အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
အခန်း (၂၀၇) - ပုကျိုး တောင်
"မင်းက ချန်ဇစ်အန်း ရဲ့ အမွေအနှစ် ကို ရခဲ့တယ်လို့ ပြောတာလား..."
ဝူယီတောက် သည် ချန်ဇစ်အန်း ၏ အမွေအနှစ် ကို ရရှိခဲ့ကြောင်း ကြားလိုက်ရချိန်တွင် ကျွင်းရှောင်ယောင် မှာ အံ့အားသင့်သော လေသံဖြင့် မေးမြန်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ တပည့် တွင် အမွေအနှစ် ရှိနေသေးကြောင်းကို သူ လုံးဝ မသိရှိခဲ့ပေ။
ဝူယီတောက် က ခေါင်းညိတ်လိုက်၏။
"မင်းက ချန်ဇစ်အန်း ရဲ့ အမွေအနှစ် ကို ရခဲ့တယ် ဆိုမှတော့ ချန်ဇစ်အန်း ဘယ်ရောက်သွားလဲ ဆိုတာ မင်း ဘယ်လိုလုပ်ပြီး မသိနိုင်ရမှာလဲ..."
ကျွင်းရှောင်ယောင် သည် သိချင်စိတ်ဖြင့် ထပ်မေးလိုက်သော်လည်း ဝူယီတောက် က ခေါင်းကို အနည်းငယ် ခါရမ်းလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော်လည်း မသိဘူး... ဟွမ်သွမ့်မဟာဧကရာဇ် ရဲ့ မှတ်ဉာဏ်တွေက အနည်းငယ် ရှုပ်ထွေးနေတယ်... ဒါကြောင့် သူ ဘယ်ရောက်သွားလဲ ဆိုတာကို ကျွန်တော် မသိဘူး..."
"သူ နောက်ဆုံး ထွက်ပေါ်လာတဲ့ နေရာကိုတော့ ငါ သိတယ်..."
ကျွင်းရှောင်ယောင် က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီးနောက် အကန့်အသတ်မဲ့ အာကာသ ဟင်းလင်းပြင် ကို ကျော်လွန်၍ ခမ်းနားထည်ဝါသော တောင်တန်းကြီး တစ်ခု တည်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်၏။
"အဲဒါက... ပုကျိုး တောင် လား..."
"ဟုတ်တယ်... ဇစ်အန်း ငါ့ကို နောက်ဆုံး ပြောသွားခဲ့တာကတော့ သူ လေ့ကျင့်ဖို့ ပုကျိုး တောင် ကို သွားမယ် တဲ့... အဲဒီနောက်တော့ သူ အရိပ်အယောင်တောင် မချန်ဘဲ ပျောက်ကွယ်သွားတယ်... သူ့ရဲ့ ဝိညာဉ် မီးအိမ် က အရမ်း အားနည်းနေတဲ့ အခြေအနေမှာ ရှိနေတယ်... သူ မသေသေးဘူး ဆိုတာကိုပဲ ငါတို့ သိတယ်... ဒါပေမဲ့ သူ ဘယ်ရောက်သွားလဲ ဆိုတာကိုတော့ မသိရဘူး..."
ကျွင်းရှောင်ယောင် က ခေါင်းညိတ်၍ ဆက်ပြောလိုက်၏။
"ငါတို့လည်း သူ့ကို ရှာဖို့ ပုကျိုး တောင် ကို သွားခဲ့သေးတယ်... ဒါပေမဲ့ သူ့ကို မရှာတွေ့ခဲ့ဘူး... ဇစ်အန်း က လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ပျောက်ကွယ်သွားပုံ ရတယ်..."
ဤနေရာသို့ ရောက်သောအခါ ကျွင်းရှောင်ယောင်၏ လေသံထဲတွင် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ချန်ဇစ်အန်း သည် တစ်ချိန်က ဖရိုဖရဲ ခေါင်းလောင်း ကို ရှစ်ကြိမ်တိုင်တိုင် မြည်ဟည်းစေခဲ့သော ပါရမီရှင် တစ်ဦး ဖြစ်ပြီး သူကိုယ်တိုင်ကပင် ချန်ဇစ်အန်း ကို ဖရိုဖရဲ မြင့်မြတ်နယ်မြေ ၏ နောက်ထပ် သခင်ကြီး အဖြစ် တင်မြှောက်ရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် ချန်ဇစ်အန်း သည် အင်မော်တယ် မဟာဧကရာဇ်နယ်ပယ်ကို အဆင့်တက်လှမ်းနိုင်ရန် အခွင့်အရေး တစ်ခုကို ရှာဖွေနေစဉ် မမျှော်လင့်ဘဲ ပျောက်ကွယ်သွားခဲ့ပြီး ၊ သူ၏ သတင်းအစအန ကို ယနေ့ထိတိုင် မသိရတော့ချေ။
ထိုစကားကို ကြားသောအခါ ဝူယီတောက် သည် ကြာကြာ တုံ့ဆိုင်းမနေဘဲ ကျွင်းရှောင်ယောင် ကို အလျင်အမြန် ကြည့်ကာ ရိုသေစွာ လက်အုပ်ချီ၍ ပြောလိုက်သည်။
"သခင်ကြီး... ကျွန်တော် မြင့်မြတ်နယ်မြေ ကနေ ခဏလောက် ထွက်သွားရလိမ့်မယ် ထင်တယ်..."
