← Chapters

ကောင်းမွန်သော ဘဝ

Vol. 18 Ch. 175

ကောင်းမွန်သော ဘဝ

Vol. 18 Ch. 175

ဤနည်းလမ်းမှာ ထိရောက်မှု ရှိသည်ကို မြင်လိုက်ရသောအခါ ကုမင်တာ့သည် နျိုနျိုအား မြင်းလှည်းဆီသို့ အမြန် ပို့ပေးလိုက်၏။ နျိုနျိုသည် လိုက်ကာကို မ လိုက်သည်နှင့် တစ်ပြိုင်နက် ချန်ရှိုးလေးသည် သူမ ရှိရာ ဘက်သို့ မျက်နှာလေး လှည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူ၏ နှာခေါင်းလေးမှာ လှုပ်စိလှုပ်စိ ဖြစ်နေပြီး နျိုနျို၏ ရနံ့ကို ရလိုက်သည်နှင့် သူမ ထံသို့ လက်ကလေးများကို ချက်ချင်း ဆန့်ထုတ်လိုက်လေတော့သည်။

နျိုနျိုသည် ခြောက်နှစ်သမီးသာ ရှိသေးသဖြင့် ကလေးကို မ ချီနိုင်ပေ။ ထို့ကြောင့် သူမသည် လက်တစ်ဖက်ကို ဖယ်ကာ သူ၏ လက်ကလေးကိုသာ ဆုပ်ကိုင်ထားလိုက်၏။ ချန်ရှိုးလေး၏ ဖြူဖွေးနူးညံ့သော မျက်နှာလေးမှာ ရုတ်တရက် ရှုံ့မဲ့သွားပြီး ဝမ်းနည်းနေသော အမူအရာလေး ဖြစ်ပေါ်လာလေသည်။

နျိုနျိုက ညင်သာစွာ ပြောလိုက်၏။

“မောင်လေး... လိမ္မာတယ်နော်... မငိုတော့ဘူး မဟုတ်လားဟင်...”

ချန်ရှိုးလေးသည် နျိုနျို၏ လက်ချောင်းလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမ ထွက်ပြေးသွားမှာကို စိုးရိမ်နေသည့် အလား ပင်။ နျိုနျို၏ ညင်သာသော ချော့မော့မှုကြောင့် သူ၏ ဝမ်းနည်းနေသော ခံစားချက်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားရလေတော့သည်။

“သူ ဘာဖြစ်နေမှန်းလည်း မသိပါဘူး... အမြဲတမ်း ငိုနေပြီးတော့ မျက်ရည်သုတ်ပေးရင်လည်း မကြိုက်ဘူးလေ... သုတ်ပေးလေလေ ပိုငိုလေလေပဲ...”

သခင်မလီက နားမလည်နိုင်စွာ ပြောလေသည်။

ချန်ရှိုးလေး ငိုသံ တိတ်သွားသည်နှင့် သခင်မဟဲ၏ သမီးငယ်လေးသည်လည်း ဆက်လက် မငိုတော့ပေ။ နျိုနျိုသည် သူမ၏ ရင်ခွင်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ယူကာ ချန်ရှိုးလေး၏ မျက်နှာပေါ်မှ မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်၏။

ထိတွေ့လိုက်သည်နှင့် ဆူညံတတ်သော ချန်ရှိုးလေးမှာ နျိုနျိုနှင့် တွေ့သောအခါတွင်မူ အလွန် လိမ္မာနေတော့၏။ နျိုနျိုသည် သခင်မဟဲ၏ သမီးငယ်လေး၏ မျက်ရည်များကိုလည်း လက်ကိုင်ပုဝါဖြင့် လိုက်လံ သုတ်ပေးလိုက်သောအခါ ချန်ရှိုးလေးမှာမူ မနာလို ဖြစ်သွားပုံ ရပေသည်။ သူ၏ ပါးစပ်လေးမှာ ဆူထွက်လာပြီး နောက်တစ်စက္ကန့်တွင် ထပ်မံ ငိုယိုတော့မည့် အလား ပင်။

