← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း(187)

မြေကြီးပေါ်တွင် လဲနေသော လူများက လင်းမိန်ဟွေ့က ဆေးရုံပို့ရန်အတွက်သာ ပြောနေသည်ကို မြင်ချိန်တွင် အနည်းငယ်လောက် ကြောက်လန့်သွားကြသည်။

တစ်ဖက်တွင် စစ်ဆေးမှုကိုလုပ်လျှင် အမှန်ပေါ်သွားမည်ကို စိုးရိမ်နေသကဲ့သို့၊ နောက်တစ်ဖက်တွင်လည်း ဆေးထိုးခံရမည်ကို ကြောက်နေကြလေ၏။

သူတို့တွင် ပိုက်ဆံရှိသော်လည်း သူတို့၏ ခန္ဓာကိုယ်ကို အလွယ်တကူ ဆေးသွင်းခံရန် မလိုလားကြပေ။

ပတ်ဝန်းကျင်ရှိ လူများက လင်းမိန်ဟွေ့၏ လုပ်ရပ်က ကျိုးကြောင်းဆီလျော်သည်ဟု ယူဆကြသည်။ တစ်ဖက်တွင်တော့ ထိုလူများ၏ အမူအရာက အတော်လေး ထူးဆန်းနေသည်ဟု မြင်မိကြလေသည်။

လင်းမိန်ဟွေ့က မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ လူများကို ကြည့်၍ပြောခဲ့သည်။

“ကျွန်မတို့ရဲ့ မက်မွန်သီးတွေက လတ်ဆတ်သလို ပိုးသတ်ဆေး အကြွင်းအကျန်တွေ မရှိဘူးဆိုတာကို ကျွန်မက အသက်နဲ့ ရင်းပြီး အာမခံပါတယ်၊

မက်မွန်သီးစားပြီး ဝမ်းလျှောတယ်ဆိုတဲ့ သူတွေကိုလည်း ကျွန်မတို့က ကျိန်းသေပေါက် ကုသပေးသွားမှာပါ”

“သူဌေးမလေး၊ ကျွန်တော်ကြည့်ရတာတော့ သူတို့တွေက ဟန်ဆောင်နေကြတာထင်တယ်၊ သူတို့က အမြဲတမ်း ပြဿနာရှာတတ်တဲ့သူတွေလေ”

“ဟုတ်တယ်၊ သူတို့ကို ဂရုမစိုက်ဘဲ အရင်အတိုင်းပဲ စီးပွားရေး ဆက်လုပ်ပါ၊ ကျွန်တော်တို့ကတော့ မက်မွန်သီးကို ဝယ်ချင်သေးတယ်!”

လင်းမိန်ဟွေ့၏ တာဝန်ယူတတ်သော စိတ်ဓာတ်က လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့ပုံရသည်။

တချို့လူများက အစားမှားခြင်းက မက်မွန်သီးကြောင့် မဟုတ်နိုင်ဟု ယူဆကြသည်။ တချို့က စူပါမားကတ်မှ မက်မွန်သီး နှစ်ကီလိုခန့် ဝယ်ယူ၍ လူတိုင်းရှေ့တွင်ပင် စားပြကြလေတော့သည်။

“ကျွန်တော်က မနေ့က နှစ်ပေါင်လောက် စားလိုက်တာတောင် ဘာမှမဖြစ်ပါဘူး၊ ငါ့ရဲ့ဗိုက်က သံဗိုက်မို့လို့လား”

လူတိုင်းက ရယ်မောသွားကြရ၏။

တစ်စုံတစ်ယောက်ကလည်း စနောက်လိုက်ပေသည်။

“မင်းရဲ့ ဗိုက်က သံဗိုက်မို့လို့ မဟုတ်ပါဘူး၊ မင်းရဲ့ စိတ်နှလုံးက ဖြူစင်လို့လေ၊

တချို့လူတွေလို သူဌေးတွေကို စီးပွားရေးလုပ်ရ ခက်အောင် တမင်တကာ လုပ်နေတာမျိုး မဟုတ်ဘူး၊

တခြားဆိုင်တွေလည်း ငါတို့လိုလူတွေကို ဈေးလျှော့ပေးနေတာပဲ၊ အဲဒါက မှားနေလို့လား”

“ဟုတ်တယ်၊ သူများက ကောင်းစားတာကို မနာလိုဖြစ်ပြီး ဒီလိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးနေကြတာ”

“ရဲကိုတိုင်လိုက်ပါ၊ ရဲတိုင်လိုက်!”

