မင်းကတော့ကွာ၊ ဒီတစ်ခါတော့ ငါ့ကို တကယ်ပဲ လန့်သွားအောင်လုပ်တာပဲ
Vol. 23 Ch. 223
"မူလဝိညာဉ်နှစ်ခုနဲ့လား"
"တကယ့်ကို ထူးခြားဆန်းပြားတဲ့ တည်ရှိမှုမျိုးပဲ"
"မြန်မြန်၊ သူ့ကို အထဲခေါ်ခဲ့။ ငါ ကိုယ်တိုင်ကြည့်ရမယ်"
သီးသန့်စံအိမ်ဝင်းအတွင်း၌ ချူဖုန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ကျောင်းအုပ်ကြီးသည် ဤကောင်လေး သူ့ကို နောက်ပြောင်နေခြင်း ဟုတ်မဟုတ် ချက်ချင်းပင် အတည်ပြုလိုစိတ် ပြင်းပြနေတော့သည်။
ချူဖုန်းက ခေါင်းညိတ်လိုက်ပြီး ခြံဝင်းအဝင်ဝဘက်သို့ လှမ်းခေါ်လိုက်သည်။
"ချိုက်ယီ၊ အထဲဝင်ခဲ့ပြီး မင်းရဲ့ ဆရာဘိုးဘိုးကို ဂါရဝပြုလိုက်ဦး"
ဝမ်တောက်ကျောင်းတော်၏ တပည့်တိုင်းသည် ကျောင်းအုပ်ကြီး၏ တပည့်များပင်။
ထို့ကြောင့် ဆရာဘိုးဘိုးဟု ခေါ်ဆိုခြင်းမှာ အလွန်ပင် သင့်တော်လှပေသည်။
"ဟုတ်ကဲ့"
ချူချိုက်ယီက ပြန်ထူးကာ ခြံဝင်းအတွင်းသို့ လှမ်းဝင်လာ၏။
ကျောင်းအုပ်ကြီးသည် သူမကို သေချာ ကြည့်လိုက်သည်။
"အနားကို လာခဲ့စမ်း၊ ငါ တစ်ချက်လောက် ကြည့်ပါရစေ"
"ဟုတ်ကဲ့ပါ"
ချူချိုက်ယီ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသော်လည်း ကျောင်းအုပ်၏ တောင်းဆိုမှုကို ငြင်းဆန်ရန် သူမမှာ အကြောင်းမရှိပေ။
အရုဏ်မတက်မီ အချိန်လေးတွင် ကျောင်းအုပ်ကြီးသည် သူ၏ နတ်ဘုရားအာရုံကို ချူချိုက်ယီ၏ ခန္ဓာကိုယ်အတွင်းသို့ ဖြန့်ကြက်လိုက်၏။
ပထမဦးဆုံး သူ မြင်လိုက်ရသည်မှာ သူမ၏ ဝိညာဉ်ပင် ဖြစ်သည်။ ထိုဝိညာဉ်ပေါ်တွင် အမှတ်အသား နှစ်ခု ရှိနေသည်။ တစ်ခုမှာ ဟိုကောင်လေး ချူဖုန်း၏ အမှတ်အသားဖြစ်ပြီး နောက်တစ်ခုမှာ ထိုက်ယင်မူလအမှတ်အသားဖြစ်၏။
မနာလိုစရာပင်။
ဤအချိန်တွင် ကျောင်းအုပ်ကြီးသည်ပင် အနည်းငယ် မနာလိုဖြစ်မိသွားသည်။
ဤမိန်းကလေးသည် ထိုက်ယင်၏ အသိအမှတ်ပြုမှုကို ရရှိထားလေရာ သူမအတွက် သူတော်စင်အဆင့်သို့ သွားရာလမ်းမှာ ယခုမှစ၍ ဖြောင့်ဖြူးနေတော့မည်။
အဓိကအချက်မှာ ဤကလေးမလေးသည် တာအိုတည်ဆောက်ခြင်းအဆင့် တွင်သာ ရှိသေးခြင်းပင်။
သူ တာအိုတည်ဆောက်ခြင်းအဆင့်တုန်းကဆိုလျှင် သူ့ဝိညာဉ်က၊
‘နေပါဦး သူ့ ဝိညာဉ်က ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ’
‘တာအိုတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာကို စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်မှာ ရှိတဲ့သူတစ်ယောက်နဲ့ မခြားနားပါလား’
မေးခွန်းပေါင်းများစွာနှင့်အတူ ကျောင်းအုပ်ကြီးသည် ဒုတိယဝိညာဉ်ကို စတင်ရှာဖွေတော့သည်။
