အခန်း (၂၅၃၉-၂၅၄၀)
Vol. 194 Ch. 2539-2540
အခန်း(၂၅၃၉)
“လျှိုချင်းယွီ.. မင်းရဲ့လူတွေက ဆက်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး”
လေထုထဲတွင် မိုဟူနှင့် လျှိုချင်းယွီ တို့သည် တစ်ဦးကိုတစ်ဦး ရင်ဆိုင်နေခဲ့ကြသည်။
မိုဟူက အောက်ဘက်ရှိ တိုက်ပွဲနှစ်ခုကို လှမ်းကြည့်ကာ အောင်နိုင်သူ တစ်ဦး၏ အပြုံးဖြင့် ပြုံးကာ ပြောလိုက်သည်။
သူ၏ ခွန်အားသည် လျှိုချင်းယွီနှင့် အဆင့်တူနီးပါး ဖြစ်၏။
သူတို့နှစ်ဦး အစွမ်းကုန် တိုက်ခိုက်ကြမည်ဆိုလျှင် နောက်ဆုံးရလဒ်သည် နှစ်ဦးစလုံး ဒဏ်ရာ အပြင်းအထန် ရရှိရုံသာ ဖြစ်ပေလိမ့်မည်။
ယခုအခါတွင် စိမ်းလန်းသောမြစ်ဂိုဏ်း၏ ကပ်ဘေးအဆင့်ပါရမီရှင် ချင်းလီသည် ဟိုင်နန်၏ ဖိနှိပ်ခြင်းကို ခံနေရချေပြီ။
ထို့အပြင် ဝူရှန့်သည်လည်း တိမ်တိုက်နက်ဂိုဏ်းမှ မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင်၏ လက်ထဲတွင် အသက်အန္တရာယ် ရှိနေခဲ့သည်။
ချင်းလီနှင့် ဝူရှန့်ကို ရှင်းလင်းပြီးသည်နှင့် ထိုသုံးယောက်ပူးပေါင်း၍ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်မည် ဆိုလျှင် သူ့ကို အနိုင်ယူရန်မှာ လွယ်လွယ်လေးပင် မဟုတ်ပါလော။
“မိုဟူ.. မင်းတကယ်ပဲ ဒီတိုက်ပွဲကို အနိုင်ရမယ်လို့ ထင်နေတာလား”
လျှိုချင်းယွီက တည်ငြိမ်စွာ ပြောလိုက်ပြီးနောက်တွင် အောက်ဘက်ရှိ တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
မိုဟူက အံ့အားသင့်သွားခဲ့ပြီး လျှိုချင်းယွီ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။
မကြာမီမှာပင် သူနှင့် အနည်းငယ် ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် သူ၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
မိုဟူက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူတို့ဂိုဏ်း၏ အဓိကရန်သူ ဖြစ်သည့် လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“ကျန်းချန် မင်းရောက်လာတာနဲ့ အတော်ပဲ.. ငါနဲ့ပူးပေါင်းပြီး ဒီကောင့်ကို အရင်သတ်ကြရအောင်”
ကျန်းချန် ရောက်ရှိလာသည်ကိုမြင်လျှင် ချင်းလီသည် ကျန်းချန်ကို အလျင်အမြန်ပင် အော်ဟစ် အကူအညီတောင်းလိုက်သည်။
ကျန်းချန်က ချင်းလီကို တစ်စက်ကလေးမှ လှည့်မကြည့်ခဲ့ပေ။
သူက ဝူရှန့်၏ နံဘေးတွင် ရိပ်ခနဲ ပေါ်လာခဲ့ပြီး ဝူရှန့် ဆီသို့ သက်ရောက်လာသည့် ဟိုင်ဟဲ လက်သီးချက်ကို တားဆီးပေးလိုက်ကာ ဝူရှန့်ကို ကယ်တင်လိုက်သည်။
“ကောင်လေး မင်းက တကယ်သန်မာတာပဲ.. ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်”
အနက်ရောင်ဝတ်စုံဝတ်လူငယ် ဟိုင်ဟဲသည် ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
ထိုခဏဝယ် သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့၏။
ကျန်းချန်က ဟိုင်ဟဲကို လျစ်လျူရှုလိုက်ပြီး လေထုထဲရှိ လျှိုချင်းယွီနှင့် မိုဟူ တို့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“တခြားသူတွေ အမြတ်ထုတ်သွားတာကို မခံချင်ရင် ဒီနေရာမှာ ရပ်လိုက်တာ အကောင်းဆုံးပဲ”