ကျွင်းရှောင်ယောင် သည် မျက်မှောင်ကြုတ်သွားပြီး အတန်ကြာပြီးနောက်မှ နောက်ဆုံးတွင် မေးလိုက်၏။
"သွားဖို့ တကယ် လိုအပ်လို့လား..."
"ကျွန်တော် သွားရမယ်... ချန်ဇစ်အန်း ရဲ့ သတင်းကို ရှာဖွေပေးမယ်လို့ သူ့ကို ကျွန်တော် ကတိပေးထားတယ်... ပြီးတော့ ကျွန်တော် လုပ်စရာ တခြား ကိစ္စတွေလည်း ရှိသေးတယ်..."
ဝူယီတောက် က အလွန် လေးနက်စွာဖြင့် ပြောလိုက်၏။
"ဘာကိစ္စတွေလဲ..."
ကျွင်းရှောင်ယောင် က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ကျွန်တော် အောက်ကမ္ဘာ မှာ ရှိနေတုန်းက ကျွန်တော့်ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့တဲ့ အဖွဲ့အစည်း တစ်ခုထဲ ဝင်ခဲ့ဖူးတယ်... ကျွန်တော် တက်လှမ်းခြင်း ပြုပြီးရင် သူတို့အတွက် ဂိုဏ်း တစ်ခု တည်ထောင်ပေးမယ်လို့ ကတိပေးထားခဲ့တယ်..."
ဝူယီတောက် သည် သိုင်းသူတော်စင် နာ့ ကို ပေးထားခဲ့သော ကတိကို မမေ့ခဲ့ချေ။ ထျန်းဝူ ဂိုဏ်း ဆိုသည့် အမည်ကို အထက်ကမ္ဘာ တစ်ခုလုံးတွင် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်အောင် ဆောင်ရွက်ပေမည်။
ထိုစကားကို ကြားသောအခါ ကျွင်းရှောင်ယောင် မှာ ခဏတာ ချီတုံချတုံ ဖြစ်သွားသော်လည်း လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
"ဒီလိုဆိုရင်လည်း သွားပါ... ဒါပေမဲ့ မှတ်ထားပါ... ဘာပဲဖြစ်ဖြစ် မြင့်မြတ်နယ်မြေ က မင်းရဲ့ ကျောထောက်နောက်ခံ အဖြစ် အမြဲတမ်း ရှိနေမှာပါ... အကယ်၍ တစ်ခုခု လိုအပ်ရင် ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေရဲ့ နာမည်ကိုသာ သုံးလိုက်..."
"ဟုတ်ကဲ့ပါ သခင်ကြီး..."
ဝူယီတောက် သည် လက်သီးဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး ရိုးသားစွာဖြင့် ပြောလိုက်၏။
ထိုသို့ ပြောပြီးနောက် ဝူယီတောက် သည် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့လေသည်။ သူသည် ဟွမ်သွမ့်မဟာဧကရာဇ် ၏ သတင်းကို ရှာဖွေရန်နှင့် အထက်ကမ္ဘာ တွင် ထျန်းဝူ ဂိုဏ်း ကို တည်ထောင်ရန် ပုကျိုး တောင် ဆီသို့ ဦးတည်သွားခြင်း ဖြစ်၏။
ဝူယီတောက် ထွက်သွားသည်နှင့် ထိုနေရာရှိ ဖရိုဖရဲ မြင့်မြတ်နယ်မြေ ၏ အဆင့်မြင့် အဖွဲ့ဝင် အားလုံးက သူ့ကို မထွက်သွားစေချင်သည့် အမူအရာများဖြင့် ကြည့်နေကြသည်။ အကြီးအကဲချုပ် က ကျွင်းရှောင်ယောင် ထံသို့ပင် ချဉ်းကပ်လာပြီး ပြောလိုက်၏။
"သခင်ကြီး... သူတော်စင် ကို တကယ်ပဲ တစ်ယောက်တည်း ထွက်သွားခွင့် ပြုလိုက်တော့မလို့လား..."
ကျွင်းရှောင်ယောင် က ဝူယီတောက် ၏ ထွက်ခွာသွားသော ကျောပြင်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ငါတို့ ခွင့်မပြုရင်ရော ဘာထူးမှာလဲ... သူ့ရဲ့ ပါရမီ က ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ က ဖိနှိပ်ထားလို့ မရနိုင်တဲ့ အရာဆိုတာ မင်း သိသင့်တယ်... ဒါ့အပြင် ငါတို့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ ရဲ့ ဘိုးဘေး ဖြစ်တဲ့ နတ်ဘုရား မှော်လက်နက် ကတောင် အခုဆိုရင် သူတော်စင် ကို သူ့ရဲ့ သခင် အဖြစ် အသိအမှတ်ပြုထားပြီ..."
