အသေးစားကံကြမ္မာကျမ်း
Vol. 23 Ch. 225
“ညီအစ်ကိုဖုန်း၊ ကျုပ်တော့ အဲဒီကလေးနဲ့ပတ်သက်ပြီး ထူးခြားတာ မတွေ့ပါဘူး။ ပြီးတော့ သူက တခြားသူရဲ့ကျင့်စဉ်ကို ခိုးထားတယ်။ ဘာလို့ သူကို ရုတ်တရက်ကြီး စိတ်ဝင်စားသွားရတာလဲ”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် သိလိုစွာ မေးပါ၏။
ချူဖုန်း သူ့ယပ်တောင်ကို အသာအယာခပ်ရင်း ဖြေဆိုသည်။ “သူ့အနားက ကံကြမ္မာက ဟန်ပင်းထက် အားမနည်းဘူး။ သူက နည်းနည်းတောင် ပိုသန်မာသေးသလားလို့”
ထိုသည်ကိုကြားသော် ရွှေတောင်ပံလင်းယုန်ဘုရင်နှင့် အကြီးအကဲပင်းတို့သည် ထိုဖုန်းမူအမည်ရသော ကောင်လေးကို စိတ်ဝင်စားသွားကြတော့၏။
အကြီးအကဲပင်သည် အသာအယာမေးကြည့်လိုက်သည်။ “ဌာနမှူးချူ၊ သူ့ကို ဘယ်လိုပညာရပ်မျိုး သင်ပေးမယ်လို့ စိတ်ကူးထားလဲ”
“ကျုပ် အခုထိတော့ မဆုံးဖြတ်ရသေးပါဘူး”
ချူဖုန်း ရှင်းပြသည်။ “ကျုပ်ကတော့ သူသင်ချင်တဲ့နည်းစနစ်ကို သင်ပေးဖို့ တွေးထားတယ်”
ထိုသည်ကို ကြားသော် အကြီးအကဲပင်းနှင့် ရွှေတောင်ပံလင်းယုန်ဘုရင်တို့သည် ထပ်မံ မမေးမြန်းတော့ပေ။ ညလေညင်းတို့ တိုက်ခတ်လာပြီး အချိန်ကတရွေ့ရွေ့ကုန်ဆုံးသွား၏။
နောက်တစ်နေ့နေ့လည်ခင်းတွင်
ချူဖုန်းသည် ခြံဝန်းထဲတွင် ရွှေတောင်ပံလင်းယုန်ဘုရင်နှင့် ထွေရာလေးပါး ပြောဆိုနေစဉ် ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာတော့သည်။
ဒေါက်...ဒေါက်....ဒေါက်
ထိုအသံကို ကြားသော် ချူဖုန်း ဝင်ပေါက်သို့ လှမ်းကြည့်လိုက်၏။ တံခါးက ပွင့်လာပြီး ဖုန်းမူက ဝင်လာသည်။
“ဝင်ခဲ့”
ဖုန်းမူ ခေါင်းညိတ်ပြပြီး ခြံဝန်းထဲသို့ ဝင်လာပြီး ချူဖုန်းရှေ့တွင် ရိုသေလေးစွာ ရပ်နေသည်။ “စီနီယာ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ။ ကျွန်တော့်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးမဲ့ ကျင့်စဉ်မ်ျိုးကို တောင်းဆိုပါတယ်”
“ကံကြမ္မာကို ပြောင်းလဲနိုင်တာမျိုးလား။ စိတ်ဝင်စားဖို့ကောင်းတယ်”
