အိပ်မက်ထဲတွင် လှေစီးခြင်း
Vol. 18 Ch. 174
မိုးမလင်းသေးမီမှာပင် မြင်းလှည်းများသည် မြို့တံခါးဝမှ ထွက်ခွာလာခဲ့ကြကုန်ပြီ။ ယခုတစ်ကြိမ်တွင်လည်း ကုန်သည်အဖွဲ့နှင့်အတူ မြို့တော်သို့ ခရီးနှင်ကြခြင်း ပင်။ နျိုနျိုသည် ကျန်းယွင်နန်၏ ရင်ခွင်ထဲတွင် မှီလျက် ချိုမြိန်စွာ အိပ်ပျော်နေ၏။ ကုမင်တာ့က လေအေးများ ဝင်မလာစေရန်နှင့် ကလေး အအေးမမိစေရန် မြင်းလှည်းလိုက်ကာကို လက်ဖြင့် ဆွဲထားပေးလေသည်။
ကျန်းယွင်နန်က ညင်သာစွာ ပြောလိုက်၏။
“နျိုနျိုလေး ဘေးမှာ ရှိနေမှပဲ... ကျွန်မ ရင်ထဲမှာ အေးသွားတော့တယ်...”
သူမသည် နျိုနျို၏ ဘေးတွင် ကပ်ကာ ကလေးမလေး၏ ကိုယ်မှ ထွက်ပေါ်နေသော ရနံ့လေးကို ရှူရှိုက်လိုက်ရင်း ရင်ထဲရှိ အုံ့မှိုင်းမှုများမှာ လွင့်စင်သွားရလေသည်။
သားအမိ နှစ်ဦး ခွဲခွာနေရသည့် အတောအတွင်း ကျန်းယွင်နန်သည် သမီးဖြစ်သူ အပြင်တွင် အအေးမိ၊ အပူရှပ်မှာကို အမြဲ စိုးရိမ်နေခဲ့သည် မဟုတ်ပါလား။ သို့မဟုတ် အနိုင်ကျင့်ခံရမှာကိုလည်း ပူပန်နေမိသည်။ ထိုကဲ့သို့သော စိတ်နေစိတ်ထားမျိုးမှာ မကောင်းမှန်း သူမ သိသော်လည်း ပြင်၍ မရနိုင်သေးပေ။
“မင်းနဲ့ သမီးနဲ့က သံယောဇဉ် အနက်ရှိုင်းဆုံးပဲလေ... ဒါက သဘာဝကျပါတယ်...”
ကုမင်တာ့က ညင်သာစွာ နှစ်သိမ့်လိုက်သည်။
မြင်းလှည်းသည် မိုးလင်းချိန်မှ နေထွက်ချိန်အထိ ခရီးနှင်လာခဲ့ပြီး တည်းခိုစခန်း တစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်သွားသည်။ လူတစ်စုမှာ ခေတ္တ အနားယူကြ၏။ ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့မှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ပြီးခဲ့တဲ့တစ်ခေါက် ခရီးစဉ်တုန်းက တည်းခိုစခန်းတွင် ဖြစ်ပျက်ခဲ့သည်များကို သတိရလိုက်ကြကုန်၏။
ယခုတစ်ကြိမ်တွင်မူ နေမင်းကြီးက လင်းထိန်နေပြီး မည်သည့် အနှောင့်အယှက်မျှ မရှိခဲ့ချေ။ နေ့လယ်စာ စားပြီးနောက်တွင်မူ သူတို့သည် ခရီးဆက်ခဲ့ကြပြန်သည်။
“တန့်ကျိုးကို ရောက်ရင်တော့... မြင်းလှည်းတွေကို ထားခဲ့ပြီး လှေစီးရတော့မှာလေ... နျိုနျိုလေး လှေစီးဖူးလို့လားဟင်...”
ကျန်းယွင်နန်က သမီးဖြစ်သူအား ညင်သာစွာ မေးလိုက်သည်။
နျိုနျိုက ခေါင်းလေးစောင်းကာ သေသေချာချာ စဉ်းစားပြီးမှ ဖြေလိုက်၏။
“စီးဖူးတယ် ထင်တာပဲနော်...”
