← Chapters

အခန်း (၆၆၉-၆၇၀)

Vol. 67 Ch. 669-670

အခန်း (၆၆၉-၆၇၀)

Vol. 67 Ch. 669-670

အခန်း (၆၆၉) ထျန်းရှန်၏ သေဆုံးမှု

"ငါ ပရမ်းပတာတွေ ဖြစ်အောင် လုပ်ရမယ်။ ပဋိပက္ခတွေ ဖန်တီးရမယ်။ ပျက်စီးခြင်းတွေ ရှိနေမှ သူတို့ တခြားအရာတွေကို စဉ်းစားဖို့ အချိန်မရမှာ" သူက ပြန်လှည့်ထွက်လာရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

'စစ်ပွဲဖြစ်လာရင် ဒီနိုင်ငံက လူတွေ ဒုက္ခရောက်ကြလိမ့်မယ်။ ဒါပေမဲ့ ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။ သူတို့ကိုယ်တိုင်က တခြားလူတွေကို ဒုက္ခပေးဖို့ ဝါသနာပါနေကြတာပဲ။ ငါ့ရဲ့ အဆင်ပြေဖို့အတွက် သူတို့လည်း ဒုက္ခ နည်းနည်းလောက် ခံစားရတာ ပြဿနာမရှိလောက်ပါဘူး' သူက ပြုံးရင်း တွေးလိုက်သည်။

"ဗဟုသုတကတော့ အဓိကသော့ချက်ပဲ။ တစ်ခုခုမလုပ်ခင်မှာ လုံလောက်တဲ့ သတင်းအချက်အလက်တွေ ရဖို့လိုတယ်။ သတင်းအချက်အလက် မရှိဘဲနဲ့တော့ ငါက တောင်ကြီးကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ ဖြစ်နေမှာ။ ဝိညာဉ်စစ်သည်တော် ကောလိပ်ထဲ ရောက်သွားရင်တော့ လုံလောက်တဲ့ သတင်းတွေ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ" လုံချန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် မနက်ဖြန်အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ စမ်းသပ်မှုက မည်သည်မှန်း သူ မသိသေးသော်လည်း မည်သည့်စမ်းသပ်မှုမျိုး ဖြစ်ဖြစ် သူ အောင်မြင်အောင် လုပ်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားသည်။

"အဟက်... နင်က ရွေးချယ်ခံရမယ်လို့ တော်တော်လေး ယုံကြည်ချက် ရှိနေတာပဲလား။ ဘာလို့လဲ၊ တကယ်လို့ နင် ကျရှုံးသွားရင်ရော။ အဲဒီလို အခြေအနေမျိုးအတွက်လည်း အရန်အစီအစဉ်တွေ ရှိထားသင့်တယ်နော်" ရွှင်းက လုံချန်းကို ပြောလိုက်သည်။

"ငါက ကျရှုံးမယ် ဟုတ်လား။ မဖြစ်နိုင်တာ။ ဒါက လူသစ်တွေအတွက် ရွေးချယ်ပွဲလေ။ ငါက သူတို့ထက် ညံ့နေပါ့မလား" လုံချန်းက ပြုံးလျက် ပြန်ပြောသည်။

"ယုံကြည်ချက်ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အမြဲတမ်း ဒုတိယလမ်းကြောင်းဆိုတာ ရှိနေရမယ်။ ဘယ်စီမံကိန်းမဆို လွဲချော်သွားနိုင်တာပဲ။ အစီအစဉ်သေးသေးလေးဆိုရင်တော့ ပြဿနာမရှိပေမဲ့ ငါက အနာဂတ်အတွက် ပြောနေတာ။ ယုံကြည်မှု လွန်ကဲတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ အစွမ်းအထက်ဆုံး နတ်ဘုရားတွေတောင် အဲဒီယုံကြည်မှု လွန်ကဲခြင်းကြောင့် ကျဆုံးခဲ့ရတာတွေ ရှိတယ်" ရွှင်းက အလွန်တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။

