← Chapters

အခန်း (၂၅၃၅-၂၅၃၆)

Vol. 194 Ch. 2535-2536

အခန်း (၂၅၃၅-၂၅၃၆)

Vol. 194 Ch. 2535-2536

အခန်း(၂၅၃၅)

“သခင်လေးဟိုင်နန်.. စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ဖိတ်ခေါ်ထားတဲ့ လူငယ်က ရှဖေးကို အကူအညီပေးခဲ့တဲ့သူ ဆိုတာ သေချာရဲ့လား”

မိုဟူက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် လေးနက်သော လေသံဖြင့် မေးလိုက်သည်။

ဟိုင်နန်က အေးစက်စက် ပြောလိုက်သည်။

“စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့မှာ ငါတို့ထည့်သွင်းထားတဲ့ သူလျှိုတွေရှိတာပဲ.. ငါက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ.. ဟက်.. တိုက်တိုက်ဆိုင်ဆိုင် ငါတို့က အဓိက ရန်သူနဲ့မှ လာဆုံနေကြတာပဲ”

မိုဟူ၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။

“အဲဒီကောင်လေးက ကျင့်ကြံသူတွေ အလွယ်တကူ ခြေမချရဲတဲ့ ဝမ်ရွှယ်လင်ကိုတောင် ဖြတ်ကျော်နိုင်ခဲ့တာ ဆိုတော့ ရင်ဆိုင်ဖို့မလွယ်လောက်ဘူး”

“ခေါင်းဆောင် မစိုးရိမ်ပါနဲ့.. အဲဒီကောင်လေးက ရင်ဆိုင်ဖို့ မလွယ်ဘူး ဆိုရင်တောင် သခင်လေးဟိုင်ဟဲ နဲ့တော့ ယှဥ်လို့ရမှာမဟုတ်ဘူး”

မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည်။

မိုဟူက သူ၏ အနောက်တွင် မျက်လုံးမှိတ်ကာ တင်ပျဥ်ခွေထိုင်နေသော လူငယ်ကို တစ်ချက် ကြည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

တိမ်တိုက်နက်ဂိုဏ်းသည် အမြဲတစေ လူသိနည်းပြီး လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။

သူတို့ ဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို ဘယ်သောအခါမှ မပြသခဲ့ဖူးပေ။

ထို့ကြောင့် လူအများစု၏ မျက်လုံးထဲတွင် တိမ်တိုက်နက်ဂိုဏ်းသည် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်မှမရှိသည့် သာမန်ဘအင်အားစု တစ်ခုမျှသာ ဖြစ်နေခဲ့ပြီး ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းနှင့် ယှဥ်လျှင် အတော်လေး လိုအပ်နေသေးသည်ဟု ထင်မြင်ခဲ့ကြသည်။

သို့သော်လည်း တိမ်တိုက်နက်ဂိုဏ်း၏ ခွန်အားသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ အင်အားစုတချို့ကိုပင် ကျော်လွန်နေပြီး မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ဦးကိုပင် ပျိုးထောင်ထားနိုင်လိမ့်မည်ဟု မည်သူ သိနိုင်ပါမည်နည်း။

စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ဖိတ်ခေါ်ထားသူသည် ထူးခြားသောပါရမီရှင် ဖြစ်ပြီး ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်နှင့် အခြားသော ထိပ်တန်းအဆင့် ပါရမီရှင်များထက် မနိမ့်ကျလျှင်ပင် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ဦး၏ ရှေ့မှောက်တွင် ဘာမှတတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ဤတစ်ကြိမ် ထျန်းယွိ၏ အမွေအနှစ်မှ အင်မော်တယ် ကံကြမ္မာသည် သူတို့ တိမ်တိုက်နက်ဂိုဏ်း အတွက် ဖြစ်ရန် ကံကြမ္မာ ပါလာခဲ့ပြီဟု ဆိုနိုင်ပေသည်။

ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေ၏ မြောက်ဘက်တွင် တည်ရှိပြီး ကြားထဲတွင် ကျယ်ပြန့်သော နယ်မြေ အများအပြား ရှိသောကြောင့် အလွန်တရာ ဝေးကွာသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ကျန်းချန် တို့သည် ထိုက်ယီကောင်းကင်နယ်မြေသို့ ရောက်ရှိရန် အချိန်သုံးလတိတိ ယူခဲ့ရ၏။

ထိုက်ယီကောင်းကင်နယ်မြေသို့ ရောက်ရှိပြီးနောက်တွင် ကျန်းချန်တို့သည် ထိုက်ယီကောင်းကင်နယ်မြေ၌ ရက်အနည်းငယ် ခရီးနှင်ခဲ့ကြပြီးနောက် ရှေးဟောင်းတောင်တန်း တစ်ခု ဆီသို့ တိုက်ရိုက်ပင် ရောက်ရှိလာခဲ့ကြသည်။

တောင်တန်းများကြားတွင် နေ့တစ်ဝက်ခန့် ခရီးနှင်ပြီးနောက်တွင် ကျန်းချန်တို့သည် အဆုံးသတ်၌ ကြီးမားသော ချိုင့်ဝှမ်းတစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ကြ၏။

ကျန်းချန်တို့က သင်္ဘောကို ရပ်တန့်လိုက်သည့် တစ်ခဏမှာပင် တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့၏ လင်းယုန်နက်သည်လည်း သူတို့၏ နံဘေးတွင် ဆင်းသက်လာခဲ့သည်။

“ဒီနေရာက ထျန်းယွိရဲ့ အမွေအနှစ် ရှိတဲ့နေရာလား”

မိုဟူက သူ့ရှေ့မှ ချိုင့်ဝှမ်းကိုကြည့်ကာ လျှိုချင်းယွီကို မေးလိုက်သည်။

“လျှိုချင်းယွီ အချိန်ဖြုန်းမနေနဲ့.. သော့ကို အမြန်ထုတ်ပြီး ထျန်းယွိ အမွေအနှစ်နယ်မြေကို ဖွင့်လိုက်တော့”

လျှိုချင်းယွီက မိုဟူ၏ စကားကို လျစ်လျူရှုထားခဲ့ပြီး လက်ဟန်များ ပြုလုပ်လိုက်ရာ ရှေးဟောင်းဆန်သည့် ကြေးနီရောင် သော့တစ်ချောင်းသည် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့သည်။

လျှိုချင်းယွီ၏ လှုံ့ဆော်မှုအောက်တွင် ကြေးနီရောင်သော့သည် အနည်းငယ် တုန်ခါသွားခဲ့ပြီးနောက် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အရှေ့ရှိ ချိုင့်ဝှမ်း ဆီသို့ တိုးဝင်သွားခဲ့သည်။

“ဝုန်း..”

ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အရှေ့ရှိ ချိုင့်ဝှမ်းပေါ်တွင် ပြင်းထန်သော ဟင်းလင်းပြင် လှုပ်ခတ်မှုများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် ပေရာပေါင်းများစွာ မြင့်သော နတ်တံခါး တစ်ချပ်သည် ကျန်းချန်တို့၏ ရှေ့တွင် ပေါ်ထွက်လာခဲ့၏။

ထိုနတ်တံခါးသည် ခန့်ညားထည်ဝါပြီး ကောင်းကင်ယံတွင် တည်တံ့နေခဲ့ကာ ဟင်းလင်းပြင်စွမ်းအားများ ဝန်းရံနေခဲ့သည်။

နတ်တံခါးမှတစ်ဆင့် ကျန်းချန်တို့သည် အဖြူရောင် ရေခဲနှင့်နှင်း ကမ္ဘာကြီးကို ခပ်ရေးရေး မြင်တွေ့နိုင်ခဲ့သည်။

ထိုနတ်တံခါးထဲကနေ ရှေးခေတ်ကာလ၏ အရှိန်အဝါ တစ်ခုသည်လည်း မရေမရာ ထွက်ပေါ်နေခဲ့၏။

“ဒါက ထျန်းယွိထားခဲ့တဲ့ အမွေအနှစ် နယ်မြေလား”

