← Chapters

မြို့တော်သို့ လျှို့ဝှက်စွာ သွားခြင်း

Vol. 18 Ch. 180

မြို့တော်သို့ လျှို့ဝှက်စွာ သွားခြင်း

Vol. 18 Ch. 180

ကုမင်တာ့သည် မျက်ရည်၊ နှပ်ရည်များဖြင့် ငိုယိုနေသော ထိုလူငယ်လေး၏ သနားစရာကောင်းသော ပုံစံကို ကြည့်ပြီး သူတောင်းစားလေး ကဲ့သို့ ဖြစ်နေသော ဤသူနှင့် မနေ့က ပိုးထည်ဝတ် သခင်လေးမှာ တစ်ဦးတည်း ဖြစ်ကြောင်း မယုံကြည်နိုင်ဘဲ ရှိနေဆဲ ပင်။

သို့သော်လည်း အကယ်၍သာ တစ်ဦးတည်း မဟုတ်ခဲ့လျှင်မူ သူသည် ဤမျှအထိ ငိုယိုနေလိမ့်မည် မဟုတ်သည်မှာ သေချာလှပေသည်။

“ကိုကိုအလှလေး... မငိုနဲ့တော့နော်... သမီးရဲ့ သကြားလုံးတွေ ပေးစားမယ်လေ...”

နျိုနျိုသည် သူမ၏ ပိုက်ဆံအိတ်လေးထဲမှ သကြားလုံး အနည်းငယ်ကို ထုတ်ကာ ကိုကိုကြီး အား ကမ်းပေးလိုက်၏။

ပိုးထည်ဝတ် သခင်လေးမှာမူ တစ်နေကုန် ဗိုက်ဆာနေခဲ့သဖြင့် စားစရာ မြင်သည်နှင့် သူ၏ မျက်လုံးများမှာ အရောင်တောက်သွားရသော်လည်း သူသည် ယဉ်ကျေးမှုကို ထိန်းသိမ်းကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ညီမလေး...”

ထိုသို့ ပြောပြီးနောက်တွင်မူ သူသည် သကြားလုံးကို ပါးစပ်ထဲသို့ အလျင်အမြန်ပင် ထည့်လိုက်လေတော့သည်။

သူသည် စားရင်းနှင့်ပင် မျက်ရည်များ ကျလာရပြန်သည်။

“မနေ့က...”

ကုမင်တာ့သည် သူ၏ ယခင်က သတိထားနေမှုများမှာ ရယ်စရာ ကောင်းလှသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ ဤလူငယ်လေးမှာ အသက် ၁၅ နှစ် ၁၆ နှစ်ခန့်သာ ရှိပုံရပြီး အားယန် ထက် သိပ်မကြီးလှသည် မဟုတ်ပါလား။ သူ၏ ပုံစံမှာလည်း ရိုးသားပြီး ချစ်စရာကောင်းလှရာ မကောင်းမှုများ လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

နျိုနျိုသည် ထိုစကားကို ကြားသောအခါ မူလကတော့ ငြင်းခုံရန် ပြင်သော်လည်း ကုမင်တာ့အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် "ဖေဖေ ပြောဖူးတယ်လေ... ကိုယ့်ထက် နိမ့်ကျတဲ့သူတွေနဲ့ မငြင်းခုံရဘူး" ဟူသော စကားကို သတိရကာ လက်သီးလေးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေသည်။

ကုမင်တာ့သည် သမီးဖြစ်သူက သင်ပေးထားသည်များကို ချက်ချင်း လက်တွေ့ အသုံးချနိုင်သည်ကို မမျှော်လင့်ထားခဲ့ပေ။ သမီးဖြစ်သူ၏ အလိုက်သိတတ်မှုကို ကြည့်ပြီး သူသည် လိမ္မာယဉ်ကျေးသော ကလေးတစ်ဦးကို ပြုစုပျိုးထောင်နိုင်ခဲ့သဖြင့် ဂုဏ်ယူနေမိလေသည်။

“ကိုကိုအလှလေး... မငိုနဲ့တော့နော်... ဗိုက်ဆာနေလို့လားဟင်... သမီး ထမင်းကျွေးမယ်လေ...”

