← Chapters

အကျိုးအမြတ်

Vol. 18 Ch. 171

အကျိုးအမြတ်

Vol. 18 Ch. 171

သခင်မလီ မျက်လုံးများ ချက်ချင်းပင် အရောင်တောက်သွားပြီး ခင်ပွန်းဖြစ်သူကို ဆွဲကာ သူမ၏ ခြံဝင်းအတွင်းသို့ ခေါ်ဆောင်လာသည်။ နျိုနျိုသည် ချန်ရှိုးလေးကို စောင့်ရှောက်ရန် သူမ၏ဘေးတွင် ကျန်ရစ်၏။ လင်မယားနှစ်ဦး တံခါးပိတ်လိုက်သည်နှင့် သခင်မလီသည် မရပ်မနား ငိုယိုလေသည်။

“ကျွန်မ အိမ်ထောင်ကျပြီး နောက်တစ်နေ့မှာတင် ကျွန်မကို စည်းကမ်းတွေ အတင်းသတ်မှတ်ခဲ့တာလေ... ဒါပေမဲ့ ကျွန်မရဲ့ မရီးငယ်တွေကျတော့ ဘာစည်းကမ်းမှ မရှိဘူး... ကျွန်မက မရီးကြီး ဖြစ်နေပေမဲ့ သူတို့ကိုတောင် ပြန်ပြီး ဧည့်ခံနေရတာ... ရှင် ဒါတွေကို သိရဲ့လားဟင်...”

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါ ခေါင်းပင် ကြီးသွားရသည်။

“ရှင့်အမေက ကျွန်မကို နှိမ်တာ မဟုတ်ဘူးနော်... ရှင့်ကိုပါ နှိမ်နေတာလေ... ဒုတိယညီနဲ့ တတိယညီကို အရမ်းချစ်လွန်းတော့ သူတို့မိန်းမတွေကိုတော့ လက်ဖျားနဲ့တောင် မတို့ရက်ဘူး မဟုတ်လား...”

“လူမမာ သွားပြုစုရတိုင်း ကျွန်မပဲ သွားရတာလေ... သူ့ရဲ့ အညစ်အကြေးတွေကိုလည်း ကျွန်မပဲ သန့်ရှင်းပေးရတာ... အန်ဖတ်တွေကိုတောင် လက်နဲ့ ကျုံးပေးခဲ့ရတာလေ... ကျွန်မကပဲ လူယုတ်မာ တစ်ယောက်လိုမျိုး... အစေခံတွေ အပြည့်ရှိနေတဲ့ အခန်းထဲမှာ ကျွန်မကိုပဲ နှိပ်စက်နေတာလေ...”

သခင်မလီသည် ရင်ထဲရှိ နာကျင်မှုများကို တစ်ခုပြီးတစ်ခု ဖွင့်ဟပြောဆိုနေမိသည်။ အရင်ကလည်း သူမသည် စွန်းကျားရှင်းအား အချို့သော ကိစ္စများကို တိုင်တန်းခဲ့ဖူးသော်လည်း စွန်းကျားရှင်းက အလေးမထားခဲ့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သူမသည် ခင်ပွန်းဖြစ်သူအား တိုင်တန်းခြင်း မပြုတော့ဘဲ အောင့်သက်သက်သာ နေခဲ့ခြင်း ပင်။

ယခုအခါ နျိုနျို၏ စကားကြောင့် သခင်မလီသည် အသိတရား ဝင်လာခဲ့ချေပြီ။ သူ နားထောင်သည်ဖြစ်စေ၊ မနာထောင်သည်ဖြစ်စေ သူမသည် ဒေါသများကို ဖွင့်ထုတ်ရပေမည်။ သို့မှသာ သူသည် အိမ်တွင်း၌ နတ်စည်းစိမ် ခံစားနေရသည်ဟု ထင်မှတ်မနေတော့မည် မဟုတ်ပါလော။ သူမ ပြောသမျှ စကားတိုင်း၏ အဆုံးတွင် “ရှင့်အမေက ရှင့်ကို မချစ်ပါဘူး” ဟူသော စကားကို ထည့်ပြောလေရာ လင်မယားနှစ်ဦးစလုံး၏ ဒဏ်ရာများမှာ ပို၍ပင် နက်ရှိုင်းသွားကြကုန်၏။

သခင်မစွန်းသည်လည်း အားမနေပေ။ သူမသည် သူမ၏ သားငယ်နှစ်ဦးကို အသည်းအသန် ခေါ်ယူလိုက်သည်။

“ဒီတစ်ခါ မြို့တော်ကို သွားရင်... နင့်အစ်ကိုကြီးက နင်တို့ကို ခေါ်သွားမှာ မဟုတ်ဘူးတဲ့...”

