အခန်း (၆၆၅-၆၆၆)
Vol. 67 Ch. 665-666
အခန်း (၆၆၅) ကျွန်တော် မလိမ်ပါဘူး
"အဘိုး... ကျွန်တော် ပိုက်ဆံနဲ့ ပြန်လာပြီ။ ဒီမှာ ငွေဒင်္ဂါးတစ်ပြားပါ" လုံချန်းက ပြောရင်း အဖိုးအို၏ လက်ထဲသို့ ငွေဒင်္ဂါးတစ်ပြား ထည့်ပေးလိုက်သည်။
"ဪ... ပြန်ရောက်လာပြီကိုး။ ကောင်းပြီ" အဖိုးအိုက ခေါင်းညိတ်လိုက်ပြီး သူ၏ရှေ့ရှိ စာရွက်ပုံထဲမှ စာရွက်တစ်ရွက်ကို ယူလိုက်သည်။ ထို့နောက် ထိုစာရွက်ပေါ်တွင် တံဆိပ်တုံးထုကာ လက်မှတ်ရေးထိုးလိုက်သည်။
"ဒီစာရွက်ကို ယူထားလိုက်။ ဒါက မင်း စာရင်းသွင်းထားတဲ့ အထောက်အထားပဲ။ ဘယ်သူမှ မင်းကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုတာကို တားဆီးလို့ မရတော့ဘူး။ နောက်နှစ်ရက်နေရင် စာမေးပွဲဖြေမယ့်နေရာကို လာခဲ့ပါ။ ဪ... ဒါနဲ့ စာမေးပွဲဖြေမယ့်အချိန်ကျရင် စာရွက်ပေါ်မှာ မင်းရဲ့နာမည်နဲ့ လက်မှတ်ကို ရေးထည့်လိုက်ဦး။ ဒါပဲ မင်းလုပ်ဖို့ လိုတာ။ လာတဲ့အချိန်မှာ ဒါကို ဖြည့်ပြီးသား ဖြစ်နေပါစေ" အဖိုးအိုက လုံချန်းကို စာရွက်ကမ်းပေးရင်း မှာကြားလိုက်သည်။
"စိတ်ထဲ မှတ်ထားပါ့မယ်" လုံချန်းက ခေါင်းညိတ် ဖြေကြားပြီးနောက် လှည့်ထွက်လာခဲ့သည်။
လုံချန်း ထွက်သွားသည်နှင့် အဖိုးအိုသည် မျက်လုံးများကို မှိတ်ကာ ပြုံးလိုက်မိသည်။
"နတ်ဆိုးရဲ့ သားက ဒီတစ်ခေါက် ဝင်ခွင့်စာမေးပွဲမှာ ပါဝင်တော့မှာပေါ့။ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပဲ" အဖိုးအိုက တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူ တကယ်ပဲ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ရင်တောင် ဝိညာဉ်စစ်သည်တော် ကောလိပ်အားလုံးက သူ့ကို လက်ခံဖို့ ငြင်းကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီကောလိပ်သာ သူ့ရဲ့ စွမ်းဆောင်ရည်ကို သဘောကျသွားရင်တော့ ဒါတွေက အရေးမကြီးတော့ပါဘူး။ ဒီကောင်လေးရဲ့ အနာဂတ်က ဘာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရတာ စိတ်လှုပ်ရှားစရာပဲ" အဖိုးအိုက ပြောဆိုပြီး မျက်လုံးများကို ပြန်မှိတ်လိုက်ပြန်သည်။
လုံချန်းသည် ဝင်ခွင့်လက်မှတ်ကို အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး လမ်းမများပေါ်တွင် လျှောက်လာခဲ့သည်။ သူသည် စားစရာ တစ်ခုခု ဝယ်ရန်လည်း မမေ့ခဲ့ပေ။ ရရှိခဲ့သော ကြေးနီဒင်္ဂါးများကို သုံး၍ အစားအစာများ ဝယ်ယူလိုက်သည်။ မီလျာယီ ကို စားစရာနှင့်အတူ ပြန်လာမည်ဟု သူ ကတိပေးခဲ့သည် မဟုတ်လော။
