အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
အခန်း(181)
ဟိုတယ်ပိုင်ရှင်၏ဇနီးက လင်းမိန်ဟွေ့ကို ကြည့်၍ပြောလိုက်လေသည်။
“မင်းကိုကြည့်ရတာ ပညာတတ် မိန်းကလေးတစ်ယောက်နဲ့ တူပါတယ်၊ သူနဲ့ လက်ထပ်ထားတာလား၊
မင်းရဲ့ မိဘတွေကရော သဘောတူရဲ့လား၊ အခုလို အသက်အရွယ်မှာ လက်မထပ်ဘဲ အတူနေလို့ ကလေးရလာရင် ဒုက္ခရောက်ကုန်မယ်နော်”
ဤမေးခွန်းက လင်းမိန်ဟွေ့ရော စုန့်ယီကိုပါ မျက်နှာများ နီရဲသွားစေသည်။
ဟိုတယ်ပိုင်ရှင်၏ဇနီးက ဤမျှအထိ စိတ်ပူပေးနေလိမ့်မည်ဟု သူတို့က မထင်မှတ်ထားခဲ့ပေ။ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့တွင် လက်ထပ်စာချုပ် မရှိသေးသောကြောင့် ပြောရသည်က အနည်းငယ် အနေရခက်ခဲသည်။
“အန်တီ၊ ကျွန်မနဲ့ စုန့်ယီက ဇနီးမောင်နှံတွေပါပဲ၊ ဒါပေမဲ့ လက်မှတ်တော့ မထိုးရသေးလို့ပါ”
“ဒါဆို မင်းတို့ရဲ့မိဘတွေက သဘောမတူလို့လား၊ ဒါမှမဟုတ် ဘာဖြစ်ထားတာလဲ”
“အဲဒီလို မဟုတ်ပါဘူး၊ ကျွန်မနဲ့ အစ်ကိုစုန့်ယီရဲ့ မိဘတွေက မရှိကြတော့ဘူးလေ၊
ကျွန်မတို့က ကိုယ့်သဘောနဲ့ကိုယ် အတူရှိနေကြတာပါ၊ အန်တီ၊ ထပ်ပြီး မမေးပါနဲ့တော့၊ ကျွန်မက တစ်ကိုယ်လုံး မက်မွန်သီးအမွေးတွေကြောင့် အရမ်းယားနေလို့ ရေသွားချိုးပါရစေဦး”
လင်းမိန်ဟွေ့က နီရဲနေသော အမှတ်အသားများဖြင့် ပြည့်နှက်နေသည့် သူမ၏ ကိုယ်ပေါ်ရှိ ယားယံသော နေရာများကို ကုပ်ခြစ်ရင်း ပြောလိုက်လေ၏။
ဟိုတယ်ပိုင်ရှင်၏ဇနီးကလည်း ဤသည်က အမှန်ဖြစ်ကြောင်းကို မြင်လိုက်ရသည့်အချိန်မှ အခန်းသော့ကို လင်းမိန်ဟွေ့ထံသို့ လှမ်းပေးလေပေသည်။
နောက်ဆုံးတွင် မှာလိုက်ရန်လည်းမမေ့လျော့ခဲ့ပေ။
“တကယ်လို့ အကာအကွယ်ပစ္စည်းကို လိုအပ်ရင်တော့ ငါ လာပို့ပေးမယ်နော်”
လင်းမိန်ဟွေ့၏ မျက်နှာက ဝက်အသည်းကဲ့သို့ နီရဲသွားရတော့၏။
ဟိုတယ်ပိုင်ရှင်ကလည်း သူ၏ဇနီးကိုတားလိုက်ရလေ၏။
“မင်းလည်း ကိုယ့်အလုပ်ကိုယ် လုပ်ပါဦး၊ ဧည့်သည်တွေကို ခြောက်လှန့်နေတာပဲ၊ သူတို့တွေ လိုအပ်တာရှိရင် ပြောလိမ့်မယ်”
ဟိုတယ်ပိုင်ရှင်၏ဇနီးလည်း စကားကိုရပ်လိုက်ပြီး လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို အခန်းရှေ့အထိ လိုက်ပို့ပေးခဲ့သည်။
အခန်းထဲသို့ ရောက်သည့်အချိန်တွင် လင်းမိန်ဟွေ့က သူမ၏ အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး သူမ၏ လက်မောင်းများကို ကြည့်လိုက်လေ၏။ ထို့နောက်တွင် ကုပ်ခြစ်ရာများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
စုန့်ယီက ဤသည်ကို မြင်သည့်အချိန်တွင် အလွန်ပင် စိတ်မကောင်းဖြစ်သွားရသည်။
“ခြံထဲကို မဝင်ပါနဲ့လို့ ကိုယ်ပြောသားပဲ၊ ကြည့်စမ်း၊ ကိုယ် အပြင်ကိုထွက်ပြီး ဆေးသွားဝယ်ပေးမယ်၊ မင်း အရင်ဆုံး ရေအမြန်သွားချိုးလိုက်ဦး”
