ကျိုချူမြစ်
Vol. 18 Ch. 176
ကျန်းယွင်နန်သည် သခင်မလီ၏ စိတ်ထဲရှိ ရှုပ်ထွေးလှသော အတွေးများကို မသိရှာပေ။ သူမက ထိုအချိန်တွင် ပြောလိုက်သည်။
“မရီး... တို့ အမျိုးသမီးတွေကလည်း ကိုယ့်ကိုယ်ကိုယ် ချစ်ရမယ်လေ... နေလို့ မကောင်းတာ ရှိရင် မြန်မြန် ကုရမယ်... ရောဂါ သေးသေးလေးကနေ ကြီးသွားအောင် မလုပ်သင့်ဘူးနော်...”
“ကျွန်မကတော့ အခုဆို မိုးရွာတဲ့နေ့တိုင်း ခါးနာနေတာလေ... သမားတော် ဆီက ဆေးတောင်းသောက်ပေမဲ့လည်း မသက်သာပါဘူး...”
သခင်မလီက ထိုသို့ ပြောလိုက်ခြင်းမှာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်းသာ ဖြစ်ပြီး ကျန်းယွင်နန်ထံမှ အဖြေတစ်ခု ရရှိရန် မမျှော်လင့်ထားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ကျန်းယွင်နန်မှာလည်း သမားတော် တစ်ဦး မဟုတ်သည်မှာ အမှန်ပင်။
သို့သော်လည်း ကျန်းယွင်နန်တွင် နည်းလမ်း အမှန်တကယ် ရှိနေပေသည်။
ကျန်းယွင်နန်က ချက်ချင်းပင် ပြောလိုက်သည်
“ဆေးသောက်ရုံနဲ့တော့ မရဘူးလေ… ချီကုန်းလေ့ကျင့်ခန်းကို စမ်းကြည့်ပါလား...”
သခင်မလီမှာမူ လှုပ်လှုပ်ရှားရှား မလုပ်ချင်ပေ။
ကျန်းယွင်နန်က ဆက်ပြောလိုက်သည်။
“ကျွန်မလည်း အရင်က အဲ့လို ဖြစ်ခဲ့ဖူးတာလေ... ကျွန်မယောက်ျား က ဖူချိန် မြို့မှာ သမားတော်အိုကြီး တစ်ဦးနဲ့ တွေ့တုန်းက သူ သင်ပေးခဲ့တာပေါ့... ရက်နည်းနည်းလောက် လေ့ကျင့်ပြီးတော့မှပဲ တကယ်ကို သက်သာသွားတာလေ...”
သခင်မလီ၏ မျက်လုံးများ ချက်ချင်းပင် အရောင်တောက်သွားရသည်။ ယခုအခါ မြင်းလှည်းပေါ်တွင် အမျိုးသမီးများသာ ရှိသဖြင့် သူမအနေဖြင့် မည်သည့် အားနာမှုမျှ မရှိတော့ဘဲ သူမတွင် ရှိနေသော ရောဂါဝေဒနာ အသေးအဖွဲများကို တစ်ခုပြီးတစ်ခု ကျန်းယွင်နန်အား မေးမြန်းလေတော့သည်။
“မရီးနဲ့ တွေ့ရတာ ကျွန်မအတွက် တကယ်ပဲ ကံကောင်းခြင်းပါပဲ... မရီးသာ မသင်ပေးရင် ကျွန်မလည်း ဒါတွေကို သိမှာ မဟုတ်ဘူးလေ... တို့ အမျိုးသမီးတွေ ဖြစ်ရတာ မလွယ်ပါဘူးနော်... သားသမီး ရဖို့ မျှော်လင့်ကြတာ မှန်ပေမဲ့... အမှန်အတိုင်း ပြောရရင် တစ်ခါ မွေးပြီးတိုင်းမှာ ငရဲကျသလို ခံစားရတာပဲလေ...”
