← Chapters

လူငယ်လေး ဖုန်းမူ

Vol. 23 Ch. 224

လူငယ်လေး ဖုန်းမူ

Vol. 23 Ch. 224

မဟာယွမ်မင်းဆက်သည် ယွင်လန်ဂိုဏ်း၏ နယ်စပ် လေးနိုင်ငံထဲမှ တောင်ဘက်ပိုင်းတွင် တည်ရှိသည်။

ဖုန်းမျိုးနွယ် စတင်တည်ထောင်စဉ်ကတည်းက တည်ရှိခဲ့သော ထိုမင်းဆက်သည် ရွှမ်ကျိုးဒေသတွင် တည်ရှိပြီး ဖုန်းမျိုးနွယ်သည် ယွင်လန်ဂိုဏ်းအပြင် မဟာယွမ်မင်းဆက်၌လည်း အာဏာရှိသည့် အင်အားစုကြီးလေးခုထဲမှ တစ်ခုဖြစ်၏။

မဟာယွမ်မင်းဆက်၏နန်းမြို့တော် အပြင်ဘက်၊ လုံယွမ်မြစ်ရေပြင်တွင် ရေသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

အသက်ဆယ့်ငါးဆယ့်ခြောက်အရွယ်ကောင်လေးသည် မြစ်လယ်ခေါင်မှ ပေါ်ထွက်လာပြီး ကမ်းစပ်သို့ လျင်မြန်စွာ ကူးခပ်လာနေ၏။ သူ ကုန်းပေါ်သို့ တက်ပြီးနောက် လေကို အသည်းအသန် ရှူလိုက်၏။

သူ အသက်ရှူမဝသေးခင်မှာ လှည်းဘီးသံများကို ကြားလိုက်ရသည်။ သူ့တောင့်တင်းသွားပြီး မြစ်ထဲသို့ ခုန်ဆင်းရန် ပြင်လိုက်သော်လည်း ထိတ်လန့်ဖွယ်မြင်ကွင်းကို မြင်လိုက်ရ၏။ မြင်းလှည်းတစ်စီးသည် မောင်းသူမပါဘဲ မြစ်ကမ်းပါးတစ်လျှောက် မောင်းနှင်လာသည်။ ထိုမြင်းသည် ခမ်းနားလှပသည့် မြင်းတစ်ကောင်ဖြစ်ပြီး မြင်းပေါ်တွင် ရွှေရောင်လင်းယုန်တစ်ကောင် ထိုင်နေသည်။

တစ်ခဏအတွင်းမှာ ကောင်းကင်ယံမှ လူရိပ်များ ဆင်းသက်လာပြီး မြင်းလှည်းရှေ့တွင် ရပ်လိုက်သည်။

“အဲဒီမှာ ရပ်နေလိုက်စမ်း”

ဦးဆောင်သူ ဗလတောင့်တောင့်နှင့် အမျိုးသားက မြင်းလှည်းကို ပိတ်ဆို့လိုက်သည်။

“ထွက်သွားကြစမ်း”

မြင်းလှည်းပေါ်မှ ရွှေတောင်ပံလင်းယုန်ဘုရင်သည် စကားတစ်ခွန်းပြောလာ၏။

ထိုစကားထွက်လာသည်နှင့် တစ်နေရာလုံးတိတ်ဆိတ်သွားပြီး သူတို့နဖူးပေါ်တွင် ချွေးစေးများကျလာသည်။

ဗလတောင့်တောင့်နှင့်အမျိုးသားက ကြောက်လန့်တကြားပြောသည်။ “ကျွန်တော်က မဟာယွမ်မင်းဆက်ရဲ့ မင်းသားကိုးရဲ့ အစေခံပါ။ မင်းသမီး ချင်းဟယ်ရဲ့အမိန့်နဲ့ နတ်ဆိုးကို ရှာနေတာပါ။ စီနီယာ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ဒီလမ်းကနေ ဖြတ်သွားတာ တွေ့သေးလား”

“မတွေ့ဘူး”

ရွှေတောင်ပံလင်းယုန်ဘုရင်က စိတ်မရှည်သလိုပြောလိုက်သည်။

“ငါတို့ သွားကြမယ်”

