အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း(171)
သူဌေးလော်က သူ၏ အတွင်းရေးမှူးကို လှမ်းခေါ်လိုက်ပြီး ပြောလိုက်ပေ၏။
“ငါ့မှာ အားလပ်ချိန်က ဘယ်တော့လောက်ရှိမလဲ ကြည့်လိုက်၊ ငါက အဲဒီကျောင်းကို သွားကြည့်ချင်တယ်”
သူဌေးလော်က နောက်ဆုံးတွင် သဘောတူလိုက်သည်ကို မြင်လျှင် လင်းမိန်ဟွေ့ အလွန်ပင်ပျော်ရွှင်သွားရပေ၏။
ချန်းမင်သည်လည်း စိတ်အားထက်သန်မှုများက နိုးကြားလာခဲ့ပေသည်။ ဤကဲ့သို့သော အောင်မြင်မှုမျိုးက သူမအတွက် တွန်းအားနှင့် စိတ်ကူးစိတ်သန်းသစ်များကို ပေးစွမ်းနိုင်ခဲ့ပေသည်။
သူမကို အရောင်းဝန်ထမ်းအလုပ်လုပ်ရခြင်း၏ ပျော်ရွှင်မှုကိုလည်း မြင်တွေ့စေခဲ့ပေသည် မဟုတ်ပါလား။
ခဏအကြာတွင် အတွင်းရေးမှူးက ဖုန်းပြန်ဆက်၍ သူဌေးလော်ဟောင်အနေဖြင့် မွန်းလွဲပိုင်းတွင် အားလပ်ကြောင်းကို အကြောင်းကြားလာ၏။
သူဌေးလော်က သူ၏အတွင်းရေးမှူးကို လင်းမိန်ဟွေ့နှင့် ချန်းမင်တို့ကို ကုမ္ပဏီစားသောက်ဆိုင်တွင် ဧည့်ခံကျွေးမွေးရန် စီစဉ်ခိုင်းလိုက်ပေသည်။
ထမင်းစားပြီးနောက်တွင် သူတို့သုံးဦးက R&F အလယ်တန်းကျောင်းသို့ အတူတူ သွားခဲ့ကြလေ၏။
ကျောင်း၏ စိုးရိမ်ဖွယ်ရာ သင်ကြားရေးပတ်ဝန်းကျင်ကို မြင်လိုက်ရသောအချိန်တွင် လော်ဟောင်တစ်ယောက် မျက်မှောင်ကြုတ်သွားရပေသည်။
လင်းမိန်ဟွေ့က ပတ်ဝန်းကျင်မြေပြင်အနေအထား၏ ထူးခြားချက်ကို ပါးနပ်စွာ သတိပြုမိလိုက်ပြီးပြောလိုက်လေသည်။
“သူဌေးလော်၊ ကြည့်ပါဦး.. ဒီနေရာက စက်ရုံတွေအများကြီးရှိတဲ့ မြို့ပြင်ဒေသဖြစ်သလို အခုလည်း ဖွံ့ဖြိုးတိုးတက်နေဆဲပဲ၊
တကယ်လို့ သူဌေးကသာ ဒီကျောင်းမှာ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် ကျိန်းသေပေါက်ကို စိတ်ပျက်ရမှာမဟုတ်ပါဘူး”
ပညာရေးက စီးပွားရေးသက်သက်မဟုတ်ကြောင်းကို လင်းမိန်ဟွေ့က သိရှိပေ၏။
သို့သော်လည်း အရည်အသွေးမြင့်မားသော သင်ကြားရေးအရင်းအမြစ်များကသာ ကျောင်းသားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ပေသည်။
ပြီထို့အပြင် ကျောင်းသားများ များပြားလာခြင်းကလည်း ကျောင်းလည်ပတ်မှုကို ကောင်းမွန်စေ၍ ကောင်းကျိုးပြုသံသရာတစ်ခု ဖြစ်ပေါ်လာစေမည်ဟူသော အချက်က တူညီနေပေသည်။
လော်ဟောင်က ခေါင်းကိုညိတ်ပြလိုက်ပြီး လင်းမိန်ဟွေ့၏ စကားက မှန်ကန်ကြောင်းကို လက်ခံလိုက်ပေသည်။
သူတို့က ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ ဝင်လိုက်ချိန်တွင် ကျိုးကျန်းထျန်းက ကျောင်းသားလေးတစ်ဦးကို ကျောင်းမထွက်ရန် ဖျောင်းဖျနေသည်ကို တွေ့လိုက်ရ၏။
သူက ဆရာကောင်းတစ်ဦးဖြစ်ကာ ကျောင်းထွက်လိုက်ပါက ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ၏အကြောင်းကို အကြာကြီး ပြောပြနေပြီး ထိုကျောင်းသားလေးကို အိမ်ပြန်၍အတွက် ထပ်မံစဉ်းစားရန်ပင် တိုက်တွန်းနေပေသည်။
ကျောင်းသားလေးက သူ၏မျက်ရည်များကို သုတ်လိုက်ရင်းဖြည်းပြန်လည်ပြောလိုက်လေ၏။
“ကျောင်းအုပ်ကြီးကျိုး၊ ကျွန်တော့်ရဲ့အဖေက ဆုံးသွားပါပြီ၊ ကျွန်တော့်ရဲ့အမေက တစ်ယောက်တည်းနဲ့ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို ထောက်ပံ့ဖို့က အရမ်းကိုခက်ခဲနေတယ်၊