ကျန်းချန်၏ စကားကိုကြားလျှင် လျှိုချင်းယွီရော မိုဟူပါ အံ့အားသင့်သွားကြသည်။
လျှိုချင်းယွီက နားမလည်သော အမူအရာဖြင့် မေးလိုက်၏။
“မိတ်ဆွေလေးကျန်းချန်.. ဒီစကားက ဘာကို ဆိုလိုတာလဲ”
ကျန်းချန်က အောက်ဘက်ရှိ ရေခဲပြင်ကို ညွှန်ပြရင်း အေးစက်စက် ပြောလိုက်သည်။
“ဘာကိုဆိုလိုတာလဲဆိုတာ မကြာခင်သိရပါလိမ့်မယ် ခေါင်းဆောင်လျှို”
သူတို့က ကျန်းချန် ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ အောက်ဘက်ရှိ ရေခဲပြင်ပေါ်တွင် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏။
“ဒီထျန်းယွိ အမွေအနှစ်နယ်မြေမှာ တခြားသူတွေ ရှိနေသေးတာလား”
ရေခဲပြင်ပေါ်မှ လူငယ်အမျိုးသားနှင့် အမျိုးသမီးကို မြင်လျှင် လျှိချုင်းယွီနှင့် မိုဟူ တို့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ထျန်းယွိ အမွေအနှစ်နယ်မြေ တည်ရှိမှုကို လူအများစုသည် မသိရှိကြပေ။
သူတို့သည်ပင် သော့ကို ရရှိခဲ့သောကြောင့်သာ ဤနေရာကို ရှာဖွေတွေ့ရှိပြီး ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။
ဤထျန်းယွိ အမွေအနှစ်နယ်မြေထဲတွင် သူတို့ ဆယ်ယောက်အပြင် တခြားသူများ ရှိသေးပါသလော။
ထိုနှစ်ယောက်သည် အမွေအနှစ်နယ်မြေထဲတွင် မူလကတည်းက နေထိုင်သူများလော သို့မဟုတ် သူတို့ကဲ့သို့ပင် အပြင်ဘက်မှ ဝင်ရောက်လာသူများ ဖြစ်နိုင်ပါသလော။
မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ ယခုတစ်ကြိမ် ခရီးစဥ်အတွက် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ချေပြီ။
လျှိုချင်းယွီက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး မေးမြန်းရန် ပြင်လိုက်စဥ်မှာပင် ဟိုင်နန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သော ချင်းလီသည် ရေခဲပြင်ပေါ်မှ ပုံရိပ်နှစ်ခုကို တွေ့ရှိကာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
“ချီယွင်ဟောက်.. မင်းတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်းက လူတွေက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ”
ချင်းလီသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ကျင့်ကြံနေစဥ်က ချီယွင်ဟောက်နှင့် တွေ့ဆုံဖူးသဖြင့် ချက်ချင်းဆိုသလို မှတ်မိလိုက်သည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ပါရမီရှင်က ထျန်းယွိအမွေအနှစ် နယ်မြေထဲတွင် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“သူတို့က ထိုက်ယီအင်မော်တယ်ဂိုဏ်းကကိုး”
ချင်းလီ၏ အော်ဟစ်သံကို ကြားလျှင် လျှိုချင်းယွီနှင့် မိုဝူ တို့၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် ထိပ်ဆုံး သုံးနေရာ၌ ပါဝင်ပြီး အလွန်နက်ရှိုင်းသော ခွန်အားကို ပိုင်ဆိုင်ထားသည်။
