← Chapters

သောက်ကျိုးနည်း မင်း တကယ် လုပ်နိုင်သွားတာပဲ

Vol. 23 Ch. 229

သောက်ကျိုးနည်း မင်း တကယ် လုပ်နိုင်သွားတာပဲ

Vol. 23 Ch. 229

“မင်း တကယ်ပဲ ဒီပစ္စည်းကို သိတာလား။ ဒါဆို ဒါနဲ့ ဘာလုပ်ရမလဲဆိုတာ မင်း သိမှာပေါ့၊ ဟုတ်တယ်မလား”

ချူဖုန်းသည် သူ့လက်ထဲမှ မီးတောက်ကျောက်တုံး ကို ကစားနေရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

‘သူတော်စင်တစ်ပိုင်းကျို့ယန်ဆိုတဲ့ အဘိုးကြီးဆီက ရတနာ တော်တော်များများ ထွက်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး’

‘အဲ့အဘိုးကြီးနဲ့ နောက်တစ်ခေါက်လောက် ပြန်ဆုံချင်ပါသေးတယ်။ မဟုတ်သေးပါဘူး၊ အဘိုးကြီးလို့ ခေါ်လို့မဖြစ်ဘူး။ သူက ငါ့ရဲ့ ကိုယ်ပိုင် ရတနာပို့ဆောင်ရေးသမားပဲ’

မီးဝိညာဉ်လေးမှာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြနေသည်။ ဤမီးတောက်ကျောက်တုံးသာရှိလျှင် သူ ဝိညာဉ်ပုံသဏ္ဌာန်ကို ဖော်ဆောင်နိုင်မည်ဖြစ်၏။

ထိုအချိန်ရောက်လျှင် သူ့စွမ်းအားမှာ နောက်တစ်ဆင့်သို့ လုံးဝ မြင့်တက်သွားပေလိမ့်မည်။

“ဒီသားရဲ့ ဂါရဝပြုမှုကို လက်ခံပေးပါဖေဖေ”

ဤကောင်လေးက ဤသို့ လုပ်လိမ့်မည်ဟု ချူဖုန်း မထင်ထားခဲ့ပေ။

သူက အလျင်အမြန်ပင် ဟန့်တားလိုက်သည်။

“နေဦး၊ နေဦး မင်းတို့ ကောင်းကင်မီးတောက်တွေအားလုံးက ဒီလိုပဲလားဟ”

မီးဝိညာဉ်လေးက ဝေခွဲမရသည့် ပုံစံဖြင့် ပြန်ဖြေသည်။

“ဒါက လူသားတွေ ကြိုက်တဲ့ပုံစံ မဟုတ်ဘူးလား။ ကျွန်တော် မီးဂူထဲမှာတုန်းက ခဏခဏ ကြားဖူးတာက တစ်ရက် ဆရာဖြစ်ဖူးရင် တစ်သက်လုံး ဖခင်ပဲ ဆိုတာမျိုးလေ။ အဲဒီက လူငယ်လေးတွေက သူတို့ထက်ကြီးတဲ့သူတွေကို ဆရာလို့ ခေါ်ကြသလို၊ တချို့ဆို ကျေးဇူးရှင် ဖေဖေလို့တောင် ခေါ်ကြတာ”

“……”

ချူဖုန်းမျက်နှာ မည်သည်းသွားသည်။ “ငါ့ကို အဲဒီလို ခေါ်ခွင့်မရှိဘူး။ နောက်ဆိုရင် ငါ့ကို သခင်လို့ပဲ ခေါ်”

“နားလည်ပါပြီ သခင်”

ညတာမှာ အေးအေးချမ်းချမ်းပင် ကုန်ဆုံးသွားခဲ့၏။

နောက်တစ်နေ့တွင် ချူဖုန်းမှာ ထုံးစံအတိုင်း ဝင်းအတွင်း၌ ဖုန်းမူ ရောက်လာမည့်အချိန်ကို စောင့်နေသည်။

အမြဲတမ်းလိုပင် ဖုန်းမူမှာ တက်ကြွမှုအပြည့်ဖြင့် ရောက်ရှိလာပြီး ချူဖုန်းကို ဆေးဖော်စပ်မှု နည်းစနစ်များအကြောင်း ချက်ချင်းပင် စတင်မေးမြန်းတော့သည်။