အခုဆို ကျွန်တော့်ရဲ့ ကျောင်းလခတွေကလည်း ခဏခဏ နောက်ကျနေပြီလေ၊
ကျွန်တော် အမေနဲ့ တိုင်ပင်ထားပြီးပါပြီ၊ ကျွန်တော်တို့က အတူတူ အလုပ်လုပ်ပြီး ညီမလေးကိုပဲ ကျောင်းထားပေးတော့မယ်လို့ ဆုံးဖြတ်ထားပါတယ်”
ကျိုးကျန်းထျန်းက သက်ပြင်းချ၍ ကျောင်းသားလေး၏ ခေါင်းကို ပုတ်ပေးရင်းပြောလိုက်ပေသည်။
“မင်းရဲ့ ကျောင်းလစာအတွက် မလုံလောက်ရင် ငါက နည်းလမ်းရှာပေးပါ့မယ်၊ မင်း ကျောင်းတက်မှသာ ဒီလို ခက်ခဲတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်နိုင်မှာပါ၊
မဟုတ်ရင် မင်းရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးမှာ ကြုံရာကျပန်း အလုပ်တွေကိုလုပ်ရင်းနဲ့ ဖြတ်သန်းတော့မှာလေ”
ကျောင်းသားလေးက တိတ်ဆိတ်သွားရ၏။
သူတို့က တိတ်ဆိတ်နေသည်ကို မြင်သောအချိန်တွင် လင်းမိန်ဟွေ့က ကြားဝင်စကားပြောလိုက်ပေသည်။
“ကျောင်းအုပ်ကြီးကျိုး၊ ကျွန်မ သူဌေးလော်ကို ကျောင်းကို လိုက်ကြည့်ဖို့ ခေါ်လာခဲ့ပါတယ်.. ရှင်တို့က အရင်ပြောနှင့်ကြပါလား၊ ကျွန်မ ကဒီကျောင်းသားလေးနဲ့ စကားပြောလိုက်ပော့မယ်”
ကျိုးကျန်းထျန်းကလည်း တခြားနည်းလမ်းမရှိတော့သောကြောင့် လင်းမိန်ဟွေ့၏ အကြံပြုချက်ကို သာ သဘောတူလိုက်လေ၏။
လင်းမိန်ဟွေ့နှင့် ချန်းမင်တို့က ကျောင်းသားလေးကို ခေါ်၍ ကျောင်းအုပ်ကြီးရုံးခန်းထဲမှ ထွက်လာခဲ့ကြပေသည်။
တံခါးမပိတ်မီမှာပင် ကျိုးကျန်းထျန်းက သူဌေးလော်ကို နှုတ်ဆက်၍ ကျောင်းကို လိုက်လံကြည့်ရှုရန် လေးနက်စွာဖြင့် ဖိတ်ခေါ်နေသည်ကို လင်းမိန်ဟွေ့က ကြားလိုက်ရပေသည်။
အကယ်၍သာ ရင်းနှီးမြှုပ်နှံပေးနိုင်မည်ဆိုပါက သူက ကျောင်းအုပ်ကြီးရာထူးကိုပင် စွန့်လွှတ်ရန် အသင့်ရှိကြောင်းကို ပြောလိုက်ပေ၏။
လင်းမိန်ဟွေ့က များစွာ စိတ်လှုပ်ရှားသွားရပေသည်။ ကျိုးကျန်းထျန်းက အမှန်တကယ်ပင် ဆရာကောင်းတစ်ဦးပင် ဖြစ်ပေ၏။
စင်္ကြံလမ်းတွင် ရပ်နေရင်း လင်းမိန်ဟွေ့က အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော ကျောင်းသားလေးကို ကြည့်လိုက်လေ၏။
ဤသည်က သူမ၏ အတိတ်မှဘဝအခြေအနေကို ပြန်လည်၍အမှတ်ရစေပေသည်။
လင်းမိသားစုတွင်ရှိနေချိန်က ကျောက်ချွေ့ဟွားက လင်းရှောင်ရှုကိုသာ ကျောင်းကောင်းကောင်း ထားပေးချင်ခဲ့ပေသည်။ သူမကတော့ ကျောင်းထွက်၍ အိမ်မှုကိစ္စများကိုသာ လုပ်ကိုင်ခဲ့ရပေသည် မဟုတ်ပါလား။
နောက်ပိုင်းတွင်လည်း ကျန်းကျိကုန်း၏ မိသားစုသို့ လက်ထပ်ဝင်ရောက်ခဲ့ရပြီး ဒုက္ခများစွာကို ခံစားခဲ့ရဖူး၏။
အကယ်၍သာ သူမက စာအုပ်များ ကိုဖတ်ရှုခဲ့ရပါက သူမ၏ ကံကြမ္မာကို သူမကိုယ်တိုင်ပင် ထိန်းချုပ်နိုင်ခဲ့မည် ဖြစ်ပေသည်။
“မင်းရဲ့ရှေ့မှာရှိနေတဲ့ ဒီအခက်အခဲတွေက မင်းရဲ့ အနာဂတ်မှာ ပျော်ရွှင်တဲ့ဘဝကို စွန့်လွှတ်ဖို့အတွက် လုံလောက်ပြီလို့ မင်းထင်နေတာလား၊
မင်းက ဒီအခက်အခဲလေးတစ်ခုကို ကြောက်ပြီး တစ်သက်လုံး ဒုက္ခခံသွားဖို့ကို ဆန္ဒရှိလို့လား”
လင်းမိန်ဟွေ့၏ စကားများက ကလေးတစ်ဦးအတွက် အနည်းငယ် လေးလံလွန်းပေသည်။
ဘေးရှိ ချန်းမင်ကသတိပေးလိုက်လေ၏။
“ကလေးကို မခြောက်ပါနဲ့ဦး!”