စကားပြောနေစဉ်အတွင်း သခင်မလီသည် ကျန်းယွင်နန်အား သူမ၏ လမ်းပြကြယ် တစ်ဦး ကဲ့သို့ပင် သတ်မှတ်လိုက်ပုံ ရပေသည်။
ထိုနေ့ည အိပ်ရာမဝင်မီတွင် ကျန်းယွင်နန်က သခင်မလီအား နောက်ထပ် နည်းလမ်းတစ်ခု သင်ပေးလိုက်ပြန်သည်။
“ညဘက်မှာ ကလေး အကြောင်းမဲ့ ငိုရင်... ကုတင်အောက်မှာ ကတ်ကြေး တစ်လက် ထားလို့ ရတယ်လေ... ဒါကတော့ ကျေးလက်က လူတွေ သုံးနေကျ နည်းလမ်းလေးပေါ့... ဘေးဥပဒ် ကင်းစင်အောင် လုပ်တဲ့ သဘောပါပဲ... ညီမငယ် လည်း စမ်းကြည့်ပါလား...”
ကျန်းယွင်နန်က ပြောလိုက်သည်။
သခင်မလီသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် အတုယူပြီး တည်းခိုခန်းရှိ ကုတင်အောက်တွင် ကတ်ကြေးကို အလျင်အမြန် ရှာဖွေ ထည့်သွင်းလိုက်လေသည်။
ထိုနေ့ညတွင် ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ နူးညံ့သော ကိုယ်လုံးလေးကို ဖက်ကာ ပျော်ရွှင်စွာ အိပ်စက်ခဲ့၏။
သခင်မလီသည်လည်း အလွန်ပင် ဝမ်းမြောက်နေပေသည်။ ဘာကြောင့်ဆိုရပါမူ ထိုနည်းလမ်းမှာ တကယ်ပင် ထိရောက်ခဲ့ပြီး တစ်ညလုံး ချန်ရှိုးလေးမှာ ငိုယိုခြင်း မရှိဘဲ ရှိနေသောကြောင့် ပင်။ ဗိုက်ဆာ၍ နို့စို့ချင်လျှင်ပင် တတွတ်တွတ် မြည်ရုံမျှသာ ရှိတော့၏။
တစ်ဦးက သင်ကြားပေးလိုပြီး အခြားတစ်ဦးကလည်း သင်ယူလိုသဖြင့် မြင်းလှည်းပေါ်တွင် ရက်နည်းနည်းလောက် အတူတူ ထိုင်ပြီးနောက်တွင်မူ သူတို့ နှစ်ဦး၏ သံယောဇဉ်မှာ သိသိသာသာ တိုးတက်လာခဲ့ချေပြီ။
သခင်မလီသည် ကျန်းယွင်နန်၏ ဒုတိယမြောက် ညီမအရင်း ကဲ့သို့ပင် ဖြစ်လာခဲ့ပေသည်။
လျူရှောင်ရူသည် ထိုအခြေအနေကို ကြည့်ပြီး အနည်းငယ် မနာလို ဖြစ်လာရ၏။ သူမသည် နျိုနျိုနှင့် မဆော့ရသည်မှာ ကြာပြီဖြစ်သဖြင့် အကြောင်းပြချက် တစ်ခု ရှာကာ စွန်းမိသားစု မြင်းလှည်းပေါ်သို့ အတင်း တိုးဝင်လာလေတော့သည်။
လျူရှောင်ရူမှာ မူလက သာမန် အမျိုးသမီး တစ်ဦးသာ ဖြစ်ပေသည်။ ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့လျှင်မူ သူမသည် အခြားသော အမျိုးသမီးများ ကဲ့သို့ပင် လင်အိမ်အတွက်သာ ဘဝကို မြှုပ်နှံသွားမည့်သူ ပင်။
သို့သော်လည်း သူမသည် အိမ်ခွဲပြီးနောက် မကြာခင်မှာပင် ဆိုင်ဖွင့်နိုင်ခဲ့သလို တစ်နှစ်ပတ်လုံး စားသုံးသူများနှင့် ဆက်ဆံခဲ့ရသဖြင့် ယခုအခါတွင်မူ စကားပြောဆိုရာ၌ အလွန်ပင် ကျွမ်းကျင်လာခဲ့ချေပြီ။
မကြာခင်မှာပင် သခင်မလီ၏ မြင်းလှည်းအတွင်းမှ ရယ်မောသံများ ထွက်ပေါ်လာလေသည်။
လျူရှောင်ရူ၏ စီးပွားရေး လုပ်ကိုင်ခဲ့သော အကြောင်းအရာများကို နားထောင်ရင်း သခင်မလီ၏ မျက်နှာတွင် အားကျမှုများမှာ လျှံထွက်နေတော့၏။ လျူရှောင်ရူ ကြုံတွေ့ခဲ့ရသော စီးပွားရေး လောကမှ မကောင်းမှုများကို ကြားရသောအခါတွင်လည်း သူမသည် စိုးရိမ်တကြီး ဖြစ်နေရပြန်သည်။
“လောကမှာ ဒီလို လူယုတ်မာမျိုး ရှိနေသေးတာလားဟင်... နင်က သူ့အတွက် ပိုက်ဆံတွေ ရှာပေးနေတာကို... သူက ကွယ်ရာမှာ ဒုက္ခပေးချင်နေရတာလား... လူသားချင်း စာနာစိတ် မရှိလိုက်တာနော်... နင့်ရဲ့ နှပ်ဟင်း နာမည်ပျက်အောင်လို့ ပစ္စည်းအတုတွေတောင် ရောရောင်းခိုင်းတယ်ဆိုတော့... အရမ်းကို လွန်လွန်းပါတယ်...”