သခင်မစွန်း ထိုသို့ ပြောလိုက်သည်နှင့် သားငယ်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် မြို့တော်၏ ရှုခင်းများကို မြင်တွေ့ချင်ကြသော်လည်း အစ်ကိုကြီး၏ ချုပ်ကိုင်မှုအောက်တွင်မူ မနေလိုကြပေ။ အဘွားအိုသာ အချိန်မီ ကယ်တင်ပေးလျှင် တော်သေးသော်လည်း မကယ်နိုင်ပါက သူတို့သာ အရိုက်ခံရမည် မဟုတ်ပါလား။

“မေမေရယ်... တို့တွေလည်း မငယ်တော့ဘူးလေ... အဖေတွေတောင် ဖြစ်နေကြပြီကို... အစ်ကိုကြီးနောက်ကို တစ်နေကုန် လိုက်နေရတာက တကယ်ပဲ မသင့်တော်ပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် တို့တွေက အိမ်ခွဲနေကြတာပဲလေ... အခုလိုပဲ သီးခြားစီ နေတာကမှ ပိုကောင်းတာပေါ့...”

စွန်းအာက နေရာမှာတင် ပြောလိုက်သည်။

စွန်းဆန်း ကလည်း ထောက်ခံလေသည်။ သခင်မစွန်းက မေးလိုက်၏။

“နင်တို့ တကယ်ပဲ အဲ့လို ထင်လို့လားဟင်...”

သားအိုကြီး နှစ်ဦးစလုံးက ခေါင်းကို ပြိုင်တူ ညိတ်ပြကြကုန်၏။ သို့သော်လည်း သခင်မစွန်းကမူ မကျေနပ်သေးဘဲ ပြောလိုက်သည်။

“မေမေက အသက်ကြီးလှပြီလေ... ဒီလောက် ဝေးတဲ့နေရာကို သွားရမှာကို... နင်တို့ကို မလိုက်စေချင်ဘူး... နင့်အစ်ကိုကြီးကိုပဲ ငါ ပြန်ဖျောင်းဖျပေးမယ်လေ...”

သားငယ် နှစ်ဦးမှာ ထိုစကားကြောင့် ဘယ်သူ့ထက်မဆို ပို၍ ထိတ်လန့်သွားကြသည်။ ဒုတိယသားမှာမူ ပါးနပ်စွာဖြင့် ပြန်ပြောလိုက်၏။

“မေမေရယ်... မေမေက တို့တွေကို ဒီမှာပဲ နေစေချင်တာ မဟုတ်လား... တို့တွေက မေမေ့အပေါ်မှာ ကျေးဇူးသိတတ်မှာပါ... ဒါက ပိုပြီး ကောင်းမွန်တဲ့ ကိစ္စပဲလေ...”

သခင်မစွန်းသည် ထိုစကားကြောင့် စိတ်လှုပ်ရှားသွားရသော်လည်း မြို့တော်သို့ သွားရမည့် အဓိက အကြောင်းရင်းမှာ သမားတော်ကောင်းများနှင့် ပြသရန် ဖြစ်သည်ကို သတိရသွားသည်။

“ဒီမှာက သမားတော်ကောင်း မရှိဘူးလေ... မြို့တော်က သမားတော်တွေကမှ...”

သခင်မစွန်း စကားမဆုံးမီမှာပင် စွန်းအာက ဝင်ပြောလိုက်သည်။

“မေမေရယ်... အစ်ကိုကြီးက အရာရှိကြီး ဖြစ်နေတာမှ မဟုတ်တာ... ရာထူးက မုန်ညင်းစေ့လောက်ပဲ ရှိတာလေ... နန်းတွင်း သမားတော်တွေကို ခေါ်ဖို့ဆိုတာ သူ့အတွက် အဝေးကြီးပါ... မေမေ သွားလည်း ဘာမှ ထူးမှာ မဟုတ်ဘူး... ပင်ပန်းရုံပဲ ရှိမှာပေါ့...”

