အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း(189)
လင်းမိန်ဟွေ့က ဝယ်သူတစ်ဦးက ဆိုင်ထဲသို့ ဝင်သွားသည်ကို တွေ့လိုက်ရ၏။
(၁၀) မိနစ်ခန့်အတွင်းမှာပင် ထိုသူက ငွေရောင် PHS ဖုန်းလေးတစ်လုံးကို ကိုင်ဆောင်၍ ပြုံးရွှင်သော မျက်နှာဖြင့် ထွက်လာခဲ့လေသည်။
ထိုသူက ဝယ်ယူမှုအပေါ်တွင် များစွာ ကျေနပ်နေပုံရကြောင်း သိသာလွန်းသည်။
တစ်မနက်လုံးတွင် လူပေါင်း (၁၃) ဦးခန့်က ထိုဆိုင်ထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားကြသည်။
နှစ်ဦးသာ လက်ချည်းဗလာဖြင့် ပြန်ထွက်လာကြပြီး
တခြားသူများက သူတို့နှစ်သက်ရာ PHS ဖုန်းများကို ဝယ်ယူသွားခဲ့ကြ၏။
လင်းမိန်ဟွေ့က PHS ၏ အလားအလာရှိသော ဈေးကွက်ကို မြင်တွေ့ရသည့်အချိန်တွင် စိတ်လှုပ်ရှားသွားရသည်။
သူမနှင့် စုန့်ယီတို့က ဆက်သွယ်ရေးရုံး တံခါးဝသို့ ထပ်မံ၍သွားရောက်ခဲ့ကြ၏။
နေ့လယ်စာစားချိန်ဖြစ်သော်လည်း ဤနေရာ၌ ဖောက်သည်များက မပြတ်ရှိနေလေသည်။
ထို့အပြင် ထိုဖောက်သည်များက ဖုန်းကတ်များကို ရရှိသည်နှင့်တစ်ပြိုင်နက် သူတို့၏ မိသားစုများထံသို့ သတင်းကောင်းပြောရန် ချက်ချင်းပင် ဖုန်းခေါ်ဆိုနေကြသည်။
ပျော်ရွှင်မှုများက သူတို့၏ မျက်နှာပေါ်တွင် ပြည့်နှက်နေပြီး ပတ်ဝန်းကျင် လေထုကိုပင် လွှမ်းမိုးထားသောကြောင့် ဤ PHS ဖုန်းက လူတို့ကို ပျော်ရွှင်မှုပေးနိုင်သော မှော်လက်နက်တစ်ခုပမာ ခံစားလိုက်ရ၏။
လင်းမိန်ဟွေ့က သူမက မြင်တွေ့ရသမျှကို များစွာ ကျေနပ်နေမိသည်။
“အစ်ကိုစုန့်ယီ ကျွန်မတို့က PHS စီးပွားရေးကို လုပ်ကြရအောင်”
“ကောင်းပြီလေ၊ မင်းရဲ့စကားကို ကိုယ် နားထောင်ပါ့မယ်၊ အရင်လိုပဲ စီးပွားရေးကိစ္စတွေကို မင်းပဲ ဆုံးဖြတ်ပါ၊ ပင်ပန်းတဲ့ အလုပ်ကြမ်းတွေကိုတော့ ကိုယ်ပဲ တာဝန်ယူမယ်!”
အမှန်တော့ စုန့်ယီကလည်း သူ၏စိတ်ထဲတွင် တွက်ချက်ထားပြီးသားပင် ဖြစ်သည်။
တစ်ခရိုင်လုံးတွင် လူဦးရေ ၁ သိန်း ၈ သောင်းရှိပေသည်။
အကယ်၍ သူတို့ကသာ ဈေးကွက်ကို အရင်ဆုံး သိမ်းပိုက်နိုင်ပါက ဖုန်းပေါင်း (၁၈ )သောင်းကို ရောင်းချနိုင်မည့် အခွင့်အရေးရှိနေသည်ဟု အဓိပ္ပာယ်ရ၏။
ဤနည်းဖြင့် အတိုင်းအဆမရှိသော စီးပွားရေးအခွင့်အလမ်းများကို ရှိနေသည်။
ထို့အပြင် လင်းမိန်ဟွေ့၏ အမြင်က မှန်ကန်နေသည်ကို မြင်ရသောကြောင့် သူကလည်း အစွမ်းကုန် ထောက်ပံ့ကူညီရန် ဆုံးဖြတ်လိုက်ပေသည်။
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က စားသောက်ဆိုင်ငယ်လေးတစ်ခုသို့ လမ်းလျှောက်သွားကြပြီး ယခင်က စားဖူးသော ငါးပေါင်းဟင်းကို ထပ်မံမှာယူလိုက်ကြ၏။
ယခုတစ်ကြိမ်တွင် ဆိုင်ရှင်က ဖော်ရွေလွန်းသောကြောင့် သူတို့ကို နှစ်ပေါင်ခွဲခန့်ရှိသော ငါးအကြီးကြီးတစ်ကောင်ကို ပေးခဲ့သည်။
သူတို့နှစ်ဦးက ထမင်းမှာယူလိုက်ပြီး စားရင်းနှင့် စကားစမြည် ပြောဆိုနေကြ၏။
