အဓိကကတော့ မီးဝိညာဉ်လေးကို ပါခွင့်ပေးလိုက်တာ
Vol. 23 Ch. 228
ထိုစကားကို ကြားလိုက်ရချိန်တွင် မီးဝိညာဉ်လေးမှာ ကြောက်လန့်တကြားဖြင့် ဖုန်းမူထံသို့ ပျံသန်းသွားပြီး တွယ်ကပ်ထားချင်သကဲ့သို့ သူ၏ခြေထောက်အောက်တွင် ပုန်းအောင်းနေတော့သည်။
တစ်ချိန်တည်းမှာပင် ဖုန်းမူသည် မီးဝိညာဉ်လေးထံမှ တောင်းပန်တိုးလျှိုးနေသည့် ခံစားချက်လှိုင်းတစ်ခုကို အာရုံခံမိလိုက်၏။
ကျေးဇူးပြုပြီး သခင်၊ ကျွန်တော့်ကို လက်ခံပေးပါဟု အသနားခံနေသည့်အလားပင်။
…..
ဖုန်းမူသည် စကားမဆိုနိုင်ဘဲ မီးဝိညာဉ်လေးကို လှည့်ကြည့်လိုက်မိသည်။
‘မင်းက ပုံမှန်ဆို သတ္တိတွေ အပြည့်ရှိနေတာ မဟုတ်ဘူးလား’
‘အခုကျမှ ဘာလို့ ဒီလောက်တောင် သူရဲဘောကြောင်နေရတာလဲ။ တကယ်လို့ မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါ့ဆရာရဲ့ မီးဝိညာဉ်ကို သွားပြီး စိန်ခေါ်လိုက်ပါလား’
ချူဖုန်းက ပြုံးပြီး ပြောလိုက်၏။ "ရှောင်ဟော့၊ ငါက မင်းကို ဒီရမ်းကားတဲ့ မျိုးဆက်သစ်လေးကို သင်ခန်းစာ နည်းနည်းလောက် ပေးစေချင်ရုံတင်ပါ။ ပြီးတော့ ဆေးလုံးဖော်စပ်နေတုန်းမှာ မီးကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သူ့ကို ပြလိုက်ပါဦး”
ထိုစကားကြောင့် မီးဝိညာဉ်လေးမှလွဲ၍ ကျန်သည့်သူအားလုံးမှာ ဆွံ့အသွားကြသည်။
အကြီးအကဲပင်းတောင် ချူဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိ၏။
ရွှေတောင်ပံလင်းယုန်ဘုရင်က ပထမဆုံး စကားစလိုက်သည်။
"ညီအစ်ကိုချူ မင်း နောက်နေတာ မဟုတ်လား မီးဝိညာဉ်က ဆေးလုံးဖော်စပ်တဲ့ မီးထိန်းချုပ်မှုကို နားလည်တယ် ဟုတ်လား"
ချူဖုန်းသည် မီးဝိညာဉ်လေးကို ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးသည့် လေသံဖြင့် ပြော၏။
"ညီအစ်ကိုလင်းယုန်က မင်းကို သံသယဝင်နေတယ်။ သူ မှားနေတယ်ဆိုတာ သက်သေပြချင်လား”
မီးဝိညာဉ်လေးသည် လေထဲတွင် ဝဲပျံကာ နှစ်ကြိမ်မျှ တုန်ခါသွားသည်။
"ဒါပေါ့ ကျွန်တော်က ဆေးဖော်စပ်တဲ့ပညာကို လေ့လာထားတဲ့ မီးဝိညာဉ်ပဲ”
ဤမီးဝိညာဉ်လေးက ဤမျှ ရဲရဲတင်းတင်း ကြွားဝါလိမ့်မည်ဟု ရွှေတောင်ပံလင်းယုန်ဘုရင် မထင်ထားခဲ့ပေ။
"ကောင်းပြီ၊ ငါ ဒီနေ့ ကိုယ်တိုင်ပဲ ကြည့်ရသေးတာပေါ့”
ချူဖုန်းက ဖုန်းမူဘက် လှည့်ကာ ပြောသည်။
"ဒီနေ့ မီးဝိညာဉ်ရဲ့ ဆေးလုံးဖော်စပ်မှုက တခြားဟာတွေနဲ့ ဘယ်လိုကွာခြားသလဲဆိုတာ မင်းကို ငါ ပြမယ်"
