ကစားကွင်းသရဲ (၂)
Vol. 5 Ch. 250
“ရောက်ပြီ၊ ရှင့်လက်ကို လွှတ်ပြီးဆင်းတော့။”
မနက်က သွားခဲ့တဲ့ပန်းခြံရှေ့ကိုရောက်တော့ ဆိုင်ကယ် ပါကင်ထိုးလိုက်ပြီး ကျွန်မခါးကို လက်နဲ့တင်းတင်း ဖက်ထားတဲ့နက်ဆန်ကို ကျွန်မပြောလိုက်မိတယ်။
ဆိုင်ကယ်စမောင်းပြီဆိုကတည်းက ပြုတ်ကျမှာစိုးလို့ ဆိုပြီးတော့ကို ကျွန်မခါးကို နှစ်လက်ဖက်လုံးနဲ့ကလေးလို ဖက်ထားတော့တာ။ အဲဒါကြီးက ကျွန်မကို အနိုင်ယူခဲ့တဲ့ ရှေးအယ်ဒါကြီးတဲ့။
“ခ... ခဏ... ငါအန်ချင်လာလို့....”
ကျွန်မကို လွှတ်ပေးပြီးတဲ့နောက်မှာတော့ နက်ဆန်က ကားပါကင်မှာ ဆောင့်ကြောင့်လေးထိုင်ပြီး ရေဆင်း မြောင်းတစ်ခုထဲ စားထားသမျှအန်ချနေရော။ ကျွန်မ သူဖက်ထားခဲ့တဲ့နေရာကို လက်နဲ့အလိုလိုထိမိတော့ တစ်ကိုယ်လုံးထူပူသွားသလိုပဲ။
သူကျွန်မကို စဖက်ထားထားချင်းတုန်းက ဒေါသက ငယ်ထိပ်ရောက်သွားပေမဲ့ ကြာလာလေလေ ကျွန်မစိတ်က နူးညံ့လာလေဖြစ်ပြီး သူ့ကို လက်ဖယ်ပေးဖို့ပြောဖို့တောင်မှ မေ့သွားသလိုပဲ။
“ရှင်ပြီးပြီလား...” ကျွန်မ သူ့နောက်ကနေရပ်စောင့်ရင်း စိတ်ကသိပ်မရှည်တော့ဘူး။ သူ့ကိစ္စသူရှင်းပြီးတဲ့နောက် ကျွန်မစိတ်ထဲ စပ်စုချင်စိတ်ဖြစ်လာပြီးတော့ သူ့ကို မေးဖြစ်လိုက်တယ်။
“မဟုတ်မှလွဲရော... ရှင်ရထားနဲ့ပဲခရီးသွားတာ လေယာဥ်ပျံစီးရမှာ ကြောက်တတ်လို့များလား။”
“......” ဟော၊ ကြည့်ရတာ အရှိုက်ထိသွားပြီထင်တယ်။ သူ့မျက်နှာကြီး ပြာနှမ်းသွားတာပဲ။ ဒါပေမဲ့ သူက ချက်ချင်း ခေါင်းခါပြလိုက်လေရဲ့။
“ငါ... ငါမြန်မာနိုင်ငံအထိ လေယာဥ်နဲ့စီးပြီး သွားဖူးတယ်။ ဒီအတိုင်း အမိုးအကာမပါဘဲ မြန်မြန်ရွေ့နေတဲ့ယာဥ်တွေကို မစီးနိုင်ရုံပဲ။”
ကျွန်မ မျက်မှောင်ကြုတ်လိုက်ပြီး သူ့အနားကို ပိုကပ်သွားမိတယ်။ သူ့ရဲ့အားနည်းတဲ့ဘက်ခြမ်းကို မြင်ရတော့ အလိုလိုနေရင်းစနောက်ချင်လာသလိုပါပဲ။
“ညအရှင်၊ လေယာဥ်စီးဖူးတယ်ဆိုတိုင်း လေယာဥ်စီးရတာ ကြိုက််တယ်လို့ သဘောမရဘူးလေ။”