လင်းမိန်ဟွေ့က ဆက်လက်ပြုံးနေဆဲ ဖြစ်ပြီး ဖော်ရွေသော အမူအရာ ရှိနေပေသည်။

သူမက ဗိုက်နာနေသူများထံသို့ လျှောက်သွား၍

“ဦးလေးတို့၊ ဗိုက်နာတာက တခြားပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တာပဲလေ၊

လာပါ၊ ကျွန်မက ဆေးရုံမှာ တစ်ကိုယ်လုံးကို စစ်ဆေးမှုလုပ်နိုင်အောင် ကူညီပေးပါ့မယ်၊

ရောဂါကို အရင်ပျောက်အောင် ကုကြတာပေါ့”

“ကျွန်တော်တို့က ဝမ်းလျှောရုံတင်ပါ၊ ဆေးရုံကိုတော့ မသွားပါဘူး”

“ကုန်ကျစရိတ် အားလုံးကို ကျွန်မက တာဝန်ယူမှာပါ၊ စစ်ဆေးမှုက ပြဿနာရှိရင်လည်း လျော်ကြေးပေးပါ့မယ်၊

ဒီလောက် လူတွေအများကြီး သက်သေရှိနေတာကို ဘာကြောက်စရာ ရှိလို့လဲ”

ချန်အန်းသယ်က ထိုသူများက ဤမျှအထိ ရုတ်ရုတ်သဲသဲ လုပ်နေကြသည်ကို လင်းမိန်ဟွေ့က စိတ်ကို ထိန်းချုပ်၍ အဘယ်ကြောင့် ဤမျှအထိ ဖော်ရွေစွာ ဆက်ဆံနေသည့်အပေါ် နားမလည်နိုင်ဖြစ်နေရသည်။

“မိန်ဟွေ့၊ ဘာလို့ သူတို့ကို ဒီလောက် ကောင်းနေရတာလဲ၊ ရဲကို တိုက်ရိုက်သာ တိုင်လိုက်ပါတော့”

ချန်အန်းသယ်က မျက်နှာအမူအရာအလွန်ပျက်လျက် ရောက်ရှိလာလေ၏။ ယခုတွင် ထိုလူများက ဆက်လက် ဟန်မဆောင်နိုင်ကြတော့ဘဲ စူပါမားကတ်၏ နာမည်ကို ဖျက်ဆီးလိုရုံသက်သက်ဖြစ်ကြောင်းကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီပင်။

လင်းမိန်ဟွေ့လည်း အချိန်တန်ပြီဖြစ်ကြောင်းကို သိလိုက်သောကြောင့် တန်းစီနေသူများကို လှမ်းပြောလိုက်၏။

“လတ်ဆတ်တဲ့ မက်မွန်သီးတွေရမယ်နော်၊ မွှေးကြိုင်ပြီးချိုမြိန်တဲ့ မက်မွန်သီးတွေ ဒီနေ့ ဈေးနှုန်းက ပြားခုနစ်ဆယ်ပဲ ရှိပါတော့တယ်၊

လိုချင်တဲ့သူတွေက မြန်မြန်ဝယ်ကြပါ၊ ပုပ်တဲ့အလုံးပါခဲ့ရင် ကျွန်မ လျော်ပေးပါ့မယ်”

လူတိုင်းက ရယ်မောကြပြီး ဤကိစ္စကို ပြက်လုံးတစ်ခုကဲ့သို့သာ မှတ်ယူလိုက်ကြသည်။

ထူးခြားသည်က လူတိုင်းက ပြဿနာရှာသူများ၏ စကားကို နားမထောင်ကြသည့်အပြင် စူပါမားကတ်ထဲသို့ ပိုမိုစုပြုံတိုးဝင်သွားကြခြင်းပင် ဖြစ်၏။

ချန်အန်းသယ်လည်း ဆိုင်ထဲသို့ လူများစုပြုံဝင်လာသည်ကို မြင်ရသည့်အချိန်တွင် သူပါ ဝင်ရောက်ကူညီလေတော့သည်။

ထိုအချိန်တွင် ဝန်ထမ်းလေးက အပြေးအလွှား ပြန်ရောက်လာပြီး လင်းမိန်ဟွေ့ကိုပြောလာသည်။

“အစ်မမိန်ဟွေ့၊ ဟိုလူက ဝမ်းလျှောတယ်လို့ပြောပြီး တောအုပ်ထဲ ပြေးဝင်သွားတယ်၊

ပြီးမှ ဘောင်းဘီကို ဆွဲမပြီး အော်ဟစ်ပြေးသွားတော့တာပဲ၊ ဝမ်းလျှောတာ မဟုတ်ဘူး၊ အပြေးပြိုင်နေသလားတောင် အောက်မေ့ရတယ်!”

“နင် လိုက်သွားသေးလား”

“အဝေးကြီးအထိ လိုက်သွားသေးတယ်၊ ကျွန်မက ထင်တာကတော့ အဲဒီလူက ရွာတစ်ရွာက ဖြစ်လိမ့်မယ်လို့ထင်နေတာ ၊ ဒါပေမဲ့ သူက ပြောင်းခင်းထဲကို ပြေးဝင်သွားပြီး ပျောက်သွားတာပဲ”

ထိုအချိန်တွင် ပစ္စည်းဝယ်ရန် တန်းစီနေသူများလည်း ကြားသွားကြကာ သူတို့၏ ရည်ရွယ်ချက်ကို ရိပ်မိသွားကြသောကြောင့် ကဲ့ရဲ့လိုက်ကြ၏။

“သူတို့က တစ်ဖက်စူပါမားကတ် ပိုင်ရှင်တွေလွှတ်ထားတာလား၊ ဒီဘက်မှာ လူတွေ တန်းစီဝယ်နေတာကို မြင်ရတော့ မနာလိုဖြစ်နေတာလား”

