အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း(175)
လင်းမိန်ဟွေ့နှင့် ရှောင်ချင်းတို့မှာ စားပွဲတွင် ထိုင်နေကြသော်လည်း စားပွဲပေါ်မှ ဟင်းပွဲ ခုနစ်ပွဲ၊ ရှစ်ပွဲကို စားချင်စိတ် လုံးဝ မရှိကြတော့ပေ။
သူမ၏ စိတ်ထဲတွင် လျိုကျားက စုန့်ယီကို မည်သည့်အကြောင်းအရာများကို ပြောမည်နည်းဟူသော အတွေးများကသာ ပြည့်နှက်နေ၏။
ဘေးနားမှ ရှောင်ချင်းက လင်းမိန်ဟွေ့၏ အတွေးကို ရိပ်မိသောကြောင့် အင်္ကျီလက်ကို ဆွဲ၍ပြောလိုက်ပေသည်။
“တောင်းပန်ပါတယ်၊ ငါ့ကြောင့်နဲ့ နင်က ဒုက္ခရောက်နေရပြီ”
“နင့်ကို အပြစ်မတင်ပါဘူး၊ ဒီအကြံကိုပေးခဲ့တာက ငါကိုယ်တိုင်ပဲလေ”
တစ်ဖက်တွင်တော့ စုန့်ယီတို့နှစ်ဦးက အနည်းငယ်ဝေးကွာသောနေရာအထိ လမ်းလျှောက်လာခဲ့ကြပေသည်။
အေးစက်သော လေများက တိုက်ခတ်နေသော်လည်း ပတ်ဝန်းကျင် အခြေအနေက ထူးဆန်းစွာ တိတ်ဆိတ်နေ၏။
လျိုကျားက စုန့်ယီကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်၍ ပြောလိုက်သည်။
“စုန့်ယီ၊ မင်းက ဘာကို မေးချင်တာလဲ၊ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်..
ငါတို့က လမ်းလျှောက်လာတာ အတော်ဝေးနေပြီ၊ မင်းက
ငါ့ကို လှောင်ပြောင်ချင်နေတာတော့ မဟုတ်ဘူးမလား!”
စုန့်ယီက လျိုကျားကို လေးနက်စွာ ကြည့်လျက်ပြောလိုက်ပေ၏။
“တကယ်လို့ မင်းသာ မိန်ဟွေ့ကို ငါ့ထက်ပိုပြီး ပျော်ရွှင်အောင် ထားနိုင်မယ်ဆိုတာ သေချာခဲ့ရင် ငါ သူမကို လက်လွှတ်ပေးလိုက်မယ်”
လျိုကျားက ထိတ်လန့်သွားရ၏။ စုန့်ယီထံမှ ဤကဲ့သို့သော စကားမျိုးကို ထွက်လာလိမ့်မည်ဟု သူ လုံးဝမထင်ခဲ့ပေ။
ထိုအချိန်မှသာ လျိုကျားက စုန့်ယီကို အသေးစိတ် ကြည့်မိတော့သည်။
သူ၏ ဆံပင်တိုတို၊ ကြည်လင်သော မျက်လုံးများနှင့် မျက်နှာသွင်ပြင်များက ပြတ်သားသော စိတ်နှလုံးနှင့် ဇွဲသတ္တိကို ပြသနေလေ၏။
အထူးသဖြင့် သူ၏ မေးရိုးက သူပြောသည့်အတိုင်းပင် လုပ်ဆောင်မည့် ယောကျ်ားတစ်ဦးဖြစ်ကြောင်းကို သိသာလွန်းသည်။
လျိုကျားက သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီးနောက် စိတ်ထဲရှိ အကာအကွယ်များကို လျှော့ချလိုက်ပေသည်။
စုန့်ယီက လိမ်ညာမည့်သူ မဟုတ်ကြောင်းကို သူက သိရှိသောကြောင့် တည်ငြိမ်စွာပင် ပြောလိုက်ပေသည်။
“ငါ့ရဲ့အဖေက အခုထိ မိန်ဟွေ့ကို သဘောမတူသေးတာတော့ အမှန်ပဲ၊
ဒါပေမဲ့ ငါက မိသားစုမှာ တစ်ဦးတည်းသောသားဆိုတော့ ငါသာ ဇွဲရှိရှိနဲ့ ကြိုးစားရင် ဒါက ပြဿနာ မဟုတ်တော့ပါဘူး”
“တကယ်လို့ နောက်ပိုင်းမှာ မင်းက စိတ်ပြောင်းသွားခဲ့ရင်ကော”
ညဘက် လေပြည်ကြားတွင် စုန့်ယီ၏ မျက်လုံးများက ကြယ်များကဲ့သို့ ကြည်လင်နေခဲ့သည်။
လျိုကျားက အဘယ်ကြောင့်မှန်းမသိဘဲ ဖိအားတစ်ခုကို ခံစားလိုက်ရပြီး အသက်ရှူပင် ကျပ်သွားရလေ၏။
နောက်ဆုံးတွင် သူက လေးနက်စွာပြောလိုက်သည်။
“ငါ စိတ်ပြောင်းမှာ မဟုတ်ပါဘူး”
စုန့်ယီက အနည်းငယ်ပြုံးကာ ညအမှောင်ထုကို ကြည့်၍ သက်ပြင်းကိုချလိုက်၏။
“ဒီလောကမှာက မပြောင်းလဲတဲ့အရာဆိုတာက မရှိဘူး၊ ဟိုးအရင်ခေတ်တွေကတည်းက အပြောင်းလဲတတ်ဆုံးအရာက လူ့နှလုံးသားပဲလေ”
