ယန်ချင်း၏ ကမ်းလှမ်းချက်
Vol. 21 Ch. 210
မာယွမ်ထိုင်လိုက်သည့် အချိန်မှစ၍ သူနှင့် ယန်ချင်းတို့သည် ဘာစကားတစ်ခွန်းမှ မပြောဖြစ်ကြချေ။
သူတို့နှစ်ဦးလုံးသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေရင်း အစားအသောက်များကို ငြိမ်သက်စွာပင် စားသောက်နေကြ၏။
နာရီဝက်နီးပါးခန့် အချိန်သည် ထိုသို့ပင် ကုန်ဆုံးသွားခဲ့ပြီး သူတို့နှစ်ဦးထံမှ စကားသံတစ်ချက်ပင် ထွက်မလာခဲ့ပေ။
သူတို့သည် ထိုနေရာ၏ တိတ်ဆိတ်မှုနှင့် တစ်သားတည်း ဖြစ်နေသယောင်ပင် ရှိနေသည်။ သူတို့ စားသောက်နေသော အသံများကပင် တိုးညှင်းလွန်းလှပေသည်။
ထိုနေရာနှင့် လုံးဝအံမဝင်နိုင်ဘဲ ဖြစ်နေသည့် တစ်ဦးတည်းသော သက်ရှိမှာ အယ်လီသာ ဖြစ်နေလေသည်။
သူမသည် သူမ၏ ငါးများကို စားသောက်ပြီးသွားချိန်တွင် မာယွမ်ထံမှ ငါးအချို့ ရလိုရငြား သနားစရာ မျက်ဝန်းများဖြင့် အသနားခံရင်း ပျံသန်းလာခဲ့၏။
သူမသည် ယန်ချင်းကိုမူ အလွန်သိလွန်းသဖြင့် ထိုသို့သော အမူအရာမျိုး မလုပ်ရဲပေ။
ထိုသို့လုပ်ပါက သူမ ရရှိမည်မှာ ခေါင်းပေါ်သို့ ခပ်နာနာ တောက်လိုက်ခြင်းသာ ဖြစ်မည်ကို သိထားသောကြောင့်ပင် ဖြစ်သည်။
သူမ၏ ခန့်မှန်းချက်နှင့် ကြိုးစားမှုများက အောင်မြင်ခဲ့သည်ဟု ဆိုရမည်။
အဘယ်ကြောင့်ဆိုသော် မာယွမ်က သူ၏ ငါးများထဲမှ သုံးကောင်ကို သူမအား ပေးလိုက်ပြီး သူကိုယ်တိုင်အတွက် သုံးကောင်သာ ချန်ထားသောကြောင့် ဖြစ်သည်။
ယန်ချင်းကမူ စားသောက်ခြင်း၌သာ အာရုံအပြည့်အဝ စိုက်နေပြီး ဘေးမှသာ ကြည့်နေခဲ့၏။ ငါး၏အရသာမှာ သူ မျှော်လင့်ထားသည်ထက်ပင် သာလွန်နေသေးသည်။
သူအသုံးပြုထားသော ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကြောင့် ငါးသားသည် အရသာများဖြင့် ပြည့်နှက်နေပြီး ဝါးလိုက်သည်နှင့် သူ့အလိုလို ကြေညက်သွားလောက်အောင်ပင် နူးညံ့လှပေသည်။
ထို့ပြင် ငါးသားထဲတွင် လန်းဆန်းစေသော အေးမြသည့် အထိအတွေ့တစ်ခုလည်း ပါဝင်နေသည်။ ထိုအရာမှာ ငါးသား၏ ယင်ဓာတ်သဘာဝကြောင့် ဖြစ်သည်ဟု ယန်ချင်းက ယူဆလိုက်၏။
သူသည် နောက်တစ်ကြိမ်အတွက် အချို့ကို ချန်ထားရန် ကြံရွယ်ထားသော်လည်း တစ်လုပ်ချင်း စားနေမိသည့်အခါတွင် ထိုအကြံအစည်မှာ မဖြစ်နိုင်တော့သလိုပင်။
အနီရောင်ငါးများ၊ ပြာလဲ့လဲ့ငါးများနှင့် ဆန်အရက်တို့၏ လိုက်ဖက်မှုမှာ အလွန်ပင် ကောင်းမွန်လွန်းလှသည်။ မိနစ်သုံးဆယ်အတွင်း သူ၏ ဝေစုအားလုံးကို စားသောက်ကုန်လေပြီ။