“ဟုတ်တယ်၊ သူတို့မှာက အရည်အချင်းရှိရင် သူတို့လည်း အရည်အသွေးကောင်းတာတွေကို ဈေးပေါပေါနဲ့ ရောင်းပြီး ပြည်သူကို အကျိုးပြုပါလား၊

ဒီလိုမျိုး ညစ်ပတ်တဲ့ နည်းလမ်းတွေကို မသုံးပါနဲ့”

လူတိုင်းက ဒေါသထွက်နေကြချိန်တွင် လူတစ်ဦးက မတိုင်မီ ပြသနာရှာနေသည့်အထဲမှ သိကျွမ်းကို တွေ့လိုက်ရသောကြောင့် လှမ်းမေးလိုက်လေ၏။

“ဒါက ဖန့်ထျန်းမဟုတ်ဘူးလား၊ မင်း အခု အလုပ်ပြောင်းသွားပြီလား၊ ရွာမှာ ပန်းပဲလုပ်နေတာ မဟုတ်ဘူးလား”

အမေးခံလိုက်ရသူက ရှက်ရွံ့သွားသောကြောင့် မျက်နှာနီရဲသွားပြီး မသိချင်ယောင်ဆောင်နေခဲ့သည်။

ထိုမေးမြန်းသူကလည်း မလျှော့သေးဘဲ ထိုသူ့ရှေ့တွင် ရပ်၍ လှောင်ပြောင်လိုက်သည်။

“ဘာဖြစ်လို့လဲ၊ အခုက ပန်းပဲလုပ်ရတာ ခက်လာလို့ ဒီလိုအလုပ်မျိုးကို ပြောင်းလိုက်တာလား၊

ငါ့အမြင်ကတော့ မင်း တကယ့်အလုပ်ကောင်းတစ်ခုလောက်ကို ရှာလုပ်သင့်တယ်၊ ဒီလိုမျိုးနဲ့ ဘယ်လိုလုပ်ပြီး ချမ်းသာမှာလဲ”

သူ့ကိုယ်သူ ပေါ်သွားပြီကြောင်းကို သိလိုက်ရသည့်အချိန်တွင် ထိုသူက အခွံခွာခံထားရသော သစ်ပင်တစ်ပင်ကဲ့သို့ ပုန်းစရာနေရာ မရှိဘဲ ဖြစ်သွားရသည်။

နောက်ဆုံးတွင် ကျန်ရှိနေသော လူတချို့က အသံတိုးတိုး တိုင်ပင်ကြပြီး စူပါမားကတ်၏ တံခါးဝမှ ထွက်ခွာသွားကြလေတော့သည်။

မထွက်ခွာမီမှာပင် ချန်အန်းသယ်၏ စူပါမားကတ်ကို အမြန်ဆုံး ပျက်စီးပါစေကြောင်းကို ကျိန်ဆဲသွားရန်လည်း မမေ့လျော့ခဲ့ကြပေ။

လင်းမိန်ဟွေ့က အဝေးမှ လှမ်းအော်လိုက်ပေ၏။

“ဦးလေးတို့၊ ဗိုက်ပြန်နာလာရင် ကျွန်မဆီကို လာခဲ့နော်၊ ကျွန်မက စစ်ဆေးပေးပြီး လျော်ပေးပါ့မယ်”

လူအုပ်ကြီးက ရယ်မောသွားကြလေသည်။

စူပါမားကတ်က ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ လူတိုင်းကလရ်း စိတ်ကျေနပ်ဖွယ် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်ခဲ့ကြသောကြောင့် ပြုံးပျော်နေကြသည်။

သုံးရက်ဆက်တိုက် ချန်အန်းသယ်၏ စူပါမားကတ်က အလွန်ပင် စည်ကားနေပြီး အရောင်းဝင်ငွေကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

ဘေးနားရှိ ဆိုင်ရှင်နှစ်ဦးကလည်း မနာလိုဖြစ်နေကြပြီး ဂေါ်ဖီထုပ်များကို ဈေးလျှော့ရောင်းခြင်းနှင့် သူ ရှန်းသုန်းမှ မက်မွန်သီးများကိုပင် သယ်ယူ၍ ဈေးလျှော့ရောင်းခြင်းများကို ပြုလုပ်လာကြ၏။

သို့သော်လည်း နောက်ဆုံးတွင် သူတို့၏ ဆိုင်များက ချန်အန်းသယ်၏ ဆိုင်ကဲ့သို့ မစည်ကားပေ။

ရောင်းလည်း မရောင်းရသည့်အပြင် ပစ္စည်းများကလည်း ပုပ်သိုးသွားသောကြောင့် သူတို့၏ စီးပွားရေးက ပျက်စီးလုနီးပါးပင် ဖြစ်သွားရလေတော့သည်။

ထိုဆိုင်ရှင်နှစ်ဦးက ဆိုင်ရှေ့တွင် ငေးငိုင်၍ ထိုင်နေကြကာ လင်းမိန်ဟွေ့က အခါအားလျော်စွာ လာရောက်ကူညီနေသည်ကို ကြည့်၍ သူမက အစွမ်းထက်သူတစ်ဦးဖြစ်ကြောင်းကို သိရှိသွားကြရသည်။

