← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁)

ရွှေရောင်ကြေးခွံခရမ်းသွေးဆေးလုံး၊ လျို့ဝှက်နယ်မြေသတင်းအချက်အလက်

သုံးရက်ကြာပြီးနောက် မုန့်ချန်ချင်းခြံဝန်းတံခါးကို လူတစ်ယောက်လာခေါက်ခဲ့သည်။

"ဂျူနီယာမောင်လေးမုန့်, ငါ ကုန်းလင်းရွယ်ပါ..."

သာယာသည့်အသံတစ်ခု နားထဲဝင်လာခဲ့သည်။

သူမ၏ထူးခြားသည့်အသွင်အပြင်နှင့်ပေါင်းစပ်လိုက်သည့်အခါ တစ်ခဏ ဖြတ်သွားဖြတ်လာ စိတ်ဝိညာဥ်တောင်ထိပ်တပည့်များစွာ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ကျွီ!

ခြံဝန်းတံခါးပွင့်လာပြီး မုန့်ချန်ချင်းပုံရိပ်ထွက်ပေါ်လာခဲ့သည်။

"စီနီယာအမကုန်း..."

မုန့်ချန်ချင်း ပြုံးလိုက်သည်။

"ငါနင့်ကိုနှောက်ယှက်မိပြီလား ဂျူနီယာမောင်လေးမုန့်...."

ကုန်းလင်ယွဲ့မျက်နှာ၌ လှပသည့်အပြုံးတစ်ခု ရှိနေခဲ့သည်။

"မဟုတ်ပါဘူး, လာအထဲဝင်လေ...."

မုန့်ချန်ချင်း ဘေးဖယ်ပေးလိုက်၏။

ခြံဝန်းတံခါးပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိတပည့်တွေ စတင်ဆွေးနွေးတော့၏။

"အဲ့တာ ဆေးဘုရင်တောင်ထိပ်က ကုန်းလင်းရွယ်မလား၊ ငါတို့ဂိုဏ်းမှာ အငယ်ဆုံးဆေးဖော်စပ်ဆရာတွေထဲကတစ်ယောက်လေ...."

"သူမက ဘာလို့ စိတ်ဝိညာဥ်တောင်ထိပ်ကိုလာတာလဲ...."

ဆေးဆရာတစ်ယောက်၏အထောက်အထားက ဂုဏ်သတင်းကြီးသောကြောင့် ဆေးဘုရင်တောင်ထိပ်၏အဆင့်အတန်းကလည်း ဂိုဏ်းမှာ အတော်လေးမြင့်၏။

ပုံမှန်ဆို အခြားတောင်ထိပ်တွေက သူတို့ဆီသွားရောက် အကူအညီတောင်းရ၏။

သို့ပေမယ့် ယနေ့တော့ ပြောင်းပြန်ဖြစ်နေခဲ့သည်။

"အဲ့တာမုန့်ချန်ချင်းအိမ်မလား။ သူမ သူ့ကိုရှာဖို့လာတာပဲဖြစ်ရမယ်..."

"မုန့်ချန်ချင်းက ဘယ်သူလဲ...."

"မင်းရဲ့သတင်းအချက်အလက်တွေက ခေတ်နောက်ကျလွန်းနေပြီ။ မုန့်ချန်ချင်းတောင်မသိဘူး...."

"အသေးစိတ်ပြောပြစမ်းပါ..."

"သစ္ဆေလက်ချောင်းပိုင်ချန်ခဲ့ကိုမှတ်မိလား..."

"အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ် နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူလား..."

"ဟုတ်တယ်, အဲ့ကောင်ကို ဒီဂျူနီယာမုန့်က သတ်လိုက်တာလေ။ ပြောကြတာတော့ အဲ့ချိန် မုန့်ချန်ချင်းက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၄ ပဲရှိသေးတယ်တဲ့...."

"ဟစ်, အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၉ ကို အဆင့် ၄ နဲ့သတ်တယ်။ ဒါကြီးက မများလွန်းဘူးလား...."

"ငါတို့အတွင်းစည်းကတပည့်တွေကိုကြည့်လိုက် ဒါကိုလုပ်နိုင်သူအများကြီးမရှိဘူး။ အဲ့ဒီ လူထူးဆန်းအနည်းငယ်ပဲလုပ်နိုင်ကြမှာ..."