"ဪ... ဟုတ်သားပဲ။ အဲဒါကို တွေးမိလို့ မေးရဦးမယ်။ ထျန်းရှန် ကျဆုံးခဲ့တာကလည်း အဲဒီလိုပဲလား။ ယုံကြည်မှု လွန်ကဲလို့ပဲလား။ ဒါမှမဟုတ် တခြားတစ်ခုခု ဖြစ်ခဲ့တာလား" လုံချန်းက ရွှင်းကို မေးလိုက်သည်။

လုံချန်း၏ စကားကြောင့် ရွှင်းမှာ အံ့အားသင့်သွားပုံရသည်။ လုံချန်းက ထျန်းရှန် သေဆုံးမှုအကြောင်းကို ရုတ်တရက် ထုတ်မေးလိုက်သဖြင့် သူမ အနည်းငယ် တုန်လှုပ်သွားသည်။

"ဘာ... နင် ဘာလို့ အဲဒီလို ပြောတာလဲ။ သူ သေသွားပြီလို့ ငါ နင့်ကို တစ်ခါမှ ပြောခဲ့ဖူးတယ်လို့ မထင်ဘူးနော်" ရွှင်းက လုံချန်းကို ပြန်မဖြေဘဲ လက်အား ဝှေ့ယမ်းကာ မေးခွန်းပြန်ထုတ်လိုက်သည်။

"ဒါက သိသာနေတာပဲလေ။ နင် အမြဲတမ်း သူ့အကြောင်း ပြောနေတဲ့ ပုံစံအရ သူ သေသွားပြီဆိုတာ ထင်ရှားပါတယ်။ ပြီးတော့ သူသာ အသက်ရှင်နေသေးရင် နင် ငါ့ဆီမှာ ရှိနေမှာ မဟုတ်ဘူး။ နင်က လက်စွပ်နဲ့အတူ သူ့ရဲ့ အဖော်ဖြစ်ခဲ့တာပဲ။ သူက နင့်ကို ဒီအတိုင်း ပစ်ထားခဲ့မှာ မဟုတ်ဘူး။ နင်က ငါ့ကို ကူညီသလိုမျိုး သူ့ကိုလည်း အများကြီး ကူညီခဲ့မှာပဲလေ။ ငါ့အထင် မှန်တယ် မဟုတ်လား၊ သူ သေသွားပြီ မဟုတ်လား" လုံချန်းက ဇွတ်အတည်ပေါက် မေးလိုက်သည်။

"အဲဒါတွေကို မတွေးပါနဲ့။ သူ့မှာ ဘာပဲဖြစ်ခဲ့ဖြစ် ဖြစ်ပြီးသွားပြီ။ သူ့ရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းက အခုလောလောဆယ် နင့်နဲ့ ဘာမှမဆိုင်ဘူး။ အဝေးကြီး မတွေးနဲ့ဦး။ မကြာခင်မှာ နင် သိလာမှာပါ" ရွှင်းက ခေါင်းခါရင်း အဖြေကို ရှောင်လွှဲလိုက်သည်။

"အနည်းဆုံးတော့ သူ အသက်ရှင်နေသလား၊ သေသွားပြီလားဆိုတာလောက်တော့ ပြောပြပါ။ တခြား ဘာမှ မမေးတော့ဘူး။ သူ ရှိသေးလား၊ မရှိတော့ဘူးလားဆိုတာပဲ ငါ သေချာချင်တာ"

လုံချန်းသည် လမ်းလျှောက်ရင်း သူမ၏ အဖြေကို စောင့်နေသော်လည်း ရွှင်းက ပြန်မဖြေပေ။ သူ ထပ်မေးရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ လူတစ်ယောက်ကြောင့် သူ၏ အာရုံက တခြားဘက်သို့ ရောက်သွားခဲ့သည်။