နျိုနျိုက ထိုသို့ပြောလိုက်သည်။

ထိုလူငယ်လေးသည် ထိုစကားကို ကြားလိုက်ရသည်နှင့် သူ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားရသော်လည်း ကုမင်တာ့အား ရှက်ကိုးရှက်ကန်း တစ်ချက် လှမ်းကြည့်လိုက်မိ၏။ ဘာပဲဖြစ်ဖြစ် သူကဲ့သို့ လူလားမြောက်နေသော အမျိုးသား တစ်ဦးမှာ ကလေးမလေး တစ်ဦး၏ ထမင်းကျွေးခြင်းကို ခံရမည် ဆိုသည်မှာ အလွန်ပင် ရှက်စရာ ကောင်းလှသည်။

“ကျွန်တော့်ရဲ့ ပိုက်ဆံအိတ် အခိုးခံလိုက်ရလို့ပါ... အခု ညီမလေးက ကျွန်တော့်ကို ထမင်းကျွေးမယ် ဆိုရင်တော့... မြို့တော်ကို ရောက်လို့ ကျွန်တော့် မိသားစုနဲ့ ပြန်ဆုံတဲ့အခါကျရင်... ဇွေ့ရှန်းလော်ဆိုတဲ့စားသောက်ဆိုင်မှာ အဝစား ကျွေးပါ့မယ်နော်...”

လှပလွန်းသော လူငယ်လေးက ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်လေသည်။

နျိုနျိုက ခေါင်းခါလျက် ပြန်ပြောလိုက်သည်။

“သမီးက ဇွေ့ရှန်းလော်မှာ မစားချင်ပါဘူး... သမီးက ကိုကို့ကို လှိုင်းမူးတာ ပျောက်မယ့် နည်းလမ်း ရှိမလားလို့ မေးချင်တာလေ...”

ထိုစကားကို ကြားသောအခါ လှပသော လူငယ်လေးက ချက်ချင်းပင် ပြောလိုက်သည်။

“တခြားသူကို မေးရင်တော့ အသုံးဝင်မှာ မဟုတ်ပေမဲ့... ကျွန်တော့်ကို မေးတာကတော့ တကယ်ကို မှန်သွားပြီဗျို့...”

နျိုနျို နှင့် ကုမင်တာ့ တို့မှာ ထိုစကားကြောင့် ချက်ချင်းပင် တက်ကြွသွားကြကုန်၏။

လူငယ်လေးသည် သူ၏ စုတ်ပြတ်နေသော အင်္ကျီလက်ကို အကြာကြီး နှိုက်ကြည့်ပြီးနောက် ဆေးလုံးများ ထည့်ထားသော အိတ်ကလေး တစ်အိတ်ကို ထုတ်ပေးလိုက်လေသည်။

“ကိုကိုက ဆေးလုံးတွေကို ဒီလောက်အထိ အနက်ကြီး ဝှက်ထားတာလားဟင်...”

နျိုနျိုက အံ့သြစွာ မေးလိုက်သည်။

လူငယ်လေးမှာ ထိုစကားကြောင့် မျက်နှာတွင် နာကျင်မှုများဖြင့် ပြည့်နှက်သွားရပြီး မျက်ရည်များ ထပ်မံ ကျလာရပြန်သည်။

“အစကတော့...”

သူသည် ထိုသို့ ပြောရင်းနှင့်ပင် အရာရာမှာ သူကိုယ်တိုင်ကြောင့် ဖြစ်ရသည်ဟု ခံစားနေရပုံ ပေါ်လေသည်။

နျိုနျိုက အလျင်အမြန်ပင် နှစ်သိမ့်လိုက်သည်။

“မငိုပါနဲ့တော့... မငိုပါနဲ့တော့နော်... ကိုကိုက လိမ္မာတဲ့သူပဲလေ... မငိုရဘူးနော်...”

လူငယ်လေး၏ မျက်ရည်များမှာမူ ရပ်တန့်မည့် ပုံ မရှိချေ။

ဘေးနားရှိ ကုမင်တာ့က သက်ပြင်းချကာ မတတ်သာဘဲ မေးလိုက်ရလေသည်။

“မင်း အသက် ဘယ်လောက် ရှိပြီလဲဟင်...”

လူငယ်လေးက ငိုယိုရင်း ပြန်ဖြေလိုက်၏။

“ဆယ့်ခုနစ်နှစ်ပါ...”