"မင်း သိတဲ့အတိုင်းပဲ... ဖရိုဖရဲ ခေါင်းလောင်း ရဲ့ စစ်မှန်တဲ့ စွမ်းအားကိုသာ ထုတ်သုံးမယ် ဆိုရင် ငါတို့ရဲ့ အထက်ကမ္ဘာ တစ်ခုလုံးကိုတောင် ဖျက်ဆီးပစ်နိုင်လောက်တယ်..."
"ဒါကြောင့် သူတော်စင် က ခုနက ဒီကိစ္စကို ငါတို့နဲ့ ဆွေးနွေးနေတာ မဟုတ်ဘူး... သူက ငါတို့ကို အသိပေးရုံ သက်သက်ပဲ... ငါတို့ လုပ်နိုင်တာက သဘောတူပြီး သူတော်စင် ကို ဒီနေ့ ငါတို့ရဲ့ ကြင်နာမှုကို မှတ်မိနေစေဖို့ပဲ ရှိတော့တယ်..."
ထိုစကားကို ကြားသောအခါ အကြီးအကဲချုပ် ချင်ရှန်ယွီ မှာ အတန်ကြာ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ပြန်ဖြေလိုက်သည်။
"သခင်ကြီး... ကျွန်တော် နားလည်ပါပြီ..."
" သူတော်စင် က ငါတို့ဆီ ဘယ်လို အံ့အားသင့်စရာတွေ ယူလာပေးမလဲ ဆိုတာကို ငါ မသိဘူး... ငါတို့ ချန်ဇစ်အန်း ကို မရှာတွေ့နိုင်တာနဲ့ သူတော်စင် က မရှာတွေ့နိုင်ဘူးလို့ မဆိုလိုဘူးလေ... ဖရိုဖရဲ ခေါင်းလောင်း ရဲ့ အကူအညီနဲ့ သူတော်စင် က သူ့ကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မယ်”
ဤအချက်ကို တွေးမိသောအခါ ကျွင်းရှောင်ယောင် ၏ မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အခြားတစ်ဖက်တွင် ဝူယီတောက် မှာ ဘာမှ မသိရှိခဲ့ပေ။ ကျွင်းရှောင်ယောင် မှာ ထျန်းဝူ ဂိုဏ်း ကို အရင် တည်ထောင်သင့်သလား သို့မဟုတ် ချန်ဇစ်အန်း ကို ရှာဖွေရန် ပုကျိုး တောင် သို့ သွားသင့်သလား ဆိုသည်ကိုပင် စဉ်းစားနေလေ၏။
"ထားလိုက်ပါတော့... ထျန်းဝူ ဂိုဏ်း ကို အရင် တည်ထောင်လိုက်တာ ပိုကောင်းပါတယ်... ချန်ဇစ်အန်း ကို ရှာဖို့ ဆိုတာက အချိန်တိုအတွင်း လုပ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ... ဆရာ နဲ့ တခြားသူတွေ ဆိုရင်တော့ သူတို့ရဲ့ ပါရမီတွေနဲ့ အမြန်ဆုံး တက်လှမ်းနိုင်လောက်တယ်..."
ထိုသို့ တွေးလိုက်မိပြီးနောက် ဝူယီတောက် သည် တောင်ပိုင်း ဒေသ ဆီသို့ ပျံသန်းသွား၏။
ထျန်းဝူ ဂိုဏ်း ကို တည်ထောင်ရာတွင် သူသည် ဖရိုဖရဲ မြင့်မြတ်နယ်မြေ အား အကူအညီ တောင်းရန် မရည်ရွယ်ထားဘဲ သူ့ဘာသာသူ လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ သို့သော်လည်း သူသည် ယခုအခါ လျိုထျန်းရွှေအင်မော်တယ် အထွတ်အထိပ် သာ ရှိသေးပြီး ကျယ်ပြောလှသော အထက်ကမ္ဘာ တွင် စွမ်းအားကြီးမားသော ပုဂ္ဂိုလ် တစ်ဦး အဖြစ် သတ်မှတ်လို့ မရနိုင်သေးချေ။
ဖရိုဖရဲ ခေါင်းလောင်း ကို မပါဝင်စေဘဲ၊ သူ၏ အစွမ်းကုန် ကြိုးစားမှုဖြင့်ပင် သူသည် အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် နှင့်သာ မနည်း ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ဤသည်မှာလည်း သူ၏ ကျွမ်းကျင်မှုအပေါ်၌သာ များစွာ မူတည်နေသေး၏။ မည်သို့ပင်ဆိုစေကာမူ ဖရိုဖရဲခန္ဓာကိုယ်၏ အားသာချက်မှာ အရာခပ်သိမ်းကို အနည်းငယ်စီ တတ်ကျွမ်းနားလည်ခြင်း ဖြစ်သော်လည်း မိမိထက် အဆင့်မြင့်မားသူများကို ကျော်လွန်တိုက်ခိုက်ခြင်းမှာမူ ၎င်း၏ အားသာချက်မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် တောင်ပိုင်း ဒေသ ၌ ဝူယီဖန်... မဟုတ်ဘူး... လင်းယာဟွမ် သည် စစ်မှန်အင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူ သုံးဦး၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရ၏။
"ဆရာ... ကျွန်မ ဘာလုပ်ရမလဲ... ကျွန်မ အမီလိုက်ခံရတော့မယ်လို့ ခံစားရတယ်..."
