← Chapters

ပြန်လည်ဆုံတွေ့ခြင်း

Vol. 18 Ch. 172

ပြန်လည်ဆုံတွေ့ခြင်း

Vol. 18 Ch. 172

နောက်တစ်နေ့ မနက်စောစောတွင် နျိုနျိုသည် စွန်းကျားရှင်းအား မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်ကွင်းညိုနေသည်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားရ၏။ သူမက အနားသို့ တိုးသွားပြီး မေးလိုက်သည်။

“အဖေစွန်း... အိပ်မပျော်လို့လားဟင်...”

စွန်းကျားရှင်းသည် ကလေးအား သူ၏ အခက်အခဲများကို မပြောပြလိုသဖြင့် ပြန်ဖြေလိုက်၏။

“နည်းနည်း အိပ်မပျော်လို့ပါ သမီးလေးရယ်...”

နျိုနျိုက လူကြီးလေး တစ်ဦး ကဲ့သို့ ပြောလိုက်သည်။

“သမီး အဖေစွန်းကို အိပ်ပျော်စေမယ့် နည်းလမ်းကောင်း တစ်ခု သင်ပေးမယ်လေ... ဘာကိုမှ မတွေးဘဲနဲ့ မျက်လုံးကို မှိတ်ထားလိုက်ရင်... ချက်ချင်း အိပ်ပျော်သွားမှာပေါ့...”

စွန်းကျားရှင်းက မနေနိုင်ဘဲ မေးလိုက်၏။

“နျိုနျိုလေး အရွယ်ကတောင် အိပ်မပျော်တဲ့ ဝေဒနာ ခံစားဖူးလို့လားဟင်...”

နျိုနျိုက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“မေမေက သမီးကို အပြင်ထွက် ဆော့ဖို့ ခေါ်သွားမယ် ဆိုတိုင်း... သမီးက အရမ်း ပျော်လွန်းလို့ ညဘက်ဆို အိပ်မပျော်တော့ဘူးလေ...”

စွန်းကျားရှင်းက ပြောလိုက်၏။

“ဒါဆို နောက်တစ်ခါ သမီးကို အပြင်ခေါ်သွားရင်... ကြိုမပြောတော့ဘူးနော်... မနက်ကျမှ သမီးကို အံ့သြသွားအောင် ချီပြီး ထွက်သွားတော့မယ်...”

နျိုနျိုသည် ချက်ချင်းပင် ပျော်ရွှင်သွားပြီး ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး... အပြင်သွားရမယ်လို့ တွေးမိတာနဲ့တင် သမီးရင်ထဲမှာ ငြိမ်မနေတော့ဘူးလေ…”

စွန်းကျားရှင်း နှင့် သခင်မလီ တို့သည် ကလေးမလေး၏ ရိုးသားလှသော ပုံစံလေးကို ကြည့်ပြီး စိတ်သက်သာရာ ရသွားကြကုန်၏။ နျိုနျိုက ထပ်မေးလိုက်ပြန်သည်။

“အဖေစွန်းကော... ပျော်လွန်းလို့ အိပ်မပျော်တာလားဟင်...”

စွန်းကျားရှင်းသည် မနေ့က ဖြစ်ရပ်များကို သတိရသွားပြီး ရုတ်တရက် တိတ်ဆိတ်သွားရသည်။ သခင်မလီကမူ လျင်မြန်စွာပင် ဝင်ပြောလိုက်၏။

“သမီးအဖေက ဘယ်လိုလုပ် ပျော်နေမှာလဲ... သူက ဝမ်းနည်းနေတာလေ...”

“အဖေစွန်းက ဘာလို့ ဝမ်းနည်းနေတာလဲဟင်...”

နျိုနျိုက နားမလည်စွာ မေးမြန်းလိုက်သည်။ စွန်းကျားရှင်းကမူ မပြောလိုပေ။

သို့သော်လည်း သခင်မလီကမူ နျိုနျို၏ ကလေးဆန်သော စကားလုံးများက လူကို အမြဲတမ်း နှစ်သိမ့်ပေးနိုင်သည်ဟု ယူဆထားပေသည်။ သူမသည် နျိုနျိုက ထိုပြဿနာကို ကူညီဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေမိ၏။

“သမီးအဖေက စိတ်ထားကောင်းပေမဲ့... သူ့ရဲ့ မိသားစုဝင်တွေက သူ့ကျေးဇူးကို မသိကြဘူးလေ... ပြီးတော့ သူ့အပေါ်မှာလည်း အမြဲ သတိထားနေကြတာကိုး...”