မေးခွန်းတစ်ခုချင်းစီကို ဖြေကြားပေးပြီးနောက် ချူဖုန်းက

ပြောလိုက်သည်။

“ရှောင်မူ၊ မင်းက ငါ သင်ဖူးသမျှ တပည့်တွေထဲမှာ အဆိုးဆုံးပဲ”

ဖုန်းမူ၏ နှလုံးသားမှာ အေးစက်သွားသလို ခံစားလိုက်ရ၏။ ‘ဆရာက ငါ့ကို ကျောင်းထုတ်တော့မလို့လား’

ချူဖုန်းက ဆက်ပြောသည်။

“ငါ ဘာလို့ အဲဒီလို ပြောလဲဆိုတာ မင်း သိလား”

ဖုန်းမူက ခေါင်းခါပြသည်။ သူ့အမြင်တွင်မူ သူ၏ နားလည်နိုင်စွမ်းနှင့် ပါရမီမှာ လိုအပ်ချက်မရှိပေ။ တိတ်တဆိတ် စောင့်ကြည့်ရုံမျှဖြင့် ဝမ်မျိုးနွယ်စု၏ နည်းစနစ်များကို သင်ယူကာ ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ရာ ၎င်းမှာ မျိုးနွယ်စုရှိ အခြားသော သာမန်အမွေခံများထက် များစွာ ပိုမို အစွမ်းထက်နေပြီဖြစ်သည်။

ချူဖုန်းက လေထဲတွင် ဝဲပျံနေသည့် မီးဝိညာဉ်လေးဘက် လှည့်ကာ ပြောလိုက်၏။

“ရှောင်ဟော့၊ သူ့ကို မင်းရဲ့ အရည်အချင်းလေး နည်းနည်းလောက် ပြလိုက်ပါဦး”

“ဟုတ်ကဲ့”

ထိုအခါ ချူဖုန်းသည် နှစ်တစ်ရာသက်တမ်းရှိ ဆေးပင် တစ်ပင်နှင့် ဆေးမီးဖိုတစ်ခုကို ထုတ်လိုက်သည်။

မူလက ထိုဆေးပင်ကို ဝိုင်ချက်ရန် သုံးမည်ဟု ရည်ရွယ်ထားသော်လည်း မီးဝိညာဉ်လေး လက်တွေ့ပြသရန်အတွက် ပိုကောင်းသည့် ပစ္စည်း ရှာမတွေ့သဖြင့် ၎င်းကိုပင် အသုံးပြုလိုက်ခြင်းပင်။

မကြာမီမှာပင် အားလုံးမှာ အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

မီးဝိညာဉ်လေးသည် ကောင်းကင်မီးတောက်ကို ထိန်းချုပ်ကာ ဆေးလုံးများကို စတင်ဖော်စပ်နေခြင်းပင်။

တစ်နာရီအကြာတွင် ဆေးလုံးများ ဖော်စပ်ပြီးစီးသွားသည်။

အဆင့်နိမ့် ဝိညာဉ်ဆေးလုံး နှစ်လုံးနှင့် အဆိပ်အတောက်ဆေးအဆီအနှစ် ခုနစ်လုံး ထွက်လာ၏။

ပျမ်းမျှအားဖြင့် ဆေးမီးဖိုတစ်လုံးမှာ တစ်သုတ်လျှင် ဆေးလုံး ဆယ်လုံး ထွက်ရှိလေ့ရှိသဖြင့် အချို့မှာ ပျက်စီးသွားခြင်းမှာ ပုံမှန်ပင်။

ဝင်းတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။

ချူဖုန်းက ပြုံးပြီး ပြောသည်။ “ညီအစ်ကိုလင်းယုန်၊ ခင်ဗျားရဲ့ အမြင်လေး နည်းနည်းလောက် ပြောပါဦး”

“သောက်ကျိုးနည်း မင်း တကယ် လုပ်နိုင်သွားတာပဲ”