လင်းယာဟွမ် သည် သူမ၏ နောက်မှ တဖြည်းဖြည်း နီးကပ်လာနေသော စစ်မှန်အင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူ သုံးဦးကို ကြည့်လိုက်သည်။ သူတို့၏ ကိလေသာ ရမ္မက် ကြီးမားသော အမူအရာများက သူမကို အန်ချင်စိတ် ပေါက်သွားစေ၏။
အကယ်၍ သူမကိုသာ ဖမ်းမိသွားပါက ၊ သူမကို စောင့်ကြိုနေမည့် သနားစရာ ကောင်းလှသော ကံကြမ္မာကို သူမ မြင်ယောင်ကြည့်နိုင်ပေသည်။
"အရင်ဆုံး ပြေးလိုက်... အခုအချိန်မှာ မင်းကို ကူညီဖို့ ငါ ဘာမှ မလုပ်ပေးနိုင်ဘူး... ကံတရား အတိုင်းပဲ လွှတ်ထားလိုက်ရုံပဲ ရှိတော့တယ်..."
လက်စွပ် အတွင်းရှိ ထန်ယန် ၏ အမူအရာမှာလည်း အလွန် ကြည့်ရဆိုးနေသည်။ စစ်မှန်အင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူ သုံးဦးသည် လင်းယာဟွမ် ကို လိုက်လံ ဖမ်းဆီးနေ၏။ အကြောင်းမှာ လင်းယာဟွမ် သည် ယခင်က လျှို့ဝှက် နယ်မြေ တွင် အဆင့် ၃ အင်မော်တယ်ဆေးပင် တစ်ပင်ကို ရှာတွေ့ခဲ့ပြီး ၎င်းက ထိုသုံးဦး၏ လိုချင်တပ်မက်မှုကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။
ထို့အပြင် လင်းယာဟွမ် ကိုယ်တိုင်ကလည်း အလွန် လှပသူ ဖြစ်သောကြောင့် သူမ လိုက်လံ ဖမ်းဆီးခံရသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
လင်းယာဟွမ် တွင် ကောင်းမွန်သော ပါရမီ ရှိသော်လည်း ထန်ယန် အနေဖြင့် လင်းယာဟွမ် ကို ကျင့်ကြံခြင်း နှင့် ပတ်သက်သည့် လမ်းညွှန်မှု များသာ ပေးနိုင်၏။ထို့အပြင် အချိန်တိုတောင်းလှသဖြင့် လင်းယာဟွမ် သည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့သာ မနည်း ကျင့်ကြံနိုင်ခဲ့သည်။
ထန်ယန် တွင် ပိုမို အဆင့်မြင့်သော ကျင့်စဉ်များ နှင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုများ ရှိနေသောကြောင့်သာ လင်းယာဟွမ် အနေဖြင့် စစ်မှန်အင်မော်တယ် ကနဦးအဆင့် သုံးဦး၏ လိုက်လံ ဖမ်းဆီးမှုမှ အသက်ရှင် လွတ်မြောက်နေခြင်း ဖြစ်၏။
သို့သော်လည်း လက်ရှိ အခြေအနေအရ ကြည့်လျှင် ၊ လင်းယာဟွမ် ၏ အင်မော်တယ် စွမ်းအင် မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး အကယ်၍ သူမသာ တစ်ဖက်လူ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပါက သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
"နတ်သမီးလေး... အခုပဲ ရပ်လိုက်.. အကယ်၍ မင်း ရပ်လိုက်ပြီး အင်မော်တယ် ဆေးပင် ကို ငါတို့ဆီ ပေးအပ်ပြီး ငါတို့ရဲ့ မိန်းမ လုပ်မယ် ဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါတို့ ဝန်လေးနေမှာ မဟုတ်ဘူး..."
ခေါင်းဆောင် ဖြစ်သူက လင်းယာဟွမ် ကို အော်ပြောလိုက်သော်လည်း သူမ၏ အသက်ထက် အပျိုစင်ဘဝကို ပိုမို တန်ဖိုးထားသော လင်းယာဟွမ် သည် မည်သို့နားထောင်မည်နည်း။
"အိပ်မက် မက်နေလိုက်... ငါ သေရမယ် ဆိုရင်တောင် မင်းတို့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်မယ်... နင်တို့ကို အလွယ်တကူ အလွတ်ပေးမှာ မဟုတ်ဘူး..."