မကြာမီမှာပင် အထပ်ပေါင်း ဆယ့်တစ်ထပ်သော ချည်နှောင်မှုများဖြင့် ပိတ်လှောင်ထားသည့် ဝိညာဉ်တစ်ခုကို သူ တွေ့သွား၏။
ကျောင်းအုပ်ကြီးသည် ချိတ်စည်းများကို သေချာစွာ စစ်ဆေးကြည့်ရာ ယင်းတို့မှ ထွက်ပေါ်နေသော ထိတ်လန့်ဖွယ် အော်ရာကို ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။
ဟူး
သူသည် မသိစိတ်ဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်မိပြီး ဒုတိယဝိညာဉ်ကို ကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် ကျောင်းအုပ်ကြီးမှာ ရင်းနှီးနေသော ဖိအားတစ်ခုကို ချက်ချင်းပင် ခံစားလိုက်ရသည်။
‘ဒါ ဘယ်လိုကြီးလဲ’
ကျောင်းအုပ်ကြီးသည် သူ၏ နတ်ဘုရားအာရုံကို အမြန်ပြန်လည်ရုပ်သိမ်းလိုက်ပြီး အနေရခက်မှုကို ဖုံးကွယ်ရန် မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။
"ချိုက်ယီ၊ မင်း အခုတော့ ပြန်လို့ရပါပြီ။ နောက်ပိုင်း မင်းကို တစ်ယောက်ယောက်က အနိုင်ကျင့်လာရင် ဒီခြံဝင်းကို လာပြီး ဆရာဘိုးဘိုးကို ရှာလိုက်။ ဒီမှာ ဒါက ငါ့ရဲ့ ကိုယ်ပိုင်အမှတ်အသား တိုကင်ပြားပဲ"
ပြောပြောဆိုဆိုဖြင့် ကျောင်းအုပ်ကြီးသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းတိုကင်ပြားတစ်ခုကို ထုတ်ပေးလိုက်၏။
ချူချိုက်ယီက အလောတကြီးပင်။ "တပည့်အနေနဲ့ ဒါကို မယူဝံ့ပါဘူး"
ချူဖုန်းက ပြုံးလိုက်သည်။ "မင်းရဲ့ ဆရာဘိုးဘိုးက ပေးတာပဲ၊ ဘယ်လိုလုပ် ငြင်းလို့ရမှာလဲ ယူထားလိုက်စမ်းပါ"
ထိုအခါမှသာ ချူချိုက်ယီသည် ကျောက်စိမ်းတိုကင်ပြားကို လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး"
"ကျေးဇူးတင်နေစရာ မလိုပါဘူး"
ခဏတာ တုန်လှုပ်သွားပြီးနောက် ကျောင်းအုပ်ကြီးသည် သူ၏ ထုံးစံအတိုင်း ခန့်ညားထည်ဝါသော အမူအရာကို ပြန်လည်ရရှိသွားသည်။
"တပည့် ပြန်ခွင့်ပြုပါဦး"
ချူချိုက်ယီသည် လှည့်ထွက်သွားတော့သည်။
ထိုအခါမှ ချူဖုန်းက စကားစလိုက်၏။ "ကျောင်းအုပ်ကြီး၊ ခင်ဗျားက မျက်နှာလိုက်တာပဲ။ အရင်တုန်းကတော့ ကျွန်တော့်ကို ဝမ်တောက်ရဲ့ နံပါတ်တစ် ပါရမီရှင်၊ ဧကရာဇ် ဖြစ်မဲ့သူလို့ ပြောပြီးတော့၊ ကိုယ်ပိုင်တိုကင်ပြားလေး တစ်ခုတောင် မပေးခဲ့ဘူး"
"ဟမ့်”
ကျောင်းအုပ်ကြီးက နှာခေါင်းရှုံ့လိုက်သည်။
"စကားလမ်းကြောင်း မလွှဲနဲ့၊ ကောင်လေး။ မင်းက ရက်အနည်းငယ်ခြားတစ်ခါ ငါ့ကို အံ့အားသင့်အောင် လုပ်တတ်တာက ထားပါတော့၊ ဒီတစ်ခါတော့ ငါ့ကို နှလုံးရပ်မတတ် ထိတ်လန့်အောင် လုပ်လိုက်တာပဲ။ ချိုက်ယီရဲ့ ကိုယ်ထဲက အဲဒီ ဒုတိယဝိညာဉ်က အမှန်တကယ် ဘာလဲဆိုတာ မင်း သိရောသိရဲ့လား”
