← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း(173)

သူတို့က လွန်ခဲ့သော သုံးလက လမ်းခွဲထားခဲ့ခြင်းဖြစ်သောကြောင့် ရှောင်ချင်းက အချိန်တိုအတွင်း နောက်ထပ် ရည်းစားတစ်ယောက်ကို ရှိနေကြောင်းကိုကြားချိန်တွင် ဖန့်ကျွင်းရှန်းတစ်ယောက် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

သူက ဆက်လက်၍ နှောင့်ယှက်နေသောကြောင့် လင်းမိန်ဟွေ့ကပြတ်သားစွာပင် ပြောလိုက်ပေတော့သည်။

“အခုက ရှောင်ချင်းနဲ့ လျိုကျားတို့က ချစ်သူတွေ ဖြစ်နေကြပြီ၊ သူမကို ထပ်ပြီး အနှောင့်အယှက် မပေးပါနဲ့တော့”

“လျိုကျားဟုတ်လား”

ဖန့်ကျွင်းရှန်း မယုံကြည်နိုင်သေးဘဲ ရှောင်ချင်းကိုသာ ထပ်ခါတလဲလဲ မေးမြန်းနေပေ၏။

ရှောင်ချင်းက လှောင်ပြုံးတစ်ခုကို ပြုံး၍ ပြန်လည်မေးခွန်းထုတ်လိုက်ပေသည်။

“ငါက ဘယ်သူနဲ့ ချစ်သူဖြစ်ပါစေ နင့်ရဲ့ အတည်ပြုချက်ကို မလိုပါဘူး၊ ငါ လျိုကျားနဲ့ပဲ အတူရှိနေပြီ၊

မနက်ဖြန်ညကျရင် ငါတို့ ထမင်းအတူစားကြမှာ၊ နင်ပါ လိုက်ချင်လို့လား”

ဖန့်ကျွင်းရှန်း၏ မျက်နှာက နီမြန်းသွားရပြီး လျိုကျားနှင့် ယခုချက်ချင်း ရင်ဆိုင်ချင်စိတ် ဖြစ်နေမိ၏။

သို့သော်လည်း စာကြည့်ခန်းထဲတွင် ကျောင်းသားများက ပိုမို၍များပြားလာသောကြောင့် သူ လက်လျှော့၍ ထွက်ခွာသွားရုံသာ တတ်နိုင်တော့သည်။

လင်းမိန်ဟွေ့က ဖန့်ကျွင်းရှန်း၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် ရိပ်မိလိုက်ပေသည်။

သူက ချမ်းသာသော ရှောင်ချင်းကို သူ၏ ရည်းစားအဖြစ်သို့ ဆက်လက်ထားရှိကာ သူ၏ အနာဂတ်အတွက် အာမခံချက်ကို ရယူလိုခြင်းသာ ဖြစ်ပေသည်။

ဤအမျိုးသားက မတုံးအပေ။ သို့သော် လင်းမိန်ဟွေ့က သူ့ကို အောင်မြင်ခွင့်ပေးမည် မဟုတ်ပေ။

သူငယ်ချင်းကောင်းတစ်ဦးအနေဖြင့် သူမက ရှောင်ချင်းကို ဤအခက်အခဲမှ ကျော်လွှားနိုင်အောင် ကျိန်းသေ ကူညီပေးပေလိမ့်မည်။

နောက်တစ်နေ့ ညနေပိုင်းတွင် ဖန့်ကျွင်းရှန်း၏ အနှောင့်အယှက်များမှ ကင်းဝေးစေရန်အတွက် ရှောင်ချင်းက လျိုကျားနှင့် လင်းမိန်ဟွေ့တို့ကို ကျောင်း၏အနားရှိ အဆင့်မြင့် စားသောက်ဆိုင်တစ်ခုတွင် ထမင်းစားရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဖိတ်ခေါ်ခဲ့ပေ၏။

တစ်ချိန်တည်းမှာပင် သူမက ဖန့်ကျွင်းရှန်းကို လက်လျှော့သွားစေရန်အတွက် သူ့ကိုပါ ဖိတ်ခေါ်ခဲ့သည်။

စားသောက်ဆိုင်သို့ ရောက်ရှိလာသည့်အချိန်တွင် ရှောင်ချင်းနှင့် လျိုကျားတို့က ရည်ရွယ်ချက်ရှိရှိဖြင့် နီးကပ်စွာ ထိုင်နေကြပြီး ရှောင်ချင်းက လျိုကျားကို ဟင်းများ ခပ်ပေးခြင်းဖြင့် ရင်းနှီးမှုကို ပြသနေခဲ့ သည်။

လင်းမိန်ဟွေ့၏ မျက်နှာကြောင့် လျိုကျားကလည်း ရှောင်ချင်းကို ကူညီရန် သဘောတူခဲ့လေ၏။

သူတို့နှစ်ဦး၏ သရုပ်ဆောင်မှုက အလွန်ပင် ပီပြင်လွန်းသောကြောင့် ဖန့်ကျွင်းရှန်းတစ်ယောက် အရှက်ရနေခဲ့ရသည်။

