← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း(183)

ဒေသထွက်ကုန်ဆိုင်ပိုင်ရှင် ပြန်သွားပြီးနောက် ဟုန်ကော်ချန်းက အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။

သူက ပစ္စည်းများကို ဝယ်ထားသော်လည်း မည်သူ့ကို ရောင်းရမည်၊ မည်မျှ ရောင်းရမည်ကို သူက မသိပေ။

လင်းမိန်ဟွေ့က သူက လူရိုးတစ်ဦးဖြစ်ပြီး စီးပွားရေးမလုပ်တတ်ကြောင်းကို သိသောကြောင့် သူ့ကို သူမ၏ လက်ကားဆိုင်သို့ ခေါ်သွားကာ ကလောင်နှင့် စာရွက်ယူ၍ တွက်ချက်ပြလေတော့သည်။

“အခု အသွားအပြန် ခရီးစရိတ်က ဘယ်လောက်ကုန်လဲ၊ အစ်ကိုတို့ဆီမှာ တစ်နေ့ လုပ်အားခက ဘယ်လောက်လဲ”

“အသွားအပြန် ဆီဖိုးက ယွမ် (၄၀) လောက် ကုန်တယ်၊ တစ်နေ့ လုပ်အားခက ယွမ် (၉၀) လောက် ရှိတယ်”

“ဒါဆိုရင် အစ်ကိုက ဒီ (၁၀) နာရီကျော် ခရီးက ယွမ် (၁၆၀) ပဲ ရတာပေါ့၊ အဲဒါက ဆောက်လုပ်ရေးဆိုဒ်မှာ လုပ်တာထက် ယွမ် (၁၃၀) ပဲ ပိုတာလေ”

လင်းမိန်ဟွေ့က စိတ်မကောင်း ဖြစ်သွားရ၏။ ပင်ပန်းရသလောက် ယာဉ်မောင်းက အမြတ်သိပ်မကျန်ပေ။

သူမက ယာဉ်မောင်း၏ တစ်နေ့တာ ကုန်ကျစရိတ်ကို တွက်ချက်ပြီးနောက် စာရွက်ကို လှမ်းပေးလိုက်ရင်းရှင်းပြလိုက်ပေသည်။

“ဒီ ယွမ် (၁၇၀) က အစ်ကို့ရဲ့ အရင်းပဲ၊ ဘယ်စီးပွားရေးပဲလုပ်လုပ် ဒီ ယွမ် (၁၇၀) ထက် ကျော်မှသာ အမြတ်ရမှာ”

“ဒါဆိုရင် ငါက အဲဒီစရိတ်ကို ဒီပစ္စည်းတွေပေါ်မှာ ခွဲတင်ပြီးတော့ တစ်ခုချင်းစီရဲ့ ဈေးနှုန်းကို တွက်ရမှာပေါ့”

“ဟုတ်ပါတယ်၊ အဲဒီလို တွက်ရမှာပါ၊ ဥပမာ ဒီပစ္စည်းတွေရဲ့ စုစုပေါင်းဈေးက ယွမ် (၃၀၀) ဆိုရင်၊ အဲဒီအပေါ်မှာ ယွမ် (၁၇၀)ကို ပေါင်းလိုက်ရမယ်၊

ပြီးမှ အဲဒီပိုလာတဲ့ ငွေတွေကို ပစ္စည်းတစ်ခုချင်းစီပေါ်မှာ ခွဲတင်လိုက်ရင် အစ်ကိုက အရှုံးမရှိတော့ဘူးပေါ့”

လင်းမိန်ဟွေ့က သူမ၏ တက္ကသိုလ်မှ ဘဏ္ဍာရေး ဗဟုသုတများကို အသုံးချ၍ သူ၏ စာရင်းများကို ရှင်းလင်းအောင် ပြုလုပ်ပေးလိုက်ပေသည်။

ကားဆရာကြီး၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်ရသည့်အချိန်တွင် သူမကလည်း သူ၏အတွက် ဝမ်းမြောက်မိပေသည်။

ယာဉ်မောင်းက အကြာကြီး တွက်ချက်ပြီးမှ တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။

သို့သော် ခဏအကြာတွင် သူက ထပ်မံ၍ စိတ်ရှုပ်ထွေးသွားရ ပြန်သည်။

“ဒါပေမဲ့ မိန်းကလေးလင်း၊ ငါ့ရဲ့ ယွမ် (၁၇၀) က အသွားအပြန် စရိတ်လေ၊

အဲဒါကို ဒီပစ္စည်းတွေပေါ်မှာ အကုန်တင်လိုက်ရင် ငါက ငွေတွေ အများကြီး ရသွားမှာ မဟုတ်ဘူးလား”

လင်းမိန်ဟွေ့က ရယ်မောလိုက်မိ၏။

စီးပွားရေးသမားတစ်ဦးက ငွေများများရမည်ကို စိုးရိမ်နေရသည်က ထူးဆန်းလွန်းပေသည်။

လင်းမိန်ဟွေ့က ရိုးသားလွန်းသော ယာဉ်မောင်းကို ကြည့်၍

“ပင်ပင်ပန်းပန်း လုပ်ရင်တော့ များများရမှာပေါ့၊

တကယ်လို့ ဈေးကြီးတယ်လို့ ထင်ရင်လည်း စူပါမားကတ်တွေလိုပဲ ပထမရက်မှာ (၁၀) ရာခိုင်နှုန်း လျှော့၊