အခန်း (၂၀၈) - သူရဲကောင်း က အလှလေးကို ကယ်တင်ခြင်း၊ ရိုးအီနေတဲ့ ဇာတ်ကွက်
မကြာမီမှာပင် လင်းယာဟွမ် ၏ အင်မော်တယ် စွမ်းအင် များ ကုန်ခမ်းသွားပြီး သူမသည် စစ်မှန်အင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူ သုံးဦး၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။
သူမ ဝိုင်းရံခံလိုက်ရသည်နှင့် ၊ လင်းယာဟွမ်၏ အမူအရာသည် မျှော်လင့်ချက်မဲ့သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူမ လင်းယာဟွမ် သည် ယနေ့ ဤနေရာတွင် သေဆုံးရန် အကြောင်းဖန်လာခဲ့ပြီလော။
"ဟားး... နတ်သမီးလေး... ငါတို့ ညီအစ်ကို သုံးယောက်ကို အညံ့ခံလိုက်တော့... ငါတို့ ညီအစ်ကို သုံးယောက် က အဲဒီအလုပ်မှာလည်း ကျွမ်းကျင်ပါတယ်... မင်းကို နေရာမှာတင် ခံစားလို့ကောင်းအောင် ငါတို့ လုပ်ပေးမယ်..."
ဝတုတ်နေသော စစ်မှန်အင်မော်တယ် ကနဦးအဆင့်ရှိ ကျင့်ကြံသူများထဲမှ တစ်ဦးက လင်းယာဟွမ် ၏ ကျော့ရှင်းလှသော ခန္ဓာကိုယ်ကို ကြည့်ရင်း ၊ သူ့ တံတွေးသူ မြိုချကာ ကိလေသာ ရမ္မက် ကြီးမားသော လေသံဖြင့် ပြောလိုက်သည်။ ယင်းက လင်းယာဟွမ် ကို ကြက်သီးထသွားစေ၏။
"ဆရာ... တကယ်ပဲ တခြား နည်းလမ်း မရှိတော့ဘူးလား..."
လင်းယာဟွမ် သည် ထန်ယန် ကို တိတ်တဆိတ် ဆက်သွယ်လိုက်သည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ထန်ယန် သည် သက်ပြင်းတစ်ချက် ချကာ ပြောလိုက်၏။
"မင်းရဲ့ အဆင့်ကို လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် ကနေ စစ်မှန်အင်မော်တယ် ကနဦးအဆင့် ကို အချိန်တိုအတွင်း တက်လှမ်းသွားစေနိုင်မယ့် တားမြစ် ကျင့်စဉ် တစ်ခုကို ငါ သိတယ်... ဒါပေမဲ့ အချိန်ကြာကြာ အသုံးပြုရင် မင်းရဲ့ အခြေခံအုတ်မြစ် ကို ထိခိုက်စေနိုင်တယ်..."
"ဆရာ... ဒီအကြောင်းကို စဉ်းစားနေဖို့ အချိန်မရှိတော့ဘူး... အကယ်၍ ဒီတိုင်း ဆက်သွားနေမယ် ဆိုရင် ကျွန်မ ဒီနေရာမှာတင် သေရလိမ့်မယ်..."
လင်းယာဟွမ် က အလျင်အမြန် ပြောလိုက်၏။
ဤသည်ကို မြင်ပြီးနောက်၊ ထန်ယန် တွင် အခြား ရွေးချယ်စရာ မရှိတော့ဘဲ တားမြစ် ကျင့်စဉ် ကို လင်းယာဟွမ် အား သင်ပေးလိုက်ရတော့သည်။ တားမြစ် ကျင့်စဉ် ၏ စွမ်းအားနှင့် အားနည်းချက်များကို နားလည်ပြီးနောက် လင်းယာဟွမ် သည် တုံ့ဆိုင်းမနေတော့ဘဲ ၎င်းကို အသုံးပြုရန် ဟန်ပြင်လိုက်သည်။
ထိုစဉ် ဝူယီတောက် ၏ ပုံရိပ်သည် လင်းယာဟွမ် ၏ ရှေ့တွင် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ဝူယီတောက် ၏ ထွက်ပေါ်လာမှုက ထိုနေရာရှိ လူအားလုံးကို အံ့အားသင့်သွားစေပြီး ၊ အထူးသဖြင့် လင်းယာဟွမ် ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထန်ယန် ပင်လျှင် ဝူယီတောက် ရောက်လာသည်ကို သတိမထားမိခဲ့သောကြောင့် ဖြစ်၏။
"ယာဟွမ်... သတိထား... ရှေ့က ပုဂ္ဂိုလ် က ကြောက်ဖို့ကောင်းတယ်... သူ့ကို ငါ ထိုးထွင်း မမြင်နိုင်ဘူး..."