ချူဖုန်းက ဂရုမစိုက်သလို ပခုံးတွန့်ပြလိုက်၏။ "ဖြစ်နိုင်တာကတော့ ဧကရီတစ်ပါးပေါ့၊ ဒါမှမဟုတ်လည်း ကောင်းကင်ကိုးပါးက အကြီးအကဲတစ်ယောက်ယောက်ပေါ့။"
"အဲဒီကလေးမလေးထဲမှာ ဧကရီတစ်ပါးကို ပိတ်လှောင်ထားမှန်း သိလျက်နဲ့၊ မင်းက ဘေးမှာ ထားရဲသေးတယ်ပေါ့။ သူတော်စင်တစ်ပိုင်း အဆင့်လောက်နဲ့ အဲဒီလို ကံကြမ္မာအကျိုးဆက်မျိုးကို မင်း တောင့်ခံနိုင်မယ်လို့ ထင်နေတာလား"
ကျောင်းအုပ်ကြီး ပြောလေ ဒေါသထွက်လေ ဖြစ်လာကာ သူ၏ လက်ထဲတွင် စည်းကမ်းထိန်းသိမ်းရေး ပေတံတစ်ခု ရုတ်တရက် ပေါ်လာသည်။
ချူဖုန်း ထိုပေတံကို မြင်လိုက်ရသည့်အခါ သူ သိမ်းဆည်းထားခဲ့သော ဟိုးအရင်က မှတ်ဉာဏ်ဆိုးများမှာ ရုတ်တရက် ပေါ်လာတော့၏။
"ဆရာ၊ ခဏလေး။ ကျွန်တော့်ကို ရှင်းပြခွင့်ပေးပါ မဟုတ်ဘူး ကျွန်တော့်ဘက်က တင်ပြခွင့်ပြုပါ”
ကျောင်းအုပ်ကြီး၏ မျက်နှာမှာ တင်းမာနေဆဲပင်။
“ဒီနေ့ မင်း ငါ့ကို ရှင်းလင်းတဲ့ အဖြေတစ်ခု မပေးနိုင်ရင်တော့ သူတော်စင်တစ်ပါးရဲ့ အစွမ်းကို မြည်းစမ်းစေရမယ်"
ချူဖုန်းက ပြောလိုက်သည်။
“တကယ်တော့ ချိုက်ယီရဲ့ ကိုယ်ထဲက ဧကရီ နိုးထလာမယ့်နေ့ကို ကျွန်တော် ကြိုတွေးထားပြီးသားပါ။ အဲဒါကြောင့်ပဲ သူမကို ကျင့်စဉ်တစ်ခု သင်ပေးခဲ့တာ။ ဖရိုဖရဲ နတ်ဆိုးဘုရားပုံဖော်ခြင်းကျင့်စဉ်ဆိုတာလေ..."
လက်ဖက်ရည် တစ်ခွက်စာ အချိန်ကုန်လွန်သွားသောအခါ ချူဖုန်း၏ ရှင်းပြချက်ကို နားထောင်ပြီးသွားသည့် ကျောင်းအုပ်ကြီး၏ မျက်နှာမှာ ဒေါသမှသည် အံ့အားသင့်မှု၊ ထို့နောက် ဝမ်းမြောက်မှုသို့ အဆင့်ဆင့် ပြောင်းလဲသွားလေသည်။
"တော်တယ်။ တကယ်ကို တော်တာပဲ"
ကျောင်းအုပ်ကြီးသည် မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြောသည်။ "မင်းကို အနာဂတ်သူတော်စင်းလောင်းတစ်ယောက်လို့ ငါ ချီးကျူးခဲ့တာ အလကား မဟုတ်ဘူးပဲ။ ဒီလို ဆန်းသစ်ပြီး ရဲရင့်တဲ့ တွေးခေါ်မှုမျိုး ရှိနေတာတင်ပဲ မင်းမှာ သူတော်စင်တစ်ယောက် ဖြစ်လာဖို့ အလားအလာရှိနေတာကို ပြနေတာပဲ"
"ဆရာက မြှောက်ပင့်နေပြန်ပြီ။ ဆရာနဲ့ ယှဉ်ရင် ကျွန်တော်က အဝေးကြီး လိုပါသေးတယ်။"
ချူဖုန်းက ပြုံးဖြီးဖြီးဖြင့် ပြောသည်။ "ဘာမှ ထပ်ခိုင်းစရာ မရှိရင် ကျွန်တော် ပြန်ပြီး ပစ္စည်းတွေ သွားသိမ်းလိုက်ဦးမယ်"
"အေး"
ကျောင်းအုပ်ကြီးက သူ့ကို တားဆီးရန် အစီအစဉ်မရှိပေ။ ချူဖုန်း ပြန်ရန် ထလိုက်စဉ်တွင် သူက ထပ်ပြောလိုက်သည်။
"ငါ့ရဲ့ အသက် နှစ်ထောင်ပြည့် မွေးနေ့ရောက်ဖို့ နှစ်ပေါင်း တစ်ရာကျော်ပဲ လိုတော့တယ်။ အဲဒီအချိန်ကျရင် ငါ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ပန်းချီကားတစ်ချပ်လောက် ဆွဲပေးဦး"
"..."