“အစ်ကိုစုန့်ယီ၊ အခု ကျွန်မတို့ရဲ့ လက်ကားဝယ်ယူမဲ့ လမ်းကြောင်းတွေကို ရှာဖို့ လိုအပ်သလို ဆက်သွယ်ရေးဌာနနဲ့လည်း ဆွေးနွေးရမယ်၊
သူတို့ဆီကနေ ဖုန်းကတ်တွေကို အစုလိုက်ရယူပြီး ဝယ်သူတွေအတွက် တစ်ခေါက်တည်း ဆောင်ရွက်ပေးနိုင်အောင်လို့လေ၊ ဒါမှ ဝယ်သူတွေက ဟိုသွားဒီလာနဲ့ အလုပ်မရှုပ်တော့မှာပေါ့”
“မင်းပြောတာက မှန်တယ်၊ ဒါမှမဟုတ်လည်း ဆက်သွယ်ရေးဌာနနဲ့ နီးတဲ့နေရာမှာပဲ ဆိုင်တိုက်ရိုက်ဖွင့်လိုက်ရင် ပိုပြီး အဆင်ပြေမှာပေါ့”
သူတို့နှစ်ဦးက စီးပွားရေးကိစ္စများကို တိုင်ပင်ဆွေးနွေးကြ၏။
ငါးဟင်းစားပြီးချိန်တွင် ဆွေးနွေးမှုကလည်း ပြီးဆုံးလုနီးပါးပင် ဖြစ်သွားသောကြောင့် မွန်းလွဲပိုင်းတွင် ဘတ်စ်ကားဖြင့် ခရိုင်မြို့သို့ ပြန်လာခဲ့ကြသည်။
ခရိုင်မြို့သို့ ရောက်ရောက်ချင်းမှာပင် သူတို့က ဆက်သွယ်ရေးရုံးအနီးရှိ ဆိုင်ခန်းများကို လိုက်လံ၍ကြည့်ရှုခဲ့ကြသလို၊
ဆက်သွယ်ရေးဝန်ထမ်းများကိုလည်း လက်ရှိ PHS ဖုန်းကတ် ပက်ကေ့ချ် များအကြောင်းကိုလည်း မေးမြန်းခဲ့ကြ၏။
ဝန်ထမ်းများက ခရိုင်မြို့တွင် PHS က မပြန့်နှံ့သေးသောကြောင့် ဤကဏ္ဍတွင် အလုပ်မရှိသလောက် နည်းပါးနေသေးကြောင်း၊
ပက်ကေ့ချ်များကလည်း ရိုးရှင်းလွန်းပြီး ဝန်ဆောင်မှုပေးမည့်သူကလည်း အလွန်နည်းပါးကြောင်းကို ပြောပြကြသည်။
ဆက်သွယ်ရေးရုံးအတွင်းမှ ထွက်လာသည့်အချိန်တွင် လင်းမိန်ဟွေ့က သက်ပြင်းချ၍ပြောလိုက်ပေသည်။
“ကံကောင်းလို့ ကြိုတင်လေ့လာခဲ့မိတာ၊ မဟုတ်ရင် ဖုန်းတွေကို ဝယ်လာပြီးမှ ဒီမှာ ဘာမှလုပ်လို့မရရင် အရှက်ကွဲတော့မှာပဲ”
“မနက်ဖြန်ကျရင် ဆက်သွယ်ရေးဌာနက လူကြီးတွေနဲ့ သွားတွေ့ပြီး ဝန်ထမ်းတွေကို အမြန်ဆုံး လေ့ကျင့်ပေးဖို့ တောင်းဆိုရမယ်”
“ဟင့်အင်း၊ ဆိုင်ဖွင့်ခါနီးမှပဲ လုပ်ကြတာပေါ့၊ မဟုတ်ရင် စီးပွားရေး လျှို့ဝှက်ချက်တွေက ပေါက်ကြားသွားလိမ့်မယ်”
သူတို့နှစ်ဦးက ပြောပြီးနောက် တစ်ဦးကိုတစ်ဦး ကြည့်၍ ပြုံးလိုက်ကြသည်။ လူသုံးကုန်ဆိုင်သို့ ပြန်ရောက်သည့်အချိန်တွင် ညနေစောင်းနေသည်။
ချန်အန်းသယ်က သူတို့အတွက် ဆိုင်စောင့်ပေးနေခြင်းပင် ဖြစ်၏။ သူတို့၏ ပြုံးရွှင်နေသော မျက်နှာများကို မြင်ရသည့်အချိန်တွင် သူက မေးမြန်းလိုက်ပေသည်။
“မင်းတို့နှစ်ယောက်က ဘာသတင်းကောင်းတွေ ရှိနေလို့လဲ၊
အရမ်းကို လျှို့ဝှက်ချက်တွေ များနေသလားလို့”
မူလက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ဆိုင်အသစ်ဖွင့်ရန် ယာယီသာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သောကြောင့် ချန်အန်းသယ်ကို အသေးစိတ် မပြောပြခဲ့ရသေးပေ။
ယခုအချိန်တွင် သူက စူးစမ်းနေသည်ကို မြင်ရသောကြောင့် လင်းမိန်ဟွေ့က မဖုံးကွယ်တော့ဘဲပြောလိုက်လေ၏။
“ကျွန်မနဲ့ အစ်ကိုစုန့်ယီက PHS ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုဖွင့်ဖို့ ဆုံးဖြတ်လိုက်ပြီ၊
