အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံများ ပေါ်ထွက်လာခြင်း
Vol. 21 Ch. 204
ယန်ချင်းသည် အောက်ဘက်ရှိ မြို့တစ်မြို့တွင် လူအုပ်ကြီး စုရုံးနေသည်ကို မြင်လိုက်ရချိန်၌ သူ၏အတွေးများကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။
ထိုမြို့မှာ ကြာပန်းပြာတိုင်းပြည်၏ ခရိုင်တစ်ခုဖြစ်သော ရွှံ့ဖြူခရိုင်တွင် တည်ရှိပြီး ယခင်ပိုင်နက်ဟောင်းနှင့် ဆက်စပ်နေသော တိုင်းပြည်၏နယ်စပ်အစွန်အဖျား၌ တည်ရှိ၏။
ကြာပန်းပြာတိုင်းပြည်၏ ဘုရင်နှင့် ဆွေးနွေးခဲ့စဉ်က ပူးပေါင်းအကဲဖြတ်ခြင်း ပြုလုပ်ရန်အတွက် ရွှံ့ဖြူခရိုင်အား အသင့်တော်ဆုံးနေရာအဖြစ် သတ်မှတ်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ နယ်စပ်တွင်ရှိသောကြောင့် အခြားဒေသများမှ အဖွဲ့အစည်းများအတွက် အကဲဖြတ်ခံရန် လာရောက်ရာ၌ ပိုမိုလွယ်ကူစေသောကြောင့် ဖြစ်ပေသည်။
အောက်ဘက်ရှိ လူအုပ်ကြီးကို မြင်သောအခါ ယန်ချင်းက ခါးသက်သက် ပြုံးလိုက်မိ၏။
ရောက်ရှိနေသူများထဲတွင် တစ်အုပ်စုမှာ ဘုရင်နှင့် သူ၏အစောင့်အရှောက်များဖြစ်ပြီး ထိုအထဲတွင် သူ၏အသစ္စာအရှိဆုံး လက်အောက်ခံများ ပါဝင်နေနိုင်ချေရှိလေသည်။
အခြားတစ်အုပ်စုမှာမူ သူအကဲဖြတ်ရမည့် အဖွဲ့အစည်းများပင် ဖြစ်သည်။
အရာအားလုံးက သဟဇာတဖြစ်နေပုံပေါ်သော်လည်း ထိုအုပ်စုနှစ်ခုကြား၊ အထူးသဖြင့် နောက်ဆုံးအုပ်စုထံမှ အနည်းငယ် အနေရခက်နေမှုကို ရိပ်မိနိုင်ပေသည်။
အုပ်စုနှစ်ခုကြားရှိ ဆက်ဆံရေးနှင့် ပတ်သက်၍ ထူးဆန်းနေသော အခြေအနေများကို ယန်ချင်းက သတိမထားမိဘဲ မနေခဲ့ချေ။
သူတို့ထဲမှ တစ်စုက အခြားတစ်စု၏ ပိုင်နက်အတွင်း ခွင့်ပြုချက်မရဘဲ အခြေချနေထိုင်ခဲ့ကြပြီး အခြားတစ်စုမှာမူ သူတို့ မည်သို့ရရှိခဲ့ပြီး မည်သို့ပြန်လည်ဆုံးရှုံးခဲ့ရသည်ကို မဆိုထားနှင့်၊ ပိုင်ဆိုင်ခွင့် တောင်းခံနိုင်သည့် အနေအထားမျိုးတွင် မရှိသောကြောင့် ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်နေရလေသည်။
သို့သော် ဤကိစ္စအတွက် ယန်ချင်းက မည်သို့တတ်နိုင်မည်နည်း။ သူ၏အချိန်က နည်းပါးနေပြီး ကြာပန်းပြာတိုင်းပြည်၏ အပြင်ဘက်ဒေသမှာ စည်းကမ်းမဲ့လွန်းလှသည်။
နှစ်ဖက်ဆက်ဆံရေးမှာ အနေရခက်စရာဖြစ်နေသော်လည်း ကြာပန်းပြာတိုင်းပြည်မှာ ထိုနယ်မြေအတွင်းရှိ အဖွဲ့အစည်းအများစုအကြားတွင် နာမည်ကောင်း အတော်အတန်ရှိနေခဲ့၏။
သူတို့သည် ထိုဒေသအတွင်းရှိ အချို့သောအဖွဲ့အစည်းများနှင့် ပုံမှန်ကုန်သွယ်မှုများ ရှိခဲ့ကြသည်။
တစ်ခါတစ်ရံတွင် ပြင်းထန်သော ပဋိပက္ခဖြစ်နေသည့် နှစ်ဖက်ကြား၌ ကြားဝင်ဖြန်ဖြေသူအဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ပြီး သက်သေအဖြစ်လည်း တာဝန်ယူပေးခဲ့ကြသည်။