"ဟုတ်တယ်, တကယ်ကိုသန်မာလွန်းတယ်။ ဒါ့ပြင် ဂျူနီယာမုန့်က ကုန်းလင်းရွယ်နဲ့ အခြားလူတွေကို ပိုင်ချန်ခဲ့လက်က ကူညီခဲ့တာတဲ့။ ဒီနေ့ ကုန်းလင်းရွယ်လာတာ သူမ ကျေးဇူးတင်မှုကို ဖော်ပြဖို့ဖြစ်မယ်..."

လူတွေ ဆွေးနွေးနေခဲ့၏။

တဖြည်းဖြည်းဖြင့် သူတို့၏မျက်လုံးတွေထဲမှာ မနာလိုသည့်အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။

အဆုံးမှာတော့ ကုန်းလင်းရွယ်က ဆေးဘုရင်တောင်ထိပ်မှ သာမန်တပည့်တစ်ယောက်မဟုတ်ပေ။

ပထမတစ်ချက် သူမက အလွန်လှပပြီး လူများစွာ၏နှစ်သက်မှုကိုခံရ၏။

ဒုတိယအချက် အဆင့် ၂ ဆေးဖော်စပ်ဆရာဖြစ်ပြီး အနာဂတ်အလားအလာမြှင့်၏။

အရေးကြီးဆုံးက သူမဆရာက ဆေးဘုရင်တောင်ထိပ်မှာ အရေးပါသူတစ်ယောက်ဖြစ်နေတာပင်။

ဤကဲ့သို့လူတစ်ယောက်နှင့် ဆက်ဆံရေးတည်ဆောက်နိုင်တာ အနာဂတ်သိုင်းပညာလမ်းကြောင်းချောမွေ့သွားပြီဟု ပြောနိုင်၏။

မင်းဘာဆေးလိုချင်လဲ, အကုန်ရမည်ဖြစ်သည်။

သူတို့ ထိုအရာကိုမုန်း၏။

ဘာကြောင့် ဤကိစ္စမျိုးက သူတို့ဆီမှာ လာမဖြစ်ရသနည်း။

ခြံဝန်းကတိတ်ဆိတ်နေခဲ့သည်။

ထောင့်နား၌ ရှေးဟောင်းသစ်ပင်တစ်ပင်စိုက်ထားခဲ့သည်။

လေပြေလေညင်းတိုက်ခတ်နေပြီး သစ်ရွက်တွေတစ်ရွက်ပြီးတစ်ရွက်ကျနေကာ အတော်လေး သာယာလှပ၏။

"ငါ့နေအိမ်က ရိုးရှင်းတယ်၊ အများကြီးပြင်ဆင်ထားတာမရှိဘူး။ စီနီယာအမကုန်း ကျေးဇူးပြုပြီးခွင့်လွတ်ပေးပါ...."

မုန့်ချန်ချင်း သူမကို ခြံဝန်းထဲရှိ ကျောက်တုံးထိုင်ခုံတစ်ခုပေါ်မှာထိုင်ခိုင်းလိုက်၏။

"ငါတို့ခွဲခွာပြီးကတည်းကဆို လေးရက်ပဲရှိသေးပေမယ့် ဂျူနီယာမောင်လေးမုန့်က အတော်လေးပြောင်းလဲသွားသလိုပဲ...."

ကုန်းလင်းရွယ် မုန့်ချန်ချင်းကို တစ်ချက်ကြည့်လိုက်သည်။

"ငါတို့ကမိတ်ဆွေတွေပဲ, မိတ်ဆွေတွေကြားမှာ ဒီလိုယဥ်ကျေးနေဖို့မလိုပါဘူး..."

"ဒါ ငါ့အမှားပါ..."

မုန့်ချန်ချင်း ပြုံးပြီး ခေါင်းခါယမ်းလိုက်သည်။

သူတို့က မိတ်ဆွေဆက်ဆံရေးထူထောင်ထားသော်လည်း ယခုချိန်ထိ တစ်ယောက်နှင့်တစ်ယောက် ကောင်းကောင်းမသိရသေးပေ။

သူက သူတို့၏ဆက်ဆံရေးတိုးတက်မှုကို သာမန်အတိုင်းသွားဖို့စိတ်ကူးထားပေမယ့် ကုန်းလင်းရွယ်က အတော်လေးစိတ်အားထက်သန်နေခဲ့သည်။ သူမက သူ့ထက်ပင် ရှေ့ပြေးနေ၏။

"ဒီနေ့လာခဲ့တာ ငါ့ရဲ့အရင်ကတိကိုဖြည့်ဆည်းပေးဖို့ပဲ..."