မနက်ဖြန်နဲ့ သဘက်ခါကျရင် ပေကျင်းကို သွားပြီး လက်ကားဆိုင်တွေကို ရှာကြမလို့၊
အန်းသယ်၊ ဒီရက်ပိုင်း ဆိုင်ကို ခဏလောက် ထပ်ကြည့်ပေးပါဦးနော်”
“ရတာပေါ့၊ စူပါမားကတ်မှာကလည်း အရာရာက အဆင်ပြေနေတာပဲ၊
ချင်းတောင်က သစ်သီးတွေကလည်း အချိန်မှန် ရောက်နေတော့ ငါကလည်း ဘာမှ စိတ်ပူစရာ မလိုပါဘူး”
ချန်အန်းသယ်က စိတ်ပါလက်ပါ သဘောတူလိုက်သကဲ့သို့၊ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့အတွက်ကိုလည်း ဝမ်းသာပေးနေမိသည်။
သူတို့ထံတွင် ဤမျှအမြန် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှိလာလိမ့်မည်ဟု သူက မထင်မှတ်ထားခဲ့ပေ။
နောက်ပိုင်းတွင် သူတို့ကို အမှီပြုနိုင်ပါက အေးမြသော အရိပ်ရှိသည့် သစ်ပင်ကြီးတစ်ပင်ကို ရရှိထားသကဲ့သို့ပင် ဖြစ်ပေတော့မည်။
အရှုံးပေါ်မည်ကိုလည်း စိုးရိမ်စရာမလိုသကဲ့သို့၊ အဖေဖြစ်သူ၏ ဆူပူမှုကိုလည်း ကြောက်နေစရာ မလိုတော့ပေ။
ဤသည်ကို တွေးမိသည့်အချိန်တွင် သူက အနည်းငယ် ပျော်ရွှင်နေမိသည်။
သို့သော် ဤ PHS ဆိုသည်က အသစ်အဆန်းဖြစ်နေသောကြောင့် သူတို့၏အတွက် တွေးတောပေးရန် လိုအပ်သည်ဟု သူက ယူဆသောကြောင့်သတိပေးလိုက်ပေသည်။
“မိန်ဟွေ့၊ ခရိုင်မြို့ရဲ့ သုံးစွဲနိုင်စွမ်းက မြို့ကြီးတွေလောက် မကောင်းဘူးလေ၊ ဆိုင်ဖွင့်ပြီးမှ စီးပွားရေး အေးနေရင် ခက်မှာစိုးလို့”
လင်းမိန်ဟွေ့က ဤပြဿနာကို အကြာကြီး စဉ်းစားခဲ့ပြီးသား ဖြစ်၏။
အသစ်အဆန်းဖြစ်သောကြောင့် လူများက လက်ခံလာရန် အချိန်ယူရမည်က အမှန်ပင်။
သို့သော်လည်း ဆက်သွယ်ရေးအတွက် အဆင်ပြေလွန်းသကဲ့သို့၊ ဈေးနှုန်းက အနည်းငယ် ကြီးမြင့်သော်လည်း ခရိုင်မြို့ရှိ ချမ်းသာသော မိသားစုများစွာအတွက် ဤသည်က ဝယ်ယူနိုင်သော အနေအထားတွင် ရှိနေပေသည်။
“မဖြစ်နိုင်ပါဘူး၊ ကျွန်မနဲ့ အစ်ကိုစုန့်ယီက သေသေချာချာ လေ့လာခဲ့ပြီးပါပြီ၊ ဒါက သေချာပေါက် အောင်မြင်မှာပါ”
“ဟုတ်တယ်၊ မြို့ပေါ်မှာဆို အရောင်းတွေက အရမ်းသွက်နေတာ၊ PHS ရဲ့ အရောင်းပမာဏကလည်း သိပ်မကွာပါဘူး”
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ရှင်းပြလိုက်သည့်အချိန်မှသာ ချန်အန်းသယ်က လုံးဝ စိတ်အေးသွားလေတော့သည်။
သူက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို စီးပွားရေး ဒီထက်မက အောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်လေ၏။
မည်သို့ပင်ဖြစ်စေ နောက်ပိုင်းကျရင် သူတို့က ချမ်းသာလာပါက သူ့ကိုလည်း ချန်ထားခဲ့မည် မဟုတ်ကြောင်းကို သူ သိရှိနေသည်။
နောက်တစ်နေ့တွင် စုန့်ယီက ဆက်သွယ်ရေးရုံးအနီးတွင် ဆိုင်ခန်းနှစ်ခန်းကို ချက်ချင်း ငှားရမ်းလိုက်ပြီး မြို့ပေါ်ရှိ PHS ဆိုင်များ၏ ပုံစံအတိုင်း ပြင်ဆင်ရန် စီစဉ်လေတော့သည်။
သူက အလုပ်သမားများကို အကောင်းဆုံးနှင့် အခေတ်အမီဆုံး အလှဆင်ပစ္စည်းများကိုသာ သုံးစွဲရန် အထူးမှာလိုက်ပေသည်။