လင်းမိန်ဟွေ့လည်း အခန်းထဲတွင် ရေချိုးခန်းပါသည်ကို တွေ့ရသောကြောင့် ချက်ချင်းပင် ဝင်၍ ရေချိုးလိုက်ပေသည်။
ကိုယ်ပေါ်မှ မက်မွန်သီးအမွေးများကို ဆေးကြောလိုက်သည့်အချိန်မှသာ စိတ်ထဲတွင် အတော်လေး သက်သာသွားရ၏။
သို့သော် ကုပ်ခြစ်ထားသည့် နေရာများက ပူစပ်နေဆဲပင်။
လင်းမိန်ဟွေ့က အတွင်းဝတ်အင်္ကျီကိုသာ ဝတ်ဆင်ပြီး စုန့်ယီယူလာမည့် ဆေးကို စောင့်နေမိသည်။
စောင့်နေရင်းနှင့် သူမကိုယ်သူမ အိမ်ထောင်သည် ဇနီးသည်တစ်ဦးကဲ့သို့ ခံစားလိုက်ရ၏။
သူတို့နှစ်ဦးက အလွန်ရင်းနှီးကျွမ်းဝင်မှုမျိုး မရှိသေးဘဲ အများဆုံး အနမ်းမျှသာ ရှိသေးသော်လည်း သူမ၏စိတ်ထဲတွင်တော့ ဤကမ္ဘာပေါ်တွင် သူမကိို ဂရုစိုက်မည့်သူတစ်ဦး ရှိနေခြင်းကြောင့် အလွန်နွေးထွေးနေခဲ့သည်။
ထိုအချိန်တွင် စုန့်ယီက တံခါးဖွင့်၍ ဝင်လာခဲ့၏။ သူ၏လက်ထဲတွင် ဆေးတစ်ဘူး ပါလာလေသည်။
“မြို့ထဲက ဆေးဆိုင်တွေက ပိတ်သွားတာနဲ့ ဆေးခန်းတစ်ခုကနေပဲ ဝယ်လာခဲ့ရတယ်၊
ဒါကို လူးပြီးရင် ယားတာ သက်သာသွားလိမ့်မယ်”
လင်းမိန်ဟွေ့က ဆေးဘူးကို ယူ၍ သူမ၏ လက်မောင်းများတွင် အရင်လူးလိုက်သော်လည်း နောက်ကျောဘက်က နေရာများကို လက်မလှမ်းနိုင်ပေ။
သူမ စုန့်ယီကို လှမ်းကြည့်လိုက်လျှင် ထိုသူက သူမထံမှ အကြည့်ကို လွှဲရှောင်နေခဲ့ကာ ခုတင်ပေါ်ရှိ ပစ္စည်းများကို ပြင်ဆင်နေသည်ကို တွေ့လိုက်ရ၏။
လင်းမိန်ဟွေ့ ခပ်တိုးတိုးပြောလိုက်ပေသည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မရဲ့ နောက်ကျောဘက်ကို ဆေးလူးပေးပါဦး၊ ကျွန်မက လက်လှမ်းလို့မမှီဘူး”
“ကိုယ်က ကို ခေါ်ပေးရမလား”
စုန့်ယီက လင်းမိန်ဟွေ့၏ အင်္ကျီအောက်မှ နီရဲနေသော အသားအရေကို မြင်လိုက်ရသည့်အချိန်တွင် သူကိုယ်တိုင် ဆေးလူးပေးမိပါက စိတ်ယိမ်းယိုင်သွားမည်ကို စိုးရိမ်နေမိသည်။
လင်းမိန်ဟွေ့က ယခင်နှင့် မတူတော့ပေ။ သူမက ပို၍ ပြည့်ဖြိုးလာသကဲ့သို့ ပို၍လည်း ဖြူဝင်းလာခဲ့သည်။
သူမ၏ နောက်ကျောဘက်ကို ကြည့်ရရုံနှင့်ပင် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုက ဖုံးကွယ်၍မရနိုင်အောင် ရှိနေသည်။
စုန့်ယီတစ်ယေ်င် လင်းမိန်ဟွေ့နှင့် အခန်းတစ်ခန်းတည်းတွင် တည်းခိုမိသည်ကိုပင် နောင်တရမိသည်။
သူသာ သိခဲ့လျှင် တခြားဟိုတယ်တစ်ခုသို့ ပြောင်းခဲ့လိမ့်မည်။ သို့မဟုတ် အနည်းဆုံး ခုတင်နှစ်ခုရှိသော အခန်းကို ယူခဲ့မည်ပင်။
လင်းမိန်ဟွေ့က စုန့်ယီကို သေသေချာချာကြည့်လိုက်ပြီး သူ၏ ရှောင်ဖယ်နေသော မျက်လုံးများမှ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
သူမက အနည်းငယ် ပြုံးလိုက်ပြီး စုန့်ယီ၏ အနားသို့ လျှောက်သွားကာ သူ၏လက်ကို ဆွဲ၍ သူမ၏ ခါးကို ပွေ့ဖက်စေလိုက်ပြီး နူးညံ့သော လေသံဖြင့် ပြောလေသည်။