"သူ့ကို အမြန်ပြန်လာမယ်လို့ ကတိပေးခဲ့ပေမဲ့ အချိန်တွေ အတော်လေး ကြာသွားခဲ့တာပဲ။ သူ အိပ်ပျော်နေပြီး ငါ့ကို လိုက်ရှာဖို့ အပြင်မထွက်လာခဲ့ရင် ကောင်းမှာပဲ" လုံချန်းက တဲအိမ်လေးဆီသို့ လျှောက်လှမ်းရင်း ရေရွတ်လိုက်သည်။
သူသည် မြို့၏ လူသူကင်းမဲ့သော စွန့်ပစ်မြေနေရာရှိ တဲအိမ်လေးဆီသို့ မြို့လမ်းမများကို ဖြတ်ကျော်ကာ လျှောက်လာခဲ့သည်။ အစားအသောက် ဝယ်ယူရာတွင်လည်း မည်သည့် ပြဿနာမျှ မရှိခဲ့ပေ။
လူတွေက ဖူချန်းကို သိကြသဖြင့် တစ်ခုခု ဝယ်ယူရန် ခက်ခဲမည်ကို လုံချန်း သိထားသည်။ လူများက သူ့အား မုန်းတီးကြသလို သူ ပိုက်ဆံ မည်သည့် နေရာက ရသနည်းကိုလည်း သံသယဝင်ကြပေလိမ့်မည်။ ထို့ကြောင့် သူသည် လှည့်စားခြင်းမျက်နှာဖုံးကို သုံး၍ မျက်နှာအား တစ်မျိုး ပြောင်းလဲကာ အစားအစာများကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
စွန့်ပစ်မြေနေရာသို့ ရောက်သောအခါမှ သူသည် ဖူချန်း၏ မျက်နှာသို့ ပြန်လည် ပြောင်းလဲလိုက်သည်။ ထို့နောက် မီလျာယီ ရှိရာ တဲအိမ်နားသို့ ရောက်ရှိလာခဲ့သည်။
သူ တံခါးဖွင့်ဝင်လိုက်သောအခါ သူ ပြန်လာလျှင် စားရန်အတွက် သစ်ရွက်အချို့ကို လှီးဖြတ်နေသော မီလျာယီ ကို တွေ့လိုက်ရသည်။
"အမေ ဘာလုပ်နေတာလဲ" လုံချန်းက ဝယ်လာသော အစားအစာများကို အနောက်တွင် ဝှက်ထားရင်း မေးလိုက်သည်။
"အာ... သား ပြန်လာပြီလား။ သားပြန်လာရင် စားဖို့ တစ်ခုခု ပြင်နေတာပါ။ အဲဒီမှာ ထိုင်နေဦး၊ မကြာခင် အဆင်သင့် ဖြစ်တော့မှာ" မီလျာယီ က လှည့်ကြည့်ရင်း ပြန်ဖြေသည်။
"အမေကတော့ တကယ်ပါပဲ" လုံချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။ "အမေ ဒဏ်ရာရထားတာလေ။ အလုပ်လုပ်မယ့်အစား အနားယူသင့်တာပေါ့။ စားဖို့အတွက် ကျွန်တော် စီစဉ်မယ်လို့ ပြောထားတယ် မဟုတ်လား"
"အမေ အဆင်ပြေပါတယ်။ ဒဏ်ရာလည်း မရပါဘူး။ အနားယူဖို့ပဲ လိုတာပါ။ တစ်နာရီလောက် နားလိုက်တော့ အခု လုံးဝ နေကောင်းသွားပြီ။ ဘာမှ မနာတော့ဘူး" မီလျာယီ က ပြုံးရင်း ပြန်ပြောရှာသည်။
လုံချန်းက ဘာမှ ထပ်မပြောတော့ဘဲ သူမအနားသို့ တိုးသွားလိုက်သည်။ အစားအသောက်ထုပ်ကို ဘယ်ဘက်လက်ဖြင့် အနောက်တွင် ဝှက်ထားဆဲပင်။ သူသည် ညာဘက်လက်ကို ဆန့်ထုတ်ကာ သူမ၏ ပခုံးပေါ်သို့ တင်လိုက်သည်။
"အား..."