လင်းမိန်ဟွေ့က ပေကျင်းသို့သွားရန် ရထားလက်မှတ်ကို သွားရောက်ဖြတ်လိုက်လေ၏။ စီးပွားရေး အခွင့်အလမ်းများကို အလဟဿ မဖြစ်စေရန် သူတို့က အမြန်ဆုံး ထွက်ခွာကြရမည် မဟုတ်ပါလော။
သူတို့နှစ်ဦး၏ အလုပ်လုပ်နှုန်းက အံ့အားသင့်စရာပင် ကောင်းလွန်းသည်။
အရာရာကို စီစဉ်ပြီးနောက် ချန်အန်းသယ်ကို လူသုံးကုန်ဆိုင်ကို ခဏကြည့်ပေးရန် မှာခဲ့သည့်အချိန်တွင် ချန်အန်းသယ်က ဤနှစ်ဦးက စီးပွားရေးတွင် ပါရမီပါသူများဟုသာ မှတ်ယူလိုက်မိတော့သည်။
ဆိုင်ပြင်ဆင်ခြင်းက မူလက ကိစ္စကြီးတစ်ခုဖြစ်သော်လည်း စုန့်ယီက တခြားသူ၏ဆိုင်ကို တစ်ချက်ကြည့်ရုံဖြင့် သူ၏ ကိုယ်ပိုင်စီမံကိန်းနှင့် ပေါင်းစပ်၍ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
ပေကျင်းခရီးစဉ်ကလည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ချ၍ သွားနိုင်ခဲ့ကြသည်။
ရထားဘူတာရုံ။
ချန်အန်းသယ်က သူတို့နှစ်ဦးကို ဗန်ကားဖြင့် ဘူတာရုံအထိ ပို့ပေးခဲ့၏။
သူတို့က သယ်ဆောင်လာသော ငွေသားအမြောက်အမြားကို သတိထားရန် မှာလိုက်သကဲ့သို့၊ ပေကျင်းရောက်လျှင်လည်း ဖုန်းဆက်ရန်ကို မှာလိုက်ပေသည်။
လင်းမိန်ဟွေ့က နှုတ်ဆက်ရင်း ချန်အန်းသယ်ကို စနောက်လိုက်လေ၏။
“ကျွန်မက ပစ္စည်းတွေကို ဝယ်ပြီး ပြန်လာရင် အန်းသယ်ကို PHS တစ်လုံး လက်ဆောင်ပေးမယ်.. ဒါမှ နောင်ကျရင် ဆက်သွယ်ရတာ ပိုလွယ်မှာပေါ့”
စုန့်ယီကလည်း ကြားဝင်၍ စနောက်လိုက်ပြန်သည်။
“ဒါဆိုရင်တော့ နှစ်လုံး ပေးရမှာပေါ့၊ ချန်အန်းသယ်က သူ့ရဲ့ ညီမလေးနဲ့ နေ့တိုင်း ဖုန်းပြောနေတာဆိုတော့ တစ်လုံးတည်းနဲ့ ဘယ်လောက် ပြောလို့ရမှာလဲ”
ရထားက စတင်၍ထွက်ခွာခဲ့လေသည်။
ဥသြသံကြီးက သူတို့သုံးဦး၏ စကားစမြည်ပြောဆိုမှုကို အဆုံးသတ်လိုက်ပေသည်။ ချန်အန်းသယ်က သူတို့နှစ်ဦးကို လက်လှမ်းပြ၍ နှုတ်ဆက်ကျန်ရစ်နေခဲ့၏။
လင်းမိန်ဟွေ့က ချန်အန်းသယ်ကို စောစောပြန်ရန်နှင့် လမ်းခရီးကို သတိထားရန် လှမ်း၍ မှာလိုက်ပေသည်။
ပေကျင်းသို့ ရောက်ရှိသည့်အချိန်တွင် လူစုကြီးက အရင်အတိုင်းပင် စည်ကားလွန်းသည်။
ထူးခြားသည်က ယခုတစ်ကြိမ်တွင် ပေကျင်းရှိ လူတိုင်းက PHS ဖုန်းတစ်လုံးစီကို ကိုင်ထားကြပြီး ဖုန်းပြောဆိုနေသူတိုင်းက ပြုံးရွှင်နေကြခြင်းပင် ဖြစ်၏။
လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က PHSကို ရောင်းချခြင်းက စီးပွားရေးအခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်းကို ပို၍ သေချာသွားခဲ့ကြသည်။
သူတို့က ပေကျင်းရှိ အကြီးဆုံး PHS လက်ကားဈေးကွက်သို့ သွားရောက်၍ လက်ကားဈေးနှုန်းများကို စုံစမ်းကြည့်ကြ၏။
အပေါဆုံး လက်ကားဈေးက ယွမ် (၄၅၀) ခန့် ရှိသောကြောင့် တစ်လုံးရောင်းရလျှင် ယွမ် (၅၀) ပင် မမြတ်နိုင်ကြောင်းကို တွေ့ရှိလိုက်ရသည်။
ဤသို့ဆိုလျှင် လုပ်အားခ၊ ဆိုင်လစာ၊ ရေဖိုးမီးဖိုး စရိတ်များကို နှုတ်လိုက်ပါက မည်သည်မျှကျန်တော့မည် မဟုတ်ပေ။