အကယ်၍သာ ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ လူများက ထျန်းယွိ အမွေအနှစ်နယ်မြေကို ဝင်ရောက်လာသည် ဆိုလျှင် သူတို့အနေဖြင့် အင်မော်တယ်ကံကြမ္မာ အတွက် ထိုက်ယီအင်မော်တယ်ဂိုဏ်းနှင့် ယှဥ်ပြိုင်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။
“မိုဟူ.. အခြေအနေက မင်းမြင်တဲ့အတိုင်းပဲ.. ငါတို့ အရင်ဆုံးပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ငါထင်တယ်”
လျှိုချင်းယွီ၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး မိုဟူကို ပြောလိုက်သည်။
“ငါနားလည်တယ်”
မိုဟူက လျှိုချင်းယွီ၏ အဆိုပြုချက်ကို သဘာဝကျစွာပင် မငြင်းပယ်ခဲ့ပေ။
ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ခွန်အားကို စိမ်းလန်းသောမြစ်ဂိုဏ်းဖြစ်စေ၊ တိမ်တိုက်နက်ဂိုဏ်းဖြစ်စေ၊ ယှဥ်၍ ရလိမ့်မည် မဟုတ်ပေ။
သူတို့နှစ်ဖွဲ့ထဲတွင် ဘယ်အဖွဲ့မဆို ထိုက်ယီအင်မော်တယ်ဂိုဏ်းကို တစ်ဖွဲ့ချင်း ရင်ဆိုင်ရမည် ဆိုလျှင် အနိုင်ရရန် အခွင့်အရေး လုံးဝ ရှိမည် မဟုတ်ချေ။
ပူးပေါင်းဆောင်ရွက်မှသာလျှင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းကို ယှဥ်ပြိုင်နိုင်ရန် အခွင့်အရေး ရှိလာပေလိမ့်မည်။
သို့မဟုတ်လျှင် ထျန်းယွိ အမွေအနှစ်နယ်မြေထဲမှ အင်မော်တယ် ကံကြမ္မာကို ထိုက်ယီအင်မော်တယ်ဂိုဏ်းကသာ သိမ်းပိုက်သွားပေလိမ့်မည် မဟုတ်ပါလား။
“ချင်းလီ.. မင်းတို့ စိမ်းလန်းသောမြစ်ဂိုဏ်းကလည်း ထျန်းယွိ အမွေအနှစ် နယ်မြေထဲကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး”
ချီယွင်ဟောက်က ခေါင်းမော့ကာ လေထဲမှ ချင်းလီကို ကြည့်၍ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
သူ့ရှေ့မှ အခြေအနေကို ကြည့်ရသည်မှာ စိမ်းလန်းသောမြစ်ဂိုဏ်းသည် အခြားအဖွဲ့ တစ်ဖွဲ့နှင့် တိုက်ခိုက်နေပုံ ရသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် စိမ်းလန်းသောမြစ်ဂိုဏ်း အပြင် အခြားသော အင်အားစု တစ်ခုသည်လည်း ထျန်းယွိအမွေအနှစ် နယ်မြေ ထဲသို့ ဝင်ရောက်လာခဲ့ပုံ ရ၏။
ထို့အပြင် တစ်ဖက်မှ လူငယ်ပါရမီရှင်သည် ချင်းလီကို အသာစီးကနေ တိုက်ခိုက်နိုင်သည် အထိ အလွန်တရာ အစွမ်းထက်နေခဲ့သည်။
“ထိုက်ယီအင်မော်တယ်ဂိုဏ်းက လူတွေက ထျန်းယွိ နေခဲ့တဲ့ နေရာကို ရှာတွေ့ထားပုံရပြီး အခု အဲဒီနေရာမှာ စုဝေးနေကြတယ်.. တကယ်လို့ မင်းတို့ ထိုက်ယီ အင်မော်တယ်ဂိုဏ်းရဲ့ လက်ဦးမှုကို မခံချင်ဘူး ဆိုရင် ငါ့နောက်ကို လိုက်ခဲ့ကြပါ”
လေထဲမှ လျှိုချင်းယွီတို့ နှစ်ယောက်ကို တည်ငြိမ်စွာ ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် ချီယွင်ဟောက်တို့ နှစ်ယောက်၏ နံဘေးသို့ ဆင်းသက်လာခဲ့သည်။
“ငါတို့ကို မင်းတို့ ထိုက်ယီအင်မော်တယ်ဂိုဏ်း စုဝေးနေတဲ့နေရာဆီ ခေါ်သွားပေး”
ချီယွင်ဟောက်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့ရှေ့မှ လူစု၏ ခွန်အားသည် အလွန်တရာပင် အားကောင်း၏။
အကယ်၍ ၎င်းတို့ကို ထိုနေရာသို့ ခေါ်သွားမည် ဆိုလျှင် ထိုက်ယီ အင်မော်တယ်ဂိုဏ်း အတွက် အမှန်တကယ်ပင် ပြဿနာများစွာ ဖြစ်ပေါ်လာစေနိုင်သည်။