နတ်တံခါးကို ကြည့်ကာ ကျင့်ကြံသူ အားလုံး၏ မျက်ဝန်းထဲတွင် လောဘ အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ထျန်းယွိသည် အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နောက်ဆုံး အင်မော်တယ် ဖြစ်သည်။

ထို့ကြောင့် သူချန်ထားရစ်ခဲ့သည့် အမွေအနှစ် ထဲတွင် အင်မော်တယ် ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်များ ပါဝင်နိုင်ခြေ အရှိဆုံး ဖြစ်၏။

ဤလျှို့ဝှက်ချက်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးရှိ ကျင့်ကြံသူ အားလုံးကို ရူးသွပ်သွားစေရန် လုံလောက်၏။

“ဟားဟား လျှိုချင်းယွီ.. ထျန်းယွိ အမွေအနှစ်နယ်မြေ ပွင့်သွားပြီဆိုတော့ ငါတို့အရင် ဝင်သွားနှင့်တော့မယ်”

မိုဟူက ရယ်မောလိုက်ပြီး သူ၏ လူများကို ဦးဆောင်ကာ နတ်တံခါး ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ချင်းလီ၏ မျက်ဝန်းထဲတွင်လည်း အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

“ငါတို့လည်း အမြန်ဝင်ကြရအောင်.. တိမ်တိုက်နက်ကုန်သွယ်ရေးအဖွဲ့ကို အင်မော်တယ်ကံကြမ္မာ အရင်ရသွားအောင် အခွင့်အရေး လုံးဝပေးလို့ မဖြစ်ဘူး”

“ခဏနေဦး”

ထိုအခိုက်အတန့်တွင် လျှိုချင်းယွီသည် ချင်းလီကို ရုတ်တရက် တားဆီးလိုက်သည်။

သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များ ထွက်ပေါ်နေသည့် ကျောက်တုံးငါးတုံးသည် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာခဲ့၏။

“ဒီလိုမျိုး ဟင်းလင်းပြင်တံခါးက ဝင်ရောက်သွားပြီးတဲ့နောက်မှ ကျပန်းပေါ်လာနိုင်ခြေ အရမ်းများတယ်

ဒီကျောက်တုံးတွေက အတိုင်းအတာတစ်ခု အတွင်း ဆိုရင် တစ်ခုနဲ့ တစ်ခု အာရုံခံနိုင်တာကြောင့် ငါတို့တွေ ပြန်လည်စုစည်းဖို့အတွက် အဆင်ပြေစေလိမ့်မယ်”

ထိုစကားကိုပြောရင်း လျှိုချင်းယွီသည် ကျောက်တုံးများကို ကျန်းချန်နှင့် အခြားသူများထံသို့ ပေးအပ်လိုက်သည်။

“အားလုံးပဲ ဂရုစိုက်ကြပါ.. အမွေအနှစ်နယ်မြေထဲကို ရောက်ရင် မတော်တဆမှုတွေ မဖြစ်အောင် အမြန်ဆုံး ပြန်လည်စုစည်းကြဖို့ ကြိုးစားကြပါ”

ထိုစကားကို ပြောပြီးနောက်တွင် လျှိုချင်းယွီတို့ ငါးဦးသည် လေထုထဲရှိ နတ်တံခါး ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့ပြီး နတ်တံခါးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်သည် နတ်တံခါးထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် အချိန်နှင့် ဟင်းလင်းပြင်က ဗြောင်းဆန်သွားသလို ခံစားလိုက်ရသည်။

နောက်ထပ် တစ်စက္ကန့်တွင် ကျန်းချန်သည် ရေခဲနှင့်နှင်း ကမ္ဘာကြီးထဲသို့ ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ပတ်ဝန်းကျင် တစ်ခုလုံးက ဖြူဖွေးနေခဲ့ပြီး ကောင်းကင်နှင့်မြေကြီးတွင်လည်း အေးစက်သော လေထုများဖြင့် ပြည့်နှက်နေခဲ့၏။

အကယ်၍သာ ကပ်ဘေးအဆင့်အောက်ရှိ ကျင့်ကြံသူတစ်ဦးသည် ဤနေရာသို့ ဝင်ရောက်လာခဲ့လျှင် ကောင်းကင်နှင့်မြေကြီးကြားရှိ ကြောက်မက်ဖွယ်ရာကောင်းသော ရေခဲစွမ်းအားကို ခုခံနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်၍ တစ်ခဏအတွင်း ရေခဲရုပ်တု အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