စကားဆုံးသည်နှင့် သူ့သိုလှောင်လက်စွပ်မှာ မှိန်ပျပျ လင်းလက်သွားပြီး ခြံဝင်းအတွင်း၌ ဆေးမီးဖို တစ်ခု ပေါ်လာသည်။
"ညီအစ်ကိုလင်းယုန်၊ ကျေးဇူးပြုပြီး အကာအကွယ်အတားအဆီးတစ်ခုလောက် ချပေးပါ။ ဝိညာဉ်ဆေးလုံးတွေ ထွက်လာတဲ့အခါ တခြားသူတွေ သတိမထားမိအောင်"
"ပြဿနာမရှိဘူး”
ရွှေတောင်ပံလင်းယုန်ဘုရင်က တောင်ပံများကို ခတ်လိုက်ရာ ခဏချင်းအတွင်းမှာပင် တောက်ပသော အကာအကွယ်အတားအဆီးတစ်ခုက နေအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
ချူဖုန်းက မီးဝိညာဉ်လေးကို တစ်ချက်ကြည့်လိုက်သည်။ အချက်ပြမှုကို နားလည်သွားသည့်အတွက် ၎င်းသည် ဆေးမီးဖိုအောက်သို့ လိမ်မာစွာ ဝင်ရောက်သွားပြီး မီးဖိုကို စတင်အပူပေးလေတော့၏။
ထိုသို့ လုပ်ဆောင်နေစဉ်အတွင်း ချူဖုန်းသည် မည်သည့်ဆေးလုံးကို ဖော်စပ်ရမည်နည်းဟု စဉ်းစားနေမိသည်။ သူကိုယ်တိုင်အတွက်မူ မည်သည့်ဆေးလုံးမှ မလိုအပ်ပေ။
ရွှေတောင်ပံလင်းယုန်ဘုရင်အတွက်လည်း မလိုအပ်။ အထူးသဖြင့် သူသည် နီဗားနားရှင်သန်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်သည်။
မည်သည့်ဆေးလုံးကမျှ သူ့ကို သိသာထင်ရှားသည့် တိုးတက်မှုမျိုး မပေးနိုင်တော့ပေ။
သူ့အကြည့်များက အကြီးအကဲပင်းထံသို့ ကျရောက်သွား၏။ ဝမ်တောက်ကျောင်းတော်ရှိ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများအတွက် အသုံးများပြီး မရှိမဖြစ်လိုအပ်သည့် မူလကောင်းကင် ဝိညာဉ်ဆေးလုံး တစ်သုတ်ကို ဖော်စပ်ရန် သူ ဆုံးဖြတ်လိုက်သည်။
ဆေးဘုရင်ရွှမ်ဟော့သည် ထိပ်တန်းအဆင့် မူလကောင်းကင် ဝိညာဉ်ဆေးလုံးများကို ဖော်စပ်နိုင်ခြင်းကြောင့်ပင် ဆေးပညာဌာန၏ အကြီးအကဲ ဖြစ်လာခဲ့သည်ဟု ဆိုကြ၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ချူဖုန်း၏ သိုလှောင်လက်စွပ်ထဲ၌ လိုအပ်သော ဆေးဖက်ဝင်အပင်များ အားလုံး ရှိနေသည်။
သူသည် ဆေးဖိုထဲသို့ ဆေးပင်များကို တစ်ခုပြီးတစ်ခု စတင်ထည့်သွင်းလိုက်သည်။ သူ၏ ဖော်စပ်မှုနည်းစနစ်မှာ ရိုးရှင်းပြီး အပိုအမူအရာများ မပါရှိပေ။
ပထမတစ်ချက်ကြည့်လျှင် သူသည် အတွေ့အကြုံမရှိသူတစ်ဦးနှင့် မခြားနားဘဲ မီးဝိညာဉ်လေးကို မီးအားမြှင့်လိုက်ဦးဟုပင် တစ်ခါတစ်ရံ အော်ပြောနေသေးသည်။
ဤမြင်ကွင်းကြောင့် ပင်းယန်သည် သူ့အတွက် တိတ်တဆိတ် ချွေးပြန်နေမိ၏။
