်းချန်သည်ပင် ချင်းလီကို ကြည့်ကာ တစ်ခဏမျှ စကားမပြောနိုင်ဘဲ ဖြစ်သွားခဲ့သည်။
ထိုကောင်လေးသည် ခွန်အားအရာတွင် မဆိုးသော်လည်း လေသံကမူ အလွန်တရာပင် အထက်စီးဆန်နေခဲ့သည်။
တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့၏ လူငယ်ပါရမီရှင် နှစ်ဦးထဲတွင် အားနည်းသော လူငယ်နှင့် ရင်ဆိုင်ရလျှင်ပင် ချင်းလီအနေဖြင့် မည်သည့် အားသာချက်မှ ရရှိနိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဆိုလျှင် ပို၍ပင် ပြောနေစရာမလိုတော့ပေ။
စိမ်းလန်းသောမြစ်ဂိုဏ်းသည် အဘယ်ကြောင့် ဤကဲ့သို့ အားကိုးမရသည့် လူငယ်ကို စေလွှတ်ခဲ့မှန်း ကျန်းချန် အမှန်တကယ် နားမလည်နိုင်ခဲ့ချေ။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်းအပါအဝင် ဖြစ်သော စိမ်းလန်းသောမြစ်ဂိုဏ်းတွင် သူ့ရှေ့ရှိ ချင်းလီမှ လွဲ၍ အခြားသော ပါရမီရှင်လူငယ်များ မရှိတော့၍ ဖြစ်နိုင်ပါသလော။
ကျန်းချန်က တိတ်တဆိတ် ခေါင်းခါရမ်းလိုက်ပြီး လျှိုချင်းယွီကို ကြည့်ကာ ပြောလိုက်သည်။
“ခေါင်းဆောင်လျှို.. ထျန်းယွိရဲ့ အမွေအနှစ်နေရာက ဘယ်နေရာမှာလဲ.. အခု ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလဲ”
လျှိုချင်းယွီက ပြုံး၍ ကျန်းချန်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
“ငါတို့ အခုသွားနေတာက ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းအပါအဝင်ဖြစ်တဲ့ ထိုက်ယီအင်မော်တယ်ဂိုဏ်းရဲ့ နယ်မြေ ဖြစ်တဲ့ ထိုက်ယီကောင်းကင်နယ်မြေပဲ”
“ထိုက်ယီအင်မော်တယ်ဂိုဏ်းလား”
လျှိုချင်းယွီ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ရောက်ရှိလာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အခြေအနေကို မသိနားမလည်သူ တစ်ယောက် မဟုတ်တော့ပေ။
အထူးသဖြင့် ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ အကြောင်းနှင့် ပတ်သက်၍ ကျန်းချန်သည် အတော်လေးရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် တစ်ဂိုဏ်းအပါအဝင် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အတော်လေး နာမည်ကျော်ကြားသောဂိုဏ်း ဖြစ်သည်။
ထို့အပြင် ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်း ထဲတွင် ထိပ်ဆုံးသုံးနေရာ၌ ရှိသော ဂိုဏ်းလည်း ဖြစ်သည်။
ထိုဂိုဏ်းသည် ရှည်လျားသော သမိုင်းကြောင်းရှိသော ဂိုဏ်းဆိုလည်းမမှားပေ။
ထိုက်ယီအင်မော်တယ်ဂိုဏ်းကို စတင် တည်ထောင်ခဲ့သည့် အချိန်မှစ၍ ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်ဆုံး သုံးဂိုဏ်းထဲတွင် အမြဲတစေ ပါဝင်နေခဲ့ကာ ထိုအဆင့်အတန်းတွင် အချိန်ကြာမြင့်စွာ ရပ်တည်နေနိုင်သော ဂိုဏ်းလည်း ဖြစ်သည်။