“တကယ်ကို ကြောက်ဖို့ကောင်းတဲ့ အအေးဓာတ်ပါလား.. ဒီထျန်းယွိက ရေခဲစွမ်းအားကို အထူးပြုတဲ့ ကျင့်ကြံသူ တစ်ဦး ဖြစ်ပုံရတယ်”

ကျန်းချန်က အေးစက်သော လေပြင်းများ အကြားတွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သူက နတ်အသိစိတ်အာရုံကို ထုတ်လွှတ်လိုက်ရာ မိုင်ပေါင်းထောင်ချီ ဧရိယာကို တစ်ခဏအတွင်း လွှမ်းခြုံသွားခဲ့သည်။

ဤရေခဲနှင်း ကမ္ဘာကြီးသည် အလွန်တရာပင် ကျယ်ပြန့်၏။

ထျန်းယွိသည် ဤမျှ ကြီးမားသော ရေခဲနှင်း ကမ္ဘာကြီးကို ဖန်တီးနိုင်ခဲ့၍ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ နောက်ဆုံး အင်မော်တယ် ဖြစ်သည်မှာ အမှန်တကယ်ပင် ဖြစ်နိုင်လောက်၏။

“ဒီဟင်းလင်းပြင်တံခါးရဲ့ ပို့ဆောင်မှုက လျှိုချင်းယွီ ခန့်မှန်းထားတဲ့အတိုင်း ကျပန်းပို့ဆောင်မှု ဖြစ်နေတာပဲ”

မိုင်ပေါင်းထောင်ချီ ပတ်ဝန်းကျင်တွင် လျှိုချင်းယွီတို့ လူစု၏ သဲလွန်စကို မမြင်ရသဖြင့် ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

လျှိုချင်းယွီ ပေးထားသော ကျောက်တုံးကို ကြည့်လိုက်ရာ ကျောက်တုံးထံကနေ မည်သည့် တုံ့ပြန်မှုမှ မရှိသည်ကို တွေ့ရှိလိုက်ရသည်။

ဆိုရလျှင် လျှိုချင်းယွီတို့ လေးဦးသည် သူနှင့် အလွန်တရာ ဝေးကွာနေပြီး ကျောက်တုံး၏ အာရုံခံနိုင်စွမ်း အတိုင်းအတာကို လုံးဝ ကျော်လွန်နေသည်မှာ ထင်ရှားနေခဲ့၏။

သို့သော်လည်း ကျန်းချန်သည် ထိုကိစ္စကို အလွန်အမင်း ဂရုစိုက်မနေခဲ့ပေ။

အကြောင်းအရင်းမှာ သူက ထျန်းယွိ၏ အမွေအနှစ် နယ်မြေကို တစ်ကိုယ်တော် စူးစမ်းလေ့လာရန် ပိုမို ဆန္ဒရှိသောကြောင့်ပင်။

လျှိုချင်းယွီတို့ သူ၏ ဘေးတွင် မရှိခြင်းကြောင့် ဤနယ်မြေထဲတွင် သူ၏ အရည်အချင်းများကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်ပြီ မဟုတ်ပါလော။

ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် လမ်းကြောင်း တစ်ခုကို ရွေးချယ်ကာ အမွေအနှစ်နယ်မြေကို စတင် စူးစမ်းရန် ဆုံးဖြတ်ခဲ့သည်။

ထျန်းယွိ အမွေအနှစ်နယ်မြေသည် အဆုံးမဲ့ ကျယ်ပြန့်လှပြီး ကျန်းချန်က နာရီဝက်ခန့် စူးစမ်းလေ့လာခဲ့သည့်တိုင် ရေခဲပြင်မှလွဲ၍ ဘာမှ မတွေ့ရှိခဲ့ပေ။

ခဏအကြာတွင်မူ ရေခဲပြင်၏ အဆုံးသတ်တွင် ရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသော တောင်တန်းတစ်ခုသည် အဆုံးသတ်၌ ပေါ်လာခဲ့၏။