ဒုတိယရက်မှာ (၂၀) ရာခိုင်နှုန်း လျှော့ပြီး ရောင်းပေါ့၊ ဒါဆိုရင် အမြန်ကုန်သွားမှာပါ”

“ကောင်းပါပြီ၊ မိန်းကလေးရဲ့ သင်ကြားမှုကို ငါက လိုက်နာပါ့မယ်၊ ငါ့ရဲ့မိန်းမလည်း အိမ်မှာ ဘာမှမလုပ်ဘဲ နေတာဆိုတော့ သူ့ကို လမ်းပေါ်မှာ ထွက်ရောင်းခိုင်းလိုက်မယ်”

“ဟုတ်တယ်၊ အဲဒါဆိုရင် အစ်ကို့ရဲ့ ပစ္စည်းပို့တဲ့ အလုပ်ကလည်း မနှောင့်နှေးတော့ဘူးပေါ့၊ နောက်တစ်ခေါက် လာပို့ရင် အစ်ကို့ကို ပို့ခ ယွမ် (၅၀) ထပ်တိုးပေးပါ့မယ်”

လင်းမိန်ဟွေ့က ထိုသို့ပြောလိုက်သည့်အချိန်တွင် ဟုန်ကော်ချန်း၏ မျက်လုံးများက တောက်ပသွားရလေ၏။

သူက ချမ်းသာမည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည်။

လင်းမိန်ဟွေ့က ဟုန်ကော်ချန်းကို လမ်းခရီး၌ ဂရုစိုက်ရန် မှာလိုက်သည်။ သူက ငွေရရုံသာမက ဂရုစိုက်မှုကိုပါ ရရှိသောကြောင့် အလွန်ပင် ပျော်ရွှင်နေပေတော့သည်။

စူပါမားကတ်တွင် လူတိုင်းက လတ်ဆတ်သော မက်မွန်သီးများကို ခင်းကျင်း၍ အရောင်းမြှင့်တင်ရေး အစီအစဉ်များကို ချက်ချင်း စတင်လိုက်ကြသည်။

တံခါးဝတွင်လည်း အခမဲ့ မြည်းစမ်းနိုင်ရန် စီစဉ်ပေးထား၍ မကြာမီမှာပင် တစ်မြို့လုံးသို့ သတင်းပျံ့နှံ့သွားလေတော့သည်။

လူများစွာက ဤစူပါမားကတ်သို့ မက်မွန်သီးလာဝယ်ကြ၍ သူတို့က တခြားကုန်ပစ္စည်းများ၏ အရောင်းကိုလည်း တိုးတက်စေခဲ့ပေသည်။

နေ့တာကုန်ဆုံးသည့်အချိန်တွင် ချန်အန်းသယ်က စာရင်းစစ်ကြည့်၍ အသားတင်အမြတ် ယွမ် (၇၀၀) ကျော် ရရှိခဲ့ပေသည်။

ဤသည်က သူ၏ အကောင်းဆုံး အရောင်းစံချိန်ပင် ဖြစ်သည်။

စူပါမားကတ်ကို ပိတ်တော့မည့်အချိန်မှာပင် လူတစ်စုက ကားဖြင့် ရောက်ရှိလာကြ၏။

သူတို့က မက်မွန်သီး ကျန်သေးသလားဟု အလျင်အမြန် မေးမြန်းကြလေသည်။

“ကလေးတွေက မင်္ဂလာဆောင်အတွက် သုံးဖို့ပါ၊ မက်မွန်သီးက ကံကောင်းစေတယ်လို့ ပြောကြလို့၊ အမြန်ပဲ ဝါးခြင်းတောင်း နှစ်ခြင်းလောက် ပေးပါဦး”

ချန်အန်းသယ်က ကျန်ရှိသော မက်မွန်သီးများကို ကြည့်၍

“စိတ်မရှိပါနဲ့၊ မက်မွန်သီးတွေက အကုန်ကုန်သွားပါပြီ၊ မနက်ဖြန်မှ ပြန်လာခဲ့ပါ၊ မနက်ဖြန်မှာလည်း ဈေးလျှော့ရောင်းပါဦးမယ်”

“မဖြစ်ဘူးလေ၊ ကျွန်တော်တို့က မိုင် (၂၀ )ကျော်ကနေ လာရတာ၊ လက်ချည်းဗလာနဲ့ ပြန်ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ”

“ဟုတ်ပါတယ် သူဌေး၊ ကလေးတွေက မင်္ဂလာဆောင်အတွက်မို့လို့ပါ၊ ကံကောင်းစေဖို့အတွက် ဂိုဒေါင်ထဲက နှစ်ခြင်းလောက်ပဲ ထုတ်ပေးပါဦး။ ဒီမှာ ယွမ် (၁၆၀) ပါ”

ချန်အန်းသယ်က အခက်တွေ့နေချိန်တွင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ပြန်ရန် ပြင်ဆင်နေကြခြင်းဖြစ်လေ၏။

ရွာသားများက မက်မွန်သီးကို အလွန်လိုချင်နေသည်ကို မြင်ရသည့်အချိန်တွင် လင်းမိန်ဟွေ့က ချန်အန်းသယ်ကို

“အန်းသယ်၊ ဂိုဒေါင်ကိုဖွင့်လိုက်ပါ၊ သူတို့အတွက် နှစ်ခြင်း ထုတ်ပေးလိုက်၊ ပြီးတော့ (10)ရာခိုင်နှုန်း ထပ်လျှော့ပေးလိုက်ပါဦး”