သူ့ကို အစ်အောက်ပြီးဆက်မေးဖို့ ကြံထားပေမဲ့ နက်ဆန်ရဲ့အရိပ်ထဲကနေ အိမ်စေဝတ်စုံဝတ်ထားတဲ့ မော်လီထွက်လာပြီး ကျွန်မကို မျက်လုံးမှေးကြည့်တယ်။ သူ့ကြည့်ရတာ ကျွန်မကို နက်ဆန်နဲ့မရင်းနှီးစေချင် သလိုမျိုးပါပဲ။ ပြောရရင်သူက နက်ဆန့်အနားမှာရှိနေတဲ့ ဆယ်ဗီနဲ့မိုနီကာတို့ကိုလည်း အဲဒီလိုမျက်လုံးတွေနဲ့ တစ်ခါတစ်ခါကြည့်တတ်တယ်။
“မီးလျှံသခင်မရှင့်၊ သခင်လေးကို အခက်တွေ့အောင် လုပ်မနေပါနဲ့တော့။ ဘာပဲပြောပြော ကျွန်မတို့တွေ ဒီကိုအလုပ်နဲ့လာတာမဟုတ်လား။”
အဲဒီနောက်တော့ မော်လီရဲ့လက်ထဲမှာ မှော်ဆန်တဲ့ ရှေးဟောင်းမီးအိမ်ကြီးပေါ်လာတယ်။ အပြာရောင် မီးတောက်မီးလျှံတွေ အတွင်းမှာတောက်ပနေပြီးတော့ သဘာဝမဆန်တဲ့မီးရောင်က ကျွန်မတို့ပတ်ဝန်းကျင်ကို ဖြာကျလာတယ်။
သာမန်လူသားတွေမပြောနဲ့သဘာဝလွန်စွမ်းအားရှိတဲ့ လူတွေတောင်မှသေချာမမြင်ရတဲ့အရာတွေကို မြင်ရနိုင်စေဖို့ ဖန်တီးထားတဲ့ ရှေးဟောင်းမီးအိမ်ပါ။ ကျွန်မတို့ကျောင်းခြောက်ကျောင်း အဖွဲ့တိုင်းလိုလိုမှာ အယ်ဒါ ဒါမှမဟုတ် ဆက်ခံသူတွေသာကိုင်ဆောင်ခွင့် ရှိကြတဲ့ အမွေအနှစ်လက်နက်တွေရှိတယ်။
အကျော်ကြားဆုံးရတနာတွေအနေနဲ့ အမှောင်အတွက် တစ္ဆေမီးအိမ်၊ မီးလျှံအတွက် အစစ်အမှန်မီးတောင်ဝှေး၊ မြေအတွက် သလင်းလည်ဆွဲ၊ လေအတွက် မာယာကျာပွတ်၊ ရေအတွက် တန်ပြန်ကြေးမုံ စသည်ဖြင့်ပေါ့။ ကျောင်းတော်တွေမှာ အမွေအနှစ် ရတနာတစ်ခုထက်ပိုပြီးရှိကြပေမဲ့ သဘာဝလွန် လောကကြီးမှာ ရတနာနဲ့ကျောင်းတော်တွေကို တွဲမှတ်မိတဲ့ရတနာတွေဆိုရင်တော့ ကျွန်မပြောခဲ့တဲ့ စာရင်းအတိုင်းပဲ။
ကျွန်မရှေ့မှာရှိနေတဲ့ အမွေအနှစ်ရတနာက အဲဒီထဲက တစ်ခုပါ။ ပြီးတော့ အခုကိစ္စမှာ အသုံးအဝင်ဆုံးပဲ။
“ဒီတော့... မင်းသတိထားမိတဲ့ ပထမဆုံးမူမမှန်မှုက ကလေးတွေ လျှောထဲဝင်သွားပြီး တော်တော်ကြာတဲ့ အချိန်အထိ ထွက်မလာတာပေါ့။”
သော့ခတ်ထားတဲ့ပန်းခြံဝင်းကို နက်ဆန်က မှော်နှင်တံနဲ့ သော့ဖြေနေတဲ့အချိန် ကျွန်မနဲ့သူနဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောဖြစ်ကြတယ်။
“အဲဒါထက်ပိုတာက ရေချယ်ဆိုတဲ့ကလေးက အဲဒီအချိန်ကတည်းက လျှောထဲကိုဝင်သွားပြီး လိုက်ရှာတဲ့အချိန်ကျမှ ပြန်ထွက်လာတာလို့ ကျွန်မသံသယဝင်နေတာပဲ။”
ချောက်...