မီလျာယီ ဆီမှ နာကျင်စွာ ညည်းတွားသံ ထွက်လာသော်လည်း သူမ ချက်ချင်းပင် ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
"ဒါ အမေပြောတဲ့ လုံးဝ အဆင်ပြေနေတာလား။ ကျွန်တော်က ငယ်သေးပေမဲ့ မတုံးပါဘူး။ အမေ ကျွန်တော့်အတွက် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ပေးခဲ့တာတွေ၊ အမေ့ရဲ့ ရုန်းကန်မှုတွေကို ကျွန်တော် အကုန်မြင်ဖူးတယ်။ ဒါပေမဲ့ နောက်ဆို အဲဒီလို မဖြစ်စေရတော့ဘူး။ ကျွန်တော်က တာဝန်ယူနိုင်တဲ့ အရွယ်ရောက်နေပြီ၊ ကျွန်တော့်ဘဝကို လမ်းမှန်ပေါ်ရောက်အောင် လုပ်နိုင်ပြီ" လုံချန်းက သူမ၏ ပခုံးပေါ်မှ လက်ကို ဖယ်လိုက်ရင်း ပြောလိုက်သည်။
"ဒီနေ့ ပိုက်ဆံ ရှာခဲ့တယ်လို့ ပြောတာ ကျွန်တော် မလိမ်ပါဘူး။ ဒါကို ကြည့်ပါဦး" သူက ပြောရင်း အနောက်မှ အစားအသောက်ထုပ်ကို ထုတ်ပြလိုက်သည်။
"ဒါ... ဒါက" မီလျာယီမှာ အစားအသောက်ထုပ်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။
"ဟုတ်တယ် အမေ။ ဒါ ကျွန်တော့်ရဲ့ ပထမဆုံး လုပ်အားခနဲ့ ဝယ်လာတာ။ ဒီနေ့ အမဲလိုက်လို့ အများကြီး ရခဲ့တယ်။ မနက်ဖြန်ဆိုရင် ဒီထက်တောင် ပိုကောင်းဦးမှာ။ ပြီးတော့ သူငယ်ချင်းအချို့လည်း ရထားသေးတယ်။ မစိုးရိမ်ပါနဲ့ အမေ... ကျွန်တော်တို့ဘဝတွေ တိုးတက်လာတော့မှာပါ။ ဒါက အစပဲ ရှိသေးတယ်။ အမေ အဲဒီနေရာကို သွားပြီး အလုပ်လုပ်စရာ မလိုတော့ဘူး။ ကျွန်တော်ပဲ အားလုံးကို တာဝန်ယူတော့မယ်" လုံချန်းက မီလျာယီ ၏ ခေါင်းကို ပွတ်ရင်း ပြောလိုက်သည်။
"ကဲ... အဲဒါတွေကို ထားလိုက်ပြီး လာစားတော့။ အမေလည်း ဆာနေရောပေါ့။ ကျွန်တော်လည်း တကယ် ဆာနေပြီ" သူက သူမရှေ့တွင် ထိုင်ချလိုက်ပြီး အစားအသောက်များကို စတင် ထုတ်လိုက်သည်။
မီလျာယီ မှာ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာကာ သူ့ကို ငေးကြည့်နေမိသည်။
လုံချန်း ပြောခဲ့သည့် ပိုက်ဆံရှာခဲ့သည်ဆိုသော စကားမှာ အမှန်တကယ် ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် သူငယ်ချင်းအချို့ပါ ရထားသေးသည်လော။ နတ်ဘုရားများက သူတို့သားအမိကို သနားပြီး သူမ၏ သားအား ကူညီနေကြပြီလော။ သူမသည် သားဖြစ်သူကို သာမန်ဘဝမျိုး ပိုင်ဆိုင်စေချင်သော်လည်း ဤအခြေအနေအောက်တွင် မဖြစ်နိုင်ဟု အမြဲတွေးခဲ့မိသည်။ သို့သော် ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာများက သူမကို မျှော်လင့်ချက် ရောင်ခြည်များ မြင်တွေ့စေခဲ့သည်။