ထို့ကြောင့် သူတို့က လင်းမိန်ဟွေ့အနားသို့ ချဉ်းကပ်၍ပြောလာကြသည်။

“သူဌေးမလေး၊ ကျွန်တော်တို့ကို လာကူညီပါဦး.. ကျွန်တော်တို့လည်းအခကြေးငွေကို အများကြီး ပေးပါ့မယ်”

သူတို့က လင်းမိန်ဟွေ့နှင့် ချန်အန်းသယ်က အမျိုးတော်စပ်သူများ မဟုတ်ဘဲ ချန်အန်းသယ်ကို ကူညီပေးနေခြင်းသာ ဖြစ်ကြောင်းကို သိရှိသွားကြသည့်အချိန်တွင် ပို၍ပင် ဒေါသထွက်မိကြပေသည်။

သို့သော်လည်း ဒေါသထွက်နေရုံနှင့် မည်သို့မျှမထူးကြောင်းကို သိသောကြောင့် လင်းမိန်ဟွေ့ကို စည်းရုံးရန် ကြိုးစားကြခြင်း ဖြစ်၏။

မမျှော်လင့်ဘဲ လင်းမိန်ဟွေ့က တိုက်ရိုက်ပင် ငြင်းပယ်လိုက်ပြီး ထိုဆိုင်ရှင်နှစ်ဦးကို ချန်အန်းသယ်အတွက် တရားမျှတသော စကားတစ်ခွန်းကို ပြောလိုက်ပေသည်။

“ရှင်တို့ပြောခဲ့သလိုပဲ စီးပွားရေးဆိုတာက တရားမျှတစွာ ယှဉ်ပြိုင်ရမှာလေ၊

ချန်အန်းသယ်က သူ့ရဲ့အလုပ်ကိုသူက ကောင်းကောင်းလုပ်နေတာပဲ၊

ရှင်တို့ကလည်း ရှင်တို့ရဲ့အလုပ်ကို စိတ်အေးအေးထားပြီး လုပ်ကြပါ၊ သူ့ကို သွားပြီး အနှောင့်အယှက် မပေးပါနဲ့တော့”

ဆိုင်ရှင်နှစ်ဦးမှာ ငြင်းပယ်ခံလိုက်ရသဖြင့် အရှက်တကွဲ ဖြစ်သွားကြရလေတော့သည်။

မကြာမီမှာပင် လင်းမိန်ဟွေ့မှာထားသော ပန်းသီးစိမ်းများကပါ ရောက်ရှိလာခဲ့၏။

ဤသည်တို့က အရည်အသွေးကောင်းပြီး ဈေးသက်သာသကဲ့သို့ အထားလည်း ခံသည်။

ပြည်သူများက ထပ်မံ၍ လုဝယ်ကြပြန်၏။ ပန်းသီးများကို ရောင်းပြီးနောက် ချန်အန်းသယ်က သူ၏ ငွေသားများကို ရေတွက်ကြည့်၍ အသားတင်အမြတ် ယွမ် (၈,၀၀၀) ကျော် ရရှိခဲ့ကြောင်းကို တွေ့ရှိလိုက်ရသည်။

ဤသည်က သူ့ကို ဂုဏ်ယူဝံ့ကြွားစေခဲ့သောကြောင့် သူက စူပါမားကတ်မှ ရရှိသော ငွေသားတစ်ဝက်ကို ချက်ချင်းထုတ်ယူ၍ ဦးလေးချန်၏ထံသို့ သွားရောက်အပ်နှံလိုက်ပေသည်။

ယခုအချိန်တွင် သူက စစ်ဗျူဟာမှူး၏ လမ်းညွှန်မှုကြောင့် အခြေအနေက ပြန်ကောင်းလာပြီဖြစ်ကြောင်းကို ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ခဲ့သည်။

ဦးလေးချန်က သူ၏ငွေများထဲမှ ဆယ်ပုံတစ်ပုံခန့်ကို ပြန်ရလာသည်ကို မြင်ရသည့်အချိန်တွင် အလွန်ပင် ဝမ်းမြောက်သွားရ၏။

ဦးလေးချန်က လင်းမိန်ဟွေ့ကို ကံကောင်းခြင်းများကို ယူဆောင်လာပေးသူဟုသာ ထင်မှတ်မိတော့သည်။

သူမက မည်သည့်နေရာသို့ ရောက်သည်ဖြစ်စေ စီးပွားရေးကို အောင်မြင်အောင် လုပ်နိုင်သူပင်။

ထို့ကြောင့် သူက ချန်အန်းသယ်အား လင်းမိန်ဟွေ့အပေါ် ကောင်းမွန်စွာ ဆက်ဆံရန်ကို ထပ်မံ၍မှာလိုက်ပေသည်။

*

အခန်း(188)

လူသုံးကုန် လက်ကားဈေးကွက်က တစ်စတစ်စနှင့် တိုးတက်၍ကောင်းမွန်လာပြီး နေ့စဉ် လက်ကားလာဝယ်သော ဖောက်သည်တချို့ပင် ရှိနေပေပြီ။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ ပစ္စည်းများက အရည်အသွေးကောင်းပြီး ဈေးနှုန်းချိုသာသည့်အပြင် ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်ကြောင်းကို လူအများက သိရှိလာကြသောကြောင့် ပုံမှန်ဖောက်သည်များကို ရရှိလာခဲ့သည်။