ထိုခဏဝယ် တောင်တန်းဆီကနေ ပြင်းထန်သော စွမ်းအင်လှိုင်း လှုပ်ခတ်မှုများနှင့် သားရဲဟိန်းဟောက်သံက ပျံ့နှံ့လာခဲ့သည်။

အခန်း(၂၅၃၅)ပြီး၏။

အခန်း(၂၅၃၆)

“တစ်ယောက်ယောက်ရှိနေတာလား”

ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

လျှိုချင်းယွီက သူ့ကို ကျောက်တုံးပေးခဲ့သော်လည်း ယခုအချိန်အထိ မည်သည့် တုံ့ပြန်မှုမှ မရှိသေးပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် သူ့ရှေ့ရှိ တောင်တန်းထဲတွင် ရှိနေသော သူသည် လျှိုချင်းယွီတို့ မဟုတ်ဘဲ တိမ်တိုက်နက်ကုန်သွယ်ရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်လောက်၏။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ သူ့ရှေ့ရှိ တောင်တန်းဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။

မကြာမီမှာပင် ကျန်းချန်၏ ပုံရိပ်သည် ရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသော အလွန်တရာ မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီး တစ်ပင် ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

သူက ထိုနေရာကနေ စွမ်းအင်လှိုင်း လှုပ်ခတ်မှုများ ထွက်ပေါ်နေသော နေရာ ဆီသို့ လှမ်းကြည့်လိုက်သည်။

ဤနေရာနှင့် မိုင်ပေါင်းရာချီ အကွာအဝေးတွင် ပေရာပေါင်းများစွာ ရှည်လျားသည့် အနက်ရောင် အကြေးခွံ မိကျောင်းတစ်ကောင်ကို သူမြင်လိုက်ရသည်။

မိကျောင်း၏ ကိုယ်ထည် တစ်ခုလုံးသည် အနက်ရောင်သံမဏိကဲ့သို့ ဖြစ်နေခဲ့ပြီး မျက်လုံးများသည်လည်း မီးအိမ်နီကြီးများကဲ့သို့ ဖြစ်နေခဲ့ကာ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အနက်ရောင် ရေခဲစွမ်းအင်များ ဝန်းရံနေခဲ့၏။

အနက်ရောင်ရေခဲစွမ်းအင်များ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြေပြင်ပေါ်ရှိ ရေခဲနှင့်နှင်းများသည် အကြီးအကျယ် တိုက်စားခံလိုက်ရပြီး ထူထဲသော အနက်ရောင်မီးခိုးများပင် ထွက်ပေါ်လာခဲ့သည်။

အနက်ရောင်အကြေးခွံ မိကျောင်းကြီး၏ အနောက်ဘက်တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရှိနေခဲ့ပြီး ၎င်းတို့သည် အနက်ရောင် အကြေးခွံ မိကျောင်းကြီးကို ပြင်းပြင်းထန်ထန် လိုက်လံ တိုက်ခိုက်နေကြသည်။

အနက်ရောင် အကြေးခွံ မိကျောင်းကြီးကို လိုက်လံတိုက်ခိုက်နေသည့် အမျိုးသားနှင့် အမျိုးသမီးကို မြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

ဤနေရာတွင် ရှိနေသော သူသည် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်ငါးဦး ထဲမှ တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူမူလက ထင်မှတ်ထားခဲ့သော်လည်း မျက်နှာစိမ်း အမျိုးသားနှင့် အမျိုးသမီးတို့ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် ထိုနှစ်ဦး၏ ခွန်အားသည် အားမနည်းဘဲ နှစ်ဦးစလုံးသည် ကပ်ဘေးအဆင့်ကို ရောက်ရှိနေသည့် လူငယ်ပါရမီရှင်များ ဖြစ်ကြ၏။

ကပ်ဘေး အထွတ်အထိပ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထားသည့် အနက်ရောင်အကြေးခွံ မိကျောင်းကြီးသည်ပင် ထိုအမျိုးသားနှင့် အမျိုးသမီး တို့၏ တိုက်ခိုက်မှုအောက်တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။

