← Chapters

မကောင်းဆိုးဝါး တည်းခိုခန်း ( ၁ )

Vol. 11 Ch. 160

မကောင်းဆိုးဝါး တည်းခိုခန်း ( ၁ )

Vol. 11 Ch. 160

မှောင်မည်းနေသော ညအခါတွင် လေတဖြူးဖြူး တိုက်ခတ်နေပြီး လရောင်က အေးစက်နေသည်။

ညသည် သေမင်းတရားကို ကိုယ်စားပြုသော လက်ကြီးတစ်ဖက်နှင့် ဆင်တူပြီး သေခြင်းနှင့်ရှင်ခြင်းတရား စုတ်တံကို ကိုင်ဆောင်၍ အရာအားလုံးကို ဆေးခြယ်နေပေရာ သေမင်းပန်းချီကားတစ်ချပ် ဖြစ်လာသည့်အလားပင်။

အရာအားလုံး ပကတိ မှောင်မည်းနေ၏။

နံရံတွင် ချိတ်ဆွဲထားသော ရာဇဝတ်ကောင်၏ လည်ပင်းရှိ ဒဏ်ရာမှ စီးကျနေသော နီစွေးစွေး သွေးများသည်သာ မှောင်မည်းနေသော လောကကြီးထဲတွင် တုန်လှုပ်ချောက်ချားစရာအကောင်းဆုံး အရောင်အဆင်း ဖြစ်နေသည်။

အဝေးမှ ခြေသံသဲ့သဲ့ လွင့်ပျံလာပြီး ပန်းချီကားချပ်အတွင်းသို့ မီးခိုးရောင်ပုံရိပ်တစ်ခု တဖြည်းဖြည်း ဝင်ရောက်လာသည်။ ယင်းက ချောက်ချားစရာကောင်းသော သွေးများနေရာတွင် အစားထိုးယူလိုက်ပြီး ပန်းချွမ်လမ်းပေါ်ရှိ တည်းခိုခန်းအပြင်ဘက်တွင် အအေးစက်ဆုံးအငွေ့အသက်တစ်ခု ဖြစ်လာတော့သည်။

ထိုအအေးဓာတ်က စီးကျနေသော သွေးများကို အတန်ငယ် အေးခဲသွားစေဟန်တူသည်။ ယင်းကြောင့် တည်းခိုခန်းဝင်ပေါက်ရှိ အဘိုးအို၏ မျက်လုံးများ မှေးသွားပြီး လျှောက်လာသော လူရိပ်ကို ကြည့်လိုက်သည်။

အနက်ရောင်ဆံပင်ရှည်များက ပခုံးနှစ်ဖက်ပေါ် ကျနေပြီး သူ့ပုံစံက ကျစ်လျစ်တောင့်တင်းပြီး အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်း ဖြစ်သည်။ ပိရိသေသပ်သော မျက်နှာသွင်ပြင်နှင့် အေးစက်စက်အကြည့်ကို ပေါင်းစပ်လိုက်သောအခါ သူ့အသွင်က ဓားအိမ်မှ ဖြည်းညှင်းစွာ ထုတ်လာသည့် ဓားတစ်လက်အသွင်ရှိသည်။

သူက ရွှီချင်းပင်။

သူ၏အမူအရာက တည်ငြိမ်နေသည်။ ပန်းချွမ်လမ်းမှ အဘိုးအိုက ကြည့်နေစဉ် သူသည် အလောင်းဘေးသို့ တစ်လှမ်းချင်း လျှောက်လာသည်။ အလောင်း၏ သားရေအိတ်ရှုံ့ကို ယူလိုက်ပြီး ခံစားချက်မဲ့စွာဖြင့် ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။ အလောင်း၏ ခေါင်းကို သူ ဖမ်းယူလိုက်ပြီး ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကို ကန်ထုတ်လိုက်သည်။