ကုမင်တာ့မှာမူ ချက်ချင်းပင် နှုတ်ဆိတ်သွားရလေတော့သည်။ သူ၏ ဆယ့်ခုနစ်နှစ် အရွယ်တုန်းကကော ဤမျှအထိ အသိဉာဏ် ကင်းမဲ့ခဲ့မိလို့လား။

“ဒီဆေးကို ဘယ်လို သောက်ရမှာလဲဟင်...”

ကုမင်တာ့က မေးမြန်းလိုက်သည်။

“တစ်ရက်ကို သုံးလုံးအထိ သောက်လို့ ရပါတယ်... လှိုင်းမမူးရင်တော့ မသောက်နဲ့ပေါ့... ဒါက နန်းတွင်း... မဟုတ်ပါဘူး... ဒါက ကျွန်တော် ငှားထားတဲ့ သမားတော်အိုကြီး ဖော်ပေးတဲ့ ဆေးပါ... ကျွန်တော် လှိုင်းမူးတဲ့ အချိန်တိုင်းမှာ ဒီဆေးက တကယ်ကို ထိရောက်တာလေ...”

လူငယ်လေးက စကားပြင်ပြောလိုက်လေသည်။

ကုမင်တာ့သည် ပဲစိမ်းခန့် အရွယ်အစားရှိသော ဆေးလုံးလေးများကို ကိုင်ကာ အနီးကပ် နမ်းကြည့်လိုက်၏။ ဆေးနံ့ကို ရသော်လည်း အတွင်း၌ မည်သည့် ဆေးဖက်ဝင် ပစ္စည်းများ ပါဝင်သည်ကိုမူ သူ ချက်ချင်း မသိနိုင်ပေ။

“ဆေးတွေ အများကြီး ယူလာတာပဲနော်...”

ကုမင်တာ့က ခံစားချက်ဖြင့် ပြောလိုက်သည်။

သို့သော်လည်း လူငယ်လေးမှာမူ မည်သည့် အတွေးမှ မရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

“အစကတော့ ကျွန်တော် လင်းကျိုးကို သွားလည်မလို့လေ... အဆင်ပြေရင် ပင်လယ်ကိုပါ သွားကြည့်မလို့ပေါ့... ဒါပေမဲ့ အဲ့ဒီ လူယုတ်မာ တာအိုဆရာ အိုကြီးက... ကျွန်တော့်ကို မြို့တော်ကို ပြန်သွားဖို့ ပြောလိုက်တာလေ... အခုလိုမျိုး အရှက်ရစရာ ကောင်းတဲ့ နည်းလမ်းနဲ့ပေါ့ဗျာ...”

ကုမင်တာ့သည် သူ၏ စကားများကို နားထောင်ရင်း အကယ်၍ သူသာ တကယ်ပဲ လင်းကျိုး ကို သွားမည် ဆိုပါက ဤမျှ များပြားသော ဆေးဝါးများကို ယူဆောင်လာခြင်းမှာ မဆန်းလှကြောင်း တွေးမိလိုက်လေသည်။

ထိုလူငယ်လေးအား သူတို့၏ အဆင့်မြင့် အခန်းအတွင်းသို့ ခေါ်ဆောင်လာခဲ့ကြပြီး ကုမင်တာ့က လှေလုပ်သားအား ပိုက်ဆံပေးကာ ထမင်းတစ်နပ် သွားယူခိုင်းလိုက်၏။

ထမင်း ရောက်လာသည်နှင့် လူငယ်လေးသည် ချက်ချင်းပင် အသည်းအသန် စားလေတော့သည်။ ကုမင်တာ့သည် သူ ဗိုက်မဝမှာ စိုးရိမ်သဖြင့် နောက်ထပ် တစ်ပွဲ ထပ်မံ ဝယ်ယူပေးလိုက်ပြန်၏။

ဗိုက်ဝသွားသောအခါမှ လူငယ်လေးသည် စိတ်သက်သာရာ ရသွားပြီး ကုမင်တာ့အား အားနာသော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။

“တောင်းပန်ပါတယ်ဗျာ... ကျွန်တော် အရမ်း ဗိုက်ဆာသွားလို့ပါ... ထမင်း သုံးနပ်လောက် ရှိပြီလေ မစားရတာ...”