လျိုကျားလည်း တိတ်ဆိတ်သွားရသည်။ ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ပြင်းပြသော အချစ်များသာ ရှိနေသောကြောင့် လမ်းခွဲမည့်ရက်ကို တစ်ချိန်မျှ မစဉ်းစားခဲ့ဖူးပေ။
သို့သော်လည်း ယခုအချိန်တွင် စုန့်ယီက ထည့်ပြောလာသောကြောင့် သူ့အနေဖြင့် စဉ်းစားရတော့မည်။
ခဏအကြာတွင် လျိုကျားက စုန့်ယီကို ပြန်ဖြေလိုက်လေ၏။
“တကယ်လို့ နောက်ပိုင်း ငါ က စိတ်ပြောင်းသွားခဲ့ရင်တောင် မိန်ဟွေ့အတွက် အကောင်းဆုံးသော လူနေမှုဘဝ အာမခံချက်တွေကို ပေးသွားမယ်၊
ဒီကိစ္စကို စာဖြင့်မှတ်တမ်းတင်ပြီးတော့ လက်မှတ်ထိုးနိုင်တယ်”
“ပြီးသွားရင် မင်းက သူမကို မင်းရဲ့ မိသားစုနဲ့ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မင်းရဲ့ အချစ်သစ်နဲ့ဖြစ်ဖြစ် ရန်ဖြစ်ခိုင်းနေမှာလား”
စုန့်ယီ၏ စကားများက အေးစက်ပြီး လှောင်ပြောင်မှုများက ပါဝင်နေသောကြောင့် လျိုကျား ထိတ်လန့်သွားရသည်။
လျိုကျားက အနည်းငယ် ဒေါသထွက်သွားရပေသည်။ ဤမျှအထိ ဝေးလံသော အနာဂတ်ကို မည်သူက တွေးတောနိုင်ပါမည်နည်း။
စုန့်ယီကိုယ်တိုင်ပင်လျှင် လင်းမိန်ဟွေ့ကို တစ်သက်လုံး ချစ်သွားပါ့မည်ဟု အာမခံနိုင်မည်လား။
ဤသည်က အမှန်တကယ်ပင် တရားလွန်လွန်းပေ၏။
လျိုကျားက ထိုနေရာ၌ပင် ရပ်နေပြီး ဆက်မသွားတော့ပေ။ စုန့်ယီကလည်း မနီးမဝေးတွင် ရပ်လိုက်ပေသည်။
“စုန့်ယီ.. ငါတို့က အခု ဒါတွေကို ပြောနေတာက အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်၊ လင်းမိန်ဟွေ့ကလည်း သက်ရှိလူသားတစ်ယောက်ပဲ၊ သူမမှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်၊
ငါတို့တွေ တရားမျှတစွာပဲ ယှဉ်ပြိုင်ကြတာပေါ့၊ နောက်ပိုင်းကျရင် သူမ ဘယ်သူ့နောက်ကို လိုက်မလဲဆိုတာက သူမရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပဲ ဖြစ်လိမ့်မယ်”
စုန့်ယီက လျိုကျားကို ကြည့်လိုက်ပြီး သူပြောသည်က မှန်ကန်ကြောင်းကို သိရှိလိုက်ပေသည်။
သို့သော်လည်း သူက လင်းမိန်ဟွေ့ကို မည်သည့်အာမခံချက်မျှမရှိဘဲ စွန့်စားမှုများကြားတွင် အချစ်ရေးတစ်ခုကို အစပြုခိုင်းရန် အစီအစဉ်မရှိပေ။
“တကယ်လို့ တရားမျှတစွာ ယှဉ်ပြိုင်မယ်ဆိုရင်တော့ မင်း ကျိန်းသေပေါက် ရှုံးလိမ့်မယ် လျိုကျား၊
လင်းမိန်ဟွေ့က အသစ်ကို မြင်လိုက်တာနဲ့ စိတ်ပြောင်းတတ်တဲ့ လူစားမျိုး မဟုတ်ဘူး၊
ဒါကြောင့်လည်း ငါ မင်းနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောနေတာပဲ၊ ဒါပေမဲ့ မင်းရဲ့ မခိုင်မာတဲ့ စိတ်နှလုံးသားကိုပဲ မြင်လိုက်ရတယ်”
စုန့်ယီက စကားပြောပြီးသည်နှင့် လျိုကျားကို ထားရစ်ခဲ့ပြီး စားသောက်ဆိုင်သို့ တစ်ဦးတည်းသာ ပြန်လာခဲ့လေတော့သည်။
လင်းမိန်ဟွေ့က အလွန်ပင် စိုးရိမ်ပူပန်နေပြီး စုန့်ယီထံသို့ ပြေးကာ ဆွဲဆွဲခေါ်လာချင်စိတ်များ ဖြစ်နေမိ၏။
စုန့်ယီ ပြန်ရောက်လာသည်ကို မြင်လိုက်ရလျှင် လင်းမိန်ဟွေ့က အမှားလုပ်ထားသော ကျောင်းသူလေးတစ်ဦးကဲ့သို့ အပြစ်ရှိစိတ်ဖြင့် ထရပ်လိုက်ပေသည်။
“အစ်ကိုစုန့်ယီ၊ ပြန်လာပြီလား!”