အကယ်၍သာ အနက်ရောင်အကြေးခွံ မိကျောင်းကြီး၏ ခန္ဓာကိုယ်သည် ကပ်ဘေးအထွတ်အထိပ် အဆင့်ရှိ သားရဲများထက် အဆပေါင်းများစွာ သန်မာခြင်း မရှိခဲ့လျှင် ထို လူငယ်အမျိုးသားနှင့် အမျိုးသမီးတို့၏ ဓားချက်အောက်တွင် သေဆုံးသွားသည်မှာ ကြာပြီ ဖြစ်၏။

“ဒီနှစ်ယောက်က ဘယ်သူတွေလဲ”

သူ့ရှေ့မှ အခြေအနေကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဤနေရာသည် ထျန်းယွိအမွေအနှစ်နယ်မြေ ဖြစ်ပြီး သာမန်လူများအနေဖြင့် ဤနေရာတွင် ပေါ်ထွက်လာရန် မဖြစ်နိုင်ပေ။

ထိုနှစ်ဦးသည် ထျန်းယွိ၏ အမွေဆက်ခံသူများ ဖြစ်နိုင်ပါသလော။

အကယ်၍သာ ထိုသို့မဟုတ်ဘဲ သူတို့ကဲ့သို့ ပြင်ပမှ ဝင်ရောက်လာသူများ ဖြစ်လျှင် ထျန်းယွိ၏ အမွေအနှစ်ကို ဖွင့်လှစ်ရန်သော့သည် သူတို့တွင်သာ ရှိသည် မဟုတ်ဘဲ တခြားသူများတွင်လည်း ရှိနေနိုင်ဖွယ် ရှိသည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အခြားသော အင်အားစုများသည်လည်း ထျန်းယွိ အမွေအနှစ်နယ်မြေကို ဖွင့်လှစ်နိုင်မည့်သော့အား ရရှိကာ ဤနေရာသို့ ဝင်ရောက်လာကြခြင်း ဖြစ်ပုံရသည်။

မည်သို့ပင် ဖြစ်စေကာမူ သူတို့အနေဖြင့် ထျန်းယွိ၏ အမွေအနှစ်နယ်မြေ ခရီးစဥ်တွင် ပိုမို မြင့်မားသော ပြဿနာများနှင့် ရင်ဆိုင်ရဖွယ် ရှိ၏။

ကျန်းချန် အံ့အားသင့်နေစဥ်မှာပင် အနက်ရောင်အကြေးခွံ မိကျောင်းကြီးသည် တစ်ဖက်မှ လူငယ်၏ ဓားချက်ကို ခံလိုက်ရ၍ အရှိန်မြှင့်တင်ကာ ကျန်းချန်၏ လမ်းကြောင်းဆီသို့ ပြေးဝင်လာခဲ့သည်။

ကျန်းချန်က ဆက်လက် ပုန်းကွယ်နေရန် အစီအစဥ် မရှိတော့ဘဲ ရှေးဟောင်းသစ်ပင်ပေါ်ကနေ ဆင်းလာခဲ့ကာ သူ့ထံသို့ ပြေးဝင်လာသော အနက်ရောင် အကြေးခွံ မိကျောင်းကြီးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“ဝုန်း..”

ထိုလက်ဝါးရိုက်ချက်က အနက်ရောင် အကြေးခွံ မိကျောင်းကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီးနောက်တွင် အနက်ရောင်အကြေးခွံ မိကျောင်းကြီးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လေထဲတွင် လွင့်စင်သွားခဲ့ကာ ပေရာပေါင်းများစွာ အကွာအဝေးရှိ မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့သည်။

အနက်ရောင် အကြေးခွံ မိကျောင်းကြီး၏ နောက်ကနေ လိုက်လံ တိုက်ခိုက်နေသော လူငယ်အမျိုးသားနှင့် အမျိုးသမီးတို့သည် သူတို့၏ ခြေရင်းတွင် လဲကျနေသော အနက်ရောင် အကြေးခွံ မိကျောင်းကြီးကို ကြည့်ပြီး မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။