ကုန်းလင်းရွယ် ဆွဲဆောင်မှုရှိစွာပြုံးလိုက်သည်။

"ဂျူနီယာမောင်လေးမုန့်, တစ်ချက်လောက်ကြည့်လိုက်ပါ...."

ပြောနေရင်းဖြင့် သူမက သိုလှောင်လက်စွပ်အတွင်းမှ ကျောက်စိမ်းသေတ္တာတစ်ခု ထုတ်ယူလိုက်သည်။

ကျောက်စိမ်းသေတ္တာက ပိတ်ထားသော်လည်း ပြင်းထန်သည့်ဆေးရနံ့က ၎င်းမှ စိမ့်ထွက်နေဆဲဖြစ်သည်။

"ဒါ အဆင့် ၃ ဆေးလုံး ရွှေကြေးခွံခရမ်းသွေးဆေးလုံးပဲ...."

ကုန်းလင်ယွဲ့ ကျောက်စိမ်းသေတ္တာကိုဖွင့်လိုက်သည့်အခါ အထဲ၌ ရွှေရောင်ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။

ရွှေရောင်ဆေးလုံး၏မျက်နှာပြင်၌ မြွေနှင့်တူသည့်ပုံသဏ္ဍာန်များစွာရှိနေပြီး အသက်ရှိနေသလိုပင်။

"ရွှေရောင်ကြေးခွံခရမ်းသွေးဆေးလုံး..."

မုန့်ချန်ချင်း အနည်းငယ်အသက်ရှူသွင်းလိုက်၏။

သူက ဆေးပညာ၌ဘာမှမသိသည့်လူသစ်မဟုတ်တော့ရာ ဤဆေးလုံး၏အရေးပါမှုကို နားလည်၏။

အဆင့် ၂ ဆေးလုံးကကို အတော်လေးအဖိုးတန်နေပြီဖြစ်ရာ အဆင့် ၃ ဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။

၎င်းတို့က ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အတွက် အဆင့်မြင့်ကျင့်ကြံခြင်းအရင်းအမြစ်တွေဖြစ်ကြသည်။

ထို့ပြင် ဤရွှေရောင်ကြေးခွံခရမ်းသွေးဆေးလုံးက အဆင့် ၃ ဆေးလုံးတွေထဲမှာတောင် အကောင်းဆုံးဖြစ်သည်။

၎င်း၏အဓိကပါဝင်ပစ္စည်းက အဆင့် ၃ သားရဲ ရွှေကြေးခွံခရမ်းမီးတောက်စပါးအုံး၏နှလုံးသွေးဖြစ်ပြီး များစွာသောစိတ်ဝိညာဥ်ဆေးပင်တွေနှင့် ပေါင်းစပ်ဖော်စပ်ရ၏။

ဆေးစွမ်းအားက အလွန်အမင်းအားကောင်းပြီး လူတစ်ယောက်၏ရုပ်ခန္ဓာကိုတောင်တိုးမြှင့်ပေးနိုင်ကာ အချိန်ကြာလာသည်နှင့်အမျှ မီးတောက်ခုခံနိုင်မှုကိုလည်း တိုးမြင့်စေ၏။

သူသာ ဤဆေးလုံးသောက်လိုက်လျှင် သေချာပေါက် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ်ကို အချိန်တိုအတွင်းရောက်မည်ဖြစ်သည်။

"ဒါက အရမ်းအဖိုးတန်ပုံပဲ..."

မုန့်ချန်ချင်း သူ၏အနည်းငယ်လှုပ်ရှားသွားသည့်စိတ်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။

သူထင်ထားခဲ့တာ ကုန်းလင်းရွယ် သူ့အတွက် အဆင့် ၂ ဆေးလုံးလောက်ပဲယူလာမည်ထင်ထားခဲ့ပေမယ့် မည်သူသိမည်နည်း, အဆင့် ၃ ဆေးလုံးဖြစ်နေခဲ့သည်။

"ဂျူနီယာမောင်လေးမုန့်, ဒါက ငါ့အသက်နဲ့ယှဥ်ရင် ဘာမှမဟုတ်ပါဘူး။ လုံးဝအဖိုးမတန်ပါဘူး...."