“အင်း၊ ကိုယ် မင်းတို့ နှစ်ယောက်လုံးကို ကျောင်းကိုပြန်ပို့ပေးမယ်၊ လျိုကျားကတော့ သူ့ဘာသာသူ ပြန်လိမ့်မယ်”
စုန့်ယီက စကားပြောပြီးသည်နှင့် လင်းမိန်ဟွေ့၏အိတ်ကို ကူသယ်ပေးကာ လင်းမိန်ဟွေ့၊ ရှောင်ချင်းတို့နှင့်အတူ ထမင်းဝိုင်းမှ ထွက်ခွာလာခဲ့လေ၏။
ထိုအချိန်တွင် ရှောင်ချင်းသည်လည်း အမူးပြေနေပြီပင်။ သူမ၏ စိတ်ထဲတွင် လင်းမိန်ဟွေ့ကို ကြည့်လာသော စုန့်ယီ၏ မျက်လုံးများကိုသာ မြင်တွေ့ပြီးနောက် သူမ၏ အသုံးမကျသော ရည်းစားဟောင်းအကြောင်းကို မေ့လျော့သွားခဲ့လေသည်။
ကျောင်းသို့ ပြန်ရောက်လာချိန်တွင် စုန့်ယီက လင်းမိန်ဟွေ့နှင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် နောက်နေ့ မွန်းလွဲပိုင်းတွင် ဆုံတွေ့ရန် ချိန်းဆိုလိုက်သည်။
လင်းမိန်ဟွေ့နှင့် ရှောင်ချင်းတို့က အဆောင်သို့ ပြန်ရောက်သည့်အချိန်တွင် ရှောင်ချင်းက သူမ၏ ရင်ဘတ်ကို ပုတ်၍ ပြောလိုက်လေ၏။
“မိန်ဟွေ့၊ ဒီနေ့ကတော့ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့နေ့ပဲ”
“နင် ဘာတွေကို လျှောက်ပြောနေတာလဲ၊ အမြန်သွားအိပ်တော့”
လင်းမိန်ဟွေ့က စိတ်ထဲတွင် မသက်မသာ ဖြစ်နေဆဲပင်။
စုန့်ယီက ဘာလိာ့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ။ သူမကိုလည်း ဘာလို့ စကားတစ်ခွန်းမှမပြောရတာလဲ။
အကယ်၍ မတိုင်မီကသာ ရှောင်ချင်းက ဘေးမှာ မရှိခဲ့လျှင် သူမ၏အနေဖြင့် စုန့်ယီကို ရှင်းပြနိုင်ပေလိမ့်မည်။
ရှောင်ချင်းက လင်းမိန်ဟွေ့၏အနားသို့ လျှောက်လာပြီး သူမကို တွန်း၍ ပြောလိုက်ပေ၏။
“မိန်ဟွေ့၊ နင် စုန့်ယီကို တကယ် ချစ်နေတာမလား၊ နင့် မျက်နှာလေးကို ကြည့်ရတာ ကြောင်နဲ့တွေ့တဲ့ ကြွက်လေးလိုပဲ၊ အရမ်းကို လိမ်မာပြနေတာ”
“နင်ကမှ ကြွက်မ”
လင်းမိန်ဟွေ့က အပြုံးတစ်ခုနှင့် ရှောင်ချင်းကို ပြန်တွန်းလိုက်သော်လည်း သူမ၏ စိတ်ထဲတွင် ချိုမြိန်မှုကို ခံစားနေရသည်။
သူမ ခုတင်ပေါ်တွင် လှဲနေရင်း စုန့်ယီက သူမအတွက်နှင့် စစ်တပ်မှ အနားယူခဲ့ခြင်းဖြစ်ကြောင်းကို ဖြည်းဖြည်းချင်း သတိပြုမိလာရ၏။
သူမအတွက်ကြောင့် စုန့်ယီ စစ်တပ်ထဲတွင် ရရှိခဲ့သော အောင်မြင်မှုများက အလဟဿဖြစ်သွားရပေပြီ။
ယခု သူမထံသို့ ပြန်လာသည့်အချိန်တွင် သူက အရာအားလုံးကို အစမှ ပြန်စရတော့မည်ပင်ဖြစ်သည်။
ဤအချက်တစ်ခုတည်းနှင့်ပင် လင်းမိန်ဟွေ့က သူ့ကို မည်သည့်အချိန်မှ စွန့်ခွာသွားလိမ့်မည်မဟုတ်ပေ။
နောက်တစ်နေ့တွင် လင်းမိန်ဟွေ့၏ နောက်ဆုံးအတန်းက ပြီးဆုံးသွားပြီးနောက် သူမက စုန့်ယီ ငှားရမ်းထားသော အခန်းလေးကို ရှာဖွေရန်အတွက် ပြေးသွားခဲ့တော့သည်။
စုန့်ယီက အခန်းတံခါးကို ဖွင့်လာပြီးနောက် လင်းမိန်ဟွေ့ကိုမြင်လျှင် အခန်းထဲသို့ ချက်ချင်းဆွဲသွင်းလိုက်ပြီး မြတ်နိုးစွာ နမ်းရှိုက်လိုက်တော့သည်။