ထန်ယန်သည် ထိုသို့ပြောရင်း ၊ သူ၏ ရင်ထဲ၌ ကြီးမားသော အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ယခင်ဘဝက အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် ရှိ ထိပ်တန်း စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့သည်။ လက်ရှိတွင် သူသည် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သာ ဖြစ်နေသော်လည်း ၊ သူ့တွင် ထက်မြက်သော အမြင်အာရုံ ရှိဆဲ ဖြစ်ကာ သာမန် စွမ်းအားရှင်များကို ထိုးထွင်း မြင်နိုင်ပေသည်။
သို့တိုင်အောင် သူသည် ဝူယီတောက် ကို ထိုးထွင်း မမြင်နိုင်ခဲ့ချေ။ ယင်းက ဝူယီတောက် သည် မည်မျှ စွမ်းအားကြီးမားကြောင်းကို ပြသနေ၏။
ထိုအခိုက်၌ ဝူယီတောက် က ပြောလာခဲ့သည်။
"မင်းတို့ သုံးယောက်... အင်အားပြပြီး အားနည်းတဲ့ အမျိုးသမီး တစ်ယောက်ကို အနိုင်ကျင့်တာက သိပ်ပြီး ကောင်းတဲ့ လုပ်ရပ်တော့ မဟုတ်ဘူး ထင်တယ်..."
"စီနီယာ... ကျွန်တော်တို့ မှားသွားပါတယ်... ကျွန်တော်တို့ အခုပဲ ထွက်သွားပါ့မယ်..."
ဝူယီတောက်၏ စကားသံအဆုံးတွင်၊ စစ်မှန်အင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူ သုံးဦးမှာ အလွန် ထိတ်လန့်သွားပြီး အလောတကြီး ထွက်ပြေးသွားကြသည်။အင်မော်တယ် နယ်ပယ် ရှိ ကျင့်ကြံသူတိုင်းသည် ပါးနပ်ကြသည်။ ဝူယီတောက် သည် သူတို့ မပြစ်မှားနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း တန်းသိလိုက်သည်။အကယ်၍ ထွက်မသွားဘဲ တောင့်ခံနေမည်ဆိုပါက၊ ဤနေရာတွင်် သေရမည်မှာ သူတို့သာ ဖြစ်ပေလိမ့်မည်။
ထိုစစ်မှန်အင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူ သုံးဦး ထွက်သွားပြီးနောက် ဝူယီတောက် သည် လင်းယာဟွမ် ဘက်သို့ လှည့်လိုက်ပြီး သူသည် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် ၊ လင်းယာဟွမ် က ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"စီနီယာ ရဲ့ အကူအညီအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်... အခုတော့ ကျွန်မမှာ ကျေးဇူးဆပ်စရာ မရှိဘူး... ကျေးဇူးဆပ်တဲ့ အနေနဲ့ နောက်ဘဝမှာ စီနီယာ့ရဲ့ အစေခံ ဖြစ်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်... နှုတ်ဆက်ပါတယ်..."
ထိုသို့ ပြောပြီးနောက် လင်းယာဟွမ် သည် လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ဝူယီတောက် က သူမ၏ ပခုံးကို ဖမ်းကိုင်လိုက်သဖြင့် သူမ လှုပ်ရှား၍ မရတော့ချေ။
"တခြား ဘာကိစ္စ ရှိသေးလို့လဲ စီနီယာ..."
လင်းယာဟွမ် က ဝူယီတောက် ကို လှည့်ကြည့်လိုက်ပြီး အတင်းအကျပ် ပြုံးပြလိုက်သည်။
ဝူယီတောက် ၏ မျက်နှာပေါ်တွင် တစ်ဝက်တစ်ပျက် အပြုံးတစ်ခု ရှိနေပြီး ယင်းက လင်းယာဟွမ် ကို မလုံခြုံစေသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ တစ်ဖက်လူသည် သူမ၏ ရုပ်ရည်ကို သဘောကျပြီး သူမကို အတင်းအဓမ္မ ပြုကျင့်ရန် ကြံစည်နေသည်ဟု သူမ တွေးမိသွားသည်။
လက်စွပ် အတွင်းရှိ ထန်ယန်မှာမူ ၊ သူသည် ဝူယီတောက် ၏ သတိထားမိခြင်းကို ခံရမည် စိုးသဖြင့် ကြုံ့ကြုံ့လေး နေကာ စကားတစ်ခွန်းမျှ မပြောရဲချေ။
ထိုအခိုက်အတန့်တွင် ဝူယီတောက် က ဆိုလိုက်သည်။
"ကောင်းပြီ... မင်းကို ငါပြောစရာ ရှိလို့ ကယ်ခဲ့တာပါ... ငါ့အတွက် အင်အားစု တစ်ခုကို မင်း စီမံခန့်ခွဲပေးဖို့ လိုတယ်..."