သို့သော်လည်း ယခုအခါတွင် သူကိုယ်တိုင်သည်ပင် အခြားသူများ၏ လက်ခုပ်ထဲက ရေဘဝ ဖြစ်နေသည်ကို ချီယွင်ဟောက် ကောင်းစွာ သိရှိထားခဲ့သည်။
သူ့အနေဖြင့် အသက်ရှင်ချင်လျှင် ကျန်းချန်၏ စကားကို နားထောင်ကာ လမ်းပြပေးရုံသာ ရှိ၏။
ချီယွင်ဟောက်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
ထျန်းယွိ အမွေအနှစ် နယ်မြေထဲမှ အခြေအနေသည် သူတို့မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသဖြင့် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ပါရမီရှင်များထံ သတင်းပို့ဖို့ နည်းလမ်းကို ရှာဖွေမှ ဖြစ်ပေလိမ့်မည်။
ကျန်းချန်တို့ စတင် ထွက်ခွာသွားသည်ကို မြင်လိုက်ရလျှင် လျှိုချင်းယွီသည် ဝူရှန့်နှင့် ချင်းလီ တို့ကို ခေါ်ကာ နောက်ကနေ လိုက်ပါသွားခဲ့သည်။
“ခေါင်းဆောင်မို.. ငါတို့ လိုက်သွားသင့်လား.. ဒါက လျှိုချင်းယွီတို့ရဲ့ ကြံစည်ထားတဲ့ ထောင်ချောက်များ ဖြစ်နေမလား”
ကျန်းချန်တို့ အဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ပြီး ဟိုင်နန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဟိုင်နန်၏ စကားကို ကြားလျှင် မိုဟူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။
ထျန်းယွိ အမွေအနှစ်နယ်မြေ ထဲသို့ ဝင်ရောက်နိုင်သောသော့မှာ တစ်ခုတည်း မဟုတ်၍ ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည်လည်း ဤနေရာသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်ပုံရသည်။
သို့သော် ထိုက်ယီအင်မော်တယ်ဂိုဏ်းက ဤနေရာသို့ ဝင်ရောက်လာသည့် အချိန်သည် သူတို့နှင့် သိပ်မကွာပေ။
ယင်းက သွေးရိုးသားရိုး တိုက်ဆိုင်မှုမှ ဟုတ်ပါသလော။
အခန်း(၂၅၃၉)ပြီး၏။
အခန်း(၂၅၄၀)
“ဒါက တကယ်ပဲ လျှိုချင်းယွီနဲ့ တခြားသူတွေ ပူးပေါင်းကြံစည်ထားတဲ့ ထောင်ချောက်လား”
မိုဟူက အနည်းငယ် အံ့အားသင့်ကာ ဝေခွဲမရ ဖြစ်နေခဲ့သည်။
ထျန်းယွိအမွေအနှစ် နယ်မြေ၏ သော့သည် အမွေအနှစ်နယ်မြေကို တစ်ကြိမ်သာ ဖွင့်လှစ်နိုင်ပြီး လူဆယ်ယောက်ကိုသာ အတွင်းသို့ စေလွှတ်နိုင်သည်။
အကယ်၍ ဤသည်က အမှန်တကယ် လျှိုချင်းယွီတို့၏ အကြံအစည် ဆိုလျှင် အစောပိုင်းက လူငယ်အမျိုးသားနှင့်အမျိုးသမီးတို့သည် ဤနေရာသို့ မည်ကဲ့သို့ ဝင်ရောက်လာပါသနည်း။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် သူတို့ကို လှည့်စားခဲ့ပြီး အမွေအနှစ်နယ်မြေ ပွင့်သွားပြီးနောက်တွင် အမွေအနှစ် နယ်မြေ ထဲသို့ လူဆယ်ယောက်ထက်မက ဝင်ရောက်နိုင်ခဲ့ခြင်းပေလော။
သို့သော်လည်း ထိုသို့ ဖြစ်နေလျှင်ပင် ဤတစ်ခေါက်ခရီးစဥ်တွင် စိမ်းလန်းသောမြစ်မြို့ကနေ ထွက်လာစဥ် ကတည်းကပင် သူတို့သည် လျှိုချင်းယွီတို့ အဖွဲ့၏ နောက်ကို နီးနီးကပ်ကပ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
လျှိုချင်းယွီတို့ အဖွဲ့တွင် ငါးယောက်သာ ရှိသည်မှာ သေချာသလောက်ဖြစ်ပြီး အခြားလူ လုံးဝမရှိခဲ့ပေ။