၎င်းမှာ ဝင်ခွင့်စာမေးပွဲအတွက် စာရင်းသွင်းပေးခဲ့သော အဖိုးအိုပင် ဖြစ်သည်။ သို့သော် လုံချန်း မြင်လိုက်ရသည့် မြင်ကွင်းက သူ့ကို မျက်မှောင်ကြုတ်သွားစေသည်။ အဖိုးအိုသည် လူလတ်ပိုင်း အမျိုးသားတစ်ဦး၊ လူငယ်လေး တစ်ဦးတို့နှင့် စကားပြောနေခြင်း ဖြစ်သည်။ ထိုလူငယ်လေးမှာ မနေ့ကတင် လုံချန်းကို ဝိညာဉ်စွမ်းအားသုံးပြီး တိုက်ခိုက်ခဲ့သော ဝိညာဉ်စစ်သည်တော်လေး ရုလီပင် ဖြစ်သည်။ ထိုတိုက်ပွဲတွင် ဗာမီလီယံက ဝင်ရောက်တားဆီးခဲ့ပြီး ကောင်လေးကို အပြစ်ပေးကာ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ကောင်လေးနှင့် လူလတ်ပိုင်း အမျိုးသားမှာ ဘေးချင်းယှဉ်ရပ်နေကြပြီး တူညီသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

'ဟိုကောင် မဟုတ်လား။ သူက ဘာလို့ အဲဒီအဖိုးကြီးနဲ့ စကားပြောနေတာလဲ။ ပြီးတော့ ဘေးကလူကကော... သူ့မျိုးနွယ်စုဝင်လား' လုံချန်းက စဉ်းစားရင်း ကြည့်နေမိသည်။

"အခုလောလောဆယ်တော့ သူ့ကို လျစ်လျူရှုထားတာ အကောင်းဆုံးပဲ။ ငါ့မှာ ကျင့်စဉ်စွမ်းအား မရှိသေးဘူး။ ပြဿနာထဲ ဝင်မပါချင်သေးဘူး။ ငါ့ရဲ့ ကျွမ်းကျင်မှုတွေကို သုံးဖို့ ချီစွမ်းအင်လိုတယ်၊ အဲဒါမရှိဘဲနဲ့တော့ ခက်ခဲလိမ့်မယ်" သူက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

လုံချန်းသည် လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် ရုလီက သူ့ကို သတိပြုမိသွားသည်။

"ဟေ့... ခွေးကောင်၊ အဲဒီမှာ ရပ်လိုက်စမ်း" ရုလီက အစွမ်းကုန် အော်ဟစ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အာရုံက ရောက်လာတော့သည်။

သူ့ဖခင် ရုဝမ်မှာလည်း ဘေးတွင် ရှိနေပြီး သားဖြစ်သူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

"ဘာလို့ အော်နေတာလဲ" သူက စိတ်ပျက်လက်ပျက် မေးလိုက်သည်။

"အဖေ... အဲဒီကောင်ပဲ။ အဲဒါ လုံချန်းပဲ။ မနေ့က ကျွန်တော့်ကို တိုက်ခိုက်တဲ့ သစ္စာဖောက်ခွေးမသားရဲ့ သားပဲ။ သူ့ကို ပညာပေးဖို့ ကျွန်တော့်ရဲ့ စွမ်းအားကို သုံးလိုက်ရတာ။ အဲဒီမှာ ဆရာဗာမီလီယံ ရောက်လာပြီး ကျွန်တော့်ကို အပြစ်ပေးခဲ့တာ" ရုလီက သူ့ဖခင်ကို ပြောပြလိုက်သည်။

လုံချန်းသည် ကောင်လေး၏ အော်သံကို ကြားရသော်လည်း လျစ်လျူရှုကာ သူ၏လမ်းအတိုင်း ဆက်လျှောက်ရန် ဆုံးဖြတ်လိုက်သည်။