“အစ်ကိုစုန့်ယီ၊ ကျွန်မတို့က ဇနီးမောင်နှံတွေ ဖြစ်နေပြီပဲလေ၊ ဘာကို ရှက်နေရဦးမှာလဲ”
လွန်ခဲ့သော နှစ်အနည်းငယ်က စစ်သားဘဝတွင် စုန့်ယီသည်လည်း ရဲဘော်များထံမှ စနောက်သော စကားများကို ကြားဖူးခဲ့ပေသည်။
အိမ်ထောင်ကျပြီးသော စစ်သားများက တစ်ခါတစ်ရံတွင် ရှက်စရာကောင်းသော ကိစ္စများကို ပြောဆိုတတ်ကြ၏။
စုန့်ယီက ဤသည်ကို ပြဿနာဟု မထင်သော်လည်း သူကိုယ်တိုင်က ကြုံတွေ့ရသည့်အချိန်တွင်တော့ ရင်ခုန်သံများက မြန်ဆန်လာကာ အမြဲရှောင်လွှဲခဲ့မိလေ၏။
ယခုတွင် လင်းမိန်ဟွေ့က သူ၏လက်ကို ဆွဲကာ သူမ၏ ခါးတွင်ဖက်ခိုင်းလာသောကြောင့် သူ၏ လက်ဖဝါးများက ပူနွေးလာပြီး ခေတ္တမျှ အသက်ရှူရပ်မတတ် ဖြစ်သွားရ၏။
“မိန်ဟွေ့၊ ကိုယ့်အနေနဲ့ ကိုယ်တို့နှစ်ယောက် သေသေချာချာ လက်ထပ်ပွဲလုပ်ပြီးမှ အတူနေချင်တာ၊ အဲဒါက မင်းအတွက်လည်း ပိုပြီး ကောင်းမွန်လိမ့်မယ်လို့ ကိုယ်ထင်တယ်”
လင်းမိန်ဟွေ့က ဤလေးနက်လွန်းသော စစ်သားဟောင်းကို ကြည့်လိုက်ရင်း သူမ၏ ရင်ထဲ၌ ဝှက်ထားသော ခံစားချက်များက ရေလှိုင်းများကဲ့သို့ ရိုက်ခတ်လာလေသည်။
သူမက ဆေးဘူးကို ဖွင့်လိုက်ပြီး စုန့်ယီ၏အနားသိုး ကလေးဆန်စွာ တိုးကပ်လိုက်ပြီး ပြောလိုက်ပေသည်။
“အစ်ကိုစုန့်ယီ၊ ဒီနေ့တော့ ကျွန်မကို ဆေးကူလူးပေးလေ၊ မြန်မြန်လုပ်ပါဦး၊ ကျွန်မက ဒီမက်မွန်သီးအမွေးတွေကြောင့် သေတော့မလိုခံစားနေရတာ”
စုန့်ယီတစ်ယောက် လင်းမိန်ဟွေ့၏ ကလေးဆန်သော ချွဲနွဲ့မှုကို မတွန်းလှန်နိုင်တော့ဘဲ စိတ်ပျော့ပြောင်းသွားရ၏။
သူက ခုတင်ဘေးသို့ လျှောက်သွားကာ လင်းမိန်ဟွေ့ကို ထိုင်ခိုင်းလိုက်ပြီး သူမ၏ အင်္ကျီကို အသာအယာ မလိုက်လေသည်။
လင်းမိန်ဟွေ့၏ နောက်ကျောမှ အသားအရေက ချောမွတ်ဖြူဝင်းနေပြီး အလွန်ပင် တင်းရင်းလွန်းသည်။
ဤသည်က သူ၏ ကြမ်းတမ်းသော အသားအရေနှင့် လုံးဝမတူညီဘဲ နူးညံ့လွန်းပေသည်။
စုန့်ယီက ဆေးကူလူးပေးသည့်အချိန်တွင် သူ၏ လက်ချောင်းများက တုန်ယင်နေခဲ့သည်။
လင်းမိန်ဟွေ့၏ အသားကို ထိတွေ့မိတိုင်း သူမ၏ နောက်ကျောပေါ်တွင် ကြက်သီးမွေးညင်းများက ထနေသည်ကို သူ ရှင်းလင်းစွာ မြင်တွေ့နေရလေ၏။ စုန့်ယီ၏ ရင်ခုန်သံကလည်း ပို၍ မြန်ဆန်လာရသည်။
ရုတ်တရက်ပင် သူ့အနေဖြင့် မိသားစုအသိုင်းအဝိုင်း ကောင်းမွန်သော လျိုကျားကို သတိရမိသည်။
လွန်ခဲ့သော လေးနှစ်အတွင်း လင်းမိန်ဟွေ့က လျိုကျားအပေါ် တွင်စိတ်ယိမ်းယိုင်ခဲ့ဖူးသည်လားဟူသည်ကို သူ သိချင်လာမိသည်။
ဤအတွေးက စုန့်ယီကို သူ၏ မရေရာသော အတွေးများမှ လမ်းလွဲပေးလိုက်သကဲ့သို့ သူ၏ သံသယများကိုလည်း ဖြေရှင်းရန်အတွက်လည်း သတ္တိရှိလာစေခဲ့သည်။
“မိန်ဟွေ့၊ အဲဒီအချိန်တုန်းက မင်းသာ လျိုကျားနောက်ကို လိုက်သွားခဲ့ရင် အခုဆို နိုင်ငံခြားမှာ ရောက်နေလောက်ပြီ၊
