← Chapters

ကျွန်မ အများကြီး တိုးတက်လာခဲ့ပါပြီ

Vol. 23 Ch. 227

ကျွန်မ အများကြီး တိုးတက်လာခဲ့ပါပြီ

Vol. 23 Ch. 227

“ ကျွန်တော် အများကြီး သိတယ်။ ရန်သူတွေကို တိုက်ခိုက်နိုင်တယ်၊ ကာကွယ်နိုင်တယ်၊ လက်နက် သန့်စင်တာ၊ ဆေးဖော်စပ်တာ၊ မီးထွန်းတာတွေမှာ ကူညီပေးနိုင်တယ်။ အသားတောင် ကင်ပေးလို့ ရသေးတယ် “

မီးတောက်ဝိညာဉ်က စိတ်အားထက်သန်စွာ ပြောဆိုလိုက်ပြီး ရှေ့က အမျိုးသားကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ ဆေးဖော်စပ်နိုင်တယ်ပေါ့ “

ချူဖုန်း၏ မျက်လုံးများ အရောင်လက်သွားသည်။ “ မင်း ကိုယ်တိုင် လုပ်နိုင်တာလား “

မီးတောက်ဝိညာဉ် “ ... “

အကယ်၍ အခြားတစ်ယောက်ယောက်သာ ဤကဲ့သို့ ပြောလျှင် သူ ထိုနေရာမှာပင် ချက်ချင်း မီးရှို့ပစ်လောက်သည်။ သို့သော် ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရသွားပြီး သူ့ခန္ဓာကိုယ်သေးသေးလေးကို ညင်သာစွာ လှုပ်ရမ်းလိုက်၏။

“ အာ... အဲဒါတော့ ကျွန်တော် မလုပ်နိုင်ပါဘူး “

“နှမြောစရာပဲ”

ချူဖုန်း အနည်းငယ် စိတ်ပျက်သွားသည်။ သူကိုယ်တိုင် ဒုက္ခမခံချင်သည့်အတွက် ဤမီးတောက်ဝိညာဉ်လေးဆေးဖော်စပ်ပေးနိုင်လိမ့်မည်ဟု သူ မျှော်လင့်လိုက်မိ၏။ သို့သော် ဤသတ္တဝါလေးက မကြီးထွားသေးရာ ကိုယ်တိုင် ဆေးဖော်စပ်ရန် မသင်ယူရသေးသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

“ ဒါဆို မနက်ဖြန်ကစပြီး ငါ မင်းကို ဆေးဖော်စပ်နည်း သင်ပေးမယ် “

မီးတောက်ဝိညာဉ် “.....”

ယခုအခါ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်တော့၏။

‘ကျုပ်က လူမဟုတ်ပေမဲ့ ခင်ဗျားက တကယ့် ခွေးပဲ။ ကောင်းကင်မီးတောက် တစ်ခုကို ဘယ်သူကများ ဒီလိုမျိုး ဆက်ဆံကြလို့လဲ’

ကောင်းကင်မီးတောက် တစ်ခုကို ရရှိထားသော အခြားသူများသည် ၎င်းကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကဲ့သို့ ဆက်ဆံကြသည်။ မရိုသေရင်တောင် အနည်းဆုံးတော့ ဂရုတစိုက် ပြုစုပျိုးထောင်ကြ၏။

သို့သော် မီးတောက်ဝိညာဉ် တွေးနေသည်ကို ချူဖုန်း ဂရုမစိုက်ပေ။ သူ တည်ငြိမ်စွာ ပြောလိုက်သည်။ “ ကောင်းပြီ၊ တခြားဘာမှ မရှိတော့ဘူးဆိုရင် မင်း သေတ္တာထဲ ပြန်ဝင်လို့ ရပြီ “