ချူဖုန်းမှာ အားကိုးရာမဲ့သလို ကြည့်လိုက်သည်။ "ဆရာရယ်၊ ကျွန်တော့်ကို မနောက်ပါနဲ့။ ကျွန်တော့်ရဲ့ စိတ်ကူးပုံဖော်ခြင်းကားချပ်တွေက ဆရာ့လို သူတော်စင်တစ်ယောက်အတွက် ဘာမှ အသုံးမဝင်ပါဘူး"
ကျောင်းအုပ်ကြီးက ပြန်ဖြေသည်။ "အခုတော့ အသုံးမဝင်သေးတာ မှန်ပါတယ်။ ဒါပေမဲ့ အနှစ်တစ်ရာအတွင်းမှာ မင်း သူတော်စင်အဆင့်ကို မရောက်နိုင်ဘူးလို့ တကယ်ပဲ ထင်နေတာလား"
"ဘယ်သူ့ကို အထင်သေးနေတာလဲ။ အနှစ်တစ်ရာ မပြောနဲ့အသက် တစ်ရာ မပြည့်ခင်မှာ သူတော်စင်အဆင့်ကို ရောက်ဖို့ဆိုတာ ကျွန်တော့်အတွက် ဘာမှ မခဲယဉ်းပါဘူး"
ချူဖုန်း စိတ်ထဲမှ တွေးလိုက်မိသည်။
‘'ငါ အခုမှ အသက် သုံးဆယ်ကျော်ပဲ ရှိသေးတာ။ နောက်အနှစ် ခြောက်ဆယ်အတွင်း သူတော်စင်အဆင့်ကို ရောက်ဖို့ဆိုတာ ကျိန်းသေပေါက်ပဲ’
ကျောင်းအုပ်ကြီးက မုတ်ဆိတ်ကို ထပ်မံပွတ်သပ်သည်။ "ဒါပေါ့။ ငါက အခုချက်ချင်း ဆွဲပေးရမယ်လို့ မပြောခဲ့ပါဘူး"
"ဆရာ့စကားကို မှတ်ထားပါ့မယ်"
ချူဖုန်းသည် လှည့်၍ ထွက်ခွာသွားသည်။
ကျောင်းအုပ်ကြီးသည် ချူဖုန်း၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ကာ မုတ်ဆိတ်ကို ပွတ်သပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ပါရမီရှင်တွေ ပေါ်ထွန်းလာနေပြီ၊ ဧကရာဇ်တွေကလည်း သူတို့ရဲ့ အစီအစဉ်တွေကို ချမှတ်နေကြပြီ... ဒါက အားပြိုင်မှုတွေ ပြင်းထန်မဲ့ ခေတ်ကြီးတစ်ခု ပြန်စတော့မှာလား”
"ဆရာ၊ ကျွန်မ ဆရာ့အတွက် ဒုက္ခတစ်ခုခုများ ပေးလိုက်မိသလားဟင်”
သူမ၏ ဆရာ ပြန်ရောက်လာသည်ကို မြင်သောအခါ ချူချိုက်ယီက အသေအချာ မေးလိုက်သည်။
သူမသည် နန်းတွင်းထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသူဖြစ်ရာ လူ့မျက်နှာအမူအရာကို ကြည့်၍ အကဲခတ်တတ်သည့် ပညာကို ကျွမ်းကျင်နေပြီးသား ဖြစ်၏။
သောင်းပြောင်းပညာရပ်ဌာနတွင် ပါရမီရှင်များစွာ ရှိပြီး သူတို့ ကျင့်စဉ်တက်သည့် အခါတိုင်းလည်း ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်လေ့ရှိသည်။
သို့သော်လည်း ကျောင်းအုပ်ကြီးကိုယ်တိုင် ပေါ်လာသည်ကို သူမ ယခုမှ မြင်ဖူးခြင်းပင်။
စီနီယာ အစ်ကို၊ အစ်မများထဲမှ မည်သူမျှ ကျောင်းအုပ်ကြီး၏ ဆင့်ခေါ်ခြင်းကို မခံခဲ့ရဖူးချေ။ ဤခရီးစဉ်မှာ သူမနှင့် သက်ဆိုင်နေသည်ကို ခန့်မှန်းရန် အလွန်ပင် လွယ်ကူလှ၏။
ချူဖုန်းက ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့။ ကျောင်းအုပ်ကြီးက သူ့ရဲ့ အသက် နှစ်ထောင်ပြည့် မွေးနေ့အတွက် လက်ဆောင် ပြင်ခိုင်းတာတင်ပါ။ မင်းရဲ့ ကျင့်ကြံမှုမှာရော အခုလောလောဆယ် ဘာအခက်အခဲ ရှိသေးလဲ"