“မိန်ဟွေ့၊ ဒီမက်မွန်သီးတွေကို မနက်ဖြန်ကျမှ ဈေးလျှော့ရောင်းမှ စူပါမားကတ်မှာ လူစည်မှာလေ”

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို ကြည့်လိုက်လျှင် သူမက လုပ်ဆောင်ရန်သာ အရိပ်အမြွက်ပြသောကြောင့် ဝန်ထမ်းများကို ပစ္စည်းထုတ်ပေးရန် ခိုင်းလိုက်ရတော့သည်။

နောက်ဆုံးတွင် သူက အရင်းဈေးအတိုင်းသာ ယူခဲ့သည်။

ရွာသားများက အလွန်ပင် ဝမ်းသာသွားကြပြီး ဝါးခြင်းတောင်းများကို ကားပေါ်တွင် ချည်နှောင်ရန် ပြင်ကြသည်။

လင်းမိန်ဟွေ့က ရှေ့သို့လှမ်း၍ သူတို့ကို တားလိုက်၏။

“ဒီမက်မွန်သီးတွေက အထိအခိုက် မခံဘူး၊ အခုလို သယ်သွားရင် မနက်ဖြန်ကျရင် အကုန်ပုပ်ကုန်လိမ့်မယ်၊ သူဌေးကိုပဲ ကားနဲ့ လိုက်ပို့ခိုင်းလိုက်ပါ့မယ်”

ဤကဲ့သို့သော အိမ်တိုင်ရာရောက် ဝန်ဆောင်မှုမျိုးကို သူတို့က တစ်ချိန်မျှ မတွေ့ဖူးကြပေ။

ဤစူပါမားကတ်က ဆက်ဆံရေးကောင်းမွန်ရုံသာမက ဝယ်သူများအတွက်ပါ အရာရာကို စဉ်းစားပေးသည်ဟု ခံစားရသောကြောင့် အလွန်ပင် စိတ်ကျေနပ်သွားကြသည်။

ချန်အန်းသယ်က မက်မွန်သီးများကို ဗန်ကားပေါ်သို့ တင်လိုက်ပေ၏။

ဝယ်သူများက လိပ်စာကိုပေး၍ စက်ဘီးများဖြင့်သာ ပြန်သွားကြသည်။

ချန်အန်းသယ်က လင်းမိန်ဟွေ့ကိုပြောလိုက်ပေသည်။

“မိန်ဟွေ့၊ မင်းကတော့ အကြံတွေ သိပ်ကောင်းတာပဲ၊ နောင်ကျရင် ငါက အိမ်တိုင်ရာရောက် ပစ္စည်းတွေကို လိုက်ပို့ပေးနေရတော့မှာလား”

“အန်းသယ်၊ စူပါမားကတ်ကို စလုပ်ကတည်းက ကျွန်မ ရှင့်ကို ပြောခဲ့သားပဲ၊

ဆိုင်တစ်ဆိုင်ကို အောင်မြင်ဖို့ဆိုတာက နာမည်ကောင်းနဲ့ လူကြိုက်များမှုက အဓိကပဲ၊ အဲဒီနှစ်ခုကို မထိန်းနိုင်ရင် ပစ္စည်းတွေက ဘယ်လောက်ပဲ ကောင်းနေပါစေ အလကားပဲဖြစ်လိမ့်မယ်”

ဝန်ဆောင်မှုကောင်းသော ဆိုင်မှသာ ဝယ်ယူလိုကြမည်ဖြစ်ကြောင်းကို လင်းမိန်ဟွေ့က ကောင်းစွာ သိရှိထားသည်။

ချန်အန်းသယ်ကလည်းဤသည်က မှန်ကန်ကြောင်းကို လက်ခံလိုက်ပြီးချီးကျူးလိုက်ပေသည်။

“တက္ကသိုလ်တက်ထားတဲ့သူတွေကတော့ မတူဘူးပဲ၊ နောင်ကျရင် ငါ မင်းဆီကနေ အများကြီး သင်ယူရဦးမယ်”

ချန်အန်းသယ်က ပစ္စည်းပို့ပြီး ပြန်လာသည်ကို စောင့်ဆိုင်း၍ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က သူ၏ကားဖြင့် ယွင်ကျွမ်းမြို့နယ်သို့ ပြန်လာခဲ့ကြ၏။

သူတို့က စီးပွားရေးလုပ်ရန် အဆင်ပြေစေရန် ခရိုင်မြို့တွင် အိမ်ငှားရန် မူလက ကြံရွယ်ခဲ့သော်လည်း ဤနေရာရှိ အိမ်နီးနားချင်းဟောင်းများနှင့် ခွဲခွာရန် ဝန်လေးနေကြပေသည်။

သိပ်လည်း မဝေးလွန်းသောကြောင့် အသွားအပြန် လုပ်ရသည်က ပြဿနာမဟုတ်ဟု သူတို့က ယူဆထားကြသည်။

ယွင်ကျွမ်းမြို့နယ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် ချန်အန်းသယ်၏ ဖခင်ဖြစ်သူက တံခါးဝ၌ လေးနက်သော မျက်နှာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။

လင်းမိန်ဟွေ့ကို မြင်လိုက်ရသည့်အချိန်မှသာ ဦးလေးချန်၏ မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားတော့၏။

“မိန်ဟွေ့၊ မင်း တက္ကသိုလ်က ပြန်ရောက်ပြီလို့ ကြားလို့ လာကြည့်တာပါ၊ မင်းရဲ့ အန်တီက လက်လုပ် မုန့်လေးတွေကို လုပ်ပေးလိုက်တယ်၊ ယူလိုက်ဦး”