သခင်မလီ၏ စကားများမှာ တိုတိုနှင့် လိုရင်း ပင်။

စွန်းကျားရှင်းသည် မကျေမနပ် ဖြစ်သွားရ၏။ နျိုနျိုက လှည့်ကြည့်ကာ ပြောလိုက်သည်။

“အဖေစွန်းကို သူတို့က မိသားစုဝင်လို မသတ်မှတ်ရင်... အဖေစွန်းကလည်း သူတို့ကို မိသားစုဝင်လို သတ်မှတ်စရာ မလိုတော့ဘူးပေါ့...”

စွန်းကျားရှင်း ထိုစကားကို ကြားသောအခါ မသင့်တော်ဟု ခံစားရသဖြင့် ပြောလိုက်သည်။

“မိသားစု ဆိုတာက မွေးကတည်းက သတ်မှတ်ထားတာလေ... အဲ့လိုမျိုး လွယ်လွယ်နဲ့တော့ မသင့်တော်ဘူးလို့ ပြောလို့ မရပါဘူး...”

နျိုနျိုက မေးလိုက်၏။

“အဖေစွန်း... သမီးကကော အဖေ့ရဲ့ မိသားစုဝင် အစစ် မဟုတ်ဘူးလားဟင်...”

စွန်းကျားရှင်းမှာမူ ချက်ချင်းပင် ဆွံ့သွားရရှာသည်။ နျိုနျိုက သူမ၏ ဦးနှောက်လေးဖြင့် နားလည်ထားသော အမှန်တရားကို ဆက်လက် ပြောဆိုလေသည်။

“မိသားစုဝင် ဆိုတာ တစ်ဦးနဲ့တစ်ဦး အားကိုးရတာလေ... အကယ်၍ ကွယ်ရာမှာ ပြဿနာ ရှာနေကြမယ် ဆိုရင်တော့... အဲ့ဒါ သမီးတို့ မိသားစု မဟုတ်တော့ဘူးပေါ့..”

“အဖေကပဲ အမြဲ ပေးဆပ်နေပြီးတော့... တစ်ဖက်က ဘာမှ ပြန်မရဘူး ဆိုရင်တော့... ဘယ်သူမဆို ပင်ပန်းသွားမှာပေါ့နော်...”

စွန်းကျားရှင်းက ခေါင်းခါလျက် ပြောလိုက်သည်။

“အဖေက သူတို့ဆီက ကျေးဇူးဆပ်တာကို မမျှော်လင့်ပါဘူး... သူတို့က အဖေ့ကို မိသားစုဝင် တစ်ယောက်လို ဆက်ဆံပေးရင်ပဲ ကျေနပ်ပါပြီ...”

နျိုနျိုက ပြောလိုက်၏။

“အကျိုးမြတ်ကို ဘာလို့ မမျှော်လင့်ရမှာလဲဟင်... မေမေ ပြောဖူးတယ်လေ... ဘာမှ ပြန်မရဘူး ဆိုရင်တော့... အဲ့ဒါ တကယ်ပဲ ဘာမှ မရှိတော့တာတဲ့... ဒါကြောင့် ပေးဆပ်ရတာနဲ့ အမျှ ပြန်ရဖို့ကိုလည်း မျှော်လင့်ရမယ်လေ...”

စွန်းကျားရှင်းသည် သူ၏ ဘဝတွင် ဤမျှအထိ ပြတ်သားသော စကားမျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ပင်။ သူက ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်၏။

“သမီးမေမေက သမီးဆီကနေ ဘာတွေ ပြန်ရဖို့ မျှော်လင့်နေလို့လဲဟင်... သမီးက သူ့ကို ဘာတွေ ပြန်ပေးနိုင်လို့လဲ...”

နျိုနျိုက ယုံကြည်မှု အပြည့်ဖြင့် ဖြေလိုက်သည်။

“သမီးက မေမေ ပျော်အောင် ထားနိုင်တာပေါ့...”