သခင်မဟဲသည် ထိုအခြေအနေကို မြင်သောအခါ သူမ၏ သမီးကို အဝေးသို့ ခေါ်သွားချင်နေမိ၏။ ရာသီဥတုက အေးနေသဖြင့် ကလေး၏ မျက်နှာပေါ်မှ မျက်ရည်များကို ခြောက်အောင် မသုတ်ပေးပါက အအေးမိနိုင်သော်လည်း ချန်ရှိုးလေး စိတ်မကျေမနပ် ဖြစ်ပြီး သခင်မလီက စိတ်ဆိုးမှာကို သူမ ပို၍ ကြောက်နေမိခြင်းပင်။

နျိုနျိုသည် ငယ်သေးသော်လည်း အစ်မကြီး ပီပီ မောင်လေးကို ညင်သာစွာ ချော့မော့လိုက်၏။

“မောင်လေး လိမ္မာတယ်နော်... တို့တွေက စိတ်သဘောထားကြီးတဲ့ လိမ္မာတဲ့ကလေးတွေ ဖြစ်ရမယ်လေ...”

ချန်ရှိုးလေး၏ နှုတ်ခမ်းလေးမှာ ပြန်လည် ပြေလျော့သွားပြီးနောက် သုံးလပင် မပြည့်သေးသော သူ၏ မျက်နှာလေးတွင် နျိုနျိုအား ပြုံးပြနေသည်ကို သခင်မလီ တွေ့လိုက်ရလေသည်။

“သမီးလေးကတော့ တကယ်ကို တော်တာပဲ... ဒီ လူဆိုးလေးကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သိနေတာပဲ...”

သခင်မလီက သားဖြစ်သူ၏ နှာခေါင်းလေးကို ညင်သာစွာ တို့ကာ ပြောလိုက်သည်။

ချန်ရှိုးလေးမှာမူ မကျေမနပ် ဖြစ်ဟန်ဖြင့် ခေါင်းကို တစ်ဖက်သို့ လွှဲလိုက်၏။ သခင်မလီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“မိုက်ရိုင်းတဲ့ ကောင်လေး... မေမေက ပင်ပင်ပန်းပန်း မွေးထားရတာကို... မေမေ့ကိုကျတော့ နည်းနည်းလေးတောင် မသနားဘူးပေါ့လေ...”

ချန်ရှိုးလေးကမူ မိခင်ဖြစ်သူအား မည်သည့် တုံ့ပြန်မှုမျှ မပြုခဲ့ပေ။ နျိုနျိုသည် သခင်မလီ၏ ဘေးတွင် ကပ်ကာ လိမ္မာစွာ ပြောလိုက်၏။

“မွေးစားမေမေ... မောင်လေးက ငယ်သေးလို့ပါ... သူ သမီးလောက် အရွယ် ရောက်လာရင်တော့... မေမေ့အပေါ် အရမ်း သိတတ်လာမှာပါနော်...”

နျိုနျို၏ စကားကြောင့် လူနှစ်ဦးစလုံး ကြောင်အသွားရလေသည်။ လူကြီးများ၏ ကြွားဝါသော စကားများမှာ လူကို စိတ်ပျက်စေသော်လည်း ကလေးများ ပြောလျှင်မူ မတူညီပေ။ သခင်မလီသည် နျိုနျိုလေးကို ကြည့်လေလေ ပို၍ ချစ်မြတ်နိုးလေလေ ပင်။

