မာယွမ်
Vol. 21 Ch. 209
ယန်ချင်း၏ ပခုံးပေါ်တွင် ရှိနေသော ကြယ်စင်ကဏန်းလေးကို မြင်လိုက်ရသောအခါ အယ်လီ၏ မျက်ဝန်းများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားလေသည်။
အရွယ်အစားမှာ သေးငယ်သော်လည်း ၎င်း၏ ဖြူစင်တောက်ပနေသော ကိုယ်ထည်နှင့် ရွှေရောင်အလင်းတန်းများ ပေါင်းစပ်ထားမှုက အလွန်ပင် မျက်စိကျစရာ ကောင်းလှပေသည်။
ထိုအံ့အားသင့်မှုများသည် ခဏအတွင်းမှာပင် ဖုံးကွယ်၍မရသော လောဘရိပ်များအဖြစ်သို့ ပြောင်းလဲသွားတော့၏။
ကဏန်းလေးမှာမူ ပျော်မြူးနေသော အခြေအနေမှ ရုတ်တရက် နိုးထလာခဲ့သည်။
၎င်းကို ပစ်မှတ်ထားနေသော အန္တရာယ်ရှိသည့် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ခြင်းကြောင့် ဖြစ်ပေသည်။
ကဏန်းလေးသည် ဗီဇအရပင် လက်သည်းတစ်ဖက်ဖြင့် ဆိုင်ကလုန်းပုစွန်၏ ဉာဏ်အလင်းပုလဲကို အမြန်ကာကွယ်လိုက်ပြီး ကျန်လက်သည်းတစ်ဖက်ကိုမူ ပြန်လည်တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်လေသည်။
အယ်လီ၏ ဖုံးကွယ်မထားသော လောဘရိပ်များကို မြင်သောအခါ ၎င်းသည် ညဏ်အလင်းပုလဲကို လက်သည်းများကြားတွင် မြဲမြံစွာ ညှပ်ထားလိုက်ပြီး ကျန်လက်သည်းတစ်ဖက်မှာမူ တိုက်ခိုက်ရန် အားမွေးနေသကဲ့သို့ နက်မှောင်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ကဏန်းမှာ အယ်လီ၏ ပစ်မှတ်ကို လွဲမှားစွာ ထင်မှတ်သွားပြီး သူမသည် ၎င်းပိုင်ဆိုင်ထားသော ညဏ်အလင်းပုလဲကို လုယူရန် ကြိုးစားနေသည်ဟု ထင်နေခြင်းဖြစ်၏။
အယ်လီသည် ၎င်းထက် အဆင့်များစွာ ပိုမိုမြင့်မားသော်လည်း ၎င်းကမူ ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ထားပုံရသည်။
ဤပုလဲကို ရရှိရန်အတွက် ရက်ရက်စက်စက် အရိုက်ခံခဲ့ရသည်ဖြစ်ရာ မည်သည့်တိုက်ပွဲမှ မဆင်နွှဲဘဲ အလွယ်တကူ လက်လွှတ်ရန် အစီအစဉ်မရှိပေ။ သူသည် အဆုံးအထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားချေပြီ။
"သူက သတ္တိရှိတာလား ဒါမှမဟုတ် မဆင်မခြင်ပဲ မိုက်မဲနေတာလား"
ယန်ချင်းသည် အယ်လီကို စတင်တိုက်ခိုက်ရန် ပြင်ဆင်နေသော ကဏန်းလေးကို ကြည့်ရင်း တွေးလိုက်မိသည်။
"သူ့ရဲ့ ခွန်အားကို မြှင့်တင်ပေးတာထက် သူလုပ်ပုံကို ကြည့်ရတာ အရိုက်ခံနိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ ပိုလိုအပ်မယ် ထင်တယ်။”
“ဒါမှမဟုတ်ရင်တော့ အရင်စတိုက်တတ်တဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကြောင့် တော်ဝင်ရေကန်စောင့် တစ်ယောက် မဖြစ်ခင်မှာတင် စောစောစီးစီး သေသွားလိမ့်မယ်။”
“ဒါပေမဲ့ သူတကယ် သေသွားရင်လည်း ဒါက အသားပဲလေ... ရှလွတ်.... မဟုတ်ဘူး၊ မဟုတ်ဘူး... ကြယ်စင်လေးက ငါ့ရဲ့ အစောင့်၊ ငါ့ရဲ့ ရဲဘော်ပဲ...”