စားပွဲပေါ်တွင် ကောင်းမွန်သော ဟင်းပွဲ ခုနစ်၊ ရှစ်ပွဲခန့်ပင် ရှိနေပြီး တစ်နပ်စာအတွက်ပင် ယွမ် (၃၀၀ )ကျော်ကို ကုန်ကျမည်ဖြစ်၍ ဤသည်က လင်းမိန်ဟွေ့၏ နှစ်လစာ စားသောက်စရိတ်နှင့် ညီမျှပေသည်။

ဖန့်ကျွင်းရှန်းသည်လည်း သေသပ်စွာပင် ဝတ်ဆင်ထားပေ၏။

သူက သူငယ်ချင်းများ၏ထံမှ ဝတ်စုံ တစ်စုံကို အထူးတလည် ငှားရမ်းဝတ်ဆင်ထားပြီး နက်ကတိုင်ကိုလည်း ခက်ခဲစွာပင် စည်းနှောင်ထားပေသည်။

သို့သော်လည်း မည်မျှပင် ပြင်ဆင်ထားပါစေ သူ၏ နွမ်းပါးသောအငွေ့အသက်က ပေါ်လွင်နေဆဲပင်။

ဤနေရာရှိ လျိုကျားက မတူပေ။

သူက လက်ကောက်ဝတ်တွင် တန်ဖိုးကြီး နာရီတစ်လုံးကို ပတ်ထားပြီး ရှပ်အင်္ကျီအဖြူတစ်ထည်ကိုသာ ဝတ်ဆင်ထားသော်လည်း အလွန်ပင် ထင်ရှားလွန်းနေခဲ့သည်။

အထူးသဖြင့် စကားပြောဆိုမှုအပိုင်းတွင် ဖန့်ကျွင်းရှန်းက သူ့ကို မယှဉ်နိုင်ပေ။

လျိုကျားက ရှောင်ချင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်ပေ၏။

“ချင်းအာ၊ ကျောင်းပြီးသွားရင် ငါ့အဖေက ငါတို့နှစ်ယောက်လုံးကို နိုင်ငံခြားမှာ ပညာအတူသွားသင်စေချင်တယ်၊ ဘယ်နိုင်ငံက အကောင်းဆုံးဖြစ်မယ်လို့ မင်း ထင်လဲ”

ရှောင်ချင်းလည်း သူမက ခံစားခဲ့ရသော မတရားမှုနှင့် စော်ကားမှုများကို ပြန်လည်၍ပေးဆပ်ရန်နှင့် ဖန့်ကျွင်းရှန်းမရှိသော်လည်း ပိုမိုကောင်းမွန်သော ချစ်သူကို ရှာတွေ့နိုင်ကြောင်းကို ပြသရန်အတွက် လျိုကျားနှင့် အပေးအယူမျှမျှပင် ပူးပေါင်းဆောင်ရွက်လေတော့သည်။

“တက္ကသိုလ်ကောင်းကောင်းရှိတဲ့ နိုင်ငံကိုပဲ သွားကြတာပေါ့၊

အဲဒီအချိန်ကျရင် ကျွန်မ သင်ကြားရေးဘာသာရပ်ကို ယူမယ်၊ ရှင်က အင်ဂျင်နီယာဘာသာရပ်ကို ယူလိုက်လေ၊

ကျွန်မတို့ ဘွဲ့ရပြီးရင် သင့်တော်တဲ့ အလုပ်တစ်ခုစီ ရှာမယ်၊ ပြီးရင် လက်ထပ်ကြတာပေါ့”

ရှောင်ချင်း၏ စိတ်ကူးယဉ်မှုက အလွန်ပင် လှပလွန်းလွန်းသောကြောင့် လင်းမိန်ဟွေ့ပင်လျှင် ဤသည်က အမှန်တကယ်ဟု အထင်မှားလုနီးပါး ဖြစ်သွားရ၏။

ဖန့်ကျွင်းရှန်းက စားပွဲ၏ တစ်ဖက်တွင် တစ်ဦးတည်း ထိုင်နေရပြီး သူ၏မျက်နှာပေါ်တွင် ဖော်ပြ၍မရသော အနေရခက်မှုများ ရှိနေပေသည်။

သူ့အနေဖြင် မလာချင်ခဲ့သော်လည်း မလာဘဲမနေနိုင်ဖြစ်ခဲ့ရ၏။

မူလက ထမင်းဝိုင်းတွင် ရှောင်ချင်း၏ စိတ်နှလုံးကို ပြန်လည်၍ရယူရန်အတွက် ကြံရွယ်ခဲ့ပေသည်။

သို့သော်လည်း ယခုတွင် သူမနှင့် လျိုကျားတို့က လက်ထပ်ရန်အထိ ဆွေးနွေးနေသည့် အဆင့်သို့ ရောက်ရှိနေပြီဟု ထင်သွားခဲ့သည်။