သူမသည် စိတ်ထဲမှနေ၍ တွေးတောနေမိ၏။ အကယ်၍ တတိယမရီး မိသားစုက သူတို့၏ အမြွှာသမီး နှစ်ဦးနှင့် နျိုနျိုကို လဲမည် ဆိုလျှင်ပင် သူမ လုံးဝ လဲမည် မဟုတ်ပေ။ ဤမျှအထိ အလိုက်သိပြီး လိမ္မာသော သမီးလေးမျိုးမှာ လောကတွင် ရှာမှရှားသည် မဟုတ်ပါလား။

ထိုနေ့မှစ၍ နျိုနျိုသည် သခင်မလီ၏ မြင်းလှည်းပေါ်တွင်သာ လိုက်ပါခဲ့ချေပြီ။

ကုမိသားစု မြင်းလှည်းပေါ်တွင်မူ ကျန်းယွင်နန်သည် ချန်ရှိုးလေး မငိုတော့သဖြင့် ဝမ်းသာမိသော်လည်း သမီးဖြစ်သူ ဘေးနားတွင် မရှိသဖြင့် ဟာတာတာကြီး ခံစားနေရ၏။ သို့သော်လည်း သခင်မလီသည် နျိုနျိုကို သူမထက် ပို၍ လိုအပ်နေသလို နျိုနျိုအားလည်း ဘယ်တော့မှ အနှောင့်အယှက် ပေးလိမ့်မည် မဟုတ်ကြောင်း သူမ သိထားပေသည်။

အားကျောက်က ရုတ်တရက် ပြောလိုက်၏။

“သားလည်း အနောက် မြင်းလှည်းပေါ် လိုက်ချင်တယ်...”

ကျန်းယွင်နန်က ကြောင်သွားပြီး မေးလိုက်သည်။

“ညီမလေးနဲ့ မခွဲနိုင်လို့လားဟင်...”

အားကျောက်က ခေါင်းညိတ်ပြသော်လည်း သူ၏ ရင်ထဲမှ အမှန်တရားကိုမူ ထုတ်မပြောခဲ့ပေ။ သူသည် နျိုနျိုနှင့် အတူ နေချင်သလို သခင်မလီ၏ မြင်းလှည်းပေါ်တွင် အမြဲရှိနေသော မုန့်များနှင့် သစ်သီးခြောက်များကိုလည်း မက်မောနေခြင်း ပင်။ သခင်မလီကလည်း ကလေးများကို မုန့်စားရာတွင် အကန့်အသတ် မထားပေ။ သို့သော်လည်း အားကျောက်သည် စားသောက်မည့် ကိစ္စတွင်မူ ပါးနပ်သူ ဖြစ်ရာ ထိုအကြောင်းကို ထုတ်မပြောခြင်းက ပိုကောင်းမည်ဟု သူ ယူဆထားပေသည်။

ကျန်းယွင်နန်သည်လည်း နည်းလမ်းများ စဉ်းစားနေမိ၏။ သမီးဖြစ်သူနှင့် ခွဲခွာရပြီးနောက်တွင်မှ မိခင်နှင့် သမီးကြား ခွဲခွာရခြင်းမှာ မည်မျှ ခက်ခဲကြောင်း သူမ သဘောပေါက်လာခြင်း ပင်။ မမှောင်မီမှာပင် မြင်းလှည်းများသည် နောက်ထပ် တည်းခိုစခန်း တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့ကြကုန်၏။

ခရီးစဉ်မှာ အရမ်းကို လှုပ်ခါလွန်းသဖြင့် ချန်ရှိုးလေးမှာ ငယ်သေးသဖြင့် ညဘက်တွင် အေးအေးဆေးဆေး မအိပ်နိုင်ရှာပေ။ သန်းခေါင်ယံအချိန်တွင် ရုတ်တရက် ငိုယိုသဖြင့် အပေါ်ထပ်တွင် အိပ်နေသော နျိုနျိုအား ကျန်းယွင်နန်က အောက်ထပ်သို့ အမြန် ပို့ပေးလိုက်ရလေသည်။