“ ဒါပေမဲ့ တကယ်လို့သာ... မဟုတ်ဘူး... ယန်ချင်း စိတ်အာရုံ စုစည်းစမ်း... အယ်လီ အရိုက်ခံရတော့မှာ... အယ်လီ အရိုက်ခံရတော့မှာ... မင်းရဲ့ ရေကန်ထဲမှာ ငါးတွေအပြည့်နဲ့... အယ်လီ အရိုက်ခံရတော့မှာ..."
ယန်ချင်းသည် 'အယ်လီ အရိုက်ခံရတော့မှာ' ဟု တစ်မိနစ်ခန့် မန္တန်တစ်ခုကဲ့သို့ တတွတ်တွတ် ရွတ်ဖတ်နေပြီးမှ သတိပြန်ဝင်လာလေသည်။
ထိုအချိန်သည် အလွန်ပင် အချိန်ကိုက် ဖြစ်သွားခဲ့၏။ အကြောင်းမှာ ကဏန်းလေးသည် သူ၏ ပခုံးပေါ်မှ ခုန်ဆင်းကာ လှောင်ပြောင်သည့် အမူအရာဖြင့် ကြည့်နေသော အယ်လီထံသို့ ဦးတည်ကာ ပြေးထွက်သွားသောကြောင့် ဖြစ်သည်။
"နှစ်ယောက်လုံး တော်ကြတော့" ယန်ချင်းက လေထဲတွင် ရှိနေသော ကဏန်းလေးကို ပြန်ဆွဲလိုက်ရင်း ပြောလိုက်သည်။
ကဏန်းလေးမှာ သူ၏လက်သည်းများကို ဝေ့ယမ်းနေဆဲ ဖြစ်သော်လည်း များမကြာမီမှာပင် တိုက်ခိုက်လိုစိတ်များ ပြေလျော့သွားတော့သည်။
အယ်လီမှာမူ သူမ အကျွမ်းကျင်ဆုံး အလုပ်ကို လုပ်လေသည်။
ထိုအရာမှာ ခေါင်းငုံ့ကာ ဟန်ဆောင်တောင်းပန်ဟန် ပြလိုက်ခြင်း ဖြစ်သော်လည်း သူမ၏ ဦးနှောက်ထဲတွင်မူ နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်မည့် အစီအစဉ်များကို ကြံစည်နေလေသည်။
ယန်ချင်းသည် ဤအခြေအနေကို ကြည့်ကာ သက်ပြင်းသာ ချနိုင်တော့၏။
ကဏန်းလေး မသန်မာမီအထိ အယ်လီ၏ရန်မှ ကာကွယ်ပေးရန်မှာ သူ၏ နောက်ထပ်တာဝန်တစ်ခု ဖြစ်လာချေပြီ။
"တစ်ခါတလေ သူမကို ယီကျဲရဲ့ အိမ်မှာ ခဏထားခဲ့ရင် ကောင်းမလားပဲ။ ဘာကြောင့်လဲတော့ မသိဘူး၊ သူက ယီကျဲရှေ့ဆို အမြဲတမ်း လိမ္မာနေတတ်တယ်"
ယန်ချင်းက ဤအကြံမှာ အကောင်းဆုံးဖြစ်မည်ဟု တွေးလိုက်မိသည်။
ထိုသို့မှ မဟုတ်လျှင် နောက်ပိုင်း သူ၏ အလုပ်များလာသောအခါ နားချိန်ပင် မရှိဘဲ ဤမဆင်မခြင်နိုင်သော ဝိညာဉ်သားရဲနှစ်ကောင်ကြားတွင် ဖြန်ဖြေပေးနေရရုံသာ ရှိပေမည်။
ယန်ချင်းသည် ထိုကိစ္စကို ခဏဘေးဖယ်ထားလိုက်ပြီး အရေးကြီးဆုံးအလုပ်ဖြစ်သော ကန်အတွင်းမှ ဖမ်းဆီးထားသည့် ငါးနီနှင့် ငါးပြာများကို ကင်ရန် အာရုံစိုက်လိုက်သည်။