ဖန့်ကျွင်းရှန်းက ဝိုင်အနည်းငယ်ကို သောက်လိုက်ပြီး နောက်ဆုံးတွင် မျက်လုံးများက နီမြန်းလျက် ထရပ်ကာ ပြောလိုက်ပေ၏။

“ချင်းအာ၊ မင်းနဲ့ လျိုကျားတို့ရဲ့ အချစ်ရေးအတွက် ငါက ဆုတောင်းပေးပါတယ်၊

ဒါပေမဲ့ နောက်ပိုင်းမှာ ငါ့လောက် မင်းရဲ့အပေါ် ကောင်းမယ့်သူမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူးဆိုတာကိုတော့ ငါ ပြောချင်တယ်”

လင်းမိန်ဟွေ့တစ်ယောက် စိတ်ထဲမှ လှောင်ပြောင်လိုက်မိ၏။

သူက ရှောင်ချင်းအပေါ် ကောင်းလွန်းပါသည်ဟု ပြောခဲ့ပြီး သူမကို အကြီးအကျယ် နာကျင်စေခဲ့သည်မဟုတ်ပါလား။

ထိုကဲ့သို့လူမျိုးက သူ့ကိုယ်သူ ကောင်းလွန်းပါသည်ဟု ချီးကျူးနေခြင်းက အမှန်တကယ်ပင် နားမခံသာပေ။

ရှောင်ချင်းက အနည်းငယ် ဝန်လေးနေဆဲဖြစ်သောကြောင့် ဖန့်ကျွင်းရှန်းကို ခေါင်းမော့မကြည့်ခဲ့ဘဲ ထိုင်နေခဲ့သည်။

လင်းမိန်ဟွေ့က သူမကိုယ်စား ပြန်ဖြေပေးလိုက်လေ၏။

“ဖန့်ကျွင်းရှန်း၊ ချင်းအာရဲ့ကိုယ်စား ရှင့်ရဲ့ စေတနာအတွက် ကိုကျေးဇူးတင်ပါတယ်၊

ဒါပေမဲ့ ကျွန်မတို့ရဲ့ ချင်းအာက ရှင့်ရဲ့အချစ်ကို ထပ်ပြီး မခံယူနိုင်တော့ဘူး၊ ဒါကြောင့် ရှင့်အနေနဲ့ ရှင်သဘောကျတဲ့သူဆီမှာပဲ အဲဒီအချစ်တွေကို သွားပေးလိုက်ပါတော့!”

ဖန့်ကျွင်းရှန်းက လင်းမိန်ဟွေ့အပေါ် တွင် အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး သူမက အလွန်အမင်း ကြားဝင်နှောင့်ယှက်နေသည်ဟု ခံစားလိုက်ရ၏။

သူက တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်ချိန်မှာပင် လျိုကျား၏ စကားသံကို ကြားလိုက်ရပြန်၏။

“ဖန့်ကျွင်းရှန်း၊ မင်းရဲ့ အခြေအနေက ဘာလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် သိသင့်တယ်၊

မင်းက အနာဂတ်အတွက် မိန်းကလေးတွေကို အသုံးချဖို့ပဲ အမြဲစဉ်းစားနေတာမလား၊ မင်းရဲ့ အနာဂတ်က ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ”

“ငါ့ရဲ့ကိစ္စကို မင်း စိတ်ပူစရာ မလိုပါဘူး”

“အခု ချင်းအာက ငါ့ရဲ့ရည်းစားဖြစ်နေပြီလေ၊ ငါက ဘာလို့ မပြောနိုင်ရမှာလဲ၊ မင်းက ဒီနေ့ မလာခဲ့သင့်ဘူး၊

အခြေအနေကို မင်း နားမလည်သေးဘူး ထင်တယ်၊ ချင်းအာ မင်းကို ချစ်ခဲ့တာက မင်းရဲ့အတွက် ဂုဏ်ယူစရာပဲ၊

မင်းက တခြားသူအတွက်နဲ့ ချင်းအာကို စွန့်ပစ်ခဲ့ပြီးပြီဆိုမှတော့ အခု မင်းလမ်းကို မင်းသွားတာပဲ ကောင်းပါတယ်”

လျိုကျား၏ စကားများက ဖန့်ကျွင်းရှန်းကို အရှက်ရစေခဲ့လေ၏။

သူက ဝိုင်ခွက်ကို အရှိန်ပြင်းပြင်းဖြင့် ချလိုက်ပြီး ထိုနေရာမှ ထွက်ပြေးလုနီးပါးခြေလှမ်းဖြင့် ထွက်ခွာသွားလေတော့သည်။

သူက ထွက်သွားပြီးနောက် သူတို့သုံးဦးက ခေတ္တမျှ တိတ်ဆိတ်သွားကြ၏။

ရှောင်ချင်းက ထပ်မံငိုကြွေးလာခဲ့ပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် စိတ်သက်သာရာရစွာဖြင့် ငိုကြွေးခြင်းပင် ဖြစ်၏။