“ဒါက လျှိုချင်းယွီရဲ့ ထောင်ချောက် မဖြစ်နိုင်ဘူး.. ဘာလို့လဲဆိုတော့ ချီယွင်ဟောက်နဲ့ ငါတစ်ခါ ဆုံဖူးတယ်.. သူက ထိုက်ယီ အင်မော်တယ်ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် ချီယွင်ဟောက် အစစ်ပဲ”
ထိုအချိန်တွင် ဟိုင်ဟဲက ရုတ်တရက် ဝင်ပြောလိုက်သည်။
“ဒါဆို ထိုက်ယီအင်မော်တယ်ဂိုဏ်းက လူတွေက တကယ်ပဲ ဒီနေရာကို ဝင်လာခဲ့ကြတာပေါ့”
မိုဟူ၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
ယင်းနောက်တွင် သူက တုံ့ဆိုင်းမနေတော့ဘဲ ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သော အမူအရာဖြင့် ပြောလိုက်သည်။
“သွားကြစို့.. ငါတို့ သူတို့ နောက်ကို လိုက်သွားကြမယ်”
ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် အင်အားကြီးမား၍ ဤခရီးစဥ်အတွင်း ထျန်းယွိအမွေအနှစ်နယ်မြေ ထဲသို့ စေလွှတ်ထားသော အင်အားမှာ အားနည်းလောက်မည် မဟုတ်ပေ။
မိုဟူသည် ယခုအချိန်တွင် လျှိချင်းယွီ အနေဖြင့် သူတို့ကို အကွက်ဆင်ရန် မဖြစ်နိုင်ကြောင်း ယုံကြည်ခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ သူတို့၏ အကြီးမားဆုံးရန်သူမှာ ယခုအခါတွင် ထိုက်ယီအင်မော်တယ်ဂိုဏ်းသာ ဖြစ်သင့်၏။
အကယ်၍ သူတို့သာ ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ လူများကို အနိုင်မယူနိုင်လျှင် ထျန်းယွိ ချန်ထားရစ်ခဲ့သော အင်မော်တယ် ကံကြမ္မာကို ရရှိရန် မဖြစ်နိုင်သလောက်ပင်။
ချီယွင်ဟောက်တို့၏ လမ်းပြမှုအောက်တွင် ကျန်းချန်တို့အဖွဲ့သည် အမွေအနှစ်နယ်မြေ ထဲတွင် ခရီးဆက်ခဲ့ကြသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် သူတို့အဖွဲ့သည် ကြီးမားသော တောင်တန်းကြီးတစ်ခု ထဲသို့ ဝင်ရောက်လာခဲ့သည်။
တောင်တန်းထဲတွင် အန္တရာယ်များမှာ နေရာအနှံ့ရှိနေပြီး အစွမ်းထက် သားရဲများသည် တောင်တန်းထဲတွင် ပုန်းအောင်း၍ နေထိုင်နေကြသည်။
၎င်းတို့ထဲမှာ အများစုသည် ကပ်ဘေး အထွတ်အထိပ်အဆင့်နှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများကိုပင် ယှဥ်နိုင်သော သားရဲများ ဖြစ်ကြ၏။
သို့သော်လည်း ကျန်းချန်နှင့် အခြားသူများ အတွက်မူ သားရဲများသည် မည်သို့မျှ ခြိမ်းခြောက်မှု မဖြစ်စေခဲ့ပေ။
အလွန် လျင်မြန်စွာပင် သူတို့အဖွဲ့သည် လျှို့ဝှက်ဆန်းကြယ်သော ချောက်နက်ကြီး တစ်ခု ဆီသို့ ရောက်ရှိလာခဲ့၏။
ယင်း ချောက်နက်ထဲတွင် အရိုးများကိုပင် ကြေမွသွားစေနိုင်လောက်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ရေခဲစွမ်းအင် မုန်တိုင်းများ တိုက်ခတ်နေခဲ့သည်။
ထိုရေခဲစွမ်းအင် မုန်တိုင်းများသည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးကို တစ်ခဏအတွင်း အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲပစ်ရန် လုံလောက်ပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် ထို မုန်တိုင်းအောက်တွင် ကြာရှည် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သော ချောက်နက်ကြီးကို ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ လူများသည် စူးစမ်းလေ့လာခဲ့ပြီးပြီ ဖြစ်ပုံရကာ ချောက်နက်ကြီး၏ အခြေအနေကို ထိုက်ယီ အင်မော်တယ်ဂိုဏ်းဝင် အားလုံးထံ အကြောင်းကြားထားပြီးပြီ ဖြစ်ပုံရသည်။