သူသည် ငါးများကို ကျွမ်းကျင်စွာ ဗိုက်ခွဲကာ အတွင်းကလီစာများကို စမ်းချောင်းရေဖြင့် ပြုလုပ်ထားသော ဆန်အရက်ဖြင့် ဆေးကြောလိုက်ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များ၊ ကြက်သွန်နီများနှင့် အခြားပါဝင်ပစ္စည်းများကို အထဲသို့ ထည့်လိုက်သည်။
ထို့နောက် သူကိုယ်တိုင် ထုတ်လွှတ်လိုက်သော နူးညံ့သည့် အဖြူရောင်မီးတောက်ပေါ်တွင် အသာအယာ ကင်လေတော့သည်။
၎င်းတို့သည် ယင်ဓာတ်ခံရှိသော ဝိညာဉ်သားရဲများ ဖြစ်သည့်အလျောက် အပူချိန်ထိန်းချုပ်မှု အနည်းငယ် လွဲချော်သွားသည်နှင့် အသားတစ်ခုလုံး ပြာအဖြစ်သို့ ကြေပျက်သွားနိုင်ပေသည်။
ယန်ချင်းသည် သူ၏ နန်းတော်အဆင့် အာရုံခံစားမှုကို အသုံးပြုကာ ငါး၏ ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ မီးအပူရှိန် ရောက်ရှိစေရန် အပူချိန်ကို ဂရုတစိုက် ထိန်းချုပ်လိုက်သည်။
မိနစ်နှစ်ဆယ်ခန့် ကင်ပြီးနောက်တွင်မူ သူ၏လက်ထဲမှ ငါးများအားလုံးမှာ ကျက်သွားလေပြီ။
ငါးများမှာ ရွှေဝါရောင်အဆင်းရှိကာ သွားရည်ကျစရာ ကောင်းသော အနံ့အသက်များ ထွက်ပေါ်လာသည်။
ကြယ်စင်ကဏန်းမှလွဲ၍ ကျန်ရှိနေသူအားလုံးမှာ ထိုအနံ့ကြောင့် စိတ်လှုပ်ရှားသွားကြသည်။
ယန်ချင်းနှင့် အယ်လီ၏ မျက်ဝန်းများမှာ တောက်ပလာပြီး သွားရည်များပင် ကျလာတော့သည်။
အလောင်းတစ်ခုကဲ့သို့ ဟန်ဆောင်နေသော အမျိုးသားပင်လျှင် သူ၏နှာခေါင်းကို မသိမသာ လှုပ်ရှားလိုက်ပြီးနောက် မျက်လုံးများကို ဖွင့်ကာ ပန်းကန်ပြားကြီးများပေါ်တွင် စီထားသော ငါးကင်များကို ကြည့်လိုက်မိတော့သည်။
ကြယ်စင်ကဏန်းအတွက်မူ ထိုငါးကင်များမှာ ၎င်းယခု လက်ရှိ ပုလဲနှင့်ယှဉ်လျှင် အညစ်အကြေးကဲ့သို့ပင် ဖြစ်နေပေသည်။
အရာအားလုံးမှာ ထိုပုလဲ၏ရှေ့တွင် အရောင်မှိန်သွားပုံရသည်။
"ငါက ရနံ့တစ်ထောင်စားသောက်ဆိုင်က စားဖိုမှူးတွေလောက် လက်ရာမကောင်းပေမဲ့ ဒါကလည်း သိပ်တော့ မဆိုးပါဘူးလေ" ယန်ချင်းသည် သူ၏ လက်ရာကို ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
သူသည် ငါးကင်မှ ထွက်ပေါ်နေသော အပူရှိန်ကြောင့် တရှဲရှဲ မြည်သံထွက်ပေါ်စေသည့် ဟင်းခတ်အမွှေးအကြိုင်အချို့ကို ထပ်မံဖြူးလိုက်သည်။
"အခုတော့ အဆင်သင့်ဖြစ်ပြီ" ယန်ချင်းက ပြုံးရင်း ဆန်အရက် တစ်ခွက်ကို ငှဲ့လိုက်သည်။