လင်းမိန်ဟွေ့က ချန်အန်းသယ်ကို လှမ်းကြည့်လိုက်လျှင် သူက ကြောင်နှင့်တွေ့သော ကြွက်ကဲ့သို့ ရှောင်ဖယ်နေသည်ကို မြင်ရသောကြောင့် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။

လင်းမိန်ဟွေ့က ဦးလေးချန်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး စုန့်ယီက ရေတစ်ခွက်ကိုယူကာ တိုက်ခဲ့လေသည်။

လင်းမိန်ဟွေ့က ဦးလေးချန်ကိုမေးမြန်းလိုက်ပေသည်။

“ဦးလေး၊ ကျွန်မဆီမှာ တခြား ပြောစရာ ရှိလို့လား၊ ရှိရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောပါ”

ဦးလေးချန်က ချန်အန်းသယ်ကို တစ်ချက်ကြည့်၍ သက်ပြင်းချလျက်ပြောလေ၏။

“လွန်ခဲ့တဲ့ ရက်ပိုင်းက ချန်အန်းသယ်က ငါတို့ လင်မယားနှစ်ယောက်ရဲ့ စုဆောင်းငွေတွေကို အကုန်ဖြုန်းပစ်ခဲ့တာလေ၊

အခု မင်းက သူ့ကို လူသုံးကုန်ဆိုင် တစ်ဆိုင်ကို ထပ်ပေးထားတယ်လို့ ကြားတယ်၊

ငါက မင်းကို အကြံပေးချင်တာကတော့ .. မင်းဘာသာမင်းပဲ လုပ်ပါ၊ သူကတော့ အားကိုးလို့ မရဘူး”

လွန်ခဲ့သော ရက်အနည်းငယ်ကပင် ချန်အန်းသယ်၏ စူပါမားကတ်က တခြားစူပါမားကတ်နှစ်ခု၏ ဖိအားပေးခြင်းကို ခံနေရပြီး ယခုအချိန်တွင် စီးပွားရေးက ပျက်လုနီးပါးပင် ဖြစ်နေပြီဖြစ်ကြောင်းကို ဦးလေးချန် ကြားသိထားသည်။

ထို့အပြင် တခြားစူပါမားကတ်နှစ်ခုက အရှုံးခံ၍ တိုက်ခိုက်နေကြခြင်းဖြစ်၍ သူက အရှုံးမရှိကြောင်း၊ အမြတ်ရနေကြောင်းကို လိမ်ညာပြောဆိုနေခဲ့ခြင်းပင် ဖြစ်၏။

အကယ်၍ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့သာ ပြန်လာပြီး တာဝန်မယူပေးခဲ့ပါက သူက ဘောင်းဘီပါ ချွတ်ပေးရမည့်ကိန်း ဆိုက်နေချေပြီ။

လင်းမိန်ဟွေ့က လုပ်သမျှ အောင်မြင်ပြီး သူ့သားကတော့ လုပ်သမျှ အဘယ်ကြောင့် ရှုံးနိမ့်နေရသည်ကို ဦးလေးချန်က အမှန်တကယ်ပင် နားမလည်နိုင်ပေ။

သူ့သား၏ အကျင့်စရိုက်ကို သိထားသောကြောင့် သူက လင်းမိန်ဟွေ့ကိုသာ လာရောက်ဖျောင်းဖျခြင်း ဖြစ်သည်။

သူ၏ သားဖြစ်သူထံသို့ အလုပ်များကို လွှဲအပ်လိုက်ပါက ကျိန်းသေပေါက် အရှုံးပေါ်မည်ကို စိုးရိမ်နေသကဲ့သို့၊ ဖခင်ဖြစ်သည့် သူကပါ ဒုက္ခရောက်မည်ကို ကြောက်ရွံ့နေမိ၏။

မည်သို့ပင်ဖြစ်စေ လင်းမိန်ဟွေ့က ချန်အန်းသယ်၏ ကျေးဇူးရှင်ဟောင်းလည်း ဖြစ်ပေ၍ သားဖြစ်သူက သူတစ်ပါးကို လိမ်ညာနေသည်ကို သူက ကြည့်မနေနိုင်ပေ။

ဤသည်ကို ကြားရသည့်အချိန်တွင် လင်းမိန်ဟွေ့က တစ်ဖက်မှ ဒေါသထွက်ပြီး မည်သည့်စကားမှပြန်မပြောနိုင်ဘဲ ဖြစ်နေသော ချန်အန်းသယ်ကို လှည့်ကြည့်၍ ပြုံးလိုက်မိသည်။

ခဏအကြာတွင် သူမက ဦးလေးချန်ကိုချော့မော့ပြောဆိုလိုက်ရ၏။

“ဦးလေး၊ ဒါတွေအတွက် စိတ်မပူပါနဲ့၊ ကျွန်မက ဒီမှာရှိနေတာပဲ၊ အန်းသယ်ရဲ့ စီးပွားရေးကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာအောင် ကျွန်မက လုပ်ပေးပါ့မယ်”

“အရင်က မင်းက ချန်ထားပေးခဲ့တဲ့ ဆိုင်လေးက အဆင်ပြေနေတာကို သူက မကျေနပ်နိုင်ဘူးလေ၊

ဘာလို့ စူပါမားကတ်ကြီးကို သွားဖွင့်ရတာလဲ၊ အခုတော့ ကြည့်စမ်း၊ အကုန်ရှုံးကုန်ပြီ”

