← Chapters

အခန်း (၆၆၁-၆၆၂)

Vol. 67 Ch. 661-662

အခန်း (၆၆၁-၆၆၂)

Vol. 67 Ch. 661-662

အခန်း (၆၆၁) မယ်တော်ကြီး

"ရ... ရပါတယ်။ အမေ့အတွက် မစိုးရိမ်ပါနဲ့။ အမေ့ကို အောက်ချပေးလို့ ရပါတယ်၊ တကယ်ပါ။ အမေ အဆင်ပြေပါတယ်။ အမေ လမ်းလျှောက်နိုင်ပါတယ်၊ သား ပင်ပန်းအောင် မလုပ်ပါနဲ့" အမျိုးသမီးက စိုးရိမ်တကြီးဖြင့် လုံချန်းကို ပြောလိုက်သည်။ သူမ၏ သားဖြစ်သူမှာ အာဟာရ ပြည့်ဝအောင်ပင် မကျွေးမွေးနိုင်သည့် အိမ်ထောင်စုတွင် နေထိုင်ရသဖြင့် ခန္ဓာကိုယ် အလွန်အားနည်းမှန်း သူမ သိထားသည်။

သူမ၏သားမှာ သန်မာသူ မဟုတ်သဖြင့် သူမကို ဤကဲ့သို့ အိမ်အထိ ချီသွားရန်မှာ မဖြစ်နိုင်ဟု သူမ ထင်မြင်နေသည်။ လုံချန်းအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုပေ။ လမ်းလျှောက်ရသည်မှာ သူမအတွက် နာကျင်လှသော်လည်း သားဖြစ်သူ ပင်ပန်းရမည့်အစား ထိုနာကျင်မှုကိုသာ သူမက ရွေးချယ်လိုသည်။

လုံချန်းက သူမ၏ အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

"မစိုးရိမ်ပါနဲ့။ လူတစ်ယောက်ကို ချီရတာ ဘာမှ အပန်းမကြီးပါဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်တွေက ဗလာဖြစ်နေတုန်းပဲဆိုတော့ ဘယ်ဘက်ကို သွားရမလဲဆိုတာပဲ ပြောပြပေးပါ" လုံချန်းက ဘာမှမဟုတ်သကဲ့သို့ ပြန်ပြောရင်း စိတ်မပူရန် ချော့မော့လိုက်သည်။ သူမသည် လုံလောက်သော အခက်အခဲများကို ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သဖြင့် သူမအား ထပ်ပြီး စိတ်မပူစေလိုတော့ပေ။

'တကယ်လို့ သူသာ ဘုရင်ဖြစ်လာမယ်ဆိုရင် သူက မယ်တော်ကြီး ဖြစ်လာမှာပဲ' ၎င်းမှာ စမ်းသပ်မှုတစ်ခုသာ ဖြစ်သော်လည်း ဤကမ္ဘာမှာ အစစ်အမှန် ဖြစ်နေပြီး စမ်းသပ်မှု ပြီးဆုံးပါက သူ၏ ဝိညာဉ်မှာ မူလခန္ဓာကိုယ်ဆီသို့ ပြန်သွားရမည် ဖြစ်သည်။ ထိုအခါ ဤနိုင်ငံကို ဆက်လက် အုပ်ချုပ်မည့်သူ လိုအပ်လိမ့်မည်။ သူ ဤနေရာသို့ မရောက်ရှိမီ သူမကို တစ်ခုခု ဖြစ်သွားမှာမျိုး သူ အဖြစ်မခံနိုင်ပေ။ သူမ၏ သားအစစ်ကို သူ မကယ်တင်နိုင်ခဲ့သော်လည်း သူမ၏ သားအဖြစ် ခံယူထားချိန်အတွင်းမှာတော့ သူမကို အနည်းငယ်မျှသော ပျော်ရွှင်မှုလေးတွေ ပေးသွားချင်မိသည်။

"ကဲ... တခြား ဘာမှ ထပ်မပြောပါနဲ့တော့၊ မဟုတ်ရင် ကျွန်တော် စိတ်ဆိုးတော့မှာ။ အိမ်ပြန်မယ့် လမ်းကြောင်းကိုသာ ပြောပြပေးပါ" သူမ တစ်ခုခု ထပ်ပြောရန် ဟန်ပြင်နေသည်ကို မြင်သောအခါ လုံချန်းက ဖြတ်ပြောလိုက်သည်။