ထိုအနမ်းက ကြာရှည်ပြီး နူးညံ့လွန်းသောကြောင့် လင်းမိန်ဟွေ့၏ စိတ်ထဲရှိ လွမ်းဆွတ်မှုများက တစ်စစနှင့် အရည်ပျော်သွားရလေသည်။
သူမက စုန့်ယီ၏ ကြံ့ခိုင်သော ခါးကို ဖက်ထားရင်း သူ၏ ကိုယ်ပေါ်မှ ရင်းနှီးနေသော ဆပ်ပြာနံ့လေးကို ရှူရှိုက်မိသည့်အချိန်တွင် အိပ်မက်တစ်ခုထဲသို့ ရောက်နေသကဲ့သို့ပင် ခံစားလိုက်ရ၏။
သူမက စုန့်ယီ၏ အင်္ကျီကို သူမ၏ လက်ချောင်းလေးများဖြင့် အသာအယာ ဆွဲလိုက်ပြီး ပြောလိုက်ပေသည်။
“အစ်ကိုစုန့်ယီ၊ ပြန်လာတာကို ဘာလို့ ကျွန်မကို မပြောတာလဲ၊ ဒါဆိုရင် ကျွန်မက လာကြိုလို့ ရတာပေါ့”
“ကိုယ် အနားယူမယ်လို့ပြောရင် မင်း သဘောတူမှာလား”
“တကယ်လို့ ကျွန်မသာ သိခဲ့ရင် သေချာပေါက် တားမှာပေါ့၊ အစ်ကိုက စစ်တပ်ထဲမှာ ဒီလောက်တောင် ထူးချွန်ပြီး ဒုတိယအဆင့် စွမ်းဆောင်ရည်ဆုကိုတောင် ရထားတာလေ”
ထိုစကားပြောရလျှင် လင်းမိန်ဟွေ့မှာ စုန့်ယီအတွက် နှမြောနေမိဆဲပင်။
မည်သို့ပင်ဖြစ်စေ ထိုသူက သူချစ်မြတ်နိုးသောအရာကို ဤမျှအထိအလွယ်တကူ စွန့်လွှတ်လိုက်ရခြင်းက အမှန်တကယ်ပင် နားလည်ရ ခက်ခဲလွန်းပေသည်။
ထိုအချိန်တွင် စုန့်ယီက သူမ၏ နားအနီးသို့ ကပ်၍ ပြောလာခဲ့၏။
“တကယ်လို့ ကိုယ်သာ ပြန်မလာခဲ့ရင် မင်းကို တစ်ယောက်ယောက်က လုယူသွားတော့မှာ မဟုတ်ဘူးလား”
ဤစကားကိုကို ကြားလိုက်ရသည့်အချိန်တွင် လင်းမိန်ဟွေ့အနေဖြင့် တစ်ဖက်လူက လျိုကျားအကြောင်းကို ပြောနေခြင်းဖြစ်ကြောင်းကို သိလိုက်ပြီး သူမ၏ ခေါင်းကို အသာငုံ့လိုက်မိသည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မ လျိုကျားကို ဘယ်လို ကတိမှမပေးခဲ့ပါဘူး၊သူက ကျွန်မကို လိုက်နေရုံသက်သက်ပါ၊ မနေ့ညက ဖြစ်သွားတဲ့ ကိစ္စကလည်း..”
“အဲဒါတွေကို ကိုယ် အကုန်သိပါတယ်”
“ဒါဆိုရင် အစ်ကို ကျွန်မကို စိတ်ဆိုးနေတုန်းပဲလား”
လင်းမိန်ဟွေ့က ခေါင်းကို မော့ကြည့်လိုက်ပြီး သူမ၏ မျက်နှာကလည်း ရှက်ရွံ့မှုကြောင့် နီရဲနေပေသည်။
လွန်ခဲ့သော နှစ်အနည်းငယ်က သူမ၏ အတိတ်ဘဝမှအိမ်ထောင်ရေးကို မမေ့ဖျောက်နိုခဲ့သောကြောင့် ရှောင်လွှဲခဲ့သော်လည်း ယခုတွင်တော့ဖော်ပြ၍မရသော ချိုမြိန်မှုကိုသာ ခံစားနေရလေ၏။
သူမအနေဖြင့် စုန့်ယီအပေါ်တွင် ဟိုးအရင်ကတည်းက ပို၍ ကောင်းခဲ့သင့်သည်ဟုသာ နောင်တရမိပေသည်။
*
အခန်း(176)
စုန့်ယီက ခေါင်းငုံ့ပြီး သူ၏ရင်ခွင်ထဲရှိ လူသားလေးကို ငုံ့ကြည့်လိုက်လေ၏။
သူမ၏ တစ်နေ့ထက်တစ်နေ့ ပို၍ ဆွဲဆောင်မှုရှိလာကာ မျက်နှာလေးမှာလည်း အချိန်ကိုက် ပွင့်လန်းလာသည့် ပန်းတစ်ပွင့်ကဲ့သို့ လှပလွန်းသောကြောင့် လူအများကို ငေးမောမိ စေပေသည်။
“တကယ်လို့ သူသာ မင်းကို တကယ်ပဲ ပျော်ရွှင်အောင် ထားနိုင်မယ်ဆိုရင် ကိုယ် မင်းကို လက်လွှတ်ပေးနိုင်ပါတယ်..”