ကုန်းလင်းရွယ် ချက်ချင်း ပြောလိုက်သည်။

"မြန်မြန်လက်ခံလိုက်။ မငြင်းပါနဲ့, မဟုတ်ရင် ငါစိတ်မကောင်းဖြစ်ရလိမ့်မယ်..."

"ဒါ့ပြင် ငါတို့မှာ ဆွေးနွေးဖို့ အခြားကိစ္စတွေရှိသေးတယ်....."

"ကောင်းပြီလေ, ဒါဆိုလည်း ကျွန်တော် အားနာနာနဲ့လက်ခံလိုက်ပါ့မယ်။ အနာဂတ်မှာ အမကုန်းလိုအပ်တာတစ်ခုခုရှိခဲ့ရင် ကျွန်တော့်ကို လွတ်လွတ်လပ်လပ်အကူအညီတောင်းနိုင်ပါတယ်...."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။

သူက ယခုချိန်မှာ တကယ်ပဲ အဆင့် ၃ ဆေးလုံးလိုအပ်နေခဲ့သည်။

ဂိုဏ်းလျို့ဝှက်နယ်မြေဖွင့်ဖို့က တစ်လလောက်ပဲလိုတော့ရာ ဝိညာဥ်ပေါင်းစပ်ဆေးလုံးကိုပဲမှီခိုနေလျှင် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ်ရောက်ဖို့က မလုံလောက်ပေ။

သို့ပေမယ့် ရွှေကြေးခွံခရမ်းသွေးဆေးလုံးနှင့်ဆိုလျှင်တော့ ခြားနားသွားပြီဖြစ်သည်။

"ဂျူနီယာမုန့်ပြောတာကို ငါမှတ်ထားပါ့မယ်..."

ကုန်းလင်းရွယ် တောက်ပစွာပြုံးလိုက်သည်။

"အို ဟုတ်သားပဲ, အမကုန်း စောနက အခြားပြောစရာရှိသေးတယ်ဆို, ဘာများလဲ...."

မုန့်ချန်ချင်း ကျောက်စိမ်းသေတ္တာကို ဘေးဖယ်ပြီး မေးလိုက်သည်။

"ဟုတ်သားပဲ, ငါမေ့တော့မလို့...."

ကုန်းလင်းရွယ် ရုတ်တရက် သတိရသွားသည်။

"ဂိုဏ်းလျို့ဝှက်နယ်မြေကဖွင့်တော့မှာမလား။ မင်းက အသစ်ဆိုတော့ သေချာပေါက် ဘာမှသိအုန်းမှာမဟုတ်ဘူး။ ငါအရင်က အထဲကိုတစ်ခါမှမဝင်ဘူးဖူးဆိုပေမယ့် သိသလောက် မင်းကိုပြောပြမယ်...."

"ကျွန်တော်နားထောင်နေပါတယ်...."

မုန့်ချန်ချင်း ချက်ချင်း နားစွန့်ကာ အာရုံစိုက်လိုက်၏။

၎င်းက အိပ်ချင်နေတုန်း ခေါင်းအုံးလာပေးသလိုပင်။

သူသာ လျို့ဝှက်နယ်မြေအခြေအနေကိုသိထားလျှင် သိသိသာသာ အကျိုးရှိမည်ဖြစ်သည်။

"ဂိုဏ်းလျို့ဝှက်နယ်မြေမှာ အပိုင်းနှစ်ပိုင်းပါဝင်တယ်။ တစ်ခုက ရွမ်ချင်းနယ်မြေဖြစ်ပြီး နောက်တစ်ခုက ထိုက်ချင်းနယ်မြေပဲ...."

ကုန်းလင်းရွယ် ရှင်းပြလိုက်သည်။

"ရှေ့တစ်ခုက ငါတို့အတွင်းစည်းတပည့်တွေအတွက်ပဲ၊ နောက်တစ်ခုကတော့ စစ်မှန်တပည့်တွေနဲ့ အဲ့အထက်ကတပည့်တွေအတွက်ပေါ့...."