မကြာမီမှာပင် သူတို့သည် တစ်စုံတစ်ရာကို ချက်ချင်းဆိုသလို အာရုံခံမိလိုက်ပြီး ကျန်းချ န်ရှိနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“မင်း မင်းဘယ်သူလဲ”

သူတို့၏ မြင်ကွင်းထဲတွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် တစ်ဖက်မှ လူငယ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် သတိထားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ထိုလူငယ်သည် သူ့ရှေ့ရှိ အနက်ရောင် အကြေးခွံ မိကျောင်းကြီး၏ ခွန်အားကို ရှင်းလင်းစွာ သိရှိထားခဲ့သည်။

အနက်ရောင်အကြေးခွံ မိကျောင်းကြီးသည် သူတို့၏ လက်ချက်ဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိထားသော်လည်း ရုတ်တရက် ပေါ်ထွက်လာသည့် လျှို့ဝှက်ဆန်းကြယ်သောလူငယ်သည် အနက်ရောင်အကြေးခွံ မိကျောင်းကြီးကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်ပုံထောက်လျှင် ထိုလူငယ်၏ ခွန်အားသည် သူ့ထက်ပင် မနိမ့်ကျနိုင်ကြောင်း သက်သေပြနေခဲ့သည်။

သူတို့ဂိုဏ်းအပြင် ဤထျန်းယွိ အမွေအနှစ်နယ်မြေတွင် အခြားသော လူသားများ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤနေရာသည် ထျန်းယွိ ချန်ထားရစ်ခဲ့သော အမွေအနှစ်နယ်မြေဖြစ်ပြီး မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ဝင်ရောက်နိုင်ခြင်း မရှိပေ။

သူတို့ဂိုဏ်းသည်ပင် ကံကောင်း၍သာ ဤနေရာသို့ ဝင်ရောက်ရန် သော့ကို ရရှိခဲ့ခြင်း ဖြစ်၏။

သို့ဆိုလျှင် သူ့ရှေ့မှလူငယ်သည် ထျန်းယွိ အမွေအနှစ်နယ်မြေထဲတွင် အသက်ရှင်ကျန်ရစ်နေသူ ဖြစ်နိုင်ပါသလော။

ကျန်းချန်က သူ့ရှေ့မှ လူငယ်အမျိုးသားနှင့် အမျိုးသမီးကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြောလိုက်သည်။

“တကယ်တော့ ငါလည်းသိချင်ပါတယ်.. မင်းတို့က ဘယ်သူတွေလဲ.. ဘယ်လိုလုပ်ပြီး ဒီအမွေအနှစ်နယ်မြေထဲကို ရောက်လာရတာလဲ”

“စီနီယာအစ်ကို.. သူနဲ့ စကားပြောမနေနဲ့တော့.. သူ့ကို တစ်ခါတည်းသာ သတ်ပစ်လိုက်”

အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးက အေးစက်စက် အမူအရာဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

ထို့နောက်တွင် သူမက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ အပြာရောင် ဓားအလင်းသည် နေရာလွတ်ကို ချက်ချင်းဆိုသလို ဖြတ်ကျော်ကာ ကျန်းချန် ထံသို့ သက်ရောက်လာခဲ့သည်။

“မင်းရဲ့ခွန်အားလောက်နဲ့ ငါ့ကို သတ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး”

ကျန်းချန်က သူ၏ လက်ချောင်းမှ စွမ်းအားဖြင့် ပစ်ခတ်လိုက်ရာ သူ့ထံသို့ သက်ရောက်လာသော အပြာရောင်ဓားအလင်းသည် လေထဲတွင် ချက်ချင်းဆိုသလို ချေဖျက်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျန်းချန် ထုတ်ဖော်လိုက်သော စွမ်းအားသည် အပြာရောင်ဝတ်စုံဝတ် အမျိုးသား၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။

အမျိုးသမီးက ပေရာပေါင်းများစွာ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူမ၏ မျက်နှာက အလွန်အမင်း ဖြူဖျော့သွားခဲ့ပြီး ဆန့်ကျင်ဘက်မှ လူငယ်ကို ကြည့်နေသည့် သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ရှိနေခဲ့သည်။