ဖန့်ကျွင်းရှန်းက မည်သို့သော လူစားမျိုးဖြစ်ကြောင်းကို သူမက ရှင်းလင်းစွာပင် မြင်တွေ့လိုက်ရပြီဖြစ်၍ သူမ၏ ရင်ထဲမှ အချစ်များကလည်း တိတ်တဆိတ် ပျောက်ကွယ်သွားရလေသည်။

အတိတ်က အရာအားလုံးက အမှတ်တရများသာ ဖြစ်ကျန်ရစ်တော့သည်။

ရှောင်ချင်းက လျိုကျားနှင့် လင်းမိန်ဟွေ့ကိုပြောလိုက်ပေသည်။

“ဒီနေ့အတွက် နင်တို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်၊ နင်တို့သာ မရှိရင် ငါ နောက်ပြန်လှည့်မိမှာပဲ၊

ဘာဖြစ်ဖြစ် ကျွန်မ သူ့ရဲ့အပေါ်မှာ သံယောဇဉ် ကြီးခဲ့တာကိုး၊ အခုတော့ သူ ထွက်သွားပြီဆိုတော့ ကျွန်မလည်း အိပ်မက်ထဲက နိုးလာပါပြီ”

လင်းမိန်ဟွေ့က ရှောင်ချင်းကို အလျင်အမြန်ပင် ဖျောင်းဖျလိုက်ရ၏။

“ချင်းအာ၊ ဒီလိုလူမျိုးက နင့်ရဲ့ ဝမ်းနည်းမှုနဲ့ မထိုက်တန်ပါဘူး၊ နင်က နောက်ပိုင်းကျရင် ပိုကောင်းတဲ့သူကို ရှာတွေ့မှာပါ”

ရှောင်ချင်းက မချိပြုံးကို ပြုံးလိုက်ပြီး သူမ၏လက်ထဲမှ ဝိုင်ခွက်ကို ငေးကြည့်ရင်းပြောလိုက်ပေ၏။

“မိန်ဟွေ့၊ ငါက နင့်လောက် ကံမကောင်းပါဘူး၊ စုန့်ယီက နင့်ကို ချစ်သလို လျိုကျားကလည်း နင့်ကိုပဲ လိုချင်နေတာ၊

သူတို့တွေက နင့်ရဲ့အပေါ်မှာ အရမ်းချစ်နေကြတာကို မြင်ရတာ တကယ်ကို အားကျစရာပဲ”

ရှောင်ချင်း၏ စကားက မရည်ရွယ်ဘဲ ပြောလိုက်ခြင်းပင် ဖြစ်သော်လည်း လျိုကျား၏ ရင်ကို ထိမှန်သွားစေခဲ့၏။

သူ လင်းမိန်ဟွေ့ကို ကြည့်လိုက်ကာ သူ၏ မျက်လုံးများထဲတွင် ပြင်းပြသော ခံစားချက်များကပြန်လည်၍နိုးကြားလာပေသည်။

သူက ခေတ္တမျှ စဉ်းစားပြီးနောက် ဝိုင်ခွက်ကို မြှောက်လိုက်ပေ၏။

“မိန်ဟွေ့၊ ငါ အချိန်အတော်ကြာအောင် မေးခွန်းတစ်ခုကိုပဲ စဉ်းစားနေခဲ့တာ၊

လူတိုင်းရဲ့ နှလုံးသားက ပြောင်းလဲတတ်သလို ခံစားချက်တွေကလည်း ပြောင်းလဲနိုင်တာပဲလေ၊

တကယ်လို့ တစ်နေ့ကျရင် မင်း စုန့်ယီကို မချစ်တော့ရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စုန့်ယီက မင်းကို မချစ်တော့ရင်ပဲဖြစ်ဖြစ်၊ ငါတို့တွေ.. “

လင်းမိန်ဟွေ့၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရ၏။ သူမက ယနေ့တွင် ရှောင်ချင်းကို ဖန့်ကျွင်းရှန်း၏ အနှောင့်အယှက်မှ ကင်းဝေးစေရန် ကူညီပေးလိုရုံသာ ဖြစ်ပေသည်။

သို့သော်လည်း အဘယ်ကြောင့် ဤကိစ္စက သူမ၏ထံသို့ ပြန်လည်၍ဦးတည်လာရသနည်း။

လင်းမိန်ဟွေ့က ရှောင်ချင်းကို ကြည့်၍ သူမကို ကူညီဖြေရှင်းပေးရန် မျှော်လင့်သော်လည်း မမျှော်လင့်ဘဲ ရှောင်ချင်းက သူမ၏ ကိုယ်ပိုင်ခံစားချက်များထဲတွင်သာ နစ်မျောနေပေသည်။

ထိုအခိုက်တွင် သူမက သန့်စင်ခန်းကိုသွားဦးမည်ဟု ပြောကာ ထရပ်၍ ထွက်ခွာသွားခဲ့ပြန်သည်။

သီးသန့်ခန်းထဲ၌ လျိုကျားနှင့် လင်းမိန်ဟွေ့တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့ပေ၏။

လင်းမိန်ဟွေ့က သက်ပြင်းကိုချ၍ပြောလိုက်လေ၏။

“လျိုကျား၊ ကျွန်မတို့နှစ်ယောက်က လုံးဝ မတူညီတဲ့ လူနှစ်ယောက်ဖြစ်သလို နောင်ကျရင်လည်း ဖန့်ကျွင်းရှန်းနဲ့ ချင်းအာတို့လိုပဲ မတူညီတဲ့ ဘဝတွေကို ပိုင်ဆိုင်ကြရမှာပါ...”