မနက်ခင်းတွင် လင်းမိန်ဟွေ့က စာဖတ်နေပြီး စုန့်ယီက တစ်စုံတစ်ဦးက လာရောက်စွန့်ပစ်ထားသော လျှပ်စစ်ပစ္စည်းတစ်ခုကို ပြင်ဆင်ပေးနေခဲ့လေ၏။

သူက ယခင်အချိန်များတွင် လျှပ်စစ်ပစ္စည်းပြင်ဆင်မှုကို သင်ယူဖူးပြီး ယခုအချိန်တွင်တော့ တခြားသူများကို အခမဲ့ ကူညီပြင်ဆင်ပေးနေခဲ့သည်။

ဤနည်းဖြင့် လူသုံးကုန်ဆိုင်၏ နာမည်က ပိုမို၍ကျော်ကြားလာပြီး သူတို့ဇနီးမောင်နှံ၏ အပြန်အလှန် ချစ်ခင်မှုနှင့် စိတ်ရင်းကောင်းမှု သတင်းစကားများက ပို၍ ဝေးဝေးသို့ ပျံ့နှံ့သွားလေတော့သည်။

“ချန်အန်းသယ်က ပြီးခဲ့တဲ့လက ယွမ် (၈,၀၀၀) ကျော် မြတ်တယ်လို့ ကြားတယ်၊ အဲဒါတွေ အကုန်လုံးကို သူ့ရဲ့အဖေဆီကို အပ်လိုက်တာတဲ့”

“ဟုတ်တယ်လေ၊ ချန်အန်းသယ်ကို စောင့်ကြည့်ပေးမယ်လို့ဦးလေးကို ကျွန်မက ကတိပေးထားတယ်၊ အခုတော့ အဆင်ပြေသွားပြီပေါ့”

စုန့်ယီက ချွေးများ အလွန်ထွက်နေသည်ကို မြင်ချိန်တွင် လင်းမိန်ဟွေ့က အနားသို့ လာပြီး သူ၏နဖူးမှ ချွေးများကို သုတ်ပေးရင်းပြောလေ၏။

“အစ်ကိုစုန့်ယီ၊ အလောမကြီးရင်လည်း ဖြည်းဖြည်းပဲ ပြင်ပါ၊ အတင်းကြီး မလုပ်ပါနဲ့ဦး”

“အလောမကြီးဘူးဆိုတာက အားနာလို့ ပြောတာပါ၊ ကိုယ်ကတော့ အမြန်ဆုံး ပြင်ပေးချင်တာပေါ့၊

ဒါက အလုပ်လည်း မရှုပ်ပါဘူး၊ ကိုယ်က ပစ္စည်းပြင်နေတာနဲ့ မင်း စာဖတ်တာကို အနှောင့်အယှက် ဖြစ်သွားလား”

စုန့်ယီက လင်းမိန်ဟွေ့၏ လက်ထဲမှ စာအုပ်ကို ကြည့်လိုက်ကာ သူမက စာမျက်နှာကို မလှန်ဘဲ ကြာနေပြီဖြစ်ကြောင်းကို သတိပြုမိသွားသည်။

ပစ္စည်းပြင်သံက သူမကို အနှောင့်အယှက် ဖြစ်စေသည်ဟု သူက ယူဆမိသောကြောင့် ပစ္စည်းများကို အပြင်ဘက် လှေကားထစ်များပေါ်သို့ သယ်သွားရန် ပြင်ဆင်လေသည်။

လင်းမိန်ဟွေ့က သူ့ကို အပြင်သို့ မထွက်ခိုင်းဘဲ ခပ်တိုးတိုး ပြောလိုက်လေ၏။

“အခု ကျွန်မတို့ရဲ့ စီးပွားရေးကလည်း တည်ငြိမ်နေပြီ၊ လစဉ်ဝင်ငွေကလည်း အတော်လေး အဆင်ပြေနေပြီဆိုတော့ နောက်ထပ် တစ်ခုခုကို ထပ်လုပ်ချင်သေးတယ်၊

ဒါမှ ကျွန်မတို့နှစ်ယောက်က ဒီမှာတင် တစ်ယောက်ကိုတစ်ယောက် အမြဲကပ်နေတာမျိုး မဖြစ်မှာ!”

“ဘေးက ဆိုင်ကို ချန်အန်းသယ်က ဂရုမစိုက်တော့ ကိုယ်ပဲ သွားကြည့်ပေးနေတယ်လေ”

အမှန်တော့ စုန့်ယီက လင်းမိန်ဟွေ့နှင့် မခွဲခွာလိုပေ။ ဤကဲ့သို့ အမြဲတမ်း မျက်နှာချင်းဆိုင် တွေ့နေရသည့် ဘဝမျိုးကိုသာ သူတို့နှစ်ဦးလုံးက လိုလားခဲ့ကြခြင်း ဖြစ်သည်။

ထိုအပြင် ယခုအချိန်တွင် သူတို့နှစ်ဦးက အတူ ဆိုင်လည်ပတ်နေကြသည်က အလွန်ပင် စနစ်ကျလွန်းသည်။