စွန်းကျားရှင်းသည် ထိုစကားကြောင့် မပြုံးဘဲ မနေနိုင်တော့ချေ။ သို့သော်လည်း သေသေချာချာ စဉ်းစားကြည့်သောအခါ သူ၏ ရင်ထဲတွင် နာကျင်သွားရ၏။ သူ၏ ညီငယ်များ ဖြစ်စေ၊ မိခင်ဖြစ်သူ ဖြစ်စေ၊ သူ မည်မျှပင် ပေးဆပ်ပါစေ သူ့အား ပျော်ရွှင်အောင် မည်သူမျှ မလုပ်ဆောင်ပေးနိုင်ကြသည် မဟုတ်ပါလား။

သခင်မလီမှာမူ စွန်းကျားရှင်းနှင့် မတူဘဲ ယောက္ခမ ဖြစ်သူ မြို့တော်သို့ မလိုက်တော့ကြောင်း ကြားရသဖြင့် မင်္ဂလာနှစ်ပါး ဆင့်သကဲ့သို့ ပျော်ရွှင်နေမိ၏။ ယခုအခါ သူမတွင် သားသမီး နှစ်ဦး ရှိနေပြီ ဖြစ်သလို ခင်ပွန်းဖြစ်သူမှာလည်း အရာရှိ ဖြစ်နေပြီး ယောက္ခမကလည်း ဇာတိရွာတွင် ကျန်ရစ်ခဲ့တော့မည် မဟုတ်ပါလား။ သူမအတွက်မူ ဤသည်မှာ ဘဝ၏ အပျော်ရွှင်ဆုံး နေ့ရက်များ ပင်။

“တို့ သမီးလေး ကပဲ အရာရာကို ပွင့်လင်းမြင်သာစွာ သိတာပဲနော်... တို့လို လူကြီးတွေထက်တောင် အမှန်တရားကို ပိုသိနေတာပဲ...”

သခင်မလီက ရယ်မောလျက် ချီးကျူးလိုက်သည်။

နျိုနျိုက ဂုဏ်ယူသော မျက်နှာထားဖြင့် ပြောလိုက်၏။

“နောင်ကျရင် သမီး သိသမျှ အမှန်တရားတွေကို... ချန်ရှိုးလေး ကို အကုန် သင်ပေးမှာပေါ့...”

နျိုနျိုသည် ချီးကျူးခံရသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ပြောလိုက်သည်။

“သမီးက အမှန်တရား အနည်းငယ်ကိုပဲ သိတာပါ... တကယ်တော့ သမီးရဲ့ ပညာကလည်း ဒီလောက်ပါပဲ... မသိတာတွေလည်း အများကြီး ရှိပါသေးတယ်...”

စွန်းကျားရှင်းက ချက်ချင်းပင် ပြောလိုက်၏။

“တို့ သမီးလေး က နှိမ့်ချတတ်သေးတာပဲ... အရမ်း လိမ္မာတာပဲ...”

ဘာပဲဖြစ်ဖြစ် နျိုနျို လုပ်သမျှ အရာတိုင်းမှာ သူတို့ မျက်စိထဲတွင်မူ ကောင်းမွန်နေတော့၏။ သို့သော်လည်း နျိုနျိုသည် သူတို့နှင့်အတူ ရယ်မောမနေတော့ဘဲ မျက်နှာလေးမှာ ရုတ်တရက် ညိုးငယ်သွားရသည်။

“ဘာဖြစ်လို့လဲ သမီးလေးရယ်... ဘာလို့ စိတ်မကောင်း ဖြစ်သွားရတာလဲ..”

သခင်မလီနှင့် စွန်းကျားရှင်းတို့မှာ စိုးရိမ်သွားကြကုန်၏။

“သမီး... သမီး စာမသင်ရသေးဘူး ထင်တယ်နော်...”

နျိုနျိုက ငိုမဲ့မဲ့ဖြင့် ပြောလိုက်သည်။

သူမသည် ဤရက်ပိုင်းအတွင်း စွန်းကျားရှင်းနှင့်အတူ အပြင်ထွက် ဆော့ကစားခြင်း၊ အိမ်တွင် သခင်မလီနှင့် ချန်ရှိုးလေး တို့ကို အဖော်ပြုပေးခြင်း တို့ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ခြင်း ပင်။ အစေခံများနှင့် အဘွားအိုများကလည်း သူမအား အစွမ်းကုန် ချော့မော့ထားကြသဖြင့် သူမသည် စားသောက် ပျော်ပါးရင်းနှင့် စာသင်ကြားရမည့် ကိစ္စကို လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်ချေသည်။

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါ နဖူးကို ရိုက်ကာ ပြောလိုက်၏။

“သမီးအဖေက အဖေ့ဆီ ရေးတဲ့ စာထဲမှာ စာသင်ဖို့ ကိစ္စကို ပြောထားသားပဲ... အဖေ့အမှားပါ.. အလေးမထားမိလိုက်ဘူး...”