ကျွန်မ စကားပြောပြီးတဲ့အချိန်မှာပဲ တံခါးပွင့်သွားပြီး သုံးယောက်သား ပန်းခြံထဲကိုဝင်လာတယ်။ မော်လီက ရှေ့ကဦးဆောင်ပြီး မီးအိမ်ကို မြင့်မြင့်မြှောက်လို့ပေါ့။ နက်ဆန်ကတော့ ကျွန်မပြောတဲ့စကားကိုနားထောင်ပြီး ထင်ကြေးတစ်ခုပြန်ပေးလေရဲ့။
“ကြားရသလောက်တော့ ဒိုင်မေးရှင်းစွမ်းအားလိုပဲ။ ဒါပေမဲ့အဲဒီလိုအရာတွေက သာမန်လမ်းမပေါ်က အငြိုးကြီးတစ္ဆေတွေမှာ တွေ့တတ်တဲ့အရာမျိုး မဟုတ်ဘူး။”
ကစားကွင်းနားကိုရောက်တော့ မော်လီကရုတ်တရက် ရပ်လိုက်ပြီးတော့ နက်ဆန်ရဲ့လက်ကိုဖမ်းဆွဲကာ သတိပေးလိုက်တယ်။
“သခင်... လေထုထဲကို သေချာဂရုစိုက်ကြည့်...”
ကျွန်မနဲ့နက်ဆန် လေထုကိုသေချာဂရုစိုက်ပြီး သတိထားကြည့်မိတော့ တစ္ဆေမီးအိမ်ရဲ့လွှမ်းမိုးမှု အောက်မှာရှိနေတဲ့လေထုထဲမှာ အနီရောင်အစက် အပြောက်လေးတွေလွင့်စင်နေတာ မြင်ရပါတယ်။
“မှားစရာမရှိဘူး... ဒါက သာမန်တစ္ဆေတစ်ကောင် မဟုတ်ဘူး။ နတ်ဆိုးပဲ... ငါတို့မြင်နေရတဲ့ သံချေးရောင် အနီစက်တွေက ဆိုးယုတ်ခြင်းမြူမှုန်တွေ။”
နတ်ဆိုး... ပေါ့သေးသေးရန်သူတစ်ယောက်မဟုတ်ဘူး။
“ရိုမြူလက်ချက်ကျောင်းက ငရဲတံခါးကိုဖွင့်ဖို့ ကြိုးစားနေတာနဲ့ဆိုင်မလား။” ဒီကိစ္စကို ကျောင်းခြောက်ကျောင်းအဖွဲ့ဝင်တိုင်း သိထားပြီးပြီ။
“ဖြစ်နိုင်တယ်... ငါ့ရဲ့ခန့်မှန်းချက်အရဆိုရင် လင်ဘိုဘုံမှာ နတ်ဆိုးတွေနဲ့စစ်ဖြစ်နေလောက်ပြီ။ ဒါကြောင့် ငါသူတို့ရဲ့အထက်မူးမတ်တစ်ယောက်ကို သတ်လိုက်တာတောင်မှ ဘယ်သူမှထပ်ရောက်မလာတာ။”
ပုံမှန်သာဆိုရင်တော့ နက်ဆန်အခုလုပ်နေတဲ့ကိစ္စတွေက လင်ဘိုဘုံနဲ့အမှောင်ကျောင်းကို စစ်ဖြစ်စေနိုင်တဲ့အထိ ကြီးတယ်။ လင်ဘိုဘုံရဲ့တစ်ဦးတည်းသောမင်းသမီးကို သူက ဖမ်းခေါ်ထားသလိုဖြစ်နေပြီး လာကယ်တဲ့သူကိုပါ သတ်ပစ်လိုက်တာကိုး။
နေစမ်းပါဦး...
ကျွန်မနက်ဆန်ကိုထပ်ကြည့်မိတယ်။ ဒီအကြောင်းတွေက ရင်းနှီးသလိုဖြစ်မနေဘူးလား။ နက်ဆန်ကျွန်မအိမ်ကို လာလည်တယ်။ အဖွားသေပြီး ကျွန်မသူ့ကိုလိုက်ပြီး သတ်တယ်။ နာတာရှာသူ့ကြောင့်ဖုတ်ကောင်ဖြစ်သွားပြီး ရှားလော့ခ်က သူ့ကိုလိုက်သတ်တယ်။ ဒီလူက လမ်းလျှောက်နေရင်းနဲ့ကို အလိုလိုရန်သူတိုးလာတဲ့ လူစားမျိုးလား။
“ထားလိုက်တော့....” ကျွန်မ ပါးပြင်ကိုလက်နဲ့ရိုက်ပြီး အတွေးတွေကိုပြန်စုစည်းလိုက်တယ်။ မဟုတ်ရင် အခုဖြစ်နေတဲ့ကိစ္စတွေကို အာရုံစိုက်နိုင်မှာမဟုတ်ဘူး။
“ပုံမှန်ဆိုရင် နတ်ဆိုးတွေက လောကနိယာမတွေကြောင့် လူ့ပြည်တက်လာရင်အကောင်အထည်မရှိဘူးမဟုတ်လား။ သူတို့ဝင်ပူးဖို့ လူလိုမှာပဲ။”
ကျွန်မ နတ်ဆိုးနဲ့မရင်ဆိုင်ဖူးပေမဲ့ အခြေခံတွေတော့ သိထားတယ်။ နက်ဆန်ကလည်းခေါင်းညိတ်ပြတယ်။ အဲဒီနောက်တော့...
