← Chapters

အဆင့်သုံးအဖွဲ့အစည်းဖြစ်လာရန် အလားအလာရှိသော အဖွဲ့သုံးဖွဲ့

Vol. 21 Ch. 202

အဆင့်သုံးအဖွဲ့အစည်းဖြစ်လာရန် အလားအလာရှိသော အဖွဲ့သုံးဖွဲ့

Vol. 21 Ch. 202

“နောက်ငါးနှစ်လောက်အထိ သူနဲ့အတူတူ ကင်းစောင့်ရလိမ့်မယ်လို့ ငါယုံတောင် မယုံနိုင်သေးဘူး” ဟု လူငယ်လေးက တွေးကာ သူ၏အနာဂတ်အတွက် ညည်းတွားလိုက်လေ၏။

“နေပါဦး၊ ငါတစ်ယောက်တည်းမှ မဟုတ်တာ။ ကံကောင်းလို့ အကြီးအကဲရှီလည်း ငါနဲ့အတူ ရှိနေတာပဲ။”

“သူမကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သူသိလောက်​ပါတယ်လေ” ဟု လီဖန်က သက်သာရာရသွားဟန်ဖြင့် တွေးလိုက်ပြီး အဖိုးအိုအား ကိုးကွယ်ယုံကြည်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“လီဖန်.. ငါတို့အခုလေးတင်ရထားတဲ့ သတင်းကို အကြောင်းကြားဖို့အတွက် ဂိုဏ်းကို ငါပြန်ရလိမ့်မယ်။”

“ဒီလောက်အရေးကြီးတဲ့ ကိစ္စမျိုးကို လူကိုယ်တိုင် သွားပို့မှ ဖြစ်မှာ။”

“ငါပြန်မလာမချင်း ဒီနေရာကို မင်းတာဝန်ယူထားရမယ်။ အခြေအနေရဲ့ အရေးကြီးပုံကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် မင်းနဲ့ ယာအာတို့ ဒီမှာ နှစ်ယောက်တည်း ကျန်နေရလိမ့်မယ်။”

“အစီအရင်ရဲ့ ထိန်းချုပ်ခွင့်ကို မင်းဆီ လွှဲပေးခဲ့မယ်။”

“ဘာပဲဖြစ်ဖြစ် ခြံဝင်းထဲကနေ ထွက်မသွားနဲ့။ ပြီးတော့ ပြဿနာတစ်ခုခုဖြစ်လာမယ့် အရိပ်အယောင်လေး တွေ့တာနဲ့ အစီအရင်ကို ချက်ချင်း ဖွင့်လှစ်ရမယ်။”

“မတုံ့ဆိုင်းနေနဲ့၊ ငါပြောတာ ကြားလား” ဟု အကြီးအကဲဖြစ်သူက ပြောလိုက်ပြီး သူ၏ လေးနက်သော အကြည့်များက တပည့်နှစ်ဦးလုံးအပေါ် ကျရောက်သွားလေ၏။

“အကြီးအကဲရှီ ပြောတဲ့အတိုင်း ကျွန်တော်တို့ လုပ်ပါ့မယ်” ဟု ၎င်းတို့နှစ်ဦးလုံးက အမိန့်ကို လက်ခံသည့်အနေဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ပြိုင်တူပြောလိုက်ကြသည်။

အဖိုးအိုက သူ၏လက်ထဲရှိ အစီအရင်ချပ်ပြားပေါ်မှ တံဆိပ်အနည်းငယ်ကို ပြောင်းလဲလိုက်ပြီးနောက် လူငယ်ထံသို့ ကမ်းပေးလိုက်လေ၏။

လူငယ်ကလည်း အစီအရင်ချပ်ပြားကို ယာယီထိန်းချုပ်နိုင်ရန်အတွက် သူပိုင်ဆိုင်သော တံဆိပ်အချို့ကို ဖန်တီးလိုက်လေသည်။

အရာအားလုံး အဆင်ပြေကြောင်း အတည်ပြုပြီးသည်နှင့် အဖိုးအိုက သူ၏ချီစွမ်းအင်များကို ကျောက်စရစ်ခဲအရွယ်အစားရှိ အပြာရောင်ပုလဲငယ်လေးထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက် သူသည် အပြာရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခြံဝင်းနှင့် မီတာနှစ်ရာခန့်အကွာရှိ အမိုးခုံးရှိရာဆီသို့ ပြေးထွက်သွားလေတော့၏။

အပြာရောင်အလင်းတန်းလေး အမိုးခုံးထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ လီဖန်၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာလေသည်။