နျိုနျိုသည် ထပ်မံ၍ မဆော့ရဲတော့ချေ။ စွန်းကျားရှင်းက သူမအား ပွေ့ချီကာ စာကြည့်ခန်းသို့ ပို့ပေးလိုက်ရင်း ပြောလိုက်သည်။

“အဖေကုက နောက် ရက်နည်းနည်းလောက် ဆိုရင် ရောက်လာတော့မှာလေ... တို့တွေ စာတွေကို အမြန် ပြန်သင်ကြရအောင်နော်...”

စွန်းကျားရှင်းသည် နျိုနျို၏ စာများကို လှန်လှောကြည့်ရှုရင်း ကလေးမလေး စားပွဲအကြီးကြီး နောက်ကွယ်တွင် ထိုင်ကာ မျက်နှာလေး ရှုံ့မဲ့လျက် စာလုံးကြီးများကို တစ်ခုပြီးတစ်ခု ရေးသားနေသည်ကို ကြည့်နေမိ၏။ သူမသည် အလျင်အမြန် ရေးနေသော်လည်း ပေါ့ပေါ့ဆဆ လုပ်ဆောင်ခြင်း မရှိသည်မှာ သိသာလှပေသည်။

စွန်းကျားရှင်းက အသံကို နှိမ့်ကာ ပြောလိုက်၏။

“သမီးလေး... အဖေ သမီးအတွက် အစား ရေးပေးရမလားဟင်... သမီးရဲ့ လက်ရေးအတိုင်း လိုက်ရေးပေးမယ်လေ... အဖေကုက သိမှာ မဟုတ်ပါဘူး...”

နျိုနျို၏ ရင်ထဲတွင် ခေတ္တမျှ တုန်လှုပ်သွားသော်လည်း ကုမင်တာ့နှင့် ကျန်းယွင်နန်တို့၏ သူမအပေါ် ထားရှိသော မျှော်လင့်ချက်များကို တွေးမိကာ ခေါင်းကို ဖြည်းဖြည်းချင်း ခါလိုက်လေသည်။

“သမီးက မိဘတွေ စစ်မှာကို ကြောက်လို့ စာသင်နေတာ မဟုတ်ပါဘူး... သူတို့က သမီးကို စာအုပ်တွေထဲမှာ အနာဂတ်လမ်းစ ရှာတွေ့စေချင်လို့လေ... သမီးက ဆော့ချင်စိတ် များပြီး စာတွေကို လျစ်လျူရှုမိခဲ့တာဟာ အမှားတစ်ခု လုပ်မိတာပဲလေ... အခု အဖေစွန်းကိုပါ အကူအညီ တောင်းလိုက်ရင်တော့... အမှားပေါ် အမှားဆင့်ရာ ရောက်သွားမှာပေါ့...”

နျိုနျိုက လေးလေးနက်နက် ပြောလိုက်သည်။

စွန်းကျားရှင်းသည် ထိုစကားကို ကြားသောအခါ အနည်းငယ် ရှက်ရွံ့သွားရ၏။ သူသည် နျိုနျိုအား စာလုံးကြီးများ အမြန်ပြီးစေရန် ကူညီပေးပြီးနောက် ကလေးအား မျက်လှည့်ပြပွဲ သွားကြည့်ရန် ခေါ်သွားချင်နေခြင်းသာ။