ကုန်အောင် မသောက်ရသေးသည်မှာ အရက်သာ ကျန်တော့၏။ ထိုအရက်ကို သူ တစ်ပတ်လုံး မနားတမ်း သောက်လျှင်ပင် ကုန်နိုင်မည် မဟုတ်ချေ။
ဆန်အရက်ကို ထည့်ထားသော ဘူးသီးခြောက်ဘူးမှာ အရွယ်အစားအားဖြင့် လက်မအနည်းငယ်သာ ရှိသော်လည်း အတွင်းပိုင်းမှာမူ လုံးဝ ခြားနားလှပေသည်။
သူသာ အလိုရှိပါက တစ်ဧက ကျယ်ဝန်းသော သူ၏ ရေကန်ထဲမှ ရေအားလုံးကိုပင် ထည့်ထားနိုင်ပြီး နေရာများပင် ပိုနေဦးမည် ဖြစ်သည်။
ထိုထဲတွင် ဆန်အရက်ကို စည်ပေါင်းများစွာ ထည့်ထားခြင်း ဖြစ်သည်။ လမ်းခရီးတစ်လျှောက် သူ သောက်လာခဲ့သော ပမာဏမှာ ထိုပမာဏနှင့် ယှဉ်လျှင် အနည်းငယ်မျှပင် မရှိချေ။
....
သူတို့အားလုံး စားသောက်ပြီးသွားသောအခါ အနေရခက်သော တိတ်ဆိတ်မှု တစ်ဖန် ဖြစ်ပေါ်လာပြန်သည်။ အနေရခက်ဆုံး ဖြစ်နေသူမှာ မာယွမ်ပင်။
လွန်ခဲ့သော နာရီဝက်ကမှ သူ သေချင်နေကြောင်း ညည်းညူနေခဲ့ပြီး ယန်ချင်းကလည်း စားသောက်ပြီးမှ သေရန်ပြောခဲ့သည်။
စားသောက်ပြီးသွားသောအခါ သူ ဘာဆက်လုပ်ရမည်မှန်း မသိဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေတော့၏။ သူ ပြောခဲ့သော စကားများမှာ ယခုအခါ သူ့လည်ပင်းကို ပြန်ပတ်နေသော ကြိုးကွင်းကဲ့သို့ ခံစားနေရချေပြီ။
လွန်ခဲ့သော တစ်လကျော်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် တွန်းပို့ခဲ့သော စိတ်ပိုင်းဆိုင်ရာဒုက္ခများက သူ့ကို နှိပ်စက်နေဆဲ ဖြစ်သော်လည်း၊ ယခုအချိန်တွင် သူသာ ထိုသို့ဆက်လုပ်ခဲ့လျှင် ယန်ချင်းကို ပါးရိုက်လိုက်သလို ဖြစ်သွားမည်ဟု သူ ခံစားနေရသည်။
စားသောက်နေစဥ်အတွင်း ခဏတာ ငြိမ်သက်သွားမှုက သူ့ကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ခံစားခဲ့ရသော ဝေဒနာများနှင့် အိပ်မက်ဆိုးများမှ ကင်းဝေးကာ စိတ်ကြည်လင်မှုရရန် ရှားပါးသော အခွင့်အရေးကို ပေးခဲ့သည်။
သူသည် ယခင်ကကဲ့သို့ပင် မျှော်လင့်ချက် ကင်းမဲ့နေဆဲ ဖြစ်သော်လည်း သူ၏ မသိစိတ်မှာမူ ရှေ့ဆက်သွားချင်နေသေးသည်။
ထိုနှိပ်စက်မှုများ ပြည့်နှက်နေသော နှစ်များအတွင်း သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဝမ်းနည်းမှုများနှင့် နောင်တများကြားတွင် နစ်မွန်းခဲ့ပြီး သူ၏ ကတိကဝတ်များနှင့် သူ့ကိုယ်သူပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
စားသောက်နေစဉ်အတွင်း ရရှိခဲ့သော ကြည်လင်မှုကြောင့် လွန်ခဲ့သောခုနစ်နှစ်က သူ ပေးခဲ့သော ကတိကို ပြန်လည် သတိရလာခဲ့သည်။
...