ထို့ကြောင့် ချီယွင်ဟောက်က ကျန်းချန်တို့ အဖွဲ့ကို ချောက်နက်ထဲသို့ ခေါ်ဆောင်သွားပြီးနောက်တွင် ချောက်ထဲရှိ ရေခဲ စွမ်းအင် မုန်တိုင်းများကို ကောင်းစွာ ရှောင်ရှားနိုင်ခဲ့သည်။
ဤသို့ဖြင့် သူတို့ အုပ်စုသည် ရေခဲစွမ်းအင် မုန်တိုင်းများ လွှမ်းခြုံနေသော ဧရိယာကို ဖြတ်ကျော်ကာ ချောက်နက်ကြီး၏ အနက်ရှိင်းဆုံး နေရာဆီသို့ ရောက်ရှိလာခဲ့သည်။
ကျန်းချန်၏ မြင်ကွင်းထဲတွင် စိမ်းလန်းသောမြင်ကွင်း တစ်ခု ပေါ်လာခဲ့ပြီး ယင်းသည် အပြင်ဘက်ရှိ ရေခဲနှင်း ကမ္ဘာကြီးနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။
ဤနေရာရှိ ကမ္ဘာကြီးသည် စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ပြီး အမွေအနှစ် နယ်မြေ၏ အခြားသော နေရာများထက် ဆယ်ဆမျှ ပို၍ စွမ်းအင် ကြွယ်ဝသည်။
ရှေးခေတ်ကာလမှ အငွေ့အသက်များက သူတို့၏ မျက်နှာကို လာရောက် ရိုက်ခတ်နေခဲ့ရာ ကျန်းချန်တို့ အားလုံးသည် ရှေးခေတ်ကာလဆီသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ပင် ခံစားခဲ့ရသည်။
ကျန်းချန်က ပတ်ဝန်းကျင်ကို အသာအယာ ဝေ့ကြည့်လိုက်၏။
ထိုအခါ စိမ်းလန်း စိုပြေနေသည့် ထူးခြားသော သစ်ပင်ပန်းမန်များကို တွေ့လိုက်ရ၏။
ကျန်းချန်၏ အတွေ့အကြုံဖြင့်ပင် ထိုသစ်ပင်ပန်းမန်များကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ယင်းကြောင့် ထိုသစ်ပင်ပန်းမန်များသည် ပြင်ပကမ္ဘာတွင် မျိုးတုန်းသွားပြီ ဖြစ်သည့် အပင်မျိုးစိတ်များ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
ဤနေရာတွင် ရှေးခေတ်ကာလက အငွေ့အသက်များကို ထုတ်လွှတ်နေသော မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီး အချို့လည်း ရှိသည်။
အချို့သစ်ပင်များ.ဆိုလျှင် ပေရာပေါင်းများစွာ အထိ မြင့်မား၏။
ဤနေရာရှိ ပန်းပင်များ နှင့် သစ်ပင်များသည် ကောင်းကင်နှင့် မြေကြီး၏ ကြွယ်ဝသော စွမ်းအင် လွှမ်းမိုးမှုများကြောင့် သာမန်အပင်များ၏ အဆင့်ထက်ပင် ကျော်လွန်နေပြီ ဖြစ်သည်။
ရှင်းလင်းစွာဆိုရလျှင် ဤနေရာရှိ မည်သည့် သစ်ပင်၊ပန်းမန် မဆို စွမ်းအင်တချို့ ကိန်းအောင်းနေခဲ့ပြီး အဆင့်နိမ့် ကျင့်ကြံသူများ အတွက် ရှားပါးသော ရတနာများ ဖြစ်နေခဲ့ချေပြီ။
သို့သော်လည်း ကျန်းချန်နှင့် အခြားသူများ၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းဆုံး ကပ်ဘေးအဆင့်ကို ရောက်ရှိနေပြီဖြစ်ရာ သဘာဝကျစွာပင် ထိုအရာများကို လောဘတက်နေမည် မဟုတ်ပေ။