ချူဖုန်း၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားတော့သည်။ “မင်း သိလား။ ကံကြမ္မာဆိုတာ ကောင်းကင်ရဲ့ အလိုတော်အရဖြစ်ပေါ်လာတာ။ မွေးဖွားချိန်ကနေ သေဆုံးချိန်အထိ လူတိုင်းရဲ့ ကံကြမ္မာက သတ်မှတ်ထားပြီးသားပဲ”
ဖုန်းမူ၏အမူအရာသည် ထိုစကားကိုကြားသော် အနည်းငယ် ပြောင်းလဲသွားသည်။သူ့နှလုံးထဲတွင် အေးစက်မှုကို ခံစားလိုက်ရသော်လည်း လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။ သူ့ကံကြမ္မာက အစေခံတစ်ယောက်ဖြစ်ရန်ဆိုပါက အဘယ့်ကြောင့် စီနီယာတို့နှင့် တွေ့ဆုံနိုင်ပါမည်နည်း။
“စီနီယာ ကျွန်တော်ကတော့ ယောကျ်ားကောင်းဆိုတာ ကံကြမ္မာရဲ့ အလိုတော်အတိုင်း ကြိုးဆွဲရာ မကသင့်ပါဘူး”
ချူဖုန်း ပြုံးလိုက်သည်။ “ရည်းမှန်းချက်ကောင်းတယ်။ ဒါပေမဲ့ ကံကြမ္မာကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်ကူဘူး။ မင်းကို သင်ကြားပေမဲ့ နည်းစနစ်ကို စဉ်းစားဖို့ အချိန်လိုတယ်။ ခုနစ်ရက်ပြည့်ရင် ပြန်လာခဲ့”
ဖုန်းမူ ထိုအခိုက် ကြောင်အသွားသည်။ သူသည် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ကျင့်စဉ်ကို လာရောက်လက်ခံသော်လည်း ယခုကဲ့သို့ ကြုံရမည်ဟု မထင်မှတ်ထားပေ။
‘စမ်းသပ်ချက်များလား...ဒါက စီနီယာရဲ့ စမ်းသပ်ချက်ပဲဖြစ်ရမယ်။ စီနီယာက ငါ ဘယ်လောက်စိတ်ရှည်လဲ သိချင်နေတာဖြစ်ရမယ်’
သူ ချက်ချင်း စိတ်ကိုစုစည်းပြီး လက်သီးဆုပ်ကာ ဖြေကြားလိုက်သည်။ “ဒီဂျူနီယာသွားပါတော့မယ်”
“အင်း”
ချူဖုန်း သာမန်ကာလျှံကာ တုံ့ပြန်လိုက်ပြီး လက်ဖက်ရည်တစ်ငုံသောက်ကာ ဖုန်းမူအဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။
“ကျုပ် ရက်နည်းနည်းလောက် တံခါးပိတ်ကျင့်ကြံစရာ ရှိတယ်။ အရေးမကြီးရင် မနှောင့်ယှက်နဲ့”
“နားလည်ပါပြီ”
အကြီးအကဲပင်းနှင့် ရွှေတောင်ပံလင်းယုန်ဘုရင်တို့ တစ်ပြိုင်နက် ပြန်ဖြေသည်။
ချူဖုန်း စာရေးခန်းထဲသို့ ဝင်သွားပြီး စုတ်တံ၊ မင်၊ စက္ကူ၊ မင်သွေးကျောက်တို့ကို ထုတ်ကာ စတင် မင်သွေးတော့သည်။ တစ်ချိန်တည်းမှာ သူ ဖုန်းမူကို လက်ဆင့်ကမ်း သင်ကြားပေမည့် နည်းစနစ်ကို စတင် စဉ်းစားတော့၏။