နျိုနျိုသည် စာလုံးကြီးများကို သေသေချာချာ ရေးသားပြီးနောက် စာအုပ်ကို ထုတ်ကာ ဖတ်ရှုလေသည်။ စွန်းကျားရှင်းသည် သူမ၏ ဘေးတွင် အဖော်ပြုပေးထားသဖြင့် နျိုနျို နားမလည်သည်များကို တိုက်ရိုက် မေးမြန်းနိုင်လေတော့သည်။ နှစ်ရက်တိုင်တိုင် စာကို လေးလေးနက်နက် သင်ယူခဲ့သဖြင့် နျိုနျိုသည် တစ်နေ့ကုန် စာသင်ခန်းထဲမှာသာ အချိန်ကုန်ဆုံးခဲ့၏။ သို့သော်လည်း သူမ၏ စာများမှာမူ ပြီးဆုံးခြင်း မရှိသေးပေ။

ထိုအချိန်တွင် ကုမိသားစုဝင်များမှာ နန်လင်းမြို့နယ်သို့ ရောက်ရှိလာခဲ့ကြကုန်ပြီ။ ကုမင်တာ့သည် အသည်းအသန် လာခဲ့သော်လည်း ကွမ်အန်းမြို့နယ်မှ ကိစ္စများကို ရှင်းလင်းရန်အတွက် ခုနစ်ရက် ရှစ်ရက်ခန့် အချိန်ယူခဲ့ရခြင်း ပင်။ စွန်းမိသားစုတွင် အိမ်ခန်းများစွာ ရှိသဖြင့် သူတို့သည် ကုမိသားစုအား ဧည့်ခံရန်အတွက် ခြံဝင်းတစ်ခုကို သီးသန့် ပြင်ဆင်ပေးထားလေသည်။

“ဖေဖေ၊ မေမေ၊ အဘိုးအဘွားတွေ၊ အဒေါ်လျူ၊ ကိုကိုကြီးနဲ့ ကိုကိုလတ်... နျိုနျို အားလုံးကို အရမ်း သတိရနေတာလေ...”

နျိုနျိုသည် သူတို့ကို မြင်လိုက်သည်နှင့် ပျံလွှားငှက်လေး တစ်ကောင်ကဲ့သို့ ပြေးဝင်လာလေတော့သည်။

သခင်မကု က ကလေးမလေးကို ပွေ့ချီကာ အော်ဟစ်လိုက်၏။

“ပိန်သွားတာပဲ...”

အဘွားအိုသည် ထိုသို့ ပြောပြီးသည်နှင့် မျက်လုံးများကို အနီးကပ် ကြည့်ကာ ကလေးကို မ ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

“မပိန်ပါဘူး... နည်းနည်းတောင် ဝလာသေးတယ်... စွန်းမိသားစုမှာ နေရတာ တကယ်ပဲ အဆင်ပြေပုံ ရပါတယ်နော်...”

နျိုနျိုက ပြုံးလျက် ပြောလိုက်၏။

“မွေးစားအဖေနဲ့ မေမေက သမီးအပေါ် အရမ်း ကောင်းကြတာလေ... ချန်ရှိုးလေး ကလည်း သမီးကို အချစ်ဆုံးပဲ... အဖေစွန်းက သမီးကို နန်လင်းရဲ့ နာမည်ကြီး အစားအစာတွေ ကျွေးတယ်၊ ဘုရားပွဲတွေကိုလည်း ခေါ်သွားပေးတယ်လေ...”

နျိုနျိုက တတွတ်တွတ် ပြောပြနေသည်ကို ကြားသောအခါ ကုမိသားစုဝင်များမှာ ရင်ထဲတွင် အနည်းငယ် မနာလို ဖြစ်သွားကြကုန်၏။

“စွန်းမိသားစုမှာ နေရတာ ဒီလောက် ပျော်ဖို့ကောင်းနေမှတော့... တို့တွေကို မလွမ်းတော့ဘူးပေါ့လေ...”

သခင်မကုက တမင်တကာ မေးလိုက်သည်။

နျိုနျိုက ခေါင်းခါလျက် ပြန်ပြောလိုက်၏။

“စွန်းမိသားစုမှာ နေရတာ ပျော်ဖို့ကောင်းတာ မှန်ပေမဲ့... အားလုံးကိုလည်း သတိရတာပေါ့... အဘွားလုပ်တဲ့ ဂျင်းကိတ်လေးတွေကိုလည်း စားချင်တယ်... စွန်းမိသားစုရဲ့ မီးဖိုချောင်က လုပ်တာက အရသာ နည်းနည်း လိုနေသလိုပဲ... အဘိုးလုပ်ပေးတဲ့ ပုရစ်ရုပ်လေးတွေလည်း လိုချင်တယ်... ပြီးတော့ သမီးကို အိပ်ရာဝင် သီချင်းဆိုပြတဲ့ မေမေ့ကိုလည်း သတိရတာပေါ့...”