ထိုစကားကို ကြားသောအခါ လင်းယာဟွမ် မှာ နေရာတွင်ပင် အေးခဲသွားသည်။ သူမသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သာ ရှိသေးသည်။ သို့သော် တဖက်လူသည် အထက်ကမ္ဘာ က အင်အားစု တစ်ခုကို သူမအနေဖြင့် စီမံခန့်ခွဲနိုင်မည်ဟု မျှော်လင့်ထားလေသလော။
လင်းယာဟွမ် ၏ အတွေးများကို ခန့်မှန်းမိသကဲ့သို့ ဝူယီတောက် က ဆက်၍ ရှင်းပြလိုက်၏။
"စိတ်မပူပါနဲ့... ဒီကာလအတွင်းမှာ ရွှေအင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်အောင် ငါ မင်းကို ကူညီပေးပါ့မယ်... မင်း လုပ်ပေးဖို့ လိုတာက တောင်ပိုင်း ဒေသ မှာ ရှိတဲ့ ရွှမ်ထျန်းကမ္ဘာ ကနေ တက်လှမ်းခြင်း ပြုပြီး ရောက်လာမယ့် ထျန်းဝူ ဂိုဏ်း က လူတွေ ထျန်းဝူ ဂိုဏ်း ထဲ ဝင်နိုင်အောင် လမ်းပြပေးဖို့ပဲ..."
ဝူယီတောက် ၏ စကားကို ကြားသောအခါ လင်းယာဟွမ် မှာ အနည်းငယ် အံ့အားသင့်သွားပြီး အတန်ကြာမှ စကားပြောနိုင်တော့၏။
"ရွှမ်ထျန်းကမ္ဘာ... စီနီယာ ကလည်း ရွှမ်ထျန်းကမ္ဘာ က လူလား..."
"ဪ... မင်းက ရွှမ်ထျန်းကမ္ဘာ ကလား..."
ထိုစကားကို ကြားပြီးနောက် ဝူယီတောက်သည် မျက်မှောင်ကြုတ်သွားသည်။လင်းယာဟွမ်သည် ဝူယီတောက် ကို သေချာ ကြည့်ပြီးနောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံ ရပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"စီနီယာ က ဝူယီတောက် လား..."
"မင်း ငါ့ကို သိတာလား..."
ဝူယီတောက် မှာ အနည်းငယ် သိချင်သွားသော်လည်း အလျင်အမြန် သဘောပေါက်သွား၏။သူမအနေဖြင့် သူ့ကို သိနေခြင်းမှာ သိပ်မထူးဆန်းတော့ပေ။ မည်သို့ပင်ဖြစ်စေ၊ သူသည် ရွှမ်ထျန်းကမ္ဘာ၏ ဧကရာဇ်တာအိုနိယာမများကို ချိုးဖျက်ကာ မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်အပြင်၊ လူအပေါင်း၏ ရှေ့မှောက်တွင် ပထမဦးဆုံးသော တတ်လှမ်းခြင်းပြုခဲ့သည့် သူတစ်ဦးပင် မဟုတ်လော။
ရွှမ်ထျန်းကမ္ဘာ ၏ လက်ရှိ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လင်းယာဟွမ် သည် သူ၏ပုံပန်းသဏ္ဌာန်ကို သိနေခြင်းမှာ မထူးဆန်းတော့ပေ။
ဝူယီတောက် ၏ အကြံအစည်ကို သိရှိပြီးနောက် လင်းယာဟွမ် သည် အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့၏။မည်သို့ပင်ဆိုစေကာမူ ဝူယီတောက် သည် သူမ၏ အသက်ကို ကယ်တင်ခဲ့သည်။ သူမအနေဖြင့် အစွမ်းကုန် ကြိုးစား၍ တိုက်ခိုက် လွတ်မြောက်နိုင်ခဲ့မည် ဆိုလျှင်တောင် ဝူယီတောက် ကို ကျေးဇူးတင်ရမည်သာ ဖြစ်သည်။
"ကောင်းပြီ... သွားကြစို့... ထျန်းဝူ ဂိုဏ်း ရဲ့ နေရာကို အတည်ပြုဖို့ သင့်တော်တဲ့ လိပ်စာ တစ်ခုကို ရှာကြတာပေါ့..."