"မိတ်ဆွေ..." မာယွမ်က ကျေးဇူးတင်စကား ပြောရန်နှင့် အနေရခက်မှုကို ဖြေဖျောက်ရန် စကားစလိုက်စဉ်မှာပင် ယန်ချင်းက ကြားဖြတ် ပြောလိုက်၏။
"ကျွန်တော့်ကို ယန်ချင်းလို့ပဲ ခေါ်ပါ" ယန်ချင်းက ပြုံးလျက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ညီအစ်ကိုယန်ချင်း၊ ကျုပ်အသက်ကို ကယ်ပေးခဲ့တဲ့အတွက်ရော၊ စားစရာတွေ ခွဲဝေပေးတဲ့အတွက်ရော ထပ်ပြီး ကျေးဇူးတင်ပါတယ်။”
“အခုလို ခဏတာ နားနေရတာက ကျုပ်အတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ခင်ဗျား သိမှာမဟုတ်ဘူး။ ဒါက ကျုပ်ကို အမှောင်ထဲကနေ ဆွဲထုတ်ပေးလိုက်တာပဲ။”
“ရေမွန်းနေသလိုမျိုး မခံစားရတာ အတော်ကြာပါပြီ။ တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ ပြီးတော့ စောစောက ကိစ္စကလည်း..."
မာယွမ်က ရှက်ကိုးရှက်ကန်း ပြုံးလျက် သူ၏ ခေါင်းနောက်ဘက်ကို ကုပ်ရင်း ပြောလိုက်၏။
"မာယွမ်၊ ခင်ဗျား ကျွန်တော်နဲ့အတူ ခရီးသွားကြည့်မလား" ယန်ချင်းက သူ၏ အိုးထဲမှ ကျန်ရှိသောအရက်ကို သောက်ရင်း ရုတ်တရက် မေးလိုက်သည်။
မာယွမ်မှာ ထိုသို့သော ကမ်းလှမ်းမှုကြောင့် ဘာပြန်ပြောရမှန်းမသိဘဲ အံ့အားသင့်သွားရသည်။
"ဗျာ..."