ကျန်းယွင်နန်က ထိုစကားကို ကြားသောအခါ ရယ်မောလိုက်မိသည်။ သူမသည် နျိုနျိုကို ငယ်စဉ်ကတည်းက ကြည့်ရှုလာခဲ့သူ ဖြစ်ပေသည်။ ကွမ်အန်းမြို့နယ်မှာ ရေကန် သို့မဟုတ် ပင်လယ်နှင့် နီးစပ်သော နေရာ မဟုတ်ပါလား။ သူမ၏ မှတ်ဉာဏ်ထဲတွင် နျိုနျိုသည် လှေတစ်ခါမျှ မစီးဖူးခဲ့ချေ။
“သမီးလေးက ဘယ်တုန်းက လှေစီးဖူးလို့လဲဟင်...”
ကျန်းယွင်နန်က မေးမြန်းလိုက်သည်။
“အိပ်မက်ထဲမှာ စီးဖူးတာလေ...”
နျိုနျိုက လေးလေးနက်နက် ပြန်ဖြေလိုက်၏။
အားကျောက်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“နျိုနျိုလေးရာ... အိပ်မက်ထဲမှာ စီးတာကို စီးဖူးတယ်လို့ မခေါ်ဘူးလေ...”
နျိုနျိုက ပြောလိုက်၏။
“သမီးကတော့ ဖြစ်နိုင်တယ်လို့ ထင်တာပဲ... အိပ်မက်ထဲမှာ သမီးက ကလေးလေး ဖြစ်သွားတာလေ... ချန်ရှိုးလေး ထက်တောင် ငယ်သေးတဲ့ ကလေးပေါ့... ရင်စည်းလေးပဲ ဝတ်ထားပြီးတော့ သစ်သားဇလုံ တစ်ခုထဲမှာ လှဲနေတာလေ... ပြီးတော့ လှိုင်းကြီးနေတဲ့ မြစ်ထဲမှာ မျောနေတာပေါ့... အကြာကြီး မျောပြီးတဲ့နောက်မှာတော့ လှိုင်းတစ်ခုက သမီးကို ကမ်းပေါ်ကို တင်ပေးလိုက်တာလေ...”
နျိုနျို၏ ပြောပြချက်မှာ အလွန်ပင် ချစ်စရာ ကောင်းလှသော်လည်း ကျန်းယွင်နန်၏ ရင်ထဲတွင်မူ ဒိန်းခနဲ ဖြစ်သွားရသည်။ နျိုနျို၏ အိပ်မက်ထဲမှ ပြောပြချက်မှာ လီယွမ်ဝေ တို့ လင်မယား ကလေးကို အပြင်တွင် စွန့်ပစ်ခဲ့သည်ဟူသော ကောလာဟလနှင့် ထပ်တူကျနေသည် မဟုတ်ပါလား။
အားကျောက်မှာမူ ထိုအရာမှာ နျိုနျို၏ အစစ်အမှန် အတွေ့အကြုံ ဖြစ်နိုင်ကြောင်း မသိရှာဘဲ ရယ်မောနေဆဲ ပင်။
“နျိုနျိုလေးရယ်... အိပ်မက်ဆိုတာ အတည်ယူလို့ မရပါဘူးဆိုမှ... မြစ်ထဲမှာ လှိုင်းတွေ အဲ့ဒီလောက်ကြီးနေတာကို... နင်သာ ကလေးလေး ဆိုရင်တော့ မြစ်ထဲမှာ နစ်သွားတာ ကြာပြီပေါ့... ဘယ်လိုလုပ်ပြီး ကမ်းပေါ် ရောက်လာမှာလဲဟင်...”
နျိုနျိုသည် ထိုစကားကြောင့် စိတ်မဆိုးဘဲ ပြုံးလျက် ပြန်ပြောလိုက်သည်။
“အိပ်မက်ထဲမှာတော့ ဘာမဆို ဖြစ်နိုင်တာပဲလေ... ကိုကိုလတ် တောင်မှ ပြီးခဲ့တဲ့တစ်ခေါက်က အရာရှိကြီး ဖြစ်မယ်လို့ အိပ်မက်မက်တာ မဟုတ်လား...”