"ဒါဆို နယ်မြေနှစ်ခုရှိတာပေါ့...."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

သူထင်ထားခဲ့တာ အတွင်းစည်းတပည့်တွေနှင့် အစစ်အမှန်တပည့်တွေအတူတကွဝင်ရမည်ဟူ၍ပင်။

သို့ပေမယ့် တွေးကြည့်တော့လည်း ပုံမှန်ပဲဖြစ်သည်။

အစစ်အမှန်တပည့်တွေသာ အတွင်းစည်းတပည့်တွေ၏နယ်မြေမှာပါဝင်လာလျှင် အတွင်းစည်းတပည့်တွေအတွက် ရှင်သန်ရန် အခွင့်အရေးမရှိသလောက်ဖြစ်သွားမည်ဖြစ်သည်။

ဤကဲ့သို့သော အဖိုးလျို့ဝှက်နယ်မြေမှာ ဘိုးဘေးများချီမြှင့်ခဲ့သော ကောင်းချီးတစ်ခုဖြစ်၏။

သို့ပေမယ့် သူတို့ဂိုဏ်း၌ မမျှော်လင့်စွာပဲ နှစ်ခုတောင်ရှိနေခဲ့သည်။

"ရွမ်ချင်းနယ်မြေက အတော်ကျယ်တယ်..."

ကုန်းလင်ယွဲ့ အသေးစိတ်ကို စတင်ရှင်းပြလိုက်သည်။

"ဥမမာ, နင်က စိတ်ဝိညာဥ်ဆေးပင်အရင်းအမြစ်တွေလိုအပ်ရင် လျို့ဝှက်နယ်မြေရဲ့ တောင်ဘက်ပိုင်းကို သွားရမယ်..."

"သိုင်းပညာနည်းစနစ်တွေအတွက်ဆိုရင်တော့ မြောက်ဘက်က ဘိုးဘေးတွေရဲ့အမွေအနှစ်တွေဆီသွားရမယ်, အစရှိသဖြင့်ပေါ့...."

မုန့်ချန်ချင်း အချက်အလက်တိုင်းကို သေချာမှတ်သားထားပြီး အနာဂတ်အတွက် အစီစဥ်ချနေခဲ့သည်။

အခန်း (၄၂)

အာ... နင့်လက်ကအတော်ကြီးတာပဲ,ဂျူနီယာမောင်လေးမုန့်

တစ်ခဏကြာပြီးနောက် ကုန်းလင်ယွဲ့ ရှင်းပြတာပြီးစီးသွား၏။

"ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအမ။ မဟုတ်ရင် လျို့ဝှက်နယ်မြေထဲဝင်တဲ့အခါ ကျွန်တော် ဦးတည်ချက်ရှာမရဖြစ်နေမှာ..."

မုန့်ချန်ချင်း ပြောလိုက်သည်။

ဤအရာက အမှန်တရားဖြစ်သည်။ အဆုံးမှာတော့ သူက ထိုနေရာကို ယခင်ကမသွားဘူးပေ။

အတွင်းစည်းကိုဝင်ရောက်ခါစတပည့်သစ်တစ်ယောက်အနေဖြင့် ရှေ့လူများ၏အထောက်အပံ့ အခြေခံဟူ၍ဘာမှမရှိပေ။

"ဒါက ဘာမှသိပ်ပြီးအဖိုးတန်တဲ့သတင်းတွေမဟုတ်ပါဘူး..."

ကုန်းလင်းရွယ် သူမ၏လှပသည့်မျက်တောင်လေးတွေကို ခတ်ပြီး ပြောလိုက်သည်။

"လျို့ဝှက်နယ်မြေဖွင့်တဲ့အခါ ဂိုဏ်းက မြေပုံတစ်ခုနဲ့ သက်ဆိုင်ရာအချက်အလက်တွေပြောပေးလိမ့်မယ်။ ခုက ကြိုတင်သိထားတော့ ကြိုတင်ပြင်ဆင်ထားလို့ရအောင်ပါ..."

"ဒါအမှန်ပဲ..."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်သည်။

"စကားပုံတောင်ရှိသေးတယ်, ရှေ့ကိုခြေတစ်လှမ်းစောရောက်နေမှ ခြေလှမ်းတိုင်းမှာ အမြဲသာနေမှာ...."

