အကြွေးရှင် အလည်လာခြင်း
Vol. 11 Ch. 159
မွန်းတည့်ချိန်ဖြစ်ပြီး နေမင်းကြီးက အရှိန်တညီးညီး ထွန်းလင်းနေသည်။ သာမန်လူများအနေဖြင့် ကောင်းကင်ဝေဟင်ပြင်ရှိ နေမင်းကြီးကို မော့ကြည့်ရန် ခက်ခဲသည်။
နေရောင်အောက်၌ ရပ်နေသော ကူးမုချင်းသည် နတ်မိမယ်လေးအလား ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေသည်။
လိမ္မော်ရောင်ဖျော့ဖျော့တာအိုဝတ်ရုံက သူမ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ထားပါသော်ငြား ထူးခြားပြေပြစ်သော ခန္ဓာကိုယ်အလှအပများကို အပြည့်အဝ ဖုံးကွယ်ထားခြင်းငှာ မစွမ်းသာချေ။ ထိုကောက်ကြောင်းများသည် သိသာထင်ရှားပြီး ထိုဝတ်ရုံအောက်၌ မည်မျှ ပြေပြစ်ကြော့ရှင်းသော အလှအပများ ရှိနေမည်ကို မြင်ယောင်နိုင်သည်။
အင်္ကျီလက်အောက်မှ တိုးထွက်နေသော ကျောက်စိမ်းပမာ လက်မောင်းသွယ်သွယ်လေး၊ လှပနူးညံ့သော လည်တိုင်ကြော့ကြော့လေး၊ ရေတံခွန်သဖွယ် ပိတုန်းရောင်ဆံပင်ရှည်များနှင့် ထူးခြားသော ရုပ်ရည်သွင်ပြင်၊ အိစက်နူးညံ့သော အသားအရေတို့ကို ပေါင်းစပ်လိုက်သောအခါ အလှပြယုဂ်တစ်ခုသဖွယ် ဖြစ်နေသည်။
ထိုလှပသော မြင်ကွင်းကို ကျန်းစန်း မြင်သောအခါ အတန်ငယ် မှင်သက်သွားရပြီး မျက်နှာကြီး နီမြန်းလာသည်။ သို့သော်လည်း မှောင်ရိပ်ထဲတွင် ရွှီချင်းသည် အမူအရာမပျက်ဘဲ မိန်းမပျို၏ လည်ပင်းကို အေးတိအေးစက် ကြည့်နေသည်။
ထိုမိန်းမပျိုက လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ ရွှီချင်းအတွက် အရေးမပါပေ။ ယင်းသည် ထိုမိန်းမပျိုကို ပထမဆုံးအကြိမ် သူ မြင်ဖူးခြင်း မဟုတ်ချေ။ ပင်မမြို့ကြီးထဲ၌ သူ မြင်ဖူးသည့် အဓိကဂိုဏ်းသား အများအပြား မရှိသည်ဖြစ်၍ ထိုမိန်းမပျိုမှာ ပြီးခဲ့သည့်လများအတွင်းက ဆေးဆိုင်အပြင်ဘက်၌ တွေ့ခဲ့သည့် မိန်းမပျိုသာ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သိသည်။
ယခင်က သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွတ်တိုက်သွားမိရုံသာ ဖြစ်ပါသော်လည်း ယခုတစ်ခေါက်တွင် ထိုမိန်းမပျိုက သူ့နာမည်ကို ခေါ်လာခဲ့သည်။ ထို့ကြောင့် ရွှီချင်း အလွန် သတိထားသွားရသည်။ တစ်ဖက်မိန်းမပျိုက သူ့အသက်ကို ခြိမ်းခြောက်နိုင်လားဆိုသည်ကို သူ အတည်ပြုရပေမည်။
သူ လှမ်းကြည့်လိုက်ပြီးနောက် ရင်ထဲတွင် သုံးသပ်လိုက်သည်။ သူသာ အမှန်တကယ် တိုက်ခိုက်မည်ဆိုပါက တစ်ဖက်မိန်းမပျိုကို တခဏလေးအတွင်း သတ်နိုင်မည်ဟု သူ ယုံကြည်သည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားပါသော်လည်း ရပ်နေသည့်ကိုယ်နေဟန်ထားအရဖြစ်စေ၊ သတိအရာတွင်ဖြစ်စေ ပင်လယ်ဖွတ်ကျွန်းမှ လေလွင့်ကျင့်ကြံသူများအောက် များစွာ နိမ့်ကျနေသေးသည်။