"အယ်လီ... မင်း ငါးကောင်ယူ၊ ကြယ်စင်လေး... မင်းကတော့... ထားလိုက်ပါတော့လေ။"
ယန်ချင်းသည် ကဏန်းထံမှ ရရှိလိုက်သော အထင်သေးသည့် အကြည့်ကြောင့် ၎င်းအား ငါးမပေးရန် ဆုံးဖြတ်လိုက်သည်။
၎င်းသည် ပုလဲကိုသာ အသည်းအသန် ပြန်လည်ကြည့်ရှုနေလေသည်။
"အယ်လီ... မင်း ခုနစ်ကောင် ယူလိုက်တော့... ပြီးတော့ 'မတရားဘူး' ဆိုတဲ့ အကြည့်မျိုးနဲ့ ငါ့ကို မကြည့်နဲ့၊ မဟုတ်ရင် နှစ်ကောင်ပဲ ပေးတော့မယ်။"
ယန်ချင်းသည် အယ်လီက ခွဲတမ်းနှင့် ပတ်သက်ပြီး ငြီးငြူတော့မည်ကို သိလိုက်သဖြင့် ဟန့်တားလိုက်သည်။
အကယ်၍ ကဏန်းသာ ယန်ချင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့လျှင် အယ်လီကဲ့သို့ပင် ငါးငါးကောင် ရရှိမည်ဖြစ်သည်။
အယ်လီသည် သူမ၏ ပုံစံအတိုင်း ကဏန်း၏ ဝေစုမှ အများစုကို ရယူရန် မျှော်လင့်ထားခြင်း ဖြစ်သည်။
သူမသည် သုံးကောင် သို့မဟုတ် လေးကောင်ကို ရယူပြီး ယန်ချင်းကို တစ်ကောင် သို့မဟုတ် နှစ်ကောင်သာ ပေးရန် စိတ်ကူးထားခဲ့၏။
သူမသည် စွန်တစ်ကောင် ဖြစ်သည့်အတွက် ငါးမှာ သူမ၏ အဓိက အစာဖြစ်သည်ဟု ယူဆထားသည်။
ထို့အပြင် သူမတွင် ကုသရန် လိုအပ်သော ဒဏ်ရာအတုများ ရှိနေသည်ဟုလည်း အကြောင်းပြချက် ပေးထားသေးသည်။
သူမ၏ စိတ်ထဲတွင် ဝေစုပိုရရန် အကြောင်းပြချက်များစွာ ရှိနေသော်လည်း ယန်ချင်း၏ ခြိမ်းခြောက်သည့် အကြည့်ကို မြင်သောအခါ အားလုံးကို ဘေးဖယ်ထားလိုက်ရတော့သည်။
"စောင့်နေလိုက်စမ်းပါ ယန်၊ စွန်တစ်ကောင်ရဲ့ ကလဲ့စားချေဖို့အတွက် နှစ်တစ်ထောင်ဆိုတာ မကြာပါဘူး"
အယ်လီသည် သူမ၏ စိတ်ရင်းကို ဖုံးကွယ်ထားရင်း တွေးလိုက်သည်။ သူမသည် ထိုသို့ ဖုံးကွယ်ရာတွင် မည်မျှညံ့ဖျင်းသည်ကို မသိရှာပေ။
သူမ၏ အတွင်းစိတ်မှာ ယန်ချင်းအတွက် နေ့ခင်းကြောင်တောင်ကဲ့သို့ ထင်ရှားလှသည်။
ယန်ချင်းသည် သူမကို လျစ်လျူရှုထားလိုက်သည်။ ခေါင်းကို တစ်ချက်လောက် ထိုးလိုက်ရုံဖြင့် အရာအားလုံး အဆင်ပြေသွားမည်ကို သူသိနေသည်။ အချိန်တန်လျှင် သူမကို လုံလောက်သော လက်ဆောင်ပေးလိုက်ရမည်။
"ခင်ဗျားကော ဘယ်လိုလဲ။ သေချင်ယောင် ဆောင်နေတုန်းပဲလား ဒါမှမဟုတ် ကျွန်တော်နဲ့ အတူစားမှာလား။”
