← Chapters

ကျေးဇူးတရား အကြောင်း ပြောဆိုခြင်း

Vol. 18 Ch. 178

ကျေးဇူးတရား အကြောင်း ပြောဆိုခြင်း

Vol. 18 Ch. 178

နျိုနျိုသည် ထိုစကားကို ကြားသောအခါ အချိန်အတော်ကြာ တွေဝေနေပြီးမှ ပြန်ပြောလိုက်သည်။

“သမီး... သမီးလည်း သူ့ကို မုန်းပါတယ်...”

နျိုနျိုသည် မိသားစုဝင်များနှင့် သဘောထား ကွဲလွဲခြင်း မရှိဘဲ လိမ္မာသော ကလေးတစ်ဦး ဖြစ်ချင်နေခြင်း ပင်။

ကုမင်တာ့မှာမူ ထိုစကားကြောင့် ကြောင်အသွားရရှာသည်။

“နျိုနျိုလေးက အဲ့ဒီ တာအိုဆရာ အိုကြီးကို သဘောကျလို့လားဟင်... ဖေဖေ့ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်နော်...”

ကျန်းယွင်နန်က မေးမြန်းလိုက်၏။

နျိုနျိုသည် မိခင်ဖြစ်သူအား မလိမ်ညာလိုသဖြင့် ခေါင်းကို ညင်သာစွာ ညိတ်ပြလျက် ပြောလိုက်သည်။

“သူ့ကိုယ်က ထွက်နေတဲ့ ရနံ့လေးက အရမ်း မွှေးတာပဲလေ...”

ကျန်းယွင်နန် နှင့် ကုမင်တာ့ တို့မှာ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြကုန်၏။ သူတို့ ပြန်လည် စဉ်းစားကြည့်ရာတွင်မူ တာအိုဆရာ အိုကြီးထံမှ စန္ဒကူးနံ့ကိုသာ ရရှိခဲ့သည် မဟုတ်ပါလား။ ထိုအနံ့မှာ တာအိုကျောင်းများမှ အနံ့နှင့် ဘာမှ မထူးခြားသော်လည်း နျိုနျိုက ဘာကြောင့် ဤမျှအထိ သဘောကျနေရသနည်း ဆိုသည်ကို သူတို့ စဉ်းစားမရ ဖြစ်နေကြတော့သည်။

“နျိုနျိုကတော့ သူက လူကောင်း တစ်ယောက်လို့ ထင်တာပဲလေ...”

နျိုနျိုက ထပ်မံ ပြောဆိုလိုက်ပြန်သည်။

ပြီးခဲ့တဲ့ စကားထက်စာလျှင် ဤစကားမှာ ပို၍ပင် လေးနက်လှပေသည်။ မိသားစုဝင်များမှာ နျိုနျို က လူကောင်းဟု ထင်မြင်သော သူတိုင်းမှာ လူဆိုးများ မဟုတ်ကြကြောင်းကို လက်ခံထားကြသည်။ အနည်းဆုံးတော့ ထိုသူမှာ ယခုအချိန်အထိ လူဆိုး မဖြစ်သေးသည်မှာ သေချာလှပေသည်။

ကုမင်တာ့သည် ခေတ္တမျှ စဉ်းစားပြီးနောက် နျိုနျိုအား ပြောလိုက်သည်။

“ဖေဖေ့ အမှားပါ... ခုနက နျိုနျိုလေး ရဲ့ အတွေးကို အရင် မေးခဲ့သင့်တာပေါ့...”

နျိုနျိုက ချက်ချင်းပင် ပြန်ပြောလိုက်၏။

“ဖေဖေက ဘာလို့ တောင်းပန်နေရတာလဲဟင်... နျိုနျို က ဖေဖေ့ကို ဘယ်တော့မှ အပြစ်မတင်ပါဘူးနော်...”

ထိုစကားကို ကြားသောအခါ ကုမင်တာ့သည် စိတ်ပျော့သွားရလေတော့သည်။

“သမီးလေး... ဖေဖေ အဲ့ဒီ တာအိုဆရာ အိုကြီးကို ပြန်သွားခေါ်ပေးရမလားဟင်...”