ယန်ချင်း၏ ရုတ်တရက် ကမ်းလှမ်းမှုကြောင့် သူ ဇဝေဇဝါ ဖြစ်သွားရသည်။
"ခင်ဗျားရဲ့ မျက်ဝန်းတွေကို ကြည့်ရတာ အရင်ကလောက် သေချင်စိတ် မရှိတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်။”
“ဒီမှာလည်း ခင်ဗျား ဘာမှလုပ်စရာ မရှိဘူးပဲ၊ ဘာလို့ ကျွန်တော်နဲ့အတူ ခရီးမသွားကြည့်တာလဲ။”
“နှစ်ရက်လောက်ပဲ ကြာမှာ၊ ပတ်ဝန်းကျင် အပြောင်းအလဲက ခင်ဗျားအတွက် ကောင်းကျိုးတစ်ခုခု ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့။”
“နှစ်ရက်ပြည့်သွားရင်တော့ ကျွန်တော်တို့ ကိုယ့်လမ်းကိုယ် သွားကြတာပေါ့။ ဒါက ကျွန်တော့်ရဲ့ စိတ်ထဲမှာ အေးချမ်းသွားအောင် လုပ်တာလို့ပဲ သဘောထားလိုက်ပါ။”
“ခင်ဗျားရဲ့ အခြေအနေကို သိသိကြီးနဲ့ ဒီအတိုင်း ထားခဲ့ဖို့က ကျွန်တော့်အတွက် စိတ်မဖြောင့်ဘူး။”
“ခင်ဗျား ကျွန်တော်နဲ့ ရက်အနည်းငယ် အတူရှိနေမယ်ဆိုရင်တော့ နောက်ပိုင်း လမ်းခွဲကြတဲ့အခါ ကျွန်တော့်ရဲ့ စိတ်ပူပန်မှုတွေ အနည်းဆုံးတော့ သက်သာသွားမှာပါ" ယန်ချင်းက မာယွမ်ကို လေးနက်သော အကြည့်ဖြင့် စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
"ကျွန်တော်တို့ ဘာမှ စကားပြောနေဖို့ မလိုပါဘူး၊ အခုလိုပဲ ငြိမ်ငြိမ်သက်သက်နဲ့ ခရီးသွားရုံပါပဲ။”
“ဒါပေမဲ့ ခင်ဗျား စိတ်ထဲက အပူအပင်တွေကို ထုတ်ပြောချင်တယ်ဆိုရင်လည်း ကျွန်တော် နားထောင်ပေးဖို့ အသင့်ပါပဲ။”
“ပြောပြဖို့ အဆင်မပြေရင်လည်း ဘာမှ မဖြစ်ပါဘူး။ ဒါကို ဒီတိုက်ကြီးထဲမှာ စိတ်အပန်းဖြေ ခရီးထွက်တယ်လို့ပဲ သဘောထားလိုက်ပါ" မာယွမ်က တွန့်ဆုတ်နေသော အမူအရာ ပြလိုက်သဖြင့် ယန်ချင်းက ထပ်လောင်း ပြောလိုက်၏။
သူ၏ စကားများက အကျိုးသက်ရောက်မှု ရှိသွားပုံရသည်။ မာယွမ်၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားသော်လည်း အများကြီးတော့ မဟုတ်သေးပေ။
မိနစ်အနည်းငယ်ကြာ စဉ်းစားပြီးနောက် မာယွမ်က နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေသည်။
"အဲဒီအရက်ကို ထပ်တိုက်မယ်လို့ ကတိပေးမှ ကျွန်တော် လိုက်ခဲ့မယ်" မာယွမ်က အနေရခက်မှုကို လျှော့ချရန် အရွှန်းဖောက်လိုက်၏။
"သောက်ဖို့အတွက် အရက်တွေ အများကြီး ရှိပါတယ် ညီအစ်ကိုမာယွမ်" ယန်ချင်းက ပြုံးရင်း ပြန်ပြောလိုက်သည်။
ယန်ချင်းသည် အဆိုးရွားဆုံးအခြေအနေကို မလုပ်လိုက်ရသဖြင့် စိတ်ထဲမှ သက်ပြင်းချမိသွားသည်။
သူသည် မာယွမ်ကို ဆန္ဒရှိရှိ ဖြစ်စေ၊ အတင်းအဓမ္မ ဖြစ်စေ ခေါ်သွားရန် စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်သည်။
သူ့ကို ကယ်တင်ရန် ကြိုးပမ်းခဲ့ရသဖြင့် မာယွမ်၏ လက်ရှိပုံစံအရ တစ်ယောက်တည်း ထားခဲ့ရန် ယန်ချင်း စိတ်မအေးနိုင်ပေ။ ထို့ပြင် သူ့အပေါ် အမြင်ကောင်းလည်း ရှိနေခဲ့သည်။