“ငါအရင်က နတ်ဆိုးနှစ်ကောင်လောက်ဖမ်းဖူးတယ်။ သူတို့နှစ်ကောင်လုံးက လူသားခန္ဓာထဲဝင်ပူးထားတာ။ ဒါပေမဲ့ဒီတစ်ခုကတော့ အဲဒီလျှောကိုဝင်ပူးထားပုံပဲ။”
နက်ဆန်က တစ်နေရာကိုလက်ညိုးညွန်ပြလိုက်တယ်။ မော်လီကလည်းပဲ မီးအိမ်ကို လျှောနားကိုပိုပြီးတော့ တိုးကပ်ကြည့်လိုက်ပါတယ်။ တကယ်ပဲ ရဲရဲနီအောင် ကင်ထားတဲ့သံပူနဲ့ထွင်းထုထားသလို နတ်ဆိုးတံဆိပ် တစ်ခုက လျှောပိုက်မျက်နှာပြင်ပေါ်မှာရှိနေတယ်။
“သူ့ဗျူဟာက စိတ်ဝင်စားစရာပဲ။ လူသားတစ်ယောက်ကို ဝင်ပူးပြီး ဝိညာဥ်တွေလိုက်စုပ်ယူမယ့်အစား ကြွက်ထောင်ချောက်လိုလုပ်ဖို့ စဥ်းစားထားတာလား။”
ကျွန်မတွေးလိုက်ပေမဲ့ ချက်ချင်းပဲ ရှေ့နောက်မညီတဲ့ အချက်ကိုသတိထားမိလိုက်ပါတယ်။ ဒါဆိုရင်ဘာလို့ အဲဒီကလေးတွေကအထိအခိုက်မရှိဘဲထွက်လာနိုင်ရတာလဲ။ စာအုပ်ထဲမှာမြင်နေကျနတ်ဆိုးဆိုရင် ခြောက်ကပ် သွားတဲ့အထိ စုပ်ယူခံနေရလောက်ပြီ။
“ငါတို့ စမ်းကြည့်ကြမလား....” ကျွန်မအတွေးကို နက်ဆန်က ဖြတ်ပြောလိုက်တယ်။ သူဘာလုပ်ဖို့ တွေးနေတာလဲ။
ဒါပေမဲ့ခဏအတွင်းမှာပဲ ကျွန်မသဘောပေါက်သွားပြီ။ နက်ဆန်က လျှောပေါ်ကို တစ်ဖက်လှေကားကနေတက် လျှောစီးတိုင်းကစားဖို့လုပ်နေတာ။
“သခင်၊ ဂရုစိုက်ပါ။ နတ်ဆိုးတွေရဲ့လှည့်ကွက်ထဲ ကျမသွားနဲ့ဦး။”
မော်လီကတော့ အောက်မှာရပ်နေရင်းကနေ လှမ်းပြီး သတိပေးတယ်။ ဆော့ရင်းကစားရင်းခိုက်မိမှာကို စိုးရိမ်နေတဲ့ ကလေးအမေလိုပါပဲ။
“ကိစ္စမရှိပါဘူး...” နက်ဆန်က ခပ်တည်တည်နဲ့ပြောပြီး လျှောပိုက်ထဲကိုဝင်တယ်။
ဘုန်း... ဂလုံးဂလုံး....