ထိုလေးနက်သော အမူအရာ၏ မြစ်ဖျားခံရာကိုမူကား မည်သူမျှ မသိနိုင်ပေ။

ဂိုဏ်း၏ ရှေ့တန်းစခန်း လုံခြုံရေးကို ထိန်းသိမ်းရမည့် တာဝန်က သူ၏အပေါ်သို့ ကျရောက်လာသောကြောင့်လား၊ သို့မဟုတ် အခြားပို၍ ကြီးလေးသော ကိစ္စရပ်တစ်ခုခုကြောင့်များလား ဆိုသည်ကိုမူ သူမှလွဲ၍ မည်သူမျှ မသိနိုင်ချေ။

“စီနီယာအစ်ကိုလီဖန်၊ စကားမစပ် ရှင်အသက်ဘယ်လောက်ရှိပြီလဲ။ ဂိုဏ်းထဲက တစ်ယောက်ယောက်ကတော့ ရှင့်အသက် ၁၇၈ နှစ်လောက် ရှိပြီလို့ ပြောတာ ကြားဖူးတယ်။”

“အင်း.. ဒါဆို ရှင်က ကျွန်မရဲ့ စီနီယာအစ်ကိုလား၊ အကြီးအကဲလား။ အဘိုး.. ဘယ်ဟာက အသင့်တော်ဆုံး ဖြစ်မလဲ မသိဘူးနော်”

….

ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်းမှ ကီလိုမီတာ ၅၀ အကွာ၌

ယန်ချင်းသည် လက်တစ်ဖက်တွင် နှင်းမက်မွန်သီးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင် ဆက်သွယ်ရေးအဆောင်ကို ကိုင်ဆောင်ကာ အယ်လီ၏ ကျောပေါ်၌ သက်တောင့်သက်သာ ထိုင်နေလေ၏။

“ကျွန်တော် ကိစ္စတွေကို သူတို့ကို အကြောင်းကြားပြီးပါပြီ။ ပြီးတော့ မှတ်တမ်းကိုလည်း ပေးခဲ့ပြီးပြီ။”

“ဒါပေမဲ့ သူတို့အလုပ်လုပ်ပုံအရဆိုရင် အဲဒီနေရာမှာ ဌာနခွဲတစ်ခု တည်ထောင်လိုက်တာ ပိုပြီး ပညာရှိရာကျလိမ့်မယ်လို့ ထင်တယ်။”

“အဲဒီဒေသက အတော်လေးဖရိုဖရဲဖြစ်နေပြီ။ အခြေအနေတွေကို စောင့်ကြည့်ဖို့နဲ့ မဟူရာတစ္ဆေဂိုဏ်းလို အခြားအဖွဲ့အစည်းတွေ အဲဒီမှာ အခြေချတာကို တားဆီးဖို့အတွက် အဖွဲ့အစည်းရဲ့ တည်ရှိမှုက လိုအပ်နေတယ်။”

“ဒါ့အပြင် အဲဒီဒေသက မဝေးတော့တဲ့အနာဂတ်မှာ အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရနိုင်တယ်လို့ ကျွန်တော် ခံစားနေရတယ်။”

“အဲဒီမှာ နောက်ထပ်အဆင့်သုံးအဖွဲ့အစည်း သုံးခုလောက် ထွက်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူး”

“ဘယ်အဖွဲ့တွေလဲ”

“နွေဦးလွင်ပြင်တိုင်းပြည်က တစ်ခုပါ။ သူတို့ရဲ့ စိုက်ခင်းတစ်ခုထဲမှာ ကျွန်တော့်ကို ပြန်လည်အကဲဖြတ်ဖို့ တွန်းအားပေးတဲ့ အရာတစ်ခုကို ကျွန်တော် တွေ့ခဲ့ရတယ်။”

“ပြီးတော့ ကျိုးပဲ့တောင်ထွတ်ဂိုဏ်းလည်း ရှိသေးတယ်။ သူတို့ရဲ့ ဂိုဏ်းချုပ်နဲ့ ဒုတိယဂိုဏ်းချုပ်တို့ကို ကျွန်တော် အကဲဖြတ်ခဲ့တယ်။”

“သူတို့က သစ်ပင်လူသားသွေးမျိုးဆက်ရှိတဲ့ ညီအစ်ကိုတွေပဲ။”

“သွေးမျိုးဆက်ကတော့ ပါးလွှာပေမဲ့ အဖွဲ့အစည်းကနေ သူတို့ရမယ့် ခွဲတမ်းကိုသာ သေချာအသုံးချမယ်ဆိုရင် နန်းတော်အဆင့်ကို ရောက်လာဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။”