လင်းမိန်ဟွေ့သည်ကား အကယ်၍ သူမကသာ သူ့ကို နိုးကြားအောင် မလုပ်ခဲ့ပါက ထိုကလေးမှာ သူ၏ အတွေးက မှန်သည်ဟု ဆက်လက်၍ ထင်မြင်နေဦးမည်ဖြစ်ကြောင်းကို ကောင်းစွာ သိရှိနေပေသည်။
အကယ်၍ သူ၏ စိတ်ဓာတ်ကို မပြောင်းလဲနိုင်ပါက သူမက မည်မျှပင် ကြိုးစားပါစေ အလဟဿသာ ဖြစ်ပေလိမ့်မည်။
လင်းမိန်ဟွေ့က တိတ်ဆိတ်နေသော ကောင်လေးကို ဆက်လက်၍ပြောဆိုလိုက်သည်။
“တကယ်လို့ မင်းက ကြုံရာကျပန်း အလုပ်ကိုလုပ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားသူတွေဆီက ရန်ပုံငွေရအောင် ကြိုးစားတာပဲဖြစ်ဖြစ်၊
ဒီငါးနှစ် ခြောက်နှစ်တာကာလကို အောင်မြင်အောင် ဖြတ်သန်းနိုင်မယ်ဆိုရင် .. မင်းရဲ့ အနာဂတ်ဘဝကို စိတ်ကူးကြည့်ဖူးရဲ့လား”
“ကျွန်တော် အမေနဲ့ ညီမလေးအတွက် အိမ်ကြီးကြီးတစ်လုံး ကိုဝယ်ပေးချင်ပါတယ်၊ သူတို့ရဲ့ဘဝတွေကို ပိုကောင်းလာအောင်လေ၊ ဒါဆိုရင် သူတို့က ပိုက်ဆံအတွက် ထပ်ပြီး စိတ်ပူစရာ မလိုတော့ဘူးပေါ့”
သူ၏ အနာဂတ်ဘဝအကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် ကောင်လေး၏ မျက်လုံးများက တောက်ပလာပေသည်။ သူက သူ၏ ခေါင်းကိုမော့လိုက်ပြီး ကတိသစ္စာပြုနေသည့်အလား ပင်လင်းမိန်ဟွေ့ကို အသံကျယ်ကျယ်ဖြင့် ပြောလိုက်ပေသည်။
သူ၏ သွယ်လျသော ပုခုံးလေးများကလည်း ခွန်အားအားလုံးကို ထုတ်သုံးရန် ကြိုးစားနေသည့်အလား အနည်းငယ် ဆန့်တန်းလာခဲ့လေတော့သည်။
လင်းမိန်ဟွေ့က သူ့ကို ဆက်လက်၍ မေးမြန်းလိုက်ပေသည်။
“ဒါဆိုရင် အခု မင်း ကျောင်းထွက်ပြီး အလုပ်လုပ်မယ်ဆိုရင် ဒါတွေအားလုံးက တကယ်ဖြစ်လာနိုင်ပါ့မလား၊
သူတို့ကို ပိုက်ဆံအတွက် စိတ်မပူရအောင် အိမ်ကြီးကြီးတစ်လုံးကို ဝယ်ပေးနိုင်ပါ့မလား!”
ကောင်လေးက ခေါင်းခါပြလျက် ပြောလာလေ၏။
“ကျွန်တော်က အခု ကျောင်းထွက်ပြီး အလုပ်လုပ်ရင် တစ်ရက်ကို ယွမ်( ၃၀ )ပဲ ရမှာပါ၊ အဲဒါက ကျွန်တော်တို့ရဲ့ သားအမိသုံးယောက်ရဲ့ စားစရိတ်အတွက်ပဲ လောက်ရုံရှိတာ၊
ကျွန်တော့်ရဲ့အမေက ညီမလေးကိုကျောင်းထားဖို့အတွက် ပိုက်ဆံတချို့ကို စုရဦးမှာဆိုတော့ ကျွန်တော့်မှာ တစ်ဆင့်မှ စုမိမှာ မဟုတ်ဘူး”
လင်းမိန်ဟွေ့က ခေါင်းကိုညိတ်ပြလိုက်ရင်း ကောင်လေး၏ မျက်လုံးများကို စိုက်ကြည့်၍ပြောလိုက်ပေသည်။
“အခု မင်းက ဒီပြဿနာကို သတိပြုမိပြီဆိုရင်တော့ ငါတို့က တခြားနည်းလမ်းတစ်ခုကို စဉ်းစားရတော့မယ်၊
လမ်းဟောင်းအတိုင်းကိုပဲ လျှောက်နေလို့ မရဘူးလေ၊ ဘာလို့လဲဆိုတော့ လမ်းဟောင်းက မင်းကို ဘဝဟောင်းမှာပဲ ဆက်ရှိနေစေမှာမို့လို့ပဲ”
“ဟုတ်ကဲ့ နားလည်ပါပြီ အစ်မ!”