နိုင်ငံခြားက ပြန်လာတဲ့အချိန်ကျရင်လည်း မင်းက အဆင့်မြင့်တဲ့သူတစ်ယောက် ဖြစ်နေမှာပ်၊
အခုလို နေရပ်ကို ပြန်လာပြီး အောက်ခြေကနေ စလုပ်နေစရာ မလိုတော့ဘူး၊ ဘာလို့ ကိုယ့်ရဲ့နောက်ကို လိုက်လာရတာလဲ”
“အစ်ကိုစုန့်ယီ၊ အစ်ကိုက ကျွန်မရဲ့ အချစ်ဦးပဲလေ.. ကျွန်မက ဘယ်သူ့ရဲ့နောက်ကိုမှ လိုက်မှာမဟုတ်သလို ဘယ်လိုအခြေအနေကောင်းမျိုးကိုမှလည်း အားမကျပါဘူး၊
ကျွန်မက အစ်ကိုနဲ့ပဲ အတူရှိချင်တာ”
ဆိုရလျှင် လင်းမိန်ဟွေ့အနေဖြင့် သူမအပေါ်တွင် စုန့်ယီကဲ့သို့ ကောင်းမွန်သော ယောကျ်ားလေးတစ်ဦးကို တစ်ချိန်မျှ မတွေ့ဖူးခဲ့ကြောင်းကို ပြောချင်ခဲ့သည်။
သို့သော်လည်း စုန့်ယီက သူမ၏စကားကိုကြားလျှင် ကျေးဇူးတရားကြောင့် အတူရှိနေသည်ဟု ထင်သွားမည်ကို စိုးရိမ်သောကြောင့် သူ့ကို ချစ်သောကြောင့်ဟုသာ ပြောင်းလဲ၍ပြောဆိုလိုက်သည်။
လွန်ခဲ့သော နှစ်များအတွင်း သူမ ကျောင်းတက်ပြီး အလုပ်လုပ်၍ ကြိုးစားနေချိန်တွင်လည်း သူ့ကိုသာ အမြဲတမ်း ချစ်နေခဲ့သည်။
စုန့်ယီတစ်ယောက် ထိုစကားကို ကြားရသည့်အချိန်တွင် အလွန်စိတ်လှုပ်ရှားသွားရ၏။
ထိုအချိန်တွင် ဆေးလူးခြင်းကလည်း ပြီးစီးသွားသောကြောင့် သူက သန့်ရှင်းသော အင်္ကျီတစ်ထည်ကို ယူကာ လင်းမိန်ဟွေ့ကို ဝတ်ေင်ပေးလိုက်လေ၏။
“စောစော နားလိုက်တော့၊ ကိုယ်လည်း ရေသွားချိုးလိုက်ဦးမယ်၊ မနက်ဖြန် မနက်ကျရင် ကားနဲ့ ပြန်ကြရမှာဆိုတော့”
“ကောင်းပြီ၊ စောစော အိပ်ကြတာပေါ့”
လင်းမိန်ဟွေ့က အင်္ကျီကို ဝတ်လိုက်သော်လည်း စုန့်ယီ၏ လက်ချောင်းများက သူမ၏ ကိုယ်ပေါ်တွင် ဝဲလည်နေဆဲဖြစ်ကြောင်းကို ခံစားလိုက်ရသည်။
ထိုခံစားချက်က သူမ၏ရင်ထဲတွင် နူးညံ့မှုများကို ဖြစ်ပေါ်စေပြီး သူမ၏ နှလုံးသားတုန်ခါမှုကိုလည်း ပို၍ မြန်ဆန်လာရလေတော့သည်။
ခေတ္တမျှ လှဲနေပြီးနောက် လင်းမိန်ဟွေ့ အိပ်ပျော်သွားခဲ့သည်။
စုန့်ယီက နောက်ပိုင်းတွင် မည်သို့ လှဲအိပ်လိုက်သည်၊ မည်သည့်အချိန်တွင် အိပ်ပျော်သွားသည်ကို သူမက မသိရှိတော့ပေ။
မနက်စောစောအချိန်၌ စုန့်ယီက ပစ္စည်းတိုင်းကို သိမ်းဆည်းပြီးနောက် လင်းမိန်ဟွေ့ကို နှိုး၍ သူမကို ဒရိုက်ဘာနှင့်အတူ ကားခေါင်းခန်းထဲ၌ ထိုင်ခိုင်းလေသည်။
သူကတော့ ထိုင်ခုံတစ်လုံးဝယ်၍ နောက်ဘက်ကုန်တင်တွဲ၌ လိုက်ပါလာခဲ့လေ၏။
လင်းမိန်ဟွေ့တစ်ယောက် မက်မွန်သီးများကို ထည့်ထားသော ဝါးခြင်းတောင်းများက လှုပ်ရှားပြီး စုန့်ယီကို ထိခိုက်မိမည်ကို စိုးရိမ်နေမိသည်။
သို့သော်လည်း စုန့်ယီက လမ်းခရီးတစ်လျှောက်တွင် မက်မွန်သီးများကို ပိုမိုကောင်းမွန်စွာ စောင့်ရှောက်နိုင်ရန်အတွက် နောက်ဘက်မှသာ စောင့်ကြပ်လိုက်ပါရန် အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။