“နောက်ဆုံးတစ်ခုကတော့...” သူ့ကို မိသားစုဆီ ပြန်ပို့ပေးရန်နှင့် မဏ္ဍိုင်အဆင့်များကို လျှော့ချပေးနိုင်မည့် ကျင့်စဉ်များအတွက် အမြဲတစေ ပူဆာနေခဲ့သော လူငယ်လေးအား သတိရသွားချိန်တွင် ယန်ချင်းက ခေတ္တရပ်ကာ ရယ်မောလိုက်လေသည်။

“လင်းမုဆိုတဲ့ နာမည်နဲ့ လူတစ်ယောက် ရှိတယ်။ သူ့မှာ တော်တော်လေး ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတယ်။”

“သူက သေးငယ်တဲ့ ကျင့်ကြံခြင်းမိသားစုက လာတာဆိုပေမဲ့ အပြာရောင်အဆင့် မဏ္ဍိုင်တွေကို ဖွဲ့စည်းနိုင်ခဲ့တယ်။”

“သယံဇာတအရင်းအမြစ်တွေသာ လုံလုံလောက်လောက်ရှိခဲ့ရင် အနည်းဆုံးတော့ ရွှေရောင်အဆင့်မဏ္ဍိုင်တစ်ခုလောက်ကို သူရရှိနိုင်လိမ့်မယ်။”

“အဖွဲ့အစည်းသုံးခုထဲမှာ ကံဆိုးတဲ့ အခြေအနေတွေ မရှိဘူးဆိုရင် လင်းမိသားစုက အဆင့်သုံးအဖွဲ့အစည်း ဖြစ်လာဖို့ အခွင့်အလမ်းအများဆုံးပဲ။”

“သူတို့ကို ပြုစုပျိုးထောင်ရေး အစီအစဉ်ထဲမှာ ထည့်သင့်တယ်လို့ ထင်တယ်”

“မင်းက သူ့အပေါ် အဲဒီလောက်တောင် အထင်ကြီးနေတာလား”

“ဟုတ်တယ်” ဟု ယန်ချင်းက ပြတ်သားစွာ ပြန်ဖြေလိုက်လေ၏။

“ကောင်းပြီလေ.. မင်းရဲ့ အစီအရင်ခံချက်တွေကို ငါတင်ပြပေးမယ်။”

“ဒါပေမဲ့ သူတို့ကို အခြားကိုယ်စားလှယ်လောင်းတွေနဲ့အတူ အမည်စာရင်း တင်သွင်းဖို့ မစဉ်းစားခင် ပဏာမသုံးသပ်ချက်ကို အောင်မြင်အောင် အရင်ဆုံး စစ်ဆေးရဦးမယ်။”

“ဒါပေမဲ့ မင်းရဲ့ ထောက်ခံချက်နဲ့ဆိုတော့ သူတို့ရဲ့ အခွင့်အလမ်းတွေက ပိုကောင်းသင့်ပါတယ်။”

“မင်းပြန်လာတဲ့အခါ အရာအားလုံးကို အသေးစိတ် ရှင်းပြရလိမ့်မယ်။”

“အထူးသဖြင့် အဲဒီမှာ ဌာနခွဲတစ်ခု တည်ထောင်ဖို့အတွက် အဆိုပြုချင်တယ်ဆိုရင် ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်းရဲ့ နယ်မြေနဲ့ပတ်သက်တဲ့ အခြေအနေကို ပိုပြီး သေချာရှင်းပြရမယ်။”

“ငါတို့ရဲ့ သယံဇာတအရင်းအမြစ်တွေ ဘယ်လောက်ကျပ်တည်းနေလဲဆိုတာ မင်းလဲသိပါတယ်။ ဌာနခွဲ နေရာချထားရေးတွေကို ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး။”

“ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်းရဲ့ ပိုက်နက်ထဲမှာ ဌာနခွဲတစ်ခုဖွင့်ဖို့ဆိုရင် အဆိုပြုထားတဲ့ ဌာနခွဲအသစ်တွေထဲက တစ်ခုကို ဖျက်သိမ်းရလိမ့်မယ်။”

“ဒီလိုကိစ္စမျိုးအတွက်ဆိုရင်တော့ မင်းပြန်လာတဲ့အခါ ဝိညာဉ်ကောင်စီကို အစီရင်ခံစာ တင်သွင်းရလိမ့်မယ်။”

“ဒါကြောင့် မင်းကိုယ်မင်း ပြင်ဆင်ထားပါ... ပြီးတော့ အကဲဖြတ်မှုတွေကို အချိန်မီပြီးစီးအောင် လုပ်ပါ။ အကုန်မပြီးမချင်း ပြန်မလာနဲ့”

ယန်ချင်း ပြန်မဖြေနိုင်မီမှာပင် ဆက်သွယ်မှုက ထုံးစံအတိုင်း ပြတ်တောက်သွားခဲ့ပြီး သူ့အား ဒေါသများဖြင့် ကျန်ရစ်စေခဲ့လေသည်။

ရွှီး...