စွန်းဆန်းကလည်း ဝင်၍ မြှောက်ပင့်ပေးလိုက်၏။

“ဟုတ်ပါ့ မေမေရယ်... မြို့တော်သွားတဲ့ လမ်းက အရမ်းဝေးတာလေ... မေမေ အကောင်းကြီးကနေ ခရီးပန်းပြီး ကျန်းမာရေး ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ... မေမေ တကယ်ပဲ တို့တွေကို သိတတ်စေချင်ရင်တော့... ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး မြို့တော်က သမားတော်ကို ဒီကိုပဲ ခေါ်ခိုင်းလိုက်ပေါ့... တို့တွေ ဒီမှာတင် မေမေ့ကို ပြုစုပေးမှာပေါ့နော်...”

ညီအစ်ကို နှစ်ဦးမှာ ပါးနပ်လွန်းသဖြင့် အဘွားအိုအား စည်းရုံးနိုင်ခဲ့ကြချေပြီ။ မြို့တော်သို့ သွားပြီး အခြားသော အဘွားအိုများကို ပြုံးပြနေရမည့်အစား မိမိဇာတိတွင်သာ နေထိုင်ပြီး လူတိုင်း၏ အလေးပေးမှုကို ခံယူရခြင်းက ပို၍ ကောင်းမွန်မည် မဟုတ်ပါလား။

စွန်းကျားရှင်းသည် ဇနီးဖြစ်သူအား ချော့မော့ပြီး သူမ၏ နာကျင်မှုများကို လျစ်လျူမရှုတော့ပါဟု ကတိပေးပြီးစ အချိန်တွင် အဘွားအိုက သူ့အား ထပ်မံ ခေါ်ယူလိုက်ပြန်သည်။

“မြို့တော်ကို မလိုက်တော့ဘူး ဟုတ်လား...”

စွန်းကျားရှင်းမှာ ကြောင်အသွားရရှာသည်။

သခင်မစွန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်၏။

“မြို့တော်သွားတဲ့ လမ်းက အရမ်းဝေးတာလေ... နင် တကယ်ပဲ တို့အပေါ် သိတတ်တယ် ဆိုရင်တော့... ဒီလိုမျိုးတွေ လာမလုပ်နဲ့တော့...”

စွန်းကျားရှင်းမှာမူ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရသည်။ အဘွားအိုသည် သေမှာကို ကြောက်သဖြင့် သမားတော် ခေါ်ယူမည့် ကိစ္စကိုသာ အသေအချာ မှာကြားနေတော့၏။

စွန်းကျားရှင်းက ဖျောင်းဖျရန် ကြိုးစားသော်လည်း အဘွားအိုကမူ စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

“နင် တကယ်ပဲ သိတတ်တယ် ဆိုရင်တော့... လူတွေရဲ့ အတင်းအဖျင်းကို မကြောက်စမ်းပါနဲ့... တို့တွေ သုံးဖို့ ပိုက်ဆံတွေသာ များများ ပို့ပေးလိုက်ပါ... အဲ့ဒါမှ တို့တွေ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်မှာ”

စွန်းကျားရှင်းသည် ထိုစကားများကြောင့် အရမ်းကို ဒေါသထွက်သွားရသည်။ အဘွားအိုက စွန်းကျားရှင်းအား ဟန်ဆောင်၍ သိတတ်နေသည်ဟု အပြစ်တင်နေခြင်း ပင်။ သားအကြီးဆုံးပီပီ မိခင်အိုအား မပြုစုဘူးဟု လူပြောသူပြော ခံရမှာ စိုးရိမ်သဖြင့်သာ မြို့တော်သို့ ခေါ်ဆောင်ခြင်း ဖြစ်သည်ဟု သူမက ယူဆနေလေသည်။ စွန်းကျားရှင်းသည် ထိုကိစ္စကြောင့် တစ်ညလုံး ဒေါသထွက်နေခဲ့ရလေတော့သည်။

All Chapters