နက်ဆန်ရဲ့လူကြီးခန္ဓာကိုယ်ကိုမခံနိုင်တဲ့ ပိုက်လုံးကြီးက အသံပေါင်းစုံမြည်လာပြီးနောက် ခဏကြာတော့ ဆံပင်နက်နဲ့လူငယ်လေးက မြက်ခင်းပြင်ပေါ်ကို ပြန်ရောက်နေပြီ။
“အလုပ်မဖြစ်ဘူးပဲ... ရို့စ်၊ စမ်းကြည့်မလား။”
ဘယ်တုန်းက ကျွန်မပါ ဆွဲထည့်ခံရမှန်းမသိပေမဲ့ သတိပြန််ဝင်လာတော့ ပိုက်လုံးကြီးရှေ့မှာကျွန်မ ရောက်နေပါပြီ။ ညနေကလည်းတစ်ခါစမ်းဖူးပေမဲ့ နေအလင်းရောင်လုံးဝမရှိတဲ့အချိန်မှာတော့ ပိုပြီးကြောက်စရာကောင်းနေသလိုပဲ။
ဒါကြောင့် သက်ပြင်းချလိုက်ပြီး လျှောအတိုင်း ဆင်းချလိုက်တော့ သာမန်အတိုင်းပဲ ဘာမှမဖြစ်ဘဲ အပြင်ကိုပြန်ရောက်လာရော။
“လူကြီးတွေအတွက် မထိရောက်တာလား....” နက်ဆန်က ကျွန်မမြက်ခင်းပေါ်ပြန်ရောက်လာတာကို ကြည့်လိုက်ရင်းပြောတယ်။
ကျွန်မလည်း အဲဒီလိုထင်ပေမဲ့ စဥ်းစားစရာတွေ အများကြီးရှိနေသေးတယ်။ ဥပမာအနေနဲ့ ကလေးတွေဆိုနေတဲ့သီချင်း။
“ ကလေးတွေဆိုနေတဲ့ကဗျာအရဆို အရူးအဖိုးကြီးက ကလေးတွေနဲ့ပဲ ကစားတယ်လို့ပြောတယ်။ ဒီတော့ ရှင်ပြောတာဖြစ်နိုင်တယ်။”
“မင်း၊ အဲဒီကဗျာအတိအကျကိုရလား။” နက်ဆန်က မေးလိုက်တော့ ကျွန်မအလိုလိုခေါင်းခါလိုက်မိတာပေါ့။ အဲဒီတုန်းက ပေါ့ပေါ့တန်တန်ပဲနေခဲ့မိတာဖြစ်လို့ ကလေးတွေရဲ့ကဗျာကို ကျွန်မဂရုတစိုက် နားထောင်တာမျိုးမလုပ်ခဲ့ဘူး။
“ကြည့်ရတာတော့ ကျွန်မတို့တွေ မီးလျှံသခင်မကို အားကိုးလို့မရတော့တဲ့ပုံပဲ။ နတ်ဆိုးတွေက သူတို့ကို ပူဇော်နည်းအစီအရင်တွေကို ကဗျာတွေထဲမှာ ထည့်ရေးလေ့ ရှိတတ်ကြတယ်။ ဒါကိုမမှတ်မိဘူးဆိုတော့ ကျွန်မတို့တစ်ပန်းရှုံးနေပြီ။”
လာပြန်ပြီ။ နောက်တစ်ခါအထင်သေးတဲ့အကြည့်။ မော်လီက ကျွန်မကို အဖက်မတန်သလိုမျိုးကြည့်နေတဲ့ အတွက်ကြောင့် ဘေ့ဘောရိုက်တံနဲ့ခေါင်းကိုရှစ်စိပ် ခွဲပစ်ချင်လာရော။
“ထားလိုက်၊ အခုလောက်ဆိုရင် နာတာရှာတစ်ခုခု ရှာတွေ့ထားလောက်ပြီထင်တာပဲ။ အိမ်ပြန်ပြီးတော့ ပြင်ဆင်ကြတာပေါ့။ တခြားသူတွေအန္တရာယ်မဖြစ်စေဖို့ ဒီနေရာကို EUOCလက် အပ်လိုက်မယ်။”
ဒီလိုနဲ့ပဲ ဆိုင်ကယ်စီးပြီး အိမ်ပြန်လာရတော့တာပဲ။ မပြန်ခင်မှာ နက်ဆန်က အယ်မာကိုဖုန်းခေါ်ခဲ့သေးတယ်။ တကယ်လည်း ငါးမိနစ်အတွင်းမှာ EUOCကားတွေ ရောက်လာခဲ့တယ်။ နတ်ဆိုးထိတ်လန့်ပြီးတော့ ထွက်ပြေးမလားစိုးရိမ်ခဲ့မိပေမဲ့ နက်ဆန်ပြောပုံအရတော့
“ အဲဒီနတ်ဆိုးက နေရာတစ်ခုကိုဝင်ပူးထားတာ။ လွယ်လွယ်နဲ့ နေရာပြောင်းမပြေးနိုင်ဘူး။ စစ်ဆင်ရေးအဖွဲ့တွေ ဂရုစိုက်နေသမျှ လူကိုဝင်ပူးနိုင်မှာမဟုတ်ဘူး။
ပြီးတော့ အကောင်အထည်မရှိတဲ့နတ်ဆိုးတွေက လက်ခံကောင်ရဲ့အာရုံကိုပဲမျှဝေသုံးနိုင်တာ။ လက်ခံကောင်က နေရာကိုဝင်ပူးထားတာဆိုတော့ အစီအရင်လုပ်မှ သူငါတို့ကိုအာရုံခံနိုင်မှာ။”
.....