“ဒါဆိုရင် မင်း ဘာလုပ်ဖို့ကို စိတ်ကူးထားလဲ”
လင်းမိန်ဟွေ့က ကောင်လေးကို ကြည့်နေရင်း ထိုကလေးက ပြန်လည်၍မွေးဖွားလာသည့်အလား ခံစားနေရပေသည်။
သူမသည်လည်း ပြန်လည်မွေးဖွားလာပြီးနောက် အဝေးသို့ မြင်နိုင်စွမ်းရှိလာသောကြောင့်သာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်များနှင့် အပြောင်းအလဲများကို ပြုလုပ်နိုင်ခဲ့ခြင်း မဟုတ်ပါလား။
ကောင်လေးက ခေတ္တမျှ စဉ်းစားပြီးနောက် လင်းမိန်ဟွေ့ကို ကြည့်၍ပြောလိုက်ပေ၏။
“ကျွန်တော့်ရဲ့စာသင်ကြားမှုကို မထိခိုက်စေမဲ့ အချိန်ပိုင်းအလုပ်တစ်ခုကို ရှာကြည့်ပါ့မယ်၊
ပြီးတော့ ကျွန်တော့်ကို ကူညီပေးနိုင်မယ့်သူကို ရှာပြီး ကျွန်တော်ကြီးလာတဲ့အချိန်ကျရင် သူ့ကို ပြန်ကျေးဇူးဆပ်ပါ့မယ်”
“ဒါပေါ့! ဒါဆိုရင် အခုအစ်မက မင်းကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်တယ်၊ အစ်မကလည်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲဆိုတော့၊ မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို နည်းနည်းလောက် လျှော့ချပေးနိုင်တာပေါ့၊
ကျန်တဲ့ အပိုင်းကိုတော့ မင်းဘာသာ နည်းလမ်းရှာရမှာပဲ၊ အဆင်ပြေပါ့မလား”
“ရပါတယ် အစ်မ၊ ကျေးဇူးအများကြီး တင်ပါတယ်!”
ကောင်လေးက လင်းမိန်ဟွေ့ကို ဦးညွှတ်၍ အလေးပြုလိုက်ပေသည်။
လင်းမိန်ဟွေ့က သူ့ကို တွဲထူပေးပြီး ဆံပင်များကို ပွတ်ပေးရင်းပြောလိုက်လေ၏။
“မင်း ကိုယ့်ရဲ့ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း အားကိုးတတ်ရမယ်၊
ပြီးတော့ လိုအပ်တဲ့အချိန်မှာ အကူအညီကိုတောင်းတတ်ဖို့လည်း လိုသေးတယ်၊ အခက်အခဲတွေနဲ့ ကြုံလာရရင်လည်း အောင်မြင်အောင် ကျော်လွှားရမယ်၊
နောက်ဆုတ်ဖို့ကိုတော့ ဘယ်တော့မှ မစဉ်းစားနဲ့”
“ဟုတ်ကဲ့ပါ!”
လင်းမိန်ဟွေ့က သူမ၏ ပိုက်ဆံအိတ်ထဲမှ ယခုတင် ရရှိထားသော လစာ ယွမ်တစ်ထောင်ကို ချက်ချင်းထုတ်ယူလိုက်ပြီး ထိုထဲမှ ယွမ် (၅၀၀ )ကို ရေတွက်၍ ကောင်လေးထံသို့ လှမ်းပေးလိုက်ပေသည်။
“ဒီ ယွမ်ငါးရာက ဒီလအတွက် မင်းရဲ့ ပိုက်ဆံပဲ၊ ဒီငါးရာကို သုံးပြီး ပိုက်ဆံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မင်း နည်းလမ်းရှာရမယ်၊
အလကားသက်သက်တော့ မသုံးပစ်နဲ့နော်၊ နားလည်လား”
“နားလည်ပါပြီ!”