သခင်မလီက တရစပ် မေးမြန်းလိုက်သည်။
လျူရှောင်ရူက ပြုံးလျက် ပြောလိုက်သည်။
“မရီးလီ... စိတ်မပူပါနဲ့တော့... အခု ကျွန်မ ပြောပြနိုင်တယ် ဆိုမှတော့... ကိစ္စတွေ အကုန် ပြေလည်သွားလို့ပေါ့...”
သခင်မလီက သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီလို စိတ်ဓာတ်မကောင်းတဲ့ လူမျိုးကိုတော့... အစိုးရက ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တာပေါ့...”
လျူရှောင်ရူက ခေါင်းညိတ်ပြ၏။
“မြို့ဝန်မင်းက ငွေနည်းနည်းလောက် ဒဏ်ရိုက်လိုက်တာလေ... ချွန်းဖုန်းလို့ ရဲ့ အရောင်းအဝယ်ကလည်း ကျဆင်းသွားတော့... သူက ဆိုင်ကို ဈေးလျှော့ပြီး ရောင်းလိုက်ရတာပေါ့... သူက ကံဆိုးပြီး ကွမ်အန်းမြို့နယ် က လူတွေကို စိတ်အနှောင့်အယှက် ပေးမိခဲ့လို့လေ... ဒီမှာ ဆက်နေလို့ မရတော့တာနဲ့ မိသားစုကို ခေါ်ပြီး တခြားမြို့ကို ထွက်သွားရရှာတယ်...”
သခင်မလီက ပြုံးလျက် ပြောလိုက်သည်။
“နင် ပြောပြတာကို နားထောင်ရတာ ရင်ထဲမှာ ပေါ့ပါးသွားတာပဲ... ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ ပုံပြင်မျိုးကို စာအုပ်ထဲမှာ ရေးထားပြီး... ပြဇာတ် ကပြသင့်တယ်နော်... ဒါမှ လူတွေ အဲ့ဒီ လူယုတ်မာကို သတိထားနိုင်မှာပေါ့...”
နျိုနျိုသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ပြောလိုက်သည်။
“အရမ်း အရမ်း အရမ်း ကြည့်လို့ ကောင်းမှာပဲနော်...”
ပုံပြင်ကတော့ ရှိနေပြီ ဖြစ်သော်လည်း မည်သူက ပြဇာတ်ကပြမည်နည်း ဆိုသည်မှာလည်း ပြဿနာ တစ်ခု ပင်။ အမျိုးသမီး သုံးဦးစလုံးမှာ နျိုနျိုအား ချစ်ကြသူများ ဖြစ်ရာ သူမအား စိတ်ပျက်အောင် မလုပ်လိုကြပေ။ သူတို့ သုံးဦးမှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြကုန်၏။
လျူရှောင်ရူက ခေါင်းကို တွင်တွင်ခါလိုက်သည်။
ကျန်းယွင်နန်က ပြောလိုက်သည်။
“ညီမငယ်ရယ်... ညည်းက ဉာဏ်လည်း ကောင်းတာပဲလေ... နှမြောစရာ ကောင်းတာက ကျွန်မနဲ့ ရှောင်ရူ တို့မှာ စာပေပညာက နည်းနေတော့... ဒါမျိုးတွေကို ရေးနိုင်စွမ်း မရှိဘူးလေ... ညီမငယ်ပဲ ရေးပေးပါလားဟင်...”