“မဟုတ်ဘူး၊ မင်းက ဖန့်ကျွင်းရှန်းနဲ့ မတူပါဘူး၊ မင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တယ်၊

လှပပြီး ထက်မြက်တယ်၊ ငါတို့ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေကနေ တစ်ခုခုရဖို့ကို မင်း ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး”

*

အခန်း(174)

လျိုကျားမှာ လင်းမိန်ဟွေ့ကို အလွန်ပင် လေးစားအားကျနေပြီး သူ၏ အချစ်များကလည်း ထိုလေးစားမှုမှတစ်ဆင့် မြစ်ဖျားခံလာခြင်းသာ ဖြစ်ပေသည်။

ယနေ့ ဖန့်ကျွင်းရှန်း၏ အမူအရာကို မြင်ရသည့်အချိန်တွင် လင်းမိန်ဟွေ့က မြင့်မြတ်ဖြူစင်သော မိန်းကလေးတစ်ဦးဖြစ်ကြောင်းကို သူညပိုမို၍ ခံစားလိုက်ရပေ၏။

နောက်ပိုင်း သူတို့က လက်ထပ်ကြပါက သေချာပေါက် ပျော်ရွှင်ရလိမ့်မည်ဟု သူ ယုံကြည်နေပေသည်။

လင်းမိန်ဟွေ့က အနည်းငယ် စိတ်မသက်မသာ ဖြစ်လာသောကြောင့် ထွက်ခွာရန် အကြောင်းပြချက် တစ်ခုကို ရှာလိုက်လေ၏။

ထိုအချိန်တွင် လျိုကျားက ရုတ်တရက်ပင် ထရပ်လိုက်ပေသည်။

အရက်၏ အရှိန်ကြောင့် သူက လင်းမိန်ဟွေ့ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေ၏။

လင်းမိန်ဟွေ့က မည်မျှပင် ရုန်းကန်ပါစေ သူက လွှတ်မပေးဘဲ သူမကို မြတ်နိုးစွာပင် စိုက်ကြည့်လျက်ပြောလိုက်ပေ၏။

“ငါက မင်းကို အတင်းအကျပ် မလုပ်ပါဘူး၊ ဒါပေမဲ့ မင်းလည်း ငါ့ကို တွန်းမထုတ်ပါနဲ့၊

ငါက မင်းကို အမြဲ စောင့်နေမှာပါ၊ မင်း စိတ်ပြောင်းလာမယ့်အချိန်အထိ ငါက စောင့်နေမှာပါ”

စုန့်ယီအနေဖြင့် သူ စစ်တပ်မှ အနားယူခဲ့ပြီဖြစ်ကြောင်းနှင့် အလုပ်ပြောင်းရွှေ့ခဲ့ခြင်းတို့၏အကြောင်းကို လင်းမိန်ဟွေ့ကို မပြောပြခဲ့ပေ။

ပထမအချက်က လင်းမိန်ဟွေ့အပေါ် တွင် ဖိအားမပေးလိုခြင်းဖြစ်ပြီး ဒုတိယအချက်က သူမကို အံ့အားသင့်စေချင်သောကြောင့် ဖြစ်၏။

သူက လင်းမိန်ဟွေ့၏ တက္ကသိုလ်အနားတွင် အိမ်တစ်လုံးကို ရှာဖွေငှားရမ်းခဲ့သည်။

အရာအားလုံးကို ပြင်ဆင်ပြီးနောက် သူက ရရှိထားသော အလုပ်ပြောင်းရွှေ့စရိတ်ဖြင့် စီးပွားရေးတစ်ခုခုကို စတင်ရန် နှစ်ရက်ခန့် လိုက်လံကြည့်ရှုနေခဲ့ပေသည်။

မမျှော်လင့်ဘဲ ရက်အတော်ကြာ ရှာဖွေသော်လည်း သင့်တော်သော အလုပ်မျိုးကို မတွေ့ရှိခဲ့ပေ။

ထိုအချိန်မှသာ သူ့အနေဖြင့် လင်းမိန်ဟွေ့၏ နောက်ဆုံးစာမေးပွဲ ပြီးဆုံးခါနီးပြီဖြစ်ကြောင်းကို သတိရပြီး သူမထံသို့ သွားရောက်တွေ့ဆုံရန် စဉ်းစားမိတော့သည်။

မမျှော်လင့်ဘဲ သူ၏ အတန်းဖော်များက လင်းမိန်ဟွေ့နှင့် လျိုကျားတို့ အတူတူ ထမင်းထွက်စားသည်ကို မြင်တွေ့ခဲ့ကြောင်းကို ပြောကြားလာသောကြောင့် စုန့်ယီက ဤစားသောက်ဆိုင်သို့ ရောက်ရှိလာခြင်းပင် ဖြစ်ပေသည်။