ဤသည်က စုန့်ယီက စစ်တပ်ထဲတွင် ရှိချိန်က အကြိမ်ပေါင်း ထောင်သောင်းမက စိတ်ကူးယဉ်ခဲ့ဖူးသော ဘဝမျိုးပင် ဖြစ်၏။

ယခုအချိန်တွင် အရာရာက ပြည့်စုံနေပြီဖြစ်၍ သူက များစွာကျေနပ်နေမိသည်။

သို့သော် လင်းမိန်ဟွေ့က စီးပွားရေးကောင်းနေသည့် ဤအချိန်ကို အခွင့်ကောင်းယူ၍ ဆိုင်တချို့ကို ထပ်ဖွင့်ရန်၊ ငွေစုရန်နှင့် အိမ်တစ်လုံးကိုဝယ်ရန် စဉ်းစားနေလေ၏။

သို့မှသာ အခြေတကျဖြင့် လုပ်ငန်းများကို ချဲ့ထွင်နိုင်မည် မဟုတ်ပါလား။

သို့သော် ဤကိစ္စကို တိုက်ရိုက်ပြောရန် အားနာနေသောကြောင့် သူမက ညင်သာစွာ သတိပေးလိုက်ပေသည်။

“အခုက မြို့ပေါ်မှာ အိမ်ဈေးတွေက နှစ်တိုင်း တက်နေတာ၊ နောက်ကျမှ ဝယ်ရင် ဈေးတွေက ပိုကြီးသွားမှာကို ကျွန်မက စိုးရိမ်မိတယ်၊

အခု အခြေအနေက ကောင်းတုန်းမှာပဲ ဝယ်ထားလိုက်တာက ပိုကောင်းမယ် ထင်တယ်”

စုန့်ယီက ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ခေတ္တမျှ မင်သက်သွားရ၏။

သူက ကျေးလက်ရှိ သူ၏ ဟောင်းနွမ်းစုတ်ပြတ်နေသော အိမ်လေးနှင့် ယခု မြို့နယ်ထဲရှိ ငှားရမ်းထားသော အခန်းလေးကို ပြန်လည်၍ မြင်ယောင်လာမိပြီး၊ လင်းမိန်ဟွေ့ကို ပိုမို၍ကောင်းမွန်သော လူနေမှုဘဝမျိုးကို မပေးနိုင်သေးသည့်အတွက် သူ့ကိုယ်သူ

အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပေသည်။

“ကောင်းပြီလေ၊ ဒါဆိုရင် မင်းရဲ့စကားကို ကိုယ် နားထောင်ပါ့မယ်၊

မကြာခင်မှာ မြို့ပေါ်ကိုသွားပြီး ဘာစီးပွားရေးကို ထပ်လုပ်လို့ရမလဲဆိုတာကို သွားလေ့လာကြတာပေါ့၊

လက်ထဲမှာ ငွေရှိတုန်း နောက်ထပ် ဆိုင်တစ်ဆိုင်ကို ထပ်ဖွင့်ကြရအောင်”

သူတို့နှစ်ဦး တိုင်ပင်ပြီးနောက် စုန့်ယီ၏ လျှပ်စစ်ပန်ကာကို ပြင်ဆင်မှုကလည်း ပြီးစီးသွားသောကြောင့် ပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ်လိုက်ပေသည်။

နောက်တစ်နေ့တွင် စုန့်ယီနှင့် လင်းမိန်ဟွေ့တို့က ဘတ်စ်ကားဖြင့် မြို့ပေါ်သို့ တက်လာခဲ့ကြ၏။

မနက်စောစော အချိန်ဖြစ်သောကြောင့် အလုပ်သွားသူ အနည်းငယ်သာ ရှိသေး၍ သူတို့အနေဖြင့် အလျင်လိုခြင်း မရှိပေ။

လင်းမိန်ဟွေ့က လူတိုင်းက ဖုန်းတစ်လုံးစီကို ကိုင်ဆောင်ထားကြပြီး ဖုန်းပြောရင်း အော်ဟစ်ရယ်မောနေကြသည်ကို တွေ့လိုက်ရသည်။

ဤသည်က ပတ်ဝန်းကျင်ရှိ ရှုခင်းများကိုပင် ပို၍ ဆန်းသစ်စေသည်ဟု ခံစားရ၏။

လင်းမိန်ဟွေ့က အရှေ့မှ ခပ်မြန်မြန် လမ်းလျှောက်နေသော စုန့်ယီကို လှမ်းဆွဲလိုက်ရင်းပြောလိုက်ပေသည်။

“အစ်ကိုစုန့်ယီ၊ ဟိုမှာ သူတို့ကိုင်ထားတဲ့ ဖုန်းတွေကို ကြည့်ပါဦး၊ အရမ်းလှတာပဲ၊

ကျွန်မက တက္ကသိုလ်က ဘွဲ့ရခါနီးတုန်းက သူဌေးသားသမီးတွေ ကိုင်နေတာကို မြင်ဖူးတယ်၊ PHS ဖုန်းလို့ ခေါ်တယ် ထင်တယ်”