"သား... သူငယ်ချင်းတွေ ရခဲ့တယ် ဟုတ်လား" သူမက မယုံနိုင်သကဲ့သို့ မေးလိုက်သည်။
"ဟုတ်တယ် အမေ။ ဒါက အစပဲ ရှိသေးတာပါ။ မကြာခင်မှာ ဒီထက် ပိုအံ့သြဖို့ကောင်းတာတွေကို ကျွန်တော် ပြပါဦးမယ်။ ကျွန်တော်တို့ရဲ့ ကောင်းတဲ့ နေ့ရက်တွေ ရောက်လာတော့မှာပါ" လုံချန်းက ပြုံးရင်း ပြန်ဖြေသည်။
"ဒီနေ့တော့ အမေ အရမ်းဝမ်းသာတာပဲ။ မြို့ထဲက လူအချို့က သားကို သူငယ်ချင်းအဖြစ် လက်ခံနေကြပြီဆိုတော့ မကြာခင် တစ်မြို့လုံးလည်း သားအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံလာကြမှာပါ" မီလျာယီ က မျှော်လင့်ချက်အပြည့်ဖြင့် လုံချန်းကို ကြည့်ကာ ပြောရှာသည်။
"သူတို့ သေချာပေါက် ကောင်းကောင်း ဆက်ဆံလာကြမှာပါ။ ကျွန်တော် အဲဒီလိုဖြစ်အောင် လုပ်မှာမို့လို့" လုံချန်းက သူ၏ရှေ့ရှိ စွပ်ပြုတ်ပန်းကန်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဪ... ဒါနဲ့ ကျွန်တော် ပြောခဲ့သလိုပဲ၊ နောက်ဆို အဲဒီမှာ သွားပြီး အလုပ်မလုပ်ပါနဲ့တော့။ ပိုက်ဆံအတွက် မပူပါနဲ့၊ ကျွန်တော် ကိုင်တွယ်ပါ့မယ်။ အိမ်မှာပဲ အေးအေးဆေးဆေး နားနေပါ။ အခုကစပြီး အမေက ကိုယ့်ရဲ့ သိက္ခာအတွက် ကမ္ဘာကြီးကို တောင်းပန်နေစရာ မလိုတော့ဘူး။ အနာဂတ်မှာ ကမ္ဘာကြီးကပဲ အမေ့ဆီမှာ လာပြီး တောင်းပန်ရမှာ" သူက ပြောရင်း စွပ်ပြုတ်ဇွန်းလေးကို မီလျာယီ ၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။
မီလီယာယီမှာ သတိမထားမိဘဲ ပါးစပ်လေးဟကာ လုံချန်း ကျွေးသည်ကို စားလိုက်မိသည်။
"ဒါပေမဲ့ ပိုက်ဆံက..." သူမက လုံချန်းကို မေးလိုက်သည်။
"ဒီမှာ... ဒါက ကျွန်တော် ဒီနေ့ ရှာခဲ့တဲ့ ကြေးနီဒင်္ဂါး ၃ ပြား။ ဒါဆိုရင် အတော်အတန် ကြာကြာ သုံးလို့ရပါတယ်။ အဲဒီကို မသွားပါနဲ့တော့။ ကျွန်တော်တို့ နောက်ဆို သွားဖို့ မလိုတော့ဘူး" လုံချန်းက ပြုံးလျက် ပြောလိုက်တော့သည်။
အခန်း (၆၆၆) လူသား မဟုတ်ကြသူများ