သူက သီးသန့်ခန်းတစ်ခုပြီးတစ်ခု လိုက်လံရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် လျိုကျားက လင်းမိန်ဟွေ့ကို ပွေ့ဖက်ထားသည်ကို မြင်တွေ့လိုက်ရလေတော့သည်။

စုန့်ယီ၏ ဒေါသများက ငယ်ထိပ်သို့ ဆောင့်တက်သွားခဲ့ကာ အခန်းထဲသို့ ပြေးဝင်ပြီး လျိုကျားကို ဆွဲဖယ်လိုက်လေ၏။ ထို့နောက် သူ၏မျက်နှာကို လက်သီးဖြင့် အားပြင်းစွာ ထိုးနှက်လိုက်တော့သည်။

လင်းမိန်ဟွေ့အနေဖြင့် ရောက်ရှိလာသူက စုန့်ယီ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ၏ အားပြင်းသော လက်သီးကြောင့် လျိုကျားက သတိလစ်သွားမည်ကို အလွန်ပင် စိုးရိမ်သွားရ၏။

ထို့ကြောင့် သူမက သူ့ကို အလျင်အမြန်ပင် ဆွဲတားလိုက်ရပေသည်။

“အစ်ကိုစုန့်ယီ၊ အစ်ကိုထင်နေသလို မဟုတ်ပါဘူး၊ ကျွန်မရဲ့စကားကို နားထောင်ပါဦး”

“မိန်ဟွေ့၊ သူ့ဘက်ကနေ ကာကွယ်မပြောပါနဲ့၊ သူ မင်းကို အခွင့်ကောင်းယူချင်နေတာကို ကိုယ် မြင်လိုက်တယ်၊ သူက မင်းကို အတင်းဖက်နေတာပဲ!”

စုန့်ယီက လျိုကျားကို ဒုတိယအကြိမ် ထပ်မံထိုးနှက်ရန် ပြင်လိုက်သော်လည်း လင်းမိန်ဟွေ့က သူ့ကို ဖက်၍ တားဆီးထားလိုက်ပေသည်။

“အစ်ကိုစုန့်ယီ၊ ဒီနေ့ ရှောင်ချင်းလည်း ပါတယ်၊ သူမက သန်းစင်ခန်းကို သွားနေတာပါ၊ ကျွန်မတို့ရဲ့ကြားမှာ ဘာမှမရှိပါဘူး၊ အစ်ကို မယုံရင် ရှောင်ချင်းကို မေးကြည့်လို့ ရပါတယ်!”

လင်းမိန်ဟွေ့၏ စကားများကြောင့် စုန့်ယီ စိတ်တည်ငြိမ်လာခဲ့ပေသည်။

ထိုအချိန်တွင် ရှောင်ချင်းက ပိုက်ဆံရှင်းပြီး ပြန်ရောက်လာခဲ့ကာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရလေ၏။

သူမကြောင့် လင်းမိန်ဟွေ့က ကြားညပ်သွားခြင်း ဖြစ်နိုင်ကြောင်းကို သိရှိသောကြောင့် သူမက အလျင်အမြန်ပင် ရှင်းပြလေတော့သည်။

“စုန့်ယီ၊ မိန်ဟွေ့က ကျွန်မနဲ့အတူ ထွက်လာတာပါ၊ လျိုကျားက ဝိုင်နည်းနည်း မူးနေလို့ အဓိပ္ပာယ်မရှိတာတွေကို လုပ်မိတာပါ၊ အဲဒါကို စိတ်ထဲ မထားပါနဲ့”

လင်းမိန်ဟွေ့ အပါအဝင် မည်သူကမျှ စုန့်ယီက ဤအချိန်တွင် ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

သူတို့က မကောင်းမှုတစ်ခုခုကို လုပ်နေချိန် အဖမ်းခံလိုက်ရသည့်အလား ထိတ်လန့်တုန်လှုပ်သွားကြ၏။

ရှောင်ချင်းက စုန့်ယီနှင့် လျိုကျားတို့၏ ကြားထဲသို့ အလျင်အမြန် ဝင်တားလိုက်ပြီး ဖြစ်စဉ်အစအဆုံးကို ရှင်းပြလေတော့သည်။

“ဒီကိစ္စတိုင်းက ကျွန်မရဲ့ အသုံးမကျတဲ့ ရည်းစားဟောင်းကြောင့် ဖြစ်ရတာပါ၊

မိန်ဟွေ့နဲ့ လျိုကျားက ကျွန်မကို ကူညီဖို့ ကြိုးစားနေကြတာ၊ စုန့်ယီ.. အရင်ဆုံး စိတ်ကိုအေးအေးထားပါဦး”