ကောင်လေးက ကြောက်လန့်စွာဖြင့်ပင် ပိုက်ဆံကို လှမ်းယူ၍ တင်းတင်းဆုပ်ထားလိုက်၏။
နောက်ဆုံးတွင် သူက ခေါင်းကိုမော့လိုက်ပြီး လင်းမိန်ဟွေ့ကိုပြောလိုက်ပေသည်။
“အစ်မ.. ကျွန်တော်က အစ်မဆီက နေအကြွေးယူထားတဲ့ ဒီပိုက်ဆံတွေကို နောက်ပိုင်းကျရင် သေချာပေါက် ပြန်ဆပ်ပါ့မယ်”
*
အခန်း(172)
ကောင်လေးက ထွက်သွားပြီးနောက် ချန်းမင်က လင်းမိန်ဟွေ့ကို ဆွဲ၍ပြောလိုက်လေသည်။
“နင်က တကယ်ပဲ ရူးနေတာလား၊ နင့်ရဲ့ ခက်ခက်ခဲခဲ ရှာထားတဲ့ ပိုက်ဆံတွေကို သိတောင်မသိတဲ့ကောင်လေးတစ်ယောက်ကို ဒီအတိုင်းပဲပေးလိုက်တာလား၊ သူက နင့်ကို ပြန်ဆပ်ပါဦးမလားဆိုတာကို ဘယ်သူကသိမှာလဲ”
“သူ့ဆီကနေပြန်ရဖို့ ကျွန်မက တစ်ခါမှ မစဉ်းစားခဲ့ပါဘူး”
လင်းမိန်ဟွေ့က ပြုံးပြ၍ပြောလာသော်လည်း ချန်းမင်တစ်ယောက် ရှုပ်ထွေးနေဆဲပင်။
လင်းမိန်ဟွေ့က မည်သည့်အရာကို တွေးနေကြောင်းကို သူမ အမှန်တကယ်ပင် စဉ်းစား၍မရနိုင်တော့ပေ။
မမျှော်လင့်ဘဲ မိနစ်အနည်းငယ်အကြာတွင် ထိုကောင်လေးက ပြန်လည်ပြေးဝင်လာပြီး လင်းမိန်ဟွေ့ထံသို့ စာရွက်တိုလေးတစ်စောင်ကို လှမ်းပေးလိုက်ပေသည်။
“အစ်မ ကျွန်တော့်ရဲ့နာမည်က ဝမ်ယုံပါ၊ ဒါက ကျွန်တော် အစ်မဆီက ချေးထားတဲ့ ပိုက်ဆံတွေအတွက် မှတ်တမ်းပါ၊
နောက်ပိုင်းကျရင် ကျွန်တော် သေချာပေါက် ကြိုးစားပြီး ပိုက်ဆံရှာမယ်၊ ပြီးတော့ အစ်မဆီက ချေးထားတာတွေ အကုန်လုံးကို ပြန်ဆပ်ပါ့မယ်”
“ကောင်းပြီ၊ အစ်မ မှတ်ထားပါ့မယ်၊ မင်းရဲ့နာမည်က ဝမ်ယုံနော်!”
လင်းမိန်ဟွေ့က ဝမ်ယုံကို နွေးထွေးစွာ ပြုံးပြလိုက်လေ၏။ ဝမ်ယုံက ခေါင်းညိတ်ပြပြီး လှည့်ထွက်ကာ ပြေးသွားလေတော့သည်။
ချန်းမင်တစ်ယောက် အစောပိုင်းက သူမ၏ အတွေးများအတွက် အနည်းငယ် ရှက်သွားရပေသည်။ လင်းမိန်ဟွေ့က ပြောသည်က မှန်ကန်ပုံရသည်။
လူတိုင်းက ကျေးဇူးကန်းတတ်သူများ မဟုတ်ပေ။ ဤကလေး၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များက တောက်ပနေသည်ကို မြင်ရသည်ဖြစ်၍ သူက လင်းမိန်ဟွေ့၏ စေတနာကို သေချာပေါက် မှတ်မိနေလိမ့်မည်ဟု သူမက ယုံကြည်မိလာခဲ့သည်။
ထိုအချိန်တွင် သူဌေးလော်ဟောင်က ကျောင်းအုပ်ကြီး ကျိုးကျန်းဖိန်၏ ရုံးခန်းထဲမှ ပြုံးရွှင်စွာဖြင့် ထွက်လာခဲ့ပေသည်။
ကျိုးကျန်းဖိန်ကလည်း ကျေးဇူးတင်စကားများကို အဆက်မပြတ်ပြောနေပေသည်။
ဤသည်ကို ကြားလိုက်ရသည့်အချိန်တွင် လင်းမိန်ဟွေ့က ဤရင်းနှီးမြှုပ်နှံမှုအတွက် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်းကို ရိပ်မိလိုက်လေ၏။
ကျိုးကျန်းဖိန်က လင်းမိန်ဟွေ့ကို ကြည့်ကာ ကျေးဇူးတင်ရှိသော အမူအရာတို့ ရှိနေခဲ့သည်။
သူမဘက်မှ စာအုပ်အစောင် ရာဂဏန်းမျှကို ရောင်းချလိုရုံဖြင့် သူ့ကို ဤမျှအထိ ကူညီပေးလိမ့်မည်ဟု သူက မထင်မှတ်ထားခဲ့ပေ။
ကျောင်းအုပ်တစ်ဦးအနေဖြင့် ဤကဲ့သို့သော ကျေးဇူးတရားအတွက် မည်သို့ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းကို မသိတော့သောကြောင့် သူက လော်ဟောင်၏ ရှေ့တွင်ပင်ပြောလိုက်ပေသည်။
“သူဌေးလော်၊ ကျွန်တော်က ဒီမိန်းကလေးရဲ့ စာအုပ်တွေကို ဝယ်ယူပါ့မယ်လို့ ကတိပေးခဲ့ပါတယ်၊
ဒါကြောင့်ပဲ အခု သူမက ကျွန်တော်တို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှုရရှိအောင် ကူညီပေးခဲ့တာပါ”
လော်ဟောင်ကလည်း လင်းမိန်ဟွေ့အပေါ်တွင်အလွန်ပင် အထင်ကြီးသွားပြီး ဤမိန်းကလေးငယ်က မရိုးရှင်းလွန်းကြောင်းကို ခံစားလိုက်ရပေသည်။