အမျိုးသမီး၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံသွားကာ ပြုံးလိုက်မိသည်။

"သားက သား အဖေလိုပဲ တစ်ပါးသူကို တကယ် ဂရုစိုက်တတ်တာပဲ" သူမက ဝမ်းနည်းဖွယ် လေသံဖြင့် ပြောလိုက်သည်။

"သူ့လို ဂရုစိုက်တတ်တယ် ဟုတ်လား။ သူက အမေ့ကို ဒီနိုင်ငံမှာ ပစ်ထားခဲ့ပြီး ထွက်ပြေးသွားတဲ့သူ မဟုတ်ဘူးလား။ အမေ ဒီလောက် ဒုက္ခရောက်နေတာတောင် သူက လှည့်တောင် မကြည့်ခဲ့တဲ့သူလေ" လုံချန်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူသည် အတိတ်က အဖြစ်အပျက် အပြည့်အစုံကို မသိသော်လည်း ဤမြို့ထဲ ရောက်ရှိပြီးနောက် ကြားသိရသမျှအား အခြေခံ၍ သုံးသပ်လိုက်ခြင်း ဖြစ်သည်။

နတ်ဆိုးဟု လူသိများသော ထိုအမျိုးသမီး၏ ခင်ပွန်းမှာ နိုင်ငံတော်အား သစ္စာဖောက်ကာ ထွက်ပြေးသွားခဲ့ပြီး သူ၏ ဇနီးနှင့် သားကိုမူ နိုင်ငံတော်၏ နှိပ်စက်ညှဉ်းပန်းမှုဒဏ်အား ခံစားရန် ပစ်ထားခဲ့သူ ဖြစ်သည်။

ထိုအမျိုးသမီးမှာ သူမ၏ ခင်ပွန်းကို မုန်းတီးသင့်သော်လည်း သူမ ပြောဆိုပုံအရ သူမ၏ ခင်ပွန်းအပေါ် အနည်းငယ်မျှပင် စိတ်ဆိုးနေပုံ မရပေ။

"ရှူး... အမေ ပြောပြီးပြီလေ။ သားအဖေအပေါ် မကောင်းမမြင်ပါနဲ့။ သား အဖေက ဒီနိုင်ငံအတွက် အကြီးမားဆုံး မျိုးချစ်စိတ် ရှိတဲ့သူပါ။ သူ ဒီနိုင်ငံအတွက် အများကြီး စတေးခဲ့တာ။ သူက မိခင်တစ်ယောက်လို သဘောထားတဲ့ ဒီနိုင်ငံကို သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ဒါက သူ့အပေါ်မှာ ကြံစည်ကြတာပါ။ သား အဖေကို မမုန်းပါနဲ့။ သူက ဒီလို အမုန်းတွေနဲ့ မထိုက်တန်ပါဘူး။ တစ်နေ့ကျရင် အမှန်တရားက လူတိုင်းရှေ့မှာ ပေါ်ထွက်လာမှာပါ" မီလျာယီ က ဝမ်းနည်းဖွယ် အပြုံးလေးဖြင့် ပြောပြရှာသည်။

'စိတ်ဝင်စားဖို့ကောင်းသားပဲ။ အဲဒီလိုလူမျိုးက နိုင်ငံကို သစ္စာဖောက်ဖို့ ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပဲ။ ပြီးတော့ လူတစ်ယောက်အကြောင်းကို သူ့ဇနီးထက် ဘယ်သူက ပိုသိနိုင်မှာလဲ' လုံချန်းက တွေးတောနေမိသည်။

သူမ၏ စကားများမှာ လိမ်ညာနေခြင်း မဟုတ်ဘဲ အလွန် ရိုးသားနေသည်ဟု သူ ခံစားရသည်။

'အတိတ်က ဖြစ်ရပ်တွေမှာ ကွယ်ဝှက်ထားတာတွေ ရှိဦးမှာပဲ' ဇာတ်လမ်းက တစ်ခုခု လွဲချော်နေသည်ကို သူ သတိပြုမိလိုက်သည်။ သူသည် အတိတ်ကို မသိသဖြင့် အခြေအနေအား ခန့်မှန်း၍ မရသော်လည်း အမှန်တရားကို ရှာဖွေရန် သူ ဆုံးဖြတ်လိုက်သည်။

