အခန်း (၂၅၃၇-၂၅၃၈)
Vol. 194 Ch. 2537-2538
အခန်း(၂၅၃၇)
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို အသာအယာဝှေ့ယမ်းလိုက်ရာ သူ့ထံသို့ ဦးတည်လာသည့် အပြာရောင်နတ်သစ်ပင်သည် ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။
“မင်း.. မင်းဘယ်သူလဲ”
သူ ထုတ်သုံးလိုက်သော ဝှက်ဖဲသည်ပင် ကျန်းချန်၏ လက်ချက်ဖြင့် အလွယ်တကူ ပျက်စီးသွားသည်ကို မြင်လျှင် လူငယ်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဤဝှက်ဖဲကို ဂိုဏ်းမှ အကြီးအကဲများက ပေးအပ်ထားခြင်းဖြစ်ပြီး ထုတ်သုံးလိုက်သည်နှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ပင်လျှင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်ကမူ အေးအေးလူလူပင် ချေမှုန်းနိုင်ခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာနတစ်ပိုင်းအဆင့် ထိပ်တန်း ပါရမီရှင်များပင်လျှင် ဤမျှ အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
သို့ဆိုလျှင် သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်နိုင်ပါသလော။
ကျန်းချန်က လူငယ်၏ အမေးကို ပြန်မဖြေဘဲ အေးစက်စက်ပြောလိုက်သည်။
“ထိုက်ယီ အင်မော်တယ်ဂိုဏ်းရဲ့ လူတွေက ထျန်းယွိအမွေအနှစ် နယ်မြေထဲမှာ ပေါ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ပြောစမ်း.. မင်းတို့ ဒီနေရာကို ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ.. ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”
လူငယ်က ကျန်းချန်၏ မေးခွန်းကို ပြန်မဖြေဘဲ သူ၏ နံဘေးရှိ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးကို လက်ဆွဲကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သူလှုပ်ရှားလိုက်သည့် တစ်ခဏမှာပင် မမြင်ရသော စွမ်းအား တစ်ခုသည် ဟင်းလင်းပြင်ထဲကနေ ပြင်းထန်စွာ ဆင်းသက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် သူရှိနေသည့် ပတ်ဝန်းကျင် တစ်ခုလုံးကို ချက်ချင်းဆိုသလို အေးခဲသွားစေခဲ့ကာ သူ့ကို လုံးဝ မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေခဲ့သည်။
“ငါ့လက်ထဲကနေ မင်းတို့ ဘယ်လိုမှ ထွက်ပြေးလို့ လွတ်မှာမဟုတ်ဘူး”
ကျန်းချန်က လူငယ်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“အသက်ရှင်ချင်တယ်ဆိုရင် ငါ့ရဲ့မေးခွန်းတွေကို အမှန်အတိုင်း ဖြေစမ်း”
“လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော်တို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်တဲ့ သော့တစ်ခုကို မတော်တဆ ရရှိခဲ့ပါတယ်.. လေ့လာမှုတချို့ ပြုလုပ်ပြီးတဲ့နောက်မှာ အဲဒီသော့က ထျန်းယွိ အမွေအနှစ်နယ်မြေကို ဖွင့်လှစ်တဲ့သော့ဖြစ်မှန်း ဂိုဏ်းရဲ့ အကြီးအကဲတွေက သိရှိခဲ့ကြတယ်.. ဒါကြောင့် သော့ထဲက သတင်းအချက်အလက်တွေကနေ တစ်ဆင့် အမွေအနှစ် နယ်မြေကို ရှာဖွေပြီး လူဆယ်ယောက်ကို အမွေအနှစ်နယ်မြေထဲ လျှို့ဝှက် စေလွှတ်ခဲ့တယ်”
လူငယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို အမှန်အတိုင်း ပြောပြလိုက်သည်။
ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
“ဒါဆို မင်းတို့ ထျန်းယွိ အမွေအနှစ်နယ်မြေထဲကို ရောက်နေတာ တစ်လလောက်ရှိပြီပေါ့”
လူငယ်က ခေါင်းညိတ်ပြလိုက်သည်။
“ရက်ပေါင်း နှစ်ဆယ်လောက်တော့ ရှိပါပြီ”
ကျန်းချန်က ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်၏။
“အမွေအနှစ်နယ်မြေထဲကို ဝင်လာတဲ့ မင်းတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းက လူဆယ်ယောက်ရဲ့ ခွန်အားက ဘယ်လိုအခြေအနေ ရှိလဲ”
“ကျွန်တော်တို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူငါးဦး၊ ကပ်ဘေးအဆင့် ပါရမီရှင် လေးဦးနဲ့ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ဦး စုစုပေါင်း ဆယ်ဦးကို စေလွှတ်ခဲ့တာပါ”
ထိုစကားကို ပြောနေစဥ် လူငယ်၏ မျက်နှာထက်တွင် ဝင့်ကြွားသော အမူအရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအမူအရာက ကျန်းချန်ကို “မင်းသာ အခြေအနေကို နားလည်တယ်ဆိုရင် ငါ့ကို ချက်ချင်းလွှတ်ပေးလိုက်တာ အကောင်းဆုံးပဲ.. မဟုတ်ရင်တော့ မင်းသေရလိမ့်မယ်”ဟု ပြောနေသည့် အဓိပ္ပာယ်ပင် ဖြစ်၏။
သို့ရာတွင် ကျန်းချန်က လူငယ်၏ အမူအရာကို ဂရုစိုက်မနေခဲ့ပေ။
သူက လူငယ်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့က ထျန်းယွိ အမွေအနှစ်နယ်မြေထဲမှာ အချိန်အကြာကြီးနေခဲ့တာ ဆိုတော့ ဒီနေရာအကြောင်းကို ငါ့ထက်တော့ ပိုသိမှာပဲ.. ထျန်းယွိ နေထိုင်ခဲ့တဲ့နေရာက ဘယ်နေရာမှာလဲ ဆိုတာ မင်းတို့သိလား”
ကျန်းချန်၏ မေးခွန်းကိုကြားလျှင် လူငယ်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
မူလက သူသည် ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်က ထျန်းယွိ၏ အမွေဆက်ခံသူ ဖြစ်နိုင်ပြီး ဤအမွေအနှစ်နယ်မြေထဲရှိ လူတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
ယခု ကြည့်ရသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် အမွေအနှစ်နယ်မြေနှင့် ပတ်သက်၍ ဘာမှသိပုံမရဘဲ ထျန်းယွိ ချန်ထားရစ်ခဲ့သည့် အမွေအနှစ်နယ်မြေ အတွက် ရည်ရွယ်ချက်ရှိရှိ လာရောက်ခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
ရှင်းလင်းစွာ ဆိုရလျှင် ဤလျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် သူတို့ကဲ့သိုပင် ထျန်းယွိ အမွေအနှစ်နယ်မြေ၏ သော့ကို ရရှိခဲ့ပြီး အင်မော်တယ် ကံကြမ္မာကို ရှာဖွေရန်အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းပင်။
သို့သော်လည်း ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် များစွာ မရှိပေ။
သူတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ လွဲလျှင် အခြားနှစ်ဦးသာ ရှိ၏။
သို့သော်လည်း သူ့ရှေ့မှ ကောင်လေးသည် ထိုနှစ်ဦးထဲမှ တစ်ဦးမှ မဟုတ်သည်မှာ သေချာနေခဲ့သည်။
“ဒီကောင်က ဘယ်ဂိုဏ်းကများလဲ”
“ထျန်းယွိရဲ့ နေတဲ့နေရာက ဘယ်နေရာမှာလဲ ဆိုတာတော့ ငါလည်းမသိဘူး.. ဒါပေမဲ့ သိပ်မကြာခင်ကပဲ ငါတို့ စီနီယာတစ်ယောက်က တစ်ခုခု ရှာတွေ့ထားပုံရတယ်.. သူက ငါတို့ကို တစ်နေရာမှာ စုဝေးဖို့ ခေါ်ထားတယ်”
ထိုစကားကို ပြောနေစဥ် လူငယ်၏ မျက်ဝန်းထဲတွင် အလင်းရောင် တစ်ခု လင်းလက်သွားခဲ့သည်။
သူ့ရှေ့မှ လူငယ်၏ခွန်အားသည် အတိုင်းထက်အလွန် နက်ရှိုင်းပြီး ထိုလူငယ်၏ ရှေ့တွင် သူ့အနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိပေ။
ယခု သူ့အတွက် လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ လူငယ်ကို ထိုနေရာသို့ ခေါ်ဆောင်သွားရန်ပင် ဖြစ်၏။
ယင်းနေရာတွင် ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် ငါးဦးနှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ငါးဦးတို့ စုဝေးနေကြသည်။
သို့ဖြစ်ရာ ထိုလူငယ်သည် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဖြစ်နေလျှင်ပင် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
ကျန်းချန်က လူငယ်ကို တစ်ချက် ကြည့်လိုက်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အဲဒါဆိုရင်လည်း မင်း ငါ့ကို အဲဒီနေရာဆီ ခေါ်သွားပေးပါ”
ကျင့်ကြံခြင်း လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ပြီးနောက်တွင် ကျန်းချန်သည် အတွေ့အကြုံ မရှိသော ကောင်းလေး တစ်ယောက် မဟုတ်တော့ပေ။
လူငယ်၏ စိတ်ထဲတွင် မည်သို့သော ကောက်ကျစ်သည့်အကြံအစည် ရှိနေမည်ကို တစ်ချက် ကြည့်ရုံဖြင့်ပင် သူသိခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် လူငယ်၏ အကြံအစည်ကို လုံးဝ ဂရုစိုက်မနေခဲ့ပေ။
ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ လူများသည် သူတို့ထက် ဦးစွာ ထျန်းယွိ အမွေအနှစ် နယ်မြေသို့ ရောက်ရှိလာခဲ့ကြ၏။
ယင်းကြောင့် ၎င်းတို့သည် ထျန်းယွိ အမွေအနှစ် နယ်မြေ၏ နေရာ အများအပြားကို စူးစမ်းလေ့လာခဲ့ပြီးပြီ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
ဆိုရလျှင် သူတို့ စုဝေးသော နေရာသည် ထျန်းယွိ နေထိုင်ခဲ့သောနေရာ ဖြစ်နေနိုင်၏။
ယခု ဤလူငယ်က သူ့ကို ထိုနေရာသို့ ခေါ်ဆောင်သွားရန် ဆန္ဒရှိနေသည် ဖြစ်ရာ ကျန်းချန်အနေဖြင့် အဘယ်ကြောင့် ငြင်းပယ်ရပါမည်နည်း။
လူငယ်၏ အကြံအစည်များနှင့် ပတ်သက်၍မူ ကျန်းချန်သည် လုံးဝ ဂရုစိုက်မနေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အကြွင်းမဲ့ခွန်အား၏ ရှေ့မှောက်တွင် အရာအားလုံးသည် အချည်းနှီးသာ ဖြစ်သောကြောင့်ပင်။