ကုမင်တာ့သည် ထိုစကားကို ကြားသောအခါ မျက်ခုံးပင် ပင့်သွားရ၏။ သူတို့ လှေပေါ် တက်လာသည်မှာ မနေ့မနက်က ဖြစ်ပေသည်။ လူငယ်လေးသည် ထမင်း သုံးနပ်မျှပင် မစားရသေးဟု ဆိုမှတော့ လှေပေါ် တက်လာသည်နှင့် တစ်ပြိုင်နက် ပိုက်ဆံအိတ် အခိုးခံလိုက်ရခြင်း ဖြစ်ရပေမည်။

ကုမင်တာ့၏ မေးမြန်းမှုကို ကြားသောအခါ လူငယ်လေးသည် နာကျည်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အဲ့ဒီလူတွေက လက်မြန်လွန်းလို့... ဘယ်လို လုပ်လိုက်လဲတောင် မသိလိုက်ဘဲ... ကျွန်တော့်ရဲ့ ပိုက်ဆံအိတ် ပါသွားတာလေ... ကျွန်တော် တစ်ချိန်လုံး လုံးဝ သတိမပြုမိခဲ့ဘူး...”

“ထမင်း ဝယ်စားဖို့ လုပ်တော့မှ ပိုက်ဆံ မရှိတာကို သိရတာလေ... လှေလုပ်သားတွေရဲ့ လှောင်ပြောင်တာကိုတောင် ခံလိုက်ရသေးတယ်...”

“ကျွန်တော့်ဘဝမှာ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးပါဘူး... မြို့တော်ကို ပြန်ရောက်ရင်တော့... ကျွန်တော့်ရဲ့ ပိုက်ဆံကို ဘယ်သူ ခိုးသွားလဲ ဆိုတာကို ရှာပေးဖို့ မေမေ ကို သေချာပေါက် တိုင်တန်းရမှာပေါ့...”

ထို "ကိုကို" ၏ နာကျည်းလှသော တိုင်တန်းသံများကို နားထောင်ရင်း ကုမင်တာ့သည် ဤ သခင်လေး၏ မိသားစုတွင် မိခင်ဖြစ်သူကသာ ဆုံးဖြတ်ချက် ချသူ ဖြစ်ကြောင်း ရိပ်မိလိုက်လေသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မိခင်ဖြစ်သူမှာ ဖခင်ထက် ပို၍ အခွင့်အာဏာ ရှိသူ ဖြစ်စေ၊ သို့မဟုတ် မိခင်ဖြစ်သူကသာ မိသားစု စီးပွားရေးကို ဦးဆောင်နေသူ ဖြစ်စေ တစ်ခုခု ဖြစ်ရပေမည်။

သို့သော်လည်း ထို သခင်လေးမှာ သူ၏ စကားများထဲတွင် တစ်ခုခုကို တမင်တကာ ရှောင်လွှဲနေသည်ကို ကုမင်တာ့ မြင်တွေ့လိုက်ရ၏။

သူသည် သူ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဖုံးကွယ်လိုနေသည်မှာ သိသာလှသဖြင့် ကုမင်တာ့သည်လည်း ထပ်မံ၍ မမေးမြန်းတော့ပေ။

နျိုနျိုကမူ တာအိုဆရာ အိုကြီးအကြောင်းကို စပ်စုချင်နေဆဲ ပင်။

“ကိုကိုအလှလေး... တာအိုဆရာ အိုကြီးက ကိုကို့ကို ဘယ်လိုမျိုး ဒုက္ခပေးခဲ့လို့လဲဟင်...”

ကလေးမလေး၏ မေးခွန်းကို ကြားသောအခါ သခင်လေးမှာ ချက်ချင်းပင် မျက်နှာ နီမြန်းသွားရလေသည်။ ကံကောင်းသည်မှာ ယခုအခါ သူ၏ မျက်နှာတွင် အညစ်အကြေးများ ရှိနေသဖြင့် မျက်နှာနီသွားသည်ကို မမြင်နိုင်ခြင်း ပင်။

“သူက... သူက ဘယ်က ရောက်လာမှန်းလည်း မသိပါဘူး... ကျွန်တော့် မိသားစု အကြောင်းတွေကို တိတိကျကျ ပြောပြပြီးတော့... ကျွန်တော့် မိသားစုမှာ ဘေးဒုက္ခ ရောက်တော့မယ်ဆိုပြီး ခြောက်လှန့်တာလေ... အဲ့ဒါနဲ့ပဲ ကျွန်တော့်ကို မြို့တော်ကို အမြန် ပြန်ခိုင်းတာပေါ့...”