စာရင်းသွင်းပေးခဲ့သော အဖိုးအိုလည်း ထိုနေရာမှာ ရှိနေသည်။ အခုက ကြွားလုံးထုတ်ရမယ့်အချိန် မဟုတ်ပေ။ ရန်သူတွေက သူ့ထက် ပိုသန်မာနိုင်သည်။ နေရာရွှေ့ပြောင်းခြင်း သုံးပြီး ထွက်ပြေးမည့်အစား အခုကတည်းက ဤနေရာမှ ထွက်သွားခြင်းက ပိုကောင်းပေလိမ့်မည်။

"ဪ... ဒါဆို သူက သစ္စာဖောက် နတ်ဆိုးရဲ့ သားပေါ့။ စိတ်ဝင်စားစရာပဲ။ ဗာမီလီယံက ဘာလို့ ဒီကောင်လေးရဲ့ ကိစ္စမှာ ဝင်ပါခဲ့တာလဲဆိုတာ ငါ ခုထိ နားမလည်သေးဘူး။ သူက ဒီကောင်လေးကို စိတ်ဝင်စားနေတာလား။ စမ်းသပ်ကြည့်ရင်တော့ စိတ်ဝင်စားဖို့ ကောင်းမှာပဲ" ရုဝမ်က ပြုံးရင်း ရေရွတ်လိုက်သည်။

"သူ့ကို ပြန်ပြီး ပညာပေးချင်လား။ မနေ့က မင်းက သာမန်လူတစ်ယောက်ကို ကိုင်တွယ်ဖို့ ဝိညာဉ်စွမ်းအားကို သုံးခဲ့လို့ ရုမျိုးနွယ်စုရဲ့ နာမည်ကို သိက္ခာကျစေခဲ့တယ်။ ဗာမီလီယံ ဝင်ပါဖို့ အကြောင်းပြချက် ပေးသလို ဖြစ်သွားတာပေါ့။ အခု အဲဒီကောင်လေးကို ဝိညာဉ်စွမ်းအား မသုံးဘဲ သွားပြီး ရိုက်နှက်လိုက်စမ်း။ ဒီတစ်ခါရော ဗာမီလီယံ ဝင်ပါဦးမလား ကြည့်ရအောင်" ရုဝမ်က ပြုံးလျက် အမိန့်ပေးလိုက်သည်။

"သူ့ကို သတ်လိုက်ရမလား အဖေ" ရုလီက မဲ့ပြုံးဖြင့် မေးလိုက်သည်။

"အရင်ဆုံး သူ မင်းကို တိုက်ခိုက်အောင် လုပ်။ သာမန်လူတစ်ယောက်က ဝိညာဉ်စစ်သည်တော်ကို အရင် တိုက်ခိုက်လာရင် ဝိညာဉ်စစ်သည်တော်က သူ့ကို သတ်ပိုင်ခွင့်ရှိတယ်။ ဗာမီလီယံလည်း ဝင်ပါလို့ မရတော့ဘူး။ သွားတော့... မင်း ဘာလုပ်ရမလဲဆိုတာ သိတယ်မဟုတ်လား" ရုဝမ်က လက်ပိုက်လျက် ပြောလိုက်သည်။

အဖိုးအိုမှာမူ အနောက်တွင် ရပ်နေပြီး မည်သည့်ကိစ္စတွင်မျှ ဝင်ရောက်မစွက်ဖက်ဘဲ ကြည့်နေတော့သည်။

အခန်း (၆၇၀) သူ အသက်ရှင်ရတော့မှာ မဟုတ်ဘူး

"ကောင်းပြီ အဖေ... ဒီကောင် ဒီနေ့ထက် ပိုပြီး အသက်ရှင်ခွင့် မရစေရဘူးလို့ ကျွန်တော် ကတိပေးပါတယ်" ရုလီက မဲ့ပြုံး ပြုံးရင်း ပြောလိုက်သည်။

သူသည် လုံချန်းနောက်သို့ ပြေးလိုက်သွားတော့သည်။ လုံချန်းကတော့ ရုလီ၏ လှောင်ပြောင်သံများကို ဂရုမစိုက်ဘဲ ဆက်လျှောက်နေဆဲပင်။