ကျန်းချန် သိသလောက်ဆိုလျှင် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ရာတွင် ထိုက်ယီအင်မော်တယ်ဂိုဏ်းက ဦးဆောင်ခဲ့ခြင်းပင်။
နတ်ဘုရားနယ်မြေ၏ ပင်မနယ်မြေ ပျက်စီးသွားပြီးနောက်တွင် နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသတွင် ရှိသော ထိုက်ယီအင်မော်တယ်ဂိုဏ်းကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ထိုက်ယီအင်မော်တယ်ဂိုဏ်းဝင်များက တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
ဤတစ်ကြိမ် သူတို့ သွားရမည့်နေရာသည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ နယ်မြေ ဖြစ်နေလိမ့်မည်ဟု ကျန်းချန် ထင်မထားခဲ့ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
ဤတစ်ကြိမ် ထျန်းယွိ၏ အမွေအနှစ်ကို သွားရောက်ရှာဖွေရာတွင် ကြီးမားသော ပြဿနာများနှင့် ရင်ဆိုင်ရလိမ့်မည်ဟု သူ ခံစားနေရ၏။
ကျန်းချန်နှင့် အခြားသူများ စကားပြောဆိုနေသော အချိန်တွင် သူတို့၏ အနောက်မှ ပေရာပေါင်းများစွာ အကွာအဝေးရှိ လင်းယုန်နက်ကြီး ပေါ်တွင် မိုဟူ ဦးဆောင်သော တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ဝင်များသည်လည်း စုဝေးကာ အချင်းချင်း ပြောဆိုနေကြသည်။
“ခေါင်းဆောင်.. စိမ်းလန်းသောမြစ်ကုန်သွယ်ရေးအဖွဲ့က စေလွှတ်လိုက်တဲ့ လူတွေက ကျွန်တော်တို့ မှန်းထားတာနဲ့ သိပ်မကွာဘူး.. သူတို့အဖွဲ့မှာ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦး၊ စိမ်းလန်းသောမြစ်ဂိုဏ်းက နံပါတ်တစ် ပါရမီရှင် ချင်းလီနဲ့ လျှို့ဝှက်ဆန်းကြယ်ပုံရတဲ့ လူငယ်တစ်ယောက်ပဲ ပါဝင်တယ်”
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက ခပ်တိုးတိုး ပြောလိုက်သည်။
“စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ မျက်စိကျခြင်းကို ခံရတယ် ဆိုမှတော့ ဒီကောင်လေးက ထူးခြားတဲ့ပါရမီရှင် တစ်ယောက် ဆိုတာ သေချာသလောက်ပဲ.. ငါသိထားသလောက်ဆိုရင် သိပ်မကြာခင်က ကျင်းပခဲ့တဲ့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲ ကျင်းပစဥ်ကာလမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်တစ်ယောက် ပေါ်ထွက်ခဲ့တယ်.. သူက ကျိုလီအင်မော်တယ်ဂိုဏ်းက လီရှောင်ကိုတောင် အသာစီး ရင်ဆိုင်နိုင်ခဲ့တယ်.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှာ ပါဝင်လာတဲ့ တစ်ယောက်က အဲဒီ တစ်ယောက်ပဲ ဖြစ်ရမယ်”
အခြား မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကလည်း လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် မိုဟူ၏ အမူအရာက လေးနက်သွားခဲ့သည်။
“လီရှောင်ထက် မနိမ့်ကျတဲ့ ပါရမီရှင် ဆိုရင်တော့ ငါတို့ သတိထားမှ တော်ကာကြမယ်.. ဒါပေမဲ့ အဲဒီကောင်လေးရဲ့ အသေးစိတ် အချက်အလက်ကို ငါတို့ မသိသေးဘူး”