ယခုအခါတွင် သူက အုပ်စိုးသူအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ရာ ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ငါးဦးနှင့် ပါရမီရှင်ငါးဦး တို့သည် သူ၏ မျက်လုံးထဲတွင် သာမန်လောက်သာ ဖြစ်သည်။
ထိုခဏဝယ် ကျန်းချန်သည် သူ၏ လက်ချောင်းမှ စွမ်းအားကို ထုတ်ဖော်၍ သူ့ရှေ့မှ အမျိုးသားနှင့် အမျိုးသမီး၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပင် စီးဝင်သွားစေခဲ့ပြီး ထိုနှစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို ချိတ်ပိတ်လိုက်သည်။
ယင်းနောက်တွင် ဟင်းလင်းပြင်စွမ်းအားဖြင့် ထိုနှစ်ဦးအပေါ် ချုပ်နှောင်ထားမှုကို ဖယ်ရှားပေးလိုက်သည်။
လူငယ်က စကားများစွာ ပြောမနေတော့ဘဲ သူ၏ နံဘေးရှိ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးကို မျက်ရိပ်ပြလိုက်သည်။
ထို့နောက်တွင် သူတို့နှစ်ဦးသည် ကျန်းချန်ကို လမ်းကြောင်းတစ်ခုဆီသို့ တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့ကြ၏။
ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ လူငယ်နှစ်ဦး လမ်းပြရာ နောက်သို့ အေးအေးလူလူပင် လိုက်ပါသွားခဲ့သည်။
လမ်းခရီး တစ်လျှောက်တွင် ကျန်းချန်တို့သည် သားရဲများ၏ နှောင့်ယှက်မှုကို ကြုံတွေ့ခဲ့ရသည်။
သို့သော်လည်း သူတို့ကို နှောင့်ယှက်လာသည့် သားရဲများစွာကို ကျန်းချန်သည် အလွယ်တကူပင် ရှင်းပစ်ခဲ့၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင် လျှိုချင်းယွီ ပေးထားသော ကျောက်တုံးကနေ ခပ်ဖျော့ဖျော့ အာရုံခံစားမှု သုံးခု ထွက်ပေါ်လာခဲ့သည်။
“အာရုံခံစားမှု သုံးခုစလုံးက လမ်းကြောင်း တစ်ခုတည်းကနေ ထွက်ပေါ်နေတာပဲ.. ကြည့်ရတာ လျှိုချင်းယွီတို့ လေးယောက်ထဲက သုံးယောက်ကတော့ အတူတူ စုမိနေကြပြီ ထင်တယ်”
ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် လျှိုချင်းယွီတို့ကို သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
သူက လျှိုချင်းယွီတို့ ရှိနေသည့် နေရာသို့ ဦးတည်၍ ပျံသန်းလာခဲ့သည်။
တစ်ခဏအကြာမှာပင် ကျန်းချန်သည် သူ့ရှေ့ရှိ ကောင်းကင်ယံကနေ ပျံ့လွင့်လာသည့် ကြီးကျယ်ခမ်းနားသော စွမ်းအင်လှိုင်း လှုပ်ခတ်မှု တချို့ကို ခံစားမိခဲ့သည်။
“ကြည့်ရတာ လျှိချုင်းယွီတို့က တခြားသူတွေနဲ့ တိုက်ခိုက်နေကြပုံပဲ”
ကောင်းကင်ယံရှိ ကြီးကျယ်ခမ်းနားသော စွမ်းအင်လှိုင်း လှုပ်ခတ်မှုများကို ခံစားမိလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
လက်ရှိအချိန်တွင် ထျန်းယွိအမွေအနှစ် နယ်မြေ၌ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နှင့် တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့ အပြင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ လူများလည်း ရှိနေခဲ့သည်။