အချိန်ကုန်ဆုံးသွားတော့၏။ ချူဖုန်းသည် တစ်ရက်နှင့်တစ်ညလုံး ထိုင်ကာ စဉ်းစားနေခဲ့သည်။ သူသည် ကောင်ကင်ယံ၌ နေထွက်လာသည်ကို ကြည့်နေပြီး သူ့စိတ်ထဲတွင် တစ်ခုခုကို နားလည်သွားတော့၏။ သူ စုတ်တံကို မကာ စာရွက်ပေါ်တွင် စာလုံးကြီးလေးလုံးရေးလိုက်သည်။
‘အသေးစာကံကြမ္မာ ကျမ်း’
သို့သော် ချူဖုန်း ဆက်ရေးတော့မည့်အချိန်မှာ သူ မရေးသားနိုင်တော့ပေ။ “ဖြစ်နိုင်တာက ဒီနည်းစနစ်က အရမ်းကို နက်နဲလို့ စာနဲ့ရေးလို့ မရဘူးလား”
သူ တီးတိုးရေရွတ်လိုက်ပြီး တာအို၏အနှစ်သာရကို စကားလုံးများအဖြစ် ပြောင်းကာ ရေးသားလိုက်သည်။ ထို့နောက် ပထမဆုံး အက္ခရာပေါ်လာတော့၏။ သို့သော် မြင်တွေ့နေကျ တရုတ်အက္ခရာမဟုတ်ဘဲ ထူးဆန်းနေသည်။
ထိုသင်္ကေတကို ချူဖုန်းယခင်က သောင်းပြောင်းပညာရပ်ဌာန၌ မြင်ဖူးသည်။ ၎င်းက တာအိုအနှစ်သာရများ ပါဝင်သည့် တာအိုစာလုံးများဖြစ်၏။
သူ့ အကြွားသန်သည့် ဆရာကို တာအိုစာလုံးများအား မည်သို့ ရေးရမည်ကိုမေးဖူးသည်။ ထိုစဉ်က ဆရာဖြစ်သူက ပြန်ဖြေလာသည်။ “မင်း တာအိုရဲ့ အနှစ်သာရကို နားလည်သွားရင် သဘာဝအတိုင်း ရေးနိုင်လာလိမ့်မယ်”
ချူဖုန်း ဆက်ရေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကုန်ဆုံးသွား၏။
စာသားကို ရေးသားပြီးသွားချိန်၌ ချူဖုန်းသည် တာအိုကို ပို၍နက်ရှိုင်းစွာ နားလည်သွားတော့သည်။ သူ အရည်အချင်းပြဇယားထဲမှ တာအိုအနှစ်သာရများကို ကြည့်လိုက်သည်။ (၆၆)ခုမှ (၆၈)အခုထိ တိုးတက်လာ၏။
“သတင်းကောင်းပဲ”
ချူဖုန်း ပြုံးကာ ပုံရိပ်ယောင်မျက်နှာပြင်ကို ပြန်ပိတ်လိုက်သည်။ ကျင့်စဉ်က ပြီးဆုံးသွားသော်လည်း ထိုကောင်လေး နားလည်နိုင်မည်မဟုတ်ပေ။ သူ တခြားသော အထောက်အပံ့ကျင့်စဉ်များ ပြင်ဆင်ထားရန်လိုပါသည်။
သူ စုတ်တံကို ထပ်ကိုင်လိုက်သော်လည်း ထိုအကြံကို စွန့်လွှတ်လိုက်၏။ အသေးစားကံကြမ္မာကျမ်းသည် အခြားသောနတ်ဘုရားစွမ်းရည်များကို အသုံးပြုနိုင်ရန် မိမိ၏အသက်စွမ်းအင်ကို စတေးရသည့် နတ်ဘုရားစွမ်းရည်ဖြစ်သည်။
ဖုန်းမူကို အထောက်အပံ့ကျင့်စဉ်များ သင်ပေးခြင်းသည် ထိုပညာရပ်အား သင်ယူရာ၌ များစွာ အထောက်အပံ့မဖြစ်စေပေ။ ထိုအစား နတ်ဘုရားစွမ်းရည်ကို သင်ကြားပေးခြင်းကသာ ထိုပညာရပ်ကို နားလည်ဆင်ခြင်ရာ၌ အထောက်အကူဖြစ်စေမည်။