ယခုအချိန်တွင် စုန့်ယီက ဒေါသ မထွက်တော့ပေ။ တချို့သောကိစ္စများကို တားဆီး၍မရနိုင်ကြောင်းကို သူက သိရှိနားလည်သွားပြီးဖြစ်ပေ၏။

လင်းမိန်ဟွေ့၏ ထူးချွန်ထက်မြက်မှုက လူတိုင်းအမြင်တွင် ထင်ရှားလွန်းပေသည်။

သူက အတိတ်က အကြောင်းအရာများဖြင့် သူမကို မည်သို့ ချည်နှောင်ထားပိုင်ခွင့် ရှိပါမည်နည်း။

ထို့ကြောင့် သူက စိတ်ကို လျှော့ချလိုက်ပြီးပြောလိုက်ပေသည်။

“ဒါဆိုရင်လည်း ဒီကိစ္စကို အရင်ဖြေရှင်းလိုက်ကြပါ၊ ငါက ပြန်သွားလိုက်ဦးမယ်၊ မနက်ဖြန်ကျမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့”

လင်းမိန်ဟွေ့က စုန့်ယီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်မပေးခဲ့ပေ။

သူမ၏ စိတ်ထဲတွင် ပြောစရာ စကားလုံးပေါင်းများစွာ ရှိနေပေသည်။

အကယ်၍ ယခုသာ လွှတ်ပေးလိုက်ပါက စုန့်ယီ၏ စိတ်ထဲတွင် အငြိုးအတေးတစ်ခုက ကျန်ရစ်သွားမည်ကို သူမ သိနေခဲ့၏။

လင်းမိန်ဟွေ့က ရှောင်ချင်းကို ထွက်သွားရန် ပြောလိုက်သော်လည်း လျိုကျားက ထွက်မသွားသေးဘဲ တံခါးဝတွင်သာ ပိတ်ရပ်နေဆဲ ဖြစ်ပေသည်။

“စုန့်ယီ၊ ငါတို့ ပွင့်ပွင့်လင်းလင်း စကားပြောရအောင်၊ ငါတို့ နှစ်ယောက်လုံးက မိန်ဟွေ့ကို သဘောကျနေကြတာဆိုတော့၊

သူမကို ကိုယ်ကျိုးအတွက်ပဲ သိမ်းပိုက်ထားဖို့ မစဉ်းစားဘဲ သူမရဲ့အတွက် အလေးအနက် စဉ်းစားပေးသင့်တယ်”

“လျိုကျား၊ ရှင် ဘာတွေကို လျှောက်ပြောနေတာလဲ၊ ရှင် မူးနေရင်လည်း အမြန်ပြန်ပြီး နားလိုက်ပါတော့”

ရှောင်ချင်းက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ သံယောဇဉ်က မည်မျှ နက်ရှိုင်းကြောင်းကို သိထားသောကြောင့် စကားအနည်းငယ်ဖြင့် ဖျောင်းဖျ၍ မရနိုင်ကြောင်းကို နားလည်ထားပေ၏။

ထို့အပြင် အခြေအနေက ဤမျှအထိ ရှုပ်ထွေးနေပြီဖြစ်၍ ဆက်လက်၍ ပြဿနာရှာနေပါက လျိုကျားနှင့် လင်းမိန်ဟွေ့တို့က သူငယ်ချင်းပင် ဆက်ဖြစ်နိုင်တော့မည် မဟုတ်ပေ။

လျိုကျား၏ မျက်လုံးများက နီမြန်းနေခဲ့သည်။

လွန်ခဲ့သော သုံးနှစ်တာကာလပတ်လုံး သူက ပန်းများပေးခြင်း၊ ထမင်းကျွေးခြင်းနှင့် စာကြည့်တိုက်တွင် နေရာဦးပေးခြင်း အပါအဝင် နည်းမျိုးစုံဖြင့် သူမကို လိုက်ခဲ့ဖူး၏။

သို့သော်လည်း လင်းမိန်ဟွေ့က သူ့ကို သာမန်သူငယ်ချင်းတစ်ဦးအဖြစ်သာ အမြဲသတ်မှတ်ခဲ့ပြီး ချစ်စကားတစ်ခွန်းပင် မပြောခဲ့ပေ။

သူကဝသည်လည်း မတုံးအပါချေ။

စုန့်ယီနှင့် တွေ့ဆုံလိုက်ရသည့် အခိုက်အတန့်တွင် ကိုယ်ကာယ ကြံ့ခိုင်မှုမှလွဲလျှင် ကျန်သည့်အပိုင်းများ၌ သူ့ဘက်မှ သာလွန်သည်ဟု သူ ခံစားလိုက်ရလေ၏။

သို့သော်လည်း လင်းမိန်ဟွေ့က သူ့ကို နောက်ဆုံးအခွင့်အရေးလေးပင် ပေးရန် ငြင်းဆန်ခဲ့ပေသည်။

လင်းမိန်ဟွေ့က စုန့်ယီ၏ ခံစားချက်ကိုသာ အလေးထားပြီး သူ၏ နာကျင်မှုနှင့် စိတ်ဓာတ်ကျမှုများကို လျစ်လျူရှုထားခဲ့သည်ကို မြင်တွေ့ရသည့်အချိန်တွင် လျိုကျားတစ်ယောက် နောက်ဆုံးတွင် ပေါက်ကွဲသွားရတော့သည်။