ကုမင်တာ့က ညင်သာစွာ မေးမြန်းလိုက်၏။

နျိုနျို၏ ခံစားချက်မှာမူ သူမသည် မိသားစုဝင်များနှင့် မတူညီသော အမြင် မရှိလိုခြင်း ပင်။ သို့သော်လည်း ကုမင်တာ့ကမူ သမီးဖြစ်သူသည် ထိုတာအိုဆရာကို အမှန်တကယ် သဘောကျနေမှာကို စိုးရိမ်နေသလို ထိုတာအိုဆရာမှာ သမီးဖြစ်သူအတွက် အခွင့်အရေး တစ်ခုခု ဖြစ်လာနိုင်မှာကိုလည်း ပူပန်နေမိသည်။

နျိုနျိုက ခေါင်းခါလျက် ပြောလိုက်သည်။

“သူ့ကို မြင်လိုက်တုန်းကတော့ ရင်းနှီးသလို ခံစားရပေမဲ့... အထူးတလည် ပြန်တွေ့ဖို့တော့ မလိုပါဘူး...”

ကုမင်တာ့ ထိုကိစ္စကို ဆက်လက် တွေးတောနေမှာကို စိုးရိမ်သဖြင့် နျိုနျိုက ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“ဖေဖေ... သမီး ဖက်ထုပ်လေးတွေ စားချင်တယ်လေ... စောစောက ဖက်ထုပ် ဆိုင်လေး တစ်ဆိုင် မြင်ခဲ့တာ... အဲ့ဒီတုန်းကတော့ ဗိုက်မဆာသေးပေမဲ့ အခုတော့ အရမ်း ဗိုက်ဆာနေပြီလေ...”

ကုမင်တာ့သည် သမီးဖြစ်သူ ဗိုက်ဆာသည်ဟု ပြောလိုက်သည်နှင့် တခြားကိစ္စများကို ဘေးချိတ်ကာ သူမအား ဖက်ထုပ် ဆိုင်ဆီသို့ အလျင်အမြန် ခေါ်ဆောင်သွားလေတော့သည်။

အားကျောက်သည်လည်း ကျန်းယွင်နန်အား ဆွဲလျက် ဖက်ထုပ် ဆိုင်ဆီသို့ အသည်းအသန် ပြေးသွားတော့၏။ သူသည် နောက်ကျသွားလျှင် ပူပူနွေးနွေး မစားရမှာကို အရမ်း ကြောက်နေမိခြင်း ပင်။

နျိုနျိုသည် ဂျင်းကို အနှစ်သက်ဆုံး ဖြစ်ပြီး ဒုတိယ အနှစ်သက်ဆုံးမှာမူ ဖက်ထုပ် ပင်။ မနှစ်က သူမ ဖက်ထုပ် ဆိုင်တွင် ရှိနေစဉ်မှာပင် မိခင်ဖြစ်သူ၏ ဂရုစိုက်မှုကို ရရှိခဲ့သည်။ နျိုနျို၏ မှတ်ဉာဏ်လေးအတွင်း၌ ဖက်ထုပ် ဆိုသည်မှာ မိခင်၏ ရနံ့ကို အမြဲ သယ်ဆောင်လာပေးသည့်အလား ပင်။

နျိုနျိုသည် ဖက်ထုပ် တစ်ခုကို ဇွန်းဖြင့် ခပ်စားလိုက်ပြီးနောက် ချက်ချင်းပင် ပျော်ရွှင်စွာ ပြောလိုက်သည်။

“အရမ်း စားလို့ကောင်းတာပဲ...”

နျိုနျိုသည် စားသောက်ချိန်တွင် အမြဲတမ်း ထူးခြားသော ဆွဲဆောင်မှု ရှိနေတတ်ပေသည်။ အစက ဗိုက်မဆာသေးသော ကုမင်တာ့ တို့ လင်မယားပင်လျှင် သူမ စားနေသည်ကို ကြည့်ပြီး သွားရည်ပင် ကျလာရ၏။ ထို့နောက်တွင်မူ မိသားစု တစ်ခုလုံးမှာ ဖက်ထုပ် စားခြင်း၌ အာရုံနစ်ဝင်သွားကြလေတော့သည်။

စားနေစဉ်အတွင်း အားကျောက်က ဆုတောင်းလိုက်သည်။

“ကြက်ကင်လေးပါ ပါရင်တော့ ပိုကောင်းမှာပဲနော်...”

ကုမင်တာ့သည် သူ၏ အသုံးမကျသော သားငယ်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ထမင်းစားတူကို ချကာ ကြက်ကင် သွားဝယ်ပေးလေတော့သည်။ သူ၏ ဆန္ဒ ပြည့်ဝသွားသည်ကို မြင်ရသောအခါ အားကျောက်သည် ပို၍ပင် တက်ကြွလာလေတော့သည်။

“ကြက်ကင် တစ်မျိုးတည်းနဲ့တော့ မလောက်ဘူး ထင်တယ်... ခုနက အသားမုန့်ရောင်းတဲ့သူကိုလည်း တွေ့တယ်လေ... မေမေ... ဒီနေ့ သား အသားမုန့် စားလို့ ရမလားဟင်...”

ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ ချက်ချင်း မလှုပ်ရှားသေးဘဲ အခြားသူများကိုပါ အသားမုန့် စားချင်သလားဟု မေးမြန်းလိုက်၏။ အခြားသူများကမူ ခေါင်းခါပြကြကုန်သည်။

ကုမင်တာ့သည် အပြင်ထွက်သည့် အချိန်တွင် ကလေးများ၏ တောင်းဆိုမှုများကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလေ့ ရှိသူ ဖြစ်ပေသည်။ သူသည် မတ်တပ်ရပ်ကာ အသားမုန့် တစ်ခု သွားဝယ်ပြီး အားကျောက် ၏ ရှေ့တွင် ချပေးလိုက်လေသည်။

“သား တကယ်ပဲ အသီး သကြားလုံးချောင်း စားချင်လိုက်တာ... တစ်ခါတည်းနဲ့ ငါးချောင်းတောင် စားနိုင်တယ်နော်...”

အားကျောက်က အသံကျယ်ကျယ်ဖြင့် ထိုသို့ ပြောဆိုလိုက်ပြန်သည်။ သူသည် ထိုသို့ စိတ်ကူးယဉ်နေခြင်းမှာ ငါးချောင်း တစ်ခါတည်း ဝယ်လိုက်လျှင် လေးချောင်းကို သိမ်းထားပြီး ဖြည်းဖြည်းချင်း စားလို့ ရမည်ဟု တွေးတောမိခြင်း ပင်။

ကျန်းယွင်နန်က ပထမဆုံးအကြိမ် မျက်နှာပျက်သွားရသည်။

“မင်း သွားလဲလို့တောင် မပြီးသေးဘူးလေ... အချို စားလို့ မရဘူးနော်...”

အားကျောက်သည် မိခင်ဖြစ်သူ၏ စကားကို အလေးမထားဘဲ ကုမင်တာ့အား သနားစရာကောင်းသော မျက်လုံးဝိုင်းကြီးများဖြင့် လှမ်းကြည့်လိုက်လေသည်။

ကုမင်တာ့က ရယ်မောလျက် ပြောလိုက်သည်။

“ဖေဖေလည်း ကလေးကို အရမ်း ရိုက်ချင်နေတာလေ... တစ်ခါတည်းနဲ့ ငါးယောက်လောက်ကို ပေါင်းပြီး ရိုက်နိုင်တယ်နော်...”

အားကျောက်မှာမူ ချက်ချင်းပင် ငြိမ်ကျသွားရလေတော့သည်။

ဖက်ထုပ် ဆိုင်မှ ထွက်လာသောအခါ ကုမင်တာ့က ထပ်ပြောလိုက်ပြန်သည်။

“ဒီ ကြက်ကင်က အရသာ တကယ် ကောင်းတာပဲ... နောက်ထပ် တစ်ကောင် ထပ်ဝယ်ပြီး အမေတို့ကို သွားပေးရအောင်လေ...”

နျိုနျိုသည်လည်း ထိုစကားကို ကြားသည်နှင့် ပိုက်ဆံများကို ထုတ်ကာ ပြောလိုက်သည်။

“သမီး ပေးမယ်လေ... နျိုနျို မှာ ပိုက်ဆံ ရှိပါတယ်... အဘိုးအဘွားတွေ အတွက်တင် မကဘဲ၊ မွေးစားအဖေနဲ့ မေမေ၊ ပြီးတော့ အဒေါ်လျူ အတွက်ပါ ဝယ်ပေးမှာနော်...”

ကုမင်တာ့က ချက်ချင်းပင် ပြောလိုက်သည်။

“အဘိုးအဘွားတွေ အတွက်ကတော့ ဖေဖေ ဝယ်ပေးမယ်လေ... သမီးကတော့ မွေးစားအဖေနဲ့ မေမေ အတွက်ပဲ ဝယ်ပေးလိုက်ပေါ့...”