*

အခန်း(184)

ဦးလေးချန်က ယနေ့ ချန်အန်းသယ် မက်မွန်သီးရောင်းရသောကြောင့် အသားတင်အမြတ် ယွမ် (၇၀၀) ရရှိခဲ့သည်ကို မကြားသိသေးပေ။

သူက ချန်အန်းသယ် ငွေများစွာကို ဆုံးရှုံးသွားပြီး လင်းမိန်ဟွေ့တို့ ဇနီးမောင်နှံပါ အရိုးပင် ထုတ်စရာမရှိအောင် ဖြစ်သွားမည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။

ဦးလေးချန်က သူ့၏သားက သူမအပေါ်တွင် အကြွေးများစွာ တင်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်းကို လင်းမိန်ဟွေ့က သိရှိပေ၏။

‘ချစ်လွန်းလို့ အပြစ်ဆိုသည်’ ဟူသော အဓိပ္ပာယ်ကို သူမက မည်သို့ နားမလည်ဘဲ ရှိပါမည်နည်း။

ဦးလေးချန်၏ စိုးရိမ်နေသော အမူအရာကို မြင်ရသည့်အချိန်တွင် လင်းမိန်ဟွေ့က သူမ၏ စီးပွားရေးဗျူဟာကို အစအဆုံး ရှင်းပြလိုက်ပေသည်။

“ဦးလေး၊ အခုချိန်မှာက ပြိုင်ဆိုင်မှုတွေ ပြင်းထန်တာက သဘာဝပါပဲ၊

ဒီတစ်ခေါက် အရှုံးပေါ်တာက အန်းသယ်ရဲ့ အပြစ်ချည်းပဲ မဟုတ်ပါဘူး၊

သူ့ရဲ့ လုပ်ငန်းပုံစံက မှားနေတာ မဟုတ်ပေမဲ့ ခေတ်နဲ့အညီ အရှိန်မလိုက်နိုင်သေးတာပါ”

“ဒါဆိုရင် နောက်ပိုင်းကျရင်လည်း ဒီလို အရှုံးမျိုးတွေ ထပ်ရှိနေဦးမှာပေါ့၊

တော်ပြီ၊ ငါကတော့ မပေးနိုင်တော့ဘူး၊ သူက လမ်းပေါ်မှာ လူမိုက်လုပ်နေတာကမှ ပိုကောင်းဦးမယ်”

ဦးလေးချန်က ချန်အန်းသယ်က တစ်ချိန်က ဆံပင်ကို ဆီများရွှဲနေအောင်လိမ်းပြီး ဆိုင်ကယ်တစ်စီးဖြင့် လမ်းသရဲလုပ်ခဲ့ချိန်က အဖြစ်အပျက်ကို ပြန်လည်၍အမှတ်ရသွားသည်။

ထိုအချိန်က သူ အလွန်ရှက်ခဲ့ရသကဲ့သို့ လူကြားထဲတွင်လည်း မျက်နှာမပြရဲခဲ့ပေ။

သို့သော် ယခု ငွေအမြောက်အမြားကို ဆုံးရှုံးနေရသည်ကို မြင်ရသည့်အချိန်တွင် သူ့ကို လမ်းသရဲလေးအဖြစ်သာ ဆက်ရှိနေစေချင်တော့သည်။

အနည်းဆုံးတော့ သူ ကျွေးထားနိုင်သေးသည် မဟုတ်ပါလား။

ယခု အရာအားလုံးကို ဆုံးရှုံးသွားပါက သူတို့က သေသည့်အချိန်တွင် မြေမြှုပ်စရာနေရာပင် ရှိတော့မည် မဟုတ်ပေ။

ဦးလေးချန်၏ စကားကြောင့် လင်းမိန်ဟွေ့က ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။

မရယ်သင့်ကြောင်းကို သိသော်လည်း အလွန်ပင် ရယ်စရာကောင်းနေသည် မဟုတ်ပါလား။

ချန်အန်းသယ်က ဖခင်ဖြစ်သူက သူ့ကို မျက်နှာတစ်ကွက်မျှ မချန်ဘဲ အသုံးမကျသူအဖြစ်သို့ ပြောဆိုနေသောကြောင့် မျက်နှာပျက်နေရသည်။

မည်သို့ပင်ဆိုစေ သူက လေးနှစ်ပတ်လုံး သူဌေးလုပ်လာခဲ့သူပင်။

“အဖေ ကျွန်တော့်ရဲ့ မျက်နှာကိုလည်း ထောက်ပါဦး၊

ကျွန်တော် စူပါမားကတ် သုံးဆိုင်တောင် အောင်အောင်မြင်မြင် ဖွင့်ခဲ့တာပဲလေ”

“အဲဒါကို အောင်မြင်တယ်လို့ ခေါ်တာလား၊ မင်းက စူပါမားကတ်ဖွင့်ပြီး အရှုံးပေါ်တယ်၊

ပစ္စည်းတွေကို ဈေးပေါပေါနဲ့ ရောင်းတယ်၊ နောက်ဆုံးတော့ ဆိုင်တံခါးတွေကိုပါ သူများလက်ထဲကို ထည့်ပေးလိုက်ပြီး သူဌေးကို ပြန်ပေးလိုက်တာ မဟုတ်လား”

ဦးလေးချန်က ချန်အန်းသယ်ကို မျက်နှာမထောက်ဘဲ အခြေအနေမှန်သမျှကို အကုန်ဖွင့်ချလေတော့သည်။