သို့ဖြစ်ရာ လျှိုချင်းယွီနှင့် ပဋိပက္ခ ဖြစ်နေသည်မှာ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့လား သို့မဟုတ် ထိုက်ယီ အင်မော်တယ်ဂိုဏ်းလား ဆိုသည်ကို သူ မမသိပေ။
မည်သို့ပင်ဖြစ်စေကာမူ လျှိုချင်းယွီတို့ အန္တရာယ်ကျရောက်နေမှန်း သိသည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် သူ၏ အရှိန်အဟုန်ကို မြှင့်တင်ကာ စွမ်းအင်လှိုင်း လှုပ်ခတ်မှုများ ထွက်ပေါ်လာသည့် နေရာ ဆီသို့ ဦးတည်၍ ထွက်ခွာလာခဲ့သည်။
အခန်း(၂၅၃၇)ပြီး၏။
အခန်း(၂၅၃၈)
ရေခဲနှင့်နှင်းများ ဖုံးလွှမ်းနေသော ကျယ်ပြောလှသည့် ရေခဲပြင်ကြီးပေါ်တွင် အဖွဲ့နှစ်ဖွဲ့ ပဋိပက္ခ ဖြစ်နေကြသည်။
တစ်ဖွဲ့မှာ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် လျှိုချင်းယွီ၊ အကြီးအကဲဝူရှန့်နှင့် စိမ်းလန်းသောမြစ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ပါရမီရှင် ချင်းလီတို့ဖြစ်သည်။
ကျန်တစ်ဖွဲ့ကမူ တိမ်တိုက်နက် ကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင် မိုဟူနှင့် တိမ်တိုက်နက်ဂိုဏ်းမှ ပါရမီရှင် လူငယ်တပည့်နှစ်ဦးတို့ ဖြစ်ကြ၏။
“မိုဟူ.. ဒီတစ်ခေါက် ခရီးစဥ်မှာ မင်းတို့အတွက် နေရာ ငါးနေရာကို ငါတို့ ခွဲဝေပေးပြီးသားပဲ.. အခု ဒါက ဘာသဘောလဲ”
လျှိုချင်းယွီက မိုဟူကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူ၏ အမူအရာက အလွန်တရာပင် သုန်မှုန်နေခဲ့၏။
“လျှိုချင်းယွီ.. မင်းက အခုထိ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောတုန်းပဲလား..တကယ်တော့ ထျန်းယွိ အမွေအနှစ်နယ်မြေထဲကနေ မင်းနဲ့ငါ နှစ်ယောက်ထဲက တစ်ယောက်ပဲ အသက်ရှင်လျက် ထွက်သွားနိုင်မယ်ဆိုတာ မင်းရော ငါပါ ရှင်းရှင်းလင်းလင်း သိပြီးသားပါ”
မိုဟူက မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
“စောစောစီးစီး တိုက်ခိုက်တာပဲဖြစ်ဖြစ် နောက်ကျမှ တိုက်ခိုက်တာပဲဖြစ်ဖြစ် တိုက်ပွဲကတော့ မင်းနဲ့ငါ့ရဲ့ ကြားမှာ မဖြစ်မနေ ရှိလာမှာပဲ.. ဒါကြောင့် မင်းနဲ့မတော်တဆ ဆုံတွေ့တုန်းမှာ အရင်ဆုံးမင်းကို ရှင်းပစ်လိုက်တာ အကောင်းဆုံးပဲ.. ဒါမှပဲ အင်မော်တယ် ကံကြမ္မာကို ရရှိဖို့ အတွက် မလိုလားအပ်တဲ့ ပြဿနာတချို့ကို လျှော့ချနိုင်လိမ့်မယ်”
ထိုစကားကိုကြားလျှင် လျှိုချင်းယွီ၏ မျက်နှာက အေးစက်သွားခဲ့သည်။
“မိုဟူ.. ငါတို့ကို ရှင်းပစ်ချင်တယ် ဆိုရင် မင်းမှာ အဲလို လုပ်ဆောင်နိုင်တဲ့ အရည်အချင်း ရှိ မရှိ ကြည့်ရသေးတာပေါ့”
“ငါ့မှာ အရည်အချင်းရှိ မရှိ စမ်းကြည့်လိုက်ရင် သိရမှာပေါ့”
မိုဟူ၏ အေးစက်စက်စကားသံ အဆုံးသတ်သည်နှင့် မိုဟူ၏ ခန္ဓာကိုယ်ထဲကနေ ကြောက်မက်ဖွယ်ရာကောင်းသော စစ်မှန်သည့် အဆီအနှစ် စွမ်းအားများသည် အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့ပြီး တစ်ကမ္ဘာလုံးကို တစ်ခဏအတွင်း မှောင်မိုက်သွားစေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် လျှိုချင်းယွီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။