အလောင်းက အဘိုးအို၏ ခြေထောက်ပေါ်သို့ ကျသွားသည်။

အဘိုးအို၏ မျက်နှာအမူအရာ မည်းမှောင်နေပါသော်လည်း သူ့နောက်မှ လေတိုးသံများကို ကြားလိုက်ရပြီး မြွေကြီး၏ခေါင်းက တရွှီရွှီမြည်လျက် ထွက်ပေါ်လာသည်။ ၎င်းက ရွှီချင်းကို မြင်သွားသည့်အခိုက် မျက်လုံးများ ဝင်းလက်သွားသည်။

“ ရွှီ ရွှီ ရွှီ ”

“ ဒါ ငါ မင်းကို ကျွေးတာ ”

ရွှီချင်းက မြွေကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

မြွေကြီးမှာ ဝမ်းသာအားရဖြင့် အလောင်းကို တစ်ချီတည်း မျိုချလိုက်ပြီး ရွှီချင်းကို ခေါင်းညိတ်ပြလိုက်သည်။

“ ရွှီချင်း၊ မင်း သိပ်လွန်မလာနဲ့နော် ”

ပန်းချွမ်လမ်းမှ အဘိုးအိုက ရွှီချင်းကို စူးစိုက်ကြည့်၍ အေးစက်စက်ပြောလိုက်သည်။

ရွှီချင်းက အဘိုးအိုကို ကြည့်လိုက်ပါသော်လည်း သူ့ညာလက်က ရုတ်ခြည်း ဝှေ့ယမ်းသွားသည်။ ရုတ်တရက် သူ့လက်ထဲရှိ ဓားမြှောင်က အဝေးသို့ လွင့်ပျံသွားပြီး တရွှီရွှီမြည်သံပေး၍ လေဟုန်ခွင်းသွားကာ ပြေးလာနေသော နောက်ထပ်ရာဇဝတ်ကောင်တစ်ကောင်၏ မျက်ခုံးမွေးနှစ်ခုကြားရှိ နေရာကို စိုက်ဝင်သွားသည်။

ပြင်းထန်သောအားကြောင့် ထိုလူ၏ ဦးခေါင်းခွံ ကွဲထွက်သွားသည်။ အနီရောင်နှင့်အဖြူရောင်ရောယှက်နေသော အသားစများ အောက်သို့ ပြုတ်ကျလာကာ သူ့ခန္ဓာကိုယ်သည်လည်း ပေနှစ်ဆယ်အကွာအဝေးထိ လွင့်ထွက်သွားပြီး မြေပြင်သို့ အရှိန်ပြင်းစွာ ကျသွားသည်။

အဘိုးအို၏ မျက်ခုံးမွေးများ တွန့်ကွေးသွားသည်။ သူ့ရှေ့ရှိ ရွှီချင်းက ပင်လယ်ဖွတ်ကျွန်းတွင် ရှိစဉ်ကထက် ပို၍ပင် အစွမ်းထက်လာဟန်တူသည်ကို အာရုံခံမိလိုက်ပြီး စိုးရိမ်စိတ်ဝင်သွားသည်။

“ မင်း ဘာလိုချင်တာတုံး ”

အဘိုးအိုက ရွှီချင်းကို ဒေါသတကြီး ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှ နဖူးကြောများ ထောင်ထလာသည်။ သူ့ခန္ဓာကိုယ်မှ အန္တရာယ်အငွေ့အသက်များ လွင့်ပျံထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေထဲတွင် ကြိုးများ ပေါ်ထွက်လာသည်။

သို့ပေမည့် ၎င်းတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပြင်းအားတစ်မျိုး ထွက်ပေါ်လာပြီး အပူလှိုင်းအသွင်ဖြင့် အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။ ရုတ်တရက် ကြိုးတစ်ချောင်းပြီးတစ်ချောင်း ကွေးသွားကာ အနားသို့ ကပ်မလာဝံ့တော့ချေ။

မနီးမဝေးတစ်နေရာမှ စူးစူးရှရှအော်ဟစ်သံ ထွက်ပေါ်လာသည်။

ယင်းအသံသည် ဤနေရာသို့ ရောက်လာသော တတိယမြောက် ရာဇဝတ်ကောင်ထံမှ လာခြင်းဖြစ်သည်။ ဤနေရာသို့ ခြေချမိလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး အစိမ်းပုပ်ရောင်ပြောင်းသွားပြီး အဆိပ်ကြောင့် ဇီဝိန်ချုပ်သွားရသည်။