တစ်ဖက်လူက မှော်ဆေးပညာကို လိုက်စားသော ဒုတိယမြောက်တောင်ထိပ်၏ အဓိကဂိုဏ်းသူတစ်ယောက် ဖြစ်နေ၍ ဘေးပတ်ဝန်းကျင်တွင် အဆိပ်များ ရှိ၊ မရှိ သူ အလိုလို စစ်ဆေးကြည့်လိုက်သည်။
“ မောင်လေးရွှီချင်း၊ အံ့သြမသွားနဲ့ဦးနော်၊ နင့်နာမည်ကို အစ်ကိုကြီး ကျန်းစန်းက မပြောဘူး။ ငါ အမှတ်မထင် သိခဲ့တာ ”
ကူးမုချင်းက ချိုလွင်စွာ ပြုံး၍ ပြောလိုက်သည်။ ကူးမုချင်း၏အသံသည် ကြည်လင်ပြီး ကြားရသူအဖို့ နားဝင်ချိုစေသည်။
ကျန်းစန်းမှာ ရင်ခုန်နှုန်းမြန်သွားရပြီး အနှီမိန်းမပျိုက ဒုတိယမြောက်တောင်ထိပ်၌ ရေပန်းစားသော နတ်မိမယ်ဖြစ်ထိုက်ပါပေသည်ဟု တွေးမိလိုက်သည်။ ထိုကဲ့သို့ မိန်းမပျိုတစ်ဦးက သူ့ကို ဂိုဏ်းတူအစ်ကိုဟု ခေါ်ဆိုခဲ့ရာ သူ အလွန် ကျေနပ်သဘောကျနေရသည်။
သူက တဟားဟား ရယ်မောလိုက်ပြီး တစ်ခုခုပြောရန်ပြင်လိုက်စဉ် ရွှီချင်း၏ တုံးတိတိစကားသံ ထွက်ပေါ်လာသည်။
“ မအံ့သြပါဘူး ”
“ အာ …”
ကျန်းစန်းသည် ရွှီချင်းကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် အော်ပြောလိုက်၏။
‘ ရွှီချင်း၊ ဟေ့ကောင် ရွှီချင်း၊ တစ်ဖက်မိန်းကလေးက စကားစလာတာကို မင်းက ဘာလို့ မထုံတတ်တေး လုပ်နေရတာတုံး။ ငါသာ မင်းနေရာမှာဆို ချက်ချင်း သူ့ဆီသွားပြီး စကားတွေ ပြောပစ်လိုက်မှာ။ ဒီလိုမျိုး ကံကြမ္မာက ကြုံရခဲတယ်ကွ ’
ကူးမုချင်းက ပြုံး၍ ဆေးလုံးတစ်လုံးကို ရွှီချင်းထံ ကမ်းပေးလိုက်သည်။
“ မောင်လေးရွှီချင်း၊ နင့်အဖြူရောင်ဆေးလုံးတွေအကုန်လုံးကို ငါ့ဆိုင်က ဝယ်လိုက်တာလေ။ အဲဒီဆေးလုံးတွေကို ငါ လေ့လာနေတာ အတော်ကြာပြီ။ အဲဒီဆေးတွေရဲ့ သန့်စင်နှုန်းက ဘာလို့ အဲဒီလောက်ကြီး မြင့်မားနေရတာလဲဟင် ”
ရွှီချင်းက လှမ်းကြည့်လိုက်ပြီး ထိုဆေးလုံးများက သူ ဖော်စပ်ထားသောဆေးများဖြစ်ကြောင်း သိလိုက်သည်။ အတန်ငယ် တွေးတောပြီးနောက် ကူးမုချင်း၏မေးခွန်းကို သူ မဖြေဘဲ ပင်လယ်ဖွတ်အရေခွံအနည်းငယ်ကို ထုတ်လိုက်သည်။
“ ချီစုစည်းခြင်းအဆင့်ရှစ် ပင်လယ်ဖွတ်အရေခွံက ဝိညာဉ်ကျောက်တုံးငါးရာ့သုံးဆယ်၊ ချီစုစည်းခြင်းအဆင့်ကိုး ပင်လယ်ဖွတ်အရေခွံက ဝိညာဉ်ကျောက်တုံးကိုးရာ့ခြောက်ဆယ်၊ ချီစုစည်းခြင်းအဆင့်အထွတ်အထိပ် ပင်လယ်ဖွတ်အရေခွံအတွက်ကတော့ ဝိညာဉ်ကျောက်တုံး တစ်ထောင့်လေးရာသုံးဆယ်၊ ဘယ်လောက်လိုချင်တာလဲ ”