သူက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ ကြောက်မက်ဖွယ် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်ကာ မိုဟူနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝူရှန့် အဲဒီကောင်လေးကိုတော့ မင်းပဲ ကိုင်တွယ်လိုက်တော့”
လျှိုချင်းယွီနှင့် မိုဟူတို့ ပြင်းထန်စွာ တိုက်ခိုက်နေစဥ်မှာပင် ချင်းလီသည် ဟိုင်နန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဝူရှန့်ကို ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ အကြည့်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ် ဟိုင်ဟဲ ထံသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
သူက မာန ထောင်လွှားသော အမူအရာဖြင့် ပြောလိုက်၏။
“မင်းတို့တွေ သိပ်ကို ချီးမွမ်းနေတဲ့ အဲဒီကောင်ကို ငါပဲ ကိုင်တွယ်လိုက်မယ်”
ထိုသို့ ပြောပြီးသည်နှင့် ချင်းလီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် စိမ်းပြာရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဦးခေါင်းအထက်တွင် တစ်ခဏအတွင်း ပေါ်လာခဲ့သည်။
ယင်းနောက်တွင် ချင်းလီသည် လက်ဝါးရိုက်ချက်ကို ထုတ်ဖော်၍ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို တိုက်ခိုက်လိုက်၏။
သူ၏ လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသော စွမ်းအားသည် လေထုထဲတွင် ကြီးမားသော အပြာရောင် လက်ဝါးကြီး အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် လူငယ် ဆီသို့ ဆင်းသက်လာခဲ့သည်။
“ကပ်ဘေးအဆင့်က အမှိုက်လေး တစ်ယောက်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်...တကယ်ကို မဆင်မခြင် လုပ်တတ်တဲ့ကောင်ပဲ”
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ချင်းလီကို မထီမဲ့မြင် ကြည့်လိုက်ပြီးနောက်တွင် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ သူ့ထံသို့ သက်ရောက်လာသည့် ဧရာမ အပြာရောင် လက်ဝါးကြီးကို လက်သီးချက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
သူ၏ လက်သီးချက်အောက်တွင် ဧရာမ အပြာရောင်လက်ဝါးသည် စက္ကူစုတ်ကဲ့သို့ဖြစ်သွားခဲ့ပြီး တစ်ခဏအတွင်း အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းခံလိုက်ရသည်။
ထို့နောက်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်သီးချက်သည် ချင်းလီ၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့ပြီး ချင်းလီကို ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပေရာပေါင်းများစွာ အကွာအဝေး အထိ နောက်သို့ လွင့်စင်သွားစေခဲ့သည်။
“ဖူး..”