ချူချိုက်ယီက ခေါင်းခါပြသည်။ "အခုလောလောဆယ်တော့ အကြီးအကျယ် ပြဿနာမရှိပါဘူး။ ဒါပေမဲ့... နောက်ပိုင်းကျရင်လည်း ဖရိုဖရဲ နတ်ဆိုးဘုရားစိတ်ကူးပုံဖော်ခြင်းကျင့်စဉ် ကို ဆက်ပြီး အာရုံပြုနေရဦးမှာလား"
ချူဖုန်းက ပြန်ဖြေသည်။ "ဒါပေါ့။ မင်းက အမြင့်ဆုံး တည်ရှိမှုတစ်ခု ဖြစ်ချင်တယ်ဆိုရင် ထိုက်ယင်နိယာမ တစ်ခုတည်းကို ကျွမ်းကျင်နေရုံနဲ့ မလုံလောက်ဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ထိုက်ယင်ကို အပြည့်အဝ ကျွမ်းကျင်အောင်ပဲ အာရုံစိုက်ထားပါ။ အဲဒါ ပြီးသွားပြီဆိုမှ တခြား နတ်ဆိုးဘုရားတွေကို စတင် အာရုံပြုလို့ ရမယ်"
"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ"
ချူချိုက်ယီသည် သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်နေတော့၏။
စံအိမ်သို့ ပြန်ရောက်သောအခါ ချူဖုန်းသည် တပည့်များကို နောက်ဆုံး ညွှန်ကြားချက်အချို့ ပေးလိုက်ပြီးနောက် အကြီးအကဲပင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"အဆင်သင့် ဖြစ်ပြီလား”
အကြီးအကဲပင်းက ခေါင်းအသာ ညိတ်ပြသည်။ "ပင်းယန်အားလုံး အဆင်သင့်ပါပဲ"
ချူဖုန်းက ရွှေတောင်ပံလင်းယုန်၏ တောင်ပံကို ပုတ်လိုက်သည်။ "ညီအစ်ကိုလင်းယုန်၊ သွားကြစို့"
"တက်ခဲ့တော့"
ရွှေတောင်ပံလင်းယုန်ဘုရင်သည် စိတ်လှုပ်ရှား တက်ကြွနေပုံ ရသည်။
ဝမ်တောက်ကျောင်းတော်တွင် နေခဲ့သည်မှာ ကြာပြီဖြစ်ရာ ရာစုနှစ်တစ်ခုနီးပါး ခရီးမထွက်ခဲ့ရပေ။ ဖြစ်နိုင်သည်မှာ ဤခရီးစဉ်သည် သူ့အတွက် သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးပင်။
သူတို့နှစ်ဦးသည် ရွှေတောင်ပံလင်းယုန်ဘုရင်၏ ကျောပေါ်သို့ ခုန်တက်လိုက်ကြသည်။
ချူဖုန်း ပြောလိုက်၏။ "သွားကြစို့"
"ကျွိ”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် ဟိန်းဟောက်သံကြီးလွှတ်ထုတ်လိုက်ပြီးနောက် အထက်သို့ ပျံတက်သွားတော့သည်။
ထိုအသံကို ကြားလိုက်ရသူတိုင်းသည် မသိစိတ်ဖြင့် အပေါ်သို့ မော့ကြည့်လိုက်ကြရာ မိုးကုပ်စက်ဝိုင်းပေါ်တွင် ပျောက်ကွယ်သွားသော အမည်းစက်လေးတစ်ခုကိုသာ မြင်လိုက်ရတော့၏။
"ညီအစ်ကိုဖုန်း ကျုပ်တို့ ဘယ်ကို သွားကြမှာလဲ”
ရွှေတောင်ပံလင်းယုန်ဘုရင်က မေးသည်။
ချူဖုန်းက ပြုံးလိုက်၏။ "တောင်ဘက်တည့်တည့်ကိုလီ တစ်သောင်းရှစ်ထောင်လောက်အထိ ပျံကြစို့"