စုန့်ယီက လှမ်းကြည့်လိုက်သည့်အချိန်တွင် လင်းမိန်ဟွေ့ ပြောသည်က မှန်ကန်ကြောင်းကို တွေ့လိုက်ရသည်။

ထိုဖုန်းလေးများက အမှန်တကယ်ပင် သေးငယ်ပေါ့ပါးပြီး အသုံးပြုရသည်ကလည်း လွယ်ကူပုံရ၏။

သို့သော် ခရိုင်မြို့တွင် မည်သူကမျှ အသုံးပြုနေသည်ကို မတွေ့ရသေးပေ။

ဤသည်က ခေတ်စားလာပါ့မလားဟူသည်ကို စုန့်ယီက ဝေခွဲမရဖြစ်နေမိသည်။

“မိန်ဟွေ့၊ ဒီလို အသစ်အဆန်းတွေက စွန့်စားရတာ များတတ်တယ်၊

တကယ်လို့ ကိုယ်တို့က ဒီစီးပွားရေးကိုလုပ်လို့ အဆင်မပြေရင် အရှုံးပေါ်သွားနိုင်တယ်”

လင်းမိန်ဟွေ့က ထိုသို့ မထင်ပေ။ သူမက ယခင်က ဖတ်ခဲ့ဖူးသော စာအုပ်တစ်အုပ်ထဲရှိ ပုံပြင်လေးတစ်ပုဒ်ကို သတိရမိသည်။

“အစ်ကိုစုန့်ယီ၊ ဖိနပ်ရောင်းတဲ့သူ နှစ်ယောက်အကြောင်းကို စာအုပ်တစ်အုပ် ရှိတယ်လေ၊

တစ်ယောက်က အာဖရိက,ကနေ ပြန်လာပြီး အာဖရိကကိုတော့ ဘယ်တော့မှ မသွားနဲ့၊ ဟိုကလူတွေက ဖိနပ်မစီးကြဘူးလို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ငိုပြီး ပြောပြသတဲ့၊

အစ်ကိုထင်တာတော့ နောက်တစ်ယောက်က ဘာလုပ်မယ် ထင်လဲ”

စုန့်ယီကလည်း အလွန်ပါးနပ်သူဖြစ်၍ လင်းမိန်ဟွေ့က ဆိုလိုသည်ကို ချက်ချင်းပင် နားလည်သွားပြီး အပြုံးတစ်ခုနှင့် ပြန်ပြောလေသည်။

“နောက်တစ်ယောက်ကတော့ ဖိနပ်တွေကို အများကြီးရောင်းရမယ်ဆိုပြီး သွားမှာပေါ့ ဟုတ်လား”

“ဟုတ်တယ်လေ၊ အသစ်အဆန်းဆိုတာကို လူတွေကလက်ခံဖို့ အချိန်ယူရတာ မှန်ပေမဲ့၊

တစ်ဖက်ကလည်း ဈေးကွက်အကြီးကြီး ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့၊

လူတွေအတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာကို သေချာလေ့လာနိုင်ရင် ကျွန်မတို့က သေချာပေါက် အရှုံးမရှိနိုင်ပါဘူး”

လင်းမိန်ဟွေ့က စုန့်ယီကို မြို့ပေါ်ရှိ PHS ဖုန်းဆိုင်တစ်ဆိုင်သို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။

အချိန်ကစောလွန်းနေသောကြောင့် ဆိုင်က မဖွင့်သေးပေ။

သူတို့နှစ်ဦးက တံခါးဝ၌ နာရီဝက်ကျော်ခန့် စောင့်ဆိုင်းခဲ့ကြ၏။

ထို့နောက် ဆိုင်ရှင်ဖြစ်သူက မကျေမနပ် ရောက်ရှိလာပြီး ဆိုင်တံခါးကို ဖွင့်လေသည်။

“မင်းတို့နှစ်ယောက် ငါ့ရဲ့ဆိုင်ရှေ့မှာ ဘာလုပ်နေကြတာလဲ”

ဆိုင်ရှင်က လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို ကြည့်လိုက်ပေ၏။

သူတို့နှစ်ဦးက ရိုးရှင်းစွာသာ ဝတ်ဆင်ထားပြီး နယ်ကလာသူများနှင့် တူနေသောကြောင့် ဆိုင်ရှင်၏ လေသံက အနည်းငယ် ရိုင်းစိုင်းနေသည်။

လင်းမိန်ဟွေ့က စိတ်မဆိုးဘဲ အပြုံးတစ်ခုနှင့်ပြောခဲ့သည်။

“ကျွန်မတို့က PHS ဖုန်းလေးတွေကို ကြည့်ချင်လို့ပါ၊ သင့်တော်တာရှိရင် ဝယ်ဖို့ စိတ်ကူးထားတာ”

ဆိုင်ရှင်က ဆိုင်ထဲသို့ ဝင်သွားပြီး မှန်ကောင်တာပေါ်ရှိ ဖုန်းများကို လက်ညှိုးထိုးပြပြီးလှောင်ပြောင်လိုစွာပြောဆိုလေသည်။