ရွှေတောင်ပံလင်းယုန်ဘုရင်က မတတ်သာသည့်ပုံစံဖြင့် ပြောလိုက်သည်။

“ငါ ဘာပြောနိုင်ဦးမှာလဲ။ ဒီလိပ်ဝိညာဉ် မြေကမ္ဘာမီးတောက် ကနေ မီးဝိညာဉ် မွေးဖွားလာတာနဲ့တင် ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်နဲ့ တန်းတူသွားပြီ။ ဒီကောင်လေးရဲ့ ပုံစံအရဆိုရင် တာအိုပေါင်းစည်းခြင်းအဆင့်ထက် မနိမ့်ဘူး။ မင်းရဲ့လက်ထဲမှာဆိုရင် နိဗားနားရှင်သန်ခြင်းအဆင့် စွမ်းအားတွေ ပြသနိုင်မယ်ဆိုတာလည်း မအံ့ဩတော့ပါဘူး”

“ဒါတောင်မှ ကျုပ် အသက်တစ်ထောင်ကျော် နေလာတဲ့အထဲမှာ မီးဝိညာဉ်က သူ့ဘာသာ ဆေးဖော်တာ ပထမဆုံး မြင်ဖူးတာပဲ။ ဟိုကောင်လေးချောင်တောင် ဒါမျိုး မလုပ်နိုင်ဘူး၊ ဒါပေမဲ့ ခင်ဗျားကတော့ လုပ်နိုင်ခဲ့ပြီ”

ချူဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “စီနီယာချောင်မှာ အရင်က အဲဒီလို အကြံမျိုး ရှိခဲ့တာလား”

ရွှေတောင်ပံ လင်းယုန်ဘုရင်က ပြောသည်။ “ရှိခဲ့တာပေါ့။ ဒါပေမဲ့ နောက်ဆုံးတော့ သူလည်း ဆေးလုံးကို ကိုယ်တိုင်ပဲ ဖော်စပ်ဖို့ ရွေးချယ်ခဲ့တယ်”

ဤအချိန်တွင် ဖုန်းမူမှာ လုံးဝ ဆွံ့အသွား၏။

သူ၏ ဆေးဖော်စပ်မှု အရည်အချင်းမှာ မီးတောက်ကိုတောင် မမီနိုင်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ မာနများမှာလည်း အရိပ်အယောင်မျှပင် မကျန်တော့အောင် ပျောက်ကွယ်သွားသည်။

သို့သော်လည်း သူသည် လက်လျှော့ရန် အစီအစဉ်မရှိပေ။ အကယ်၍ ဤကဲ့သို့သော ဆရာတစ်ဦးကို ဆုံးရှုံးလိုက်ရပါက သူသည် တစ်သက်လုံး အစေခံဘဝမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ဖုန်းမူက စိတ်ကိုတင်းကာ ရိုသေစွာဖြင့် လျှောက်ထားလိုက်သည်။ “ဆရာ၊ တပည့်ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ပေးပါဦး”

အမှန်စင်စစ် ချူဖုန်းသည် ကောင်လေးကို နှင်ထုတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။သူ့ကို အနည်းငယ် တွန်းအားပေးလိုရုံသာ။

သူက ပြောလိုက်သည်။

“အခု မင်းရဲ့ လိုအပ်ချက်တွေကို သိသွားပြီဆိုရင် ပိုပြီး ကြိုးစားလေ့ကျင့်တော့။ မနက်ဖြန်ကစပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်ဖို့ တောက်တဲ့ကျင်းကို ခဏခဏ ပြန်ဖတ်ဖို့ မမေ့နဲ့။ တကယ်လို နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ မင်း ဝိညာဉ်မီးတောက် ဆေးဖော်စပ်နည်းကို အခြေခံအဆင့်အထိ တတ်မြောက်ပြီး ဆေးအဆီအနှစ် ထုတ်နိုင်မယ်ဆိုရင် စိတ်ဝိညာဉ်ကို ကျင့်ကြံတဲ့ အခြေခံနည်းလမ်း ငါ သင်ပေးမယ်”

လောလောဆယ်တွင် ဖုန်းမူမှာ တာအိုတည်ဆောက်ခြင်း သို့ပင် မရောက်သေးသည့်အပြင် မည်သည့် နတ်ဘုရားအာရုံ နည်းစနစ်ကိုမျှ မလေ့ကျင့်ဖူးသေးပေ။

သူသည် ဆေးမီးဖိုအတွင်း ဆေးလုံးပုံဖော်နိုင်သည့် အဆင့်သို့ မရောက်သေးဘဲ ဆေးအဆီအနှစ် ထွက်လာခြင်းမှာပင် သူ၏ အကန့်အသတ်ပင်။