ရှန်းသုန်းမှ ဟုန်ရန်ခရိုင်အထိ စုစုပေါင်း အကွာအဝေးက ကီလိုမီတာ (၁၀၀၀) ကျော်ရှိပြီး ကုန်တင်ကားကြီးဖြင့် သွားပါက (၂၀ )နာရီကျော် ကြာမြင့်ပေလိမ့်မည်ပင်။
*
အခန်း(182)
လမ်းခရီးတစ်လျှောက်၌ ဗွက်ထူသော လမ်းများစွာရှိပေသည်။ လင်းမိန်ဟွေ့တစ်ယောက် ကားနောက်ဘက်ရှိ စုန့်ယီတစ်ယောက် အဆင်မပြေဖြစ်နေမည်ကို စိုးရိမ်နေမိသောကြောင့် မကြာခဏဆိုသကဲ့သို့ လှည့်ကြည့်နေမိ၏။
ယာဉ်မောင်းက ဤသည်ကို မြင်သည့်အချိန်တွင် အပြုံးတစ်ခုနှင့် ပြောလေသည်။
“မင်းတို့နှစ်ယောက်က တကယ်ချစ်ကြတာ၊ ငါ့လို လူပျိုကြီးတောင် အားကျမိလာပြီ”
“အစ်ကိုကြီးကလည်း စနောက်မနေပါနဲ့၊ အပြင်မှာက လေတိုက်နေတော့ သူ တကယ် နေရခက်နေမှာကိုစိတ်ပူလို့ပါ”
“မိန်းကလေး၊ ဒါက ကားပေါ်မှာပဲလေ၊ ယောကျ်ားတစ်ယောက်အတွက် ဒါက ဘာမှမဟုတ်ပါဘူး၊
မင်းကသာ လမ်းတစ်လျှောက်လုံး စိုးရိမ်နေရတာနဲ့ သူ့ထက် ပိုပြီး ပင်ပန်းနေဦးမယ်၊
မင်းတို့နှစ်ယောက်လုံးက ကားနောက်ခန်းမှာပဲ အတူတူ ထိုင်လိုက်ကြပါလား”
ကုန်တင်ကားဆရာက လင်းမိန်ဟွေ့က တစ်လမ်းလုံး လှည့်ကြည့်နေသောကြောင့် သူ ကားကောင်းကောင်း မမောင်းနိုင်တော့မည်ကို စိုးရိမ်၍ နောက်ပြောင်လိုက်ခြင်းပင် ဖြစ်သည်။
မမျှော်လင့်ဘဲ လင်းမိန်ဟွေ့က ဤသည်က နည်းလမ်းကောင်းဟု ထင်မှတ်သွားပြီး ယာဉ်မောင်းကို သူမကလည်း နောက်ဘက်၌ လိုက်ပါလိုကြောင်းကို ပြောဆိုလာသောကြောင့် ယာဉ်မောင်းက အနည်းငယ် အကူအညီမဲ့သွားရတော့သည်။
“မင်းကတော့ တကယ် ထင်နေတာပဲ၊ ခုနစ်နာရီ ရှစ်နာရီလောက်ဆို ရောက်တော့မှာပါ၊ အောင့်ထားလိုက်ပါဦး”
မမျှော်လင့်ဘဲ လမ်းခုလတ်၌ မိုးတိမ်များက ရုတ်တရက် စုဖွဲ့လာသည်။
လှိမ့်တက်လာသော တိမ်မည်းကြီးများက မိုးကုပ်စက်ဝိုင်းမှ ရွေ့လျားလာသည့် တောင်တန်းကြီးများ၊ ပင်လယ်ပြင်ကြီးများကဲ့သို့ပင်။
လင်းမိန်ဟွေ့က ကားနောက်ဘက်ရှိ မက်မွန်သီးများအတွက် စိုးရိမ်သွားသောကြောင့် ယာဉ်မောင်းကို ကားချက်ချင်းရပ်ခိုင်းလိုက်ပြီး ပြင်ဆင်လာသော ပလတ်စတစ်စများဖြင့် မက်မွန်သီးများကို ဖုံးအုပ်လိုက်ပေသည်။
ခဏအကြာတွင် ကောင်းကင်မှ မိုးစက်များက တဖြောက်ဖြောက် ကျလာသောကြောင့် စုန့်ယီက လင်းမိန်ဟွေ့ကို ကားထဲသို့ အတင်းတွန်းသွင်းလိုက်တော့၏။
စုန့်ယီက သူမ မိုးစိုသွားမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်းကို လင်းမိန်ဟွေ့ သိသော်လည်း သူမက ထိုမက်မွန်သီးများက မိုးစိုပြီး ပုပ်သွားမည်ကို စိုးရိမ်နေမိသည်။
ထို့အပြင် မိုးရွာပြီးနောက် လမ်းများက ဗွက်ထူလာပြီး မြင်ကွင်းမကြည်လင်သောကြောင့် သူတို့က ခရီးဆက်၍ မရနိုင်တော့ပေ။
တစ်ရက်မျှ နောက်ကျသွားပါက ထိုမက်မွန်သီးများက ကားပေါ်၌ တာရှည်သွားပြီး ပြန်ရောက်သည့်အချိန်တွင် ပုပ်ကုန်တော့မည်ဟုထင်ရ၏။