လုံချန်းသည် မလိုအပ်ဘဲ ပြဿနာမတက်ချင်သဖြင့် ပုံမှန်နှုန်းဖြင့်သာ လျှောက်နေခြင်း ဖြစ်သော်လည်း သူသည် ထွက်ပြေးနေခြင်း မဟုတ်ပေ။ သိက္ခာရှိရှိနှင့် အေးအေးဆေးဆေးသာ ထွက်ခွာနေခြင်း ဖြစ်သည်။

လုံချန်း လျှောက်လှမ်းနေစဉ်မှာပင် ပြေးလိုက်လာသော ရုလီက သူ့အနားသို့ ရောက်ရှိလာသည်။

"ခွေးကောင်၊ မင်းက ငါ့ကို အထက်စီးကနေ ဆက်ဆံနေတုန်းပဲပေါ့လေ... သေစမ်း" ရုလီက အော်ဟစ်လိုက်ပြီး လုံချန်း၏ နောက်စေ့ကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးလိုက်သည်။

ရုလီ၏ လက်သီးက လုံချန်းကို ထိတော့မည့် ဆဲဆဲတွင် လုံချန်းက ဘေးသို့ အသာအယာ ရှောင်လိုက်သည်။ လက်သီးမှာ လုံချန်း၏ ဦးခေါင်းကို လွဲချော်သွားပြီး ပခုံးအထက်မှ ဖြတ်သွားခဲ့သည်။

လုံချန်းသည် ရုလီ၏ လက်ကို ဖမ်းဆွဲလိုက်ပြီး အောက်သို့ ဖိချလိုက်သည်။ အရင်က သူ့ကို တိုက်ခိုက်ခဲ့သူကို လုပ်ခဲ့သလိုမျိုးပင်။

လုံချန်းက ကောင်လေး၏ လက်ကို အင်အားအပြည့်ဖြင့် ဆွဲလိမ်လိုက်ရာ အရိုးကျိုးသွားသည့် ဂျွတ်ခနဲ အသံကြီးကို လူတိုင်း ကြားလိုက်ရသည်။ ထို့နောက်တွင်တော့ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

ရုလီမှာ သူ၏ လက်ကျိုးသွားသဖြင့် အသည်းအသန် အော်ဟစ်နေရှာသည်။

"ဟင်း... ဘာလို့ လူတိုင်းက နောက်ကနေပဲ တိုက်ခိုက်နေကြတာလဲ မသိဘူး" လုံချန်းက ရုလီ၏ လက်ကို လွှတ်ပေးလိုက်ရင်း ရေရွတ်လိုက်သည်။ သူသည် လှည့်ကြည့်လိုက်ပြီး ရုလီ၏ ရင်ဘတ်ကို ကန်ထုတ်လိုက်ရာ ရုလီမှာ မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားတော့သည်။

'အင်း... အခုမှ ပိုပြီး နားလည်သွားပြီ။ ဝိညာဉ်စစ်သည်တော်တွေက ပိုသန်မာကောင်း သန်မာလိမ့်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကတော့ အားနည်းကြတာပဲ။ ခန္ဓာကိုယ်ကို အရင်ဆုံး ကျင့်ကြံရတဲ့ ကျင့်ကြံသူတွေနဲ့ မတူဘူး။ ဝိညာဉ်စစ်သည်တော်တွေမှာ သူတို့ရဲ့ ဝိညာဉ်စွမ်းအားကို မသုံးရင် ခိုင်မာတဲ့ ခန္ဓာကိုယ် မရှိကြဘူးပဲ' လုံချန်းက မြေပြင်ပေါ်မှာ လဲနေတဲ့ ရုလီကို ကြည့်ရင်း တွေးနေမိသည်။