ရွှီချင်းပြောသည့်ဈေးက ဈေးဆိုင်များ၏ ရောင်းဈေးဖြစ်သည်။ သူသာ ထိုကဲ့သို့ ဈေးနှုန်းဖြင့် ဈေးဆိုင်များကို သွားရောင်းမည်ဆိုပါက မရနိုင်ကြောင်း ခံစားမိနေသည်။ ကူးမုချင်းက ဝယ်ချင်နေသည့်အတွက်ကြောင့် ကူးမုချင်းကို ရောင်းလျှင် ပို၍ အကျိုးအမြတ်ရနိုင်သည်။
ကူးမုချင်းက ပင်လယ်ဖွတ်အရေခွံများကိုကြည့်၍ မျက်လုံးများ ဝင်းလက်သွားသည်။ သို့သော်ငြား ၎င်းတို့ကို ချက်ချင်း မဝယ်သေးဘဲ စောစောက ပြောခဲ့သည့်မေးခွန်းကို ဆက်မေးလိုက်သည်။ ရွှီချင်းကို မှတ်မိသွားပြီးနောက် ကူးမုချင်း၏ စိတ်ဝင်စားမှုက ပင်လယ်ဖွတ်အရေခွံမှ တခြားတစ်ခုသို့ ပြောင်းလဲသွားသည့်အလားပင်။
ရွှီချင်းမှာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပါသော်ငြား ကူးမုချင်း၏ ဆိုင်က သူ၏ အဖြူရောင်ဆေးလုံးများစွာကို ဝယ်ယူခဲ့ပြီး ယခုတွင်လည်း ပင်လယ်ဖွတ်အရေခွံများအား ဝယ်တော့မည်ကို တွေးမိသောအခါ စိတ်ရှည်လက်ရှည်ဖြင့် ဖြေလိုက်သည်။
“ ဆေးဖော်စပ်နေတုံး ညဉ့်နွားထီးအသေပင် နည်းနည်း ထပ်ထည့်လိုက်ရင် သန့်စင်နှုန်း တိုးလာမှာပါ ”
မိန်းကလေးမှာ အတွေးနက်သွားဟန်တူသည်။ ခဏအကြာ ယဉ်ကျေးစွာဖြင့် မေးခွန်းထပ်မေးလိုက်ပြန်၏။ သို့သော်လည်း ရွှီချင်း၏ ရင်ထဲတွင် စိတ်မရှည်နိုင်အောင် ဖြစ်လာသည်။ သူ သိရသရွေ့ အသိပညာဆိုသည်မှာ အလကားရနိုင်သည့်အရာ မဟုတ်ပေ။
တစ်ဖက်လူ၏ အပြုအမူများက အနည်းငယ် လွန်လာပေသည်။
ဂိုဏ်းတူအစ်မတင်းသည်လည်း ထိုသဘောတရားကို ကောင်းစွာ နားလည်ထားပြီး မေးခွန်းမေးသည့်အခါတိုင်း အဖိုးတန်သော အရာတစ်ခုခု ပေးတတ်သည်။
ထို့ကြောင့် ရွှီချင်းက မဖြေပေ။ ထိုအစား အဆိပ်တာအိုအကြောင်းကို မေးလိုက်၏။
“ တစ္ဆေဆန္ဒကောင်ရဲ့ အပြာရောင်သွေးကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်ဖို့နဲ့ အဆိပ်ဓာတ်ပြင်းသွားအောင် လုပ်တဲ့နည်းလမ်း ရှိလား ”
ကူးမုချင်းသည် စဉ်းစားလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“ အဲဒါကိုတော့ တစ်ခါမှ မကြားဖူးဘူး။ ဆရာ ငါ့ကို သင်ပေးတာက ရောဂါပျောက်ဆေးတွေအကြောင်းပဲ။ ခဏ စဉ်းစားကြည့်လိုက်ဦးမယ်။ ငါသာ ဆိုရင် အသက်ဓာတ်ရေနွေးကြမ်းထပ်ထည့်ပြီး တစ္ဆေဆန္ဒကောင်ရဲ့ အဆိပ်ကို တိုးသွားအောင် လုပ်မိလောက်မယ် ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ခဏအကြာ သူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ကူးမုချင်း၏ စကားများက သူ့ကို စိတ်ကူးအနည်းငယ် ရသွားစေခဲ့သည်ဖြစ်၍ သူ ထပ်မေးကြည့်လိုက်သည်။