“ငါ အဲဒီကောင်လေးရဲ့ အချက်အလက်ကို အနည်းငယ်တော့ သိတယ်”
ထိုအခိုက်အတန့်တွင် တိမ်တိုက်နက်ဂိုဏ်းမှ ကပ်ဘေးအဆင့်ပါရမီရှင်၏ အေးစက်စက် စကားသံသည် လူတိုင်း၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
မိုဟူတို့ သုံးဦးက အံ့အားသင့်သွားခဲ့ပြီး ကပ်ဘေးအဆင့် ပါရမီရှင်ဘက်သို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက တရိုတသေဖြင့် မေးမြန်းလိုက်သည်။
“သခင်လေး ဟိုင်နန်.. စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ဖိတ်ခေါ်ထားတဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်ရဲ့ အချက်အလက်ကို သခင်လေး သိထားသလောက် ပြောပြပါလား”
“သူက ငါတို့ တိမ်တိုက်နက်ဂိုဏ်းရဲ့ ကိစ္စတွေကို ဖျက်ဆီးခဲ့တဲ့ကောင်ပဲ”
ဟိုင်နန် ဟုအမည်ရသည့် ကပ်ဘေးအဆင့် ပါရမီရှင်က အေးစက်စက် ပြောလိုက်သည်။
“သူက ရှဖေးနဲ့အတူ ဆိတ်ငြိမ်သွေးလွင်ပြင်ကို ဖြတ်ကျော်ခဲ့တဲ့သူပဲ.. သူက ငါ့ရဲ့ကပ်ဘေးအဆင့် ငယ်သားနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ရှဖေးကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့ရဲ့ ဌာနချုပ်ဆီ ပြန်ပို့ပေးခဲ့တဲ့သူပေါ့”
ထိုစကားကို ကြားလျှင် မိုဟူတို့ သုံးဦး၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ထိုစဥ်က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် ဆိတ်ငြိမ်သွေးလွင်ပြင်တွင် ထျန်းယွိ၏ အမွေအနှစ်နယ်မြေအတွက် သော့တစ်ခု ရှိကြောင်း သတင်းရရှိခဲ့ပြီးနောက်တွင် မည်သူမျှ သတိမပြုမိစေရန်အတွက် ရှဖေးကို လျှို့ဝှက်စွာ သွားရောက် ယူစေခဲ့သည်။
မမျှော်လင့်ဘဲ ထိုကိစ္စကို စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့တွင် ထည့်သွင်းထားသည့် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့၏ သူလျှိုက သိရှိသွားခဲ့၏။
ထို့နောက်တွင်မူ တိမ်တိုက်နက်ဂိုဏ်းသည် ရှဖေးကို ကြားဖြတ်တိုက်ခိုက်ရန်နှင့် သော့ကို လုယူရန် အတွက် လူတစ်စုနှင့်အတူ ပါရမီရှင် ဟိုင်နင်ကို စေလွှတ်လိုက်သည်။
သို့သော်လည်း ထိုခရီးစဥ်တွင် ရှဖေးသည် အဆင့်မြင့်ကျင့်ကြံသူ တစ်ဦး၏ အကူအညီကို မမျှော်လင့်ဘဲ ရရှိခဲ့၏။
ထိုလူ၏ အကူအညီကြောင့် ဟိုင်နန်၏ အစီအစဥ်က ကျရှုံးသွားခဲ့ပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူ နှစ်ဦးကိုပင် ဆုံးရှုံးခဲ့ရသည်။
အကယ်၍သာ ထိုလူ၏ အကူအညီ မရှိခဲ့လျှင် ထျန်းယွိအမွေအနှစ် နယ်မြေ၏ သော့သည် သူတို့၏ အိတ်ကပ်ထဲသို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ဖိတ်ခေါ်ထားသောသူသည် တိမ်တိုက်နက်ဂိုဏ်း၏ ကိစ္စကို ဖျက်ဆီးခဲ့သူနှင့် တစ်ဦးတည်း ဖြစ်နေလိမ့်မည်ဟု မိုဟူတို့ မမျှော်လင့်ထားခဲ့ပေ။
အခန်း(၂၅၃၄)ပြီး၏။