ညဉ့်သန်းခေါင်ကျော်သည့်တိုင်အောင် ဆူညံနေပြီးနောက် နျိုနျိုသည် မောင်လေးနှင့်အတူ နေရာမှာတင် အိပ်ပျော်သွားလေတော့သည်။

နောက်တစ်နေ့ မနက်စောစော နံနက်စာ စားပြီးသည်နှင့် ကျန်းယွင်နန်သည် အားကျောက်ကို ဆွဲကာ သခင်မလီ ထံသို့ ပြေးသွားလေတော့သည်။

“ညီမငယ်... အားကျောက်က မနေ့ကတည်းက ညီမလေးနဲ့ အတူ နေချင်တယ်လို့ အတင်း ပြောနေလို့လေ... ကျွန်မလည်း ကလေးတွေ အများကြီး ခေါ်လာတာဆိုတော့... အားကျောက်ကိုပါ တစ်ခါတည်း ညီမငယ်တို့နဲ့အတူ ထည့်လိုက်ရင် ပိုကောင်းမလားလို့ စဉ်းစားမိလို့ပါ...”

ကျန်းယွင်နန်က ပြောလိုက်သည်။

ခင်ပွန်းဖြစ်သူနှင့် အတူရှိနေခြင်းထက် သမီးဖြစ်သူ၏ ဘေးတွင် ရှိနေခြင်းကို ကျန်းယွင်နန် ပို၍ လိုလားနေမိ၏။ သခင်မလီသည် ကျန်းယွင်နန်က ကူညီချင်နေသည်ဟု ကြားသောအခါ အလွန် ဝမ်းသာသွားရလေသည်။

“မရီးရယ်... ကျွန်မက အားနာနေရမှာပါ... တို့ ညီအစ်မ နှစ်ယောက်ကြားမှာ ငြင်းနေမယ် ဆိုရင်တော့ စိမ်းကားရာ ရောက်မှာပေါ့နော်...”

သခင်မလီ၏ မြင်းလှည်းမှာ ကျယ်ဝန်းသဖြင့် အစေခံမလေး နှစ်ဦးကို အနောက် မြင်းလှည်းသို့ ပို့လိုက်ပြီး အားကျောက်နှင့် ကျန်းယွင်နန် တို့ကို သူမ၏ မြင်းလှည်းပေါ်တွင် တက်ထိုင်စေလိုက်၏။ သခင်မလီသည် အသက် ခုနစ်နှစ် ရှစ်နှစ်အရွယ် အားကျောက် ပြဿနာ ရှာမှာကို စိုးရိမ်ခဲ့သော်လည်း အားကျောက်မှာမူ စားစရာ ရှိနေလျှင် ငြိမ်သက်နေသူမှန်း မသိခဲ့ပေ။

စွန်းမိသားစုမှာ ချမ်းသာသဖြင့် စားသောက်မည့် ကိစ္စကို ဂရုမစိုက်ကြချေ။ အားကျောက် မုန့်စားပြီးတိုင်း အစေခံများက ချက်ချင်း ဖြည့်ဆည်းပေးကြကုန်၏။ အားကျောက်မှာမူ မရပ်မနား စားနေသဖြင့် ကြောင်အသွားရလေသည်။ ကျန်းယွင်နန်၏ မျက်စောင်းမှာမူ အားကျောက်အား တရစပ် ထိုးနေသော်လည်း အားကျောက်ကမူ ဘာမှ မသိသလိုပင် ရှိနေတော့၏။

ကျန်းယွင်နန်သည် စွန်းမိသားစု မြင်းလှည်းပေါ်တွင် လဝက်ခန့် နေထိုင်ပြီးနောက် ကုမင်တာ့အား အဖော်ပြုပေးရန်အတွက် ခဏတာ ပြန်သွားခဲ့လေသည်။ ကျန်းယွင်နန် ရောက်ရှိလာခြင်းမှာ သခင်မလီအတွက်မူ ဝန်ထုပ်ဝန်ပိုးများကို လျော့ပါးသွားစေ၏။