အစပိုင်းတွင် ချူဖုန်းသည် ခက်ခဲစွာ လိုက်ပါလုပ်ဆောင်နေရပုံ ပေါ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ လှုပ်ရှားမှုတိုင်းမှာ ပိုမိုချောမွေ့ကာ သဘာဝကျလာသည်။
နှစ်နာရီခွဲခန့် ကြာပြီးနောက် ချူဖုန်းက အော်လိုက်သည်။
"မီးလျှော့လိုက် ဆေးမီးဖိုဖွင့်လိုက်တော့"
စကားပြောရင်းနှင့် သူသည် ဆေးမီးဖိုဖွင့်ရန် မန္တန်တစ်ခုကို အသက်သွင်းလိုက်သည်။ ပေါက်ကွဲသံလည်း မရှိသလို၊ တူးနံ့လည်း မထွက်လာပေ။
အားလုံးက ဆေးမီးဖိုထဲသို့ ငုံ့ကြည့်လိုက်ကြသည်။ ဆေးလုံးကိုးလုံးမှာ လေထဲတွင် ဝဲပျံနေကြ၏။
ရွှေတောင်ပံလင်းယုန်ဘုရင်က ပြောသည်။ "အဆင့်မြင့်တစ်လုံး၊ အလယ်အလတ်အဆင့် လေးလုံးနဲ့ အဆင့်နိမ့် ငါးလုံး။ ညီအစ်ကို၊ ခင်ဗျား တကယ်ပဲ ဆေးဖော်တတ်တာပဲ။ ခင်ဗျားရဲ့ အရည်အချင်းက ဆေးပညာဌာနက လူငယ်တွေထက် မနိမ့်ဘူး။ ဟိုကောင်လေး ချောင်ထက် နည်းနည်းလေးပဲ လိုတော့တာ"
"ကျုပ် ပြောသားပဲ။ ကျုပ်က ဆေးဖော်စပ်မှုဆိုင်ရာ သီအိုရီမှာ နံပါတ်တစ်ပါဆိုတာ။ အခုရော ယုံပြီလား"
ရွှေတောင်ပံလင်းယုန်ဘုရင်က လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ "ကျုပ် အရှုံးပေးပါတယ်။ အပြည့်အဝ ယုံကြည်သွားပြီ"
ဤအဖြစ်အပျက်ကို စောင့်ကြည့်နေသည့် ဖုန်းမူမှာ အားကျစိတ်သာ ဖြစ်ပေါ်နေတော့၏။ သူသည် သူ၏ခြေထောက်နားက မီးဝိညာဉ်လေးကို မသိမသာ ငုံ့ကြည့်ကာ တစ်ခုခု ပြောချင်နေသော်လည်း ဘာပြောရမှန်း မသိဖြစ်နေသည်။
ချူဖုန်းက မေးသည်။
"ရှောင်မူ၊ မင်း ဘယ်လောက်အထိ နားလည်လိုက်လဲ"
ဖုန်းမူက ပြန်ဖြေ၏။ "ဆရာ့ကို တင်ပြရရင်၊ တပည့်က တစ်ဝက်လောက်ပဲ နားလည်ပါတယ်"
"ဘယ်တစ်ဝက်လဲ”
"မီးကို ထိန်းချုပ်တာဟာ အော်ဟစ်ဖို့ပဲ ဆိုတာပါ" ဖုန်းမူက ရိုးရိုးသားသားပင် ဖြေလိုက်သည်။
ချူဖုန်း၏ မျက်နှာမှာ မပြောင်းလဲဘဲ တည်ငြိမ်နေ၏။ သူက တည်ကြည်သော လေသံဖြင့် ရှင်းပြလိုက်၏။
“မအော်ဘဲနဲ့လည်း လုပ်လို့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင် မီးဝိညာဉ်က အပယ်ခံရသလို ခံစားသွားရမှာစိုးလို့ပါ။ မင်း သူ့ကို ပဋိညာဉ်စာချုပ် ချုပ်လိုက်ပြီးရင် စိတ်နဲ့တင် မီးကို ထိန်းချုပ်နိုင်လိမ့်မယ်”
မီးဝိညာဉ်လေး: …
ဖုန်းမူ၏ မျက်လုံးများ တောက်ပသွားပြီး စိတ်ထဲတွင် တွေးလိုက်မိ၏။
"ငါသာ ဆရာ့နေရာမှာဆိုရင် လုံးဝ မအော်ဘဲ နေလိုက်မယ်။ ငါ့ရဲ့ မီးထိန်းချုပ်မှုက လျှို့ဝှက်ဆန်းကြယ်ပြီး ခံ့ညားနေအောင်လို့"