သူတို့အဖွဲ့က ဆက်လက် ထွက်ခွာခဲ့ရာ နာရီဝက်ခန့်ကြာပြီးနောက်တွင် ရှေးဟောင်း အငွေ့အသက်များ ထုတ်လွှတ်နေသော ကြီးမားသည့် အဆောက်အအုံ တစ်ခုသည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် မိုင်ပေါင်းထောင်ချီအကွာအဝေးရှိ အဆောက်အဦး အဝင်ဝရှိ ပျက်စီးနေသော ဆိုင်းဘုတ်ကို တစ်ချက် ကြည့်ရုံဖြင့်ပင် ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
ယင်းမှာ ပေအနည်းငယ် ရှည်လျားသည့် ကြီးမားသော ကျောက်သား ဆိုင်းဘုတ်တစ်ခု ဖြစ်ပြီး ထိုအပေါ်တွင် ရှေးဟောင်း အက္ခရာဖြင့် စာလုံးနှစ်လုံး ထွင်းထုထား၏။
“ထျန်းယွိ”
နှစ်ပေါင်းမည်မျှ ကုန်လွန်သွားပြီကို မသိရသော်လည်း ကျောက်သားဆိုင်းဘုတ် ပေါ်ရှိ စာလုံးနှစ်လုံးသည် ဖော်ပြ၍ မရနိုင်သော အနုပညာ အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့ပြီး ဆွေးမြည့်ပျက်စီးရန် အစအနပင် ရှိမနေခဲ့ပေ။
“ဒါက ထျန်းယွိ နေထိုင်တဲ့ နေရာလား”
သူတို့ရှေ့မှ အဆောက်အအုံကို ကြည့်ကာ လျှိုချင်းယွီ၊ မိုဟူနှင့် အခြားသူများ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤသည်မှာ အမှန်တကယ်ပင် အင်မော်တယ် တစ်ဦး နေထိုင်သောနေရာ ဖြစ်သည်။
ထျန်းယွိသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် မပျက်ဆုံးမီက နောက်ဆုံးအင်မော်တယ် ဖြစ်နေခဲ့၍ အင်မော်တယ် ဖြစ်လာနိုင်သည့် လျှို့ဝှက်ချက်ကို သိရှိထားသူ ဖြစ်နိုင်ခြေ အလွန်များသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ထျန်းယွိ၏ အဆောက်အအုံထဲတွင် အင်မော်တယ်ကံကြမ္မာ ရှိနေရန် အလွန်တရာပင် ဖြစ်နိုင်၏။
ဤကဲ့သို့သော အခွင့်အလမ်းမျိုးသည် အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေသော ယနေ့ခေတ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ အိပ်မက်မက်နေကြသော အခွင့်အလမ်း ဆိုလည်းမမှားပေ။
“သွားကြစို့”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက်တွင် သူ၏မြင်ကွင်းထဲရှိ အဆောက်အဦး ဆီသို့ ခရီးဆက်လာခဲ့သည်။
မိုင်ပေါင်းထောင်ချီ အကွာအဝေးသည် ကျန်းချန်နှင့် တခြားသူများအတွက် ဘာမှမဟုတ်ပေ။
တစ်ခဏအတွင်းမှာပင် သူတို့အားလုံးသည် အဆောက်အဦးနှင့် မိုင်တစ်ရာပင် မဝေးတော့သည့် နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
အဆောက်အဦးကို အနီးကပ် မြင်လိုက်ရသောအခါ သူတို့အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့သည်။
သူတို့အဖွဲ့ထဲတွင် ထိပ်တန်း ပါရမီရှင်များနှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ ရှိနေစေကာမူ ထိုအဆောက်အအုံ ရှေ့တွင် ရပ်နေချိန်၌ သူတို့ကိုယ် သူတို့ သိမ်ငယ်သလို မခံစားဘဲ မနေနိုင်ခဲ့ကြပေ။
“မိတ်ဆွေလေးကျန်းချန်.. ထိုက်ယီအင်မော်တယ်ဂိုဏ်းက လူတွေက ဘယ်မှာလဲ”
လျှိုချင်းယွီက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော်လည်း ထိုက်ယီ အင်မော်တယ်ဂိုဏ်းဝင်များကို မတွေ့ရသဖြင့် ကျန်းချန်ကို မေးလိုက်သည်။
“သူတို့တွေ အဆောက်အဦးထဲ ဝင်သွားကြပြီ ထင်တယ်”
ကျန်းချန်က သူ၏ရှေ့မှ အဆောက်အဦးကို အသေအချာအကဲခတ်လိုက်ရာ အဆောက်အဦး ထဲတွင် မမြင်နိုင်သော မှော်အစီအရင်များ ရှိနေသည်ကို ခံစားမိခဲ့သည်။