ရွှီချင်းက ထိုရာဇဝတ်ကောင်အလောင်းကို ဂရုမစိုက်ဘဲ အဘိုးအို၏ လည်ပင်းကိုသာကြည့်၍ သူ သတ်နိုင်မလားဆိုသည်ကို ချိန်ဆကြည့်လိုက်သည်။ သူ၏အရှိန်အဝါက တဖြည်းဖြည်း အေးစက်သည်ထက် အေးစက်လာသည်။

အဘိုးအိုက ရွှီချင်းကို စူးစိုက်ကြည့်ကာ မွန်းကြပ်လာသည်။ ဤနေရာသို့ ရွှီချင်း ရောက်လာရသည့် အကြောင်းရင်းကို သူ ကောင်းစွာ သိထားပါသော်လည်း ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့် ပေးရမည်ကို တွေး၍ ရင်ထဲ ဆို့နင့်သွားရမြဲပင်။ အစောပိုင်းက သူသာ မေးလာခဲ့ပါက ဝိညာဉ်ကျောက်တုံးမပေးရရန် သိုလှောင်အိတ်ကို လက်ဆောင်အဖြစ် ပေးခဲ့ပြီးပြီဖြစ်ကြောင်း ဆင်ခြေပေးရန် စဉ်းစားထားခဲ့သည်။

သို့သော် ရွှီချင်းက စကားတစ်ခွန်း မပြောခဲ့ပေ။ ရွှီချင်း၏ခန္ဓာကိုယ်မှ လူသတ်ငွေ့များပါ ရှိနေသည့်အတွက် စကားပြောရန် မဖြစ်နိုင်ကြောင်း အဘိုးအို နားလည်လိုက်သည်။ သေရေးရှင်ရေးအခြေအနေကြောင့် သူ ရင်တဒိန်းဒိန်းခုန်လာရသည်။

“ ရွှီချင်း၊ ဇွတ်မလုပ်နဲ့နော်။ ငါ့မှာလည်း ဝှက်ဖဲရှိတယ်ကွ။ အဲဒီဝှက်ဖဲက ဒီတည်းခိုခန်းပဲ။ ဒါက တည်းခိုခန်းပုံစံရှိနေပေမဲ့ တကယ်တော့ မကောင်းဆိုးဝါးတစ်ကောင်ပဲ။ အခု အဲဒီအကောင်က အိပ်မောကျနေတာ။ အဲဒီအကောင် နိုးထလာတာနဲ့ ချီရွှဲ့ထုံဂိုဏ်းပထမမြောက်တောင်ထိပ်က အဲဒီကောင်ကို ချက်ချင်း လာနှိမ်နင်းရတယ်။ ဒီတစ်ခေါက် မင်းလည်း ကိစ္စတုံးမှာနော် ”

အဘိုးအိုက ကတိုက်ကရိုက် ပြောလိုက်သည်။ သူ့စကားဆုံးသောအခါ တည်းခိုခန်းတစ်ခုလုံး တုန်ခါသွားပြီး စားပွဲခုံများ၊ ကုလားထိုင်များနှင့် အုတ်ခဲများမှ ကြောက်မက်ဖွယ်အရှိန်အဝါများ လွင့်ပျံလာသည်။ တည်းခိုခန်းတစ်ခုလုံး မွန်းစတားတစ်ကောင်ဖြစ်လာပြီး နိုးထလာတော့မည့်အလားပင်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ထိုအခိုက် သူ ခံစားလိုက်ရသည့် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။

အဝေးတွင် တချိန်လုံး လဲှနေသော မြွေကြီးက သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေသည်။ ၎င်းက သူတို့နှစ်ယောက် တိုက်ခိုက်မည် မဟုတ်ကြောင်း ယုံကြည်နေသည့်အလား မည်သူ့ကိုမှ မကူညီပေ။ ၎င်းက တည်းခိုခန်းထဲမှ အပြောင်းအလဲများကို အာရုံခံမိပါသော်လည်း ရင်းနှီးနေသည့်အလားပင်။ တည်းခိုခန်းကို နှုတ်ဆက်နေသည့်အလား ခေါင်းဖြင့် မြေပြင်ကို ပွတ်နေသည်။