သခင်မလီသည် ထိုစကားကြောင့် စိတ်လှုပ်ရှားသွားရ၏။ သူမသည် နှိမ့်ချသော စကားအချို့ကို ပြောဆိုပြီးနောက်တွင်မှ ထိုတာဝန်ကို လက်ခံလိုက်လေသည်။
“အားလုံးက အဲ့လို ပြောမှတော့... ကျွန်မက ထပ်ပြီး ငြင်းနေရင် ဟန်ဆောင်နေသလို ဖြစ်မှာပေါ့လေ...”
မြင်းလှည်းသည် လမ်းပေါ်တွင် တစ်လခန့် သွားလာပြီးနောက် နောက်ဆုံးတွင် တန့်ကျိုးသို့ ရောက်ရှိလာခဲ့ကြကုန်၏။
မြင်းလှည်းများကို ထားခဲ့ပြီး လှေပြောင်းစီးရတော့မည် ဖြစ်ရာ သူတို့သည် တန့်ကျိုးတွင် တစ်ရက်ခန့် အနားယူရန် ဆုံးဖြတ်လိုက်ကြသည်။
ချန်ရှိုးလေးမှာ ငယ်လွန်းသဖြင့် စွန်းကျားရှင်း တို့ လင်မယားမှာ ကလေးကို ပြုစုရန် တည်းခိုခန်း၌သာ ကျန်ရစ်ခဲ့ကြ၏။ ကုမင်တာ့ နှင့် ကျန်းယွင်နန် တို့ကမူ ကလေးများကို ခေါ်ဆောင်ကာ မြို့ထဲတွင် လည်ပတ်ကြလေသည်။
တန့်ကျိုးမြို့၏ နာမည်ကြီး ထုတ်ကုန်အချို့ကို ဝယ်ယူပြီးနောက် လူတစ်စုမှာ ဆိပ်ကမ်းသို့ လျှောက်လာခဲ့ကြကုန်၏။
“မြစ်ကြီးက အရမ်း ကြီးတာပဲနော်...”
နျိုနျိုသည် အဆုံးကိုမမြင်နိုင်သော မြစ်ကြီးကို ကြည့်ကာ အံ့သြစွာ ရေရွတ်လိုက်သည်။
သမီးဖြစ်သူ ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်စေရန်အတွက် ကုမင်တာ့သည် သူမအား ပွေ့ချီကာ သူ၏ ပခုံးပေါ်တွင် တင်ပေးလိုက်၏။
“မြင့်လိုက်တာ... မြင့်လိုက်တာ...”
နျိုနျိုသည် စိတ်လှုပ်ရှားနေပေသည်။
ဤမျှ ကျယ်ပြောလှသော မြစ်ပြင်ကြီးမှာ တောင်ပေါ်ဒေသတွင် ကြီးပြင်းလာသော ကလေးမလေး တစ်ဦးအတွက်မူ တကယ့်ကို အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခု ပင်။
“နျိုနျိုလေး... ဒါက ကျိုချူမြစ် လေ... တို့ ကွမ်အန်းမြို့နယ် က ကွမ်အန်းမြစ်ဟာလည်း ဤမြစ်ရဲ့ မြစ်လက်တက် တစ်ခုပဲ ဖြစ်ရမယ်...”
ကုမင်တာ့က သမီးဖြစ်သူအား စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
နျိုနျိုက ချက်ချင်းပင် ပြန်ပြောလိုက်၏။
“သမီး သိတာပေါ့... သမီး သိတာပေါ့... အဖေစွန်း က ပြောပြဖူးတယ်လေ... ကျိုချူမြစ် ရဲ့ မြစ်လက်တက်တွေက ကွမ်အန်းမြို့နယ် မှာတင် မကဘဲ တို့ရဲ့ ကွမ်လင်း ပြည်နယ်ထဲမှာလည်း ရှိသေးတယ်ဆိုတာလေ...”
“နျိုနျိုလေးရဲ့ မှတ်ဉာဏ်က တကယ် ကောင်းတာပဲ...”