နျိုနျိုက မိသားစု၏ ကောင်းကွက်များကို တစ်ခုပြီးတစ်ခု ရေတွက်ပြနေသည်ကို နားထောင်ရင်း ကုမိသားစုဝင်များမှာ ရယ်မောလိုက်ကြကုန်၏။ သူတို့ မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် စာသင်ကြားမှုကို မစစ်ဆေးသေးဘဲ ပျော်ရွှင်နေကြသော်လည်း နျိုနျိုသည် သခင်မကု၏ ရင်ခွင်ထဲမှ ခုန်ဆင်းကာ ကုမင်တာ့ ထံသို့ လျှောက်သွားလေသည်။

“ဖေဖေ... သမီး ဒီရက်ပိုင်းမှာ ဆော့တာ များသွားလို့ စာတွေ မပြီးသေးဘူးလေ... ဖေဖေ သမီးကို အပြစ်ပေးပါတော့...”

နျိုနျိုက ဦးအောင် ဝန်ခံလိုက်လေသည်။

ကုမင်တာ့သည် လိမ္မာယဉ်ကျေးလှသော သမီးဖြစ်သူ၏ ပုံစံလေးကို ကြည့်ပြီး ရင်ထဲတွင် အရည်ပျော်သွားရသဖြင့် သူမအား အပြစ်ပေးရန်ပင် စိတ်မပါတော့ပေ။ သခင်မကုကလည်း သူမ၏ မြေးမလေးကို ချက်ချင်းပင် ပွေ့ချီလိုက်ပြီး ပြောလိုက်၏။

“လိမ္မာတဲ့ကလေးလေးက စာတွေ အရမ်း သင်နေရတာလေ... ရက်နည်းနည်းလောက် အနားယူတာ ဘာမှ မဖြစ်ပါဘူး... သူလည်း အခု အမှားကို ပြင်နေပြီ မဟုတ်လား... နင်က မျက်နှာကြီး သုန်မှုန်ပြီး ကလေးကို မခြောက်ပါနဲ့ဦး...”

ကုမင်တာ့မှာမူ ကြောင်အသွားရရှာသည်။

“မေမေရယ်... ကျွန်တော် ဘယ်မှာ ခြောက်လို့လဲဟင်... ဘာမှတောင် မပြောရသေးပါဘူး... အရင်က အားယန် တို့ကို ဆုံးမတုန်းကတော့ မေမေ မတားခဲ့ဘူး မဟုတ်လား...”

သခင်မကုက အားယန်နှင့် အားကျောက် တို့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် နှင်းလုံးလေးနှင့် တူသော နျိုနျိုကို ကြည့်ကာ ပြန်ပြောလိုက်၏။

“နျိုနျိုလေးက ငယ်သေးတာလေ... ဒါက မတူဘူးလေ...”

နျိုနျိုက ဦးအောင် ပြောလိုက်သည်။

“အဘွား... စာသင်တာ ပျင်းမိတဲ့အတွက် အပြစ်ပေးတာ ခံရမှာပေါ့... ဖေဖေက သမီး ကောင်းဖို့အတွက် လုပ်တာလေ...”

သခင်မကုသည် မြေးမလေးက ဤမျှအထိ လိမ္မာနေသည်ကို မြင်သောအခါ အပြစ်ပေးခံရမှာကို ပို၍ပင် မလိုလားတော့ပေ။ သူမက ကုမင်တာ့အား ပြောလိုက်၏။

“သားလတ်... သမီးလေးရဲ့ အရေပြားက နုနုလေးလေ... နင် လက်နဲ့ ထိလိုက်ရုံနဲ့တင် အမှတ်ထင်သွားမှာပေါ့... တစ်ယောက်ယောက်ကို ရိုက်ချင်တယ် ဆိုရင်တော့... ငါ့ကိုပဲ လာရိုက်ပါတော့...”

သခင်မကု တင်မကဘဲ အဘိုးကုကလည်း ဝေေဝဝါးဝါးဖြင့် ဝင်ပြောလိုက်ပြန်သည်။

“အဘိုးကို...”