"ခွေးကောင်၊ မင်းက ငါ့ကို အရင်တိုက်ခိုက်ပြီး ငါ့လက်ကိုတောင် ကျိုးအောင် လုပ်တယ်ပေါ့လေ။ မင်းကို သေချာပေါက် သတ်ပစ်မယ်လို့ ငါ ကျိန်ဆိုတယ်" ရုလီက အော်ဟစ်ရင်း ပြန်ထလာသည်။

သူ့၏ ညာဘက်လက် ကျိုးသွားသော်လည်း ဘယ်ဘက်လက်ကတော့ အကောင်းအတိုင်း ရှိနေသေးသည်။ ထိုစဉ် သူ့လက်ထဲတွင် ဓားတစ်လက် ရုတ်တရက် ပေါ်ထွက်လာသည်။

'ဟမ်... ဝိညာဉ် လက်နက်လား။ သူ့လက်စွပ်က သိုလှောင်လက်စွပ်လား။ စိတ်ဝင်စားစရာပဲ၊ ငါတို့ဆီက လက်စွပ်တွေနဲ့တော့ တော်တော်လေး ကွဲပြားတာပဲ' ဟင်းလင်းပြင်ထဲမှ ဓားတစ်ချောင်း ထွက်ပေါ်လာသည်ကို ကြည့်ပြီး လုံချန်း တွေးလိုက်မိသည်။

ရုလီ၏ လက်စွပ်မှာ လုံချန်း၏ လက်စွပ်နှင့် နှိုင်းယှဉ်လျှင် ကြမ်းတမ်းပြီး တန်ဖိုးနည်းပုံ ပေါက်နေသည်။ သူ၏ ကမ္ဘာမှ လက်စွပ်များလောက်လည်း ခမ်းနားထည်ဝါမှု မရှိပေ။

ကောင်လေးသည် လုံချန်းကို ပိုင်းဖြတ်ရန် အရှိန်ဖြင့် ပြေးဝင်လာသည်။

'ဟင်း... ဒီနိုင်ငံရဲ့ ဥပဒေအရ လူအများရှေ့မှာ လူသတ်လို့ မရဘူး။ ပြီးတော့ အနားမှာလည်း အစွမ်းထက်တဲ့သူတွေ အများကြီး ရှိနေတယ်။ ငါသာ ဥပဒေချိုးဖောက်မိရင် ဝိညာဉ်စစ်သည်တော်တွေနဲ့ ဒီကောင်ရဲ့ မျိုးနွယ်စုဝင်တွေက ငါ့ကို ဝိုင်းသတ်ကြလိမ့်မယ်။ ဒီအရူးတွေကတော့ သေတွင်းကို အမြဲ ရှာနေကြတာပဲ' လုံချန်းက ရုလီ၏ ဓားချက်ကို ရှောင်တိမ်းရင်း တွေးလိုက်သည်။

"ငါ အရှင်းဆုံး ပြောမယ်။ မင်းရဲ့ ကျန်တဲ့လက်တစ်ဖက်ကိုပါ မကျိုးစေချင်ရင် ငါ့ကို တိုက်ခိုက်တာ ရပ်လိုက်တော့" လုံချန်းက သတိပေးလိုက်သော်လည်း ရုလီမှာမူ ရူးသွပ်နေသည့်အလား ဘာကိုမျှ နားမဝင်ဘဲ ရမ်းသန်း တိုက်ခိုက်နေတော့သည်။

"ဟင်း... မင်းရဲ့ သားက တော်တော်လေး အတွေ့အကြုံ နည်းတာပဲ။ သူက စိတ်တည်ငြိမ်မှု ပျက်ပြားသွားပြီ၊ အရှုံးပေးလိုက်ရသလို ဖြစ်နေပြီလေ။ သူ့ကို အကျပ်အတည်းဖြစ်အောင် တွန်းပို့ဖို့က အချိန်တစ်ခုပဲ လိုတော့တယ်။ အဲဒီအချိန်ကျရင် သူ တိုက်ခိုက်ဖို့အတွက် ဝိညာဉ်စွမ်းအားကို သုံးလာလိမ့်မယ်" လုံချန်းကို စာရင်းသွင်းပေးခဲ့သော အဖိုးအိုက ရုဝမ်ကို ကြည့်ကာ သက်ပြင်းချရင်း ပြောလိုက်သည်။