ကျိုးကျန်းဖိန်က ဆက်လက်၍ မေးမြန်းလိုက်လေ၏။
“ကလေးတွေအတွက် စာဖတ်ထောင့်လေးတစ်ခုကို လုပ်ပေးချင်တယ်လို့ သူဌေးလော် ကျွန်တော့်ကို ပြောခဲ့တယ်လေ၊
ဒါကြောင့် ဒီမိန်းကလေးဆီကနေ တစ်နှစ်ကို စာအုပ် အစောင် (၃၀၀) စီ ဝယ်ယူချင်ပါတယ်၊ သူဌေး သဘောတူနိုင်မလား”
လော်ဟောင်က အပြုံးတစ်ခုနှင့်ပြောလိုက်ပေ၏။
“စာဖတ်ထောင့်ဆိုတာကို ထားလိုက်ပါတော့၊ အသစ်ဆောက်မယ့် စာသင်ဆောင်မှာ စာကြည့်တိုက်အတွက် အခန်းနှစ်ခန်း ပြင်ဆင်ပေးပါ့မယ်၊
စာအုပ်ပေါင်း ငါးထောင်လောက်အထိ ထားမှာဖြစ်လို့ အဲဒီကျရင် လင်းမိန်ဟွေ့ဆီမှာပဲ အော်ဒါတင်လိုက်ကြတာပေါ့”
“တကယ်လား! ကောင်းလိုက်တာ!”
ကျိုးကျန်းဖိန်က အလွန်ပင် စိတ်လှုပ်ရှားနေပြီး လင်းမိန်ဟွေ့ကို ရှင်းပြလေသည်။
“သူဌေးလော်က အခုလေးတင် ကျွန်တော်တို့ရဲ့ကျောင်းမှာ စာသင်ဆောင်အသစ်ကို ဆောက်ပေးဖို့၊
ကစားကွင်းကို ပြုပြင်ပေးဖို့နဲ့ လမ်းတွေကို ကွန်ကရစ်ခင်းပေးဖို့ ကို ဆုံးဖြတ်လိုက်ပြီ၊
ပြောရရင် ဒီကျောင်းက နောက်ပိုသ်းကျရင် လုံးဝကို ပြောင်းလဲသွားတော့မှာ!”
လင်းမိန်ဟွေ့ကလည်း အလွန် ဝမ်းမြောက်သွားရပေ၏။ သူမ၏ သေးငယ်သော လုပ်ရပ်လေးတစ်ခုက ဤမျှကြီးမားသော ရင်းနှီးမြှုပ်နှံမှုကို ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျိုးကျန်းဖိန်နှင့် လော်ဟောင်တို့အတွက် ဤသည်က တစ်ဦး၏ဆန္ဒကို တစ်ဦးက ဖြည့်ဆည်းပေးလိုက်ခြင်းပင် ဖြစ်ပေသည်။
လင်းမိန်ဟွေ့က လော်ဟောင်၏ ရင်ထဲရှိ ဆန္ဒကိုလည်း ပြည့်ဝစေရန် ကူညီပေးဖို့ကို မမေ့လျော့ခဲ့ဘဲ အကြံပြုလိုက်ပေ၏။
“ကျောင်းအုပ်ကြီးကျိုး၊ သူဌေးလော်က ဒီကိစ္စအတွက် အများကြီးကို အကုန်အကျခံထားတာလေ၊
လူမှုပတ်ဝန်းကျင်တစ်ခုလုံးအပေါ် မှာ ကောင်းမွန်တဲ့ သက်ရောက်မှုရှိစေဖို့ ဒါကို လူသိရှင်ကြား ကြော်ငြာပေးသင့်တယ်လို့ ထင်ပါတယ်”
“ကောင်းပါပြီ၊ ကျွန်တော်က ဌာနကို အစီရင်ခံစာတင်ပြီး ဒီအကြောင်းအရာကို သတင်းမှာ ဖော်ပြပေးဖို့ကို တောင်းဆိုပေးပါ့မယ်”
ကျိုးကျန်းဖိန်က လင်းမိန်ဟွေ့၏ စကားအဓိပ္ပာယ်ကို သဘာဝကျစွာဖြင့် နားလည်လိုက်ပေသည်။
ဤသည်က လော်ဟောင်ကိုယ်တိုင် ပြောရန် အားနာနေရသည့်အချက်ကို လင်းမိန်ဟွေ့က အချိန်ကိုက်ပင် ထုတ်ပြောပေးလိုက်ခြင်း ဖြစ်ပေ၏။
ဤရလဒ်ကြောင့် လူတိုင်းက အမှန်တကယ်ပင် ပျော်ရွှင်သွားကြရလေတော့သည်။
ကျောင်းမှ ထွက်လာသည့်အချိန်တွင် ချန်းမင်က လင်းမိန်ဟွေ့ကို လက်မထောင်ပြ၍ ချီးကျူးလိုက်ပေသည်။
“နင်ကတော့ တစ်ချက်တည်းနဲ့ စာအုပ်ပေါင်း ငါးထောင်တောင် ရောင်းလိုက်နိုင်တာပဲ၊
နောက်လဆိုရင် နင့်ရဲ့လစာက ယွမ် (၃၀၀၀ )အထိ ရတော့မှာ၊ ဒါက ငါတို့ကုမ္ပဏီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေထဲက တစ်ခုပဲ”
လင်းမိန်ဟွေ့က သူမ၏ မူလ ကတိကို မမေ့ဘဲပြောလိုက်လေသည်။
“အစ်မချန်း၊ အစကတည်းက ဒီအော်ဒါကို အစ်မကိုယူဖို့ ကျွန်မတို့ သဘောတူထားတာလေ၊ စာအုပ်ရောင်းရတဲ့ငွေတွေကလည်း အစ်မအတွက်ပဲ ဖြစ်ရမှာပေါ့”
ချန်းမင်က ခေတ္တမျှ မင်သက်သွားရပေသည်။ လင်းမိန်ဟွေ့၏ ရိုးသားဖြူစင်မှုအတွက် မည်သည့်စကားကိုပြောရမှန်းပင် မသိတော့ဘဲ မချိပြုံးကို ပြုံးပြ၍ ပြောပေ၏။
“အစအဆုံးကို နင်ကပဲ လုပ်ခဲ့တာလေ၊ ငါက ဘေးကနေ ကြည့်နေရုံသက်သက်ပဲ၊
ဒါက ငါ့ရဲ့ အောင်မြင်မှုလို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ?”