သခင်မကု နှင့် အဘိုးကု တို့မှာ အသက်ကြီးလှပြီ ဖြစ်သဖြင့် ခရီးပန်းနေကြသောကြောင့် ယနေ့တွင် အပြင်သို့ မထွက်ဘဲ တည်းခိုခန်း၌သာ အနားယူနေကြခြင်း ဖြစ်ပေသည်။

“ဒါက ဆိပ်ကမ်းမှာ ဝယ်လာတဲ့ ကြက်ကင်လားဟင်... ယွင်နန် ရွေးပေးတာလား... မြည်းကြည့်စရာတောင် မလိုပါဘူး... အနံ့ရတာနဲ့တင် စားလို့ကောင်းမှန်း သိသာနေတာပဲ... ငါ့ချွေးမကတော့ တကယ်ကို အလိုက်သိတာပဲ... အပြင်သွားရင်တောင် တို့တွေကို သတိရနေသေးတာလေ...”

သခင်မကုသည် ထိုသို့ ပြောဆိုရာတွင် သူမ၏ အသံမှာ အလွန်ပင် ကျယ်လောင်လှပေသည်။ အခြားသူများ မကြားမှာကို စိုးရိမ်နေသည့် အလား ပင်။

ကျန်းယွင်နန်သည် သူမ၏ ယောက္ခမ ၏ စရိုက်ကို ကောင်းစွာ သိရှိထားပေသည်။ ဤသည်မှာ သူမ၏ ချွေးမအတွက် ဂုဏ်တက်အောင် ပြုလုပ်ပေးခြင်း ပင်။

ကျန်းယွင်နန်က ပြုံးလျက် ရှင်းပြလိုက်၏။

“အမေရယ်... ကျွန်မယောက်ျား က အမေနဲ့ အဖေ အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ဝယ်လာတာပါ... သူက အရသာရှိတယ်လို့ ထင်လို့ အမေတို့ကိုလည်း မြည်းစေချင်တာလေ...”

သခင်မကုက ထပ်ပြောလိုက်ပြန်သည်။

“သူက ယောကျ်ားရင့်မာကြီးလေ... စိတ်ကလည်း ကြမ်းတာ... ညည်းကပဲ သူ့ကို သတိပေးလိုက်လို့ ဖြစ်မှာပေါ့...”

မလှမ်းမကမ်းတွင် ရှိနေသော သခင်မလီသည် ထိုမြင်ကွင်းကို ကြည့်ပြီး အားကျလွန်းသဖြင့် မျက်လုံးများပင် နီမြန်းလာရ၏။ သူမသည် သခင်မစွန်း အား မည်မျှပင် ကောင်းမွန်စွာ လုပ်ကျွေးခဲ့ပါစေ၊ သူမ၏ ယောက္ခမ မှာမူ သူမ၏ ဂုဏ်ကို မြှင့်တင်ပေးဖို့ ဝေးစွ၊ ဘာမှပင် မမှတ်မိရုံသာမက သူမ ပေးသော ပစ္စည်းများကိုပင် အခြား ချွေးမ နှစ်ဦးအား ပြန်လည် ပေးအပ်တတ်သည်။

သူမ အားကျနေစဉ်မှာပင် နျိုနျိုသည် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ကြက်ကင်များကို သယ်ဆောင်ကာ ပြေးလာလေသည်။

“သမီး နှစ်ကောင် ဝယ်လာတယ်လေ... တစ်ကောင်က မွေးစားအဖေနဲ့ မေမေ အတွက်၊ နောက်တစ်ကောင်ကတော့ အဒေါ်လျူ အတွက်ပေါ့...”

နျိုနျိုသည် ကြက်ကင်များကို ရတနာ တစ်ခု ကဲ့သို့ ပေးအပ်လိုက်လေသည်။

စွန်းကျားရှင်း၊ သခင်မလီ နှင့် လျူရှောင်ရူ တို့ အားလုံးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြကုန်၏။

“တို့ သမီးလေးက အပြင်မှာ အရသာရှိတာ စားရရင်တောင်... တို့တွေကို သတိရနေတာပဲနော်... ညည်းကတော့ တကယ်ကို အလိုက်သိတာပဲ...”