ထို့ပြင် တပည့်အများစု လျို့ဝှက်နယ်မြေအကြောင်းကြိုတင်သိရန် ယခင်ဝင်ရောက်ဖူးသည့်လူများကို လိုက်လံမေးမြန်းကြမှာ အသေချာပင်။

သိုင်းလောကက ပြိုင်ဆိုင်မှုပြင်ထန်ပြီး လုံးဝမျှတမှုဆိုတာမရှိပေ။

"ဂျူနီယာမောင်လေးမုန့်က အတွင်းစည်းတပည့်သစ်အနေနဲ့ ကျင့်ကြံရေးကိုပဲအာရုံစိုက်ထားတော့ အဲ့ကိစ္စတွေကိုစဥ်းစားမိမှာမဟုတ်ဘူး..."

ကုန်းလင်းရွယ် စနှောက်လိုက်၏။

"စီနီယာအမက ကျွန်တော့်ကိုကောင်းကောင်းသိတာပဲ...."

မုန့်ချန်ချင်း ရယ်ပြီးခေါင်းခါယမ်းလိုက်သည်။

တကယ်တော့ လူတစ်ယောက်၏ခွန်အားက လုံလောက်အောင်သန်မာသွားလျှင် သူတို့က အများကြီးစဥ်းစားနေကြတော့မည်မဟုတ်ပေ။

"မင်းမှာ လျို့ဝှက်နယ်မြေနဲ့ပတ်သက်ပြီး အခြားမေးစရာရှိသေးလား..."

ကုန်းလင်းရွယ် သူမမေ့စေ့ကိုလက်ပေါ်တင်လိုက်ပြီး အစိမ်းရောင်ဆံနွယ်အချို့က နဖူးပေါ်ကျနေခဲ့သည်။

လေပြေလေညင်းကြောင့် ၎င်းတို့လွဲယမ်းနေပုံမှာ အလွန်လှပလှ၏။

"လျို့ဝှက်နယ်မြေနဲ့ပတ်သက်လို့တော့ မရှိတော့ပါဘူး။ ဒါပေမယ့် ဆေးပညာနဲ့ပတ်သက်ပြီး မေးစရာအချို့ရှိတယ်..."

"စီနီယာအမ ပြောပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

မုန့်ချန်ချင်း ပြောလိုက်သည်။

သူက သူ၏ဆေးဖော်စပ်ဆရာအထောက်အထားအတွက် အုတ်မြစ်ကို ဆက်လက်တည်ဆောက်ရမည်ဖြစ်သည်။

"မေးလေ..."

ကုန်းလင်းရွယ် မျက်လုံးတွေ တောက်ပသွား၏။

ဤအရာက သူမကျွမ်းကျင်သည့်နယ်ပယ်မဟုတ်လား။

"ကျွန်တော်အရင်က ဆေးစာအုပ်တွေအများကြီးဖတ်ဖူးတယ်..."

မုန့်ချန်ချင်း ဇတ်လမ်းဆင်ကာ စတင်ပြောလိုက်၏။

သုံးနာရီလောက်ကြာပြီးနောက် ကုန်းလင်းရွယ် သူမပါးစပ်ကိုကာလိုက်ပြီး မျက်လုံးတွေထဲမှာ တုန်လှုပ်မှုအပြည့်ဖြင့် မုန့်ချန်ချင်းကို ကြည့်နေခဲ့သည်။

အမှန်တိုင်းပြောရလျှင် ဤလောက်ကြောက်စရာကောင်းသည့်နာလည်နိုင်စွမ်းနှင့် တစ်စုံတစ်ယောက်ကို တစ်ခါမှမမြင်ဖူးပေ။

သူ့နားလည်နိုင်စွမ်းက အရမ်းကိုကောင်းလွန်း၏။

သူမဖြေပေးသည့်မေးခွန်းတိုင်းကို ချက်ချင်းနားလည်ခဲ့ရုံသာမက ပိုမိုနက်ရှိုင်းသည့်အချက်အလက်တွေကို ဆက်စပ်တွေးတောနိုင်ခဲ့သည်။

သူဖော်ပြခဲ့သည့် ကျွမ်းကျင်မှုတွေအရ သေချာပေါက် အဆင့် ၁ ဆေးဖော်စပ်ဆရာနှင့် ယှဥ်နိုင်၏။

ဓားပညာပါရမီက ကြောက်စရာကောင်းရုံသာမက....