အားကျောက်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် ထိတ်လန့်သွားပြီး ကုပ်လေးပုလိုက်မိ၏။ သူသည် ဖခင်ဖြစ်သူက သူ့အား စာကျက်ရန် အတင်း ဖိအားပေးမှာကို စိုးရိမ်သဖြင့် ကုမင်တာ့အား ခိုးကြည့်လိုက်လေသည်။ ကုမင်တာ့သည် သူ၏ သားငယ်၏ အသုံးမကျသော ပုံစံကို မြင်သောအခါ ဒေါသထွက်သွားသော်လည်း ခရီးသွားနေသည့် အချိန် ဖြစ်သဖြင့် မကြားချင်ယောင်ဆောင်ကာ နေလိုက်လေသည်။
“မေမေ... ကိုကိုလတ်က အိပ်မက်ထဲမှာ လှေစီးတာကို အတည်ယူလို့ မရဘူးတဲ့... မေမေကကော ဘယ်လို ထင်လဲဟင်...”
နျိုနျိုက ခေါင်းလေး မော့ကာ မေးမြန်းလိုက်သည်။
ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်လေးများကို သေသေသပ်သပ် ပြန်ပြင်ပေးလိုက်ရင်း ပြောလိုက်၏။
“သမီးတို့ ဘာသာပဲ အဖြေရှာကြပါဦးနော်... မေမေကတော့ မသိတော့ဘူး...”
အားကျောက်သည် အိပ်မက်ကို အတည်ယူ၍ မရမှန်း သိသော်လည်း နှမဖြစ်သူကို ချစ်သဖြင့် မတတ်သာဘဲ ပြောလိုက်ရလေသည်။
“ကောင်းပြီလေ... နင်က ဒါကို အရမ်း အလေးထားနေမှတော့... ငါလည်း အတည်ပဲလို့ သဘောတူပေးပါ့မယ်...”
နျိုနျို၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပေါ်လာပြီး ချိုသာစွာ ပြောလိုက်၏။
“ကိုကိုလတ်က အကောင်းဆုံးပဲ...”
အားကျောက်သည် ထိုစကားကြောင့် ချက်ချင်းပင် ကျေနပ်သွားပြီး ပြန်ပြောလိုက်သည်။
“ညီမလေးကလည်း အကောင်းဆုံးပါပဲ...”
နျိုနျိုက မေးလိုက်၏။
“ကိုကိုလတ်ကော လှေစီးဖူးလို့လားဟင်...”
အားကျောက်မှာမူ ချက်ချင်းပင် မျက်နှာပျက်သွားရလေသည်။
“ဟင့်အင်း... မစီးဖူးသေးဘူးလေ...”
ကလေးများ၏ ထူးဆန်းသော အနိုင်လိုချင်သည့် စိတ်မှာ အလုပ်လုပ်နေချေပြီ။ သူသည် လှေတစ်ခါမျှ မစီးဖူးသဖြင့် နျိုနျိုထက် တစ်ခေါင်းစာခန့် နိမ့်ကျသွားသကဲ့သို့ ခံစားလိုက်ရခြင်း ပင်။ နျိုနျိုသည် သူ၏ ပုံစံကို ကြည့်ပြီး ချက်ချင်းပင် တရားမျှတစွာ ပြောလိုက်လေသည်။
“ဒါဆို သမီး အိပ်မက်ထဲမှာ စီးတာကိုလည်း မရေတော့ပါဘူး... ကိုကိုလတ်နဲ့ သမီးနဲ့က အတူတူပါပဲနော်...”
အားကျောက်၏ မျက်နှာပေါ်တွင် အပြုံးများ ပြန်လည် ပေါ်လာတော့၏။
“ဟုတ်ပါပြီ... တို့တွေက အတူတူပဲပေါ့လေ...”
အားကျောက်သည် သူ၏ အိတ်ထဲမှ မုန့်ထုတ်လေးကို လျှို့ဝှက်စွာ ထုတ်ယူပြီး နှမြောတသဟန်ဖြင့် နျိုနျိုအား ကမ်းပေးလိုက်သည်။
“နင့်ကို တစ်ဝက် ခွဲပေးမယ်နော်...”