လုံချန်း၏ အိတ်ထဲတွင် ငွေဒင်္ဂါးအချို့ ရှိနေသော်လည်း သူမကို အမှန်အတိုင်း မပြောခဲ့ပေ။ သူမ မည်သို့ တွေးတောမည်အား စိုးရိမ်သဖြင့် ကြေးနီဒင်္ဂါး အနည်းငယ်ကိုသာ ပေးခဲ့ခြင်း ဖြစ်သည်။ ဤမြို့ရှိ လူလတ်တန်းစား သာမန်လူတစ်ယောက်အတွက် ငွေဒင်္ဂါးတစ်ပြားမှာ တတ်နိုင်သည့် ပမာဏဖြစ်သော်လည်း ယခုကဲ့သို့ ဆင်းရဲသားများအတွက်မူ အလွန်များပြားလှသည်။ သူ၏ လျှို့ဝှက်ချက်များကို သူမ သံသယမဝင်စေရန် သူ အတတ်နိုင်ဆုံး သတိထားနေခြင်း ဖြစ်သည်။
မီလျာယီ မှာမူ လုံချန်း၏ စကားများကို တွေးတောရင်း အံ့အားသင့်နေဆဲပင်။ သူမသည် အံ့သြရုံတင်မကဘဲ စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များလည်း ပေါ်လွင်နေသည်။
"ဒါ... သား တကယ်ပဲ ဒီလောက်အများကြီး ရှာနိုင်ခဲ့တာလား။ သား အန္တရာယ်ရှိတာတွေ ဘာမှမလုပ်ခဲ့ဘူး မဟုတ်လား" သူမက စိုးရိမ်တကြီး မေးလိုက်သည်။ ပိုက်ဆံရရန်အတွက် လုံချန်း တစ်ခုခု အန္တရာယ်များတာ လုပ်ခဲ့မှာကို သူမ ကြောက်ရွံ့နေသဖြင့် တိုက်ရိုက်ပင် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"အန္တရာယ် လုံးဝမရှိပါဘူး။ ကျွန်တော် တစ်ချိန်လုံး ဘေးကင်းကင်းနဲ့ ရှိနေခဲ့တာပါ။ အမေပဲ ကြည့်လေ... ကျွန်တော့်မှာ ဘာဒဏ်ရာမှလည်း မရထားဘူး မဟုတ်လား" လုံချန်းက ပြုံးရင်း လက်ကို မြှောက်ပြကာ ပြောလိုက်သည်။
"အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့။ ပိုက်ဆံအတွက်နဲ့ အဲဒီလို စွန့်စားတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ပိုက်ဆံရှာတာ ကောင်းပေမဲ့ သားရဲ့ အသက်က ပိုအရေးကြီးတယ်။ ဘယ်တော့မှ အန္တရာယ်ရှိတာတွေ မလုပ်ပါနဲ့။ ပိုက်ဆံအတွက်နဲ့ အသက်ကို ရန်ရှာမယ့်အလုပ်မျိုး မလုပ်ဘူးလို့ အမေ့ကို ကတိပေးပါ" မီလျာယီ က လုံချန်း၏ မျက်လုံးများကို စိုက်ကြည့်ရင်း ကတိတောင်းလိုက်သည်။
လုံချန်းက သူမကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