ဤမှော်အစီအရင်များသည် အလွန်တရာပင် နက်ရှိုင်းပြီး အဆောက်အဦး တစ်ခုလုံးနှင့် ပေါင်းစပ်နေခဲ့၏။
အစီအရင်တချို့သည် ပျက်စီးသွားပြီ ဖြစ်သော်လည်း အများစုကမူ နဂိုအတိုင်း ကျန်ရှိနေဆဲပင်။
ထိုခဏတွင် ကျန်းချန်သည် အားကောင်းသော အရှိန်အဝါငါးခု ခြောက်ခုကို ခံစားမိခဲ့သည်။
၎င်းတို့သည် အဆောက်အဦး၏ အစီအရင်ကို တိုက်ခိုက်နေပုံရပြီး ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်နိုင်ခြေအလွန်များ၏။
လျှိုချင်းယွီ၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
“ဒါဆိုရင် ငါတို့လည်း အထဲကို ဝင်ကြစို့”
အကယ်၍ ထျန်းယွိ အမွေအနှစ်နယ်မြေထဲမှ အင်မော်တယ်ကံကြမ္မာကို ထိုက်ယီ အင်မော်တယ်ဂိုဏ်းကသာ ရရှိသွားမည်ဆိုလျှင် သူတို့၏ ဤခရီးစဥ်သည် အလဟဿ ဖြစ်သွားပေလိမ့်မည်။
“ကောင်းပြီ”
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီးနောက်တွင် အဆောက်အဦး၏ တံခါးမကြီး ထဲသို့ တိုက်ရိုက်ပင် လှမ်းဝင်သွားခဲ့သည်။
“စီနီယာအစ်ကို.. ကျွန်မတို့ အခု ဘာဆက်လုပ်ကြမလဲ”
ကျန်းချန်နှင့် အခြားသူများ အဆောက်အဦးထဲ ဝင်သွားသည်ကို မြင်လျှင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ အပြာရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ချီယွင်ဟောက်ကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ငါတို့က ဘာလုပ်နိုင်ဦးမှာလဲ...လက်ရှိအချိန်မှာ ငါတို့ရဲ့ကျင့်ကြံမှုက အဲဒီကောင်ရဲ့ ချိတ်ပိတ်တာကို ခံထားရတယ်.. ဒီနေရာမှာ စောင့်ဆိုင်းနေရုံက လွဲပြီး ငါတို့ ဘာမှမတတ်နိုင်ဘူး”
ချီယွင်ဟောက်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“ဒါပေမဲ့ ငါ စီနီယာအစ်ကိုကူကို အသိပေးဖို့ နည်းလမ်းတစ်ခု စဥ်းစားထားပြီးပါပြီ.. စီနီယာအစ်ကိုကူက သူတို့ကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ”
မူလက သူသည် ကျန်းချန် တစ်ယောက်တည်းကိုသာ ဤနေရာသို့ ခေါ်လာရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ကျန်းချန်က မဟာယာန တစ်ပိုင်းအဆင့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေလျှင်ပင် တစ်ကိုယ်တော်စွမ်းရည်ဖြင့် ထိုက်ယီ အင်မော်တယ် ဂိုဏ်းအဖွဲ့ကို ယှဥ်ပြိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။
သို့သော်လည်း မထင်မှတ်ဘဲ ကျန်းချန်သည် လမ်းခရီးတွင် လူများစွာ ခေါ်လာခဲ့သည်။
၎င်းတို့အားလုံး ပူးပေါင်းလိုက်လျှင် အင်အား အလွန်အမင်း တောင့်တင်းသွားမည် ဖြစ်ပြီး ထိုအထဲတွင် မဟာယာန တစ်ပိုင်းအဆင့် ပါရမီရှင် တစ်ဦးပင် ပါဝင်နေခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ဤနေရာတွင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ အဖွဲ့ဝင်အားလုံး စုစည်းနေကြလျှင်ပင် တစ်ဖက်အဖွဲ့ကို အသာစီးရရန်မှာ လွယ်ကူမည် မဟုတ်ပေ။
အခန်း(၂၅၄၀)ပြီး၏။