“ သခင် ကျွန်တော် သေတ္တာထဲ ပြန်မဝင်ဘဲ နေလို့ မရဘူးလား။ အဲဒီထဲမှာ အရမ်း အနေရခက်လို့ပါ... “ မီးတောက်ဝိညာဉ်၏ အသံက သနားစရာ ကောင်းနေခဲ့သည်။ သူက မတိုက်ခိုက်နိုင်သလို ထွက်ပြေး၍လည်း မရပေ။ သူ့တစ်ခုတည်းသော မျှော်လင့်ချက်မှာ သနားစရာကောင်းအောင် လုပ်ပြရန်သာ ကျန်တော့၏။

ချူဖုန်းသည် အနီးနားရှိ ဆီမီးအိမ် တစ်လုံးကို လှမ်းကြည့်လိုက်သည်။ “ ဒါဆို လောလောဆယ် အဲဒီ မီးအိမ်ထဲမှာပဲ နေတော့ “

“ဟုတ်ကဲ့ပါ”

မီးတောက်ဝိညာဉ်မှာ စိတ်ဓာတ်ကျနေဆဲ ဖြစ်သော်လည်း သေတ္တာထဲသို့ ပြန်ဝင်စရာ မလိုသရွေ့ သည်းခံရန် ဆန္ဒရှိပါသည်။ ချူဖုန်းက ထိုသတ္တဝါလေးကို လျစ်လျူရှုထားလိုက်ပြီး ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ သူ၏ ဆေးပညာ သီအိုရီများနှင့် နည်းစနစ်များကို စတင် မှတ်တမ်းတင်တော့သည်။

အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားသည်။ ချူဖုန်း ပြီးဆုံးသွားချိန်တွင် သူ့လက်ထဲ၌ ကျောက်စိမ်းပြား နှစ်ခုကို ကိုင်ဆောင်ထားသည်။ နှစ်ခုစလုံးတွင် အသေးစိတ်ကျသော ဆေးဖော်စပ်နည်း နည်းစနစ်များ ပါဝင်သည်။

ချူဖုန်းက ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။ ညအချိန်သို့ ရောက်ရှိနေပါပြီ။

သူ ကျောက်စိမ်းပြားများထဲမှ တစ်ခုကို လိပ်ဝိညာဉ် ယမြေကမ္ဘာမီးတောက်ဆီသို့ ပစ်ပေးလိုက်သည်။ “ ဒါက ငါ့ရဲ့ အထွတ်အထိပ် ဆေးဖော်စပ်နည်းပဲ။ အကြောင်းအရာ အားလုံးကို မှတ်မိစရာမလိုဘူး။ ဆေးဖော်စပ်တဲ့ အချိန်မှာ မီးထိန်းချုပ်မှုကို ကျွမ်းကျင်အောင် လုပ်ရုံပဲ။ မင်း အဲဒါကို လုပ်နိုင်မလား “

မီးတောက်ဝိညာဉ်သည် နောက်ဆုံးတွင် အနည်းငယ် စိတ်အေးသွားသည်။ “ မခက်ပါဘူး။ ကျွန်တော့်ကို တစ်ညလောက် အချိန်ပေးပါ၊ သခင် ကျေနပ်လောက်မဲ့ အဖြေတစ်ခု ပေးပါ့မယ် “

“ ငါ မင်းကို အကဲဖြတ်တာ မမှားဘူးဆိုတာ သိသားပဲ “ ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။ “ ကြိုးစားပါ။ တစ်နေ့ကျရင် မင်းက ကိုယ်တိုင် ဆေးဖော်စပ်နိုင်တဲ့ ကောင်းကင်မီးတောက် တစ်ခု ဖြစ်လာလိမ့်မယ်။ တကယ်လို့ မင်း သေချာ လုပ်ပြနိုင်ရင် ငါ တခြားမီးတောက်တွေကို ရှာတွေ့တဲ့အခါ မင်းကို မျိုချခွင့် ပေးမယ် “

မုန့်ပေးလိုက် တုတ်ပေးလိုက် နည်းစနစ်မှာ သူ၏ ဒုတိယ သဘာဝတစ်ခုပမာ ဖြစ်နေခဲ့လေသည်။

ဆီမီးအိမ် အတွင်းရှိ မီးတောက်သည် စွမ်းအင်များဖြင့် ရုတ်တရက် တောက်ပလာသည်။ သူ့အသံမှာ စိတ်လှုပ်ရှားလာခဲ့သည်။ “ သခင့်ကို စိတ်ပျက်အောင် မလုပ်ပါဘူး “

ချူဖုန်းက ဘာမှမပြောသော်လည်း ပြုံးပြလိုက်သည်။

ဒေါက်... ဒေါက်... ဒေါက်...