ချူဖုန်း စုတ်တံကို ကောက်ကိုင်လိုက်ပြီး ရေးလိုက်သည်။
[တာအိုက တစ်ကို မွေးဖွားတယ်။ တစ်က နှစ်ကို မွေးဖွားတယ်။ နှစ်က သုံးကို မွေးဖွားတယ်။ သုံးက အရာအားလုံးကို မွေးဖွားတယ်။ အရာခပ်သိမ်းဟာ ယင်ကိုသယ်ဆောင်ပြီး ယန်ကို ထွေးပိုက်တယ်။ ထိုနှစ်မျိုးကို ယှဉ်တွဲခြင်းဖြင့် သဟဇာတ ဖြစ်စေတယ်]
သူအဆုံးသတ်လိုက်ပြီး အပြင်ဘက်သို့ ထွက်လာာလိုက်သည်။ အကြီးအကဲပင်းနှင့် ရွှေတောင်ပံလင်းယုန်ဘုရင်တို့ ချူဖုန်းထွက်လာသည်ကို မြင်သော် ရှေ့တိုးလာကြသည်။
ရွှေတောင်ပံလင်းယုန်ဘုရင်သည် စပ်စုစွာ မေးလိုက်၏။ “ညီအစ်ကို ခင်ဗျားရေးထားတဲ့ကျမ်းကို ကျုပ်တို့ကို အရင်ပြပါဦး”
ချူဖုန်း မျက်လုံးလိမ့်ပြလိုက်သည်။ “မနှောင့်ယှက်နဲ့။ မင်း မြင်ရင်တောင် နားလည်မှာ မဟုတ်ဘူး”
အကြီးအကဲပင်းသည် ထိုသို့ဖြစ်မည်မှန်း သိထားသည့်အတွက် သူမ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးတက်သွား၏။ “ကျုပ်ကို အထင်မသေးနဲ့။ ကျုပ်က ရှေးဘိုးဘေး ဂဠုန်သွေးမျိုးဆက်ကို နိုးထထားတာ။ ပါရမီအရာမှာဆိုရင် ကျုပ်က ဘယ်သူထက်မှ အားမနည်းဘူး။ မဟုတ်ရင် ဒီနှစ်တွေတစ်လျှောက် ကျောင်းအုပ်ကို မွေးစားအဖေလို့ ခေါ်ရဲမှာ မဟုတ်ဘူး”
“ဟုတ်လား။ ဒါဆို မင်း မောက်မာရဲတာက ဂဠုန်သွေးမျိုးဆက်ကြောင့်ပေါ့”
ချူဖုန်း ထိုသူကို အံ့ဩစွာ ကြည့်လိုက်သည်။ “ကျုပ်ကတော့ အထင်မကြီးပေါင်”
“....”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် တွေးလိုက်မိ၏။ ‘ဒီကောင်က လုံးဝကို အရေထူတာပဲ’
“ထားလိုက်ပါတော့။ ထားလိုက်ပါတော့။ ဟိုကလေးလာဖို့ နှစ်ရက်လိုသေးတယ်။ အချိန်ကျရင် ကျုပ် ခင်ဗျားတို့ကိုပါ ပြမှာပါ”
ချူဖုန်း ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သူ ပျင်းကြောဆန့်လိုက်သည်။ ခုနစ်ရက်တာ ကုန်ဆုံးသွားတော့၏။ ထိုနေ့ ဖုန်းမူ နန်းတော်ထဲ၌ သူ့တာဝန်ပြီးဆုံးပြီးနောက် ခွေးတိုးပေါက်မှထွက်ကာ စီနီယာနေသောခြံဝင်းသို့ သွားသည်။