လင်းမိန်ဟွေ့က ထိတ်လန့်သွားပြီး ရုတ်တရက်ပင် သူမ၏ ရင်ထဲတွင် မခံချင်စိတ်များက တိုးဝင်လာပေ၏။
သူမက စုန့်ယီကို တွန်းဖယ်လိုက်ပြီး ဘေးနားမှ ထိုင်ခုံတစ်ခုတွင် ထိုင်၍ မည်သည့်စကားမျှမပြောပေ။
အခန်းက မကျယ်လွန်းသော်လည်း စုန့်ယီက သေသပ်စွာ ပြင်ဆင်ထားခဲ့ သည်။
အပြင်အဆင်မှာ အလွန် ကြည့်ကောင်းလွန်းပြီး အထူးသဖြင့် တို့ဖူးတုံးကဲ့သို့ ခေါက်ထားသော စောင်ကို မြင်ရသည်က လင်းမိန်ဟွေ့ကို စစ်တပ်စခန်းသို့ ရောက်နေသကဲ့သို့ ခံစားရစေ၏။
သူမ၏ စိတ်ထဲတွင် လွန်ခဲ့သောတစ်ခေါက်က ထိုအမျိုးသားရှိရာသို့ သွားခဲ့ချိန်က စစ်တပ်မှ သူတို့အတွက် ပြင်ဆင်ပေးထားသော အိမ်လေး၊ နွေးထွေးသော မီးဖိုနှင့် သန့်ရှင်းသော ခုတင်များကို ပြန်လည်၍ မြင်ယောင်နေမိခဲ့သည်။
ဤကဲ့သို့သော သက်သောင့်သက်သာရှိမှုမျိုးက လင်းမိန်ဟွေ့၏ စိတ်အခြေအနေကို တဖြည်းဖြည်း တည်ငြိမ်သွားစေပေသည်။
စုန့်ယီက သူမကို ပျော်ရွှင်စေချင်ကြောင်းနှင့် သူတို့၏ ယခင်က ကတိကဝတ်များကြောင့် သူမ၏ဘဝကို မနှောင်နှေးစေလိုကြောင်းကို သူမ သိရှိပေ၏။
သို့သော် သူမဘက်က ဤသည်ကို သူမ၏ဘဝအတွက် နှောင်နှေးမှုစေဟု တစ်ခေါက်မျှ မယူဆခဲ့ပေ။
လူနှစ်ဦးက ချစ်ခင်မြတ်နိုးပြီး နေ့ညမပြတ် လွမ်းဆွတ်နေရခြင်းက တခြားသူများက တောင့်တရုံဖြင့် မရနိုင်သော ပျော်ရွှင်မှုတစ်မျိုးပင် မဟုတ်ပါလား။
သူမက အဘယ်ကြောင့် လက်လျှော့ရပါမည်နည်း။
စုန့်ယီက သူမ၏နောက်သို့ လျှောက်လာပြီး သူမ
ကို အနောက်ဘက်မှ ထွေးပွေ့လိုက်လေ၏။
လင်းမိန်ဟွေ့က စုန့်ယီ၏ ရင်ခွင်ထဲသို့ အသာ မှီပြီး ပြောလိုက်သည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့တွေ ဘွဲ့ရတဲ့အချိိန်ကျရင် အတူရှိကြမယ်လို့ အစကတည်းက သဘောတူထားတာပဲလေ”
“အင်း”
“ဒါကြောင့် တခြားကိစသတွေကို ထပ်မပြောပါနဲ့တော့၊ အဲဒါတွေက ကျွန်မကို ဝမ်းနည်းစေတယ်”
လင်းမိန်ဟွေ့ ပြောပြီးနောက် စုန့်ယီ၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်လေ၏။
သူတို့နှစ်ဦး ခေတ္တမျှ တိတ်ဆိတ်သွားကြပြီးနောက်မှ စုန့်ယီက လျိုကျားဘက်မှ ပေးခဲ့သော ကတိကို ထုတ်ပြောလာပေသည်။
“သူက မင်းကို နိုင်ငံခြားမှာ ပညာသင်ခိုင်းနိုင်တယ်၊ ပြန်လာရင်လည်း ပေကျင်းမှာပဲ နေလို့ရတာပေါ့၊
အဲဒီအချိန်ကျရင် ကုမ္ပဏီကောင်းကောင်းမှာ အလုပ်ဝင်ပြီး ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းရမှာပဲ”
လင်းမိန်ဟွေ့အနေဖြင့် စုန့်ယီက အမှန်တစ်ကယ်ပင် အတွေးလွန်နေသည်ဟု ခံစားလိုက်ရပေ၏။
သူမက လျိုကျားကိုမှ မချစ်နှစ်သက်ပါချေ။ ဘဝက မည်မျှ ကောင်းနေပါစေ သဘောမကျသူနှင့် အတူနေရမည့်ဘဝက မည်သို့ကောင်းမွန်ပါမည်နည်း။
ထို့အပြင် လျိုကျား၏ ဖခင်ကလည်း သူမကို သဘောမကျပေ။ ထိုအိမ်သို့ ရောက်သွားလျှင် သူမက တစ်သက်လုံး စိတ်ဆင်းရဲနေရမည် မဟုတ်ပါလား။