“ အသက်ဓာတ်ရဲ့ ပင်ကိုယ်သဘာဝကိုက အဆိပ်ဖြေနိုင်စွမ်းရှိပေမဲ့ အဆိပ်ဓာတ်လည်း ပါနေတယ်။ ကျနော် အဲဒီအဆိပ်ကို ဓာတ်ကူဆေးအဖြစ် ဘယ်လိုပြောင်းလို့ရမလဲ ”
“ အာ … လာပြန်ပြီ အဆိပ်ပဲ။ စဉ်းစားကြည့်လိုက်ဦးမယ်။ ရွှေကြယ်သီးမြက်ကိုသုံးပြီး အတင်း ပြောင်းကြည့်လို့ ရမယ်ထင်တာပဲ ”
ကူးမုချင်း၏ လေသံက မရေမရာဖြစ်နေဟန်ရှိပါသော်လည်း ရွှီချင်းကို စိတ်အားတက်ကြွသွားစေဆဲပင်။
ထို့ကြောင့် ရွှီချင်း၏ သိလိုစိတ်များ တိုးပွားလာရပြီး ကူးမုချင်နှင့် ဆေးတာအိုအကြောင်း ဆွေးနွေးလိုက်သည်။ သူတို့နှစ်ယောက်၏ စကားများက အနည်းငယ် ထူးဆန်းးသည်။ ရွှီချင်းက အများအားဖြင့် အဆိပ်တာအိုအကြောင်းကို မေးမြန်းပြီး ကူးမုချင်းက ဆေးတာအိုနှင့်ပတ်သက်၍ မေးမြန်းသည်။
သို့ပေမည့် ထိုအရာက မည်သည့်သက်ရောက်ခြင်းမျှ မရှိစေဘဲ သူတို့နှစ်ယောက်ကြားတွင် ဆက်နွယ်မှုရေးရေးပင် ဖြစ်သွားစေသည်။ အမှန်စင်စစ် သူတို့ ဆွေးနွေးပြောဆိုမိလာသည်နှင့်အမျှ ပို၍ပင် နားလည်လာရသည်။ နောက်ဆုံး၌ ကူးမုချင်းက အရိပ်ထဲသို့ လျှောက်သွားပြီး ရွှီချင်းနှင့် ဆက်လက်ဆွေးနွေးလိုက်သည်။
အချိန်များ ကုန်လွန်လာသည်။
နေရောင်ခြည်အောက်ရှိ အရိပ်ထဲတွင် ယောက်ျားပီသချောမောသော လုလင်ပျိုတစ်ဦးနှင့် ထူးခြားစွာ လှပသော မိန်းမပျိုတစ်ဦးတို့ကြောင့် လှပသော မြင်ကွင်းတစ်ရပ် ဖြစ်နေပေသည်။ တောသားတစ်ယောက်ပုံစံဖြစ်နေသော ကျန်းစန်းသည်သာ ထိုမြင်ကွင်းထဲမှ အနည်းငယ် အပြင်ထွက်နေ၏။
ထိုအချိန်၌ ကျန်းစန်းမှာ အံ့အားသင့်လွန်း၍ သူတို့နှစ်ယောက်ကို အဓိပ္ပာယ်မဲ့စွာ ငေးကြည့်လိုက်သည်။ ခဏအကြာ သက်ပြင်းရှည်ကြီးချလိုက်ပြီး ရုပ်ရည်ချောမောသည်မှာ အားသာချက်ကြီးတစ်ခုဖြစ်ကြောင်း တစ်ကိုယ်တည်း တွေးတောမိလိုက်သည်။
သူ့စီးပွားရေးသည်လည်း ပျက်စီးကိန်းဆိုက်တော့မည်လား တွေးမိကာ သူ ရင်တဒိန်းဒိန်း ခုန်လာရပြန်သည်။ သို့သော်လည်း ရွှီချင်းက ယခုလေးတင် ပင်လယ်ထဲမှ ပြန်ရောက်လာသည်ဖြစ်ရာ နောက်တစ်ခါက် ပြန်သွားဦးမည်မဟုတ်ကြောင်း တွေးမိသောအခါ စိတ်သက်သာရာရသွားသည်။ သို့သော်လည်း သူ မနေနိုင်တော့ဘဲ ပြောလိုက်၏။
“ အဲ … ညီလေးရွှီချင်း၊ အရင်ဆုံး မင်းမှော်လှေကို ငါ့ကို ပေးလိုက်ပါလား။ ငါ ပြင်ထားလိုက်မယ်။ မင်းတို့စကားပြောတာကလည်း နည်းနည်း ကြာဦးမယ်ထင်တယ် ”
ထိုစကားကို ရွှီချင်း ကြားသောအခါ ကျန်းစန်းကို လက်နှစ်ဖက်ဆုပ်ပြလိုက်ပြီး လှေမြန်လေး ပေးလိုက်သည်။