ဆေးပညာမှာလည်း ထပ်တူဖြစ်နေမယ်လို့ သူမမမျှော်လင့်ထားပေ။

တကယ်ကို သာမန်လူမဟုတ်ပေ။

"ဂျူနီယာမောင်လေးမုန့်, နင်ဘာလို့ ငါတို့ဆေးဘုရင်တောင်ထိပ်ကိုမလာတာလဲ..."

ကုန်းလင်းရွယ် မုန့်ချန်ချင်းလက်ကိုကိုင်ပြီး စိတ်ရင်းမှန်ဖြင့် ဖိတ်ခေါ်လိုက်၏။

"စီနီယာအမကကြင်နာလွန်းနေပါပြီ။ ကျွန်တော်က ဒီအတိုင်းလေ့လာရုံပါ, သေချာအလေးအနက်လုပ်ဖို့အစီအစဥ်မရှိဘူး..."

မုန့်ချန်ချင်း ရှက်လည်းမရှက်သလို နှလုံးခုန်သံလည်းမမြန်ပဲ ပုံမှန်ပဲပြောလိုက်သည်။

"ဒီအတိုင်းလေ့လာရုံပဲ...."

ကုန်းလင်းရွယ် အနည်းငယ် ဆွံ့အသွား၏။

သူမက ၁၀ နှစ်လောက်ပင်ပန်းကြီးစွာလေ့လာပြီးမှ အဆင့် ၂ ဆေးဖော်စပ်ဆရာအဆင့်ကို ရောက်ရှိခဲ့တာဖြစ်သည်။

သို့ပေမယ့် ဂျူနီယာမောင်လေးမုန့်ကတော့ သာမန်အတိုင်းလေ့လာရုံဖြင် အဆင့် ၁ ကိုရောက်ရှိခဲ့သည်။

သူမမသိတာက မုန့်ချန်ချင်းက အဆင့် ၂ ဆေးဖော်စပ်ဆရာဖြစ်နေပြီဆိုတာပင်။

ကွာဟချက်မကြီးမားစေဖို့ သူက ဖြည်းဖြည်းချင်းသာ ထုတ်ပြနေချင်းဖြစ်သည်။

အထူးမီးတောက်ပိုင်ဆိုင်သည့်အခါ သူက ပွင့်ပွင့်လင်းလင်းလုပ်ဆောင်နိုင်ပြီဖြစ်သည်။

ထို့နောက် ကုန်းလင်းရွယ် သူမက မုန့်ချန်ချင်းလက်ကိုကိုင်ထားမိတာ နားလည်သွားပုံရ၏။

ပါးတွေချက်ချင်းနီရဲလာပြီး အလျှင်အမြန်လွတ်ပေးလိုက်သည်။

အစောပိုင်းက စိတ်လှုပ်ရှားသွားသဖြင့် ဤကဲ့သို့လုပ်ဆောင်မိတာဖြစ်သည်။

ထိုအရာက ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပေ။

"အင်း... ဂျူနီယာမောင်လေးမုန့်, နင့်လက်က အတော်ကြီးတာပဲ။ အတော်လဲနွေးတယ်...."

ကုန်းလင်းရွယ် အသာအယာချောင်းဟန့်ပြီး ပြောလိုက်သည်။

သူမရှင်းပြချင်ပေမယ့် ပြောလိုက်သည့်စကားများမှာ ပို၍ပင်ထူးဆန်းသွားသလို ခံစားရ၏။

ပတ်ဝန်းကျင်က ရုတ်တရက် ထူးဆန်းစွာတိတ်ဆိတ်သွားခဲ့သည်။

"အဲ, ငါ့မှာ လုပ်စရာရှိသေးလို့ သွားလိုက်အုန်းမယ်။ နောက်မှတွေ့မယ်, ဂျူနီယာမောင်လေးမုန့်..."