“အစ်ကိုစုန့်ယီ၊ အရာရာတိုင်းမှာက အကောင်းနဲ့အဆိုးက ဒွန်တွဲနေတတ်တယ်၊
အစ်ကိုပြောသလိုပဲ ကျွန်မက လျိုကျားကို ရွေးချယ်ခဲ့ရင် နောက်ထပ် နာကျင်မှုတစ်မျိုးကို ရင်ဆိုင်ရမှာပဲ၊
သူတို့မိသားစုရဲ့ သာလွန်တဲ့ အခြေအနေတွေကြောင့် သူတို့ကမောက်မာလိမ့်မယ်”
“မင်းက ဒီလိုမျိုးထက်မြက်တာပဲလေ၊ အချိန်တန်ရင် သူတို့ကို နားဝင်အောင် လုပ်နိုင်မှာပါ”
“ဒါဆိုရင် ကျွန်မရဲ့ အင်အားတွေနဲ့ စိတ်ဓာတ်တွေကို ဘယ်လောက်တောင် အကုန်အခံရမှာလဲ”
လင်းမိန်ဟွေ့က လှည့်ကြည့်လိုက်ပြီး စုန့်ယီ၏ မျက်လုံးများကို စိုက်ကြည့်၍ သူ၏လက်ကို ဆုပ်ကိုင်လိုက်၏။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့က အရင်တုန်းက စီးပွားရေးလုပ်ခဲ့တုန်းကလည်း ဘဝက အဆင်ပြေခဲ့တာပဲ၊
ကျွန်မက ကျောင်းတက်ချင်တာက ကျွန်မရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ချင်ရုံသက်သက်ပါ”
“ဒါဆို ဘွဲ့ရပြီးရင် မင်း ပေကျင်းမှာ ဆက်နေဖို့ အစီအစဉ်မရှိဘူးလား၊ ဟုန်ရိကုမ္ပဏီမှာ မင်း အဆင်ပြေနေတယ်လို့ ကြားခဲ့တယ်”
စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့ ဖုန်းထဲတွင် ပြောပြဖူးသော ဟုန်ရိကုမ္ပဏီ၏ အကြောင်းကို စဉ်းစားမိခြင်းပင် ဖြစ်ပေသည်။
သူမက ထိုကုမ္ပဏီတွင် အောင်မြင်နေပြီး ငွေပိုရှာနိုင်ကာ သူမကိုယ်သူမ ထောက်ပံ့နိုင်ရုံသာမက မူလတန်းကျောင်းသားတစ်ဦးကိုပင် အလှူငွေကို ထောက်ပံ့ပေးနိုင်နေပြီ ဖြစ်၏။
လင်းမိန်ဟွေ့က ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်ပေသည်။
“အဲဒီလိုဘဝက မဆိုးပေမဲ့.. အခု အစ်ကိုပြန်လာပြီဆိုတော့ ကျွန်မတို့က အတူတူ စီးပွားရေးကိုလုပ်တာက အကောင်းဆုံးပဲ...”
စုန့်ယီအနေဖြင့် လင်းမိန်ဟွေ့တွင် စီးပွားရေးအမြင်ရှိကြောင်းကို သိထားသောကြောင့် မည်သည့်စကားကိုမျှထပ်မပြောတော့ဘဲ သူမကိုသာ မြတ်နိုးစွာ ပွေ့ထက်ထားလိုက်တော့သည်။
ထို့နောက် သူတို့နှစ်ဦးက လွမ်းဆွတ်မှုများစွာဖြင့် နမ်းရှိုက်လိုက်ကြပြန်၏။
ထိုအနမ်းက သူတို့ကြားရှိ အထင်အမြင်လွဲမှားမှုများကို ချက်ချင်းပင် ပြေပျောက်စေခဲ့သည်။
အခန်းထဲတွင် မှောင်သည်အထိ နေပြီးနောက်မှ လင်းမိန်ဟွေ့က ရှောင်ချင်းနှင့် ညဘက်စာအတူကြည့်ရန် ကတိပေးထားသည်ကို သတိရကာ စုန့်ယီကို အသာတွန်းဖယ်လိုက်လေ၏။
“အစ်ကိုစုန့်ယီ၊ ကျွန်မက နောက်နှစ် ဒုတိယနှစ်ဝက်လောက်မှ ဘွဲ့ရမှာ၊ အဲဒီအချိန်အတွင်းမှာ အစ်ကို ပေကျင်းမှာ ဘာလုပ်ဖို့ စိတ်ကူးထားလဲ၊
ဒါမှမဟုတ် နေရပ်ကိုပြန်ပြီး ချန်အန်းသယ်နဲ့အတူ စူပါမားကတ်ကို အရင်စနှင့်မလား”
စုန့်ယီက လက်ထဲတွင် အလုပ်ပြောင်းရွှေ့စရိတ် အနည်းငယ်ရှိနေသောကြောင့် ပေကျင်းတွင် ပညာဆက်လက်လေ့လာလိုသေး၏။
“မိန်ဟွေ့.. မင်းရါ့ ကျောင်းကိစ္စအတွက် စိတ်မပူပါနဲ့၊ ကိုယ်လည်း ပေကျင်းမှာ စီးပွားရေး အတွေ့အကြုံနည်းနည်းလောက် လေ့လာချင်သေးတယ်၊