ကျန်းစန်းက လှေမြန်လေးကို ထည့်ထားသော ပုလင်းလေးအား အလိုလို လှမ်းယူလိုက်သည်။ ပုလင်းထဲရှိ ပျက်စီးနေသော လှေမြန်လေးကို ကြည့်၍ သူ့မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး တဒင်္ဂကြာသည့်တိုင်အောင် မှင်သက်သွားရသည်။
“ မှော်လှေက ဘယ်မှာတုံး။ ဒါ မင်း မှော်လှေထဲ ငါ ထည့်ပေးလိုက်တဲ့ လှေမြန်မဟုတ်လား ”
“ အဲဒါက ပျက်စီးသွားပြီ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် ကူးမုချင်းနှင့် အဆိပ်တာအိုအကြောင်း ဆက်လက်ဆွေးနွေးလိုက်သည်။
ကျန်းစန်းက အသက်ဝဝရှူသွင်းလိုက်ပြီး လက်ထဲရှိ ပုလင်းလေးကို ကြည့်ကာ ယခုတစ်ခေါက် ပင်လယ်ခရီး၌ ရွှီချင်းက သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့ခဲ့ရကြောင်း သဘောပေါက်လိုက်သည်။
ထိုသို့ဖြင့် လေးနာရီ ကုန်လွန်သွားသည်။
ဆည်းဆာနေရောင်ခြည်တန်းများက လောကတစ်ခွင် ဖြာကျနေပြီး မြေပြင်ပေါ်ရှိ အမှောင်ထုက အပြင်လောကမှ အလင်းတန်းများနှင့် ရောယှက်သွားသည်။ ကူးမုချန်း၏ အားမရသေးဟန်တူသော အကြည့်အောက်တွင် ရွှီချင်းက စကားစကို အဆုံးသတ်၍ ပင်လယ်ဖွတ်အရေခွံများကို ရောင်းချလိုက်သည်။
“ ဂိုဏ်းတူမောင်လေး ရွှီချင်း၊ ငါ့သံသယတွေရှင်းပေးလို့ ကျေးဇူးပါပဲ။ ဒီနေ့က နည်းနည်းလဲ နောက်ကျနေပြီဆိုတော့ ငါ အရင် ထွက်သွားလိုက်မယ်။ ပြန်ရောက်ရင် နင်ပြောတဲ့ နည်းလမ်းကို သုံးပြီး စမ်းကြည့်လိုက်မယ်။ ဒါပေမဲ့ အောင်မြင်ဖို့ အရမ်းခက်မယ်လို့ ထင်နေတုံးပဲ။ တကယ်တော့ အရင်က ငါ ခဏခဏ ကြိုးစားကြည့်ဖူးတယ်။ တစ်ခါတလေမှပဲ အဲဒီလောက် သန့်စင်နှုန်းကို ရောက်တာ ”
ကူးမုချင်းက မချင့်မရဲဖြင့် ပြောသည်။
ထိုအကြောင်းကို ရွှီချင်း တွေးကြည့်လိုက်သည်။ တစ်ဖက်တွင် ယင်းသည် သမားတော်ကြီးပိုင် သင်ပေးလိုက်သည့် ဆေးဖော်စပ်နည်းနှင့် ဆက်စပ်နေနိုင်ကြောင်း တွေးမိလိုက်သည်။ တခြားတစ်ဖက်၌ ယင်းသည် သူ့ခန္ဓာကိုယ်တွင် ဓာတ်နှောများ လုံးဝကင်းရှင်းနေသည့်အချက်နှင့်လည်း ဆက်နွယ်နေနိုင်သည်။
သူ ဆေးဖော်စပ်သည့်အခါ သူ့ခန္ဓာကိုယ်မှ ဆေးလုံးများထဲသို့ ပေါင်းစပ်သွားစေနိုင်သည့် မည်သည့်အငွေ့အသက်မျှ ထွက်ပေါ်မလာခဲ့ပေ။
သို့သော်လည်း ထိုအကြောင်းကို သူ ထုတ်ပြောမည် မဟုတ်ပေ။
ကူးမုချင်းက ခေါင်းလေးကိုသာ ခါယမ်း၍ စဉ်းစားတွေးတောနေသည့်အမူအရာဖြင့် ထွက်သွားသည်။
ရွှီချင်းက လေးနက်သော အမူအရာဖြင့် အနည်းငယ် ခါးကုန်း၍ အရိုအသေပေးလိုက်သည်။ ဤနှီးနှောဖလှယ်ခြင်းမှ သူ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး အဆိပ်တာအိုအကြောင်းကို နက်နက်နဲနဲ နားလည်လာခဲ့သည်။ သူ့ခေါင်းထဲတွင် အဆိပ်ဆေး ဖော်စပ်နည်းနှင့်ပတ်သက်၍ ခပ်ရေးရေး တွေးမိနေပြီ ဖြစ်သည်။