*
အခန်း(190)
လင်းမိန်ဟွေ့က စိတ်ရှုပ်ထွေးသွားပြီး စုန့်ယီကိုလှမ်းကြည့်၍ မေးမြန်းလိုက်ပေသည်။
“အစ်ကိုစုန့်ယီ၊ မြို့ပေါ်က PHS ဆိုင်အများစုက (၅၀၀) ဝန်းကျင်နဲ့ ရောင်းနေတာကို ကျွန်မ မှတ်မိသလိုပဲ၊
တကယ်လို့ ဝယ်ဈေးက အခုလိုဆိုရင် သူတို့ အရှုံးပေါ်နေမှာ မဟုတ်ဘူးလား”
စုန့်ယီလည်း သူတို့က နားမလည်သေးသော တစ်စုံတစ်ခုက ရှိနေရမည်ဟု ခံစားလိုက်ရသည်။
သူတို့နှစ်ဦးက အရှုံးမပေးလိုကြသေးပေ။
ပေကျင်းရှိ PHS လက်ကားဈေးကွက်တိုင်းနီးပါးကို လိုက်လံ၍ကြည့်ရှုခဲ့ကြ၏။
ရလဒ်များအရ လက်ကားဒိုင်တစ်ခုနှင့်တစ်ခုကြားရှိ ဈေးနှုန်းကွာခြားချက်က ယွမ်ဆယ်ဂဏန်းမျှသာ ရှိနေသောကြောင့် အမှားအယွင်းခံရရန် နေရာမရှိသလောက်ပင်။
လင်းမိန်ဟွေ့က ကောင်တာတစ်ခုသို့ ချဉ်းကပ်၍ ဆိုင်ရှင်နှင့် ခေတ္တမျှ စကားစမြည်ပြောပြီး PHS ဖုန်းတစ်လုံးကို ထုတ်ပြခိုင်း၍ ကြည့်ရှုလိုက်ပေသည်။
“ဦးလေး၊ တကယ်လို့ ကျွန်မက ဒီဖုန်းကို အလုံး (၂၀) ဝယ်မယ်ဆိုရင် ဘယ်လောက်အထိ လျှော့ပေးနိုင်မလဲ”
“အလုံး (၂၀) ဆိုရင် တစ်လုံးကို ၁၀ ယွမ် လျှော့ပေးမယ်.. တကယ်လို့ အလုံး (၂၀၀) ယူမယ်ဆိုရင်တော့ တစ်လုံးကို ယွမ် (30)လျှော့ပေးမယ်”
လင်းမိန်ဟွေ့က သူမ၏စိတ်ထဲတွင် အကြာကြီး တွက်ချက်ကြည့်သော်လည်း ဈေးနှုန်းကွာခြားချက်က များစွာမရှိဟု ခံစားနေရဆဲပင်။
ဤကဲ့သို့သော စီးပွားရေးမျိုးက လူသုံးကုန် လက်ကားဆိုင်လောက် အမြတ်မကျန်နိုင်သကဲ့သို့ စွန့်စားရမှုလည်း များလွန်းသည်။
မည်သို့ပင်ဖြစ်စေ ဤပစ္စည်းလေးက ဈေးမနည်းလွန်းသောကြောင့် ပစ္စည်းတစ်ခုခုက ချို့ယွင်းသွားပါကလည်း ရောင်းချပြီးနောက်တိင် ဝန်ဆောင်မှုကို ကောင်းမွန်အောင် ပြုလုပ်ပေးရဦးမည် မဟုတ်ပါလား။
ဆိုင်ရှင်က လင်းမိန်ဟွေ့က စိတ်ရှုပ်ထွေးနေသည်ကို မြင်သည့်အချိန်တွင် သူမ၏လက်ထဲမှ ဖုန်းကို ပြန်ယူလိုက်လေ၏။
“တကယ် စီးပွားရေးလုပ်ဖို့ စိတ်မပါရင် ဈေးလာမမေးပါနဲ့၊ မင်းတို့က အကြာကြီး ကြည့်နေပြီးတော့မှ မဝယ်ဘူးဆိုရင် ငါတို့က ဘယ်လိုများ စီးပွားရေးလုပ်ရမှာလဲ”
လင်းမိန်ဟွေ့က မူလက အကြံအစည်တချို့ ရှိနေသောကြောင့် ဈေးနှုန်းညှိနှိုင်းကြည့်၍ အလုံး (၅၀) ခန့်ကို ယူဆောင်၍ စမ်းသပ်ရောင်းချရန် ကြံရွယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဆိုင်ရှင်၏ အမူအရာကို မြင်ရသည့်အချိန်တွင် သူမ စိတ်ပျက်သွားသောကြောင့် စုန့်ယီကို လက်ဆွဲကာ ထိုကောင်တာမှ ထွက်ခွာလာခဲ့၏။
စုန့်ယီလည်း အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး မေးမြန်းလိုက်ပေသည်။
“မိန်ဟွေ့၊ ကိုယ်တို့က အများကြီးကို လိုက်ကြည့်ခဲ့ပြီးပြီလေ၊ ဒီနေရာက ဈေးကလည်း အတော်အသင့်ရှိသားပဲ၊ ဘာလို့ မဝယ်ခဲ့တာလဲ”
လင်းမိန်ဟွေ့က ခေါင်းကိုခါပြလျက် လူအဝင်အထွက်များသော လက်ကားဈေးကွက်ကြီးကို စိုးရိမ်တကြီးဖြင့် ကြည့်ရင်း ပြောလာသည်။