လက်ထဲမှာလည်း ပိုက်ဆံရှိနေသေးတာဆိုတော့ စီးပွားရေးကို အလောတကြီး လုပ်ဖို့ မလိုသေးပါဘူး”
“ဒါဆိုရင်လည်း ကောင်းပါပြီ၊ ရုံးပိတ်ရက်ကျရင် အစ်မချန်းတို့နဲ့ မိတ်ဆက်ပေးမယ်၊
သူတို့က တကယ်လူကောင်းတွေပဲ၊ အတူတူ ထမင်းစားကြတာပေါ့”
လင်းမိန်ဟွေ့က ပြောပြီးနောက် အခန်းထဲမှ ထွက်လာခဲ့လေ၏။
မိုးချုပ်နေပြီဖြစ်သောကြောင့် စုန့်ယီက သူမတစ်ယောက်တည်း ပြန်လွှတ်ရန် စိုးရိမ်သည့်အတွက် ဘတ်စ်ကားဂိတ်အထိ လိုက်ပို့ပေးခဲ့ပေလေ၏။
လင်းမိန်ဟွေ့ထံမှ အတည်ပြုချက် ရရှိပြီးနောက်တွင် စုန့်ယီက သူမကို တခြားသူနှင့် ချစ်သူဖြစ်သွားမည်ကို စိုးရိမ်မနေတော့ပေ။
ယခု သူ့အနေဖြင့် စိတ်သက်သာရာရစွာဖြင့်ဖြင့် သူတို့အတွက် သင့်တော်မည့် စီးပွားရေးကို လေ့လာနိုင်ပြီ ဖြစ်၏။
လင်းမိန်ဟွေ့ အဆောင်သို့ ပြန်ရောက်သည်နှင့် ရှောင်ချင်းက မည်သည့်နေရာကမှန်းမသိဘဲ ရုတ်တရက် ခုန်ထွက်လာသောကြောင့် လန့်ဖျပ်သွားရပေသည်။
လင်းမိန်ဟွေ့က ရင်ဘတ်ကို ဖိကာပြောလိုက်လေ၏။
“ရှောင်ချင်း.. နင်ကတော့ လူကို လန့်သေအောင် လုပ်တော့တာပဲ၊ နောက်ဆို ဒီလိုမျိုး မစနဲ့တော့”
ရှောင်ချင်းက နှုတ်ခမ်းကိုဆူ၍ မကျေမနပ်ဖြင့် ပြောလိုက်ပေသည်။
“ငါက စာကြည့်ချိန် တစ်ချိန်လုံး တစ်ယောက်တည်းနဲ့ နင့်ကို စောင့်နေတာလေ၊
အခုက စာမေးပွဲကလည်း နီးနေပြီ၊ နင်ကတော့ စုန့်ယီနဲ့ ချိန်းတွေ့ပြီး အချိန်ဖြုန်းနေတာ၊ ငါသာ စာမေးပွဲကျရင် နင် ပြန်ပေးဆပ်ရမှာနော်”
လင်းမိန်ဟွေ့က ရယ်ရခက် ငိုရခက် ဖြစ်သွားရပေ၏။
သို့သော်လည်း ဤသည်က မှန်ပေ၏။
လင်းမိန်ဟွေ့က ရှောင်ချင်းကို စာဖတ်နိုင်ရန် နေ့စဉ် ကြီးကြပ်ပေးနေရသူ ဖြစ်လေ၏။
သူမက မရှိလျှင် ရှောင်ချင်းက စာကြည့်ချိန်တွင် ငိုက်နေတတ်သည် မဟုတ်ပါလား။
လင်းမိန်ဟွေ့က အပြုံးတစ်ခုနှင့်ပြောလိုက်၏။
“မနက်ဖြန် မနက်ကျရင် စာအတူကြည့်ဖို့ ငါ နင့်ကို လာနှိုးမယ်၊ အဲဒီအချိန်ကျမှ နင်က မထနိုင်ရင် ငါ့ကို အပြစ်မတင်နဲ့နော်”
ရှောင်ချင်းက ထိုအသုံးမကျသော ရည်းစားနှင့် လမ်းခွဲပြီးနောက် စိတ်ဓာတ်မကျတော့ဘဲ ဘွဲ့ရသည့်အချိန်တွင် ရလဒ်ကောင်းများကို ရရှိစေရန် ကြိုးစားလိုစိတ်များသာရှိနေလဲ့သည်။
“ကောင်းပြီလေ၊ မထနိုင်တဲ့သူက ခွေးပဲ!”
ရှောင်ချင်း ထိုသို့ ပြောပြီးနောက် အိပ်ရာဝင်ခဲ့၏။ လင်းမိန်ဟွေ့လည်း ခုတင်ပေါ်တွင် လှဲနေရင်း စုန့်ယီနှင့် ကုန်ဆုံးခဲ့သော မွန်းလွဲပိုင်းကို ပြန်လည်၍တွေးတောမိ၍ ချိုမြိန်သော ခံစားချက်ကြောင့် အချိန်များက ကုန်ဆုံးမှန်းပင် မသိလိုက်ပေ။
စုန့်ယီ၏ အနားယူမှုက သူမအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သော်လည်း ယခု သူတို့က အတူရှိနိုင်ပြီဖြစ်၍ များစွာ ပျော်ရွှင်မိပြန်သည်။
လက်ကားဈေးကွက်..