ယန်ချင်းသည် သူ၏ဒေါသများကို ပေါက်ကွဲရန် နေရာမရှိသဖြင့် အယ်လီ၏ အမွေးအချို့ကို မတော်တဆ ဆွဲနှုတ်မိသွားလေ၏။

“ဆောရီးပါ အယ်လီရာ” ဟု သူက ရှက်ရွံ့စွာ ပြုံးရင်း ပြောလိုက်သည်။ နာကျင်စွာအော်ဟစ်နေသည့် ကြားမှပင် အယ်လီ၏ မျက်လုံးများထဲ၌ ကောက်ကျစ်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်ကို သူ သတိမပြုမိခဲ့ပေ။

ယန်ချင်း ဆွဲနှုတ်လိုက်သည့် နေရာမှ ရေပူစမ်းတစ်ခုကဲ့သို့ သွေးများ ရုတ်တရက် ပန်းထွက်လာပြီး အယ်လီမှာ ပို၍နာကျင်စွာ အော်ဟစ်လိုက်လေသည်။

သူမ၏ ချီစွမ်းအင်များပင် အနည်းငယ် ဖရိုဖရဲ ဖြစ်သွားချေပြီ။

“မင်း အပိုလုပ်တော့မယ်ဆိုရင်တောင်မှ ယုံချင်စရာေကာင်းအောင်တော့ လုပ်ဦးမှပေါ့” ဟု ယန်ချင်းက သူမ၏ ဟန်ဆောင်မှုများကို ကြည့်ကာ မောပန်းစွာ သက်ပြင်းချရင်း ပြောလိုက်လေသည်။

အစွမ်းထက်သော သွေးမျိုးဆက်ရှိသည့် ဝိညာဉ်သားရဲတစ်ကောင်အနေဖြင့် သူမတွင် နန်းတော်အဆင့် ကျင့်ကြံသူအချို့ကိုပင် ယှဉ်ပြိုင်နိုင်လောက်သည့် သက်စောင့်စွမ်းအင်များ ရှိနေပေသည်။

သို့ရာတွင် အချွန်ထက်ဆုံးသော ကောင်းကင်အဆင့် လက်နက်များပင် သူမ၏ လက်သည်းများပေါ်၌ ခြစ်ရာတစ်ခုမျှ မချန်ထားနိုင်ခဲ့ပါဘဲလျက် ယခုမူ အမွေးတစ်ချောင်း အဆွဲခံရရုံမျှဖြင့် သွေးများ အလွန်အမင်း ထွက်လာသယောင် သူမက ဟန်ဆောင်နေလေ၏။

အယ်လီက သူမ၏ ဟန်ဆောင်မှုများကို ခေါင်းမာစွာ ဆက်လက်လုပ်ဆောင်နေပြီး အခြားသွေးကြော အချို့ ကိုပါ ဖောက်ခွဲလိုက်သေးသည်။

“ကောင်းပါပြီကွာ... ငါ့ရဲ့ ဝိညာဉ်ငါးနည်းနည်းကို ကျွေးပါ့မယ်” ဟု ယန်ချင်းက လက်မြှောက်အရှုံးပေးလိုက်ကာ သူ၏သိုလှောင်လက်စွပ်ထဲမှ ငါးအချို့ကို ထုတ်ယူလိုက်လေသည်။

အယ်လီသည် ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး သူမ၏ ဒဏ်ရာများက ချက်ချင်း ပိတ်သွားလေ၏။

ယန်ချင်း ဆွဲနှုတ်လိုက်သော အမွေးများကလည်း လျင်မြန်လှသော နှုန်းထားဖြင့် ပြန်လည်ပေါက်ရောက်လာကြသည်။

အသက်တရှိုက်အတွင်းမှာပင် အမွေးအားလုံး အပြည့်အဝ ပြန်လည်ပေါက်ရောက်လာခဲ့ချေပြီ။

“ဘယ်လိုတောင် အရှက်မဲ့နိုင်ရတာလဲ”

All Chapters