“တပည့် အစွမ်းကုန် ကြိုးစားပါ့မယ်”

ဖုန်းမူက ပြောလိုက်ချိန်တွင် သူ့မျက်လုံးများမှာ ပြတ်သားတည်ကြည်နေခဲ့၏။

စကားအနည်းငယ် ပြောဆိုပြီးနောက် သူသည် နေအိမ်မှ ထွက်ခွာသွားသည်။ အပြင်ဘက်သို့ ရောက်သည်နှင့် ပြားချပ်နေသော ငွေအိတ်ကို ကြည့်ကာ ဆေးပင်များ ထပ်ဝယ်ရန် ငွေအချို့ ချေးငှားရန် သူ ဆုံးဖြတ်လိုက်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဆေးပစ္စည်းများ ဝယ်ယူမှုကြောင့် သူ၏ စုဆောင်းငွေ အများစုမှာ ကုန်ဆုံးသွားပြီဖြစ်၏။ အကယ်၍ ရက်သတ္တပတ် နှစ်ပတ်အတွင်း ဆေးအဆီအနှစ် မထုတ်နိုင်ပါက ဆရာ၏ စွန့်ပစ်ခြင်းကို ခံရရုံသာမက အကြွေးနွံထဲပါ နစ်ရပေတော့မည်။

နောက်ရက်များတွင် ဖုန်းမူသည် ဆေးဖော်စပ်နည်းကို ယခင်ကထက် ပိုမို အလေးအနက်ထား၍ လေ့လာတော့၏။

ရက်သတ္တပတ် နှစ်ပတ် ကြာပြီးနောက်။

ဆေးမီးဖိုအတွင်းမှ ဆေးရနံ့များ ထွက်ပေါ်လာချိန်တွင် ဖုန်းမူ၏ နှလုံးခုန်သံမှာ ရင်ဘတ်ထဲမှ ထွက်မတတ် ဖြစ်နေသည်။

“ထွက်လာစမ်း”

ကျယ်လောင်သော အမိန့်ပေးသံနှင့်အတူ လူကြီးတစ်ယောက်၏ လက်သီးဆုပ်ခန့်ရှိပြီး မွှေးရနံ့သင်းပျံ့နေသော ဆေးလုံးတစ်လုံး ဆေးမီးဖိုထဲမှ ပျံထွက်လာသည်ကို ချူဖုန်း မြင်လိုက်ရသည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုဆေးအဆီအနှစ်အတွင်းရှိ ဆေးအစွမ်းမှာ အဆင့်နိမ့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးလုံး နှစ်လုံးနှင့် ညီမျှကြောင်း သူ သိလိုက်သည်။

“မဆိုးဘူး။ မင်း အောင်မြင်သွားပြီ”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဖုန်းမူ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွား၏။

သူ ရိုသေစွာ ဂါရဝပြုလိုက်သည်။

“ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”

“ဒင် တပည့်ဖုန်းမူသည် ဝိညာဉ်မီးတောက် ဆေးဖော်စပ်နည်းကို အခြေခံအဆင့်အထိ တတ်မြောက်သွားပါသည်။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် ဝိညာဉ်မီးတောက် ဆေးဖော်စပ်နည်း (ပြီးပြည့်စုံခြင်းအဆင့်) ကို ပေးအပ်လိုက်ပါသည်”

ချူဖုန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွား၏။ သူ စိတ်ထဲမှ တွေးလိုက်မိသည်။

“ဒီ စနစ်ရဲ့ ဟာကွက်ကို သုံးလိုက်တာ တကယ် အလုပ်ဖြစ်သားပဲ။ တပည့်နှစ်ယောက် အခြေခံအဆင့် ရောက်ရုံနဲ့ ငါက ဝိညာဉ်မီးတောက် ဆေးဖော်စပ်နည်းမှာ အထွတ်အထိပ် ရောက်သွားပြီ။ အခုကတော့ ရိတ်သိမ်းချိန်ပဲ’

သူသည် သိုလှောင်လက်စွပ်ထဲမှ ကြိုတင်ရေးထွင်းထားသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ကာ ကမ်းပေးလိုက်သည်။