“အစ်ကိုစုန့်ယီ၊ ကျွန်မကို ဂရုမစိုက်နဲ့၊ မက်မွန်သီးတွေကို အမြန်ဖုံးလိုက်ဦး၊ မဟုတ်ရင် ပြန်ရောက်တဲ့အချိန် အကုန်ပုပ်ကုန်လိမ့်မယ်”
“မိန်ဟွေ့၊ လိမ်မာစမ်းပါ၊ မက်မွန်သီးတွေကို ကိုယ် ဖုံးလိုက်ပါ့မယ်၊ မင်းက ကားဆရာနဲ့ နေခဲ့ဦး”
စုန့်ယီက လင်းမိန်ဟွေ့ကို ကားခေါင်းခန်းထဲသို့ တွန်းသွင်းပြီး ကားနောက်တွဲသို့ ပြေးသွား၍ မက်မွန်သီးများကို စတင်ဖုံးအုပ်လေတော့သည်။
မက်မွန်သီးများကို ဖုံးပြီးနောက်တော့ စုန့်ယီက ကားထဲသို့ ချက်ချင်းဝင်လာ၏။ လင်းမိန်ဟွေ့လည်း မျက်နှာသုတ်ပုဝါဖြင့် သူ၏ကိုယ်ပေါ်မှ မိုးရေများကို သုတ်ပေးနေခဲ့သည်။
ဤကဲ့သို့ တစ်ဦးပေါ်တစ်ဦး ဂရုစိုက်ကြပုံကို မြင်ရသည့်အချိန်တွင် ယာဉ်မောင်းက ပို၍ပင် စိတ်လှုပ်ရှားသွားရသည်။
သူက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို ဤမက်မွန်သီးများကို ဝယ်ပြီးနောက် မည်ကဲ့သို့လုပ်မည်ကို မေးမြန်းလာခဲ့ကာ လင်းမိန်ဟွေ့က ဖြေလိုက်ပေသည်။
“ကျွန်မတို့ဘက်မှာ သစ်သီးဝလံတွေက ရှားလို့ပါ၊ အဲဒါကြောင့် ပြန်သယ်ပြီး စူပါမားကတ်မှာ ရောင်းမလို့လေ”
“တကယ်တော့ ရှန်းသုန်းမှာဆိုရင် နွေရာသီ ပန်းသီးတွေက အရသာပိုကောင်းတယ်၊
အထားခံသလို ပုပ်မှာကိုလည်း စိုးရိမ်စရာမလိုဘူး၊ နောက်ပိုင်းကျရင် နွေရာသီပန်းသီးတွေကို ဝယ်ရောင်းတာက ပိုကောင်းလိမ့်မယ်”
“ကျွန်မတို့ နွေရာသီပန်းသီးတွေကို မမြင်မိသေးဘူး၊ ရာသီမရောက်သေးလို့လား”
လင်းမိန်ဟွေ့က စုန့်ယီ၏ ဆံပင်များကို သုတ်ပေးနေခဲ့၏။ ကားထဲတွင် ရေငွေ့များက ဖုံးလွှမ်းနေပြီး နေရာကျဉ်းသော်လည်း အလွန်ပင် နွေးထွေးလွန်းပေသည်။
ယာဉ်မောင်းက သူ၏အိတ်ထဲမှ နွေရာသီပန်းသီးတချို့ကို ထုတ်ကာ လင်းမိန်ဟွေ့ထံသို့ လှမ်းပေးလိုက်ရင်းပြောလေ၏။
“မင်းတို့နှစ်ယောက် မြည်းကြည့်ကြပါဦး”
လင်းမိန်ဟွေ့ မြည်းကြည့်လိုက်လျှင် အမှန်တကယ်ပင် အရသာရှိလွန်းပြီး ကြွပ်ဆတ်၍ စားကောင်းလွန်းကြောင် တွေ့လိုက်ရသည်။
မက်မွန်သီးနှင့် နှိုင်းယှဉ်လျှင် ဤသည်တို့က ပိသွားမည်ကို စိုးရိမ်စရာမလိုဘဲ အထားလည်း ခံသည်။
လင်းမိန်ဟွေ့က ယာဉ်မောင်းကို မမေးဘဲ မနေနိုင်တော့ပေ။
“ဒီနွေရာသီပန်းသီးတွေက ဘယ်လိုရောင်းလဲ၊ မက်မွန်သီးထက် ဈေးပေါလား ဈေးကြီးလားဟင်၊ ပြီးတော့ဘယ်မှာ ဝယ်လို့ရမလဲ”
ယာဉ်မောင်းက ဤလူငယ်နှစ်ဦးက အားကိုးထိုက်သူများဖြစ်သည်ဟု ခံစားရသောကြောင့် ရိုးသားစွာပင်ပြောပြလေသည်။
“ဒီပန်းသီးတွေက ရှန်းသုန်းက ဒေသထွက်ပန်းသီးတွေပါပဲ၊ ပုံမှန်အားဖြင့် ဈေးသိပ်မကြီးဘူး၊ တခြားပန်းသီးတွေထက် အများကြီး ဈေးသက်သာတယ်”
“ဒါဆိုရင်တော့ အရမ်းကောင်းတာပဲ၊ ကျွန်မတို့က အဲဒီကို သွားပြီး ပြန်သယ်ရောင်းရမယ်”