“ဒီငါးတွေက တကယ်ကောင်းသလို ကျွန်တော့်မှာ အတူသောက်ဖို့ အရက်ကောင်းတွေလည်း ရှိတယ်။”
“ခင်ဗျား တကယ်ပဲ အသက်သေချင်သေးတယ်ဆိုရင်တောင် ဗိုက်ဝအောင် စားပြီးမှ သေတာပေါ့" ယန်ချင်းက ငါးခုနစ်ကောင် ပါဝင်သော ပန်းကန်ကို ဘေးသို့ ဖယ်ထားရင်း ပြောလိုက်သည်။
ထိုအမျိုးသားမှာမူ ယန်ချင်းရှိရာဘက်သို့ ကြည့်ရင်း တိတ်ဆိတ်နေဆဲ ဖြစ်သည်။ သူသည် ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ဘာမှ မပြောသေးပေ။
သူသည် ယန်ချင်းကို ကြည့်နေသော်လည်း သူ၏ စိတ်အာရုံမှာမူ အခြားတစ်နေရာသို့ ရောက်ရှိနေပုံရသည်။
မိနစ်အနည်းငယ်ကြာအောင် ထိုအတိုင်း တိတ်ဆိတ်နေပြီးနောက် ယန်ချင်းသည် သက်ပြင်းချကာ သူ၏ ပန်းကန်ဘေးတွင် ဆန်အရက်အိုးတစ်လုံးကို ချထားပေးလိုက်သည်။
သူသည် အယ်လီ၏ ဝေစုကို ပေးလိုက်ရာ သူမသည် ယန်ချင်း ပြန်လုမည်ကို ကြောက်သကဲ့သို့ အမြန်ဖမ်းယူကာ ကန်၏ အခြားတစ်ဖက်သို့ ပြေးထွက်သွားတော့သည်။
ယန်ချင်းသည် အေးဆေးစွာ ထိုင်ချလိုက်ပြီး သူ၏ ဝေစုထဲမှ ငါးတစ်ကောင်ကို ယူလိုက်သည်။
စားဖိုမှူးနှင့် ငါးဖမ်းသမား ဖြစ်သည့်အတွက် သူက အခြားသူများထက် အနည်းငယ် ပိုစားခြင်းမှာ သဘာဝကျပေသည်။
သူက ဆယ်ကောင်၊ မဟုတ်ဘူး ဆယ့်တစ်ကောင်... ကြယ်စင်လေး၏ ဝေစုကို အယ်လီနှင့် ထိုအမျိုးသားကို ခွဲဝေပေးပြီးနောက် ပိုနေသော တစ်ကောင်ကို သူယူလိုက်ခြင်း ဖြစ်သည်။
ယန်ချင်းနှင့် အယ်လီတို့မှာ သီးခြားစီ ငါးကင်စားနေကြပြီး ဂဏန်းလေးမှာမူ အစောပိုင်းကစိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ဉာဏ်အလင်းပုလဲကို စတင်သန့်စင်နေပြီဖြစ်ရာ ထိုနေရာတွင် တိတ်ဆိတ်အေးချမ်းမှုက လွှမ်းမိုးသွားတော့သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်မှ အားအင်ချည့်နဲ့နေသော ထိုအမျိုးသားမှာမူ တစ်ချိန်ချိန်တွင် ထလာခဲ့ပြီး တရားထိုင်သည့် ပုံစံဖြင့် ထိုင်ကာ ယန်ချင်း ကမ်းလှမ်းခဲ့စဉ်က ရှိနေသော နေရာကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
"ရော့အာသာ ရှိရင် ဒါကို သဘောကျမှာပဲ"
ထိုအမျိုးသားသည် ရုတ်တရက် ပြောလိုက်ပြီး ယန်ချင်းထံသို့ နှေးကွေးပြီး အားနည်းသော ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။