"အမေ... အဲဒီတုန်းက တကယ် ဘာတွေ ဖြစ်ခဲ့တာလဲ။ ကျွန်တော့်ကို အစအဆုံး ပြောပြလို့ ရမလား" သူက မြို့လမ်းမပေါ်တွင် လျှောက်လှမ်းရင်း မေးလိုက်သည်။

"အဲဒီမှာတင် ရပ်လိုက်တော့" အမျိုးသမီးက ရုတ်တရက် လေသံပြောင်းကာ ပြောလိုက်သည်။

လုံချန်းမှာ သူမ၏ လေသံကြောင့် အံ့အားသင့်သွားရသည်။

'ငါ မေးခွန်းမှားသွားတာလား။ သူမက ဒါကို မပြောချင်ဘူးလား' သူက မျက်မှောင်ကြုတ်ရင်း တွေးနေမိစဉ်မှာပင် အမျိုးသမီးက ဆက်ပြောလာသည်။

"ဒီနေ့တော့ သားရဲ့ စိတ်တွေက တကယ်ကို ဗလာဖြစ်နေတာပဲ" အမျိုးသမီးက လုံချန်း၏ ခေါင်းကို ပုတ်ရင်း ပြောလိုက်သည်။

"လမ်းမှားနေပြီလေ။ အမေတို့အိမ်က ဟိုဘက်မှာ" သူမက အပြစ်ကင်းစွာ ပြုံးရင်း ပြောပြသည်။ ပြုံးလိုက်သည်မှာပင် သူမအတွက် နာကျင်လှသော်လည်း မျက်နှာတွင် မပေါ်အောင် ထိန်းထားရှာသည်။

"ဪ... ဟုတ်သားပဲ။ ကျွန်တော့်စိတ်တွေ လုံးဝ ဗလာဖြစ်နေတာ။ ဒါကြောင့် ဒါကို ပထမဆုံးအကြိမ် ရောက်ဖူးသလိုပဲ သဘောထားလိုက်ပါတော့" လုံချန်းက ပုံမှန်အတိုင်းပင် ပြန်ပြောလိုက်သည်။

"အမေ နားလည်ပါတယ်။ ဒါမျိုး ဖြစ်တတ်တာပဲ။ သားအဖေလည်း အမေ့မိသားစုနဲ့ လက်မထပ်ခင် ပထမဆုံး တွေ့တုန်းက အဲဒီလိုပဲ ဖြစ်ခဲ့တာ။ ဒါက သူ့ရဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်မှာပါ" အမျိုးသမီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

လုံချန်းသည် လမ်းကြောင်းကို ပြန်လှည့်ကာ သူမ ပြသသည့်ဘက်သို့ လျှောက်လာခဲ့သည်။

သူမသည် သူ မေးမြန်းခဲ့သော မေးခွန်းကိုတော့ ပြန်မဖြေခဲ့ပေ။ လုံချန်းက ထပ်မေးရန် စဉ်းစားသော်လည်း ထိုစိတ်ကူးကို လက်လွှတ်လိုက်သည်။ အကယ်၍ သူမ ပြောပြချင်လျှင် သူမဘာသာ စတင်ပြောပြလိမ့်မည်ဟု သူ ခံစားမိသည်။

'သူ့ကို မသတ်ခင် ငါ သူ့ကိုပဲ မေးကြည့်တော့မယ်' လုံချန်းက ခေါင်းညိတ်ရင်း တွေးလိုက်သည်။

အတိတ်က အဖြစ်အပျက်နှင့် ပတ်သက်၍ ဤနိုင်ငံရှိ မြို့သားများ ကြားသိရသကဲ့သို့ပင် သူမလည်း ထိုအတိုင်း ကြားသိထားရမည်ကို သူသိသည်။ ထို့ကြောင့် သူ တခြားသူများကိုလည်း မေးမြန်းနိုင်သည်။ သူ ပထမဆုံး စဉ်းစားမိသည့်လူမှာ မီလျာယီကို ကြိမ်ဖြင့် ရိုက်နှက်နှိပ်စက်ခဲ့သည့် ထိုလူပင် ဖြစ်သည်။

သူသည် ထိုလူကို သတ်ရန် ဆုံးဖြတ်ပြီးသား ဖြစ်သဖြင့် မသတ်မီ မေးခွန်းအချို့ မေးမြန်းရန် သူ ဝန်မလေးပေ။