ချင်းလီ၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး သွေးတစ်လုတ်ကိုပင် အန်ထုတ်လိုက်ရသည်။
ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
“မင်း.. မင်းက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်လား”
စိမ်းလန်းသောမြစ်ဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် တစ်ဦး ဖြစ်၍ ချင်းလီသည် သူ၏ ကိုယ်ပိုင် ခွန်အားပေါ်တွင် အလွန်အမင်း ယုံကြည်မှု ရှိသည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းအင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းထဲတွင် သူ့ကို အနိုင်ယူနိုင်သည့် ကပ်ဘေးအဆင့် ပါရမီရှင်မှာ အလွန်တရာပင် ရှားပါး၏။
ထို့ကြောင့် ချင်းလီသည် တိမ်တိုက်နက်ဂိုဏ်း၏ ပါရမီရှင် တပည့်များကို ဘယ်သောအခါမှ အလေးမထားခဲ့ပေ။
သို့သော်လည်း သူလုံးဝ အလေးမထားခဲ့သော တိမ်တိုက်နက်ဂိုဏ်းမှ တပည့်သည် သူ့ကို ပေါ့ပေါ့ပါးပါးပင် အနိုင်ယူလိုက်မည်ဟု မထင်ထားခဲ့ပေ။
မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တွင်သာလျှင် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော ခွန်အား ရှိနိုင်ပေလိမ့်မည်။
“တိမ်တိုက်နက်ဂိုဏ်းက မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ယောက်ကို ပြုစုပျိုးထောင်ထားတာပဲ.. ဒါ...ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဤမြင်ကွင်းကို မြင်လျှင် လျှိုချင်းယွီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
မိုဟူက သူ့ကို လုံးဝ ဂရုမစိုက်သည်မှာ မထူးဆန်းတော့ပေ။
အကြောင်းရင်းမှာ မိုဟူတို့ ထံတွင် မဟာယာန တစ်ပိုင်းအဆင့်ပါရမီရှင် တစ်ယောက် ရှိနေသောကြောင့်ပင်။
ထိုမဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူနှင့် နှိုင်းယှဥ်လျှင်ပင် ပို၍ အစွမ်းထက်ဖွယ်ရှိသည်။
ယခုအခါ သူက မိုဝူ၏ ထိန်းချုပ်ခြင်းကို ခံထားရသည် ဖြစ်ရာ ဝူရှန့် နှင့် ချင်းလီတို့ ပူးပေါင်းလျှင်ပင် ထိုမဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း ကံကောင်းသွားသည်မှာ အမွေအနှစ် နယ်မြေထဲသို့ ဝင်ရောက်လာသော လူငါးဦးထဲမှ တစ်ဦးသည် သူတို့ရှိရာ ဆီသို့ လျင်မြန်စွာ ဦးတည်လာနေခြင်း ဖြစ်သည်။
သို့မဟုတ်လျှင် ယနေ့တွင် သူတို့သည် အမှန်တကယ်ပင် အန္တရာယ် ကြုံတွေ့ရပေလိမ့်မည်။
“ဝူရှန့်.. ငါတို့ လူတစ်ယောက် ဒီကို လာနေပြီ.. မင်း အဲဒီ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်ကို တစ်ခဏလောက် ရအောင်ထိန်းထားလိုက်”
လျှိုချင်းယွီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ဝူရှန့်ကို အလျင်အမြန် ပြောလိုက်သည်။
“သခင်လေးချင်းလီ.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
ထိုစကားကို ပြောပြီးနောက်တွင် ဝူရှန့်သည် ချက်ချင်းဆိုသလို အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဝူရှန့်ကို မထီမဲ့မြင် ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“မင်းက မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဆိုပေမဲ့ ခုနက အမှိုက်ကောင်နဲ့ သိပ်မကွာဘူး.. ငါ့ရဲ့ မျက်လုံးထဲမှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်လောက်ပါပဲ”
ဝူရှန့်က အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“တိမ်တိုက်နက်ဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ အလျှို့ဝှက်ဆုံး အင်အားစု ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. မင်းတို့က မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူကိုတောင် ပျိုးထောင်ထားနိုင်တာပဲ”