'ကျွန်တော်က ပိုက်ဆံအတွက် လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဒီခန္ဓာကိုယ်က အသက်ရှင်ဖို့ အစာလိုတယ်၊ ပြီးတော့ ဒီစမ်းသပ်မှုကို အောင်မြင်ဖို့ ကျွန်တော် အသက်ရှင်နေရမယ်။ ဒါတွေအားလုံးက ပိုက်ဆံအတွက် မဟုတ်သလို ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်တော့်လို လူမျိုးအတွက် ပိုက်ဆံဆိုတာ တန်ဖိုးမရှိတဲ့ အရာပဲ။ ကျွန်တော့်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ နိုင်ငံအသီးသီးရဲ့ ဘဏ္ဍာတိုက်တွေတောင် ရှိသေးတာ။ အရင်ကမ္ဘာမှာတောင် အဲဒီပိုက်ဆံတွေကို ကျွန်တော် မသုံးခဲ့ဘူး၊ ဒီကမ္ဘာက ပိုက်ဆံတွေကို ဘာလို့ ဂရုစိုက်နေမှာလဲ' သူက ခေါင်းခါရင်း တွေးနေမိသည်။
"ပိုက်ဆံအတွက်နဲ့ အန္တရာယ်ရှိတာတွေ မလုပ်ဘူးလို့ ကျွန်တော် ကတိပေးပါတယ်" သူက မီလျာယီ ကို ပြောလိုက်သည်။ ၎င်းမှာ တစ်နည်းအားဖြင့် အမှန်တရား ဖြစ်သော်လည်း အမှန်တရား အပြည့်အစုံတော့ မဟုတ်ပေ။
"လိမ္မာတယ် ငါ့သားလေး" မီလျာယီ က ခေါင်းညိတ်ကာ လုံချန်း၏ လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။
၎င်းမှာ လုံချန်း လိုချင်သလောက် ကောင်းကောင်း နားမလည်သေးသော ကမ္ဘာသစ်တစ်ခု ဖြစ်သည်။ ထူးခြားသော အရာများစွာ ရှိနေသည်။ မတူညီသော စစ်သည်တော် အမျိုးအစားများ၊ အုပ်ချုပ်မှု စနစ်များ၊ ပြဿနာအသစ်များနှင့် မတူညီသော ရတနာများ ရှိသော်လည်း မူလကမ္ဘာနှင့် ဆင်တူသည့် အရာများလည်း ရှိနေသည်။ ထိုအထဲမှ တစ်ခုမှာ ကောင်းကင်ယံတွင် လှပစွာ ထွက်ပေါ်လာသည့် နေမင်းကြီးပင် ဖြစ်သည်။
လုံချန်းသည် မီလျာယီ နှင့်အတူ အစားအသောက်များ စားသောက်ပြီးနောက် တဲအိမ်လေးထဲတွင်ပင် အိပ်စက်အနားယူခဲ့သည်။ သွေးကြောများကို ဖွင့်လှစ်ပြီး ၂၄ နာရီ မပြည့်သေးသဖြင့် သွေးကြောများ တည်ငြိမ်မှု ရှိစေရန် သူ ကျင့်ကြံခြင်း မပြုသေးဘဲ စောင့်ဆိုင်းနေခဲ့သည်။
သူ မနက်စောစော နိုးလာသောအခါ အနားတွင် အိပ်ပျော်နေဆဲဖြစ်သော မီလျာယီ ကို တွေ့လိုက်ရသည်။
သူမ၏ အိပ်ပျော်နေသော မျက်နှာလေးမှာ အလွန် အေးချမ်းလှသော်လည်း ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကမူ သူမ၏ ဘဝမှာ ထိုမျက်နှာလေးကဲ့သို့ အေးချမ်းမှု မရှိခဲ့ကြောင်း သက်သေပြနေသည်။