လုံချန်းသည် အမျိုးသမီးကို ချီကာ မြို့၏ အစွန်ဘက်သို့ လျှောက်လာခဲ့သည်။

မြို့ထဲတွင် တောအုပ်တစ်တော ရှိနေသော်လည်း ၎င်းမှာ တောအုပ်ထက်စာလျှင် မည်သူမျှ ဂရုမစိုက်သော နေရာတစ်နေရာနှင့် ပိုတူသည်။ ဤနေရာတွင် မြက်ရိုင်းများ နေရာအနှံ့ ပေါက်နေပြီး ပိုးမွှားများလည်း အလွန်ပေါများသည်။ သစ်ပင်များလည်း ရှိနေသဖြင့် တောအုပ်သဖွယ် ထင်ရခြင်း ဖြစ်သည်။

လုံချန်းသည် သူမ၏ လမ်းညွှန်မှုအတိုင်း လျှောက်လာရင်း သူတို့၏ ခရီးဆုံးသို့ ရောက်ရှိလာခဲ့သည်။

'ဒါ သူ့ရဲ့ အိမ်လား။ ငါ အများကြီး မမျှော်လင့်ထားသင့်ဘူးပဲ။ နိုင်ငံတော်ကို သစ္စာဖောက်တဲ့သူရဲ့ ဇနီးဆိုတော့ ဘယ်သူကမှ ကူညီချင်ကြမှာ မဟုတ်ဘူး။ တကယ်လို့ သူ့မှာ ကောင်းမွန်တဲ့ အိမ်နဲ့ အကူအညီတွေ ရှိနေရင် အဲဒီလို နေရာမျိုးမှာ ဘာလို့ အလုပ်လုပ်နေမှာလဲ။ သူ ဒီလိုနေရာမှာ နေရတာက ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်ကို စိတ်မကောင်းစရာပဲ' လုံချန်းသည် သူ၏ရှေ့မှ စုတ်ပြတ်ပျက်စီးနေသော တဲအိမ်လေးကို ကြည့်ရင်း တွေးတောနေမိသည်။

အခန်း (၆၆၂) ဝိညာဉ်စစ်သည်တော် ကောလိပ်

၎င်းမှာ သစ်သားများဖြင့် ကြမ်းတမ်းစွာ ဆောက်လုပ်ထားသော တဲအိမ်လေးတစ်လုံး ဖြစ်သည်။ အကျယ် ၅ မီတာ၊ အလျား ၃ မီတာခန့်သာ ရှိသဖြင့် လူနှစ်ယောက် နေထိုင်ရန်ပင် ခဲယဉ်းလှသည်။ အထဲတွင်လည်း နေရာလွတ် ရှိပုံမရပေ။

"ရောက်ပြီ... အမေ့ကို အောက်ချပေးလို့ ရပါပြီ။ အမေ တံခါးဖွင့်လိုက်မယ်" မီလျာယီက တဲအိမ်နား ရောက်သည်နှင့် လုံချန်းကို အောက်ချပေးရန် ပြောလိုက်သည်။

လုံချန်းက ဘာမှပြန်မပြောသလို အောက်ကိုလည်း ချမပေးခဲ့ပေ။ ထိုအစား သူသည် သစ်သားတံခါးနားအထိ လျှောက်သွားကာ တွန်းဖွင့်လိုက်ပြီး အမျိုးသမီးကို ချီလျက်သားဖြင့် အထဲသို့ ဝင်သွားခဲ့သည်။

'ဒီနေရာကတော့...' လုံချန်းသည် ဤအိမ်အပေါ် အများကြီး မျှော်လင့်မထားသော်လည်း အမှန်တကယ် မြင်လိုက်ရသည့် အခြေအနေမှာ သူ ထင်ထားသည်ထက်ပင် ပို၍ ဆိုးရွားနေသည်။

တဲအိမ်ထဲတွင် ဘာမှမရှိပေ။ အစွန်းတစ်ဖက်တွင် ဟောင်းနွမ်းနေသော အဝတ်အစား အနည်းငယ် စုပုံထားသည်။ ကုတင်ဆိုသည်မှာ ဝေလာဝေး၊ မွေ့ရာပင် မရှိပေ။ ထိုအစား မြေပြင်ပေါ်တွင် သစ်ရွက်အချို့ကို ခင်းထားကာ အိပ်ရာအဖြစ် ပြုလုပ်ထားခြင်း ဖြစ်သည်။

လုံချန်းသည် သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး ထိုသစ်ရွက်အိပ်ရာနားသို့ လျှောက်သွားလိုက်သည်။