"ဟက်... ကျွန်တော့်သားက တကယ်ကို အရူးပဲ။ မနေ့က ဗာမီလီယံက ဝင်ပါခဲ့တယ်ဆိုတုန်းက ဝိညာဉ်စွမ်းအား မသုံးဘဲနဲ့လည်း ဒီကောင်လေးကို သတ်လို့ရရက်နဲ့ ဝိညာဉ်စစ်သည်တော် ပုံစံပြောင်းလိုက်လို့ အမှားလုပ်မိတာလို့ ကျွန်တော် ထင်ခဲ့တာ။ အခုတော့ ကျွန်တော် မှားသွားပြီ။ ဒီအရူးက ဝိညာဉ်စွမ်းအား မသုံးဘဲနဲ့ ဒီကောင်လေးကို မသတ်နိုင်ဘူးပဲ။ တကယ့်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။ သူ့ရဲ့ အစ်ကိုကြီးနဲ့ဆိုရင် ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးပဲ" ရုဝမ်က သားဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ဒီခွေးကောင်သာ ဝိညာဉ်စွမ်းအားကို သုံးလိုက်ရင် ဗာမီလီယံက ဝင်ပါဖို့ အကြောင်းပြချက် ရသွားလိမ့်မယ်။ ကျွန်တော့်သားကို သတိပေးထားရက်နဲ့ နောက်တစ်နေ့မှာပဲ ထပ်လုပ်တယ်ဆိုပြီး ကျွန်တော့်ကိုပါ လာဆူဦးမှာ။ ဒီအရူးက ဝိညာဉ်စွမ်းအားကို သုံးပြီး တိုက်ခိုက်လာရင် ကျွန်တော်ကိုယ်တိုင် ဝင်ပါရတော့မယ့် ပုံပဲ။ ဟင်း... တကယ်တော့ ကောင်လေး သေခါနီးအချိန်မှာ ရုလီက ဥပဒေမချိုးဖောက်ဘဲ သတ်နေတာကို ဗာမီလီယံ ဝင်ပါဦးမလားဆိုတာ ကြည့်ချင်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ခက်သွားပြီ" သူက ဆက်ပြောသည်။

"ဟုတ်တယ်။ တခြားတစ်ဖက်က ကြည့်ရင်တော့ တကယ့်ကို အံ့သြစရာပဲ။ နတ်ဆိုးရဲ့ သားက တကယ်ကို ပါရမီရှိတာပဲ။ သူက သာမန်လူတစ်ယောက်ဖြစ်ပြီး တိုက်ခိုက်ရေး သင်တန်းလည်း မတက်ဖူးဘူးလို့ ငါသိထားပေမဲ့ သူ တိုက်ခိုက်နေတဲ့ ပုံစံက တကယ့်ကို ကောင်းတယ်။ သူက ယုံကြည်မှုလည်း ရှိပုံရတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က အဲဒီကိစ္စသာ မဖြစ်ခဲ့ရင် ဒီကောင်လေးက အခုဆိုရင် ဒီထက် ပိုမြင့်မားတဲ့ အဆင့်ကို ရောက်နေလောက်ပြီ" အဖိုးအိုက သက်ပြင်းချရင်း ပြောရှာသည်။