ဗလတောင့်တောင့်နှင့်လူသည် သူ့နောက်လိုက်များနှင့်အတူ အလျင်အမြန်ထွက်သွား၏။

တစ်ချိန်တည်းမှာ မြင်းလှည်းက ရှေ့ဆက်သွားပြီး ဘာမှမဖြစ်ခဲ့သည့်အလားပင်။

မြစ်ကမ်းပါးတွင် ဖုန်းမူသည် ထိုအရာများကို မြင်လိုက်ရ၏။ သူ ကမ်းစပ်မှ လျင်မြန်စွာတက်လာပြီး မြင်းလှည်းရှေ့တွင် ဒူးထောက်လိုက်သည်။ သူ လှည်းထိပ်က လင်းယုန်ဘုရင်ကို ကြည့်လိုက်သည်။ “ဂျူနီယာဖုန်းမူက အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော် ဒီကြင်နာမှုကို မမေ့ပါဘူး။ ကျွန်တော် စီနီယာတို့ရဲ့ မြင်းလှည်းကို မောင်းပေးပါမယ်။ ကျွန်တော့်ကို ဒီအခွင့်အရေးပေးပြီး ကျေးဇူးပြန်ဆပ်ခွင့်ပြုပါ”

“ဟားဟားဟား”

ရွှေတောင်ပံလင်းယုန်ဘုရင်သည် ရပ်လိုက်သည်။

“ကောင်စုတ်လေး ဒီဘုရင်က မင်းကို တကူးတကကယ်တင်လိုက်တာမဟုတ်ဘူး။ဘာလို့ ငါတို့နောက် လိုက်ဖို့ကြိုးစားနေတာလဲ။ မင်းရဲ့အဆင့်နဲ့ဆိုရင် ငါတို့ မြင်းလှည်းကို မောင်းနှင်ဖို့ ထိုက်တန်တယ်များ ထင်နေလား”

ဖုန်းမူ မျက်မှောင်ကြုတ်သွား၏။

‘ဒါက နန်းတော်ထဲက အစေခံတွေပြောတဲ့ ဇာတ်လမ်းနဲ့ မတူဘူးပဲ’

‘သေစမ်း။ အဲဒီကောင်တွေက တစ်ခါမှ ကျွမ်းကျင်သူအစစ်တွေ မတွေ့ဖူးဘူးထင်တယ်’

ပုံမှန်အားဖြင့် ဖုန်းမူသည် သတိကြီးပြီး တွက်ချက်တတ်သောလူစားမျိုးဖြစ်သည်။ သို့သော် ဤကဲ့သို့ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ကြုံသည့်အခါ သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ မေ့သွားတတ်၏။

မည်သို့ပင်ဆိုစေ သူ၏ဘဝပန်းတိုင်သည် သန်မာလာရန်နှင့် အစေခံစာချုပ်မှ လွတ်မြောက်ရန်ပင်။

ကောင်လေး၏ တွေဝေသွားသည့် အကြည့်ကို မြင်သောအခါ လင်းယုန်က စိတ်ဝင်တစား ကြည့်လိုက်သည်။

“မင်းက ငါ့မြင်းလှည်းကို အရမ်းမောင်းပေးချင်နေတာလား။ ကြည့်ရအောင်၊ မင်းက ဘာသားနဲ့လုပ်တာမလို့ ဒီလောက်ရဲတင်းတာလဲ”

ထိုစကားလုံးများထွက်လာသည်နှင့် ဖုန်းမူသည် သူမလှုပ်ရှားနိုင်တော့ကြောင်း တွေ့လိုက်၏။ လင်းယုန်၏အကြည့်များသည် သူ့ကို ဖြတ်ဖောက်ထုတ်တော့မည့်အလားပင်။

လက်ဖက်ရည်တစ်ခွက် သောက်ချိန်ကြာပြီးနောက် ရွှေတောင်ပံလင်းယုန်ဘုရင်သည် ရယ်မောလိုက်၏။ “စိတ်ဝင်စားဖို့ကောင်းတယ်။ မင်းလို အစေခံက သခင့်ရဲ့သိုင်းပညာကို ခိုးသင်ရဲတယ်ပေါ့။ ပြီးတော့ မင်းက ခန္ဓာသန့်စင်ခြင်းအဆင့်ငါးတောင် ရောက်နေပြီ”