“ဒီဈေးနဲ့ ဝယ်မယ်ဆိုရင် ကျွန်မတို့က (၅၀၀) ဝန်းကျင်နဲ့ ပြန်ရောင်းရမှာလေ၊ အဲဒီလိုဆိုရင် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူးပေါ့၊
လူတွေက ဘတ်စ်ကားခ ယွမ်အနည်းငယ် အကုန်ခံပြီး မြို့ပေါ်မှာပဲ ဈေးသက်သက်သာသာနဲ့ ဝယ်ကြမှာ ကျိန်းသေတယ်”
“ဒါပေမဲ့ လက်ကားဈေးက ဒီလိုပဲလေ၊ အဲဒီကုမ္ပဏီကလည်း အရေအတွက်နဲ့ ရောင်းတာမျိုး ရှိမလားလို့ ကိုယ်တွေးမိတယ်”
“မဖြစ်နိုင်ပါဘူး၊ ဒီလို အသစ်အဆန်း ပစ္စည်းမျိုး ပေါ်လာတဲ့အချိန် ဈေးနှုန်းကွာခြားချက်ပေါ်မှာ အမြတ်ထုတ်နိုင်မဲ့ အခွင့်အရေးကောင်းတွေက အရင်ရှိတတ်ပြီး နောက်ပိုင်းမှ ဈေးနှုန်းကွာခြားချက်က တဖြည်းဖြည်း နည်းသွားတာ၊
ဒါက အရင်းရှင်စနစ်ရဲ့ အခြေခံ သဘောတရားပဲ”
လင်းမိန်ဟွေ့က သူမက တက္ကသိုလ်တက်ချိန်က ဆရာကပြောပြခဲ့သည်များကို သတိရမိသည်။
ကုန်ပစ္စည်းများစွာက တစ်ဆင့်တည်းဖြင့် ပို့ဆောင်နိုင်သော်လည်း ကုန်သည်များက ဤပစ္စည်းအတွက် ဈေးကွက်ကို ချဲ့ထွင်ရန် တဖြည်းဖြည်းချင်း အဆင့်မြှင့်တင်ခြင်းကို ပြုလုပ်တတ်ကြသည်။
ဤဖြစ်စဉ်က အရင်းအနှီး၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိသည်။
စုန့်ယီကလည်း လင်းမိန်ဟွေ့ ပြောသည်က ကျိုးကြောင်းဆီလျော်မှုရှိသည်ဟု ခံစားရပေသည်။
သို့သော်လည်း ပေကျင်းကဲ့သို့သော အကြီးဆုံး လက်ကားဈေးကွက်ကြီးကပင် ဤကဲ့သို့ ဖြစ်နေလျှင် သူတို့၏အနေဖြင့် အသက်သာဆုံးသော ဈေးနှုန်းမျိုးကို မည်သည့်နေရာတွင် သွားရောက်ရှာဖွေရမည်နည်း။
သူတို့နှစ်ဦးက မည်သို့လုပ်ရမည်ကို မသိဖြစ်နေကြချိန်တွင် လင်းမိန်ဟွေ့က ချန်းမင်ကို ရုတ်တရက် သတိရလိုက်ပေသည်။
သူမနှင့် မတွေ့ရသည်က ကြာပြီဖြစ်၍ သူမကို ကူညီပေးခဲ့သော အစ်မကို တွေ့ဆုံလိုပြီး သူမက မည်သို့အခြေအနေရှိနေမည်ကိုလည်း သိချင်မိသည်။
လင်းမိန်ဟွေ့က စုန့်ယီနှင့်အတူ တက္ကစီစီး၍ ဟုန်ရိကုမ္ပဏီသို့ သွားရောက်ခဲ့၏။
ကားပေါ်မှ ဆင်းကာ ကုမ္ပဏီတံခါးဝသို့ လျှောက်သွားသည့်အချိန်တွင် မူလက ဟုန်ရိကုမ္ပဏီ ဆိုင်းဘုတ်က မရှိတော့ဘဲ တခြားကုမ္ပဏီတစ်ခု၏ နာမည်ဖြင့် အစားထိုးထားသည်ကို တွေ့လိုက်ရသည်။
လင်းမိန်ဟွေ့က လအနည်းငယ်အတွင်း ကုမ္ပဏီက ဒေဝါလီခံသွားရပြီလားဟု ထင်မှတ်သွားမိ၏။
လင်းမိန်ဟွေ့က လုံခြုံရေးဝန်ထမ်းကို မေးမြန်းကြည့်မှသာ ဟုန်ရိကုမ္ပဏီက ပိုမိုကြီးမားသော ရုံးအဆောက်အအုံသစ်တစ်ခုသို့ ပြောင်းရွှေ့သွားခဲ့ပြီး ဤနေရာကို တခြားကုမ္ပဏီများသို့ လွှဲပေးခဲ့ခြင်းဖြစ်ကြေင်းကို သိလိုက်ရသည်။
လင်းမိန်ဟွေ့က စုံစမ်းရရှိထားသော လိပ်စာအတိုင်းပင် လိုက်သွားခဲ့သည်။
သူမ၏ရှေ့တွင် မြေပြင်မှ ထိုးထွက်နေသော အထပ်မြင့် အဆောက်အအုံကြီးကို မြင်တွေ့လိုက်ရပြီး ဟုန်ရိထုတ်ဝေရေးဟူသော စာတန်းကြီးက တစ်ထပ်လုံးကို နေရာယူထားသည်ကို မြင်ရသည့်အချိန်တွင်မှသာကုမ္ပဏီက များစွာ ကြီးထွားလာခဲ့ပြီဖြစ်ကြောင်းကို သက်ပြင်းချရင်း ရေရွတ်မိတော့သည်။