"ပဋိညာဉ်ချုပ်ဆိုခြင်း" ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် မီးဝိညာဉ်လေးမှာ အလွန်စိတ်လှုပ်ရှားသွားပြီး ဖုန်းမူကို ပတ်၍ ပျံသန်းနေတော့သည်။
လှည့်ပတ်နေမှုကြောင့် ခေါင်းမူးလာသဖြင့် ဖုန်းမူက အော်လိုက်၏။
“ရပ်လိုက်တော့”
မီးဝိညာဉ်လေးသည် မနာခံဝံ့ဘဲ လေထဲတွင် ချက်ချင်း ရပ်တန့်သွားသည်။
၎င်းကို မြင်လိုက်ရသဖြင့် ဖုန်းမူက ပြုံးကာပြောသည်။
"မင်း ငါနဲ့ သခင်အစေခံ ပဋိညာဉ်စာချုပ် ချုပ်ချင်လား"
မီးဝိညာဉ်လေးမှာ လေထဲတွင် နှစ်ကြိမ်မျှ တုန်ခါပြပြီး သဘောတူညီမှုကို သိသာစွာ ပြသလိုက်သည်။
ဖုန်းမူသည် ချူဖုန်းဘက်သို့ ဦးညွှတ်လိုက်သည်။
"ဆရာ၊ ပဋိညာဉ်ချုပ်ဆိုနိုင်ဖို့ ကူညီပေးပါဦး”
"ပြဿနာမရှိဘူး”
ချူဖုန်းသည် မန္တန်တစ်ခုကို ရွတ်ဆိုကာ ဖုန်းမူနှင့် မီးဝိညာဉ်လေးကြား ပဋိညာဉ်ဖြစ်မြောက်အောင် ကူညီပေးလိုက်၏။
"ကဲ၊ ဒီနေ့ သင်ခန်းစာကို ဒီမှာပဲ ရပ်နားမယ်။ မနက်ဖြန်ကျရင် ဆေးအပင်တွေကို ဘယ်လို ပြုပြင်ရမလဲဆိုတာ မင်းကို ငါ သင်ပေးမယ်”
"ဟုတ်ကဲ့ပါ ဆရာ”
ဖုန်းမူက ပြန်ထူးလိုက်ပြီး ကျေနပ်အားရစွာဖြင့် ဝင်းအတွင်းမှ ထွက်ခွာသွားေတာ့၏။
ချူဖုန်းသည် လေထဲတွင် ဝဲပျံနေသည့် ဆေးလုံးကိုးလုံးကို သိမ်းဆည်းလိုက်ပြီး အဆင့်မြင့်ဆေးလုံး ကို ရွေးထုတ်ကာ အကြီးအကဲပင်းကို ကမ်းပေးလိုက်သည်။
"အကြီးအကဲပင်း၊ ဒီဆေးလုံးက ခင်ဗျားအတွက်ပါ”
"ကျေးဇူးတင်ပါတယ်၊ ဌာနမှူးချူ”
ပင်းယန်သည် ဆေးလုံးကို လှမ်းအယူတွင် သူမ၏ လက်ချောင်းများမှာ ချူဖုန်းနှင့် မတော်တဆ ထိမိသွားသည်။ ထိုခဏ၌ သူမ၏ကိုယ်ထဲတွင် ထူးဆန်းသော လျှပ်စစ်စီးဆင်းမှုတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရပြီး ပါးပြင်နှစ်ဖက်မှာ ချက်ချင်း နီမြန်းသွားတော့၏။
‘ချူဖုန်းက ငါတစ်ယောက်တည်းအတွက် ပထမဆုံးအကြိမ် ပြုလုပ်ပေးတဲ့ လက်ဆောင်လား’
ချူဖုန်းက ပြုံးလိုက်သည်။ "ကျုပ်တို့ကြားမှာ ကျေးဇူးတင်စကား ပြောနေဖို့ မလိုပါဘူး”
"အင်း”
ပင်းယန်က တိုးတိုးလေး ပြန်ထူးလိုက်သည်။ သူမ၏ နှလုံးခုန်သံများမှာ မြန်ဆန်နေပြီး ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲထားရာ သူမ၏ နားရွက်ဖျားများပင် နီရဲနေတော့၏။
‘သူက... တစ်ခုခုကို အရိပ်အယောင် ပြနေတာလား’