နျိုနျိုသည် အားကျောက်မှာ အစားမက်သူ ဖြစ်မှန်း ဘယ်သူ့ထက်မဆို ပိုသိသဖြင့် ချက်ချင်းပင် ငြင်းလိုက်၏။
“သမီး ဗိုက်မဆာသေးပါဘူး ကိုကိုလတ်... ကိုကိုပဲ စားလိုက်ပါနော်...”
အားကျောက်သည် နှမဖြစ်သူက မယူသဖြင့် စိတ်အေးသွားပြီးနောက် တစ်ခုခုကို သတိရဟန်ဖြင့် ပြောလိုက်ပြန်သည်။
“နျိုနျိုလေး... နင်က မယူတာနော်... ငါက ကပ်စေးနည်းပြီး မပေးတာ မဟုတ်ဘူးလေ... ငါက အစ်ကိုကောင်း တစ်ယောက်ပဲ မဟုတ်လားဟင်...”
နျိုနျိုက ခေါင်းညိတ်ပြလိုက်၏။
“ဒါပေါ့... သမီးက ဂျေးများလို့ မစားတာပါ... ကိုကိုက ကပ်စေးနည်းတာ မဟုတ်ပါဘူး…
အားကျောက်သည် ထိုစကားကို ကြားသောအခါ နေရခက်သွားဟန်ဖြင့် ပြောလိုက်လေသည်။
“နောက်တစ်ခါကျရင်တော့... နင် ကြိုက်တတ်တဲ့ မုန့်တွေကို ငါ သေချာ ဝယ်ပေးမယ်နော်...”
နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြလိုက်လေသည်။ ကျန်းယွင်နန်သည် အားကျောက်၏ ပုံစံကို ကြည့်ကာ ပြုံးနေမိ၏။ နျိုနျိုကတော့ အားကျောက်ကို သေချာ ကိုင်တွယ်နိုင်သည် မဟုတ်ပါလား။ သူမတို့ လင်မယားမှာမူ မောင်နှမချင်း သံယောဇဉ်ကို ဝင်ရောက် စွက်ဖက်လေ့ မရှိကြချေ။
သို့သော်လည်း မည်သည့် နိမိတ်မှ မရှိဘဲ မြင်းလှည်းပေါ်ရှိ လူများမှာ ကလေးတစ်ဦး၏ ပြင်းထန်လှသော ငိုသံကို ရုတ်တရက် ကြားလိုက်ရလေသည်။
“ချန်ရှိုးလေး ငိုနေတာပဲ...”
နျိုနျိုသည် မောင်လေး ငိုနေသံကို ချက်ချင်း သိလိုက်၏။
ကျန်းယွင်နန်၏ မျက်နှာတွင်လည်း စိုးရိမ်မှုများ ထင်ဟပ်လာသည်။ ချန်ရှိုးလေး၏ ငိုသံမှာ ရပ်တန့်မည့် ပုံ မရှိဘဲ ပို၍ပင် အသည်းအသန် ဖြစ်လာတော့၏။ နျိုနျိုသည် မျက်နှာလေး ရှုံ့မဲ့သွားရသည်။ ကုမင်တာ့သည် မြင်းလှည်းပေါ်မှ ဆင်းရန် ပြင်နေသည်ကို မြင်သောအခါ သူမက ချက်ချင်း ပြောလိုက်၏။
“ဖေဖေ... သမီးလည်း လိုက်ကြည့်မယ်လေ...”