“အစကတည်းက ကျွန်မက မလုယူဘူးလို့ သဘောတူထားတာပဲလေ”
“ဒါက လုတာမဟုတ်ဘူး၊ နင် ရထိုက်တဲ့အရာပါ၊ နင် လစာရတဲ့အချိန်ကျရင် အစ်မကို ထမင်းတစ်နပ်လောက် ကျွေးပြီး အသွားအပြန် လမ်းစရိတ်လေးပဲ ပြန်ပေးရင် ရပါပြီ”
ချန်းမင်က အခွင့်အရေးသမား မဟုတ်ပေ။
လင်းမိန်ဟွေ့က သူမကို အရောင်းခရီးတွင် ခေါ်ဆောင်လာပေးခြင်းကပင် အလွန် စေတနာကြီးလွန်းကြောင်းကို သူမက သိထားသောပေသည်။
ထို့ကြောင့် လင်းမိန်ဟွေ့၏ ငွေဝေစုကို မည်သို့မျှ မယူနိုင်ပေ။
လကုန်ပိုင်းတွင် လင်းမိန်ဟွေ့က ကုမ္ပဏီတွင် အမြင့်ဆုံးသော အရောင်းကော်မရှင်ကို ရရှိခဲ့ပေသည်။
ယန်လီပင်းကလည်း လူအများ၏ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် လင်းမိန်ဟွေ့ကို စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်လေ၏။
အဘယ်ကြောင့်ဆိုသော် သူမ၏ အောင်မြင်သော အရောင်းလုပ်ငန်းကြောင့် ကုမ္ပဏီကလည်း အမြတ်အစွန်းများစွာကို ရရှိခဲ့သောကြောင့်ပင် ဖြစ်ပေသည်။
လင်းမိန်ဟွေ့က လစာရသည်နှင့် ချက်ချင်းပင် တစ်ဝက်ကို ချန်းမင်ကို ပေးခဲ့သော်လည်း ချန်းမင်က ငြင်းဆန်ခဲ့၏။
သို့သော် လင်းမိန်ဟွေ့က စားပွဲပေါ်သို့ ပြတ်သားစွာပင် တင်ပေးခဲ့လေသည်။
စာသင်နှစ်ကုန်ဆုံးခါနီးတွင် လင်းမိန်ဟွေ့က စာမေးပွဲအတွက် ပြင်ဆင်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ပေသည်။
ရှောင်ချင်းက အချစ်ရေးကိစ္စများကြောင့် စိတ်မပါနိုင် ဖြစ်နေသောကြောင့် လင်းမိန်ဟွေ့က သူမကို ကျောင်းသို့ အတင်းခေါ်၍ စာကြည့်ခိုင်းရပေသည်။
တစ်နေ့တွင် အမျိုးသားတစ်ဦးက သူတို့၏ စားပွဲရှေ့တွင် ရပ်လိုက်ပြီး နောင်တရသောလေသံဖြင့်ပြောလိုက်ပေ၏။
“ချင်းအာ၊ ငါတို့က စကားပြောလို့ ရမလား”
ရှောင်ချင်းက ခါင်းကိုမော့ကြည့်လိုက်သည့်အချိန်တွင် သူမ၏ ရည်းစားဟောင်း ဖန့်ကျွင်းရှန်း ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။
သူမ အစပိုင်းတွင် ဝမ်းသာသွားရသော်လည်း အမူအရာက ချက်ချင်းပျက်ယွင်းသွား၍ပြောလိုက်လေသည်။
“ငါတို့ကြားမှ ပြောစရာ ဘာမှမရှိဘူး၊ နင်က နင့်လမ်းကိုနင်သွား၊ ငါလည်း ငါ့လမ်းကိုငါသွားတာပဲ ကောင်းပါတယ်”
ဖန့်ကျွင်းရှန်းက တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ကြည့်ရသည်က အလွန်ပင် ထူးခြားနေသော်လည်း အမူအရာက အနည်းငယ် တွန့်ဆုတ်နေပေသည်။
ဤသည်က သူ၏ မိသားစုအခြေအနေက သိပ်မကောင်းလွန်းကြောင်းကို ပြသနေပေ၏။