“ သခင်လေး.. ကျွန်မ ဝင်လာလို့ ရမလား “

တံခါးခေါက်သံနှင့်အတူ အကြီးအကဲပင်း၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။

“ ဝင်ခဲ့ပါ “

ချူဖုန်းက တံခါးဆီသို့ ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြလိုက်ရာ ၎င်းက အလိုအလျောက် ပွင့်သွားသည်။ ထို့နောက် အပြင်ဘက်တွင် ရပ်နေသော အကြီးအကဲပင်းကို ကြည့်ကာ ပြောလိုက်သည်။ “ အပြင်ဘက်မှာ ကျုပ်ကို သခင်လေး လို့ ခေါ်စရာ မလိုပါဘူး။ အရင်ကလိုပဲ ဌာနမှူးချူလို့ပဲ ခေါ်ပါ “

“ ဟုတ်ကဲ့ပါ ဌာနမှူး “

အကြီးအကဲပင်းက ညင်သာစွာ ပြန်ဖြေလိုက်သည်။ အထဲသို့ ဝင်လာပြီးနောက် ဤညတွင် အခန်းက အထူးတလည် လင်းထိန်နေကြောင်း သူမ သတိပြုမိသွား၏။ မီးအိမ် တစ်လုံးတည်းသာ ထွန်းထားသော်လည်း နေ့ခင်းဘက်ကဲ့သို့ တောက်ပနေသည်။

“ ဌာနမှူး.. ဒီမီးအိမ်ကို ဘယ်က ဝယ်တာလဲ။ တော်တော်လေး လှတယ်။ ကျွန်မလည်း တစ်လုံးလောက် လိုချင်တယ် “

ချူဖုန်းက ပြန်ဖြေသည် “ အဲဒါက သာမန် မီးအိမ် မဟုတ်ဘူး။ မီးက လိပ်ဝိညာဉ် မြေကမ္ဘာမီးတောက် လေ “

အကြီးအကဲပင်း “...”

သူမအတွက် တစ်လုံးဝယ်ယူမည့် အတွေးကို ချက်ချင်း စွန့်လွှတ်လိုက်သည်။

“ ဌာနမှူး... ကျွန်မကို အခု တာအို အက္ခရာတွေ သင်ပေးလို့ ရမလား “

ချူဖုန်းက ပြောလိုက်သည် “ ခင်ဗျားက ညဘက်ကြီး တာအို အက္ခရာတွေကို လေ့လာချင်လို့လား “

အကြီးအကဲပင်းက ပြန်ဖြေသည် “ အဲဒါက ခွင့်မပြုထားလို့လား “

“ ခွင့်မပြုထားတာတော့ မဟုတ်ပါဘူး “ ချူဖုန်းက ပြောလိုက်၏။ “ ဒါပေမဲ့ အခုတော့ မရသေးဘူး။ ဖုန်းမူ ကို ဆေးဖော်စပ်နည်း လမ်းညွှန်ပေးရဦးမယ်။ ကျုပ်တို့ မဟာယွင်မင်းဆက် ကနေ ထွက်သွားပြီးမှ ခင်ဗျားကို သင်ပေးမယ် “