သူသည် ကိုယ်ကို ကိုင်းလိုက်ကာ အမျိုးသမီးကို သစ်ရွက်များပေါ်သို့ အသာအယာ ချပေးလိုက်သည်။

"ခ... ခဏလေး။ အမေ တကယ် အဆင်ပြေပါတယ်။ သားစားဖို့ တစ်ခုခု လုပ်ပေးပါရစေဦး" အမျိုးသမီးက ထထိုင်ရန် ကြိုးစားသော်လည်း လုံချန်းက သူမ၏ ပခုံးကို ဖိကာ ပြန်လှဲခိုင်းလိုက်သည်။

"အမေ ထမထိုင်နဲ့နော်။ ဒီအတိုင်းပဲ လှဲနေပါ။ ကျွန်တော် အပြင်မှာ အမဲလိုက်ရင်း သားကောင်အကောင်းစား ရခဲ့လို့ အဲဒါကို ရောင်းပြီး ပိုက်ဆံအတော်အတန် ရထားတယ်။ ဒီနေ့တော့ အမေ ဘာမှလုပ်စရာ မလိုဘူး။ ကျွန်တော်တို့ အောင်ပွဲခံကြမယ်။ ခဏလေးပဲ စောင့်ပါ၊ နာရီဝက်နေရင် ကျွန်တော် ပြန်လာခဲ့မယ်။ တကယ်လို့ အမေသာ ထ,တာတွေ့ရင် ကျွန်တော် တကယ် စိတ်ဆိုးမှာနော်" လုံချန်းက သူမကို စိုက်ကြည့်ရင်း အလေးအနက် ပြောလိုက်သည်။

ထို့နောက် သူသည် တဲအိမ်ထဲမှ ထွက်လာခဲ့သည်။

'ဟင်း... ငါ သူ့ကို လိမ်ပြောခဲ့တာပဲ။ ငါ အမဲမလိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ဖူချန်းက အဲဒီတောအုပ်ထဲမှာ ရှိနေခဲ့တယ်ဆိုတော့ သူ တကယ် အမဲလိုက်နေတာ ဖြစ်ရမယ်။ ဒီညတော့ သူ ရှာမတွေ့ခဲ့တဲ့ သားကောင်ကို ငါ အဆုံးသတ်ပေးရမှာပေါ့။ အဲဒီ ယုတ်မာတဲ့ သားကောင်ပေါ့' လုံချန်းက မြို့ထဲသို့ ပြန်လျှောက်လာရင်း မကောင်းဆိုးဝါးကဲ့သို့ ပြုံးကာ ရေရွတ်လိုက်သည်။

မီလျာယီမှာ အိမ်ထဲတွင် ကျန်ရစ်ခဲ့သော်လည်း အချက်တစ်ချက်ကိုတော့ သတိမထားမိခဲ့ပေ။ အိမ်ထဲတွင် ရှိနေသော ဓားငယ်လေးမှာ ပျောက်ဆုံးနေသည်။ လုံချန်းက ထိုဓားကို သူနှင့်အတူ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

လုံချန်းသည် တစ်စုံတစ်ဦးကို အန္တရာယ်ပြုရန်အတွက် လက်နက် လိုအပ်နေကြောင်း သိရှိထားသည်။ ကျင့်စဉ်စွမ်းအား မရှိသေးချိန်တွင် လက်နက်ဖြင့် သတ်ဖြတ်ရသည်မှာ ပို၍ လွယ်ကူသည်။ လက်နက်မဲ့နေရသည်မှာ သူ့အတွက် တကယ့်ကို အခက်အခဲ ဖြစ်နေသည်။

သူ့မှာ လက်နက်သာ ရှိခဲ့လျှင် ထိုဝက်ဝံနှင့် တိုက်ပွဲမှာ ယခုလောက် ခက်ခဲလိမ့်မည် မဟုတ်ပေ။ သူသည် ကျင့်စဉ်စွမ်းအားဖြင့် လက်နက်များ ဖန်တီးချင်သော်လည်း သွေးကြောများကို ခုမှ ဖွင့်လှစ်ထားရသဖြင့် ၂၄ နာရီ မပြည့်သေးဘဲ ကျင့်ကြံ၍ မရသေးပေ။ ထို့ကြောင့် တဲအိမ်လေးထဲတွင် ဓားတစ်ချောင်း တွေ့လိုက်ရသောအခါ သူ၏ မျက်လုံးများ ဝင်းလက်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် မီလျာယီ ကို ထားခဲ့စဉ်က တစ်စုံတစ်ယောက်အား ရှင်းလင်းရန်အတွက် ထိုဓားကို လျှို့ဝှက်စွာ ယူဆောင်လာခဲ့သည်။