စုန့်ယီ တစ်မနက်လုံး ဤဈေးကွက်ထဲတွင် လှည့်လည်ကြည့်ရှုနေခဲ့၏။
သူက သံမဏိဈေးကွက်၊ လူသုံးကုန်ပစ္စည်းများနှင့် လက်ရာမြောက်သော ကလေးကစားစရာများ၊ လူကြီးများအတွက် အားကစားပစ္စည်းများကို လေ့လာနေခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ ဤပစ္စည်းများကို လက်ကားဈေးဖြင့် ဝယ်ယူ၍ နယ်ဘက်တွင် ပြန်လည်ရောင်းချပါက ဝင်ငွေ အတော်လေးကောင်းမွန်ပေလိမ့်မည်။
သို့သော်လည်း ဝယ်သူအုပ်စုနှင့် သင့်တော်မည့် ကုန်ပစ္စည်းကို မှန်ကန်စွာ ရွေးချယ်တတ်ရန်လည်းလိုအပ်ပေသည်။
ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက စုန့်ယီမှ စိတ်ရှုပ်ထွေးနေသည်ကို မြင်လျှင် လှမ်းခေါ်လိုက်၏။
“လူငယ်လေး၊ ရှုပ်ထွေးမနေပါနဲ့၊ အခုခေတ်မှာက ယွမ်ဆယ်ဂဏန်းတန်တာလေးတွေက ပိုအရောင်းရသွက်တာ၊
ဒီက ပစ္စည်းတွေက ဈေးလည်းသက်သာသလို အသေးအမွှားလေးတွေလည်း ဖြစ်ပေမဲ့ ဇွဲရှိရှိ ရောင်းရင် ပိုက်ဆံရတယ်”
“ဒီက လက်ကားပစ္စည်းတွေမှာက အရည်အသွေး ကွာခြားမှုတွေ ရှိသေးလား၊ ကျွန်တော်က ဆိုင်နည်းနည်း ကို လှည့်ကြည့်ခဲ့ပေမဲ့ အမျိုးအစားတွေက မတူကြတာကို တွေ့မုတယ်”
စုန့်ယီက ဆေးလိပ်မသောက်သော်လည်း ဤနေရာသို့ မလာမီက ဆေးလိပ်ကောင်းနှစ်ဘူး ဝယ်လာခဲ့၏။
သူက ဆေးလိပ်တစ်လိပ်ကို ထုတ်၍ ဆိုင်ရှင်ကို လှမ်းပေးလိုက်လေ၏။ ဆိုင်ရှင်ကလည်း စုန့်ယီ၏ ရိုးသားမှုကို မြင်သောကြောင့် အမှန်အတိုင်းပင် ပြောပြလာတော့သည်။
“အရည်အသွေးက ကွာခြားမှုကတော့ သေချာပေါက် ရှိတာပေါ့၊
ဒါပေမဲ့ နားမလည်တဲ့သူတွေကတော့ ခွဲခြားနိုင်မှာ မဟုတ်ဘူး၊
တစ်ခါတစ်လေမှာ ဆိုင်ရှင်တွေက ဝယ်သူကို ကြည့်ပြီးတော့လည်း ကုန်ပစ္စည်းကို ရွေးပေးတတ်ကြသေးတယ်”
“ဒါဆိုရင် ဦးလေး.. ကျွန်တော့်ကို ဘယ်လိုခွဲခြားရမလဲဆိုတာ သင်ပေးပါဦး”
စုန့်ယီက ထိုဦးလေးကို ဆေးလိပ်တစ်ဘူးလုံး ပေးလိုက်လေ၏။
သူ၏ စေတနာကို မြင်ရသည့်အချိန်တွင် ထိုဦးလေးက ခပ်တိုးတိုး ပြောပြလေသည်။
“ဥပမာ အဲဒီပလတ်စတစ်ပစ္စည်းတွေမှာဆိုရင် အပေါ်က နံပါတ်တွေကို ကြည့်ရတယ်၊
နံပါတ် ငါးနဲ့ ခုနစ် ဆိုတာမျိုးတွေ ရှိတတ်ပြီး နံပါတ်မြင့်လေ အရည်အသွေးကောင်းလေပဲ၊
သံမဏိ ပစ္စည်းတွေမှာလည်း အဲဒီလိုပဲ၊ နံပါတ်မြင့်လေ သံမဏိသားက ပိုကောင်းလေပဲပေါ့”
“ဒါဆိုရင် ကျွန်တော်တို့က ပြန်ရောင်းတဲ့အချိန်ကျရင် အကောင်းစားတွေကိုပဲ ရွေးရောင်းရမှာလား”
စုန့်ယီက သိလိုသမျှကို အကုန် မေးမြန်းလိုက်၏။
ဆိုင်ရှင်က စုန့်ယီကို ကြည့်၍သတိပေးလိုက်လေသည်။
“ဈေးနှုန်းအလိုက် အကောင်းရော အညံ့ရော ထားရမှာပေါ့၊ ဒါမှလည်း ဝယ်သူတွေက ရွေးချယ်စရာ ရှိမှာလေ၊ ဒါ့အပြင် မင်းဆီမှာလည်း ပစ္စည်းစုံနေလိမ့်မယ်”
“ဒါဆို အရည်အသွေးညံ့ရင် ချက်ချင်း ပျက်မသွားနိုင်ဘူးလား”
“အဲဒီလောက်အထိတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အကောင်းစားတွေလောက်တော့ အသုံးမခံဘူးပေါ့၊
ဝယ်သူတွေကို အမှန်အတိုင်း ရှင်းပြလိုက်ရင် သူတို့က မင်းကို ရိုးသားတဲ့လူလို့ သတ်မှတ်သွားကြမှာပါ”