လင်းမိန်ဟွေ့က ချန်အန်းသယ်က အစောပိုင်းကတည်းက အရှုံးပေါ်နေခဲ့သည်ကို မသိခဲ့ပေ။

သူမက ချန်အန်းသယ်ကို ကြည့်၍အသံခပ်တိုးတိုး အပြစ်ပြောလိုက်ပေ၏။

“ရှင်က အခြေအနေမှန်ကို ကျွန်မကို ပြောပြသင့်တာပေါ့၊

တကယ်လို့ အဲဒီလောက်အထိ ရှုံးနေတာဆိုရင် အနည်းဆုံးတော့ အရင်းပြန်ကျအောင် လုပ်ရမှာပေါ့”

“အမှန်တော့ ငါက အများကြီး မပေးလိုက်ရပါဘူး”

“သူက ယွမ် (၄၀,၀၀၀) ကျော် ပေးလိုက်ရတာလေ၊ အဲဒါ ငါတို့မိသားစုရဲ့ စုဆောင်းငွေတွေ အကုန်ပဲ၊

အစက ငါက မထုတ်ပေးချင်ပါဘူး၊ ဒါပေမဲ့ ဒီကောင်က အရမ်းကြိုးစားပြနေတာနဲ့ နောက်ဆုံးတော့ အကုန်ထုတ်ပေးလိုက်မိတာပဲ၊ ငါ့အတွက်တောင် တစ်ပြားမှ မကျန်တော့ဘူး”

လင်းမိန်ဟွေ့က အံ့အားသင့်သွားပြီး ချန်အန်းသယ်ကို ကြည့်၍မေးလိုက်ပေသည်။

“ရှင်က ယွမ် (၄၀,၀၀၀) ကျော်ကို ဘယ်မှာ သွားဖြုန်းပစ်လိုက်တာလဲ၊

အဲဒီပိုက်ဆံတွေ အကုန်လုံးက ကုန်ပစ္စည်းတွေပေါ်မှာပဲ ရှုံးသွားတာလို့တော့ ကျွန်မကို မပြောနဲ့နော်”

ဆိုရလျှင် ပိုက်ဆံမရှိပါက ပစ္စည်းရှိရမည်၊ ပစ္စည်းမရှိပါက ပိုက်ဆံရှိရမည် ဖြစ်၏။

ဆိုင်နှစ်ဆိုင်က နေရာကောင်းသော်လည်း ထိုမျှအထိ ဈေးမကြီးနိုင်ပေ။

လေးနှစ်အတွင်း ယွမ် (၄၀,၀၀၀) ဆုံးရှုံးခဲ့သည်ဆိုလျှင် တစ်ပြားမှ မမြတ်သည့်အပြင် အိတ်စိုက်ပါ ပေးလိုက်ရခြင်းပင် ဖြစ်သည်။

ချန်အန်းသယ်က အစပိုင်းတွင် မပြောပြလိုပေ။ စူပါမားကတ် စတင်အောင်မြင်စက သူက ခရိုင်မြို့တွင် အချမ်းသာဆုံးသူ ဖြစ်လာမည်ဟု ထင်မှတ်ခဲ့ဖူး၏။

သို့သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ဦးက သူ၏ ဆိုင်ကသန့်ရှင်းရေး အခြေအနေမှာ စံချိန်မမီကြောင်းကို တိုင်ကြားခဲ့သောကြောင့် ယွမ် (၅,၀၀၀) ကျော်ကို ဒဏ်ရိုက်ခံခဲ့ရပေသည်။

နောက်ပိုင်းတွင်လည်း သက်တမ်းကုန်ဆုံးနေသော ပစ္စည်းများကြောင့် ယွမ် (၈,၀၀၀) ကျော်ကို ထပ်မံဒဏ်ရိုက်ခံရပြီးနောက် စူပါမားကတ်က စတင်၍အရှုံးပေါ်လာခဲ့တော့သည်။

သူက အခက်တွေ့နေသောကြောင့် ဤဆိုင်ကို အာရုံစိုက်နိုင်ရန် တခြားဆိုင်နှစ်ဆိုင်ကို ပစ်ထားခဲ့၍ မမျှော်လင့်ဘဲ ထိုဆိုင်နှစ်ဆိုင်တွင်လည်း ပြဿနာတက်ပြီး ငွေကိုင်စာရေးမလေးတစ်ဦးက ငွေသား ယွမ် (၆,၀၀၀) ကျော်ကို ယူဆောင်၍ ထွက်ပြေးသွားခဲ့ပြန်၏။

ရဲကို တိုင်ခဲ့သော်လည်း ငွေပြန်မရခဲ့ပေ။ စူပါမားကတ်ကို ခေတ္တပိတ်၍ ပြန်လည်ပြုပြင်ရသောကြောင့် ဆိုင်လစာ ယွမ် (၄,၀၀၀) ကျော်ကို ထပ်မံဆုံးရှုံးခဲ့ရပြန်သည်။

ချန်အန်းသယ်က ဤအသေးစိတ်အချက်အလက်များကို လင်းမိန်ဟွေ့ကို ပြောပြလေတော့သည်။

လင်းမိန်ဟွေ့က သက်ပြင်းချ၍ မျက်ခုံးပင့်လျက်ပြောလိုက်ပေ၏။

“ကောင်းပြီ၊ ရှင်က ရှုံးသင့်ရှုံးထိုက်တာတွေကို အကုန်ရှုံးခဲ့ပြီးပြီပဲ၊

နောင်ကျရင် ဒါကို သင်ခန်းစာယူဖို့ မှတ်ထားလိုက်ပါတော့”