သို့သော်လည်း ရွှီချင်းက ၎င်းအား ကြည့်နေသည်ကို သတိထားမိလိုက်ပြီးနောက် ၎င်းက တရွှီရွှီအော်မြည်၍ အဘိုးအိုက အမှန်တရားကို ပြောပြနေသည့်အလား ခေါင်းတဆတ်ဆတ် ငြိမ့်ပြနေသည်။

“ ရွှီချင်း၊ ငါက လူသားတစ်ယောက်မဟုတ်ဘူး။ ဒီတည်းခိုခန်းကလည်း တည်းခိုခန်း မဟုတ်ဘူး၊ မကောင်းဆိုးဝါးတစ်ကောင်ပဲ။ ငါ့မျိုးနွယ်က မကောင်းဆိုးဝါးတွေကို အိပ်မောကျအောင် စွမ်းဆောင်နိုင်တယ် ”

“ ဟိုးအရင်တုန်းက ဒီအိပ်မောကျနေတဲ့မကောင်းဆိုးဝါးကို ပထမမြောက်တောင်ထိပ်ဆီ ရောင်းဖို့ ချီရွှဲ့ထုံဂိုဏ်းကို ခေါ်လာခဲ့တာ။ ဒါပေမဲ့ ပထမမြောက်တောင်ထိပ်က ငါ့ကို ငွေချက်ချင်းမပေးဘဲ ဒီအကောင်ကြီးကို ဆယ်နှစ် စောင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး။ သူတို့ကတိပေးထားတဲ့ ပမာဏကလည်း များတော့ ငါလည်း သဘောတူခဲ့တယ်။ ဒါပေမဲ့ ငါ ဆင်းရဲနေတုန်းပဲ။ ကျင့်ကြံဖို့အတွက်ကို ကိုယ့်အားကိုယ်ကိုးနေရတုန်းပဲ ”

“ ပြီးတော့ ဟွမ်ရန်နဲ့ငါက မိတ်ဆွေတွေ၊ ကျန်းစန်းရဲ့အသက်ကိုလည်း ငါ ကယ်ခဲ့တာ။ အမှတ်ခြောက်အသင်းခေါင်းဆောင်နဲ့ ငါက သေဖော်သေဖက်တွေ။ အရင်တုန်းက ငါ မင်းကို ပေးခဲ့တဲ့ ရာဇဝတ်ကောင်အကြောင်းတွေက အမှန်တွေပဲ။ ငါ မင်းကို ဘာမှအန္တရာယ်ပေးချင်တဲ့စိတ်မရှိဘူး ”

ရွှီချင်း၏ မျက်နှာက မည်းမှောင်နေပြီး အလျင်အမြန် ရှင်းပြနေသော အဘိုးအိုကိုတစ်လှည့် တည်းခိုခန်းကို တစ်လှည့် ကြည့်လိုက်သည်။ ညအမှောင်ထဲတွင် တည်းခိုခန်းက အရာအားလုံးကို ဝါးမျိုနိုင်သည့် မကောင်းဆိုးဝါးပါးစပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားဟန်တူသည်။

အဘိုးအိုက ထင်သလောက် မရိုးရှင်းဘဲ သေချာပေါက် သက်စောင့်နည်းလမ်း ရှိနေနိုင်ကြောင်း သူ သိထားသည့်အတွက်ကြောင့် သူ မလှုပ်ရှားခဲ့သေးခြင်း ဖြစ်သည်။ သို့သော်လည်း အဘိုးအို၏ ဝှက်ဖဲက တည်းခိုခန်းကြီး ဖြစ်နေလိမ့်မည်ဆိုသည်ကိုတော့ သူ မျှော်လင့်မထားခဲ့ပေ။

All Chapters