နယ်မြေက သူတို့လက်ထဲတွင် မရှိသော်လည်း ထိုဒေသအတွင်း၌ သူတို့၏ ‘ဩဇာအာဏာ’ သက်ရောက်နေမှုကို ခံစားသိရှိနိုင်ပေသည်။
သူတို့က အိမ်နီးချင်းကောင်း ပီသချင်ရုံသက်သက်လည်း ဖြစ်နိုင်သလို ထိုနယ်မြေကို သူတို့၏ ထိန်းချုပ်မှုအောက်သို့ သွတ်သွင်းရန် အခြားနည်းလမ်းတစ်ခုကို အသုံးပြုနေခြင်းလည်း ဖြစ်နိုင်လေသည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ လက်ရှိနာမည်ဂုဏ်သတင်းကသာ ယန်ချင်းအတွက် အရေးကြီးပေသည်။
သူတို့၏ ဂုဏ်သတင်းကြောင့် အခြားနေရာများထက် သူတို့တိုင်းပြည်အတွင်း၌ ပူးပေါင်းအကဲဖြတ်ခြင်းကို ပြုလုပ်ရန် သူ့အတွက် ပိုမိုလွယ်ကူလာစေမည်ဖြစ်သည်။
သူအကဲဖြတ်ရမည့် အဖွဲ့အစည်းသုံးရာမှာ အနေရခက်မှုများ ရှိနေသည့်တိုင်အောင် အခြားနေရာများသို့ သွားရသည်ထက် ကြာပန်းပြာတိုင်းပြည်သို့ လာရောက်ရခြင်းက ပို၍ပွင့်လင်းမှုရှိကာ လုံခြုံသည်ဟု ခံစားရမည်ဖြစ်သည်။
….
ယန်ချင်း ဆင်းသက်လာသည်နှင့်တပြိုင်နက် ဘုရင်အပါအဝင် သူ၏လူများနှင့် အနည်းငယ် နှုတ်ဆက်စကားဆိုလိုက်ပြီးနောက် မြို့လယ်ရင်ပြင်ငယ်လေးတစ်ခုဆီသို့ လမ်းညွှန်ခေါ်ဆောင်ခြင်း ခံလိုက်ရ၏။
ဘုရင်က ယန်ချင်းအား ထိုနေရာရှိ အုပ်ချုပ်ရေးအဆောက်အအုံများကို လွတ်လပ်စွာ အသုံးပြုခွင့်ပေးခဲ့ပြီး စစ်သူကြီးအပါအဝင် သူ၏တော်ဝင်ကိုယ်ရံတော် အနည်းငယ်ကို အကူအညီပေးရန် ချန်ထားခဲ့လေသည်။
“ကြာပန်းပြာတိုင်းပြည်က အရင်ကအခြေအနေမျိုးကို ပြန်ရောက်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပုံပဲ” စစ်သူကြီးထံသို့ အကြည့်ရောက်သွားချိန်တွင် ယန်ချင်းက တွေးလိုက်သည်။
စစ်သူကြီးတွင် ကြာပန်းပြာတိုင်းပြည်၏ တော်ဝင်သွေးမျိုးဆက်များ၌သာ တွေ့ရလေ့ရှိသော သမုဒ္ဒရာပြာရောင် ဆံပင်များ ရှိနေသည်။
သူ၏အမည်မှာ ကွမ်ယန်ရှုဖြစ်၏။
သူနှင့်ပတ်သက်၍ ယန်ချင်းအတွက် ထူးခြားနေသည်မှာ သူ၏အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်ပင် ဖြစ်သည်။
အသက်သုံးဆယ့်ခုနစ်နှစ်အရွယ်ဖြင့် သူသည် နန်းတော်အဆင့်တစ်ဝက် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်ကာ သူ၏စွမ်းအင်အတက်အကျအရ ဤအဆင့်သို့ရောက်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ကြောင်း သိနိုင်ပေသည်။
အဆင့်တက်ရန် အခွင့်ကောင်းတစ်ခု ရရှိလာမည့်အချိန်မှာ သိပ်မကြာတော့မည့်ပုံပင်။
သူ၏ပါရမီဖြင့် အဘယ်ကြောင့် ဘုရင်မဖြစ်လာရသနည်းဆိုသည့် အချက်နှင့်ပတ်သက်၍ ယန်ချင်းက သူ၏စရိုက်လက္ခဏာကြောင့်ဟုသာ ယူဆနိုင်ခဲ့၏။
သူသည် မိမိ၏ လက်အောက်ငယ်သားများနှင့်ပင် စကားအလွန်နည်းသူ ဖြစ်သည်။