စိတ်ထဲ၌ ကုန်းလင်းရွယ် အတော်လေးရှက်နေခဲ့သည်။

သူမ အရင်က ယောက်ျားတစ်ယောက်နှင့် ဤကဲ့သို့တစ်ခါမှမထိတွေ့ဖူးပေ။ ထို့ပြင် သူမက လက်ကိုစကိုင်သည့်လူဖြစ်နေခဲ့သည်။

သင်းပျံသည့်ရနံ့လေးနှင့်အတူ ခြံဝန်းတံခါးပိတ်သွားပြီး မုန့်ချန်ချင်းတစ်ယောက်သာ ကျန်ခဲ့၏။

သူက နဖူးကိုပွတ်လိုက်မိသည်။

ကုန်းလင်းရွယ်အမူအရာနှင့် တုံ့ပြန်မှုကို သူနားလည်၏။

သို့ပေမယ့် သူ၏သိုင်းပညာကျင့်ကြံရေးက ခုမှစတင်တာဖြစ်သည်။

"ထားလိုက်ပါ..."

မုန့်ချန်ချင်း လက်ဖယ်လိုက်ပြီး စားပွဲပေါ်ရှိကျောက်စိမ်းသေတ္တာကိုကြည့်လိုက်သည်။

ရွှေကြေးခွံခရမ်းသွေးဆေးလုံး....

ဤဆေးလုံးနှင့် အချိန်တိုအတွင်း အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တက်ရောက်ဖို့က ပြဿနာမဟုတ်ပေ။

ထို့ပြင် ဤအရာက မိတ်ဆွေဖွဲ့ခြင်းမှရသည့် အပိုဆုလာဘ်အဖြစ်ယူဆလို့ရ၏။

ယခင် ပိုင်စုရှီကဲ့သို့ပင်။

ပိုင်းစုရှီအကြောင်းပြောမှ ထိုကောင်မလေး နောက်ပိုင်းဘာတွေလုပ်နေလဲ သူသိချင်လာခဲ့သည်။

သူမက အတွင်းစည်းကို ဝင်ရောက်ပြီးမှတော့ လာမည့်လျို့ဝှက်နယ်မြေမှာ ပါဝင်လိမ့်မည်ဖြစ်သည်။

ထိုအကြောင်းတွေးပြီး မုန့်ချန်ချင်း တိုက်ရိုက်ပဲ မိတ်ဆွေစာရင်းကိုဖွင့်လိုက်သည်။

[မိတ်ဆွေ- ပိုင်စုရှီ]

[မျိုးနွယ်- လူမျိုး]

[ကျင့်ကြံရေး- အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အဆင့် ၄]

[....]

[သိုင်းပညာ- ပင်လယ်နက်မှမူလသို့ပြန်ခြင်း (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊....]

"နောက်ထပ်အဆင့်တက်သွားပြန်ပြီ..."

မုန့်ချန်ချင်း မျက်ခုံးတွေအနည်းငယ်မြင့်တက်သွား၏။

သူမက တကယ်ကို အလားအလာကောင်းသည့်လူတစ်ယောက်ပင်။

လွန်ခဲ့သည့် ၁၀ ရက် သူကလန်မှာရှိနေချိန်ကတောင် သူမ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၂ ပဲရှိသေး၏။

ယခု အဆင့် ၄ ကို ရောက်ပြီးနေပြီဖြစ်သည်။

သူမ၏တိုးတက်မှုက တကယ်ကို မြန်ဆန်လှ၏။

ထို့ပြင်, သူမ၏သိုင်းပညာကလည်း တိုးတက်လာလာခဲ့သည်။

ထိုနည်းစနစ်က ဘာနည်းစနစ်လဲဆိုတာ သူမသိပေ။ သေချာတာကတော့ ထိုက်ရွမ်ဂိုဏ်းမှမဟုတ်ပေ။

အနည်းဆုံး သိုင်းကျမ်းဆောင်မှာ သူမမြင်ဖူးပေ။

"ငါ ကျင့်ကြံရေးကိုပဲ အာရုံစိုက်ဖို့ပဲလိုတယ်...."

မုန့်ချန်ချင်း ကျောက်စိမ်သေတ္တာကိုကောက်ပြီး အခန်းထဲပြန်ဝင်သွားခဲ့သည်။

မဟုတ်လျှင် ဤမိန်းခလေး သူ့ကို လိုက်မှီလာတော့မည်ဖြစ်သည်။

All Chapters