“ငါက မူးနေပေမဲ့ အသိစိတ်လွန်နေတာ မဟုတ်ဘူး၊ မင်းတို့က ငါ့ကို ဒီလိုမျိုး ရှောင်ဖယ်နေပြီး လှည့်စားနေဖို့ မလိုပါဘူး”

လျိုကျားက ရှောင်ချင်းကို ကျော်ဖြတ်၍ စုန့်ယီ၏ ရှေ့သို့ ရောက်ရှိလာပြီး သူ့ကို စိုက်ကြည့်၍ ပြောလိုက်လေ၏။

“စုန့်ယီ၊ မင်းက စကားပြောရဲတဲ့ သတ္တိတောင် မရှိဘူးလား၊ မင်းရဲ့ စိတ်ထဲမှာ မိန်ဟွေ့က ငါ့အပေါ် တစ်စက်ကလေးမှ စိတ်မယိမ်းယိုင်ဘူးလို့ မယုံကြည်နိုင်ဘူးမလား၊ ဒါက တကယ်ကို ဆိုးလွန်းတာပဲ”

လင်းမိန်ဟွေ့၏ စိတ်ထဲတွင် ထိတ်လန့်သွားရသည်။ လျိုကျားက စုန့်ယီ၏ နာကျင်နေသော နှလုံးသားကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆွပေးနေခြင်းဖြစ်ကြောင်းကို သူမက သိလိုက်ပေ၏။

လင်းမိန်ဟွေ့က လျိုကျားကို ကြည့်၍ တည်ငြိမ်ပြတ်သားသော လေသံဖြင့် ပြောလိုက်ပေသည်။

“လျိုကျား.. ကျွန်မ ရှင့်ရဲ့အပေါ် ကို ဘယ်တုန်းကမှ စိတ်မရှိခဲ့ပါဘူး၊

ရှင်က ကျွန်မရဲ့ အတန်းခေါင်းဆောင်၊ ကျွန်မရဲ့ အတန်းဖော်သက်သက်ပဲ၊

ဒါပေမဲ့ ယောကျ်ားနဲ့ မိန်းကလေးကြားက ချစ်သူရည်းစား သံယောဇဉ်က နည်းနည်းလောက်တောင် မရှိပါဘူး”

ဤသည်က စုန့်ယီ လက်ရှိအချိန်တွင် တွေးတောနေသော အချက်မဟုတ်ပေ။ ယခုအချိန်တွင် သူ၏ လက်ထဲတွင် အလုပ်ပြောင်းရွှေ့စရိတ် အနည်းငယ်မှလွဲ၍ မည်သည့်အရာမျှမရှိသေးပေ။

လျိုကျား၏ အထက်စီးဆန်သော စိတ်ဓာတ်က ဟန်ဆောင်နေခြင်းမဟုတ်ကြောင်းကို သူက မြင်နိုင်၏။

သူက ပေကျင်းသားဖြစ်ပြီး မိသားစုအသိုင်းအဝိုင်းနှင့် ဂုဏ်ပုဒ်ကလည်း မြင့်မားလောက်ပေသည်။

အကယ်၍ လင်းမိန်ဟွေ့ကသာ ပေကျင်းတွင် အခြေချလိုပါက လျိုကျားက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။

သို့သော် သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေပြီး စစ်တပ်တွင် လေ့ကျင့်ထားသော ခန့်မှန်းရခက်သည့် အမူအရာမျိုးကိုသာ ပြသနေခဲ့သည်။

“ကောင်းပြီလေ၊ စကားပြောကြတာပေါ့၊ အပြင်ကိုထွက်မလား၊ ဒါမှမဟုတ် တစ်နေရာကို သွားမလား”

စုန့်ယီ သဘောတူလိုက်ပေ၏။

လင်းမိန်ဟွေ့နှင့် ရှောင်ချင်းတို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဤအမျိုးသားနှစ်ဦးက မည်သည့်အရာကို တွေးနေကြကြောင်းကို ခန့်မှန်း၍ မရတော့ပေ။

ရှောင်ချင်းက လင်းမိန်ဟွေ့၏ အနားသို့ တိုးကပ်၍ မသင့်တော်သော စကားတစ်ခွန်းကို ပြောလိုက်မိသည်။

“မိန်ဟွေ့၊ ငါ နင့်ကို ဘာလို့ ဒီလောက်တောင် အားကျနေရတာလဲမသိဘူး၊ အမျိုးသားနှစ်ယောက်က နင့်အတွက်နဲ့ တိုက်ခိုက်နေကြတာပဲ”

လင်းမိန်ဟွေ့ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရပြီး သူတို့နှစ်ဦးက ဘေးချင်းယှဉ်၍ ထွက်ခွာသွားသည်ကိုသာ ကြည့်နေခဲ့ရလေသည်။

All Chapters