သခင်မလီ၏ ဘေးရှိ အဘွားအိုကြီးမှာလည်း အားမရှိတော့သလို အစေခံမလေးများမှာလည်း ကလေးပြုစုရာတွင် အတွေ့အကြုံ မရှိကြချေ။ သခင်မဟဲ ပင်လျှင် ကလေးတစ်ဦးသာ မွေးဖူးသူ မဟုတ်ပါလား။ ကျန်းယွင်နန်မှာမူ ငယ်ရွယ်သလို အတွေ့အကြုံလည်း ကြွယ်ဝသဖြင့် ကလေးပြုစုသည့် နည်းလမ်းကောင်းများကို အကုန် သင်ကြားပေးလေတော့သည်။

“ကလေး ငါးလ ခြောက်လလောက် ရောက်ရင်တော့ နို့တစ်မျိုးတည်း တိုက်နေဖို့ မလိုတော့ဘူးနော်... ဆန်ပြုတ်လေးတွေ၊ အသားနဲ့ ဟင်းသီးဟင်းရွက် အနှစ်လေးတွေကိုပါ ဖြည်းဖြည်းချင်း ကျွေးလို့ ရပြီလေ...”

ကျန်းယွင်နန်က ပြောပြသည်။

သခင်မလီမှာမူ အံ့သြသွားရ၏။

“ကျွန်မကတော့ ချန်ရှိုးလေးကို သုံးနှစ်အထိ နို့ပဲ တိုက်မယ်လို့ စဉ်းစားထားတာလေ...”

ကျန်းယွင်နန်က ပြောလိုက်သည်။

“မိသားစုကြီး အများစုကတော့ ရှင့်လိုပဲ ပြုစုကြတာပါပဲ... ကျွန်မရဲ့ နည်းလမ်းကတော့ ကျေးလက်က လူတွေ သုံးတဲ့ နည်းပေါ့... ဒါပေမဲ့ ကျွန်မ စောင့်ကြည့်ရသလောက်တော့ ဒီလို ပြုစုတာကမှ ကလေးကို ပိုပြီး သန်မာစေတာလေ...”

သခင်မလီသည် သံသယ ဖြစ်နေသဖြင့် ထပ်မံ မေးမြန်းလိုက်၏။

“မရီး... မရီးအိမ်မှာ ကလေး ဘယ်နှယောက်ကို ဒီလို ပြုစုခဲ့တာလဲဟင်...”

“အများကြီးပေါ့”

ကျန်းယွင်နန်က ခေါင်းညိတ်ပြလိုက်သည်။ သခင်မလီသည် ကျန်းယွင်နန်အား အားကျသော အကြည့်ဖြင့် ကြည့်နေမိ၏။ သူမသည် ကလေး အများကြီး ရထားသဖြင့် အားကျခြင်း မဟုတ်ဘဲ ချန်ရှိုးလေးသည် ကျန်းယွင်နန်၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားချိန်တွင် အလွန် လိမ္မာယဉ်ကျေးသွားခြင်းကို အားကျနေခြင်း ပင်။

ကျန်းယွင်နန်သည် ကလေးချီရာတွင် အလွန် ကျွမ်းကျင်သဖြင့် ချန်ရှိုးလေးမှာ အလွန် သက်သောင့်သက်သာ ဖြစ်နေသည်မှာ သိသာလှပေသည်။

“မရီးရယ်... ကျွန်မကို မြန်မြန် သင်ပေးပါဦးနော်... ကျွန်မ ချီလိုက်ရင် ကလေးက ခဏနေရင်ကို ငြိမ်မနေတော့ဘူးလေ...”