လင်းမိန်ဟွေ့က သူတို့နှစ်ဦးကို စကားပြောရန် နေရာပေးဖို့ ထွက်သွားရန် ပြင်ဆင်လိုက်သော်လည်း ရှောင်ချင်းက သူမကို လှမ်းတား၍ပြောလိုက်ပေသည်။
“မိန်ဟွေ့ မသွားနဲ့ဦး၊ သူ့ကိုပဲ ထွက်သွားခိုင်းလိုက်၊ ငါ သူ့ကို စကားမပြောချင်ဘူး”
ယခုရက်ပိုင်းထဲတွင် လင်းမိန်ဟွေ့က ဖန့်ကျွင်းရှန်းနှင့် တွေ့ဆုံ၍ ရှောင်ချင်းအတွက် စကားပြောပေးရန်ကို အကြိမ်ကြိမ် စဉ်းစားခဲ့ဖူး၏။
သို့သော်လည်း အချစ်ရေးကိစ္စက အရောင်းလုပ်ငန်းကဲ့သို့ မဟုတ်ပေ။
သူ့ကို သဘောကျနေသူကို စည်းရုံးလိုက်ရုံနှင့် ရလဒ်ကောင်း ထွက်လာမည့်အရာမျိုး မဟုတ်သည်ကို သူမက သိထားပေသည်။
ထို့အပြင် ဖန့်ကျွင်းရှန်းက အောင်မြင်မှုအတွက် အမြင့်သို့ တက်လှမ်းချင်သူပင် ဖြစ်သည်။
သူမ၏အနေဖြင့် သူတို့နှစ်ဦးကို ပြန်လည်၍စေ့စပ်ပေးလိုက်ပါက နောက်ပိုင်းတွင် ရှောင်ချင်းအတွက် နာကျင်မှုများစွာ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆ၍ လက်လျှော့လိုက်ရခြင်းပင် ဖြစ်လေသည်။
ဖန့်ကျွင်းရှန်းက ဆက်လက်၍ တောင်းပန်နေဆဲပင်။
“ချင်းအာ၊ ငါနဲ့ လင်းမိန်မိန်တို့ လမ်းခွဲလိုက်ကြပြီ၊ သူမရဲ့အဖေက သူမကို နိုင်ငံခြားလွှတ်ဖို့ စီစဉ်နေတယ်တဲ့၊
အရင်က ငါက မှားခဲ့ကြောင်းကို ငါက သိပါတယ်၊ မင်းကို ဒီလောက်အထိ မနာကျင်စေခဲ့သင့်ဘူး၊
မင်း ငါ့ကို ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး၊ ငါ့ကို စကားပြောခွင့်လေးပဲ ပေးပါလား”
လင်းမိန်ဟွေ့က ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရှောင်ချင်းအတွက် စိတ်မကောင်းဖြစ်မိပေသည်။
သူ့ဘက်က လမ်းခွဲခဲ့ပြီးမှ ရှောင်ချင်းက အဘယ်ကြောင့် သူ့ကို စောင့်နေရဦးမည်နည်း။
လင်းမိန်ဟွေ့က ရှောင်ချင်း၏ စိတ်ပျက်နေသော မျက်နှာကို မြင်လိုက်ရသောကြောင့်ပြောလိုက်ပေ၏။
“ဖန့်ကျွင်းရှန်း၊ ရှောင်ချင်းက ပစ္စည်းတစ်ခု မဟုတ်ဘူး၊
ရှင်က လိုချင်တဲ့အချိန် ယူပြီး မလိုချင်တဲ့အချိန် ပစ်ထားဖို့ကြိုးစားနေတာလား
ရှင့်ရဲ့သဘောအတိုင်း အခုလို လာလိုက်သွားလိုက် လုပ်နေတာကို ကျွန်မခွင့်မပြုနိုင်ဘူး!”
“မင်းပြောတာ ဟုတ်ပါတယ်၊ ငါက လင်းမိန်မိန်ရဲ့ စကားတွေမှာ ယိမ်းယိုင်သွားပြီး ချင်းအာနဲ့ လမ်းခွဲခဲ့မိတာပါ၊ ဒါပေမဲ့ ငါက ချင်းအာကို ချစ်နေတုန်း!”
“ရှင့်ရဲ့ ဟန်ဆောင်မှုတွေကို အမြန်သိမ်းလိုက်ပြီး လုပ်စရာရှိတာကို သွားလုပ်ပါတော့၊ ရှောင်ချင်းမှာ ရည်းစားရှိနေပြီ!”
လင်းမိန်ဟွေ့က ဖန့်ကျွင်းရှန်းကို ဤနေရာမှ အမြန်ဆုံး ထွက်သွားစေချင်သောကြောင့် လိမ်ညာ၍ပြောဆိုလိုက်ပေသည်။