'မိခင်ဆိုတာ နတ်ဘုရားတွေရဲ့ တကယ်ကို အံ့သြဖို့ကောင်းတဲ့ ဖန်တီးမှုပဲ။ သားသမီးတွေအတွက် အရာရာကို စတေးကြတာ။ ငါ့ရဲ့ မိခင်၊ တစ္ဆေကျောင်းတော်က မူလင်းရဲ့ မိခင်၊ ပြီးတော့ ဖူချန်းရဲ့ မိခင်။ ဒီအံ့သြဖို့ကောင်းတဲ့ အမျိုးသမီး သုံးယောက်ရဲ့ သားဖြစ်ခွင့် ရခဲ့တာ ကံကောင်းတာလား၊ သူတို့ထဲက နှစ်ယောက်ကို ငါ လိမ်ခဲ့မိတယ်။ မူလင်းရဲ့ မိခင်ကို သူ့သား သေဆုံးတဲ့ သတင်းနဲ့အတူ တစ္ဆေကျောင်းတော်ကနေ ထွက်ပြေးချိန်မှာ ငါ ဝမ်းနည်းပူဆွေးအောင် ထားခဲ့ခဲ့တယ်၊ အခုလည်း ဒီကမ္ဘာကနေ ထွက်သွားရတဲ့အခါ သူ့ကို တစ်ယောက်တည်း ထားခဲ့ရဦးမှာပဲ' လုံချန်းက သက်ပြင်းချရင်း တွေးနေမိသည်။
'ဒီဘဝမှာ မိခင်သုံးယောက်ရဲ့ မေတ္တာကို ရခဲ့တာက ကောင်းချီးလား၊ ဒါမှမဟုတ် သူတို့ထဲက နှစ်ယောက်ရဲ့ နှလုံးသားကို ခွဲရမှာက ပြစ်ဒဏ်လားဆိုတာ ငါ မသိတော့ဘူး' သူက ထရပ်လိုက်သည်။ လုံချန်းသည် တဲအိမ်အပြင်ဘက်သို့ ထွက်လာကာ မိုးကုတ်စက်ဝိုင်းမှ လှပသော နေထွက်ချိန်ကို ငေးကြည့်နေမိသည်။
"နောက် နာရီပိုင်းဆိုရင် ကျင့်ကြံခြင်းကို စတင်နိုင်ပြီ" လုံချန်းက တဲအိမ်တံခါးရှေ့တွင် ထိုင်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"အခုလောလောဆယ်လည်း ဘာမှ လုပ်စရာ မရှိသေးဘူးပဲ" သူက လက်ကို ဆန့်ထုတ်ရင်း အချိန်ကုန်လွန်သွားရန် စောင့်ဆိုင်းနေလိုက်သည်။
ထို့နောက် သူ ပျင်းလာသဖြင့် မြို့ထဲသို့ လှည့်လည်ကြည့်ရှုရန် ထွက်လာခဲ့သည်။
"ရွှင်း... နင် နားထောင်နေလား။ မကြာခင် ပြန်လာမယ်လို့ ပြောခဲ့ပြီးတော့ ဘာတွေ ကြာနေတာလဲ။ ငါ့ရဲ့ ပန်းတိုင်ကလွဲလို့ ဘာသတင်းအချက်အလက်မှလည်း မပေးခဲ့ဘူး။ အမြန်ပြန်လာခဲ့စမ်းပါ ကောင်မလေးရဲ့။ ရှေးဟောင်းလက်စွပ် မရှိတော့ ငါ့မိန်းမတွေကိုတောင် လှမ်းခေါ်လို့ မရဘူး။ ငါ စကားပြောလို့ ရတာ နင်တစ်ယောက်ပဲ ရှိတာကို... ငါ့ကို ဒီအတိုင်း ပစ်မထားပါနဲ့" သူက မြို့ထဲတွင် လမ်းလျှောက်ရင်း တိုးတိုးလေး ရေရွတ်နေမိသည်။
လုံချန်းသည် ရွှင်းဆီမှ အဖြေပြန်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤစမ်းသပ်မှုတွင် မည်သည့် အကူအညီမှ ရလိမ့်မည်မဟုတ်ဟု သူ မျှော်လင့်ချက် လက်လွှတ်ထားချိန်တွင် အနောက်မှ အသံတစ်သံ ကြားလိုက်ရသည်။