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က တစ်ဦးကိုတစ်ဦး ကြည့်၍ ပြုံးလိုက်ကြလေ၏။
ဤမိုးရွာခြင်းက သူတို့ကို စီးပွားရေးအခွင့်အလမ်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုအချိန်တွင် ယာဉ်မောင်းကလည်း ပြောပြလာသည်။
“တကယ်လို့ မင်းတို့သာ စိတ်ချမယ်ဆိုရင် ငါပဲ ပစ္စည်းတွေ လာပို့ပေးမယ်လေ၊
ကားတစ်စီးစာ ပို့ပေးရင် ငါ အမြတ် ယွမ်သုံးရာ ရတယ်၊ ပုံမှန်လာပို့ပေးမယ်”
“အဲဒီလိုသာဆိုရင်တော့ ကျွန်မတို့တွေ စာချုပ်ချုပ်ကြတာပေါ့၊ ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ကာကွယ်နိုင်မှာ၊ အစ်ကိုရော ဘယ်လိုထင်လဲ”
လင်းမိန်ဟွေ့က ဤစီးပွားရေးက ဖြစ်နိုင်ခြေရှိသည်ဟု ယခုအချိန်တွင် ခံစားလိုက်ရသည်။
အကယ်၍ ဤသစ်သီးများသာ ရှိပါက ချန်အန်းသယ်၏ စူပါမားကတ်က တစ်နှစ်အတွင်း ငွေများစွာကို ရှာနိုင်မည်ဖြစ်ကြောင်းကို သူမက အာမခံနိုင်သည်။
နောက်ပိုင်းတွင် တခြားသူများက အတုယူလုပ်ဆောင်လာမည် ဆိုသည်ကတော့ နောက်တစ်ပိုင်းပင် ဖြစ်၏။
နှစ်နာရီကျော်ကြာပြီးနောက် မိုးစဲ၍ ကောင်းကင်ကြည်လင်သွားသည့်အချိန်တွင် ယာဉ်မောင်းက မက်မွန်သီးများတင်ဆောင်၍ ခရိုင်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မူလက ချန်အန်းသယ်က ဘေးရှိ ဆိုင်နှစ်ဆိုင်နှင့် မည်သို့ယှဉ်ပြိုင်ရမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ပြန်ရောက်လာသည်ကို မြင်သောအချိန်တွင် သူက ချက်ချင်း ထွက်လာပြီးပြောလေ၏။
“နောက်ဆုံးတော့ ပြန်ရောက်လာကြပြီပဲ၊ ဒီနှစ်ရက်အတွင်း စူပါမားကတ်မှာ လူတစ်ယောက်မှ မရှိဘူး၊
အဖေကလည်း ငါကို စီးပွားရေးမလုပ်တတ်သေးဘူးဆိုပြီး နှစ်ခေါက်တောင် လာဆူသွားသေးတယ်”
လင်းမိန်ဟွေ့က ချန်အန်းသယ်ကို စကားအများကြီး မပြောပေ။ သူမက ချန်အန်းသယ်ကိုမှာလိုက်ပေသည်။
“စူပါမားကတ် ဝန်ထမ်းတွေကို အမြန်ခေါ်ပြီး ပစ္စည်းတွေကို ချခိုင်းလိုက်ဦး၊
မက်မွန်သီး တစ်ကီလိုကို ဆင့်ရှစ်ဆယ်ပဲ ထားမယ်၊ ဒီစျေးနဲ့ သုံးရက်ပဲ ရောင်းမယ်လို့ စာလုံးအကြီးနဲ့ ရေးပြီး တံခါးဝမှာ ကပ်ထားလိုက်ရအောင်”
ချန်အန်းသယ်က စီးပွားရေးအခွင့်အလမ်းကသစ်အကြောင်းကို ကြားသည်နှင့် ချက်ချင်းပင် လူတိုင်းကို မက်မွန်သီးများ သယ်ယူရန် ခေါ်လိုက်လေတော့သည်။
ကားပေါ်မှ ပစ္စည်းများချပြီးနောက် လင်းမိန်ဟွေ့က ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပြီး ယာဉ်မောင်းကို ပန်းသီးစိမ်း နောက်ထပ် ကားတစ်စီးစာကို သယ်ဆောင်လာရန် ပြောလိုက်ပေသည်။
ယာဉ်မောင်းကလည်း သယ်ယူစရိတ်ကို လိုချင်နေသူပင်ဖြစ်သည်။ လင်းမိန်ဟွေ့က ပွင့်လင်းသူဖြစ်ပြီး ငွေပေးချေရာတွင်လည်း မြန်ဆန်လွန်းသည်။