လျူရှောင်ရူက ပြောလိုက်သည်။

သေသေချာချာ တွက်ချက်ကြည့်လျှင် လျူရှောင်ရူက နျိုနျိုအပေါ် သုံးစွဲခဲ့သော ပိုက်ဆံမှာ နျိုနျို ပြန်ပေးသည်ထက် အဆပေါင်းများစွာ ပို၍ များပြားလှပေသည်။ သို့သော်လည်း နျိုနျိုက အနည်းငယ်မျှ ပြန်လည် ပေးဆပ်လိုက်ရုံနှင့်ပင် လျူရှောင်ရူမှာ အလွန်ပင် ကြည်နူးသွားရသည်။

သခင်မလီ နှင့် စွန်းကျားရှင်း တို့မှာမူ အနည်းငယ် ကွဲပြားပေသည်။ သခင်မလီအတွက်မူ ဤသည်မှာ သားသမီးထံမှ ပထမဆုံးအကြိမ် ကျေးဇူးဆပ်ခြင်းကို လက်ခံရရှိခြင်း ပင်။ သူမသည် နျိုနျိုလေးအား ကြည့်ကာ ပို၍ပင် ချစ်မြတ်နိုးသွားရလေတော့သည်။

“နျိုနျိုလေးက အသက်ကြီးလာပြီဆိုတော့... မိဘတွေအပေါ်မှာလည်း သိတတ်လာပြီပေါ့လေ...”

သူမသည် နျိုနျို၏ ထို အပြုအမူလေးကို သူမ၏ ရင်ထဲတွင် တန်ဖိုးကြီးမားလှသော ကျေးဇူးတရား တစ်ခု အဖြစ် သတ်မှတ်လိုက်ခြင်း ပင်။

နျိုနျိုသည် သူတို့ ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် သူမ ကိုယ်တိုင်လည်း ပျားရည် သောက်ထားရသကဲ့သို့ ချိုမြိန်နေမိ၏။ ထို့နောက်တွင်မူ သူမသည် သခင်မကု ထံသို့ ပြေးသွားကာ ရှင်းပြလိုက်လေသည်။

“သမီးက အဘိုးအဘွားတို့အပေါ် မသိတတ်တာ မဟုတ်ပါဘူးနော်... ဖေဖေက အရမ်း သိတတ်လွန်းလို့... သမီး ပိုက်ဆံ ပေးဖို့တောင် အခွင့်အရေး မရလို့ပါ...”

ထို ရှင်းပြချက်ကို ကြားသောအခါ သခင်မကုသည် အလွန် ပျော်ရွှင်သွားပြီး ပြောလိုက်သည်။

“အဘွား သိတာပေါ့... တို့ သမီးလေးက အသိတတ်ဆုံး ကလေးဆိုတာလေ... အဘွားကတော့ မြေးလေးကို အချစ်ပိုရကျိုး နပ်လိုက်တာ...”

တည်းခိုခန်းအတွင်း၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသော်လည်း ဆိပ်ကမ်းတွင် ကျန်ရစ်ခဲ့သော ပိုးထည်ဝတ် သခင်လေးမှာမူ မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်နေတော့၏။

မူလကတော့ သူသည် ကုမိသားစုကို ကူညီချင်သော စိတ်ဖြင့် တာအိုဆရာ အိုကြီးအား အတင်း ဆွဲထားခဲ့ခြင်း ပင်။ သို့သော်လည်း တာအိုဆရာ အိုကြီးက သူ၏ ကံကြမ္မာကို တကယ် ဟောလိုက်သောအခါတွင်မူ ထို ဟောကိန်းမှာ အလွန်ပင် တိကျလှကြောင်း သူ သိလိုက်ရလေသည်။ သူ၏ မိသားစုဝင် ဦးရေတင် မကဘဲ သူ မွေးထားသော ခွေးကလေးများ၏ အရောင်နှင့် အသက်ကိုပါ တစ်ခုမကျန် ပြောဆိုနိုင်သည် မဟုတ်ပါလား။

“အို... ငါသာ မင်းနေရာမှာ ဆိုရင်တော့... လင်းကျိုးကို သွားဖို့ စိတ်ကူးရှိမှာ မဟုတ်တော့ဘူး... အခုချက်ချင်းပဲ မြို့တော်ကို ပြန်သွားတော့မယ်လေ... မင်း... မင်း... မင်းကတော့... ဘေးဒုက္ခ ရောက်တော့မှာကိုတောင် မသိသေးဘူးလားဟင်...”

တာအိုဆရာ အိုကြီးက သက်ပြင်းချလျက် ပြောလိုက်သည်။

ပိုးထည်ဝတ် သခင်လေးသည် နေရာမှာတင် ဒူးထောက်လိုက်လေတော့သည်။

“တာအိုဆရာကြီးရယ်... ကျွန်တော့်ကို ကယ်ပါဦး... ကျွန်တော့် မိသားစု တစ်ခုလုံးရဲ့ အသက်ကို ကယ်ပေးပါဦး...”

All Chapters