ကူးမုချင်း ထွက်သွားသည်ကို မြင်ပြီး ကျန်းစန်းက ရွှီချင်းဘေးသို့ လာ၍ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“ ရွှီချင်း၊ မင်းလှေက ပြုပြင်ဖို့ မလွယ်ဘူးဟ။ အဲဒီလှေကို ပြုပြင်ဖို့ ဝိညာဉ်ကျောက်တုံးအများကြီး ငါ မတတ်နိုင်ဘူး။ လှေအသစ်ဆောက်လိုက်တာနဲ့ အတူတူလောက် ကျသွားမှာ။ ဈေးကြီးလွန်းတယ် ”
ရွှီချင်းသည် တစ်ခွန်းမှ မပြောဘဲ ဘေးဘီဝဲယာကို အကဲခတ်ပြီးနောက် နတ်ဖွတ်အရေခွံသုံးခုအနက် တစ်ခုကို ထုတ်၍ ပေးလိုက်သည်။
ကျန်းစန်းသည် မျက်လုံးထောင့်စွန်းမှနေ၍ ပင်လယ်ဖွတ်အရေခွံကို မြင်ရုံသာရှိသေးသည်၊ တစ်ကိုယ်လုံး တုန်ရီသွား၏။ ထိုအခိုက် သူ့စိုးရိမ်ပူပန်မှုများအားလုံး ပျောက်သွားသည်။ သူ့မျက်လုံးများ ပြူးကျယ်နေကာ ဖွတ်အရေခွံပေါ်ရှိ ရွှေရောင်အလင်းကို ကြည့်၍ မှင်သက်နေတော့သည်။
“ ဒါ …”
သူက လွှတ်ခနဲ ထွက်သွားသည်နှင့် ရွှီချင်းကို အလုပ်ရုံထဲ ဆွဲခေါ်သွားသည်။ အလုပ်ရုံထဲ ရောက်သောအခါ ရွှီချင်း၏ ပင်လယ်ဖွတ်အရေခွံကို တုန်တုန်ရီရီဖြင့် ကိုင်လိုက်သည်။
ရတနာတစ်ခုအလား ပင်လယ်ဖွတ်အရေခွံကို သူ စစ်ဆေးကြည့်ပြီးနောက် အသက်ရှူသံများ မြန်ဆန်လာသည်။ ခဏအကြာ ရွှီချင်းကို သူ ကြည့်လိုက်သည်။
“ နတ်ဖွတ်အရေခွံ ”
“ အခြေတည်အဆင့်တောင် ရောက်နေတဲ့ ဖွတ်အရွေခွံပဲ။ ပြီးတော့ ရွှေအမြုတေအငွေ့အသက်တွေပါ ရှိနေတာ။ ဒါရဲ့ တန်ဖိုးက သိပ်ကြီးလွန်းတာကွ။ ဒီကိစ္စသာ အပြင်ကို ပေါက်ကြားသွားရင် လူသတ်ပွဲတွေ ဖြစ်ကုန်မှာ။ မင်း ဒါကို ဘယ်လိုရလာခဲ့တာတုံး ”
“ ကျနော် လုလာခဲ့တာ။ မှော်လှေအသစ် လုပ်ဖို့ ဒါက လုံလောက်တယ်မလား ”
ရွှီချင်းက တည်ငြိမ်စွာ မေးလိုက်သည်။
ရွှီချင်း၏ အမူအရာကို ကြည့်၍ ကျန်းစန်း၏မျက်လုံးများ မှေးသွားသည်။ ထိုစကားများထဲတွင် ရက်စက်ကြမ်းကြုတ်သော သွေးပျက်ခမန်းဖြစ်ရပ်များကို သူ ကြားလိုက်ရပြီး ရွှီချင်းက မည်သည့်အတွက် မှော်လှေကို ထားခဲ့ကာ လှေမြန်နှင့် ပြန်ရောက်လာရသည်ကို နားလည်သွားသည်။
“ လုံလောက်တာထက်တောင် ပိုနေသေးတယ်ကွ။ ဒါနဲ့ လုပ်ထားတဲ့ မှော်လှေက အံ့သြစရာကောင်းလောက်အောင် ဖြစ်သွားမှာ။ ပြင်ဆင်ဖို့ ငါ အချိန်လိုတယ်။ မနက်ဖန်လောက်မှ လာယူလိုက် ”