ဖုန်းမူ၏ အမူအရာသည် ထိုစကားများကို ကြားသည့်အခါ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ တစ်ဖက်သူက သူ့စိတ်ထဲတွင် ဖုံးကွယ်ထားသည့်အရာများကို သိလိမ့်မည်ဟု မထင်ထားပေ။ အကယ်၍ တော်ဝင်နန်းတော်မှ လူများသာ ရှာတွေ့သွားခဲ့လျှင် ကြိမ်ဒဏ်ခံရပေလိမ့်မည်။

ရွှေတောင်ပံလင်းယုန်ဘုရင်သည် ဖုန်းမူ၏အမူအရာ အပြောင်းအလဲများကို စိတ်ဝင်တစားကြည့်နေ၏။ “မနေ့ညကပဲ မင်းက မင်းသမီးချင်းဟယ်ကို အခွင့်အရေးယူလိုက်တယ်မလား။ သူတို့လိုက်ဖမ်းနေတဲ့ နတ်ဆိုးက မင်းလက်ထဲမှာပဲ သေသွားတာမလား။ အခုလည်း မင်း သူ့ရဲ့ရတနာကို ယူထားတယ်မလား”

“ကျေးဇူးပြုပြီး မပြောပါနဲ့တော့ စီနီယာ၊ ကျွန်တော်”

ဖုန်းမူ ရှင်းပြရန်ကြိုးစားသော်လည်း အကုန်လုံးက မှန်နေသည့်အတွက် သူ့တွင် စကားမရှိပေ။

“ဒီတစ်‌ယောက်က စိတ်ဝင်စားဖို့ကောင်းတာပဲ”

တည်ငြိမ်သည့် အသံတစ်သံက မြင်းလှည်းအတွင်းမှ ထွက်လာသည်။ တစ်ချိန်တည်းမှာ တံခါးကပွင့်သွားပြီး ကျောင်းတော်သားဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ဦးထွက်လာသည်။ ထိုသူက ခေါက်ယပ်တောင်လေးဖြင့် အသာအယာယပ်ခက်နေသည်။

ရွှေတောင်ပံလင်းယုန်ဘုရင်သည် သူ့ကိုတစ်ချက်ကြည့်ပြီး မေးလိုက်၏။ “သခင်လေး၊ ဒီကောင်လေးကို တပည့်လက်ခံမလို့တော့ မပြောနဲ့နော်”

ခရီးထွက်နေစဉ် ချူဖုန်းနာသည် နာမည်အရင်းကို မသုံးပေ။ ချူဖုန်းက ပြုံးလိုက်သည်။ “မဟုတ်ပါဘူး။ ငါက ဒီတိုင်း စိတ်ဝင်စားရုံပါ”

သူပြောပြီးသည်နှင့် ဖုန်းမူအမည်ရသည့် ကောင်လေးဘက်သို့ လှည့်ကြည့်လိုက်သည်။ အကြည့်တစ်ချက်မှာပင် ထိုကောင်လေး၏ခေါင်းပေါ်မှ ကံကြမ္မာကို မြင်လိုက်ရ၏။

ထိုကံကြမ္မာသည် ချောက်နက်ကြီးထဲက မြူလွှာများကြား၌ ဝပ်တွားနေသော ပုန်းကွယ်နဂါးတစ်ကောင်က ကောင်းကင်ယံသို့ ပျံတက်ကာ တစ်ကမ္ဘာလုံးကို သိမ်းပိုက်မင်းမူတော့မည့်အလားပင်။

ချူဖုန်း စစ်ဆေးကြည့်ရှူပြီးနောက် သူ့အကြည့်ကို ပြန်ခွာလိုက်ပြီး မယုတ်မလွန်ပြောသည်။ “မဆိုးပါဘူး”

ထိုသည်ကိုကြားသော် ရွှေတောင်ပံလင်းယုန်ဘုရင်သည် ဖုန်းမူအပေါ် အမြင်ပြောင်းသွား၏။ ‘ဒီကောင်လေး ကံက တစ်ခုခုပဲ။ ဒီတစ်လျှောက်လုံး ငါတို့ လူတွေအများကြီး တွေ့လာခဲ့ပေမဲ့ ဘယ်သူမှ မဆိုးပါဘူးလို့ အပြောမခံရဘူး’

ဖုန်းမူ၏မျက်လုံးများ တောက်ပသွားသည်။ သူသည် ထိုကျောင်းတော်သားက မည်သူမှန်းမသိသော်ငြား ဤမြင်းလှည်းပေါ်၌ လိုက်ပါစီးနင်းနိုင်၍ သာမန်လူမဖြစ်နိုင်ပေ။