သူ ရရှိမည့် အထွတ်အထိပ်နည်းစနစ်ကိုတွေးတော့ရင်း မသိစိတ်ဖြင့် ခြေလှမ်းများ အရှိန်မြန်မိတော့၏။ နာရီဝက်ကြာပြီးနောက် ဖုန်းမူ ရင်းနှီးနေသော ခြံဝင်းသို့ ရောက်လာသည်။ သူ ရှေ့သို့တစ်လှမ်းတိုးပြီး အသက်ရှူနှုန်းကို ထိန်းညှိကာ ညင်သာစွာ တံခါးခေါက်လိုက်၏။
“ဝင်ခဲ့”
ချူဖုန်း၏ရင်းနှီးနေသော အသံထွက်ပေါ်လာပြီး တံခါးပွင့်သွားသည်။ ခြံဝင်းထဲတွင် ချူဖုန်းက ကြိမ်ကုလားထိုင်ပေါ်တွင် နေပူဆာလှုံရင်း အနားယူနေသည်။
ဖုန်းမူသည် သူ့ရှေ့တွင် ဒူးထောက်လိုက်သည်။ “ဆရာ၊ ကျွန်တော့်ကို သင်ပြပေးဖို့ တောင်းဆိုပါတယ်”
“ဒီနေ့ ငါမင်းကို ကျင့်စဉ်ကျမ်းနှစ်ခုပေးမယ်။ တစ်ခုက မင်းရဲ့နားလည်နိုင်စွမ်းကို တိုးတက်စေမယ်။ မဟာတာအိုအပေါ် နားလည်မှုတွေ ရရှိနိုင်မယ်။ နောက်တစ်ခုကတော့ အထွတ်အထိပ်နတ်ဘုရားစွမ်းရည်တစ်ခုကို သင်ကြားပေးလိမ့်မယ်”
ချူဖုန်း၏အသံက မကျယ်လောင်သော်လည်း လူနှစ်ယောက်နှင့် လင်းယုန်တစ်ကောင်၏နားထဲတွင်မိုးခြိမ်းသံအလားပင်။
ရွှေတောင်ပံလင်းယုန်ဘုရင်သည် ပထမဆုံး စကားပြောလာသည်။ “ညီအစ်ကို၊ မဟုတ်ဘူး မွေးစားအဖေ အဖေက နတ်ဘုရားစွမ်းရည်ကို သိတယ်ပေါ့”
ချူဖုန်း သူ့ခေါက်ယပ်တောင်ဖြင့် လင်းယုန်၏ခေါင်းကို ရိုက်လိုက်သည်။ “ငါမင်းကို ဘယ်နှကြိမ်လောက် ပြောရမလဲ။ ငါကို့ မွေးစားအဖေလို့ မခေါ်နဲ့”
“သခင်လေး၊ ကျုပ် အရမ်းစိတ်လှုပ်ရှားသွားလို့ပါ”
ရွှေတောင်ပံလင်းယုန်ဘုရင်သည် သူ၏ထိတ်လန့်မှုကို ဖိနှိပ်ကာ အားတင်းပြုံးပြလိုက်သည်။ အကြီးအကဲပင်းသည် ဘာမှမပြောသော်လည်း သူမ မျက်လုံးများသည် ထိတ်လန့်မှုကို ဖော်ပြနေသည်။ ဝမ်တောက်ကျောင်းတော်၏ အကြီးအကဲတစ်ဦးအနေဖြင့် နတ်ဘုရားစွမ်းရည်၏အရေးပါမှုကို သိပါသည်။
ဖုန်းမူသည် ထိုနည်းစနစ်ကို အတိအကျမသိသော်ငြား စီနီယာလင်းယုန် စိတ်လှုပ်ရှားနေသည်ကို ကြည့်ပြီး ထူးခြားမှန်း သိနိုင်သည်။ “တပည့်က ဆရာ့ကို ကျေးဇူးတင်ပါတယ်”
“နေ...နေ....အဲဒါတွေ လုပ်မနေနဲ့”
သူ့စကားအဆုံးတွင် သိုလှောင်လက်စွပ်ထဲမှ စာလိပ်နှစ်လိပ်သည် ဖုန်းမူထံသို့ ပျံသန်းသွားတော့၏။