ကျန်းစန်းက ပင်လယ်ဖွတ်အရေခွံကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် စူးရှတောက်ပသောအလင်းများ တဖျပ်ဖျပ်လက်နေသည်။ ထိုပစ္စည်းဖြင့် ထုဆစ်ထားသော မှော်လှေက ပြီးခဲ့သည့်နှစ်များအတွင်း သူ၏ အပြောင်မြောင်ဆုံးလက်ရာတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး ဝိညာဉ်ကျောက်တုံးငါးထောင် တန်ကြေးရှိသော ဝိညာဉ်လက်မှတ်များ ထုတ်လိုက်သည်။ ထိုလက်မှတ်များကို ဘေးတွင် ချထားလိုက်ပြီးနောက် တွေးတောကာ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်လိုက်သည်။ အားလုံးစုပေါင်းပါက ဝိညာဉ်ကျောက်တုံးတစ်သောင်းရှိသည်။
ထိုဝိညာဉ်ကျောက်တုံးများအနက် အများစုက သွေးများ စွန်းထင်းနေသည်။
ထိုဝိညာဉ်ကျောက်တုံးများသည် ကျန်းစန်း၏ မျက်လုံးများကို မှေးသွားစေသည်။ သူ ဒိန်းခနဲ ရင်ခုန်သွားရပြီး သူ့မျက်နှာ တစ်မျိုးဖြစ်သွားကာ မနေနိုင်တော့ဘဲ မေးလိုက်သည်။
“ ဒီတစ်ခေါက် မင်း လူ ဘယ်လောက်သတ်ခဲ့တာတုံး ”
“ သိပ်မများပါဘူး ”
ရွှီချင်းက ခေါင်းယမ်းပြလိုက်သည်။
“ မှော်လှေဖို့ ဝိညာဉ်ကျောက်တုံးတွေအကုန်လုံး သုံးလိုက်ရင် မင်း ကျင့်ကြံဖို့ လိုရင် ဘယ်လိုလုပ်မှာတုံး။ ပြီးတော့ မင်း ငါ့ကို အဲဒီလောက် ယုံတာလား ”
ကျန်းစန်းက ရွှီချင်းကို ကြည့်လိုက်သည်။
“ ကျနော့်ကို ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းလောက် အကြွေးတင်နေတဲ့လူရှိသေးတယ်။ ဒီည ကျနော် အဲဒီအကြွေး သွားတောင်းမှာ။ အစ်ကို့ကို ကျနော် ယုံကြည်တဲ့အကြောင်းကတော့ ဒီမှာ ရှိတဲ့အစ်ကို့ပစ္စည်းတွေက ကျနော်ပေးတဲ့ ပစ္စည်းတွေထက်တောင် ပိုတန်ဖိုးရှိနေသေးတယ်မလား ”
ရွှီချင်းက လေးနက်စွာ ပြောပြီးသည်နှင့် ကျန်းစန်းကို လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ကာ လှည့်ထွက်သွားသည်။
အပြင်ဘက်၌ မှောင်ရီဖျိုးဖျအချိန်ရောက်နေပြီး လောကကြီး မှောင်ရိပ်သမ်းလာနေပြီဖြစ်သည်။ ကျန်းစန်းက အဝေးသို့ လျှောက်သွားသော ရွှီချင်း၏ နောက်ကျောကို ကြည့်၍ ရင်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်လာရသည်။
“ ဒီလိုလူတစ်ယောက်ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အကြွေးတင်ရဲတဲ့လူ ရှိသေးတာ အံ့သြစရာပဲ။ ပြီးတော့ မင်းက ငါ့ကို ဒီလောက် ယုံကြည်နေမှတော့ အရေခွံနည်းနည်းလောက် ငါ ယူထားလို့ မသင့်တော်ဘူး။ မင်းကို ပုံအောထားမှတော့ အဆုံးထိ ဆက်လုပ်ရတော့မှာပေါ့ ”
တချိန်တည်းမှာပင် ပန်းချွမ်လမ်းရှိ တည်းခိုခန်း၌ အဘိုးအိုသည် ဘဝင်ခိုက်နေသည့်အမူအရာဖြင့် ဆေးတံကို အားရကျေနပ်စွာ သောက်နေသည်။