နက်ဆန်ရဲ့အိမ်ကိုပြန်ရောက်တော့ ညသုံးချက်တီးနေပြီ။ ကျွန်မအိပ်ချင်နေပြီဆိုပေမဲ့ နက်ဆန်ကတော့ပိုပြီး တက်ကြွလာသလိုပဲ။
အိမ်တံခါးကိုဖွင့်လိုက်တော့ စားပွဲတင်ကွန်ပျူတာကို လက်မှာပိုက်ပြီးစောင့်နေတဲ့ နာတာရှာကိုအရင်ဆုံး မြင်လိုက်ရတော့တာပဲ။
“သခင်... သခင်ပြောတဲ့အချက်အလက်တွေကို ကျွန်မရှာပြီးပါပြီ။ ကလေးပျောက်တဲ့အမှုကတော့ သိပ်ပြီးများများစားစားမရှိပေမဲ့ ဆိုးဆိုးဝါးဝါး အသတ်ခံထားရတဲ့ လူကြီးတွေရဲ့အမှုတချို့တော့ ရှိပါတယ်။”
ကျွန်မနဲ့နက်ဆန်က စားပွဲဝိုင်းမှာဝင်ထိုင်လိုက်တယ်။ မော်လီက ကျွန်မတို့နောက်မှာရပ်နေပြီးတော့ နာတာရှာက သူ့လက်တော့မျက်နှာပြင်ကို ကျွန်မတို့ဖက်လှည့်ပြတယ်။
“ပထမဆုံးနစ်နာသူက ကလေးအဖေတစ်ယောက်ပဲ။ ငါးနှစ်အရွယ် သမီးလေးနဲ့အတူလျှောစီးနေရင်း လူမြင်ကွင်းကနေပျောက်သွားတာ။ မြစ်ကမ်းပါး တစ်နေရာမှာ ပြန်တွေ့တဲ့ အချိန်ကျတော့ အူတွေကလီစာတွေ အထုတ်ခံထားရတယ်။”
ကျွန်မပါးစပ်ကို လက်ဝါးနဲ့အုပ်ထားလိုက်မိတယ်။ မြင်ရတဲ့ပုံတွေက တကယ့်ကို စိတ်မချမ်းသာစရာပါ။ နာတာရှာကတော့ပုံမှန်အတိုင်းပဲ နောက်အမှုတစ်ခုကို ပြတယ်။
“တခြားပုံစံတူအမှုတွေရှိပေမဲ့ ဒီအမှုကတော့ ကျွန်မတို့ဖို့ ပိုအသုံးဝင်မယ်ထင်တာပဲ။ သေတဲ့သူက အွန်လိုင်းပေါ်က သဘာဝလွန်ဂျာနယ်လစ်တစ်ယောက်ပဲ။ အွန်လိုင်း ဖိုရမ်တွေပေါ်မှာ သရဲခြောက်တဲ့နေရာတွေအကြောင်း ရေးတဲ့သူပေါ့။”
နာတာရှာက သူ့စကားအရှည်ကြီးကို ခဏနားလိုက်ပြီးမှ ကျွန်မတို့အားလုံးကိုကြည့်ပြီး ပြောလိုက်ပါတယ်။
“သူမသေဆုံးခင်က သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ဆောင်းပါးရေးခဲ့တယ်။ ကစားကွင်းသရဲကိစ္စပဲ။ ကလေးတချို့ ထူးဆန်းတဲ့ကဗျာဆိုပြီး အစီအရင်ဆန်ဆန် လုပ်ရပ်တချို့လုပ်ရုံနဲ့တင် အရူးအဖိုးကြီးနဲ့ ကစားနိုင်တယ်ဆိုတဲ့ပုံပြင်ပေါ့။
နောက်တော့ သူကိုယ်တိုင်စမ်းကြည့်မယ်လို့ဖိုရမ်မှာ တင်ပြီးတော့ပျောက်သွားတာပဲ။ သူ့ကိုပြန်တွေ့တော့ အစာအိမ်ထဲမှာ ငှက်မွှေးတွေအပြည့်ပဲ။