ဟုန်ရိထုတ်ဝေရေးတွင် ဝန်ထမ်းပေါင်း ဒါဇင်နှင့်ချီ၍ စနစ်တကျ အလုပ်များနေကြသည်။
ယခုအချိန်တွင် ချန်းမင်က ကုမ္ပဏီ၏ အရောင်းဌာန ညွှန်ကြားရေးမှူး ဖြစ်နေပြီး သူမ၏ လက်အောက်တွင် အရောင်းဝန်ထမ်း (၁၃) ဦး ရှိနေသည်။
သူမ၏ ဝတ်စားဆင်ယင်မှုကလည်း အရင်ကနှင့် လုံးဝ မတူတော့ပေ။
ဤအောင်မြင်မှုများ အားလုံးအတွက် သူမက လင်းမိန်ဟွေ့ကို ရင်ထဲမှ တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။
လင်းမိန်ဟွေ့က ထုတ်ဝေရေးရုံးထဲသို့ လမ်းလျှောက်ဝင်သွားသည့်အချိန်တွင် ချန်းမင်ကို ချက်ချင်း မမှတ်မိခဲ့ပေ။
ဝန်ထမ်းငယ်လေးတစ်ဦးက ချန်းမင်ကိုနှုတ်ဆက်လိုက်သည့် အချိန်အထိပင်။
“ညွှန်ကြားရေးမှူးချန်း၊ ဟိုဘက်မှာ တစ်ယောက်ယောက်က လာရှာနေပါတယ်၊ အစ်မရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းလို့ ပြောပါတယ်”
ချန်းမင်က ခေါင်းမော့ကြည့်လိုက်သည့်အချိန်မှသာ မနီးမဝေးတွင် ရပ်နေသည့်၊ ဆံပင်ကို ကောက်ထားပြီး ခေတ်မီစွာ ဝတ်ဆင်ထားသော အမျိုးသမီးက ချန်းမင် ဖြစ်ကြောင်းကို လင်းမိန်ဟွေ့ မှတ်မိသွားသည်။
“အစ်မချန်း အချိန်ရလား၊ ကျွန်မ အစ်မဆီကို လာလည်တာ”
ချန်းမင်က လင်းမိန်ဟွေ့ကို မြင်လိုက်ရသည်နှင့် လက်ရှိအလုပ်များကို ချက်ချင်းချထားလိုက်ပြီး စာရွက်စာတမ်းများကို သူမ၏ လက်ထောက်ထံသို့ လွှဲပေး၍ လင်းမိန်ဟွေ့ထံသို့ လျှောက်လာခဲ့၏။
“မိန်ဟွေ့၊ ပေကျင်းကို လာမယ်ဆိုရင် ဘာလို့ ကြိုမပြောတာလဲ၊ ဒါမှ ငါတို့ ဘူတာအထိ လာကြိုလို့ ရမှာပေါ့”
ချန်းမင်က လင်းမိန်ဟွေ့ကို ရင်းနှီးစွာ ပြောလိုက်ပေသည်။
လင်းမိန်ဟွေ့လည်း ဤအခိုက်အတန့်တွင် အလွန်ပင် ပျော်ရွှင်နေပြီး စုန့်ယီကိုလည်း ချန်းမင်နှင့် ပြန်လည်မိတ်ဆက်ပေးလိုက်၏။
“အစ်မချန်း၊ ဒါက ကျွန်မရဲ့ အမျိုးသား စုန့်ယီလေ.. အခု ကျွန်မတို့တွေ နေရပ်မှာ လူသုံးကုန် လက်ကားဆိုင်လေး တစ်ဆိုင်ကို ဖွင့်ထားတယ်”
“ကောင်းတာပေါ့၊ မင်းက ပေကျင်းမှာ ဆက်မနေဘဲ နေရပ်ပြန်သွားတာကို ငါ နှမြောနေတာ၊
ဟိုအလယ်တန်းကျောင်းအုပ်ကြီးက ငါတို့ဆီမှာ စာအုပ်တွေကို အကြိမ်ကြိမ် မှာဖူးတယ်၊
ပြီးတော့ မင်းအကြောင်းကိုလည်း ခဏခဏ ပြောပြီး မင်းက လူကောင်းတစ်ယောက်ပါလို့ ချီးကျူးနေသေးတယ်”
ချန်းမင်က သူတို့ကို အစည်းအဝေးခန်းငယ်လေးတစ်ခုထဲသို့ ဖိတ်ခေါ်ရင်း အတိတ်က အကြောင်းအရာများကို ပြောပြနေသည်။
အစည်းအဝေးခန်း စားပွဲပေါ်တွင် ပန်းများနှင့် သစ်သီးခြောက်တချို့က ရှိနေပြီး ကြည့်ရသည်က ခေတ်မီသော အငွေ့အသက်များ ရှိနေလေ၏။
လင်းမိန်ဟွေ့က ထိုင်ခုံကို ကိုင်ကြည့်ရင်း ပြောလိုက်ပေသည်။
“ကျွန်မက ထွက်သွားတာ တစ်နှစ်တောင် မပြည့်သေးဘူး၊ ကုမ္ပဏီက ဒီလောက်အထိ ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး!”