“ ဒီတစ်ခေါက်တော့ ပွတာပဲ။ အလယ်အလတ်အခြေတည်အဆင့် ပင်လယ်ဖွတ်အရေခွံက ဝိညာဉ်ကျောက်တုံးငါးထောင် တန်တယ်။ နတ်ဖွတ်အရေခွံကို ငါ မယူနိုင်ခဲ့တာ နှမျောစရာပဲ ”
“ ဒါပေမဲ့ အဲဒီအဆိပ်ကောင်လေးလဲ လွယ်မှာတော့ မဟုတ်ဘူး။ လက်ဗလာတောင် ပြန်လာရလောက်တယ် ”
“ သူ ဘာမှမရဘူးလို့ တွေးမိရင် သိပ်အားရတာပဲ။ ဟား ဟား စီးပွားရေး ပိတ်ထားတာကလဲ ရက်တော်တော်ကြာနေပြီဆိုတော့ ဒီနေ့ ဆိုင်ဖွင့်ရင် သေချာပေါက် လူအများကြီး လာမှာပဲ။ နှစ်ဆတိုးလို့ ပျော်တယ်ဟေ့ ”
အဘိုးအိုက သူ့ကိုယ်သူ အားရကျေနပ်နေစဉ် အားလှိုင်းတစ်ခု အပြေးအလွှား ရောက်ချလာသည်။
၎င်းသည် မြွေကြီးပင် ဖြစ်သည်။ ထိုအချိန်၌ ၎င်းသည် အဘိုးအို၏ ခန္ဓာကိုယ်ကို အညှာအတာမဲ့စွာ ထုနှက်နေပြီး တရွှီရွှီအော်မြည်နေသည်။
အဘိုးအို မာန်မဲ၍ သင်ခန်းစာပေးမည်ပြုစဉ် မြွေကြီး၏ စိတ်ထိခိုက်နေသော အမူအရာကို မြင်သောအခါ ပျော့ပျောင်းသွားပြီး သက်ပြင်းချလိုက်သည်။
“ ဟူးးးး… အဲဒီကလေးက သိပ်ပါးနပ်တာ။ အခြေအနေ မဟန်ရင် သူ ကိုယ်လွတ်ရုန်း မပြေးဘဲ နေမလား။ သူ မသေဘူး။ သေမှာမဟုတ်ဘူး ”
ထိုစကားကို ကြားသောအခါ မြွေသည် အနည်းငယ် စိတ်သက်သာရာရသွားဟန်တူသည်။ သိုပသော်လည်း အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေဆဲဖြစ်ပြီး ချောင်တစ်ချောင်တွင် ခွေနေ၏။
အဘိုးအိုမှာ စိတ်ပျက်သွားရပြီး မြွေကြီးကို နှစ်သိမ့်လိုက်သည်။ အပြင်ဘက်တွင် မှောင်မည်းလာသောအခါ အဝေးမှ ဧည့်သည်များ လာနေသည်ကို မြင်လိုက်ရသည်။
“ ပြီးရင် မင်းကို မုန့်ကျွေးမယ်လေ။ အဲဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့။ ဆိုင်လေး ဖွင့်လိုက်ဦးမယ် ”
အဘိုးအိုက အပြင်ဘက်သို့ ခပ်သွက်သွက် လျှောက်သွားပြီး အဝေးမှ လာနေသော ဧည့်သည်များကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ရှိနေပါသော်လည်း ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ညအမှောင်ထု ချည်းနင်းဝင်ရောက်လာသည်နှင့် အဝေးမှ လျှပ်စီးလက်သည့်အလား အေးစက်စက် ဓားမြှောင်တစ်လက် ထွက်ပေါ်လာသည်။ ထိုဓားမြှောင်က တည်းခိုခန်းထဲ ဝင်တော့မည့် ရာဇဝတ်ကောင်၏ လည်ပင်းကို ဖောက်ဝင်သွားကာ နံရံတွင် တွယ်စိုက်သွားသည်။
ထိုဓားမြှောင်ကို ပစ်လွှတ်လိုက်သည့်အားက ပြင်းထန်လွန်းသည့်အတွက်ကြောင့် ဘုန်းခနဲ မြည်ဟည်းသွားပြီး နေရာအနှံ့ သွေးများ ပြန့်ကျဲသွားသည်။
စူးစူးဝါးဝါးအော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် တိခနဲ ရပ်သွားသည်။
ထို့နောက် အဝေးမှ ခြေသံသဲ့သဲ့ လွင့်ပျံလာ၏။