တော်တော်ဆိုးဝါးတဲ့သေနည်းတွေပဲ။ ဒါပေမဲ့ EUOCက ဘာလို့ပန်းခြံကို စောစောစီးစီးသတိမထားမိရတာလဲ။ ကျွန်မတွေးလိုက်တဲ့ကိစ္စကို နာတာရှာကချက်ချင်းပဲ အဖြေပေးလိုက်တယ်။
“ပြီးခဲ့တဲ့လပိုင်းတုန်းက EUOCကလည်း ဒီကိစ္စကို သဘာဝလွန်ဖြစ်ရပ်လို့ယူဆပြီးစစ်ဆေးခဲ့ပေမဲ့ ရေလိုက်လွဲနေတဲ့ပုံပဲ။ သူတို့တွေက လျှောက်သွားနေတဲ့ အငြိုးကြီးတစ္ဆေတစ်ကောင်လို့ထင်နေတာ။ ပျောက်သွားတဲ့လူကြီးတွေကို ပြန်တွေ့တဲ့နေရာကလည်း မတူဘူးလေ။ ကလေးအဖေက မြစ်ကမ်းပါးနံဘေးမှာ၊ ဂျာနယ်လစ်က အမှိုက်ကားထဲမှာသေနေတာ။ ဂျာနယ်လစ်ရဲ့ဆောင်းပါးကိုဖတ်မိပေမဲ့ ဆက်စပ်ပုံကို သူတို့သက်သေမပြနိုင်ခဲ့ဘူး။”
“ကြည့်ရတာ ငါတို့ရန်သူက နေရာကမရွေ့နိုင်ပေမဲ့ ဒိုင်မေးရှင်းစွမ်းအားကိုသုံးပြီး သူ့အထဲ ဝင်လာတဲ့သူတွေကို နေရာစုံကိုပစ်လွှတ်နိုင်မယ့်ပုံပဲ။” နက်ဆန်က ကောက်ချက်ချလိုက်တယ်။ လူသားတွေ သိထားတဲ့ အယူအဆတွေကို ဖယ်ရှားမပစ်နိုင်ရင် နတ်ဆိုးဘယ်ပီသတော့မလဲ။
“ဒါနဲ့၊ ရှင်ကဗျာအပြည့်အစုံကိုရော ရလိုက်သေးလား။” ကျွန်မ ကဗျာကိစ္စကိုသတိရလာပြီးမေးလိုက်တော့
နာတာရှာကခေါင်းညိတ်ပြတယ်။ “နည်းနည်းခက်ပေမဲ့ ရခဲ့တယ်။ ပြောရရင် အဲဒီဂျာနယ်လစ်က ကလေးတွေကို အင်တာဗျူးခဲ့ပေမဲ့ ကလေးတွေက သူ့ကိုရွတ်ပြဖို့ ငြင်းတယ်။ ဒါကြောင့် သူ့မှာအပြည့်အစုံမရှိဘူး။ ဒါပေမဲ့ကဗျာအပေါ်ပိုင်းကိုသုံးပြီး နည်းနည်း ရှာဖွေလိုက်တော့ ရှေးဆယ်မိုက်တစ်ကဗျာတစ်ခုနဲ့ ကာရံကိုက်နေပြီး နောက်စာသားတွေကို ခန့်မှန်းလို့ရသွားတယ်။”
နာတာရှာက သူ့ရဲ့ရှည်လျားတဲ့စုံစမ်းစစ်ဆေးမှုကြီးကို ကျွန်မတို့အတွက်ရှင်းပြပြီးနောက် ကဗျာကို ကျက်သီးထစရာကောင်းပြီး နားဝင်ချိုတဲ့ လေယူလေသိမ်းမျိုးနဲ့ စတင်ရွတ်ဆိုတော့တာပဲ။
“ကစားကွင်းမှာ လျှောကြီးရှိတယ်။
လျှောကြီးအောက်မှာ လိုဏ်ခေါင်းရှိတယ်။
အရူးအဖိုးကြီးနေပါတယ်။
ကလေးတွေနဲ့ကစားရတာ သူကြိုက်တယ်။
လူကြီးတွေကို သူမုန်းတယ်။
အမွှေးပွရုပ်တစ်ခုဝယ်လာတယ်။
ကလီစာတွေကိုထုတ်ပစ်မယ်။
ဆံပင်အခွေလိုက် သွပ်သွင်းကွယ်။
လျှောကြီးထဲကို ပစ်ချမယ်။
အတူတူကစားရအောင်ကွယ်။”