“အခုတော့ ဒီစူပါမားကတ်ကို အမှီပြုပြီး တစ်နှစ်ကို ယွမ် (၆,၀၀၀) ကျော် မြတ်နေပါသေးတယ်၊

ဒီအကြွေးတွေကို ပြန်ဆပ်ဖို့အတွက်ကို ငါက စိတ်မပူခဲ့ပါဘူး၊

ဒါပေမဲ့ အခု တခြားဆိုင်နှစ်ဆိုင်က ကောက်ကျစ်တဲ့ နည်းလမ်းတွေကို သုံးလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ မြစ်ထဲကိုတောင် ခုန်ချချင်နေပြီ”

ချန်အန်းသယ်က အမြဲတမ်း မာနကြီးသူဖြစ်ပြီး ခေါင်းမငုံ့တတ်သော်လည်း ယခုတွင် သူ၏မျက်လုံးများက နီရဲနေပြီး သူမှားခဲ့ကြောင်းကို ကောင်းစွာ သိရှိနေသည်။

လင်းမိန်ဟွေ့ကလည်း သူက လောဘကြီးခဲ့မိသကဲ့သို့ စီမံခန့်ခွဲမှုလည်း ညံ့ဖျင်းခဲ့ကြောင်းကို သိရှိပါသော်လည်း ဤအချိန်တွင် သူ့ကို အပြစ်တင်နေရန်က အဓိပ္ပာယ်မရှိပေ။

သူမက ဦးလေးချန်ကို လှည့်ကြည့်၍ကတိပေးလိုက်ပေ၏။

“ဦးလေး၊ စိတ်မပူပါနဲ့၊ ဒီပိုက်ဆံလေးတွေကို ကျွန်မက နှစ်နှစ်မပြည့်ခင် အကုန်ပြန်ရအောင် လုပ်ပေးပါ့မယ်၊ ဦးလေးဆီကိုလည်း အပြတ်ပြန်ဆပ်ခိုင်းပါ့မယ်”

“မိန်ဟွေ့၊ ဒါက နောက်စရာ မဟုတ်ဘူးနော်၊ ယွမ် (၄၀,၀၀၀) ဆိုတာ..

လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆို ယွမ် (၁၀,၀၀၀) တောင် ဘယ်သူကမှ မတတ်နိုင်ကြဘူးလေ၊ အဲဒါ ငါ့ရဲ့ တစ်သက်စာ စုဆောင်းငွေတွေပါ”

ဦးလေးချန်က လင်းမိန်ဟွေ့ကို မယုံကြည်နိုင်သော်လည်း သူမအပေါ်တွင် ကျေးဇူးတင်နေဆဲ ဖြစ်သည်။

ယနေ့ သူ လာရခြင်းက ချန်အန်းသယ်ကို အရည်အချင်းမရှိလျှင် စီးပွားရေးကို ဆက်မလုပ်ရန် လင်းမိန်ဟွေ့က ဖျောင်းဖျပေးစေလိုသောကြောင့်သာ ဖြစ်ပေ၏။

ဆိုင်လေး ရှိနေပြီး ရေခဲမုန့်လေး ရောင်းနေတာပဲလေ။ အနည်းဆုံးတော့ အရှုံးမရှိဘူးမလား။

လင်းမိန်ဟွေ့က ခေတ္တမျှစဉ်းစားပြီးနောက် ဦးလေးချန်ကို ကတိပေးလိုက်ပေသည်။

“ဦးလေး၊ ကျွန်မက စကားတစ်ခွန်း ပြောထားပါ့မယ်၊ ကျွန်မက ဦးလေးကို ပေးထားတဲ့ ကတိအတိုင်း ကျိန်းသေ ဖြစ်စေရပါ့မယ်၊

ချန်အန်းသယ်ကတော့ စီးပွားရေးကို ဆက်လုပ်လိမ့်မယ်၊ မဟုတ်ရင် သူ့ရဲ့ ဆိုင်ခန်းတွေကို ဘယ်သူက လွှဲယူမှာလဲ”

“ဒါဆိုရင် အခု စူပါမားကတ် ရဲ့အခြေအနေက..”

“စူပါမားကတ်ရဲ့ အခြေအနေက အခု ပြန်ကောင်းနေပါပြီ၊

ဒီနေ့တင် ကျွန်မတို့ ယွမ် (၇၀၀) မြတ်ခဲ့တာလေ၊ ဒီနှစ် ဒုတိယနှစ်ဝက်ကျရင် အန်းသယ်ရဲ့ စီးပွားရေးကို ဘယ်သူကမှ လာလုနိုင်မှာ မဟုတ်တော့ဘူး၊ စိတ်အေးအေးထားပါ”

လင်းမိန်ဟွေ့၏ စကားများက ဦးလေးချန်အတွက် အချက်ပေးခေါင်းလောင်းသံကဲ့သို့ထင်ရသည်။

သူက တခြားသူ၏စကားကို မယုံသော်လည်း လင်းမိန်ဟွေ့၏ စကားကို ယုံကြည်ရမည်။

လင်းမိန်ဟွေ့က ယခင်က ချန်အန်းသယ်ကို ကယ်တင်နိုင်ခဲ့သကဲ့သို့ အခုလည်း ကယ်တင်နိုင်ဦးမည်ဟု သူ ယုံကြည်လိုက်ပေသည်။