သခင်လေးသည် တာအိုဆရာ အိုကြီးအကြောင်း ပြောမိသည်နှင့် အံကြိတ်ကာ နာကျည်းနေတော့၏။

နျိုနျိုက အံ့သြစွာ မေးလိုက်ပြန်သည်။

“ဒါပေမဲ့ ကိုကိုက အခု ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲဟင်... ကိုကို့မှာ အစေခံတွေ အများကြီး ရှိသလို... ပိုက်ဆံလည်း မရှားတဲ့ ပုံပဲကို... ဘာလို့ ဒီလောက်တောင် စိတ်ပျက်စရာကောင်းတဲ့ အခြေအနေ ဖြစ်နေရတာလဲဟင်...”

သခင်လေး၏ ဤမျှအထိ လျင်မြန်စွာ ဘဝပျက်သွားရခြင်းမှာ သားအဖ နှစ်ဦး၏ မျက်လုံးထဲတွင်မူ အလွန်ပင် ထူးဆန်းနေတော့၏။

“ကျွန်တော့်ရဲ့ မျိုးရိုးက ရှန်ပါ... ညီမလေး... ကျွန်တော့်ကို ကိုကိုရှန် လို့ပဲ ခေါ်ပါနော်...”

သခင်လေးသည် နျိုနျိုက သူ့အား “ကိုကိုအလှလေး” ဟု ခေါ်နေသည်ကို နားထောင်ရသည်မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေခြင်း ပင်။

စကားပြောနေစဉ်အတွင်း လှေအတွင်းသို့ လှိုင်းတစ်ခု ရိုက်ခတ်လာသဖြင့် ကိုကိုရှန် သည် မနေနိုင်ဘဲ နဖူးကို အုပ်လိုက်ပြီးနောက် သူ၏ အိတ်ထဲမှ ဆေးလုံး တစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်လေသည်။

ဆေးသောက်ပြီးနောက် မကြာခင်မှာပင် သူ၏ မျက်နှာမှာ ပြန်လည် ကြည်လင်လာခဲ့ချေပြီ။

ကုမင်တာ့သည် သူ ကိုယ်တိုင် ဆေးသောက်သည်ကို မြင်မှသာ သူ၏ ရင်ထဲမှ သံသယများမှာ လွင့်စင်သွားရတော့၏။ သူသည် ကိုကိုရှန် ထံမှ ခွင့်တောင်းပြီးနောက် ဆေးလုံး အချို့ကို ယူဆောင်ကာ ကျန်းယွင်နန် အား တိုက်ကျွေးရန် ပြင်လေတော့သည်။

ကိုကိုရှန် သည် နျိုနျို၏ မေးခွန်းကို သတိရကာ ဆက်လက် ရှင်းပြလိုက်၏။

“အဲ့ဒီ တာအိုဆရာကြီး က ပြောတယ်လေ... ကျွန်တော့် မိသားစုက ကျွန်တော့်ကို စောင့်နေကြတာမို့လို့ မြို့တော်ကို အမြန် ပြန်ရမယ်တဲ့... ပြီးတော့ လူတွေကို ရှောင်ရမယ်၊ လှေကိုလည်း သီးသန့် မငှားရဘူးတဲ့... အစေခံတွေကိုလည်း ခေါ်မသွားဘဲ... သာမန်လူတွေလိုပဲ လှေစီးပြီး မြို့တော်ကို ပြန်ရမယ်တဲ့လေ...”

“သူ အဲ့လို ပြောခဲ့လို့သာ... ကျွန်တော် အခုလို ဘဝပျက်နေရတာပေါ့ဗျာ... ပိုက်ဆံအိတ်လည်း အခိုးခံရသေးတယ်... ထမင်းတောင် ဝယ်မစားနိုင်တော့ဘူးလေ...”

All Chapters