“မင်းပြောလို့ ပြီးပြီလား.. ပြီးရင် အသေခံဖို့ ပြင်ထားလိုက်တော့”
စကားဆုံးသည်နှင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဝူရှန့်ဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဝူရှန့်က အနည်းငယ်မျှပင် မပေါ့ဆရဲဘဲ သူ၏ နတ်စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်ကာ အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ရင်ဆိုင်လိုက်၏။
ဝူရှန့်က အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် တိုက်ခိုက်နေစဥ်မှာပင် ဟိုင်နန်၏ အကြည့်သည် ချင်းလီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“စိမ်းလန်းသောမြစ်ဂိုဏ်းရဲ့ နံပါတ်တစ်ပါရမီရှင် ချင်းလီ.. မင်းနဲ့ငါ ရင်ဆိုင်ကြတာပေါ့”
စကားဆုံးသည်နှင့် ဟိုင်နန်သည် ကြောက်မက်ဖွယ် စွမ်းအားများကို ထုတ်ဖော်ကာ ချင်းလီကို တိုက်ခိုက်လိုက်သည်။
“ဟမ့်.. ငါက မင်းကို ကြောက်နေမယ်များ ထင်နေလား”
ချင်းလီက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး ဟိုင်နန်၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အလွန်တရာပင် ရှားပါး၏။
ထို့ကြောင့် တိမ်တိုက်နက်ဂိုဏ်းတွင် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်တစ်ယောက် ရှိနေသည်မှာ မယုံကြည်နိုင်စရာ ကောင်းနေခဲ့၏။
မည်သို့ပင် ဖြစ်စေကာမူ တိမ်တိုက်နက်ဂိုဏ်းတွင် ဒုတိယမြောက် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် ရှိနေဦးမည်ဟု ချင်းလီ မယုံကြည်ခဲ့ပေ။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
သူတို့နှစ်ဦးက စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ ဆယ်ကွက်ထက် မနည်း ဆက်တိုက်ဆိုသလို တိုက်ခိုက်ခဲ့ကြသည်။
ထိုသို့ တိုက်ခိုက်ရင်းဖြင့် ချင်းလီသည် သူ့ရှေ့မှ တိမ်တိုက်နက်ဂိုဏ်း၏ တပည့်က မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်မဟုတ်သော်လည်း ၎င်း၏ ခွန်အားက သူ့ထက် အနည်းငယ်မျှ မနိမ့်ကျမှန်း သိရှိသွားခဲ့သည်။
ထို့အပြင် သူက အစောပိုင်းတွင် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်၏ လက်ချက်ဖြင့် ဒဏ်ရာ အပြင်းအထန် ရရှိထားသောကြောင့် ဟိုင်နန်နှင့် ဆက်လက် ယှဥ်ပြိုင်နေသောအချိန်တွင် သူ၏ ခွန်အားသည် သိသိသာသာပင် အားနည်းသွားခဲ့သည်။
ဤသို့ဖြင့် ချင်းလီသည် တစ်ဖက်လူ၏ ဖိနှိပ်ခြင်းကို လုံးဝခံလိုက်ရသည်။
“ချင်းလီ.. စိမ်းလန်းသောမြစ်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတဲ့ မင်းရဲ့စွမ်းအားက ဒီလောက်ပဲလား”
သူ၏ ဖိနှိပ်မှုကို ခံထားရသဖြင့် ပြန်လည် မတိုက်ခိုက်နိုင်တော့သော ချင်းလီကို ကြည့်ကာ ဟိုင်နန်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဟိုင်နန်၏ လှောင်ပြောင်သော အကြည့်ကြောင့် ချင်းလီ၏ မျက်နှာထက်တွင် ရှက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
မူလက သူတစ်ဦးတည်းဖြင့်ပင် တိမ်တိုက်နက်ဂိုဏ်းမှ တပည့်နှစ်ဦးကို ရှင်းပစ်နိုင်သည်ဟု အပြောကြီးခဲ့သော်လည်း အဆုံးသတ်တွင် ထိုနှစ်ဦးထဲမှ တစ်ဦးကိုပင် မနိုင်ခဲ့ချေ။
ထိုအခိုက်အတန့်တွင် ချင်းလီသည် ဟိုင်နန်ကို ခက်ထန်စွာ စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်နှာထက်တွင် မိုက်ရူးရဲဆန်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
အခန်း(၂၅၃၈)ပြီး၏။