ရိုးရှင်းတယ်၊ အစီအရင်တစ်ခုလုံးက ရိုးရှင်းလွန်းလို့ ကလေးတွေတောင်လုပ်လို့ရတဲ့ပုံပဲ။ ဒါပေမဲ့ ဒီနတ်ဆိုးရဲ့ ရည်မှန်းချက်ကဘာလဲ။ ကလေးတွေနဲ့ ကစားချင်ရုံပဲတော့ မဟုတ်လောက်ဘူးမဟုတ်လား။
နက်ဆန်ကလည်း ကျွန်မနဲ့တူညီတဲ့အတွေးရှိပုံပဲ။ သူက နာတာရှာကိုကြည့်လိုက်ပြီး
“ကလေးတွေရဲ့ကဗျာမဟုတ်တဲ့ အဲဒီဆဲမိုက်ကဗျာကို မင်းရွတ်ပြနိုင်မလား။”
အခုလိုတောင်းဆိုခံလိုက်ရတဲ့ နာတာရှာရဲ့မျက်လုံးတွေ တောက်ပလာတယ်။ ဆယ်မိုက်လူမျိုးတွေဆိုတာက အရှေ့အလယ်ပိုင်းနဲ့အာဖရိကဦးချိုဒေသမှာနေခဲ့တဲ့ ရှေးဟောင်း အာခေးဒီးယန်းနဲ့ကေးနိုင်းမျိုးနွယ်တွေကို ဆိုလိုတာ။ သူတို့တွေကိုးကွယ်တဲ့နတ်တွေကရှေးကျပြီး ရက်စက်ကြတယ်။ ရက်စက်လွန်းလို့ မဟာနတ်ဘုရားကြီး ယာဝေက နတ်ဆိုးတွေအဖြစ်သတ်မှတ်ပြီး ငရဲဘုံကို ပို့ခဲ့တဲ့အထိပဲ။ အဲဒီလူမျိုးတွေရဲ့ကဗျာကိုဖတ်ပြဖို့ နာတာရှာက သိပ်ကိုတက်ကြွနေပုံပဲ။
နောက်တော့ နာတာရှာရဲ့ညို့ယူဓာတ်ပါပြီး ကျောချမ်းစရာကောင်းတဲ့ကဗျာရွတ်ဆိုသံက ဧည့်ခန်းမထဲ ပြန့်နှံလာခဲ့တယ်။ ကဗျာစာသားတွေက ဝေးကွာတဲ့အတိတ်ကာလကဖြစ်ပြီး ကြမ်းကြုတ်လွန်းတယ်။
“တောင်ကုန်းထက်မှာ ပလ္လင်ကြီးရှိတယ်။
ပလ္လင်ကြီးအောက်မှာ သားသတ်ခန်းရှိတယ်။
မိုလော့ခ်နတ်ဆိုးကြီးနေပါတယ်။
ကလေးတွေကို သူပြုစားတယ်။
မိဘတွေကို သူမုန်းတယ်။
အပျိုစင်ကျွန်တစ်ယောက်ဝယ်ပါကွယ်....”
ဒုတိယစာပိုဒ်ကို ရောက်တဲ့အခါမှာတော့ နာတာရှာက ရပ်လိုက်တယ်။ အဲဒီနောက် အခန်းထဲမှာရှိနေသူတွေကို ကြည့်လိုက်ပြီး
“ရှင်တို့ကျွန်မကိုတကယ်ဆက်ဖတ်စေချင်သေးတာလား။ နောက်စာသားတွေက ယေဘုယျအားဖြင့် အဲဒီ နတ်ဆိုးကြီး ကလေးမိဘတွေကိုအန္တရာယ်မပေးအောင် ရက်ရက်စက်စက် ယဇ်ပူဇော်ပြီး လူစတေးရတာပဲ။ ကေးနိုင်းလူမျိုးတွေက သူ့ကို တော်တော်ကြောက်ကြတယ်။”
နက်ဆန်က လက်ကာပြလိုက်တယ်။ ရပ်တော့ဆိုတဲ့ သဘောပါပဲ။ ကလေးတွေကိုပြုစားတယ်ဆိုတဲ့စာသားက ကျွန်မတို့မမြင်ရသေးတဲ့ မိုလော့ခ်အကြောင်းတစ်ခုခုကို လှစ်ဟာပြနေသလိုခံစားရတယ်။ ကျွန်မ အဲဒီကိစ္စကို မေးတော့ နာတာရှာက
“မှတ်တမ်းတွေအရတော့ ကလေးတွေကိုသူပြုစားပြီးရင် တဖြည်းဖြည်းနဲ့ဆိုးသွမ်းပြီး မှင်စာလေးတွေ ဖြစ်သွားကြတယ်ပြောတာပဲ။”