“ ကျေးဇူးတင်ပါတယ် ဌာနမှူး “

အကြီးအကဲပင်းက ချူဖုန်း၏ ရှေ့တွင် ရေနွေးဇလုံ တစ်လုံးကို ချထားပေးလိုက်သည်။ “ ဌာနမှူး.. ခြေထောက် ဆေးပေးပါရစေ။ ဒီတစ်ကြိမ်တော့ ဌာနမှူးကို အေးခဲမသွားစေရဘူးလို့ ကတိပေးပါတယ် “

“ တကယ်လား “

ချူဖုန်းသည် ထိုညက ဖြစ်ပျက်ခဲ့သည်များကို ယခုတိုင် မမေ့သေးပေ။

အကြီးအကဲပင်းလည်း မှတ်မိနေပုံရသည်။ သူမ၏ ပါးပြင်များက အနည်းငယ် နီမြန်းသွားသည်။ “ အဲဒီအချိန်ကတည်းက ကျွန်မ အများကြီး တိုးတက်လာခဲ့ပါပြီ “

“ ကောင်းပြီလေ၊ စမ်းကြည့်တာပေါ့ “

ချူဖုန်းက သူ့ခြေထောက်များကို ဇလုံထဲသို့ ထည့်လိုက်သည်။ မကြာမီ သူ့ခြေကျင်းဝတ် တစ်ဝိုက်တွင် နူးညံ့ပြီး အေးမြသော ခံစားချက်တစ်ခု မြင့်တက်လာသည်။ထူးဆန်းသော်လည်း သာယာသည့် ခံစားချက်မျိုးပါပေ။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင်

ဖုန်းမူ တစ်ဖန် ပြန်ရောက်လာသည်။ “ တပည့်က ဆရာ့ကို ဂါရဝပြုပါတယ် “

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ချူဖုန်းက ပြန်ဖြေရင်း ကျောက်စိမ်းပြား တစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။ “ ဒီကျောက်စိမ်းပြားထဲမှာ ငါ့ရဲ့ ဝိညာဉ်မီးတောက်ဆေးဖော်စပ်ခြင်း နည်းလမ်း ပါတယ်။ မင်းရဲ့ နဖူးပေါ်မှာ ကပ်ထားလိုက်တာနဲ့ အဲဒီအထဲက အကြောင်းအရာတွေကို စုပ်ယူသွားလိမ့်မယ် “

“ကျေးဇူးတင်ပါတယ် ဆရာ”

ဖုန်းမူ ပြန်ဖြေလိုက်ပြီး လမ်းညွှန်ထားသည့်အတိုင်း ကျောက်စိမ်းပြားကို သူ့နဖူးပေါ်သို့ ဖိကပ်လိုက်၏။

အချိန်တိုအတွင်း သူ့စိတ်ထဲသို့ အသိပညာစီးကြောင်းတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ ဆေးဖော်စပ်ခြင်း၏ အခြေခံ သဘောတရားများနှင့် နည်းစနစ်များကို အသေးစိတ် ဖော်ပြထားသောအချက်အလက်များပင်။

သို့သော် ၎င်းကို စုပ်ယူပြီးနောက် ပြဿနာသစ် တစ်ခု ပေါ်ထွက်လာသည်။ သူ့ထံတွင် ဝိညာဉ်မီးတောက် မရှိပေ။ ပို၍ တိတိကျကျ ဆိုလျှင် သူက တစ်ခုကိုမျှ အညံ့မခံစေရသေးခြင်းပင်။

ယခင်က တော်ဝင် အစောင့်များ လိုက်လံ ဖမ်းဆီးခဲ့သော နတ်ဆိုးကျင့်ကြံသူတွင် မြေကမ္ဘာဝိညာဉ်မီးတောက် တစ်ခု ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် ၎င်း၏ အပူချိန်က အလွန် ပြင်းထန်လွန်းလှသည်။ ဖုန်းမူက ၎င်းကို တစ်ချက်သာ ကြည့်လိုက်ရုံဖြင့် မီးလောင်လုနီးပါး ဖြစ်သွားခဲ့၏။