ဤမြင်ကွင်းကို ကြည့်နေသည့် ရွှေတောင်ပံလင်းယုန်ဘုရင်မှာ စိတ်ထဲမှ တွေးလိုက်မိသည်။
“ဒီနှစ်ယောက်ကြားမှာ တစ်ခုခုတော့ ရှိနေပြီပဲ”
ချူဖုန်းက ထိုအကြောင်းကို အကြာကြီး စဉ်းစားမနေပေ။ ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူသည် စာကြည့်ခန်းသို့ ပြန်သွားကာ မီးဝိညာဉ်လေးကို ဆေးဖော်စပ်နည်း ဆက်လက်သင်ကြားပေးလေသည်။
နောက်ရက်များတွင် ချူဖုန်းသည် နေ့ဘက်၌ ဖုန်းမူကို သင်ကြားပေးပြီး ညဘက်၌ မီးဝိညာဉ်လေးကို သင်ကြားပေးခဲ့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်သတ္တပတ် နှစ်ပတ် ကုန်ဆုံးသွားခဲ့သည်။
ထိုညတွင် မီးဝိညာဉ်လေးကို သင်ခန်းစာ ပေးပြီးကာနီး၌ ချူဖုန်း၏ စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်ခု ရုတ်တရက် ပေါ်လာသည်။
"တင် မီးဝိညာဉ်လေးသည် ဆေးဖော်စပ်မှုတွင် အခြေခံအဆင့်သို့ ရောက်ရှိသွားပါသည်။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် ဝိညာဉ်မီးတောက် ဆေးဖော်စပ်နည်း(ပြီးပြည့်စုံခြင်းအဆင့်)ကို ပေးအပ်လိုက်ပါသည်”
ဟင်
ချူဖုန်း၏ နှုတ်ခမ်းများ ကွေးညွှတ်သွား၏။ "ရှောင်ဟော့၊ မဆိုးဘူး။ မင်းမှာ ပါရမီရှိသားပဲ။ ဆေးဖော်နည်းကိုတောင် နားလည်သွားပြီ။ ငါ မှတ်မိသလောက်ဆိုရင်... မင်းက လက်နက်ကိရိယာ ဖော်စပ်နည်းကိုလည်း သိတယ် မဟုတ်လား"
မီးဝိညာဉ်လေးမှာ အန္တရာယ်ရိပ်ကို ချက်ချင်း အာရုံခံမိသွားသည်။ "မ..မသိပါဘူး ကျွန်တော် ဆေးဖော်နည်းကိုတောင် သေချာ မတတ်သေးပါဘူး"
ချူဖုန်းက ပြုံးဖြဲဖြဲဖြင့် ပြောသည်။ "မင်း ဆေးဖော်နိုင်တယ်ဆိုတာ ငါ သိတယ်။ မနက်ဖြန်ကျရင် လူတိုင်းရှေ့မှာ မင်း ဘာတတ်လဲဆိုတာ ပြလိုက်။ တကယ်လို့ တစ်ခုခု မှားယွင်းသွားမယ်ဆိုရင်တော့... မသိပါတယ်"
သူသည် စကားကို တစ်ဝက်တစ်ပျက်တွင် ရပ်လိုက်ပြီး မီးဝိညာဉ်လေးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
"တကယ်လို့ ကျွန်တော် အောင်မြင်သွားရင် ဆုလာဘ် ရှိမှာလား၊ အရှင်”
မီးဝိညာဉ်လေးက စိတ်အားထက်သန်စွာ မေးသည်။
ချူဖုန်းသည် သူ၏ သိုလှောင်လက်စွပ်ထဲမှ တောက်လောင်နေသော မီးတောက်ကျောက်တုံး တစ်ခုကို ထုတ်လိုက်၏။
၎င်းကို မြင်လိုက်ရသောအခါ မီးဝိညာဉ်လေးသည် ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။
"ဒါကို ကျွန်တော် မှတ်မိတယ် ဒါ ဟိုအဘိုးကြီးရဲ့ ရတနာပဲ အဆင့်မြင့် မီးတောက်ကျောက်တုံး”