"အင်း... ငါ ထင်ထားတာထက် နည်းနည်း ပိုကြာသွားတယ်။ အဲဒါကိုတော့ ထားလိုက်ပါတော့"
ရွှင်းဆီမှ အဖြေစကားကို မမျှော်လင့်ဘဲ ကြားလိုက်ရသဖြင့် လုံချန်းမှာ အလွန် အံ့အားသင့်သွားရသည်။
သူ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ရပ်နေသည့် ရွှင်းကို တွေ့လိုက်ရသည်။
"နင်ကတော့ တကယ်ပဲ... ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ။ ငါ့ကို ပစ်ထားခဲ့ပြီလို့တောင် ထင်နေတာ" လုံချန်းက ပြုံးရင်း ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ အဲဒါကို မေ့လိုက်တော့။ ဒါနဲ့... နင် ဒီကမ္ဘာအကြောင်း ပိုသိလာပြီလား" ရွှင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"အင်း... နည်းနည်းပေါ့။ ဝိညာဉ်စစ်သည်တော်တွေ ရှိတယ်ဆိုတာ ငါ သိခဲ့တယ်။ သူတို့မှာ ကျင့်ကြံစရာ မလိုဘဲ ကျင့်ကြံသူတွေလောက် အားကောင်းတဲ့ စွမ်းအားတွေ ရှိကြတယ်တဲ့။ ဒါပေမဲ့ အဲဒီထက် ပိုပြီးတော့ ငါ မသိသေးဘူး။ သူတို့ရဲ့ စွမ်းအားတွေက ဘယ်လောက်အထိ ရှိသလဲဆိုတာလည်း မသိဘူး" လုံချန်းက ရွှမ် ကို ပြောပြလိုက်သည်။ "နင် သူတို့အကြောင်း ငါ့ကို ပိုပြောပြသင့်တယ်"
"နင် ဒီလောက်အထိ သိထားတယ်ဆိုရင်ပဲ တော်တော်လေး ကောင်းနေပါပြီ။ နင် အပျော်မနေခဲ့ဘူးပဲ။ ပြီးတော့ နင် သွေးကြောတွေကိုလည်း ဖွင့်ထားပြီးပြီပေါ့။ တော်တယ်..." ရွှင်းက ခေါင်းညိတ်ကာ လုံချန်းကို ချီးကျူးလိုက်သည်။
"ဝိညာဉ်စစ်သည်တော်တွေ အကြောင်းကတော့... သူတို့ နာမည်အတိုင်းပဲ၊ ဒါပေမဲ့ တစ်မျိုးတော့ ကွဲပြားတယ်။ သူတို့ နာမည်အရဆိုရင် သူတို့ရဲ့ ဝိညာဉ်ကို ကျင့်ကြံပြီး အင်အားရယူတာလို့ ထင်ရနိုင်တယ်။ အဲဒါကြောင့် သူတို့မှာ ကျင့်စဉ်စွမ်းအား မရှိတာလို့ ထင်ရပေမဲ့... တကယ့် အမှန်တရားကတော့ ဝိညာဉ်စစ်သည်တော်တွေဟာ လူသားတွေ မဟုတ်ကြဘူး" ရွှင်းက ရှင်းပြလိုက်သည်။
"ဘာ... ဘာပြောတယ်။ သူတို့က လူသားတွေ မဟုတ်ဘူး ဟုတ်လား" လုံချန်းက အံ့အားသင့်တကြား မေးလိုက်သည်။
"ဒါပေမဲ့ သူတို့က သားရဲတွေနဲ့လည်း မတူဘူးလေ။ သူတို့က အမှောင်နတ်မိမယ်တွေလိုမျိုး တခြား မျိုးနွယ်စု တစ်ခုခုလား" သူက ရွှင်းကို ဆက်မေးလိုက်တော့သည်။