သူသည် ကျင့်ကြံခြင်းတွင် ပါရမီမပါသော်လည်း အစေခံတစ်ဦးနှင့်ဖြစ်စေ၊ ယန်ချင်းကဲ့သို့ အဆင့်ရှိသူတစ်ဦးနှင့်ဖြစ်စေ ဆက်ဆံရေးတွင် ကောင်းမွန်သော နွေဦးလွင်ပြင်တိုင်းပြည်မှ မင်းသားဝမ်ယန်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေလေသည်။
သို့သော် စစ်သူကြီးသည် ဆက်ဆံရေးအပိုင်းတွင် အားနည်းချက်ရှိနေစေကာမူ ကျင့်ကြံခြင်းနှင့် အာရုံခံနိုင်စွမ်းအပိုင်းတွင် ထိုအားနည်းချက်ကို အပြည့်အဝ ဖုံးကွယ်နိုင်ပေသည်။
ဘုရင်၏ ခြွေရံတစ်စုလုံးတွင် ယန်ချင်း၏ အဆင့်မှာ နန်းတော်အဆင့်ဖြစ်ကြောင်း သတိပြုမိသူဆို၍ သူတစ်ဦးတည်းသာ ရှိသည်။
ယန်ချင်းက အယ်လီနှင့်အတူ သူတို့နှင့်တွေ့ဆုံရန် ဆင်းသက်လာချိန်တွင် သူ၏မျက်ဝန်းများက အံ့အားသင့်မှုကြောင့် တုန်လှုပ်သွားခဲ့ရသည်။
…
အချိန်မရသည့်အပြင် လုပ်စရာများစွာ ရှိနေသောကြောင့် ယန်ချင်းက လုပ်ငန်းစဉ်များကို လျင်မြန်စွာ လုပ်ဆောင်လိုက်သည်။
သူက အကဲဖြတ်ခြင်းလုပ်ငန်းစဉ်၏ စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့် အကဲဖြတ်ခံရမည့်သူများထံမှ မျှော်လင့်ထားသည့် အရာများကို ရှင်းပြလိုက်၏။
အကဲဖြတ်ရန် စာရင်းသွင်းထားသည့် အဖွဲ့အစည်းအားလုံးမှာ သူမလာရောက်မီကတည်းက ကြိုတင်ရောက်ရှိနေကြသဖြင့် သူက တစ်ကြိမ်တည်းသာ ရှင်းပြရန် လိုအပ်ခဲ့သည်။
ကြာပန်းပြာတိုင်းပြည်၏ ဘုရင်ထံ သူ၏ရည်ရွယ်ချက်များကို အသိပေးခဲ့ပြီးကတည်းက ရှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ ထိုအချိန်မှာ အဖွဲ့အစည်းများထံ သတင်းဖြန့်ခြင်း အပါအဝင် အရာအားလုံးကို စီစဉ်ရန် သူတို့အတွက် လုံလောက်သည်ထက်ပင် ပိုနေခဲ့လေသည်။
ယန်ချင်းသည် အကဲဖြတ်မှုများကို စတင်လိုက်သည်နှင့် တစ်ကြိမ်မျှပင် အနားမယူဘဲ ဆက်တိုက်လုပ်ဆောင်ခဲ့၏။ ဆယ့်တစ်နာရီကြာပြီးနောက်တွင်မူ သူသည် အကဲဖြတ်မှုအားလုံးကို ပြီးစီးသွားခဲ့ချေပြီ။
သူတို့၏ ရလဒ်များက နွေဦးလွင်ပြင်တိုင်းပြည်တွင် သူပြုလုပ်ခဲ့သော ရလဒ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ကွာဟမှုရှိနေသည်။
၎င်းတို့ထဲမှ တစ်ခုမှာ နွေဦးလွင်ပြင်တိုင်းပြည်ရှိ အကဲဖြတ်မှုများနှင့် နှိုင်းယှဉ်လျှင် ကြာပန်းပြာတိုင်းပြည်မှ အကဲဖြတ်မှုများတွင် လှည့်စားရန် ကြိုးစားသော အဖွဲ့အစည်းများထံမှ ကျရှုံးမှုများ ပိုမိုများပြားနေခြင်းပင် ဖြစ်သည်။
နွေဦးလွင်ပြင်တိုင်းပြည်သို့ လာရောက်ခဲ့သော အဖွဲ့အစည်းစာရင်းမှ ခုနစ်ဖွဲ့သာ အကဲဖြတ်မှု ကျရှုံးခဲ့သည်။
သို့သော် ကြာပန်းပြာတိုင်းပြည်သို့ လာရောက်ခဲ့သော အဖွဲ့အစည်းစာရင်းတွင်မူ တစ်ရာ့လေးဖွဲ့အထိ ကျရှုံးခဲ့၏။
ဤကိန်းဂဏန်းမှာ သူအကဲဖြတ်ရန် လာရောက်ခဲ့သော အဖွဲ့အစည်းများ၏ ထက်ဝက်နီးပါးမျှ ရှိနေသဖြင့် ယန်ချင်းပင် အံ့အားသင့်သွားခဲ့ရသည်။