"ဝမ်းနည်းနေစရာ မလိုပါဘူး။ နတ်ဆိုးဆိုတဲ့ကောင်က သစ္စာဖောက်ပဲ။ သူ အဲဒီလို လုပ်လိမ့်မယ်လို့ ကျွန်တော်တောင် တစ်ခါမှ မတွေးမိခဲ့ဘူး။ ဒီကောင်လေးရဲ့ အမှားကတော့ အဲဒီအမှိုက်ကောင်က သူ့အဖေ ဖြစ်နေတာပဲ။ သူ အခုခံစားနေရတာတွေ အားလုံးက သူနဲ့ ထိုက်တန်ပါတယ်" ရုဝမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"မင်း တကယ်ပဲ နတ်ဆိုးက ငါတို့ကို သစ္စာဖောက်ခဲ့တယ်လို့ ယုံနေတာလား။ ငါကတော့ ငါတို့ မြင်နေရတာတွေထက် ပိုပြီး တစ်ခုခု ရှိနေဦးမယ်လို့ ထင်နေတုန်းပဲ" အဖိုးအိုက ရုဝမ်ကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဘာမှ ရှိမနေပါဘူး။ နေ့ခင်းကြောင်တောင်ကြီးလိုပဲ ရှင်းနေတာပဲ။ နတ်ဆိုးက ကျွန်တော်တို့ကို သစ္စာဖောက်ပြီး နဂါးတပ်ဖွဲ့ဆီ ထွက်ပြေးသွားတာပဲ။ အဲဒီခွေးကောင်၊ ကျွန်တော်တို့က သူ့မိသားစုကို အခုထိ အသက်ရှင်ခွင့် ပေးထားတာဟာ အဲဒီကောင်လို မဟုတ်ဘဲ ကျွန်တော်တို့မှာ လူသားဆန်မှု ရှိနေသေးလို့ပဲ" ရုဝမ်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။

"တကယ်လား။ အဲဒါကြောင့်ပဲလား။ အထက်လူကြီးတွေက နတ်ဆိုးရဲ့ မိသားစုကို သတ်လိုက်တာဟာ သူတို့အတွက် အပြစ်ဒဏ် ပေါ့သွားလိမ့်မယ်လို့ ထင်ခဲ့ကြလို့ မဟုတ်ဘူးလား။ မြို့သူမြို့သားတွေရဲ့ နှိပ်စက်မှုကို ခံစားရပြီး သူတို့ ရှိနေသမျှ စက္ကန့်တိုင်းမှာ နောင်တရနေတာကို မြင်ချင်လို့ မဟုတ်ဘူးလား။ ပြီးတော့ နတ်ဆိုးကို ပြန်ဖမ်းမိအောင် ငါးစာအဖြစ် သုံးချင်လို့ မဟုတ်ဘူးလား။ အဲဒါကြောင့်ပဲ သူတို့ကို ထောင်ထဲမှာ အကြာကြီး ပိတ်ထားပြီး နှိပ်စက်ခဲ့တာ မဟုတ်လား" အဖိုးအိုက ပြုံးရင်း တိုးတိုးလေး ပြောလိုက်သည်။

"ဟင်... အဲဒါက..." ရုဝမ်မှာ အဖိုးအို၏ စကားကြောင့် ဆွံ့အသွားရသည်။ အဖိုးအိုက အထက်လူကြီးများ၏ ရည်ရွယ်ချက်ကို ထိုမျှအထိ အကဲခတ်မိမည်ဟု သူ မထင်ထားခဲ့ပေ။ ပိုအရေးကြီးသည်က အဖိုးအိုသည် ထိုအကြောင်းများကို လူသိရှင်ကြား ထုတ်ပြောမည်ဟုလည်း သူ မထင်ထားမိပေ။

"မစိုးရိမ်ပါနဲ့။ ဘယ်သူမှ မကြားပါဘူး၊ ကြားရင်တောင် ဘယ်သူမှ တစ်ခွန်း ဟရဲမှာ မဟုတ်ပါဘူး" အဖိုးအိုက ရယ်မောရင်း ပြောလိုက်သည်။

"ကြည့်ရတာ မင်းရဲ့ သားကတော့ အန္တရာယ်ရှိနေပြီထင်တယ်။ မင်း တကယ်ပဲ ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေတော့မှာလား" အဖိုးအိုက ပြုံးလျက် ဆက်ပြောလိုက်တော့သည်။

All Chapters