“ ဖတ်လို့ ပြီးပြီလား “ ချူဖုန်းက ပြုံးဖြီးဖြီးဖြင့် မေးလိုက်သည်။

“ ဟုတ်ကဲ့ပါ ဆရာ။ ဒါပေမဲ့ ပြဿနာ သေးသေးလေး တစ်ခုအတွက် ဆရာ့ရဲ့ အကူအညီကို တောင်းဆိုချင်ပါတယ် “

“ ဘာပြဿနာလဲ “

ချူဖုန်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ ဖုန်းမူ အတွက် ခေါင်းကိုက်စရာဟု ထင်ရသော အရာသည် သူ၏ လက်ချောင်း တစ်ချက် တောက်လိုက်ရုံဖြင့် ဖြေရှင်းနိုင်မည့် အရာမျိုး ဖြစ်နိုင်ခြေ ရှိသည်။

“ ဆရာ... အခြေအနေက ဒီလိုပါ “

ဖုန်းမူသည် သူ စိုးရိမ်နေခဲ့သမျှ အရာအားလုံးကို အသေးစိတ် ထုတ်ပြောပြလိုက်သည်။

“ ဒါပဲလား “

ချူဖုန်းက ရယ်မောလိုက်သည်။ “ မင်းရဲ့ စိတ်ဝိညာဉ် မီးတောက်ကို ထုတ်လိုက် “

“ ဟုတ်ကဲ့ပါ ခင်ဗျာ “

ဖုန်းမူသည် သူ့ခါးရှိ သိုလှောင်အိတ်ထဲသို့ လက်နှိုက်ကာ ပုလင်းငယ် တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ဂရုတစိုက်ဖြင့် အဖုံးကို ဖွင့်လိုက်၏။

ဝုန်း

မီးတောက်တစ်ခုက လေထဲတွင် ပေါက်ကွဲထွက်လာပြီး တိမ်များဆီသို့ မြင့်တက်သွား၏။ ခြံဝင်းတစ်ခုလုံးကို ပြာချတော့မည့်အလားပင်။

အကြီးအကဲပင်းသည် အနားတွင် မလှုပ်မယှက် တည်ငြိမ်စွာ ရပ်နေသည်။ သို့သော် သူမ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အအေးဓာတ်က မီးတောက်ကို လေထဲတွင် အေးခဲသွားစေ၏။

ချူဖုန်းက ၎င်းကို တစ်ချက်လေးမျှတောင် မကြည့်ခဲ့ပေ။ ယင်းအစား သူက အိမ်ဘက်သို့ လှမ်းခေါ်လိုက်သည် “ ရှောင်ဟော့... ကိုင်တွယ်လိုက်စမ်း “

“ စိတ်ချပါ သခင်”

ရှောင်ဟော့၏ အသံက လူတိုင်း၏ အသိစိတ်ပင်လယ် အတွင်းတွင် ပဲ့တင်ထပ်သွားပြီး ချူဖုန်း၏ အခန်းထဲမှ မီးတောက်တစ်ခု ထွက်လာသည်။

မြေကမ္ဘာစိတ်ဝိညာဉ်မီးတောက်က ချဉ်းကပ်လာသော မီးတောက်ငယ်လေးကို ကြည့်လိုက်၏။ ၎င်း၏ သဘာဝ ရန်သူကို မြင်လိုက်ရသည့်အလား မီးတောက်ကြီးသည် ချက်ချင်း မီးတောက်ငယ်လေးအဖြစ် ကျုံ့ဝင်သွားပြီး လေထဲတွင် ဝဲပျံကာ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေတော့သည်။

ရှောင်ဟော့က တုန်ယင်နေသော မီးတောက်ကို အထင်အမြင်သေးမှုဖြင့် စိုက်ကြည့်လိုက်သည်။ “ သခင်... ဒီလို အဆင့်နိမ့် စိတ်ဝိညာဉ် မီးတောက်မျိုးက ခွေးစားဖို့တောင် မတန်ဘူး။ ကျွန်တော် အဲဒါကို ငြိမ်းပစ်လိုက်ရမလား “

All Chapters