ဦးလေးချန်က ချန်အန်းသယ်ကို စိုက်ကြည့်၍ တင်းမာသောလေသံဖြင့် ပြောလိုက်လေ၏။

“မင်း ဆရာလို့ ဘာလို့မခေါ်သေးတာလဲ၊ နောင်ကျရင် မိန်ဟွေ့ဆီကနေ စီးပွားရေးလုပ်နည်းကို သေချာသင်ယူစမ်းပါ၊

အူကြောင်ကြောင်နဲ့ အရှုံးပဲ ပေါ်မနေနဲ့၊ ဒါတွေက ကစားစရာလို့ မင်း ထင်နေတာလား”

ယခုရက်ပိုင်းအတွင်း ဦးလေးချန်က စိုးရိမ်လွန်းသောကြောင့် အိပ်မပျော်နိုင်ဘဲ သူ့ကိုယ်သူ အိုမင်းလာပြီဟုသာ ခံစားနေရသည်။

ဤအသုံးမကျသော သားသာ မရှိလျှင် သူက အခုအချိန်တွင် အေးဆေးစွာ အနားယူနေနိုင်ပြီ မဟုတ်ပါလား။

ချန်အန်းသယ်က ဖခင်ဖြစ်သူ၏ စကားကို ကြားရသည့်အချိန်တွင် အနည်းငယ် အနေရခက်သွားရ၏။

သူက လင်းမိန်ဟွေ့ထက် အသက်ကြီးသူဖြစ်၍ မည်သို့ တပည့်အဖြစ် ခံယူရပါမည်နည်း။

ဦးလေးချန်က သူ့ကို စိုက်ကြည့်လျက် ပြောလိုက်လေ၏။

“အရူးလို လုပ်မနေနဲ့၊ လင်းမိန်ဟွေ့က မင်းကို အကြိမ်ကြိမ် မကယ်တင်ခဲ့ရင် မင်းက အခုချိန်မှာ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာကိုသိရဲ့လား၊

မင်းက သေတဲ့အထိ လမ်းသရဲပဲ ဖြစ်နေမှာ၊ အခုတော့ သူဌေးကြီးလုပ်ဖို့ အိပ်မက်တွေကို မက်နေသေးတယ်၊ လုပ်စမ်း!”

နောက်ဆုံးတွင် ချန်အန်းသယ်က ဖခင်ဖြစ်သူကို မလွန်ဆန်နိုင်တော့သောကြောင့် လင်းမိန်ဟွေ့ကို ဆရာ ဟုသာ ခေါ်လိုက်ရတော့သည်။

လင်းမိန်ဟွေ့တစ်ယောက် ရယ်ချင်စိတ်ကို ထိန်း၍ လေးနက်စွာပင် တုံ့ပြန်လိုက်ပြီး ဦးလေးချန်ဘက်သို့ လှည့်၍ မေးလိုက်ပေ၏။

“ဦးလေး၊ အန်းသယ်ကို ဒူးထောက်ပြီး အရိုအသေပြုခိုင်းရမလား”

“လုပ်ခိုင်းရမှာပေါ့၊ လုပ်ခိုင်းရမှာပေါ့၊ ဒူးထောက်ပြီးကို အရိုအသေပြုရမှာ”

ဦးလေးချန်က ထိုသို့ပြောလိုက်သည်နှင့် ချန်အန်းသယ်တစ်ယောက် ခေါင်းကိုမော့၍ ကောင်းကင်ကြီးကိုသာ မေးခွန်းထုတ်ချင်စိတ် ပေါက်သွားရ၏။

လင်းမိန်ဟွေ့က အလျင်အမြန်ပင် တားဆီးလိုက်ပြီး အပြုံးတစ်ခုနှင့်ပြောလိုက်ပေသည်။

“ဦးလေး၊ ကျွန်မက နောက်တာပါ.. အန်းသယ်က အခုလည်း တကယ်တော်နေပါပြီ၊

တခြားသူတွေရဲ့ ကောက်ကျစ်တဲ့ အကြံတွေကသာ မရှိရင် သူ့ရဲ့ စူပါမားကတ်က သုံးဆိုင်လုံး အဆင်ပြေနေမှာ”

“မင်းကပဲ သူ့ကို လမ်းပြပေးခဲ့တာလေ၊ ငါ သူ့အကြောင်းကို အကုန်သိပါတယ်၊

မင်းသာ လမ်းမပြခဲ့ရင် သူက ဆိုင်မှာတောင် အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး၊ ကျန်တာတွေဆို ဝေးသေးတယ်”

ဦးလေးချန်က ချန်အန်းသယ်က အသုံးမကျသူဟုသာ ထင်မှတ်နေဆဲပင် ဖြစ်သည်။

ဒုက္ခရောက်နေသူများအတွက် လင်းမိန်ဟွေ့က ကျေးဇူးရှင်ကြီးပင် ဖြစ်၏။

လင်းမိန်ဟွေ့ကလည်း ထပ်မံ၍ငြင်းခုံမနေတော့ဘဲ ခေါင်းညိတ်လက်ခံလိုက်ပေသည်။

နောက်ဆုံးတွင် ဦးလေးချန်က စကားစကိုရပ်လိုက်ပြီး လင်းမိန်ဟွေ့ကိုတောင်းပန်စကား ပြောလေသည်။

“တကယ်လို့ စူပါမားကတ်က တကယ်ပဲ မျှော်လင့်ချက်မရှိတော့ဘူးဆိုရင် ပိတ်လိုက်ပါတော့၊ မင်းကိုပါ ဒုက္ခမရောက်စေချင်ဘူး”

All Chapters