ကုမင်တာ့က ချီးကျူးလိုက်သည်။
ဘေးနားရှိ အားကျောက်သည် သားအဖ နှစ်ဦး အကြာကြီး စကားပြောနေသည်ကို ကြည့်ပြီး ရုတ်တရက် ခုန်ဆွခုန်ဆွ လုပ်ကာ အော်ဟစ်လေတော့သည်။
“ဖေဖေ... ဖေဖေ... သား အလှည့် ရောက်ပြီလေ...”
အားကျောက်က တိုက်တွန်းလိုက်သည်။
ကုမင်တာ့မှာမူ သူ ဘာပြောနေမှန်း ခဏတာ ကြောင်အသွားရ၏။
နျိုနျိုက ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဖေဖေ... သမီးကို အောက်ချပေးပါဦး... သမီး အကြာကြီး ကြည့်ပြီးပြီလေ...”
ကုမင်တာ့သည် ထိုစကားကို ကြားသောအခါမှ သဘောပေါက်သွားတော့၏။ သူသည် နျိုနျိုအား ပခုံးပေါ် တင်ထားသည်ကို အားကျောက်က တန်းစီနေသည်ဟု ထင်မှတ်နေခြင်း ပင်။
သို့သော်လည်း မိန်းကလေးငယ် တစ်ဦး၏ အလေးချိန်နှင့် သားဆိုးလေး တစ်ဦး၏ အလေးချိန်မှာ မည်သို့မျှ မတူညီနိုင်ပေ။
ကုမင်တာ့သည် သမီးဖြစ်သူကို ညင်သာစွာ ချပေးလိုက်သည်နှင့် အားကျောက်သည် နောက်သို့ နှစ်လှမ်း ဆုတ်လိုက်ပြီးနောက် အရှိန်ဖြင့် ပြေးလာကာ ကုမင်တာ့၏ ကိုယ်ပေါ်သို့ အမြောက်ကျည် တစ်လုံး ကဲ့သို့ ပြေးကပ်လေတော့သည်။
ကုမင်တာ့မှာ အရပ်ရှည်ပြီး သန်မာသူ ဖြစ်သော်လည်း ဤ လူဆိုးလေး၏ အရှန်ကြောင့် မနေနိုင်ဘဲ ညည်းတွားလိုက်မိ၏။
အားကျောက်မှာမူ ဘာမှ မဖြစ်သလိုပင် ကုမင်တာ့၏ ကိုယ်ပေါ်သို့ ခြေရောလက်ရော သုံးကာ တွယ်တက်နေလေတော့သည်။
“ဖေဖေ... သား ကိုယ့်ဘာသာ တွယ်တက်လို့ ရ၊ မရ စမ်းကြည့်မယ်နော်...”
အားကျောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကုမင်တာ့ - "..."
အားကျောက်သည် ခေတ္တမျှ တွယ်တက်သော်လည်း တက်၍ မရမှန်း သိလိုက်ရသဖြင့် ချက်ချင်းပင် ပြောလိုက်သည်။
“ဖေဖေ... သားကို ကူပါဦး...”
ကုမင်တာ့သည် ဤလူဆိုးလေး၏ တည့်တိုးဆန်လှသော စကားများကို နားထောင်ရင်း မျက်ခုံးပင် လှုပ်သွားရသော်လည်း မတတ်သာဘဲ သူ့ကို ပခုံးပေါ်သို့ မ တင်ပေးလိုက်ရလေသည်။
သူ ခေါင်းငုံ့လိုက်သည်နှင့် နျိုနျိုက သူ့အား စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ကုမင်တာ့၏ ရင်ထဲတွင် ကြည်နူးသွားရပေသည်။
သို့သော်လည်း လူဆိုးလေးမှာမူ သူ၏ ပြဿနာကို လုံးဝ သတိမပြုမိဘဲ ဆက်လက် ပြောဆိုနေဆဲ ပင်။
“ဖေဖေ... သားကို မြင့်မြင့် မ ထားပေးပါဦး... သမီးက ဖေဖေ့ ခေါင်းပေါ်မှာ မတ်တပ်ရပ်ချင်လို့လေ...”
ကုမင်တာ့သည် လှိုင်းထနေသော မြစ်ပြင်ကြီးကို လှမ်းကြည့်လိုက်ရင်းမှ ဤ ကံဆိုးစေမည့် ကလေးကို နေရာမှာတင် မြစ်ထဲ ပစ်ချလိုက်ချင်စိတ် ပေါက်သွားရလေတော့သည်။