“ဒါက နတ်ဘုရားအာရုံ ကျင့်စဉ်နည်းလမ်းပဲ။ မင်း အောင်မြင်မှုအဆင့် တစ်ခုကို ရောက်သွားပြီဆိုရင် နတ်ဘုရားအာရုံကို အပြင်ဘက်အထိ ဖြန့်ကြက်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် မင်း ဆေးလုံးတွေကို ပိုင်းခြားနိုင်လိမ့်မယ်။ အခုလို ဆေးအနှစ်တုံးကြီးပဲ ထွက်တော့မှာ မဟုတ်ဘူး”

“ကျေးဇူးတင်ပါတယ် ဆရာ”

ကျောက်စိမ်းပြားကို ရရှိပြီးနောက် ဖုန်းမူက မေးသည်။

“ဆရာ၊ ဒီဆေးအဆီအနှစ်ကို တပည့် စားလို့ရမလား”

ချူဖုန်းက ပြန်ဖြေသည်။

“ဒါပေါ့။ ဒါပေမဲ့ အဲဒါကို နှစ်ပိုင်း ပိုင်းပြီး စားတာ အကောင်းဆုံးပဲ။ အဲဒါဆိုရင် အဆင့်နိမ့် ခန္ဓာကိုယ်ကြံ့ခိုင်‌ရေးဆေးလုံး နှစ်လုံး စားတာနဲ့ တူတူပဲ”

ထိုစကားကို ကြားလိုက်ရသဖြင့် ဖုန်းမူ၏ မျက်လုံးများ တောက်ပသွားသည်။ အကယ်၍ သူသာ ထိုဆေးနှစ်လုံးကို ရောင်းလိုက်လျှင် လွန်ခဲ့သောရက်များက ကုန်ကျခဲ့သည့် ငွေအများစုကို ပြန်ရနိုင်မည်‌ဖြစ်၏။

‘ဆေးဖော်စပ်တာက တကယ်ကို ဝင်ငွေကောင်းတဲ့ လမ်းစဉ်ပါလား’

သူ တိတ်ဆိတ်နေသည်ကို မြင်သဖြင့် ချူဖုန်း ပြောလိုက်သည်။

“ဒါပဲ။ ငါ သင်ပေးနိုင်သမျှ အကုန် သင်ပေးပြီးပြီ။ မနက်ဖြန်ကစပြီး မင်း ဒီကို ပြန်လာစရာ မလိုတော့ဘူး”

ထိုစကားများ ကြားလိုက်ရချိန်တွင် ဖုန်းမူ၏ နှလုံးသားမှာ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူသည် ချက်ချင်းပင် ဒူးထောက်ချလိုက်ကာ ပြောလိုက်သည်။

“ဆရာ့ရဲ့ သင်ကြားမှုတွေကို တပည့် တစ်သက်လုံး မမေ့ပါဘူး။ ဆရာ့ကို တစ်နေ့ပြန်ရှာနိုင်ဖို့ ဆရာ့ရဲ့ ဘွဲ့နာမည်ကို ပြောပြခဲ့ပေးပါ”

ချူဖုန်းသည် သူ၏ခါးမှ ကျောက်စိမ်းဆွဲပြားတစ်ခုကို ဖြုတ်ကာ သူ့ထံ ကမ်းပေးလိုက်သည်။

“တကယ်လို ဆယ်နှစ်အတွင်းမှာ မင်း အသေးစားကံကြမ္မာကျမ်းကို နားလည်သဘောပေါက်သွားရင် မင်းရဲ့ နတ်ဘုရားအာရုံကို ဒီဆွဲပြားထဲ ပို့လိုက်ပါ။ အဲဒီအချိန်ကျရင် ဒါက သူ့ရဲ့ ပုံစံအမှန်ကို ပြလိမ့်မယ်။ အဲဒီအချိန်ကျမှ ငါ ဘယ်သူလဲဆိုတာ မင်း သိလိမ့်မယ်၊ ပြီးတော့ ငါ့ကို ဘယ်မှာ ရှာရမလဲဆိုတာလည်း အလိုလို သိသွားလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”

ဖုန်းမူသည် ချူဖုန်းကို သုံးကြိမ်တိုင်တိုင် ဦးချဂါရဝပြုပြီးနောက် ကျောက်စိမ်းဆွဲပြားကို လက်ခံလိုက်လေတော့၏။

All Chapters