သူမ၏ ပါရမီသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင်ပင် ထိပ်တန်း အဆင့်တွင် ရှိသည်။

သို့သော်လည်း သူမ ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် လက်ချောင်းလေး တစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်ရုံဖြင့်ပင် သူမကို အနိုင်ယူလိုက်၏။

ဤကဲ့သို့ အစွမ်းထက်သည့် လူငယ် ပါရမီရှင်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးတွင်ပင် အလွန်တရာရှားပါးသည့် ပါရမီရှင်များထဲမှ တစ်ဦးသာ ဖြစ်နိုင်ပေသည်။

“ဂိုဏ်းတူ ညီမလေး”

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လူငယ်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အပြာရောင်ဝတ်စုံဝတ် အမျိုးသမီး၏ နံဘေးတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ တစ်ပေခန့် ရှည်လျားသော အပြာရောင် သစ်သားဓားတစ်လက်သည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

“ဝုန်း..”

လူငယ်၏ လှုံ့ဆော်မှုအောက်တွင် အပြာရောင် သစ်သားဓားသည် လေထဲတွင် ကြီးမားသော အပြာရောင်နတ်သစ်ပင် တစ်ပင်အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ကျန်းချန်ကို ဖိနှိပ်ရန် သက်ရောက်လာခဲ့သည်။

လူငယ်သည် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ခွန်အားကို အလွန်ပင် ရှင်းလင်းစွာ သိရှိထားခဲ့သည်။

သူက အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးထက် အနည်းငယ်ပို၍ သန်မာသော်လည်း သူမကို တစ်ကွက်တည်းဖြင့် အနိုင်ယူရန်မှာ မလွယ်ကူပေ။

သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးကိုပင် တစ်ကွက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်ခဲ့ရာ ထိုလူငယ်၏ ခွန်အားသည် သူ့ထက် အဆပေါင်းများစွာ သာလွန်မည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် လူငယ်က သူ၏ အစွမ်းအထက်ဆုံး ဝှက်ဖဲကို ထုတ်သုံးရန် တုံ့ဆိုင်းမနေတော့ချေ။

လေထဲရှိ အပြာရောင်နတ်သစ်ပင်ကြီးကို ကြည့်ကာ ကျန်းချန် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ထိုစဥ်က နတ်ကုန်းမြေတိုက်၏ မြောက်ဘက်ဒေသတွင် ကျန်းချန်သည် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်ခဲ့ဖူးပြီး ထိုကပ်ဘေးအဆင့်ကျင့်ကြံသူ ထုတ်သုံးခဲ့သော နတ်စွမ်းအားသည် လူငယ် ထုတ်သုံးခဲ့သည့် နတ်စွမ်းအားနှင့် အလွန်ပင် ဆင်တူနေခဲ့သည်။

သို့သော် လူငယ် ထုတ်သုံးလိုက်သော နတ်စွမ်းအားသည် ထိုစဥ်က သူရင်ဆိုင်ခဲ့ဖူးသည့် နတ်စွမ်းအားထက် ပိုမို အစွမ်းထက်နေသည်မှာ သိသာနေခဲ့၏။

“ဒီနှစ်ယောက်က ထိုက်ယီအင်မော်တယ်ဂိုဏ်းကပဲ ဖြစ်ရမယ်”

ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် ကျန်းချန်၏ စိတ်နှလုံးသည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

ထျန်းယွိ အမွေအနှစ်နယ်မြေ၏ သော့သည် သူခန့်မှန်းထားသည့်အတိုင်းပင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ တစ်ဖွဲ့တည်းသာ ရရှိထားခြင်း မဟုတ်ပေ။

ထိုက်ယီအင်မော်တယ်ဂိုဏ်းသည်လည်း ထျန်းယွိ အမွေအနှစ်နယ်မြေ၏ သော့ကို ရရှိထားပုံရပြီး ဤနေရာသို့ ဝင်ရောက်ရန်အတွက် ဂိုဏ်းဝင်များကို စေလွှတ်ထားပုံရ၏။

အခန်း(၂၅၃၆)ပြီး၏။

All Chapters