ကုမင်တာ့သည် မိမိအား အစားထိုး အပြစ်ပေးခံလိုသော မိဘများကို ကြည့်ပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။

“ကျွန်တော်က အဲ့ဒီလောက်အထိ အကျိုးအကြောင်း မရှိတဲ့သူလို့ အမေတို့ ထင်နေတာလားဟင်...”

သခင်မကုက နှုတ်ခမ်းမဲ့ကာ ပြန်ပြောလိုက်၏။

“အဲ့ဒါကတော့ ပြောရခက်တာပေါ့...”

ကုမင်တာ့ - "..."

ကုမင်တာ့သည် နျိုနျိုအား အပြစ်မပေးရသေးမီမှာပင် မိသားစု၏ လူဆိုးကြီး ဖြစ်နေရချေပြီ။ သူသည် ကလေးအား ရိုက်နှက်ဆုံးမခြင်း မပြုတော့ဘဲ ပြောလိုက်လေသည်။

“မြို့တော် ရောက်တဲ့အခါကျရင်... သုံးလဆက်တိုက် နေ့တိုင်း စာလုံးကြီး ငါးရွက် ပိုရေးရမယ်နော်... သိလားဟင်...”

သခင်မကုက ဈေးဆစ်ရန် ပြင်လိုက်သေးသော်လည်း နျိုနျိုကမူ ရှင်းလင်းသော အသံဖြင့် ချက်ချင်း ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့ပါ... ဖေဖေက သမီးအပေါ် အရမ်း ကောင်းတာပဲနော်...”

ကုမင်တာ့သည် ကလေးမလေးက အပြစ်ဒဏ်ကို ကျေကျေနပ်နပ် လက်ခံလိုက်သည်ကို မြင်မှသာ ရှင်းပြလိုသော စကားများကို ပြန်လည် မျိုသိပ်လိုက်လေတော့သည်။

နောက်ဖေးခြံဝင်းရှိ အဘွားအို၏ ခြံထဲတွင်မူ စွန်းကျားရှင်းသည် သူ၏မိခင်အား မှာကြားနေဆဲ ပင်။

“ကျွန်တော် နျိုနျိုကို မွေးစားသမီး အဖြစ် လက်ခံလိုက်တာဟာ... ပြင်လို့ မရတော့တဲ့ ကိစ္စ ဖြစ်သွားပြီလေ... ညီလေးကု ကလည်း အခုဆိုရင် အစိုးရစာမေးပွဲ အောင်မြင်ထားတာဆိုတော့... သူ့ရဲ့ ပါရမီနဲ့ ဆိုရင် တစ်နေ့မှာ အောင်မြင်လာမှာ သေချာပါတယ်... မေမေ အနေနဲ့ ဒုတိယညီနဲ့ တတိယညီ တို့အတွက်ပဲ ဖြစ်ဖြစ်၊ စွန်းမိသားစု အတွက်ပဲ ဖြစ်ဖြစ်... မနက်ဖြန်ကျရင်တော့ ကျွန်တော့်ကို မျက်နှာပျက်အောင် မလုပ်ပါနဲ့နော်...”

စွန်းကျားရှင်းသည် သူ၏မိခင်က အတိတ်က ကိစ္စများကို ပြန်လည် ဖော်ထုတ်ပြီး နျိုနျိုအား အပြစ်တင်မှာကို စိုးရိမ်နေခြင်း ပင်။ သခင်မစွန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“စွန်းမိသားစု အတွက် ဆိုရင်လည်း... မြို့နယ် အရာရှိဆီမှာ တို့တွေအတွက် နှုတ်ဆက်ပေးဖို့ မမေ့နဲ့ဦးနော်...”

သခင်မစွန်း၏ မှာကြားချက်မှာမူ သူမ၏ အခြား သားနှစ်ဦးအတွက်သာ ဖြစ်ပေသည်။ ထို နှစ်ဦးမှာ ရွာထဲတွင် ပြဿနာ ရှာနေကျဖြစ်ရာ မြို့နယ် အစိုးရရုံးသို့ ကြိုတင် နှုတ်ဆက်မထားပါက တစ်နေ့နေ့တွင် အကျဉ်းကျခံရမှာကို သူမ စိုးရိမ်နေခြင်း ဖြစ်လေသည်။

All Chapters