လုံချန်းသည် သူ၏ လက်ထဲမှ ဓားကို ကြည့်ကာ ပြုံးလိုက်မိသည်။

"ဒါက ငါ့ရဲ့ ဝိညာဉ်ဓားနဲ့ မယှဉ်နိုင်ပေမဲ့ ဘာမှမရှိတာထက်စာရင်တော့ တော်ပါသေးတယ်" လုံချန်းက ရေရွတ်ရင်း ထိုဓားကို အဝတ်ကြားထဲတွင် ဝှက်လိုက်ပြီး မြို့ထဲသို့ ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

နေဝင်ရီတရော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအချိန်မှာ လုံချန်းအတွက် အကောင်းဆုံး အချိန်ပင်။ သူ၏ တိုက်ခိုက်ရေး စွမ်းရည်များ မရှိသော်လည်း အလွန်အင်အားကြီးမားသော နိယာမ အချို့ ရှိနေသေးသည်။ ထိုအထဲတွင် အမှောင် နိယာမမှာ အရေးအကြီးဆုံး ဖြစ်သည်။ ၎င်းနိယာမနှင့်အတူ ကိုယ်ပိုင် စွမ်းရည်တစ်ခု ပါလာသည်။

၎င်းမှာ အရိပ်အသွင် ပြောင်းလဲခြင်းပင် ဖြစ်သည်။ ဤစွမ်းရည်မှာ လုံချန်းကို အမှောင်ထုနှင့် တစ်သားတည်း ဖြစ်စေပြီး မည်သူမျှ မမြင်နိုင်အောင် ဖျောက်ကွယ်ပေးထားနိုင်သည်။ သာမန်လူသား မဆိုထားနှင့် ကျင့်ကြံသူများပင်လျှင် သူ၏ အရိပ်အသွင် ပြောင်းလဲခြင်း စွမ်းရည်ကို မြင်နိုင်မည် မဟုတ်ကြောင်း လုံချန်း သိထားသည်။

ဝိညာဉ်သခင် ဗာမီလီယံ မည်မျှ အစွမ်းထက်သည်ကို သူ မသိသော်လည်း ကောင်းကင်ဘုံ အဆင့် ကျင့်ကြံသူ တစ်ဦးလောက်ထိတော့ မသန်မာနိုင်ကြောင်း သူ သိသည်။ ၎င်းမှာ သူ၏ အာရုံခံစားမှုအရ ခန့်မှန်းချက်သာ ဖြစ်သော်လည်း သူ၏ စွမ်းရည်နှင့် အမှောင် နိယာမ အပေါ်တွင် အပြည့်အဝ ယုံကြည်မှု ရှိနေသည်။

အကယ်၍ ဗာမီလီယံသာ ကောင်းကင်ဘုံနယ်ပယ်နှင့် နှိုင်းယှဉ်နိုင်လျှင် ဤစမ်းသပ်မှုမှာ လုံးဝ မဖြစ်နိုင်သော အရာ ဖြစ်နေပေလိမ့်မည်။ သွေးမျိုးဆက်ကျောင်းတော် အနေဖြင့် သူ့ကို ခန္ဓာကိုယ်အသစ်နှင့် ကျင့်စဉ်မဲ့အခြေအနေကို ပေးထားပြီးမှ မဖြစ်နိုင်သော စမ်းသပ်မှုမျိုးအား ပေးလိမ့်မည်မဟုတ်ဟု သူ ယုံကြည်သည်။

လုံချန်းသည် ထိုယုတ်မာသော လူ ထွက်သွားသည့် လမ်းကြောင်းအတိုင်း မြို့လမ်းမများပေါ်တွင် လျှောက်လာခဲ့သည်။ ထိုလူကို ဖြစ်စေ သို့မဟုတ် ထိုလူကို သိသည့် အခြားသူတစ်ဦးဦးကို ဖြစ်စေ တွေ့ရှိရန် သူ မျှော်လင့်နေသည်။