ဤသို့ဖြင့် သူတို့နှစ်ဦး တိုင်ပင်ဆွေးနွေးပြီး စာချုပ်ချုပ်ဆိုပြီးနောက် ယာဉ်မောင်းက ရှန်းသုန်းသို့ ပြန်လှည့်၍မောင်းနှင်သွားလေတော့သည်။
မထွက်ခွာမီ လင်းမိန်ဟွေ့က ယာဉ်မောင်းကို တားဆီး၍ အကြံပြုလိုက်လေ၏။
“အစ်ကို၊ ကျွန်မရဲ့အထင်တော့ အစ်ကိုက ကားအလွတ်နဲ့ ပြန်မသွားချင်ဘူး မဟုတ်လား၊
ဒီက ဒေသထွက်ပစ္စည်းတချို့ကို သယ်သွားပြီး ဟိုမှာ ဈေးကောင်းကောင်းနဲ့ ရောင်းပါလား၊ ဒါမှ အစ်ကို အသွားအပြန် အလဟဿမဖြစ်မှာ”
ယာဉ်မောင်း၏ နာမည်က ဟုန်ကော်ချန်း ဖြစ်ပေသည်။ သူက ရှန်းသုန်းမှ ကုန်တင်ကားမောင်းသမားတစ်ဦးသာ ဖြစ်ပြီး ပုံမှန်အားဖြင့် ပင်ပန်းစွာ အလုပ်လုပ်၍ မိသားစုကို လုပ်ကျွေးနေသူ ဖြစ်၏။
ကီလိုမီတာ (၄၀၀) ကျော်သော ခရီးတစ်ခုအတွက် သူက ယွမ် (၁၀၀၀) ခန့် ရရှိသော်လည်း လမ်းခရီးတစ်လျှောက်တွင် အခက်အခဲများစွာကို ကြုံတွေ့ရသည်။
လင်းမိန်ဟွေ့ကဲ့သို့သော ဝယ်သူကောင်းနှင့် တွေ့ရခြင်းက သူ၏ ကံကောင်းမှုပင် ဖြစ်သည်ဟု သူ ယူဆထား၏။
သူမက သူ့ကို အလုပ်အမှာစာများ ပေးရုံသာမက ယခုတွင် သူ့အတွက်ပါ ထပ်မံ၍တွေးတောပေးနေခဲ့ပေသည်။
ဤမျှ စေတနာကောင်းသော သူဌေးမလေးကို သူက မည်သို့ ကျေးဇူးမတင်ဘဲ နေပါမည်နည်း။
လင်းမိန်ဟွေ့က ခေတ္တစဉ်းစားပြီးနောက် ဟုန်ကော်ချန်းကို ခရိုင်မြို့ရှိ ဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်သို့ ခေါ်သွားခဲ့ပေသည်။
ဤခရိုင်မှ ထွက်ရှိသော သစ်သီးခြောက်များ၊ မုန့်များနှင့် ကိတ်မုန့်ငယ်လေးများက အလွန်ပင် ကောင်းမွန်လွန်းပေသည်။
သူမက ဆိုင်ပိုင်ရှင်ကို ဟုန်ကော်ချန်းအတွက် ဈေးသက်သာစွာဖြင့် ရောင်းချပေးရန် ပြောဆိုပေးခဲ့၏။
“မိန်းကလေး.. မင်းကတော့ တကယ်ကို စီးပွားရေးလုပ်တတ်တာပဲ၊ ငါ ဒီလောက်နဲ့ရောင်းပေးလိုက်ရင် အမြတ်တောင် မကျန်တော့ပါဘူး”
ဒေသထွက်ကုန်ဆိုင်ပိုင်ရှင်က ဟုန်ကော်ချန်း၏ ကားပေါ်သို့ ပစ္စည်းများကို တင်ပေးပြီးနောက် တံခါးဝ၌ ရပ်၍ ဟုန်ကော်ချန်းကပေးသော ငွေကို လက်ခံရင်း သက်ပြင်းချ၍ ပြောလေ၏။
လင်းမိန်ဟွေ့က ထိုသို့ မထင်ပေ။
ရေရှည် ပူးပေါင်းဆောင်ရွက်မှုသာ ရှိပါက မည်သည့်ဖက်မှ အရှုံးမရှိဘဲ အမြတ်သာ ရရှိမည်ဟု သူမက ယူဆထားပေသည်။
“ဦးလေးကလည်း အဲဒီလို မတွေးပါနဲ့၊ သူကသာ ဟိုမှာ ကောင်းကောင်းရောင်းရလို့ အရေအတွက် အများကြီး လိုချင်လာရင် ဦးလေးအတွက် အရေအတွက်နဲ့တင် အမြတ်ကျန်မှာပါ၊
အဲဒီကျရင် ဦးလေးရဲ့ စီးပွားရေးကလည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာမှာပေါ့”
“မင်းရဲ့ ဆုတောင်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကားဆရာလည်း လမ်းခရီးမှာ ဘေးကင်းပါစေ၊ အလုပ်ရှိရင်လည်း ဦးလေးရဲ့ ဆိုင်လေးကို သတိရပေးပါဦး”