သခင်မလီက အသည်းအသန် ပြောဆိုလေသည်။

သို့သော်လည်း ကျန်းယွင်နန်က ညင်သာစွာ ခေါင်းခါပြပြီး ပြောလိုက်၏။

“ချန်ရှိုးလေး အသက် ငါးလလောက် ရောက်မှပဲ ကျွန်မ ထပ်သင်ပေးပါ့မယ်...”

သခင်မလီမှာမူ နားမလည် ဖြစ်နေရရှာ၏။

“ညီမငယ်က အခုမှ ကလေးမွေးထားတာဆိုတော့... ကိုယ်ခန္ဓာက အပြည့်အဝ ပြန်မကောင်းသေးဘူးလေ... ဒါကြောင့် ကလေးကို ခဏခဏ မချီသင့်ဘူးပေါ့...”

ကျန်းယွင်နန်က ဆက်လက် ရှင်းပြလေသည်။

“ဒါက ကျွန်မရဲ့ ယောက္ခမ သင်ပေးထားတာလေ... ကျွန်မ ကလေး သုံးယောက် မွေးခဲ့တုန်းကလည်း... ပထမ လအနည်းငယ်အတွင်းမှာ နို့တိုက်တဲ့ အချိန်ကလွဲရင်... အမေက ကျွန်မကို ကလေး တစ်ခါမှ မချီခိုင်းဘူးလေ... နို့တိုက်ရင်တောင်မှ တစ်ခုခုကို မှီပြီး တိုက်ခိုင်းတာဆိုတော့... အခုထိ ကျွန်မမှာ ခါးနာတဲ့ ဝေဒနာ တစ်ခါမှ မရှိခဲ့ဖူးဘူးလေ...”

သခင်မလီသည် ထိုစကားကို ကြားသောအခါ ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာရလေသည်။ သူတို့ နှစ်ဦးစလုံးမှာ ညီအစ်ကို သုံးဦးရှိသော မိသားစုများသို့ ချွေးမအဖြစ် ရောက်ရှိလာကြသူများ ပင်။ စွန်းမိသားစုမှာ ချမ်းသာကြွယ်ဝသော်လည်း ကုမိသားစုမှာမူ သာမန် ကျေးလက် လယ်သမား မိသားစု ဖြစ်သဖြင့် ဘဝမှာ ဆင်းရဲလှပေသည်။

သို့သော်လည်း ကုမိသားစုမှ အဘိုးအဘွားများ၏ ကြင်နာမှုနှင့် ချွေးမအပေါ် ထားရှိသော ဂရုစိုက်မှုများမှာမူ စွန်းမိသားစုနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင်ပင် မြင့်မြတ်လှသည်။

သခင်မလီသည် အမြဲတမ်း သူမ၏ ဘဝမှာ ကောင်းမွန်သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ ကျန်းယွင်နန်၏ ဘဝမှာမှ စစ်မှန်သော ကောင်းမွန်သည့် ဘဝ ဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။ သူမ၏ ခင်ပွန်းမှာ အနာဂတ်ရှိသည်၊ ယောက္ခမများကလည်း အလိုလိုက်သည်၊ သားသမီးများမှာလည်း လိမ္မာကြသည်။ အားယန်သည် အလိုက်သိသည်၊ အားကျောက်သည် တက်ကြွသည်၊ နျိုနျိုမှာမူ လောကတွင် အကောင်းဆုံးသော သမီးလေး ပင်။

ပျောက်ဆုံးနေသော သားလတ်မှလွဲလျှင် သူမ၏ ဘဝတွင် နောင်တရစရာ မရှိသလောက် ပင်။

သူမသည် ဇဝေဇဝါဖြင့်ပင် တွေးတောနေမိ၏။ အကယ်၍ သူမသာ ထိုမိသားစု၏ ချွေးမ ဖြစ်ခဲ့မည် ဆိုပါက... ယခုအခါ နျိုနျို အချစ်ဆုံးသော မိခင်မှာ သူမ ဖြစ်နေလိမ့်မလား။

All Chapters