“ဒါတွေက မင်းရဲ့ကျေးဇူးကြောင့်ပါပဲ၊ မင်းသာ အလုပ်ပြောင်းဖို့ မတိုက်တွန်းခဲ့ရင် ငါတို့အားလုံးက အလုပ်ပြုတ်ကုန်ကြမှာ၊
အခု PHS ဖုန်းတွေက ပေါ်လာတော့ နံရံကပ်ပြက္ခဒိန်တွေက လုံးဝကို ပျောက်ကွယ်သွားပြီမလား”
ချန်းမင်က လင်းမိန်ဟွေ့နှင့် စုန့်ယီတို့အတွက် လက်ဖက်ရည်ကို ဖျော်ပေးနေ၏။ သူမ၏ လှုပ်ရှားမှုများက တည်ငြိမ်ပြီး ခန့်ညားလွန်းသည်။
စုန့်ယီက ကျေးဇူးတင်စကား ပြောလိုက်ပြီး တိတ်တဆိတ်ပင် လက်ဖက်ရည်ကို သောက်နေသည်။
လင်းမိန်ဟွေ့က ချန်းမင်နှင့် PHS အကြောင်းကို စတင်ဆွေးနွေးလေတော့သည်။
“အစ်မချန်း၊ အခု ကျွန်မက PHS ဆိုင်တစ်ဆိုင်ကို ဖွင့်ချင်လို့ လက်ကားဈေးကွက်ကို လိုက်ကြည့်နေတာ၊
အခုလို လိုက်ကြည့်ပြီးတော့မှ လက်ကားဈေးက အရမ်းကြီးနေတယ်လို့ ခံစားရတယ်”
ဤသည်ကို ကြားရသည့်အချိန်တွင် ချန်းမင် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
လင်းမိန်ဟွေ့က နေရပ်ကို အဘယ်ကြောင့် ပြတ်သားစွာ ပြန်သွားသည်ကို ယခု နားလည်လိုက်ပေပြီ။
သူမက သူဌေးမလေး ဖြစ်နေချေပြီ။
PHS ဆိုင်တစ်ဆိုင်ကို ဖွင့်ရန်အတွက် အနည်းဆုံး ယွမ်သောင်းဂဏန်းအထိ အရင်းအနှီး လိုအပ်သည်။
လင်းမိန်ဟွေ့က ယခုကဲ့သို့ ပြောဆိုနိုင်သည်က သူမ၏လက်ထဲတွင် အနည်းဆုံး ထိုမျှသော ငွေကြေးက ရှိနေသည်ဟုအဓိပ္ပာယ်ရ၏။
ချန်းမင်က ဤညီမငယ်လေးကို ပို၍ပင် လေးစားသွားရသောကြောင့် ပြောလာသည်။
“မင်း လူမှန်ကို မေးလိုက်တာပဲ၊ ငါတို့တွေ စာအုပ်သွားရောင်းတုန်းက လူမျိုးစုံနဲ့ တွေ့ခဲ့ရတာလေ၊
ပြီးခဲ့တဲ့တစ်ခေါက်က PHS ရောင်းတဲ့ စီးပွားရေးသမားတစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်၊
သူကတော့ ဒါမျိုးက နားမလည်တဲ့သူတွေက လုပ်လို့မရတဲ့ အလုပ်မျိုးလို့ ပြောပြဖူးတယ်”
“ဒါဆိုရင် အစ်မက သူ့ကို မေးကြည့်ခဲ့သေးလား၊ ဘယ်လိုလူမျိုးမှ ကျွမ်းကျင်သူလို့ သတ်မှတ်တာလဲ”
“အင်း.. ငါ သူနဲ့ကတော့ ခင်မင်နေသေးတယ်၊ နေဦး.. ညနေကျရင် သူ့ကို ချိန်းပြီး အပြင်မှာ ထမင်းအတူစားကြရအောင်၊
သူကတော့ မင်းကို ဒီလုပ်ငန်းအကြောင်းကို ပြောပြချင်မှာပါ”
ချန်းမင်က အလွန်ပင် ပျော်ရွှင်နေခဲ့ပြီး သူမ၏ PHS ဖုန်းကို ထုတ်၍ ရှောင်ကျွင်းထံသို့ ဖုန်းဆက်လိုက်ပေသည်။
“ရှောင်ကျွင်း၊ ငါ့မှာ မင်းနဲ့ တွေ့ပြီး စီးပွားရေးအကြောင်းကို ဆွေးနွေးချင်တဲ့ သူငယ်ချင်းနှစ်ယောက် ရှိလို့ပါ၊
ဒီနေ့ ညနေ ငါ့ကို မျက်နှာသာပေးပြီး ထမင်းတစ်နပ်လောက် အတူစားပေးနိုင်မလား”
ဖုန်းတစ်ဖက်မှလူက အလွယ်တကူပင် သဘောတူလိုက်ပြီး ချန်းမင်အား မည်သည့်စားဖွယ်ရာကို ကျွေးမည်နည်းဟုပင် စနောက်လိုက်သေး၏။
သေချာပေ၏။ ချန်းမင်က စေးနှဲမည့်သူ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ လင်းမိန်ဟွေ့အတွက်ပင် မဟုတ်ပါလား။