“ဆရာ ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ်လက်ခံပေးပါ”

သူပြောပြီး ဒူးထောက်ချလိုက်၏။ သို့သော် ဒူးမထောက်ရခင်မှာ မမြင်နိုင်သည့် အားတစ်ခုက သူ့ခြေထောက်များကို အေးခဲသွားစေပါသည်။

ချူဖုန်း၏မျက်နှာသည် လေးနက်သွား၏။ “တပည့်လက်ခံတာက အလျင်စလို လုပ်လို့မရဘူး။ ငါ ဘယ်သူ့ကိုမှ လွယ်လွယ် လက်မခံဘူး။ အရင်ဆုံး မင်း ငါ့စမ်းသပ်မှုကို ကျော်ဖြတ်နိုင်မလားဆိုတာ ကြည့်ရအောင်”

ဖုန်းမူ အနည်းငယ် စိတ်ပျက်သွားသော်လည်း စိတ်‌တော့မပျက်ပေ။ ထိုအစား သူ စမ်းသပ်မှုကို ကျိန်းသေပေါက် ကျော်ဖြတ်ရမည်ဟု တိတ်တဆိတ်ကျုံးဝါးလိုက်၏။

သူ လက်သီးဆုပ်ပြီး လေးစားစွာ ပြောသည်။ “ဂျူနီယာက စီနီယာရဲ့စမ်းသပ်မှုကို ခံယူချင်ပါတယ်”

“ညီအစ်ကိုလင်းယုန် မဟာယွမ်နန်းမြို့တော်ကို ပြန်ကြရအောင်”

ချူဖုန်း အမိန့်တစ်ချက်ပေးကာ မြင်းလှည်းထဲသို့ ဝင်သွားတော့၏။

“ကောင်းပါပြီ”

ရွှေတောင်ပံလင်းယုန်ဘုရင်က မြင်း၏ခေါင်းကို သူ့အတောင်ပံဖြင့် ညင်သာစွာ ပုတ်လိုက်သည်။

မြင်းဟီသံနှင့်အတူ လှည်းသည် မဟာယွမ်နန်းမြို့တော်သို့ ဒုန်းဆိုင်းသွားတော့၏၊၊

ချူဖုန်း နန်းမြို့တော်သို့ ရောက်သည့်အခါ ဖုန်းမူဘက်သို့ လှည့်ကြည့်လိုက်သည်။ “ကောင်လေး ငါတို့ကို သီးသန့်နေလို့ရမဲ့ ခြံဝန်းတစ်ခု ရှာပေး”

ဖုန်းမူ လေးစားစွာ မေးသည်။ “စီနီယာ သီးသန့်လိုအပ်ချက်များ ရှိလား”

ချူဖုန်း ပြန်ဖြေလိုက်သည်။ “မင်းနေတဲ့နေရာနဲ့ အရမ်းမဝေးတဲ့နေရာမျိုး”

ဖုန်းမူမျက်နှာ တောက်ပသွား၏။ “နားလည်ပါပြီ”

တစ်နာရီကြာသော် ချူဖုန်းတို့သည် သီးခြားခြံဝင်းလေးတစ်ခုသို့ ရောက်လာကြသည်။ ဖုန်းမူစိတ်လှုပ်ရှားစွာ ဝင်လာပြီး သူတို့နှင့် မျက်လုံးချင်မဆုံရဲတော့ပေ။

ထိုအခါ ချူဖုန်းက ပြုံးကာ ပြောသည်။ “လန့်မနေပါနဲ့။ မင်း အခုပြန်လို့ရပြီ။ သုံးရက်နေရင် ဘာသင်ချင်လဲဆိုတာ ဆုံးဖြတ်ထား။ ပြီးရင် ငါ့ကို လာရှာ”

ဖုန်းမူ၏မျက်လုံးများ တောက်ပသွားသည်။ သူ ဦးညွှတ်ကာ ပြောသည်။ “ကျေးဇူးတင်ပါတယ် စီနီယာ။ အခု ကျွန်တော်သွားပါတော့မယ်”

“အင်း”

ချူဖုန်း ခေါင်းညိတ်လိုက်ပြီး ထိုကောင်လေး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်၏။

All Chapters