ကုမင်တာ့သည် နျိုနျို၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုမှုကို ငြင်းဆိုလေ့ မရှိသဖြင့် မြင်းလှည်း ရပ်တန့်လိုက်သည်နှင့် သမီးဖြစ်သူကို ခေါ်ကာ စွန်းမိသားစု မြင်းလှည်းဆီသို့ သွားရောက်ခဲ့ကြကုန်၏။ ကလေး၏ ငိုသံမှာ မြင်းလှည်းလိုက်ကာကို ဖောက်ထွက်နေသဖြင့် အနားရှိ လူတိုင်းမှာ စိုးရိမ်နေကြရလေသည်။
ကုန်သည်အဖွဲ့ဝင် အချို့မှာလည်း ဘာဖြစ်သနည်းဟု လာရောက် စုံစမ်းကြကုန်၏။
မြင်းလှည်းပေါ်ရှိ သခင်မလီသည်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ ကလေးက သုံးလပင် မပြည့်သေးသည် မဟုတ်ပါလား။ အစကတော့ ကလေး တစ်နှစ်သား အရွယ် ရောက်မှ မြို့တော်သို့ လိုက်လာရန် အကြံပေးသူ ရှိခဲ့သော်လည်း သူမသည် ခင်ပွန်းဖြစ်သူနှင့်အတူ လိုက်သွားချင်သဖြင့် အတင်း လိုက်လာခဲ့ခြင်းပင်။
ယခုအခါ ခရီးစတင်ခဲ့သည်မှာ တစ်ရက်ပင် မပြည့်သေးမီ ကလေးကို ချော့၍ မရ ဖြစ်နေရ၏။ သခင်မလီသည် ခရီးကို ချက်ချင်းပင် လှည့်ပြန်ချင်နေသော်လည်း အကျိုးအကြောင်းမရှိသော ယောက္ခမနှင့် ကလေးမွေးစားဖို့ အမြဲ စောင့်ဆိုင်းနေကြသော မရီး နှစ်ဦးကို ပြန်လည် ရင်ဆိုင်ရမည်ကို တွေးမိသောအခါတွင်မူ စိတ်မသက်မသာ ဖြစ်နေရရှာ၏။
စွန်းကျားရှင်းသည်လည်း ဇနီးဖြစ်သူအား ပြန်လွှတ်ရန် တွေးတောနေမိသော်လည်း တိုက်ရိုက် မပြောသေးဘဲ မြင်းလှည်းလိုက်ကာကို မ လျက် မေးမြန်းလိုက်သည်။
“ဘာလို့ ငိုနေတာလဲ သိရပြီလားဟင်... နို့စို့ချင်လို့လား... နို့ထိန်းကကော ချော့ကြည့်သေးရဲ့လားဟင်...”
သခင်မလီ၏ မြင်းလှည်းပေါ်တွင် လူအများအပြား ရှိနေသော်လည်း ယခုအခါ နို့ထိန်းနှင့် အစေခံများမှာ ချန်ရှိုးလေး မငိုအောင် မည်သို့မျှ မလုပ်နိုင်ဘဲ ရှိနေကြရသည်။ ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ ချန်ရှိုးလေးက အသည်းအသန် ငိုနေသဖြင့် သခင်မဟဲ၏ သမီးငယ်လေးပါ လိုက်၍ ငိုယိုနေခြင်း ပင်။ သခင်မလီသည် စိတ်မချမ်းသာ ဖြစ်နေရသလို သခင်မဟဲ မှာလည်း မျှော်လင့်ချက်မဲ့နေရှာ၏။ သူမသည် ကလေး နှစ်ဦးစလုံးအား မချော့နိုင်ဘဲ ရှိနေရလေသည်။
သူမသည် သမီးဖြစ်သူကို ပွေ့ချီကာ မြစ်ကမ်းဘေးတွင် ရပ်နေရသကဲ့သို့ ခံစားနေရပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်လျှင်ပင် သူတို့ သားအမိ နှစ်ဦးမှာ အသက်ရှင်ရန် လမ်းစ မရှိတော့သကဲ့သို့ ပင်။
သခင်မဟဲသည် ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မှိုက်နေသည်ဟု ခံစားနေရစဉ် မြူနှင်းများကို ဖောက်ထွက်လာသော ရှင်းလင်းသည့် အသံလေး တစ်ခုကို ကြားလိုက်ရလေသည်။
“ချန်ရှိုးလေး... ဘာလို့ ငိုနေတာလဲဟင်...”
နျိုနျိုသည် မြင်းလှည်း အပြင်ဘက်မှနေ၍ မေးမြန်းလိုက်၏။
မြင်းလှည်းအတွင်းမှ ငိုသံများမှာ ခဏတာ တိတ်ဆိတ်သွားရလေသည်။