လုံချန်း လမ်းလျှောက်နေစဉ် လမ်းမများပေါ်တွင် လူများမှာ ယခင်ထက် ပို၍ စည်ကားနေသည်ကို တွေ့ရသည်။ ညနေစောင်း အချိန်ဖြစ်သော်လည်း လမ်းမများပေါ်တွင် လူများမှာ တစ်မိနစ်ထက် တစ်မိနစ် ပို၍ များပြားလာသည်။ နေရာအနှံ့တွင် ဈေးဆိုင်များ ဖွင့်လှစ်ထားကြပြီး အိုးခွက်ပန်းကန်များ၊ မီးရှူးမီးပန်းများ၊ အဝတ်အထည်များ၊ လက်နက်များနှင့် အခြားအရာများစွာကို ရောင်းချနေကြသည်။ အစားအစာ ရောင်းသည့် ဆိုင်များမှာလည်း အလွန်ပင် များပြားလှသည်။

'အမေ့အတွက် အစားအစာ ဝယ်သွားရမယ်။ ငါ့မှာ ပိုက်ဆံရှိတယ်လို့ သူ့ကို လိမ်ပြောခဲ့ပေမဲ့ ငါ့မှာ တစ်ပြားမှ မရှိဘူး။ အဲဒီကောင်ကို ရှာတွေ့ရင် မသတ်ခင် သူ့ဆီက ပိုက်ဆံတွေ အရင် လုရမယ်။ ဒါပေမဲ့ ဒီမြို့ကို ငါ အထင်သေးမိသွားတာလား မသိဘူး' လုံချန်းက လူအုပ်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ တွေးနေမိသည်။

"လူတွေက အရမ်းများနေတာပဲ၊ ဘယ်သူက ဝိညာဉ်စစ်သည်တော်လဲ ဆိုတာတောင် ငါ မသိနိုင်ဘူး" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။

"ဒီဝိညာဉ်စစ်သည်တော်တွေ အကြောင်း... ငါ သေချာ နားလည်အောင် လုပ်ရမယ်။ မဟုတ်ရင် ငါ ဘာမှ လုပ်လို့ ရမှာ မဟုတ်ဘူး"

သူ လမ်းလျှောက်နေစဉ် နံရံတစ်ခုပေါ်တွင် ကပ်ထားသော ကြီးမားသည့် ကြော်ငြာတစ်ခုကို တွေ့လိုက်ရသဖြင့် စိတ်ဝင်စားသွားသည်။

ထိုကြော်ငြာ စာရွက်ရှေ့တွင် စားပွဲလေးတစ်လုံးရှိပြီး အဖိုးအိုတစ်ဦး ထိုင်နေသည်။ သူ၏ ရှေ့တွင် စာရွက်ပုံကြီး တစ်ပုံ ရှိနေသည်။

ဝိညာဉ်စစ်သည်တော် ဝင်ခွင့်စာမေးပွဲ။ ယနေ့ စာရင်းပေးသွင်းပါဟု ကြော်ငြာ စာရွက်ပေါ်တွင် ရေးထားသည်။

"ဝိညာဉ်စစ်သည်တော် ဝင်ခွင့်စာမေးပွဲ ဟုတ်လား။ စိတ်ဝင်စားစရာပဲ" လုံချန်းက ကြော်ငြာအနားသို့ တိုးသွားကာ ခေါင်းစဉ်အောက်ရှိ စာသားအသေးလေးများကို ဖတ်ကြည့်လိုက်သည်။

"ဝိညာဉ်စစ်သည်တော် ဝင်ခွင့်စာမေးပွဲအတွက် စာရင်းပေးသွင်းပြီး နိုင်ငံတော်၏ ထိပ်တန်း ဝိညာဉ်စစ်သည်တော် ကောလိပ်များသို့ တက်ရောက်ခွင့် ရယူပါ" ဟု ရေးသားထားခြင်း ဖြစ်သည်။

'ဪ... ဒါက သာမန်လူတွေ ဂိုဏ်းဝင်ဖို့ ဖြေရတဲ့ ဝင်ခွင့်စာမေးပွဲတွေလိုမျိုးပေါ့။ ဝိညာဉ်စစ်သည်တော် ကောလိပ်တွေဆိုတာ ဒီကမ္ဘာက ဝိညာဉ်စစ်သည်တော်တွေအတွက် ဂိုဏ်းတွေပဲ ဖြစ်ရမယ်' လုံချန်းက လက်ပိုက်ရင်း ခေါင်းညိတ်ကာ တွေးတောနေမိတော့သည်။

All Chapters