“အပေါစားဆိုရင် (၁,၀၀၀) ဝန်းကျင်ပဲ၊ အကောင်းစားဆိုရင်တော့ (၂,၀၀၀) ကျော်တယ်၊

မင်းတို့ ဝယ်နိုင်ပါ့မလား၊ ပြီးတော့ ဒါက လစဉ်ကြေးလည်း ပေးရဦးမှာဆိုတော့ ပိုက်ဆံကအတော်ကုန်မှာနော်”

စုန့်ယီက ဆိုင်ရှင်၏စကားထဲမှ အထင်သေးမှုကို ကြားလိုက်ရသောကြောင့် ပြန်ပြောရန် ပြင်လိုက်သော်လည်း လင်းမိန်ဟွေ့က မျက်ရိပ်ပြ၍ တားလိုက်ပေသည်။

သူတို့က PHS အရောင်းအခြေအနေကို လာရောက်လေ့လာခြင်းသာဖြစ်ပြီး ထိုဆိုင်ရှင်နှင့် စီးပွားရေးလုပ်ရန် အစီအစဉ်မရှိပေ။

လင်းမိန်ဟွေ့က ဆိုင်ရှင်ကို ယဉ်ကျေးစွာဖြင့် ပြော၍ထွက်လာခဲ့လေသည်။

“ဒါဆိုရင်တော့ ကျွန်မတို့က မတတ်နိုင်သေးပါဘူး၊ ဦးလေး အမှန်အတိုင်းပဲ ပြောပြပေးတာကို ကျေးဇူးတင်ပါတယ်”

ဆိုင်ထဲမှ ထွက်လာသည့်အချိန်တွင် စုန့်ယီက မကျေမနပ် ဖြစ်နေဆဲပင်။

“ဒီလူကတော့ လူကို အထင်သေးလိုက်တာ၊ ကိုယ်တို့မှာ ပိုက်ဆံမရှိဘူးလိာ့ထင်နေတာလား!”

လင်းမိန်ဟွေ့က အပြုံးလေးနှင့်ဖျောင်းဖျလိုက်ပေ၏။

“ကျွန်မတို့ ဆိုင်ထဲကိုဝင်တာက ဖုန်းဈေးနှုန်းနဲ့ အရောင်းအခြေအနေကို သိချင်လို့ပဲလေ၊

သူ့ဆီမှာ တကယ်ဝယ်မှာမှ မဟုတ်တာ၊ သူ့ကို သိနေဖို့လည်း မလိုပါဘူး”

“အခုတော့ အပြင်ရောက်သွားပြီဆိုတော့ အရောင်းအခြေအနေကို ဘယ်လိုကြည့်မလဲ”

စုန့်ယီက စိတ်ရှုပ်ထွေး ဖြစ်နေသကဲ့သို့၊ တစ်ဖက်တွင်လည်း လင်းမိန်ဟွေ့က တစ်ခါတစ်ရံတွင် အလွန်ပင် ကျိုးကြောင်းဆင်ခြင်နိုင်လွန်းသောကြောင့် အံ့အားသင့်မိသည်။

သူမ၏ အတွေးများက တခြားသော အသက်အရွယ်ကြီးသူတစ်ဦးနှင့်ပင် တူနေသလားဟု သူက ထင်မှတ်မိ၏။

လင်းမိန်ဟွေ့က ဆိုင်ထဲသို့ ဝင်ရန် ပြင်နေသော ဝယ်သူတစ်ဦးကို လက်ညှိုးထိုးပြ၍ ပြောလာသည်။

“ဒီနားက ထောင့်လေးမှာပဲ ရပ်ပြီး သူ့ရဲ့ တစ်မနက်ခင်း အရောင်းပမာဏကို စောင့်ကြည့်ကြရအောင်၊

အဲဒီကျရင် တစ်လစာ အရောင်းကို ခန့်မှန်းလို့ ရတာပေါ့၊ အရောင်းပမာဏကို သိရင် ဈေးကွက်ရဲ့ အလားအလာကိုလည်း သိနိုင်မှာပေါ့”

“တက္ကသိုလ်တက်ထားတဲ့သူဆိုတော့လည်း မတူဘူးပဲ၊ ကိုယ်လို လူကြမ်းကြီးထက် အများကြီး ပိုပြီး စေ့စပ်တာပဲ”

စုန့်ယီ၏ မျက်လုံးများက နူးညံ့နေသောကြောင့် လင်းမိန်ဟွေ့က အနည်းငယ် အနေရခက်သွားရသည်။

သူမက အဝေးသို့ လှမ်းကြည့်လိုက်သော်လည်း စုန့်ယီက အပြုံးရိပ်များဖြင့်သာ ရှိနေခါ့သည်။

တကယ်တမ်းတွင် စုန့်ယီက နှိမ့်ချပြောဆိုနေခြင်းဖြစ်ကြောင်းကို လင်းမိန်ဟွေ့က သိရှိပေ၏။

ယခုရက်ပိုင်းအတွင်း သူက စာအုပ်များစွာကို ဖတ်နေခဲ့သည် မဟုတ်ပါလား။

သူက စစ်တပ်မှ သယ်လာသော စာအုပ်များထဲတွင် တက္ကသိုလ်အဆင့် ကိုယ်တိုင်လေ့လာမှု စာအုပ်များပင် ပါဝင်နေသည်ကို သူမ တွေ့ခဲ့ရသည်။

All Chapters