အခြားကွာဟချက်တစ်ခုမှာ အရည်အသွေးပိုင်းတွင် ဖြစ်သည်။
ကြာပန်းပြာတိုင်းပြည်သို့ လာရောက်ခဲ့သော အဖွဲ့အစည်းများမှာ ကျရှုံးမှုအရေအတွက် အများဆုံးဖြစ်နေသော်လည်း နွေဦးလွင်ပြင်တိုင်းပြည်နှင့် နှိုင်းယှဉ်ပါက မြင့်မားသောအရည်အသွေးများကို ပိုင်ဆိုင်ထားခြင်းကမူ ရယ်စရာပင် ကောင်းနေလေသည်။
ဖန်းညီအကိုထံမှ သစ်ပင်လူသားမျိုးနွယ် သွေးမျိုးဆက်ကဲ့သို့သော ရှေးဟောင်းလူမျိုးနွယ် သွေးမျိုးဆက်များကို သူတို့အထဲမှ ရှာမတွေ့ခဲ့သော်လည်း နှလုံးသားကျောက်စာတိုင်က ထိုအုပ်စုအတွင်းမှ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံ ဒါဇင်ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။
ထိုခန္ဓာကိုယ်ဖွဲ့စည်းပုံများထဲတွင် မမျှော်လင့်ထားသော အခြေအနေမျိုးမရှိပါက ပိုင်ရှင်ဖြစ်သူကို အနည်းဆုံး နန်းတော်အဆင့်သို့ ရောက်ရှိစေနိုင်မည့် ကောင်းမွန်သော ခန္ဓာကိုယ်အနည်းငယ်ပင် ပါဝင်နေပြီး ၎င်းတို့ထဲမှ တစ်ခုဆိုလျှင် နယ်ပယ်အဆင့်အထိ ရောက်ရှိနိုင်မည့် အလားအလာပင် ရှိနေလေသည်။
ထိုခန္ဓာကိုယ်မှာ ရွှေရောင်ပုစဉ်းအထူးခန္ဓာကိုယ်ဖွဲ့စည်းပုံပင် ဖြစ်၏။
၎င်းနှင့်ပတ်သက်၍ ယန်ချင်းသိထားသလောက်ဆိုလျှင် ၎င်းက အသုံးပြုသူကို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မရောက်ဘဲနှင့်ပင် ကိုယ်ပွားများ ဖန်တီးနိုင်စွမ်းကို ပေးစွမ်းနိုင်လေသည်။
အမှန်တကယ်တွင် ထိုကဲ့သို့ ဖန်တီးနိုင်ရန်အတွက် ထိုအဆင့်သို့ ရောက်ရှိရန် လိုအပ်ရုံသာမက ကျင့်ကြံသူသည် အသက်စွမ်းအင်တာအိုနှင့် ဝိညာဉ်တာအိုကဲ့သို့သော မတူညီသည့် တာအိုအမျိုးအစားများတွင် ပါရမီပါရန်လည်း လိုအပ်ပေသည်။
ထိုခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ကိုယ်ပွားများ ဖန်တီးရုံဖြင့် ရပ်တန့်မသွားချေ။
ထိုကိုယ်ပွားများသည် ပင်မခန္ဓာကိုယ်နှင့် ဆက်သွယ်ထားဆဲ ဖြစ်သော်လည်း သူတို့ကိုယ်တိုင် လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်း ရှိကြသည်။
ထိုလွတ်လပ်မှုက သူတို့၏ ကိုယ်ရည်ကိုယ်သွေးများအထိပင် သက်ရောက်မှုရှိကာ အသုံးပြုသူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ဆက်ခံရရှိမည် မဟုတ်ပေ။
သူတို့သည် အစမှပြန်လည်ကျင့်ကြံရမည်ဖြစ်ပြီး ပင်မခန္ဓာကိုယ်နှင့် မတူညီသော ပါရမီအဆင့်အသီးသီးကို ပိုင်ဆိုင်ထားကြသည်။
ထို့ကြောင့် သူတို့သည် ပင်မခန္ဓာကိုယ်အတွက် ပါရမီမရှိနိုင်သော သိုင်းပညာရပ်များကို ကျင့်ကြံနိုင်ကြပြီး သူတို့၏ နားလည်သဘောပေါက်မှုများကို ပင်မခန္ဓာကိုယ်ထံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ပေသည်။