ယန်ချင်းကမူ ဘာမှမပြောဘဲ သူ၏ အစားအစာနှင့် အရက်ကိုသာ အေးဆေးစွာ ဆက်လက် သုံးဆောင်နေလေသည်။
"တာအိုရောင်းရင်း... အစောကပိုင်းက ကျုပ်ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးပါ။ အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။”
“ခင်ဗျားက ကျုပ်အပေါ် စေတနာထားခဲ့ပေမဲ့ ကျုပ်ကတော့ အခုလို ပြောဆိုခဲ့မိတာ တကယ်ကို ရိုင်းစိုင်းရာ ရောက်သွားခဲ့ပါတယ်။”
“ဒါကြောင့် ကျုပ်မာယွမ်အနေနဲ့ ရှက်ဖွယ်ကောင်းတဲ့ အပြုအမူအတွက် အလေးအနက် တောင်းပန်ပါတယ်။”
“ပြီးတော့ ကျုပ်လို သူစိမ်းတစ်ယောက်အပေါ် ပြသခဲ့တဲ့ ဂရုစိုက်မှုနဲ့ အကူအညီတွေအတွက် ကျေးဇူးတင်ပါတယ်။”
“ကျုပ်မှာ အခု ဦးညွှတ်ရုံကလွဲလို့ ဘာမှ ပြန်ပေးစရာ မရှိပါဘူး၊ ခင်ဗျား စိတ်မရှိပါနဲ့" ထိုအမျိုးသားသည် သူ၏ အားနည်းနေသော အခြေအနေနှင့် မလိုက်ဖက်အောင် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
သူသည် ခက်ခက်ခဲခဲ ကြိုးစားရင်း ယန်ချင်းကို ကိုးဆယ်ဒီဂရီ ဦးညွှတ်လိုက်လေသည်။ ယန်ချင်းသည် သူ့ကို တားဆီးရန် မကြိုးစားခဲ့ပေ။ အကြောင်းမှာ သူ တားဆီးလိုက်ခြင်းက ဆိုးကျိုးကိုသာ ဖြစ်စေနိုင်သောကြောင့်ပင်။
ဤဦးညွှတ်မှုမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ထိုအမျိုးသားအတွက်မူ ဤအရာသည် သူ၏ တစ်ခုတည်းသော ပိုင်ဆိုင်မှုနှင့် သိက္ခာတရား ဖြစ်ပေသည်။
သူ့တွင် ပေးစရာ ကျန်ရှိတော့သည့် တစ်ခုတည်းသော တန်ဖိုးရှိသည့် အရာဖြစ်ရာ ၎င်းကို ငြင်းပယ်လိုက်ခြင်းသည် သူ့တွင် ကျန်ရှိနေသော အရာလေးကိုပါ ဖျက်ဆီးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
ယန်ချင်းသည် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပြီးနောက် သူဖယ်ထားပေးသော ငါးပန်းကန်နှင့် အရက်အိုးကို သူ့ထံသို့ တိုးပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်" မာယွမ်က ပြောလိုက်ပြီး အသာအယာ ထိုင်ချကာ ပန်းကန်ထဲမှ ငါးတစ်ကောင်ကို ယူလိုက်သည်။
သူသည် ငါးကို အကြာကြီး စိုက်ကြည့်နေပြီးမှ တစ်ကိုက် ကိုက်လိုက်လေတော့သည်။