ထိုသို့ ပြောပြီးနောက် ဝူယီတောက် သည် ရွှမ်ထျန်းကမ္ဘာ ၏ တက်လှမ်းခြင်း နေရာ အနီးဝန်းကျင်တွင် ထျန်းဝူ ဂိုဏ်း အတွက် သင့်တော်မည့် နေရာတစ်ခုကို ရှာဖွေရန် လင်းယာဟွမ် ကို ချက်ချင်း ခေါ်ဆောင်သွား၏။
ဝူယီတောက် သတိမထားမိခဲ့သည့် အရာမှာ သူ့အပေါ် ထားရှိသည့် လင်းယာဟွမ် ၏ အကြည့်များထဲတွင် လင်းယာဟွမ် ကိုယ်တိုင်ပင် သတိမထားမိနိုင်သော စိတ်ခံစားမှု အရိပ်အယောင်တစ်ခု ပါဝင်လာခြင်းပင် ဖြစ်သည်။ ထိုအရာ စတင် ပေါက်ဖွားလာချိန်တွင်၊ လင်းယာဟွမ် ကိုယ်တိုင်ပင် ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။
အခြားတစ်ဖက်တွင် ယွမ်ကျန်း နှင့် နျဲ့လုံ တို့ကို ရှင်းလင်းပြီးနောက် ချိုက်ကျန်းခွန်း သည် မြေကမ္ဘာနဂါး ကုန်သည်အသင်း သို့ ပြန်လာခဲ့ပြီး ဝူမိသားစု ကုန်သည်အသင်း ဟု အမည် ပြောင်းလဲခဲ့သည်။
အရေးအကြီးဆုံးမှာ ဝူမိသားစု ကုန်သည်အသင်း က မိတ်ဖက်များ ရှာဖွေနေကြောင်း သတင်းဖြန့်ရန် ပင် ဖြစ်သည်။
ချိုက်ကျန်းခွန်း ၏ ရှေ့တွင် ထိုင်နေကြသူများမှာ မြေကမ္ဘာနဂါး ကုန်သည်အသင်း ၏ ယခင်က အဆင့်မြင့် အဖွဲ့ဝင်များ ဖြစ်ကြပြီး လူတိုင်း၏ မျက်နှာအမူအရာများမှာ ကြည့်ရဆိုးနေသည်။အဘယ်ကြောင့်ဆိုသော် ပြန်ရောက်ပြီးနောက် ချိုက်ကျန်းခွန်း သည် သူတို့ကို ခေါ်ယူ၍ မြေကမ္ဘာနဂါး ကုန်သည်အသင်း ကို ဝူမိသားစု ကုန်သည်အသင်း နှင့် ပေါင်းစည်းမည် ဖြစ်ကြောင်း ကြေညာခဲ့သောကြောင့် ဖြစ်သည်။
"လူကြီးမင်းတို့... ကျွန်တော် ပြောစရာ ရှိတာ ပြောပြီးပြီ... ဘယ်သူ သဘောတူလဲ၊ ဘယ်သူ ကန့်ကွက်လဲ..."
ချိုက်ကျန်းခွန်း က မတ်တတ်ထရပ်၍ သူ့ရှေ့ကအဆင့်မြင့် အဖွဲ့ဝင်များကို အထက်စီးမှ ငုံ့ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
"ကျွန်တော် ကန့်ကွက်တယ်..."
ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ရှိ အဆင့်မြင့် အဖွဲ့ဝင်များထဲမှ တစ်ဦးက တုံ့ဆိုင်းမနေဘဲ ပြောလိုက်ရာ ချိုက်ကျန်းခွန်း သည် ချက်ချင်းပင် သူ့ကို သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားအောင် ရိုက်ချပစ်လိုက်သည်။
ဤရုတ်တရက် အပြောင်းအလဲသည် ထိုနေရာရှိ အဆင့်မြင့် အဖွဲ့ဝင်များ၏ ရင်ထဲတွင် အကြောက်တရားများကို ကိန်းအောင်းသွားစေသည်။မည်သို့ပင်ဆိုစေကာမူ ချိုက်ကျန်းခွန်း သည် မြေကမ္ဘာနဂါး ကုန်သည်အသင်း တွင် အင်အားအကြီးဆုံး ဖြစ်ပြီး သူသာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မည်ဆိုပါက သူတို့အားလုံး ပေါင်းလျှင်တောင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။
"သူဌေး... ကျွန်တော်တို့ ဆန္ဒမရှိလို့ မဟုတ်ပါဘူး... မြေကမ္ဘာနဂါး ကုန်သည်အသင်း က စီနီယာ ယွမ် ရဲ့ လက်အောက်ခံ မဟုတ်ဘူးလား... အကယ်၍ ကျွန်တော်တို့ ဝူမိသားစု ကုန်သည်အသင်း နဲ့ ပေါင်းစည်းလိုက်ရင် စီနီယာ ယွမ် က ကျွန်တော်တို့ကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး..."
အဆင့်မြင့် အဖွဲ့ဝင် တစ်ဦးက စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ပြောလိုက်သော်လည်း ချိုက်ကျန်းခွန်း က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်၏။
"ဒီကိစ္စအတွက် ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူး... ဟွမ်ယွမ် ဒေသ မှာ ယွမ်ကျန်း မရှိတော့ဘူး..."
ထိုသို့ ပြောပြီးနောက် ချိုက်ကျန်းခွန်း သည် ဝူမိသားစု ကုန်သည်အသင်း ၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည် ပြောပြလိုက်သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုနေရာရှိ အဆင့်မြင့် အဖွဲ့ဝင်များ၏ ရင်ထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားပြီး ထိတ်လန့်သွားကြတော့၏။